လမင်းကြီးဖြစ်သွားတဲ့ ဖန်မီးအိမ် (Dhamma Beri Sayadaw)

February 20, 2013

လမင်းကြီးဖြစ်သွားတဲ့ ဖန်မီးအိမ်

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃

            ပဉ္စရူပစာအုပ်တိုက်က “စာကိုစီလို့ လွမ်းတော်မူတယ်နှင့် ဆရာတင်မိုး (၆)နှစ်ပြည့် အမှတ်တရပွဲ ” ကို တော်ဝင်နှင်းဆီ ငြိမ်းချမ်းခန်းမမှာ ပြုလုပ်ပါတယ်။ အခမ်းအနားမှာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ မောင်မိုးသူ၊ ဒါရိုက်တာဝင်းဖေ၊ ဂုဏ်ထူး (ဦး)သိန်းနိုင်၊ ဒေါ်မာမာအေးအစရှိတဲ့ ဆရာတင်မိုးနဲ့ အနေရင်းနှီးသူ၊ ယုံကြည်ချက်တူညီသူ၊ သူ့ကဗျာ သူ့စာကို ချစ်မြတ်နိုး သူတွေ ခန်းမအပြည့် လာရောက်ပေါင်းဆုံကြပါတယ်။

            အစီအစဉ်အရ မိမိက အဖွင့်အမှာစကား ပြောကြားရမှာဖြစ်ပေမယ့် ကားလမ်းပြည့်ကျပ်လို့ နာရီဝက်လောက် အချိန် နောက်ကျသွားတဲ့အတွက် အမှတ်တရ အဖွင့်အမှာစကားကို ဆရာကြီး ဦးဝင်းတင်က စပြောရတယ်။ မိမိရောက်သွားတော့ ဒုတိယ မြောက်အဖြစ် ဂုဏ်ထူးဦးသိန်းနိုင်က ပြောနေပါပြီ။ အဲဒီနောက်မှာမှ မိမိက ပြောဆိုခဲ့ရပါတယ်။

            မိမိပြောဆိုခဲ့တဲ့ အကြောင်းအရာအကျဉ်းချုပ်ကတော့- မိမိရဲ့ ဇာတိက မကွေးတိုင်း၊ နတ်မောက်နယ်သားဖြစ်ပြီး ဆရာ တင်မိုးက မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာနယ်က ကန်မြဲစကြမ်း(စောင်းချမ်း)သား ဖြစ်ကြပေမယ့် မိမိတို့အချင်းချင်းက ဆရာစဉ်ဆက်အရ ဆရာတူတပည့်တွေချင်း ဖြစ်ကြတာကို အကြောင်းပြုပြီး အချင်းချင်း တရင်းတနှီးဖြစ်ကြရတာပါ။

            ဟုတ်ပါတယ်။ ဆရာတင်မိုးရဲ့ ဇာတိ ကမြဲစကြမ်း(ကန်မြဲ၊စောင်းချမ်း)ဆိုတာ တချိန်က ပရိယတ္တိသာသနာ့နယ်ပယ်မှာ “သဒ္ဒါဘုရား”လို့ တင်စားပြောဆိုရတဲ့ “ကစ္စာယနဝိစယ”ပါဠိသဒ္ဒါကျမ်းကြီး လေးတွဲကို ရေးသားပြုစုခဲ့တဲ့ မြို့ဖဆရာကြီး ဦြးွကက်ကို အကြောင်းပြုပြီး အစာရောရေပါ ရှားပါးလှတဲ့ တောရွာကလေးမှာ နောင်တချိန် ပရိယတ္တိသာသနာ့ အကျော်အမော်ဆရာတော်ကြီးတွေ ဖြစ်လာကြမယ့် စာသင်သားရဟန်းတော် လေးဆယ်ကျော်တို့နဲ့ ပရိယတ္တိသာသနာ အထင်ကရ ထွန်းကားခဲ့ဖူးပါတယ်။

            မိမိတို့ ဆရာရဲ့ဆရာဟာလည်း အဲဒီမှာပဲ ပါဠိသဒ္ဒါကျမ်းကို သုံးနှစ် သုံးမိုး သင်ယူခဲ့တာဖြစ်လို့ မန္တလေးမြို့ ဘုရားကြီး တိုက်မှာ စာချအကျော် ဆရာတော်ကြီးဖြစ်တဲ့အချိန်အထိ ကမြဲစကြမ်းသာသနာနွယ်ဝင်တွေ ဖြစ်ခဲ့တာပါ။ မိမိတို့လည်း ဆရာစဉ် ဆက် အစဉ်အလာအရ မန္တလေးကို ပညာသင်ကြရတဲ့အခါ အဲဒီအဆက်အနွယ်ဆရာတော်များထံမှာပဲ ပညာ သင်ယူခဲ့ကြရပါတယ်။

