“ရာဇဝင်ကို ရိုင်းစေသူများ” – Dhamma Beri Sayadaw

February 28, 2013

 “ရာဇဝင်ကို ရိုင်းစေသူများ”

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

            ၁၉၉၃-ခုနှစ်လောက်ဆီကပေါ့။ အဲဒီတုန်းက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်ကြီး သုံးခုရဲ့ (ယခု)ပဓာန နာယက ဖြစ်တဲ့ ဆရာတော်ဘုရားကြီးကလည်း လောကတ္ထစရိယာပြစ်မှုနဲ့ နန်းတွင်းဆူညံတောရမှာ နိုင်ငံတော်ရဲ့ သီးခြား အပူဇော်ခံ အဖြစ် တစ်နှစ်ခွဲ ကျော် ချီးမြှောက်ပြီး ပြန်ြွကလာခါစသာသာပါ။ မန္တလေးစာသင်တိုက်ကြီးများရဲ့အကျော်အမော် ဆရာတော်ကြီးများ တစ်နေရာမှာ ဆုံကြတဲ့ မထေရ်မြတ်တို့ စကားဝိုင်းတစ်ခုကို ကြားနာမှတ်သားလိုက်ရပါတယ်။ ဒီစကား ဝိုင်းမှာ မန္တလေးမြို့၊ ဘုရားကြီးတိုက်က အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော် သံဃမဟာနာယက နယားဆရာတော်ဘုရားကြီး လည်း ပါပါတယ်။

            နယားဆရာတော်ကြီးရဲ့တူ အရှင်မြတ်တစ်ပါးကလည်း လောကတ္ထစရိယာမှုနဲ့ပဲ ဝတ်ဖြူစင်ကြယ်လဲပြီး ရဲဘက်လို့ အမည်ပေးထားတဲ့ သွေးရဲရဲ၊ ချွေးရဲရဲ စခန်းအပို့ခံထားရတဲ့အချိန် ဖြစ်နေလို့ စကားဝိုင်းမှာပါတဲ့ မထေရ်ကြီးတစ်ပါးက နယား ဆရာတော်ဘုရားကြီးကို “ဆရာတော့်တူ အကြောင်းရော ဘယ်လိုများ ကြားတုန်း၊ လွတ်မြောက်ရာ လွတ်မြောက် ကြောင်းလေး ဘာလေးများ ဆရာတော် အနေနဲ့ မစောင့်ရှောက်နိုင်ဘူးလား”ဆိုတဲ့ အကြောင်း မေးလျှောက်ပါတယ်။

            နယားဆရာတော်ဘုရားကြီးက “မေးမနေနဲ့ဆရာတော် .. ဒီကောင်က လူမိုက်ပဲဟာ မိုက်လို့ အဖမ်းခံရပြီး ထောင်ကျတာ၊ ဘာလုပ်ပေးစရာလိုမလဲ”လို့ ပြန်ကြားပါတယ်။ အဲဒီစကားဝိုင်းမှာ ငြိမ်ပြီး နားထောင်နေတဲ့ မစိုးရိမ် တိုက်သစ်ဆရာတော်က “ဆရာတော် ထောင်ချသူနဲ့ ထောင်ကျသူမှာ ထောင်ကျသူက လူမိုက်၊ ထောင်ချသူကတော့ လူ လိမ္မာလို့ ဆိုရမှာလား”ဆိုတော့ “ထောင်ကျပါတယ်ဆို မှတော့ လူမိုက်ပေါ့”တဲ့။

            “ဒါဖြင့်ရင် အဇာတသတ်နဲ့ ဗိမ္ဗိသာရမင်းကြီးတို့နှစ်ဦးမှာ အဇာတသတ်က လူလိမ္မာ၊ ဗိမ္ဗိသာရမင်းကြီးက လူမိုက်ကြီးလို့ ဆိုရမလား ဆရာတော်”လို့ ထပ်ပြီးလျှောက်ထားလိုက်တော့ နယားဆရာတော်ကြီးက မစိုးရိမ် ဆရာတော်လည်း မကြာခင်လေးကမှ အဲဒီနေရာက ထွက်လာခဲ့တာကို သတိရပြီး “ဘွာ .. ဘွာ .. တပည့်တော်ပြောတဲ့ ထောင်ကျသူဆိုတဲ့အထဲမှာ မစိုးရိမ်ဆရာတော် မပါဘူး”တဲ့။ “ဗိမ္ဗိသာရမင်းကြီးရော ဆရာတော်”ဆိုတော့ “အဲ .. ကိုယ့်တူကို ဒေါသဖြစ်လို့ ပြောလိုက်မိတာပါ၊ ဒီလိုလည်း မဟုတ် ပါဘူး”ဆိုပြီး စကားကို လျှောချသွားပါတယ်။

