အတ္တ၏ သားကောင်

February 21, 2013

အရှင်ဥက္ကဌ
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃ 
 “၀ါဒတဏှာအားကြီးသောသူများက ငါနှင့် ငါ့ဖွဲ့အစည်း ငါတို့သာ အမှန်ဟု ငါကောဝါဒဖြင့် ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးတတ်၏။ သံလွင်ခက်ကို အယောင်ပြီး နောက်ကွယ်က ဂျိုးငှက်ကို သတ်ပစ်ထားသကဲ့သို့ ငြိမ်းချမ်းရေးတစ်ဝက် အယောင်ပြပြီး ကိုယ်နှင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာ အတွက်ချည်း အကျိုးစီးပွါးအမြတ်ထုတ်တတ်သည်။ အဆုံးမှာတော့ ပတ်ဝန်းကျင် လောကလူသားများကို စတေး၍ ကိုယ်နှင့် ကိုယ့်ဝါဒနောက်လိုက်သူများ၏ အကျိုးစီးပွါးသာ ရယူသွားတတ်ကြ၏” ။

အထက်ပါစာသားလေးကို အမှတ်တရအဖြစ် မှတ်သားထားမိခဲ့ပေမယ့်လည်း ဘယ်သူရေးသွားခဲ့သည်ကိုမူ အမှတ်တမဲ့ ဖြစ်သွားခဲ့ရသည်။ စာသားပိုင်ရှင် သက်ရှိထင်ရှား ရှိ / မရှိ အရေးမှာ တတ်အပ်သေချာ မသိနိုင်သော်လည်း သူရဲ့အဆို စကားလေးကတော့ ယနေ့တိုင် အသက်ဝင်လျှက်ရှိပေသည်။

ငါ (အတ္တ) နှင့်  ငါ့ဥစ္စာ (အတ္တနိယ) ဟူသည့် ၀ါဒစွဲ၏ နောက်မှ သူနှင့် သူဥစ္စာဟူသည့် ပရသဘောတရားမှာလည်း အလိုအလျောက် ၀င်ပါလာပြီးဖြစ်တော့သည်။ ထိုအပြင် မိမိမှတစ်ပါး အခြားတစ်ဦးတစ်ယောက် ရှိနေသေးသည်ဟူသည့် အသိ၏နောက်တွင် မိမိ၏အတ္တစွဲ ပြင်းထန်ခြင်း မပြင်းထန်ခြင်းအပေါ်မူတည်ပြီး တစ်ပါးသူထက် သာလွန်လိုမှု၊ လွှမ်းမိုးလိုမှုစသည့် သဘောထားအပြင်၊ သူတပါးထက် မိမိက အရာရာမှာ သာလွန်ကြီးမြတ်သည်ဟူသည့် ထောင်လွှားတက်ကြွခြင်း မာန်မာန သဘောမှာလည်း အလိုအလို ၀င်ရောက်လာပါတော့သည်။

အကျိုးဆက်အားဖြင့် လူမျိုး ၊ ရာထူး၊ စည်းစိမ်ဥစ္စာ၊ ပညာအရည်အချင်းအားဖြင့် မိမိကိုယ်ကို မိမိ သွေးနားထင်ရောက် အထင်ကြီးကာ တစ်ပါးသူတို့အား အထင်သေးတတ်သည်။ ထိုအများထဲတွင် ဂိုဏ်ဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲ စသည်တို့ဖြင့် နွံနစ်နေကြသည့် ဘာသာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များကိုလည်း စိတ်မကောင်းစွာ တွေ့မြင်နေကြရပေသည်။

လူသားတိုင်း လူဂုဏ်သိက္ခာနှင့်အညီ ဘ၀ရှင်သန်နိုင်ရေး၊ လူသားတို့၏ ကိုယ်ကျင့်စာရိတ္တမြင့်မားရေးနှင့် အရည်အသွေးမြှင့်တင်ရေးသည် ဘာသာတရား၏ အဓိကဦးတည်ချက်ဖြစ်ရာ ယင်းဦးတည်ချက်များ လမ်းကြောင်းပြောင်းမသွား၊ ပျောက်မသွားစေရေးတို့သည် ဘာသာရေးခေါင်းဆောင်များတွင် အထူးတာဝန်ရှိပေသည်။