            မိမိတို့က ကိုရင်ငယ်များအဖြစ် စာသင်တိုက်ရောက်သွားကြတဲ့အချိန်မှာ ကမြဲစကြမ်းဇာတိသားဖြစ်တဲ့ ဗန်းမော်ဆရာတော် ဦးကုမာရာဘိဝံသ(ယခု နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်)တို့လည်း မိမိတို့ ဆရာတော်ကြီးရဲ့ လက်ထောက်တပည့်ကြီးများအဖြစ်နဲ့ စာပေပို့ချနေပြီး တက္ကသိုလ်အနီးက ဗန်းမော်ကျောင်းတိုက်ကြီးကိုလည်း လက်ခံ ထားပါပြီ။

            ဆရာတော် ဦးကုမာရဆိုတာ ဆရာတင်မိုးဖြစ်လာမယ့် မောင်ဘဂျမ်း ကျောင်းနေစအချိန်တုန်းက ကမြဲစကြမ်းကျောင်းမှာ ကိုရင်ကြီးဖြစ်နေပြီတဲ့။ မောင်ဘဂျမ်းက  ဘုန်းကြီးကျောင်းမှာပဲ နေပြီး တန်းကျောင်းတက်တာပါ။ ညနေတန်းကျောင်းက ဆင်းပြီးရင် ကျောက်သင်ပုန်းကလေးယူပြီး ကိုရင်ကြီး ကုမာရဆီသွားရတယ်။ ကိုရင်ကြီးက ကျောက်သင်ပုန်းမှာ ပရိတ်ကြီးထဲက ဂါထာတစ်ပုဒ်ကို ရေးပေးပြီး ပါဠိသံမှန်အောင် ဖတ်ပြ ပေးလိုက်တယ်။ ညရောက်တော့ အဲဒီဂါထာကျက်။ မနက်စော ဘုန်းကြီး ကျောင်းရောက်တော့ ပါဠိဂါထာကို အလွတ်ပြန်ဆိုပြီးရင် မုန့်ဖိုးဆယ်ပြားရပါသတဲ့။ အဲဒီတုန်းကတော့ ဆယ်ပြားဖိုး သွားရေစာက ကလေးတစ်ယောက် အူငြိမ်အောင်စားလို့ရပါတယ်။

            ဒီလိုနဲ့ မောင်ဘဂျမ်းဟာ လေးတန်းအောင်လို့ မူလတန်းကျောင်းထွက်ချိန်မှာ ပရိတ်ကြီး(၁၁)သုတ်ကို ပါဠိရော အနက်ပါ အာဂုံရနေပါပြီ။ သူဆယ်တန်းစာမေးပွဲဖြေတုန်းက သူ့ရဲ့ စာစီစာကုံး နောက်ဆုံးအပိုဒ်မှာ ရတနသုတ်ထဲက ဂါထာတစ်ပုဒ်ကို မြန်မာစကားပြေနဲ့ပါ တွဲဖက်ရေးနိုင်တာဟာ အဲဒီကျေးဇူးတွေကြောင့်လို့ ပြောပြဖူးပါတယ်။ တိုတိုချုပ်ကတော့ ဆရာဂျမ်း မန္တလေး တက္ကသိုလ်ကို ရောက်တော့လည်း ဆရာတော်ဦးကုမာရရဲ့ဗန်းမော်တိုက်မှာပဲ အမြဲနေထိုင်သွားလာနေရာက ဆရာတူတပည့်အဖြစ်နဲ့ မိမိတို့ စတင်ခင်မင်ခဲ့ကြတာပါ။

            သူတို့ ရန်ကုန်ကို ရောက်လာကြတော့ မိမိက မွန်ပြည်နယ်၊ တောင်စွန်းကို တိပိဋကစာမေးပွဲအတွက် စာကျက်ဖို့ ရောက်နေ ပြီ။ ရန်ကုန်မှာ စာပြန်ဆိုပြီးတဲ့အခါ စာသင်တိုက်တစ်ခုမှာ စာချကူနေရင်း ရန်ကုန်မှာပဲ အနေများလို့ သူတို့နဲ့ပြန်ဆုံကြပါတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဦးနီ လ္ဘက်ရည်ဆိုင်မှာ သောကြာဝိုင်းဆိုတဲ့ စာပေစကားဝိုင်းကလည်း ပုံမှန်ဖြစ်နေပါပြီ။

