ကျောက်ပန်းတောင်း ဂိတ်ဆုံး ပက်လက်လန်

February 25, 2013

မောင်စွမ်းရည်
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၃
 ● တင်မိုးကြိုက်တဲ့ ကော်ဖီအမှန်
လူတိုင်းဟာ ရသာ ၆ ပါးကို တက်မက်ကြတယ်လို့ မှတ်ယူပါတယ် ဒါပေမဲ့ တချို့ခံတွင်းပျက်တဲ့အခါများမှာတော့ ဘာမှမစားချင် မသောက် ချင် ဖြစ်တတ်ပါတယ်။တချို့လူများကတော့ ခံတွင်းပျက်တယ်လို့လဲ မရှိ ဘယ်လိုအစာမျိုးကို မကြိုက်ဘူးလို့လဲမရှိ။ ဒါပေမဲ့ အထူး ကြိုက်နှစ် သက်တဲ့အရသာ၊ အထူးကြိုက်နှစ်သက်တဲ့ အစားအစာဆို တမျိုးရှိတတ်ပါတယ်။ သူငယ်ချင်း တင်မိုး (ဘဂျမ်း) ဟာ ဒုတိယလူစားမျိုးမှာ ရှိပါတယ်။
တင်မိုးမှာ သူငယ်ချင်းတွေအများကြီးရှိပေမဲ့ သူကွယ်လွန်ချိန်အထိ အများဆုံးတွဲခဲ့ရတဲ့သူငယ်ချင်းက ကျနော် (မောင်စွမ်းရည်) ဖြစ်ပါတယ်။ သူနဲ့ စတင်တွဲခဲ့တဲ့  ၁၉၅ရ-၅၈ ကစပြီး သူကွယ်လွန်တဲ့ ၂၀၀ရ အထိ သူနဲ့ ကျနော်တို့ တွဲခဲ့ရပါတယ်။ မန်းတက္ကသိုလ်မှာတုန်းက သူနဲ့ ကျနော်နဲ့ သင်ယူကြတဲ့ဘာသာရပ်တွေလဲ မတူ၊ အတန်းချင်းလဲ မတူပါဘူး။ ဒါပေမဲ့ အပြင်မှာပဲ နေ့နေ့ ညည အတူတွဲခဲ့ကြတဲ့အပြင် ကျောင်းပိတ်ရင်တောင် ကျနော်က သူ့ရွာလိုက်နေလေ့ရှိပါတယ်။ သူ ရန်ကုန်ပြောင်းတော့ ကျနော်ပြန်ခေါ်ရင် ပြန်လာတယ်။ သူ နောက် တော့ ရန်ကုန်မှာပဲ အိမ်ထောင်ကျသွားတဲ့အခါ ကျနော် ရန်ကုန်ရောက်အောင် သူပဲ အကြံအဖန်လုပ်ပါတယ်။ ခုနောက်ဆုံး သူ အမေ ရိကားရောက်သွားတော့လဲ သူပဲ ကျနော့်ကိုခေါ်ယူပါတယ်။ ကျနော်အမေရိကားရောက်အောင် သူငယ်ချင်းစောလူနဲ့ပေါင်းပြီး အကြံအဖန် တွေလုပ်ပါတယ်။ ကျနော်ဆိုချင်တာက သူနဲ့ ကျနော် နှစ်ပေါင်း ၅၀ လောက်အတွင်း အတူနေခဲ့တဲ့အချိန် အများဆုံးရှိခဲ့ကြလို့ ကျနော်က သူ့အကြောင်းတွေကို ဆိုးကောင်းမကျန် အများဆုံးသိတယ်လို့ ဆိုချင်တာပါပဲ။
မေးစရာတခုတော့ ရှိပါတယ်။ တင်မိုးက အခြားသူငယ်ချင်းတွေကိုရော အဲ့ဒီလိုအတူနေကြရအောင် မကြိုးစားဘူးလားလို့။ ဘယ်နေမလဲ တင်မိုးက အပေါင်းအသင်းသံယောဇဉ် အလွန်ကြီးတာပဲ။ ဒါပေမဲ့ အခြားသူငယ်ချင်းတွေက ၀ရမ်းပြေးလိုက် ထောင်တန်းကျလိုက်နဲ့ ခေါ်လို့ မရတာ များပါတယ်။ ကျနော်က အစိုးရအလုပ်ထဲမှာပဲ ဟိုပြောင်းဒီရွှေ့နဲ့ နေခဲ့ရတာကြောင့် စစ်ထောက်လှမ်းရေး မျက်စေ့နောက်ချိန် မရဘူး လို့ ထင်ပါတယ်။