ယနေ့အချိန်ခါတွင် ငါနှင့် ငါ့လူမျိုး၊ ငါ့အဖွဲ့အစည်း၊ ငါ့တိုင်းပြည်၊ ငါ့ဘာသာ စသည်ဖြင့် ငါတစ်လုံးကို အစွဲပြုကာ မလိုမုန်းတီးမှု ရန်လိုတိုက်ခိုက်မှုများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေကြသည်။ အတ္တမာန အားကြီးသူများအနေနဲ့ ၄င်းတို့၏ အယူအဆများကို ကာကွယ်ဖို့အရေးမှာ သတ္တိရှိသော်လည်း မိမိရဲ့ကိုယ်ပိုင်အယူအဆအမှားကို ပြန်လည်တိုက်ခိုက်၊ ပြင်ဆင်ရေးမှာတော့ သူရဲဘောကြောင်နေတတ်ကြသည်။ လူးလွန့်ပြီးမှသာ သွားတတ်သည့် မြွေ၏ ခန္ဓာကိုယ်အတွင်းသို့ တုတ်ချောင်းတစ်ချောင်း အလျားလိုက်လျှိုသွင်းလိုက်ပါက ၄င်းမြွေအဖို့ ရှေ့သို့ခရီးဆက်ရန် မဖြစ်နိုင်တော့သကဲ့သို့ မာနတုတ်ချောင်း နက်နက်နဲနဲစူးဝင်နေသူများနဲ့ မတူညီသည့် သဘောထားယူဆချက်များကို ပြေလည်မှုရရေး စေ့စပ်ညှိနိုင်း ဆွေးနွေးကြရာမှာလည်း ခရီးပန်းတိုင်ရောက်ရေး အလွန်ခဲယဉ်းလှပေသည်။ အကြောင်းကတော့ အပေးအယူ အလျှော့အတင်း မလုပ်နိုင်လောက်အောင် မာနတုတ်ချောင်းက တင်းခံနေသောကြောင့်ဖြစ်သည်။

အုပ်စုနှစ်စုအကြား မတူညီသည့် သဘောထားများကို ရင်ကြားစေ့ရေး ကြိုးပမ်းကြရာတွင် အတ္တသမားတို့၏ တစ်ဖက်အုပ်စုအပေါ် အမြင်မှားနေသည့် သဘောထားနှင့် မိမိအုပ်စု၏လုပ်ဆောင်ချက်များသည်သာ အမှန်အဖြစ် ယူဆတတ်သည့် တယူသန်သဘောထားမှာလည်း ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေသည်။ တခါတရံတွင်မူ အတ္တမာန ပြင်းထန်သည့် ခေါင်းဆောင်အချို့သည် မိမိတို့၏ အတွေးအမြင်တွေေ၀၀ါးသွားမှာကို စိုးရိမ်သည့်အတွက် တဖက်လူ၏ ထင်မြင်ချက်ကို ထည့်မစဉ်းစာတတ်ကြပေ။ ဒီထက်ဆိုးသည်မှာ တစ်ဖက်အုပ်စုအပေါ် အထင်မှား အမြင်မှားဖြစ်အောင် မိမိ၏နောက်လိုက်များကို မျက်မှန်စိမ်းတပ်ပေးလိုက်ခြင်းဖြစ်သည်။ ထိုအပြုအမူသည်လည်း အုပ်စုနှစ်ခုအတွက် စေ့စပ်ရေးလုပ်ရာတွင် ကောင်းသည့် လက္ခဏာမဟုတ်ပေ။ ထိုအပြင် မိမိအုပ်စုအတွင်း ပြိုကွဲသွားမည့်ကို စိုးရိမ်သည့်အတွက် မိမိအယူအဆ လုပ်ဆောင်ချက်များကို မှားနေမှန်းသိပါလျှက် မပြင်ဆင်နိုင်၊ မချပြနိုင်၊ မဝေဖန်နိုင်တော့ပဲ ထိန်ချန်ခြင်း၊ စိစစ်ဖြတ်တောက်ခြင်းများကို မိမိကပင် ပြန်လည်၍ လုပ်ဆောင်လေ့ရှိတတ်ကြသည်။ သို့သော် ငြိမ်းချမ်းရေး ၊ စည်းလုံးညီညွတ်ရေး၊ သာယာဝပြောရေး ၊ တိုးတက်ကြီးပွါးရေး စသည့် စကားလုံးမှိုင်းများကိုမူ နှုတ်ဖျားမှ မချနိုင်လောက်အောင် မိမိတို့အုပ်စုအတွင်း တတွတ်တွတ် ရေရွတ်လျှက်ရှိတတ်ကြသည်။ ဒီလိုနဲ့ပဲ ထိပ်ပိုင်း အတ္တမာန ၀ါဒရှင်ကြီးတို့သည်သာ အကျိုစီးပွါးများကို ရရှိခံစားသွားကြရပြီး နှစ်ဖက်လက်အောက် ငယ်သားတို့သည်သာလျှင် အစတေးခံ သားကောင်များ ဖြစ်သွာကြရရှာသည်။ ယင်းဖြစ်စဉ်များနဲ့ပတ်သက်၍ ခပ်ဝေးဝေးသို့ သွားပြီး သုတေသန ပြုလုပ်နေစရာပင် မလိုပါ၊ နှစ်ပေါင်းများစွာ ဖြစ်ပွါးလာခဲ့သည့် မြန်မာဖြစ်စဉ်က သက်သေခံလျှက်ရှိနေပေလိမ့်မည်။