            ၁၉၈၅-၈၆ ခုနှစ် စာမေးပွဲရာသီအစရောက်တော့ တောင်စွန်းဒေသမှာ ဆယ်တန်းနှစ်နှစ်ကျ လူငယ်လေးတွေ ပညာရေး လမ်းစပျောက်ပြီး မှောင်ခိုရထားပေါ် ရောက်ကုန်ကြတဲ့ကိစ္စနဲ့ပတ်သက်လို့ စကားစပ်မိကြရာက မိမိနေတဲ့ တောင်စွန်းက ရွှေစေတီ ကျောင်းတိုက်မှာ ပညာဒါနလုပ်ငန်း လုပ်ကြဖို့ တိုင်ပင်ဆုံးဖြတ် ကြပါတယ်။ သောကြာဝိုင်းတော်သားများဖြစ်တဲ့ ဆရာဦးသာနိုး၊ မောင်စွမ်းရည်၊ သင်္ချာဦးလှဆောင်၊ ဦးဟုန်ဝမ်၊ ဦးစိုင်းအောင်ဝင်း၊ ဘိုင်အိုမင်းသစ် အစရှိတဲ့ ရန်ကုန်မှာ ဘာသာရပ်အလိုက် နာမည်ကြီး ဆရာစုံတို့ ပါဝင်တဲ့ ပညာဒါနပွဲကြီးပါ။

            သောကြာနေ့ညနေ ဦးနီ လ္ဘက်ရည်ဆိုင်မှာ ဆုံကြ၊ နောက်နေ့လိုက်နိုင်မည့် ဆရာစာရင်းယူ၊ စနေနေ့မနက်စော လေးနာရီ အမြန်ရထားနဲ့ တောင်စွန်းသွားကြ။ တနင်္ဂနွေနေ့ ညနေရထားနဲ့ ရန်ကုန်ပြန်ကြနဲ့ ပင်ပန်းကြသော်လည်း ပျော်စရာလည်း ကောင်း၊ အောင်လည်း အောင်မြင်တဲ့ ပညာဒါနပွဲကြီးပါပဲ။

            အားလုံးသိကြတဲ့အတိုင်းပဲ ၈၈-ခုနှစ်ရောက်တော့ မိမိတို့ရဲ့ ပညာဒါနကလည်း ပေးလှူခွင့် မရတော့ဘဲ ရပ်ဆိုင်းသွားပါ တော့တယ်။ မိမိက အရင်က ကူညီလက်စဖြစ်တဲ့ ရန်ကုန်က စာသင်တိုက်မှာပဲ စာချကူရင်း သောကြာဝိုင်းမှာတော့ မပျက်မီအထိ အားလုံးပုံမှန် ဆုံဖြစ်ကြပါတယ်။ နောက်တော့ သောကြာဝိုင်းလည်း ရပ်ဆိုင်းသွားတော့တယ်။

            အရေးအခင်းပြီးတော့ ဆရာဂျမ်းလည်း ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ မြို့ရဆောက်တည်ရင်း စစ်အာဏာရှင်ဘေးရန် ကို တိမ်းရှောင်နေရတယ်။ စာစကား ပေစကား အပေါင်းအသင်းတို့ရဲ့ စကားငတ်ရင် ထမင်းငတ်သည်ထက် ဣနြေ္ဒမရဖြစ်တတ်တဲ့ သူ့ဝါသနာအတိုင်း အပြင်ထွက်ချင်တယ် တကဲကဲ လုပ်နေလို့ နေ့လည်နေ့ခင်းမှာ မိမိက သွားရောက်ပြီး အဖော်လုပ်စကားပြော ပေးရပါတယ်။

            နောက်တော့ အားလုံးသိတဲ့အတိုင်း သူအဖမ်းခံရတာပါပဲ။ မြို့တွင်းက ရဲစခန်းအချုပ်တွေမှာ ဟိုပြောင်း ဒီရွှေ့ထားရင်း နောက်ဆုံး မြို့လယ်အချုပ်ခန်းကနေ အင်းစိန်ကို ပြောင်းရတော့မယ်ဆိုတော့ ပန်းချီယဉ်မင်းပိုက်နဲ့အတူ သူ့မိသားစုများပါ သွားရောက်နှုတ်ဆက်ပြီး အားပေးစကားပြောလိုက်သေးတယ်။ အဲဒီနောက် သုံးနှစ်ကျော်ကျော်လောက် လူချင်းကွဲနေကြတယ်။ ထောင်ကလွတ်ပြီး နောက်တစ်ရက်မှာ သွားတွေ့ခဲ့ပါတယ်။ နောက်မကြာခင်မှာပဲ တောင်စွန်းကို သွားချင်တယ်ဆိုတာနဲ့ ခေါ်သွားခဲ့ ပါတယ်။