လုပ်ကြတာတွေကတော့ တယောက်ကလုပ်ရင် တယောက်ကမပါတာ မရှိခဲ့ဖူးပါဘူး သူငယ်ချင်းတွေက စိတ်တူ ကိုယ်တူတွေချည်းပါပဲ။
ကဲ နိဒါန်းချီတာနဲ့ စာတမျက်နှာပြည့်သွားခဲ့ပါပြီ။ ကျနော်ပြောချင်တာက သူဘယ်လို အစားအစာတွေကို နှစ်သက်သလဲဆိုတဲ့ အကြောင်းပါ။ အစမှာဆိုခဲ့တဲ့အတိုင်း တင်မိုးက “ ချို ချဉ် စပ် ငန် ခါး အဖန်” ဆိုတဲ့ အရသာ ၆ ပါး အားလုံးကို ကြိုက်နှစ်သက်ပါတယ်။ ခံတွင်းကောင်းသူ လျှာကောင်းသူဖြစ်ပါတယ်။ ဒါပေမဲ့ သူအထူးနှစ်သက်တဲ့အရသာကတော့ အချိုနဲ့အငန်နှစ်မျိုးဖြစ်ပြီး ကျန်တဲ့ ခါး ဖန် ချဉ် စပ်တွေကို သိပ် မကြိုက်လှပါဘူး။ ဒီအကြောင်းတွေကို သူ့သမီးတွေကလဲသိကြမှာပါပဲ။ တခြားသူငယ်ချင်းတွေကလဲ သိကြတာပါပဲ။ သူတို့က မရေးအား မရေးဖြစ်တဲ့အပြင် ရေးစကောင်းတယ်လို့လဲ မထင်မှတ်ကြလို့ ဖြစ်ကောင်းဖြစ်မှာပါ။ ကျနော်ရေးတာကို သူတို့ဖတ်ပြီးကြရင်တော့ ကျနော်နဲ့ သဘောတူကြမှာ မလွဲပါဘူး။
မန်းတက္ကသိုလ်မှာ သူနဲ့ကျနော်တို့ စတွဲတော့ သူက မန္တလေး အေလမ်း မီးရထားရပ်ကွက်ဒေါင့်က ဦးမောင်ကြီး အလွတ်ပညာသင်ကျောင်းမှာ မြန်မာစာပြပါတယ်။ ကျနော်က မီးရထားရပ်ကွက်ထဲမှာနေတော့ သူနဲ့တွေ့ရဖို့ အခွင့်သာပါတယ်။ သူက စက်ဘီးမစီးတတ်သေးတော့ သူ့ကို တယောက်က သွားကြိုရ ခေါ်ရပါတယ်။
ကျနော်က သူစာသင်ပြီးရင် ဆုံနေကြဆိုတော့ အပြန်ကို ကျနော်ကချည်း ကြိုသလိုဖြစ်နေပါတယ်။ သူ့ကိုကြိုပြီးရင် သူ့ကျောင်းနဲ့မျက်စောင်း ထိုး အေလမ်းပေါ်က လက်ဖက်ရည်ဆိုင်ကိုဝင်ကြပါတယ်။ အဲ့ဒီဆိုင်မှာ ဆိုင်ရှင်ရဲ့သမီးချော တရုတ်ကပြားမကလေးက စားပွဲထိုးပါတယ်။ သူ့နာမည်ကို တင်မိုးကပဲ “အရွှေ” လို့ တရုတ်ဆန်တဲ့ နာမည်ပေးထားပါတယ်။ ကလေးမလေးရဲ့ အသားအရေကလဲ ရွှေရောင်ရှိသကိုး။
ကျနော်တို့လို တောကတက်လာတဲ့ကျောင်းသားတွေကို ရှေ့ဆောင်ရှေ့ရွက်ပြုပြီး လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အလေ့အထရအောင် လေ့ ကျင့်ပေးသူက မန်းတက္ကသိုလ် ကလောင်ရှင်အသင်း ဥက္ကဌ (၁၉၅၆-၅ရ) တက္ကသိုလ်ဝင်း ဖြစ်ပါတယ်။ သူကလဲ လူထုတိုက်ထွက် စာရေး ဆရာတဦးပါပဲ။ လက်ဖက်ရည်ဆိုင်ထိုင်မိရင် တင်မိုးက သတင်းစာတွေကိုပဲ ကောက်ကိုင်လေ့ရှိပြီး ဘာစားမယ် ဘာသောက်မယ်လို့ မှာ လေ့ မရှိပါဘူး။ တက္ကသိုလ်ဝင်းကတော့ “ဟေ့ကောင် ဘဂျမ်း (အဲ့ဒီတုန်းက တင်မိုး မဖြစ်သေး) ကော်ဖီလား လက်ဖက်ရည်လား” လို့ မေးတဲ့ အခါ ဘယ်တော့မှ ချက်ခြင်းဖြေလေ့ မရှိပါဘူး။ သူစိတ်ရှုပ်နေတာ ရှိလို့ပါ။ ကျနော်ကတော့ တနယ်သားခြင်းမို့ ကိုယ်ချင်းစာနိုင်ပါတယ်။ ကျနော်တို့ မြင်းခြ့နယ်ဘက်မှာက ကော်ဖီပဲသောက်လေ့ရှိပါတယ်။