တဖန် အတ္တမာန၀ါဒရှင်များတို့ရဲ့ သီးခြားဝါဒ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲဝါဒအရ သူက ဘာလူမျိုး ၊ ဘယ်ဘာသာ စသည်ဖြင့် လူမျိုး၊ ဘာသာယုံကြည်မှု၊ ယဉ်ကျေးမှုအရ ခွဲခြားလိုက်ခြင်းကသည်ပင် မိမိကိုယ်ကိုအစပျိုးပြီး အခြားကမ္ဘာလောကမှ သီးခြားခွဲထွက်လိုက်ခြင်းဖြစ်သည်။ ၄င်းအမြင်ကျဉ်းမြောင်းမှု၏ရလာဒ်အဖြစ် မိမိအတွက် အနေပါကျဉ်းသွားရခြင်း အကျိုး အမြတ်ထွက်ပေလိမ့်မည်။ တနည်းအားဖြင့်ဆိုရသော် မိမိကိုယ်တိုင်သည်ပင် မိမိရဲ့အတ္တနှင့် မာနတို့ရဲ့ လက်တွင်းသို့ သက်ဆင်းကျရောက်နေသည့် သားကောင်ပမာဖြစ်နေသည်။ အကျိုးဆက်တစ်ခုအနေဖြင့်လည်း မိမိရဲ့ အတ္တဆန်ဆန်လုပ်ရပ်များကြောင့် မိမိနှင့် ဆက်စပ်နေသည့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း၊ ယဉ်ကျေးမှု စသည်တို့၏ ဂုဏ်သိက္ခာများကိုပါ ထိခိုက်နစ်နာရသည်အထိ ဖြစ်ရတတ်ပေသည်။ ယင်းကို မျိုးချစ်စိတ်ဓာတ်ဟု ခေါ်ကြမည်လော၊ မျက်စိတစ်ဖက်ကန်း မျိုးချစ်စိတ်သာ ဖြစ်ပေလိမ့်မည်။