            ရောက်ခါစမှာတော့ “တောနဲ့ တောင်နဲ့၊ ကျောင်းနဲ့ဘုရားနဲ့ အေးချမ်းလိုက်တာ”လို့ ဝမ်းသာစကား ပြောပါသေးတယ်။ ဒါပေမယ့် မိမိနေတဲ့ ကျောင်းက ရဲဘက်စခန်းနဲ့ စပ်နေတော့ အဲဒီစခန်းထဲကပဲ ဖြတ်သွားဖြတ်လာ လုပ်ရတာပါ။နှစ်ရက်မြောက်နေ့ ကျတော့ တပည့်ဟောင်းတွေက ခေါ်လို့ အဲဒီရဲဘက်စခန်းအတိုင်းပဲ ဖြတ်ပြီး လ္ဘက်ရည်ဆိုင်သွားကြရာက ပြန်လာတော့ “ဦးဇင်း မနက်ဖြန် ပြန်တော့မယ်”တဲ့။ “ဘာကြောင့် ရုတ်တရက်ကြီး ပြောင်းလဲသွားရတာတုန်း”ဆိုတော့ “ကျောင်းမှာ နေရတာကတော့ အေးချမ်းပါတယ်။ ဒါပေမယ့် အဲဒီအဝတ်ဖြူနဲ့ လူတွေကိုမြင်ရတာ ရင်ထဲမှာ နှလုံးနာတယ်၊ ဘယ်လိုမှ ခံစားလို့ မရဘူး”တဲ့။ ပြီးတော့ “တပည့်တော် ငယ်စဉ်ကတည်းက ရွာမှာ ဝတ်ဖြူစင်ကြယ်နဲ့ အဖိတ်နေ့ ဥပသကာလှည့်ရတာကို အလွန်ပျော်တယ်၊ ဒီအဝတ်ကို အလွန်မြတ်နိုးခဲ့တာ၊ အခုတော့ .. အင်း .. ဒီကောင်တွေ လူတွေကိုသာမကဘူး လူတွေရိုသေလေးစားတဲ့ အဝတ်ဖြူကိုတောင် စိတ်နာစရာဖြစ်အောင် လုပ်ကြတယ်”ဆိုပြီး တက်ခေါက်ပါတယ်။ နောက်နေ့ မနက်စောကားနဲ့ ပြန်မှာဆိုတော့ တညလုံးလိုလို မအိပ်ဘူး စကားတွေ ပြောနေပါတယ်။

            သူနဲ့ စပ်မိတဲ့ ရှေးဟောင်းနှောင်းဖြစ်တွေထဲက သူလေးစားအားကျပြီး အတုယူခဲ့တဲ့ သူတို့ မွေးရပ်မြေက ငယ်ဆရာတော် “တောင်ဝှေးခေါက် ဦးပွား”အကြောင်းကတော့ ထူးထူးခြားခြား မှတ်သားစရာပါ။ တကယ်ကို အတုယူအားကျစရာလည်း ကောင်းသလို မိမိကိုယ်တိုင်လည်း ဒီလိုဆရာတော်ကြီးရဲ့ မြစ်တပည့်တော်ခဲ့တာကို ဂုဏ်ယူဝမ်းမြောက်လွန်းလို့ စာတစ်ပုဒ်ရေးခဲ့ဖူးပါ သေးတယ်။ အဲဒီတုန်းကတော့ ကဗျာဆရာတင်မိုးဆိုတဲ့ အမည်ကို သုံးခွင့်မရလို့ ကမြဲစကြမ်းက ကဗျာဆရာတစ်ဦးလို့ပဲ သုံးခဲ့ရတယ်။