တချို့က လက်ဖက်ရည်ဆိုတာ မြို့ပေါ်တက်ပြီးကျောင်းနေကြမှ ဘယ်လိုဟာလဲဆိုတာ သိကြတာပါ။ အဲ့ဒီတော့မှ လက်ဖက်ရည် အချိုရည် ဆိုတာရှိကြောင်း သိကြတော့တာပါ။ ကျနော်တို့က လက်ဖက်ရည်ဆိုတာ အခါးရည်လို့ပဲ သိကြတာပါ။ တောရွာမှာလဲ အိမ် တိုင်းသောက်ကြပါတယ်။ မြေခရားတွေနဲ့ပဲသောက်ကြပြီး လက်ဖက်ရည်ပဲ ခေါ်ပါတယ်။ ရေနွေးကြမ်းလို့ မခေါ်ပါဘူး။ နောက်အခါ ကြာလာ တော့မှ အဖန်နဲ့ အချိုကိုခွဲပြီး ခေါ်တာပါ။ ကျနော် တက္ကသိုလ်ရောက်လို့ ကျောင်းပိတ်ရက် ရွာပြန်ရင် တခါတရံ တက္ကသိုလ်ကျောင်းသား သူ ငယ်ချင်းတွေ ခေါ်သွားလေ့ရှိပါတယ်။
တချို့အိမ်တွေက ထမင်းဖိတ်ကျွေးပြီး လက်ဖက်ရည်အဖန်နဲ့ ဧည့်ခံပါတယ်။ ကျနော်တို့ကို ဖိတ်ကြားတဲ့ အိမ်တအိမ်က “လက်ဖက်ရည်အချို” ဆိုပြီး သကြား သို့မဟုတ် ထန်းလျက်ရယ် နွားနို့ရယ်ထည့်ပေးပါတယ်။ လက်ဖက်ရည် အချိုခြောက်ရယ်လို့ သီးခြားရှိသေးမှန်း မသိကြသေး ရှာပါဘူး။ သကြားကိုလဲ ဟင်းထည့်ပန်းကန်နဲ့ ထည့်ပေးပြီး ဇွန်းအဖြစ် ထန်းရွက်ကို ဇွန်းအရွယ်ဖြစ်အောင်  ဓါးနဲ့ပဲလှီးဖြတ်ပြီး ထည့်ပေးလေ့ ရှိပါတယ်။
သကြားနဲ့ဧည့်ခံတယ်ဆိုတာ တောသူဌေးအိမ်မို့ပေါ့။ ဘုန်းကြီးများကိုလဲ ဒီလိုပဲ သကြားပန်ကန်ကို ထန်းရွက်ဇွန်းတပ်ပြီး ကပ်လှုလေ့ရှိခဲ့တာ ဟာ ဘယ်အချိန်ကြမှ ဒီဓလေ့ပျောက်သွားသလဲ ကျနော်မသိတော့ပါ။
လက်ဖက်ရည်ဆိုင်မှာ တင်မိုးမှာလေ့ရှိတာက “ကာဖီ” ပါ။ ကျနော်လဲ မန္တလေးရောက်ချိန်ထိ ကာဖီရည်လို့ပဲ ခေါ်ခဲ့ပါတယ်။ တခါတော့ တင် မိုးက သူ့ဘေးက သူငယ်ချင်းတယောက်ယောက်ရဲ့ ကော်ဖီ လက်ဖက်ရည်ခွက်တွေကို ယူပြီး မြည်းဖူးပါတယ်။ ပြီးတော့ မှတ်ချက်ချတာက “အတူတူချိုတာပါပဲ” တဲ့။ တကယ်တော့ ကျနော်တို့ မြင်းခြံနယ် ကျေးလက်တောရွာက ကျောင်းသားတွေဟာ အတူတူလိုပါပဲ။ ကော်ဖီနဲ့ လက်ဖက်ရည် ခွဲမသိကြဘူးလို့ မြို့ ကြီးသားတွေ ကျီစယ်လေ့ရှိကြပါတယ်။ မန္တလေးမှာအနေကြာလာမှ လက်ဖက်ရည်ဆိုင် ထိုင်တတ် လာကြတာပါ။ ကျနော်ကိုယ်တိုင်လဲ မြင်းခြံမြို့ပေါ်ကို ကျောင်းတက်နေပေမဲ့ လက်ဖက်ရည်ဆိုင် မထိုင်ခဲ့ဖူးပါဘူး။ ခေါက်ဆွဲဆိုင်တော့ ထိုင် ဖူးတယ်။ ဒါ့ကြောင့် “တောသားမြို့ရောက် ခေါက်ဆွဲသောက်” လို့ စာချိုးပေါ်ခဲ့ဖူးတာ ဖြစ်မှာပါပဲ။