            ဆရာတော်ကြီးများ အချီအချပြောနေတဲ့ အကြောင်းအရာကို နားထောင်ရင်း လောကသဘာဝတွေဟာ ဓမ္မ သဘာဝအရ အလေးအနက်ဆင်ခြင်ကြည့်တဲ့အခါ အမှတ်တမဲ့ သိထားတာတွေနဲ့ တကယ့်အမှန်တရားတို့ ပြောင်းပြန်ဖြစ်နေ တတ်တာကို သတိထား မိလိုက်တယ်။

            အထင်ရှားဆုံးအဖြစ်နဲ့ သတိထားလိုက်မိတာကတော့ “အရအကုန်နဲ့ အရှုံးအမြတ်”ဆိုတဲ့ ကိစ္စပါပဲ။ လောကထဲမှာတော့ “ရရင်မြတ်တယ်၊ ကုန်ရင် ရှုံးတယ်”လို့ပဲ ခပ်ပေါ့ပေါ့ မှတ်ထင်ခံယူကြတာများပါတယ်။ ဒါကြောင့်လည်း နံနက်လင်း အိပ်ရာကနိုးတာနဲ့ တပြိုင်နက် “ရအောင်ရှာဖို့”ဆိုတဲ့ အတွေးက ပထမဆုံး စိုးမိုးထားကြတော့တာပေါ့။

            အခု ဆရာတော်ကြီးများပြောတဲ့ အဇာတသတ်နဲ့ဗိမ္ဗိသာရမင်းကြီးတို့ရဲ့ ဖြစ်ရပ်စုံကို အသေအချာစဉ်းစားပြီး တွေးကြည့် လိုက်တော့ အဇာတသတ်မင်းဟာ အင်္ဂတိုင်း၊ မဂဓတိုင်းဆိုတဲ့ တိုင်းကြီးနှစ်တိုင်းကို အာဏာပိုင်တဲ့ ရာဇဂြိုဟ်ရဲ့ ထီးနန်း စည်းစိမ်ကို ရထားသူ။ ဗိမ္ဗိသာရမင်းကြီးကတော့ ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ရသူပေါ့။ ဒါပေမယ့် အဇာတသတ်ဟာ ဒီထီးနန်းစည်းစိမ်ကို တရားသဖြင့် ရယူခဲ့သူ မဟုတ်ပါဘူး။ အလွန်ကို မဖွယ်မရာဖြစ်တဲ့ အဖသတ် ကံကြီးကို ကျူးလွန်ပြီး ရယူပိုင်ဆိုင်ထားတာပါ။

            ဒါကြောင့်လည်း အရကြီးသလောက် အရှုံးကလည်း ကြီးလှပါတယ်။ ထီးနန်းစည်းစိမ်ကို ရယူပိုင်ဆိုင် ထားစဉ်မှာ ကိုပဲ ညဥ့်အချိန်ရောက်လို့ အိပ်စက်မယ်ဆိုပြီး မျက်လုံးနှစ်ခု မှိတ်လိုက်တာနဲ့ တပြိုင်နက် ဓားလှံတွေ အရာမကနဲ့ ထိုးကြ၊ ခုတ်ကြတော့ မလို ငရဲနိမိတ်တွေ ထင်မြင်ပြီး တဖျပ်ဖျပ်တုန်လှုပ် လန့်နိုးနေရလို့  အိပ်ကောင်းခြင်းနဲ့ မအိပ်စက်နိုင်ပါဘူးတဲ့။ အများအမြင်မှာ နန်းတော်ပေါ်က ရှင်ဘုရင်၊ သူ့ရင်ထဲမှာတော့ တကယ့်ငရဲသားပါ။ (ဒီဒုက္ခကြီးကတော့ နောင်အခါ ဘုရား ရှင်နဲ့တွေ့ခွင့်ရလို့ သာမည ဖလသုတ်ဆိုတဲ့ ဒေသနာတော်ကြီးကို နာယူပြီးတဲ့အခါမှာ ကင်းလွတ်ခွင့် ရသွားခဲ့ပါတယ်။)