            အဲဒီဆရာတော်ဆီက သူအတုယူ အားကျခဲ့မိတာတွေကတော့ – ဆရာတော်ကြီးဟာ မွေးရာပါ လက်ပွားလေးကိုလည်း အမြတ်တနိုးဂုဏ်ယူတယ်။ “နတ်ပြည်မှာ သိကြား၊ လူ့ပြည်မှာ ငပွား”လို့တောင်ြွေကးကြော်လေ့ရှိသတဲ့။ ပြီးတော့ ဆရာတော်ကြီးက ကပ်ပါးရပ်ပါးအောက်ကျို့ခံတဲ့ စိတ်မျိုးလည်း ဘယ်တော့မှ မရှိဘူးတဲ့။ အဲဒီတုန်းက ကမြဲစကြမ်း သူကြီးဦးတလုပ်ဆိုတာ အတော်တန်ခိုးအာဏာထက်သတဲ့။ ရွာနီးချုပ်စပ်ကဆို ဘုရားထူးရမတတ် တလေးတစား ခေါ်ဝေါ်ပြောဆိုရတာ။ တချို့ဆရာတော် သမတော်များကတောင် “သူကြီးမင်း”ဆိုပြီး တလေးတစား ပြောဆိုကြပေမယ့် ဆတော်ပွားကတော့ ဘယ်တော့မှ အောက်မကျို့ဘူး “တလုပ်”လို့ပဲ ခေါ်သတဲ့။ ဒီစိတ်ဓာတ်ကို ကြားရတော့ သူကဗျာတစ်ပုဒ်ထဲက –

            “တို့ အဖေကား

            နေရာတစ်ခု၊ ရလိုမှုတွက်

            အလုအယက်၊ ခြေကို ဖက်ဟု

            သားရှက်မခံတော့ပါပြီ”ဆိုတဲ့ အပိုဒ်ကလေးကို သတိရမိလိုက်တယ်။

            ဆတော်ကြီးက သူ့ရပ် သူ့ရွာ ဘယ်လိုဆင်းရဲချို့တဲ့ပေမယ့် ရပ်ရွာကို ချစ်လည်း ချစ်၊ ငဲ့လည်း ငဲ့တယ်။ ရပ်ရွာမှာ အစား အသောက်ချို့တဲ့လွန်းလို့ တပည့်ကြီးဖြစ်တဲ့ မန္တလေးက ရွှေရေးဆောင်ကျောင်းတိုက်ကြီးမှာ သီတင်းသုံးနေတဲ့ သဒ္ဒါ အကျော်ဆရာတော်(ဦးပဏ္ဍဝ)က သူ့ဆီမှာ အေးအေးဆေးဆေး သီတင်းသုံးနားနေဖို့ လာပင့်တဲ့အခါ “ဦးပဏ္ဍဝတို့က မြို့ပေါ်မှာ စာဝါတွေ နေ့စဉ်ချနေတော့ ကုသိုလ်တွေ များလှပါပြီဗျာ၊ ဒီအရပ်သားများက ကုသိုလ်အလွန်နဲကြပါတယ်။ ကုသိုလ်များပြီးသား ပုဂ္ဂိုလ်တွေရဲ့ အပူဇော်ခံ သက်သက်အဖြစ်နဲ့ မနေပါရစေနဲ့၊ ကုသိုလ်နဲကြသူတွေကို ချီးမြှောက်ရင်း ဒီမှာပဲ နေပါရစေ”ဆိုပြီး ငြင်းဆန်ခဲ့သတဲ့။

            မိမိအနေနဲ့ ဧကန် ဧက ပြောရဲပါတယ်။ ခုလိုအခြေအနေမှာ ဆရာတင်မိုးသာ အသက်ရှင်နေသေးရင် အမေရိကန် လိုနိုင်ငံကြီးက သူ့လိုပညာရှင်ကြီးကို ရာသက်ပန် တာဝန်ယူစောင့်ရှောက်ပါရစေလို့ ဘယ်လိုပဲ ဖိတ်ခေါ်ပါစေ ဆရာတင်မိုးကတော့ သူ့ဆရာတော်ကြီးအတိုင်း “ခင်ဗျာတို့ ဆီမှာက ဒီမိုကရေစီတွေ ရလှပါပြီဗျာ၊ ဒီလိုနေရာမှာ ဇိမ်ခံရုံသက်သက်နဲ့ မနေပါရစေနဲ့၊ ဒီမိုကရေစီ နည်းကြသေးတဲ့ ကျုပ်တို့နိုင်ငံက ပြည်သူတွေကိုပဲ ကိုယ်စွမ်းနိုင်သမျှ အလုပ်အကျွေးပြုဖို့ ပြန်ပါရစေ” လို့ ပြောပြီး အမြန်ပြန်လာမှာ သေချာပါတယ်။