တင်မိုးနဲ့ ကျနော် အရွှေတို့ လက်ဖက်ရည်ဆိုင်ထိုင်ကြတော့ တနေ့မှာ သူက “လက်ဖက်ရည် ကာဖီဆိုတာဗျာ အရည်တွေဆိုတော့ အဆာ မပြေပါဘူး။ အရည်သာရ အဖတ်မရတဲ့ဟာတွေပဲ တမတ်ပေးရတာ မတန်ပါဘူး” တဲ့ ကျနော်ကလဲ အလားတူပဲ လက်ဖက်ရည် ကာဖီ လောက်နဲ့ အားမရပါဘူး။ ဒါ့ကြောင့် ရှေ့မှာချထားတဲ့ မုန့်ပန်းကန်ထဲက ကိတ်မုန့် တချပ်လောက်လဲ စားပါတယ်။ သူက ဈေးမကြီးဘူးလားတဲ့  စားသာစားပါ တမတ်ပါပဲဆိုမှ စားပါတယ်။ တနေ့တော့ ကျနော်က ကျနော်စားဖူးတဲ့ “ဘန်းမုန့် နို့ဆန်း” ကို နှစ်ပွဲမှာလိုက်ပါတယ်။ သူရော ကျနော်ရော မြိန်ရည်ရှက်ရည် စားကြပါတယ်။ ဘန်းမုန့် နို့ဆန်းဆိုတာက နို့ဆန်းထားရုံမက အပေါ်က မလိုင်နည်းနည်းနဲ့ နို့ဆီလေးပါ ဆမ်း ထားတော့ ပိုချိုပါတယ်။
တပွဲကုန်ပြီးတော့ တင်မိုးက အာသာပြေပုံ မရသေးလို့ ကျနော်က “ထပ်မှာအုံးမလား” လို့ မေးတော့ သူက “ဘယ်လောက်လဲ၊ဈေးကြီးသ လား” လို့မေးပါတယ်။ ကျနော်က အိပ်ကပ်ကိုပုတ်ပြီး ပိုက်ဆံပါပါတယ်။ နှစ်ယောက်စလုံး ဘန်းမုန့်စားပြီး လက်ဖက်ရည်အဖန်ပဲ သောက် လိုက်ကြပါတယ်။ ကျနော်ပိုက်ဆံပေးတော့ သူက ဘယ်လောက်ကျသလဲတဲ့ ကျနော်က တမတ်ပဲလေလို့ဆိုလိုက်တော့ “ဟာ သိပ် တန်တာပေါ့။ ကော်ဖီ လက်ဖက်ရည်တွေက အရည်မရ အဖတ်မရတဲ့ ဟာတွေပဲ” လို့  ဥဒါန်းကျူးလိုက်ပါတော့တယ်။ အဲ့ဒီ အခါကအစ အဲ့ဒီဆိုင်မှာ ဘန်းမုန့်နို့ဆန်း တကြိမ်နှစ်ပွဲ အမြဲစံပါတော့တယ် ခင်ဗျား။
ကျနော်တို့တွဲတာကြာတော့ တင်မိုးက သူ့ဆီရောက်သမျှ ရလာသမျှပိုက်ဆံကို မောင်သိန်းနိုင် သို့မဟုတ် မောင်စွမ်းရည်တို့ဆီကိုပဲ အပ်နှံ ထားလေ့ရှိပါတယ်။ သံဃာတော်များလိုပါပဲ ပိုက်ဆံကိုင်သုံးရ တာဝန်လေးပါတယ်။ သူဆာလာရင် ပိုက်ဆံရှိသေးသလားဆိုတာပဲ အရင် မေးလေ့ ရှိပါတယ်။ ခက်တာက ဘယ်ရောက်နေနေ အေလမ်းက အရွှေတို့ဆိုင်သွားရအောင်ဆိုတာပါပဲ။ ဒီဆိုင်နာမည်ကလဲ သူနဲ့ကျနော်ပဲ သိတာပါ။ လူထုတိုက်ရှေ့တို့ ဈေးချိုတို့ရောက်နေရာက ဆာလာရင် “အရွှေ” တို့ဆိုင်သွားရအောင်လို့ ပြောတော့တာပဲ။ အခြားဆိုင်တွေမှာ ပေါင်မုန့် နို့ဆမ်းရော ကိတ်မုန့် နို့ဆမ်းရော ရပါတယ်ဆိုလဲ လက်မခံဘူး။ အေလမ်းကိုပြန်သွားရတာ အတက်ကြီးဆိုတော့ စက်ဘီးစီးရတာ အင်မတန်ပင်ပန်းပါတယ်။ ဒါပေမဲ့ သူ့ကို လိုက်လျောကြရတာပဲ။ ကျနော်တို့ လက်ဖက်ရည်ဆိုင်ရောက်ကြရင် ကျနော်ကပဲ မြို့သားလူလည် ဂိုက်နဲ့ ဆိုင်ရှင်ကို လှမ်းမှာရပါတယ်။ ကျနော်က စက်ဘီးစီးရတာမောလို့ တခါတလေ ကျနော်ကမှာပဲနေမိရင် သူကမမှာပါဘူး “မှာလေဗျာ” လို့ပြောပေမဲ့ မမှာပါဘူး။ နောက်မှ တဖြေးဖြေးနားလည်လာရတာက အော်ဟစ်ပြီးမှာရမှာ အားနာလို့တဲ့။ ရန်ကုန်မှာ ဘတ်စ်ကားစီးကြလို့ အော်စရာရှိလဲ မအော်ပါဘူး။ “တောသားရဲ ဆွဲထုတ်” လို့ ဆိုရိုးရှိပေမဲ့ တောသားမရဲပြန်တော့ ဆွဲထူလို့တောင် မရပါဘူး။
လက်ဖက်ရည်ဆိုင်ထိုင်ကြရင် လူကျများနေတဲ့အခါမျိုးမှာ ကျနော်တို့လို တိုက်ဂေါတွေဟာ လစ်လျူရှုခံရတတ်ပါတယ်။ ကျနော်က သူ့အ ရင် တက္ကသိုလ်ရောက်တာကြောင့်တကြောင်း သူကလဲ ကျနော့်ကို တောသားလူလည် (တောသူကြီးသားမှန်း) သိလို့ ကျနော့်ကို အားကိုးတာကြောင့်တကြောင်း မှာစရာရှိတာကို ကျနော်ကပဲ အော်ဟစ်မှာရတော့တာပါ။ ကျနော်တို့နှစ်ယောက်လုံး အဲ့ဒီကာလက ခေါင်း စုတ်ဖွားနဲ့ ဗျင်အင်္ကျီနဲ့ ချည်လုံခြည်နဲ့ ၀တ်လေ့ရှိပါတယ်။ ကျနော်က တခါတရံ ခုံဖိနပ်စီးပါတယ်။ တင်မိုးရဲ့ အကျီရင်ထောင် ကြယ်သီးက ကော်ကြယ်သီးခေါ် ပလပ်စတစ်ကြယ်သီး သိပ်ခေတ်မစားသေးတော့ အမဲရိုးကြယ်သီးကို ကြိုးနဲ့တွဲချည်ထားတာမျိုးပါ။ ကျနော်တို့ကို အ လျင်ရောက်ပါလျက်နဲ့ ဦးစားမပေးဘူးထင်ရင် ကျနော်က စားပွဲကိုပုတ်တာတို့ ခွက်တွေ ပန်းကန်တွေကို တူတို့ဇွန်းတို့နဲ့ ခေါက်တာတို့ လုပ် တတ်ပါတယ်။ အဲ့ဒါမျိုးကျတော့ သူက ပျာပျာသလဲတားတတ်ပါတယ်။ ကောင်တာဆီကို လူကိုယ်တိုင်ထသွားပြီး “ကျနော်တို့ ရောက် နေတာကြာပြီ လုပ်ပါဦး”လို့ တိုးတိုးသွားပြောတာပါ။ အဲ့ဒါဟာ သူနဲ့ ကျနော်တွဲခဲ့တဲ့ တက္ကသိုလ်ကျောင်းသားဘ၀တလျှောက်လုံး နေခဲ့တဲ့ပုံစံပါ။ ဂုဏ်ထူးသိန်းနိုင်ကိုတော့ သူက စိတ်ကောက်တတ်ပါတယ်။ တခါက မောင်သိန်းနိုင်ရဲ့စက်ဘီးပေါ်က ဆင်းနေရစ်ပြီး ဖိနပ်နဲ့ လှမ်းပေါက်ဖူးပါတယ်။ မောင်သိန်းနိုင်က သူ့ကို လမ်းပေါ်မှာ ပစ်မထားရက်ရှာဘူး။
ကျနော်ကတော့ သူတုံ့နှေးနေရင်တောင်  “ကဲ တခြားလူကြုံနဲ့ ကြုံသလိုလိုက်ခဲ့ ငါတော့သွားပြီ” လို့ဆိုပြီး ထားခဲ့တတ်တာကိုး။ တယောက် ထဲလည်း ဘယ်တော့မှ ချန်မနေရဲရှာဘူး။ နေအုံးဆိုပြီး ကျနော့်ကိုမှီအောင် လိုက်လာတတ်ပါတယ်။ တခါတလေတော့ လူကြုံနဲ့ လိုက်လာ ရှာပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်နဲ့ မြို့ထဲသွားရင် အေလမ်းပေါ်က အရွှေတို့ဆိုင်မှာ ဘိန်းမုန့်နို့ဆမ်း ၀င်ရောက်စားသောက်ဖို့ ၀တ္တရား မပျက်ခဲ့ပါဘူး။