မြတ်ဗုဒ္ဓသည် အတ္တ၀ါဒလွှမ်းမိုးသည့် ခေတ်ကာလကြီးတွင် အနတ္တ၀ါဒဟု ကြွေးကြော်ကာ ပေါ်ထွက်လာခဲ့သည်။ မာန်မာနအရာတွင်လည်း သူမတူအောင်ထောင်လွှားနိုင်သည့် မင်းမျိုး မင်းနွယ်အနေထားမှာ ရှိနေပါလျှက် မာန်မာန ချိုးနှိမ်ကြောင်းလမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သည်။ မိမိကိုယ်တိုင် လျှောက်လှမ်းခဲ့သည့် ကျိုးရှိကောင်းမွန်သည့် လမ်းကြောင်းကို မိမိ၏နောက်လိုက်တို့အား ချပြကာ ကျင့်သုံးစေခဲ့သည်။ အဆိုပါလမ်းကြောင်းမှာ ဖန်ဆင်းထားသည့် လမ်းကြောင်းမဟုတ်ပဲ ရှာဖွေတွေ့ရှိထားသည့် လမ်းစဉ်သာဖြစ်သည်။ ယင်းသည် သဘာဝအမှန်တရား ဓမ္မပင်ဖြစ်သည်။ ၄င်းရှာဖွေတွေ့ရှိထားသည့် လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးသူကို ဗုဒ္ဓဘာသာဝင်အဖြစ် ခေါ်ဆိုရလေသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ဗုဒ္ဓဘာသာဝင်အများစုရှိသည့် မြန်မာပြည်တွင်းနှင့် ပြည်ပရောက် မြန်မာပြည်ဖွားများအကြားမှာ  အုပ်စု၊ အဖွဲ့အစည်း၊ လူမျိုးစု စသည်အားဖြင့် အုပ်စုတစ်ခုနဲ့ တစ်ခုတို့အကြား အမှားနဲ့ အမှန် အပြန်အလှန်အပြစ်ဖို့ကာ အတ္တ မာနစစ်ပွဲကြီးများဆင်နွဲနေကြသည်။ ဒီလိုဖြစ်ရတာဟာ ခေတ်နဲ့ စနစ်ဆိုးတို့၏ အမွေဆိုးကြောင့်ဟု အပြစ်ဆိုကောင်း ဆိုကြပေလိမ့်မည်။ မှန်သင့်သလောက်မှန်ပါသည်။ သို့သော် လူသားတိုင်း အတိတ်ရဲ့ ခေတ်နဲ့စနစ်ဆိုးတို့၏ အပြဌာန်းခံများမဖြစ်သင့်ကြသလို မိမိကိုယ်တိုင်ကလည်း အနာဂတ်မျိုးဆက်သစ်တို့အတွက် စနစ်ဆိုး အမွေးဆိုးများကို ပေးဝေငှသူများ မဖြစ်သင့်ကြပေ။ အတိတ်ကချန်ထားရစ်ခဲ့သည့် စနစ်ဆိုးများကို မိမိခေတ်တွင် ပြုပြင်လိုသည့် အသိစိတ်မျိုးရှိသင့်ကြပေသည်။

ပြဿနာ၏ ဖြစ်စဉ်အများစုများကို လေ့လာကြည့်ပါက သက်ဆိုင်ရာအုပ်စု အဖွဲ့အစည်း နာမည်မျှသာ ကွာခြားကောင်း ကွာခြားပေလိမ့်မည်၊ သို့သော် အနှစ်သာရအရ အမူအကျင့်အားဖြင့် ဒီပုတ်ထဲက ဒီပဲတွေကြီးဖြစ်နေသည်ကို တွေ့ကြရပေလိမ့်မည်။ ထို့ကြောင့် အမည်နာမနှင့် ခေါင်းစဉ်အစွဲ ပြင်းထန်မှုများကိုလျှော့ချပြီး အမှားအမှန်ကို ခွဲခြားသိမြင်နိုင်ကြမည်ဆိုပါလျှင် ပြဿနာ၏ ရာခိုင်နှုန်းတော်တော်များများကို ဖြေရှင်းပြီးသားဖြစ်လိမ့်မည်ဟု ယူဆမိသည်။ နိဂုံးချုပ်အနေနဲ့ မှတ်သားလိုက်နာဖွယ် ဟိန္ဒူဘာသာရေး ခေါင်းဆောင်ကြီး ရာမာခရစ်ရှနာ ၏ စကားလေးဖြင့် ဤဆောင်းပါးကို အဆုံးသတ်အပ်ပါသည်။

“ဇာတ်အနိမ့်အမြင့် အတန်းအစားဆိုသည်မှာ လူတို့၏ သညာသာဖြစ်သည်။ ဇာတ်အနိမ့်အမြင့်ထက် စေတနာအနိမ့်အမြင့် ရွေးတာက ပိုပြီးသဘာဝကျပါတယ်” ။

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်