            နောက်ထပ် ရှုံးချက်နာတာကတော့ သူခင်းခဲ့တဲ့ “အဖသတ်နန်းယူ”ဆိုတဲ့ နမူနာဆိုးကြီးက သားစဉ်မြေးဆက် ငါးဆက်အထိ လိုက်လာလို့ ရာဇဂြိုဟ်ရဲ့ အစဉ်အလာကြီးမားသလောက် ခေတ်ပြိုင်ဝန်းကျင်က လေးစားရတဲ့ ရာဇဝင်ဟာ မျက်နှာမဖော်ဝံ့လောက် အောင် ရိုင်းသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ရာဇဝင်ရိုင်းတဲ့ဒဏ်ကို မခံမရပ်နိုင်ကြတော့တဲ့ တိုင်းသူ ပြည်သားတွေက ငါးယောက် မြောက် အဖသတ်ဘုရင် “နာဂဒါသ”ကို ဝိုင်းဝန်းလုပ်ကြံ အဆက်ဖြတ်လိုက်ကြလို့ ဒီမျိုးနွယ် ပြတ်သွားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အဇာတသတ်ဟာ ရာဇဝင်ကို ရိုင်းစေတဲ့ ရှင်ဘုရင်အဖြစ်လည်း မှတ်တမ်း ဝင်သွားပါတယ်။ (ဒီမှတ်တမ်းဆိုးကြီးက ဘယ်လိုမှ ပယ်ဖျက်လို့ မရပါဘူး။ ခုထိ ပိဋကတ်တော်ထဲမှာ ထင်ရှားရှိနေဆဲပါ။)

            နောက်ဆုံး မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး သာမညဖလသုတ် ဒေသနာတော်ကို ဟောပြီးတဲ့အခါ ဘုရားရှင်မိန့်ကြားလို့ သိလိုက် ရတာက တကယ့် ရှုံးချက်နာတာပါ။ “တကယ်လို့သာ အဇာတသတ်ဟာ အဖသတ်ကံဆိုတဲ့ ပဉ္စာနန္တရိယကံကြီးကို မကျူးလွန်ခဲ့ရင် ဒေသနာတော်ရဲ့အဆုံးမှာ သောတာပန်အရိယာ ဖြစ်ကိုဖြစ်ရမှာ။ ခုတော့ သူ့ရဲ့ သောတာပန်ဖြစ်နိုင်စွမ်း ပါရမီအရင်းအမြစ်ကို အဖသတ်ကံကြီးနဲ့ တူးဖြိုပြီး ထီးနန်းစည်းစိမ်နဲ့ လဲစားခဲ့မိလို့ အရိယာဖြစ်ခွင့် ရှုံးသွားပြီတဲ့။ (ဒီအရှုံးဟာလည်း ခုထိအဖတ်ဆယ်လို့ မရသေးပါဘူး။)

            ဒါတင်မကသေးဘူး ပဉ္စာနန္တရိယကံကြီးဆိုတာ မဂ်တား၊ ဖိုလ်တားဖြစ်ရုံသာမက အပါယ်မျိုးစေ့ စစ်စစ်ကြီးလည်း ဖြစ်တာကြောင့် ဘယ်လိုကုသိုလ်မျိုးနဲ့မှ ပြေပျောက်အောင် အစားထိုးလို့လည်း မရပါဘူး။ ဒါကြောင့် အဇာတသတ် မင်းကြီးဟာ ဘုရားရှင်နဲ့တွေ့ပြီး သာသနာတော်မှာ အရေးအပါဆုံးဖြစ်တဲ့ သာမညဖလသုတ်ဒေသနာတော်ကြီးကို နာကြား ခွင့်ရလို့ သာသနာ တော်မှာ အရေးအပါဆုံး ပထမသင်္ဂါယနာတင်ပွဲရဲ့ သာသနာ့ဒါယကာကြီးဖြစ်တဲ့အထိ ကုသိုလ်တွေ ပွားခဲ့ပေမယ့် အဝီစိအထိ လားရောက် ရမယ့်အရေးလောက်ကိုပဲ ဟန့်တားနိုင်ခဲ့ပါတယ်။ သေသည်ရဲ့အခြားမဲ့မှာတော့ “လောဟကုမ္ဘီ”ဆိုတဲ့ ငရဲမှာ ကျရောက်ရ ပါတယ်။ အနှစ်ခြောက်သောင်းကြာမယ်ဆိုတော့ အခုအထိလည်း အဲဒီမှာ အရှုံး ဒဏ်ကို ခံနေရဆဲပါ။

အရအကုန်နဲ့အရှုံးအမြတ်

            ဒါတွေအားလုံးကို ခြုံကြည့်လိုက်တဲ့အခါ “လုပ်ရပ်၊ ဖြစ်ရပ်တွေရဲ့ စာရင်းချုပ် အမြတ်အရှုံးဆိုတာ ရခြင်း၊ ကုန်ခြင်း တို့နဲ့ တိုင်းတာလို့ မမှန်နိုင်ဘူး။ တရားခြင်း၊ မတရားခြင်းနဲ့ တိုင်းတာမှသာ မှန်ကန်နိုင်တယ်”ဆိုတဲ့ အဖြေမှန် ထွက်ပေါ်လာ ပါတယ်။