အမေရိကားကိုတော့ သူက သုံးနှစ်လောက်စောပြီး ထွက်ခွာသွားခဲ့ပါပေမဲ့  ကျနော်က ဥရောပခရီးစဉ်တခုကနေပြီးတဆင့် အမေရိကားကို ရောက်သွားပြီး ဖို့တ်ဝိန်းမြို့ရှိ ကဗျာဆရာ မောင်စိုးချိန်အိမ်မှာ အတန်ကြာ အတူနေထိုင်ခဲ့ကြပါတယ်။ တနေ့တော့ သူ့ကို ဘာမှမပြောပဲ ဘိန်းမုန့်နို့ဆမ်း လုပ်ကျွေးလိုက်ပါတယ်။ အမှတ်တရပါပဲ။ လုပ်တယ်ဆိုပေမဲ့ နို့နဲ့နို့ဆီ ဆမ်းရုံပါပဲ။ သူလဲ တပြုံးပြုံးနဲ့ အားရပါးရ စား တတ်ပါတယ်။ ဒါပေမဲ့ ခဏ ခဏ လုပ်ကျွေးဖို့တော့ မတိုက်တွန်းခဲ့ပါဘူး။ တခုထူးတာက သကြားဖြစ်ဖြစ် နို့ဆီဖြစ်ဖြစ် ထပ်လောင်းတတ် တာပါပဲ။ ပိုချိုတာကို တောင်းဆိုလာတာ တွေ့ရပါတယ်။ ကော်ဖီဆိုင်ကိုလဲ စွဲစွဲမြဲမြဲ သွားတတ်နေပြီး သကြားတွေကို မြင်မကောင်းအောင် ထပ်ထည့်တတ်ပါတယ်။
ဒီမှာက သကြားခွက်ချတတ်တာဆိုတော့ သူများကို တောင်းဆိုနေစရာမလိုပဲကိုး။ နယူးယောက်ကိုရောက်ရင် ကုလားတန်းက အာလာဒင် လက်ဖက်ရည်ဆိုင်ကို နေ့တိုင်းသွားပါတယ်။ လိုက်မပို့ရင် နီးစပ်ရာ နီးရာဆိုင်ကို သွားပါတယ်။ နယူးယောက်က ဗမာမိတ်ဆွေတွေ အားလုံး ဟာ သူသကြားထည့်ပုံကို အားလုံး အံ့သြကြရပါတယ်။ နို့ဆီခွက်အရွယ်နဲ့ ဗူးထဲကသကြားတွေ တ၀က်လောက်မှောက်ထဲ့တာပါ။ ကော်ဖီမဟုတ်တော့ပဲ သကြားဖျော်ရည်တွေ ဖြစ်နေပါပြီ။
နယူးယောက်ကို ၂၀၀၅ လောက်မှာလာတုန်းက ကိုစိုးနိုင် မချောစု (ဦးချမ်းအေးသမီး) အိမ်မှာတည်းကြပါတယ်။ သူ့ဇနီးက ဆီးချိုနဲ့ ကွယ် လွန်တာမို့ သကြားမစားဖို့ပဲ သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီတပတ်မှာ ဆေးလိပ်ဖြတ်ဖို့ ဆရာဝန်သတိပေးတယ်လို့ သူ့သမီးတွေက တဆင့် သိရပါတယ်။ ကျနော်နဲ့ သူနဲ့ တကျက်ကျက်ရန်ဖြစ်ကြတော့ သူ့သမီးလတ်က “ဦးရယ် လက်လျှော့လိုက်ပါ။ ဆရာဝန်က ဒီလိုသာ ဆေးလိပ်မဖြတ်ရင် သူဘ၀ဆုံးတာ မြန်မယ်။ ဖြတ်လိုက်လဲ သိပ်ကြာမှာ မဟုတ်တော့ဘူးလို့ ပြောပါတယ်” တဲ့ သူ့ သမီးတွေ ရှေ့မှာ ငြိမ်နေ ပေမဲ့  သူ့သမီးတွေကွယ်ရာမှာ ကျနော်တို့ အပြင်းအထန် စကားများကြရပါတယ်။ ကျနော်တို့နဲ့အတူလာအိပ်တဲ့ မောင်ဇော်ဝင်းခမျာ ကြား က ဒုက္ခများရရှာပါတယ်။