            ပြီးတော့ ဆရာတော်ကြီးက သူ့ယုံကြည်ချက်ကို ဘယ်တော့မှ အပျက်မခံဘူး။ ဘုရားရှင်ကို ကြည်ညိုလွန်းလို့ မန်းစက် တော်က ခြေတော်ရာကိုလည်း နှစ်စဉ်မှန်မှန် ဦးခေါင်းနဲ့တိုက်ပြီး ကန်တော့ပူဇော်လေ့ရှိသတဲ့။ သက်တော်ထောက်လာတော့ အဝေးကပဲ အာရုံပြု ပူဇော်ဖို့လျှောက်ထားကြပေမယ့် လက်မခံဘူး။ နှစ်စဉ်အရောက်သွားတယ်။ သက်တော် (၈၃)နှစ် အရောမှာတော့ ကျန်းမား ကလည်း အတော်ချို့တဲ့နေပြီဖြစ်လို့ တားပေမယ့် မရဘူး။ လိုက်ပို့ဆိုလို့ လိုက်ပို့ကြရတယ်။

            ခြေတော်ရာရှိတဲ့ တောင်ခြေရောက်တော့လည်း ထမ်းစင်နဲ့ပို့ပါရစေဆိုတာ မရဘူး၊ အဖေ့ဆီ ပူဇော်ကန်တော့ဖို့ သွားတာ ဒီလို ဟိတ်ကြီးဟန်ကြီးနဲ့ မသွားဘူးဆိုပြီး ခြေလျင်ပဲ လက်နှစ်ဖက်က တစ်ယောက်စီ တွဲပေးရတာတဲ့။ ရောက်ခါနီးတော့ “ရောက်တော့ မဟ၊ ရောက်တော့မဟ”ဆိုပြီး အားတင်းတက်တယ်။ ခြေတော်ရာရှေ့ရောက်တော့ လက်နှစ်ဖက်ရှေ့ထောက်ပြီး အသက်ရှူမှန်အောင် မနဲရှူနေရသေးသတဲ့။ ပြီးတော့မှ ပခုံးနှစ်ဖက်မှာ တပည့်တစ်ယောက်စီ ထိန်းပေးပြီ ခြေတော်ရာနဲ့ နဖူးနဲ့ထိပြီးတော့ ကန်တော့တာ။ နောက်ဆုံး သုံးကြိမ်မြောက်မှာတော့ ဟင်း ဆိုတဲ့ သက်ပြင်းချသံနဲ့အတူ ခြေတော်ရာကို နဖူးနဲ့တိုက်ပြီး ဝပ်နေရာက “ကြာလှချည့်” ဆိုပြီး မçထူလိုက်တော့ အသက်ပျောက်နေပြီတဲ့။ ဆရာဂျမ်းလည်း သူ့မြေ၊ သူ့ရေကို ချစ်မြတ်နိုးတာ၊ ငဲ့ညှာတာ၊ သူ့ယုံကြည်ချက်ကို နောက်ဆုံးအထိ ဆုတ်ကိုင်ပြီး ထွက်သက်ကို ထုတ်သွားခဲ့တာတွေဟာ ဒီစိတ်ဓာတ်နဲ့မခြားပါပဲ။

            နောက်ဆုံးမှာတော့ အားလုံးသိထားကြတဲ့အတိုင်း ဆရာဂျမ်း နိုင်ငံခြားကိုထွက်သွားခဲ့ပါတယ်။ ဥရောပတခွင်၊ အမေရိကန်၊ ဩစတေးလျတို့အထိ ကမ္ဘာကုန် ကျယ်သရွေ့လို့ ဆိုရမလောက်ပါပဲ။ ရောက်လေရာရာ အနိုင်နိုင်ငံတိုင်းမှာလည်း သာမန်ခရီးသွား တစ်ယောက်အဖြစ်မျိုး မဟုတ်ပါဘူး။ သူ့စာပေ၊ သူ့စိတ်ဓာတ်၊ သူ့လုပ်ရပ်၊ သူ့ပညာကို လေးစားကြသူတွေ ဝိုင်းဝိုင်းလည်ပါ။ ဂုဏ်ပြုထိုက်တဲ့ မဟာဧည့်သည်ကြီးအဖြစ်နဲ့ သောင်းသောင်းဖျဖျ ဝိုင်းလို့၊ အုံလို့ပါ။ အရင်က တင်မိုးဆိုတဲ့ ဖန်မီးအိမ်အဖြစ်နဲ့ မြင်ကြသူများပေမယ့် ခုတော့ ကမ္ဘာ့ကောင်းကင်တစ်ခွင်လုံးမှာ ကြယ်တာရာတွေ ဝန်းရံခနေတဲ့ တကယ့် လမင်းကြီး တစ်ဆူဖြစ် နေပါပြီ။

            ခံပြင်းနားကျည်းမှုတို့ရဲ့ တွန်းအားနဲ့ ထွက်လာတဲ့ သူ့ကဗျာတွေကို ကြည့်လိုက်ရင် သူ့သူငယ်ချင်း ကိုလေး(အင်းဝဂုဏ်ရည်) ပြောသလို ပြောရရင်တော့ “တင်မိုး က ပုဂံဒဏ္ဍာရီတွေထဲက ရှင်မထီးရဲ့ ဓာတ်လုံးလိုပဲ”တဲ့။ ချဉ်ရည်ထဲလောင်းနေတုန်းက အရောင်မထွက်ဘူး။ နောက်ဆုံး၊ စိတ်နာပြီး ကုဋီအိမ်ထဲ ပစ်ချလိုက်တော့မှ သိဒ္ဓိတွေပေါက်ပြီး အရောင်တွေ ဖျာထွက်လာတယ်၊  ချေးရေနဲ့ချဉ်ရေ လွဲနေတာကိုးတဲ့။ သူငယ်ချင်းကြီးလည်း ဝန်ထမ်းဘဝမှာတုန်းက ရေးတဲ့ကဗျာတွေဟာ သူ့ငယ်စံချိန်တောင် မမှီဘူး။ဝန်ထမ်းက ထုတ်လိုက်ပြီး ထောင်ထဲ ပစ်ချလိုက်တော့မှ ထွက်လာလိုက်တဲ့ ကဗျာတွေ အရောင်တဖိတ်ဖိတ်နဲ့ သိဒ္ဓိတွေ မြောက်လို့”တဲ့။

            ဟုတ်တယ်။ ဒဏ္ဍာရီထဲက ရှင်မထီးရဲ့ ဓာတ်လုံးဟာ သိဒ္ဓိတွေဝင်ပြီးတဲ့အခါ ကန်းနေတဲ့ မျက်လုံးတွေကို ကောင်းအောင်၊ ပိတ်နေတဲ့ မျက်လုံးတွေကို ပွင့်အောင်၊ မျက်ဆံထွက်ပြီး ဟောက်ပက်ဖြစ်နေတဲ့ မျက်လုံးတွေကို အကောင်းပကတိဖြစ်အောင် လုပ်နိုင်သတဲ့။

            သူ့ကဗျာတွေကလည်း ဒီအတိုင်းပါပဲ။ နိုင်ငံရေးအသိစိတ်တွေ၊ မျိုးချစ်စိတ် စစ်စစ်တွေ ချို့တဲ့နေကြတဲ့ မျက်လုံးပေါင်း များစွာကို ပွင့်လင်းအောင်၊ မချွတ်ယွင်းအောင်၊ တောက်ပထက်မြက်လာအောင် စွမ်းဆောင်ခဲ့တယ် မဟုတ်လား။

            မနေ့က ဖတ်လိုက်ရတဲ့ ဆရာဦးသာနိုးရဲ့ဆောင်းပါးတစ်ပုဒ်မှာ ဆရာတင်မိုးတို့လို တိုင်းပြည်အတွက် အသိစိတ်ဓာတ် ကြီးမားလို့ တာဝန်ရှိတဲ့အတိုင်း တာဝန်သိမှု၊ တာဝန်ဆောင်ရွက်မှုတို့နဲ့ အကျဉ်းချခံရသူတွေကို အင်္ဂလိပ်လို အသိစိတ်အကျဉ်းသား (Prisoner of Conscience)လို့ ခေါ်ပါသတဲ့။

            လူ့ယဉ်ကျေးတို့ နယ်ပယ်မှာ ဆန့်ကျင်တဲ့ ဝေါဟာရ နှစ်ခုဖြစ်တဲ့ အသိစိတ်ဓာတ်နဲ့ အကျဉ်းသားဆိုတာကို တွဲပြီး ဒီ“အသိစိတ် အကျဉ်းသား”ဆိုတဲ့ ဝေါဟာရကြီးကို မဆီမဆိုင် တွဲသုံးနေကြတာဟာ မျက်နှာမှာ အဖြူနဲ့အမဲ ကန့်လန့် ကြက်ခြေ ခတ်ထင်နေတဲ့ အမာရွတ်ကြီးလိုပါပဲ။ ဘယ်လိုပဲ စိန်ရွှေရတနာတွေ ဆင်ထားပါစေ၊ မျက်နှာမှာ အမာရွတ် ကြက်ခြေခတ်ကြီးနဲ့ လူပုံအလယ် ဝင်ဆန့်ဖို့ဆိုတာ အတော်ကြီးကို အရှက်နဲမှသာ ဖြစ်ချင်ဖြစ်မှာပါ။ ရှက်တတ်သူတိုင်းအတွက်တော့ တွေးကြည့်ရုံနဲ့ တောင် ခေါင်းမဖော်ဝံ့စရာကြီးပါ။ ဒါပေမယ့် ဒီမျက်နှာပြင် ကြက်ခြေခတ် အမာရွတ်ကြီးက  ဒီနိုင်ငံမှာရော တခြားနိုင်ငံအချို့တို့မှာရော ဒီနေ့အထိ ထင်းထင်းကြီး ထင်နေတုန်းပါပဲ။ ကမ္ဘာ့အလယ်မှာ သိက္ခာရှိရှိ လူရာဝင်ချင်ရင်တော့ ဒီကြက်ခြေခတ် အမာရွတ်ကြီးကို လည်း ဖျက်ကို ဖျက်ကြရပါလိမ့်မယ်။ ဒါကိုမဖျက်ဘဲ လူတောထဲ တိုးဖို့ ကြိုးစားနေရင်တော့ အရှက်နည်းတာကို လူသိရုံက လွဲပြီး ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။