ဆေးလိပ်မသောက်ဖို့ ကျနော်က သဲကြီးမဲကြီးပြောနေချိန်မှာ သကြားစားတာလဲ အလွန်ပါပဲ။ မိတ်ဆွေတွေက သူ့ကို ရန်ကုန်သားတွေ ပြောကြတဲ့အတိုင်း “ဆရာကတော့ ကျောက်ပန်းတောင်း ရောက်နေပြီ” တဲ့။ ကျနော်ကတော့ သူ့ကို “ကျောက်ပန်းတောင်း ဂိတ်ဆုံးနေပြီ” လို့ ပြောပါတယ်။ အဲ့ဒီ ဘင်လာဒင်လက်ဖက် ရည်ဆိုင်မှာ နေ့တိုင်း ထိုင်ကြရင်း မိတ်ဆွေတွေ ကြားမှာ တင်မိုး အချိုစားလွန်းပုံနဲ့ ပတ်သက်ပြီး “ကျောက်ပန်းတောင်း ဂိတ်ဆုံး ပက်လက်လန်” ဆိုတဲ့ စကားကို သုံးနေကြတာ တွေ့လာရပါတယ်။ ဒီစကားလုံး ဘယ်လိုရောက်လာမှန်း မသိတော့ပါဘူး။ အဲ့ဒီဆိုင်ကို ၀င်ရင် “ကျောက်ပန်းတောင်း ဂိတ်ဆုံး ပက်လက်လန်” ဆိုတာကိုပြောတော့ တာပါပဲ။ သူများတွေ မှာပေးတဲ့ ကော်ဖီချိုချိုကို သူ့ဘာသာ သကြားတွေ ခွက်မှောက်ထဲ့ပြီး သောက်တော့တာပါ။ စာဖတ်သူများမယုံရင် နယူးယောက်က ကိုဇော်ဝင်းတို့ ကိုဖိုးချစ်တို့ကိုသာ မေးကြည့်ကြပါတော့။ တခါတော့ တင်မိုးရယ် မောင်သာရရယ် ကျနော်ရယ် သုံးယောက်သား ကုလားဆိုင်တဆိုင်မှာ ထမင်းစားကြ တယ်။ ထမင်းစားပြီးရင်စားဖို့ ကြက်ဥလောက် မလိုင်လုံးကြီးသုံးလုံးကို သုံးယောက်တွက် မှာထားပါတယ်။ အဲ့ဒီသုံးလုံးကို ကိုယ့်ဆရာက တယောက်တည်း စားပစ်လိုက်ပါတယ်။ ထပ်မှာပေးရင် ထပ်စားမှာတဲ့ မနည်းတားရပါတယ်။
တခါတော့ ဆန်ဖရန်စစ္စကို တက္ကသိုလ်ထဲကို မောင်ရစ် (မိုးမခ စာစောင်) ခေါ်လို့ လိုက်သွားတယ်။ မောင်ရစ် သူ့ရုံးခန်းသွားတုန်း သူ့ဇနီးနဲ့ ကျနော်တို့သုံးယောက်ကို လက်ဖက်ရည်ဆိုင်မှာ စောင့်နေကြဖို့ထားခဲ့ပါတယ်။ ကျနော်တို့သုံးယောက်ဆိုတာက သူရယ် စိုက်ပျိုးရေး တက္က သိုလ်က ပါမောက္ခကြီး ဒေါက်တာဆလိုင်းထွန်းသန်းရယ် ကျနော်ရယ် ဖြစ်ပါတယ်။ “ကျောက်ပန်းတောင်း ဂိတ်ဆုံး ပက်လက်လန်” အဆင့် ရောက်လို့ ချိုရဲနေတဲ့ သူ့ရဲ့ကော်ဖီခွက်ထဲကို သကြား သုံးလေးထုတ်ဖေါက်ထည့်နေလို့ ကျနော်က သူ့လက်ကို ဆွဲထားလိုက်ရပါတယ်။ ပိုပြီး အံ့သြစရာကောင်းတာက ဆရာကြီးဆလိုင်းထွန်းသန်းက သကြားထုတ် ခြောက်ထုတ်တိတိဆွဲယူပြီး သူ့ခွက်မှာ သူ ထပ်ထည့်နေလေရဲ့ “စုထက်စူ လူစွမ်းကောင်း” ဆိုသလို လာတွေ့နေရပါတယ်။