            ဆရာတင်မိုးနဲ့ပတ်သက်လို့ အထူးပြောချင်တာ တစ်ခုကတော့ ဆရာတင်မိုးဟာ သူ့ဆရာတော်နည်းတူ သူ့မြေ၊ သူ့ရေ ဘယ်လောက်ချို့တဲ့နေနေ ချစ်ခင်တတ်၊ ငဲ့ညှာတတ်သူပါ။ သူ့ဆရာတော်လိုပဲ သူအသိရှိရှိ လက်ခံထားတဲ့ ယုံကြည်ချက်ကိုလည်း အသက်ထက်ဆုံး ဖက်တွယ်ထားသူပါပဲ။ ဒါပေမယ့် သူ့ဆရာတော်ဟာ သူမြတ်နိုးရာ မြတ်ဗုဒ္ဓခြေတော်ရာပေါ်မှာ နဖူးတင်ပြီး နောက်ဆုံးထွက်သက်ကို ရှူထုတ်ခွင့်ရသွားသလိုတော့ သူချစ်တဲ့ မြေပေါ်မှာ နောက်ဆုံးထွက်သက်ကို ရှူထုတ်ခွင့် ရမသွားခဲ့ပါဘူး။

            ဆရာတင်မိုးဟာ တိုင်းတစ်ပါးမြေမှာ ခေါင်းချနေသူမဟုတ်ပါဘူး။ သူ့ရဲ့ ရုပ်ကြွင်းကို မြှုပ်နှံမထားသေးပါဘူး။ သူ့ရဲ့  ရုပ်ြွကင်း အရိုးပြာကို အိုးမှာထည့်ပြီး သုဿာန်အဆောက်အဦကြီးတစ်ခုရဲ့ ကျောက်နံရံမှာ ယာယီနားနေဆဲပါ။ သူရဲ့ရုပ်ကြွင်းကို သူချစ်တဲ့မြေမှာ နားနေခွင့်ရရေးအတွက် သူ့ကို ချစ်မြတ်နိုးသူတိုင်း ကြိုးစားရမယ့် တာဝန်ရှိနေပါသေးတယ်။ ဒီတာဝန်ကိုလည်း အမြန်ဆုံး ကျေပွန်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။

            နောက်ဆုံးအနေနဲ့ အမိမြေအတွက် အသိစိတ်၊ အချစ်စိတ်ကြီးမားတဲ့ ဆရာဂျမ်း အသိစိတ်အကျဉ်းသားအဖြစ်က လွတ်မြောက်ပြီး  အသိရှိရှိ လှုပ်ရှားကြသူတို့နဲ့ ပူးပေါင်းလှုပ်ရှားဖို့ အမိမြေကို အမြန် ပြန်လာပါလို့ ဆုတောင်း တိုက်တွန်းရင်း နိဂုံး ချုပ်ခဲ့ပါတယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)     ၁၆.၂.၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တင်မိုး, ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း), လူများ၊ ရုပ်ပုံလွှာများ

One Response to လမင်းကြီးဖြစ်သွားတဲ့ ဖန်မီးအိမ် (Dhamma Beri Sayadaw)

  1. tin tin win on February 21, 2013 at 5:55 pm

    ဆရာနဲ့ အတူတူနေခဲ့ချိန်က ကျနော် ချက်ကျွှေးတဲ့ဟင်းတွေက အရသာကိုမရှိဘူး ဆားယူခဲ့စမ်း လို့ အငေါက်ခံရတာကို
    အမြဲသတိရ နေတယ်။ဆရာ့ရဲ့အပ်ထယ်ကိုလဲ ကျနော် စောင့်ရှောက်ထားပါတယ်။ MTK(Japan)

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်