ဒီဆရာကြီးက ၈၀ ကျော် ၉၀ နားရောက်နေပါပြီ။ သူက အမြဲတမ်း ကိုယ်လက်လှုပ်ရှားတာရယ် ဆေးလိတ်မသောက်တာရယ်ကြောင့် အ သက်ပိုရှည်နေတာ ဖြစ်ဟန်ရှိပါတယ်။ တင်မိုးက ကိုယ်လက်လှုပ်ရှားမှုမရှိ ဆေးလိတ်လက်ကြားမချ။ သကြားကတော့ “ကျောက်ပန်းတောင်း ဂိတ်ဆုံး ပက်လက်လန်” ဒီကြားထဲက အသက် ရ၀ ကျော်နေသွားရတယ်ဆိုတာ မူလ ကိုယ်ခံ ကျမ်းမာရေးအလွန်ကောင်လို့ပါပဲ။ သူနဲ့ ပေါင်းသင်းတဲ့ကာလအတွင်းမှာ ရန်ကုန်တက္ကသိုလ်ကို ပညာရေးနှီးနှောဖလှယ်ပွဲသွားတက်ကြတဲ့ကာလတုန်းက သူတုတ်ကွေးဖြစ်တာ တခုပဲ ကြုံရဖူးပါတယ်။ အဲ့ဒါ ၁၉၅၈ မှာပါ။ ခေါင်းကိုက်တာ ကိုယ်ပူဖျားနာတာ လုံးဝမဖြစ်ခဲ့ဖူးပါဘူး။
ကဲ တင်မိုး အချိုကြိုက်ပုံဇာတ်လမ်းစုံကတော့ ဒီမျှပါပဲ။ အချိုပြီးရင် အငန်ကိုလဲ အလွန်အကျွံစားလေ့ရှိပါတယ်။ ဒါပေမဲ့ ကြိုပြောပါရစေ ဘေးလူတွေက သူ အချိုတွေ အငန်တွေစားပုံကို ကြည့်ပြီး ကြက်သီးမွှေးညှင်းထခဲ့ကြရပေမဲ့ သူ အသက်ရှည်သင့်သလောက် မရှည်ခဲ့ရ တာဟာ အချိုနဲ့ အငန်ကြောင့် မဟုတ်ပါ။ ဆေးလိတ်ကြောင့်ပါ။ အငန်ကြိုက်ပုံကိုတော့ နည်းနည်း ပြောလိုက်ချင်ပါသေးတယ်။ ရန်ကုန်သား တွေက ငပိရည်မပါပဲ ထမင်းစားလေ့ မရှိပါဘူး။ ရန်ကုန်ထမင်းဆိုင်တွေနဲ့ သူနဲ့သိပ်လိုက်ပါတယ်။ အညာ ငပိကောင်ချက်နဲ့ အညာ ခရမ်းချဉ်သီး ငပိချက်လဲ အလွန်ကြိုက်ပါတယ်။ ရန်ကုန်မှာ ကျနော်တို့အိမ်လာလို့ ထမင်းစားနေတာနဲ့ကြုံရင် ခရမ်းချဉ်သီး ငပိချက် ကြုံတိုင်းဝင်စားလေ့ ရှိပါတယ်။ သူမကွယ်လွန်မှီ တလလောက်ကပဲ ကျနော်က သူ့ဆီ (လော့စ်အိန်ဂျဲလိစ်) ကိုရောက်ပါသေးတယ်။
ရန်ကုန်သမီးကြီးဆီကပို့တဲ့  မျှင်ငပိကြော်ကို ထမင်းပွဲတိုင်း မျှထဲ့စားပါတယ်။ ငပိရည်ရော ငပိကြော်ရောစားနေဆဲမှာ ထမင်းပန်းကန် နှုတ် ခမ်းပေါ်မှာ ဆားပုံစားပါသေးတယ်။ (သူ့သမီးအငယ် ချိုသင်းကလဲ သူ့အဖေအတိုင်း ဆားပုံစားပါတယ်။ မနေနိုင်လို့ တားပြန်တော့ “နင်ပဲ ဆေးရုံ ခဏခဏတက်ရတာ” လို့ ပြန်ပက်ပါတယ်။ မှန်ပါတယ်။ သူ ဆေးရုံမတက်ဖူးခဲ့ပါ။ ကွယ်လွန်ခါနီးမှ တခါပဲတက်လိုက်ရပါတယ်။ ဆေးရုံကို အလွန်ကြောက်ပါတယ်။ (ဆေးရုံကြောက်ပုံကို နောင်မှရေးပါဦးမယ်) သူများဆေးရုံတက်ရင် ဆေးရုံကိုရောက်ခဲပါတယ်။ သူဆေးရုံတက်တော့ ဆန်ဖရန်စစ္စကိုဆေးရုံမှာ ကျနော်နဲ့ သူ့သမီးနဲ့ သွားတွေ့ပါတယ်။ ဆေးရုံနဲ့ထောင် ဘယ်ဟာရွေးမလဲလို့မေးတော့ ချက်ခြင်းပြန်ဖြေတယ် “ထောင်” တဲ့ (ထောင်က ဆေးလိပ်သောက်ခွင့်ရှိလို့ဆိုတာ မေးစရာ မလိုပါ)။
သူငယ်ချင်း
မောင်စွမ်းရည်
၂၀၁၃ ဖေဖေါ်ဝါရီ ၂။
သရုပ်ဖော်ပန်းချီအား ဤနေရာမှ ကူးယူဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်