            ဟုတ်ပါတယ်။ ရခြင်းမှာလည်း တရားသဖြင့်ရရင် မြတ်တယ်၊ မတရားသဖြင့်ရရင် ရှုံးပါတယ်။ ကုန်ခြင်းမှာလည်း အလားတူ ပါပဲ၊ တရားသဖြင့် ကုန်ရင် မြတ်ပါတယ်၊ မတရားသဖြင့်ကုန်ရင်တော့ ရှုံးပါတယ်။

            ရခြင်းရဲ့အမြတ်အရှုံးနှစ်မျိုးမှာ “တရားသဖြင့် ရရင်မြတ်တယ်”ဆိုတာကတော့ ဘုရားရှင် “သုခသုတ်”မှာ ဟော တော်မူသလို ပါပဲ။ “ပိုင်ဆိုင်ခြင်း၊ သုံးဆောင်ခံစားရခြင်း၊ြွေကးမြီးကင်းခြင်း၊ မတရားမှု ကင်းခြင်း”ဆိုတဲ့ ချမ်းသာ လေးမျိုးကို ရရှိနိုင်တဲ့အတွက် မြတ်ပါတယ်။

            “မတရားသဖြင့်ရရင် ရှုံးတယ်”ဆိုတာကတော့ အဇာတသတ်တို့လို ရာဇဝင်ရိုင်းစေတဲ့ ရခြင်းမျိုး၊ ခိုးယူ၊ ယုယက်၊ နိုင်ထက် စီးနင်း သိမ်းပိုက်ယူတဲ့ ရခြင်းမျိုးဟာ ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံးမှာ ရှုံးပါတယ်။ ဒီအရှုံးကတော့ သတိထား အသိပွား သူများသာ သဘောပေါက်နိုင်တဲ့ အရှုံးမျိုးပါ။

            လောကဓမ္မ ကောင်းကျိုးတွေ၊ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေကြသူတွေအနေနဲ့ ကိုယ်တိုင် လုပ်ဆောင် နေကြပါ လျက်နဲ့ ကောက်ချက်မှန် မချနိုင်တာကတော့ “ကုန်ခြင်းရဲ့ အမြတ်နဲ့အရှုံး”ပါ။

            မြတ်ဗုဒ္ဓရဲ့ ဒေသာနတော်များမှာ ကုန်ခြင်းနဲ့ပတ်သက်လို့ –

            (၁) စွန့်ကြဲပေးကမ်း လှူဒါန်းလို့ ကုန်ခြင်း (စာဂက္ခယ)။

            (၂) စားသောက်သုံးစွဲလို့ ကုန်ခြင်း (ပရိဘောဂက္ခယ)။

            (၃) ဖြုန်းတီးခြင်း (သို့) ရေ၊ မီး၊ မင်း၊ ခိုးသူ၊ သားဆိုးသမီးဆိုးဆိုတဲ့ ရန်သူမျိုးငါးပါး ဖျက်ဆီးလို့ ပြုန်းတီးပြီး ကုန်ခြင်း (ဗျသနက္ခယ) ဆိုပြီး (၃)မျိုးရှိတယ်။ ဒီ (၃)မျိုးထဲမှာ နံပါတ်(၁)ကုန်ခြင်းမျိုးဟာ မြတ်သော ကုန်ခြင်းဖြစ်တယ်လို့ ဟော တော်မူပါတယ်။

            ဒါကြောင့် ကုန်ခြင်းမှာလည်း နံပါတ်(၁)ဖြစ်တဲ့ စွန့်ကြဲပေးကမ်းလို့ ကုန်ခြင်းဟာ မြတ်တယ်။ နံပါတ်(၃)ဖြစ်တဲ့ ဖြုန်းတီး၊ ပြုန်းတီးပြီးကုန်ခြင်းကတော့ ရှုံးတယ်။ နံပါတ်(၂)ဖြစ်တဲ့ သုံးဆောင်ခံစားလို့ ကုန်ခြင်းကတော့ “အရှုံးအမြတ်မရှိတဲ့ အရင်း”လို့ သဘောပေါက်ကြရမှာပါ။

           

အရှုံး အမြတ်နဲ့ အကြီးအသေး

            အရှုံးနဲ့အမြတ်ကို သိပြီးတဲ့အခါ အကြီးနဲ့အသေးကိုလည်း ထပ်ပြီး ခွဲခြမ်းကြည့်နိုင်ပါသေးတယ်။ အရှုံး(၂)မျိုးမှာ ဘယ်အရှုံးက အရှုံးကြီးလဲ၊ ဘယ်အရှုံးက အရှုံးသေးလဲ။ အမြတ်နှစ်မျိုးမှာလည်း အဲဒီလိုပဲပေါ့။

            ဖြေးဖြေးစဉ်းစားကြည့်ပါ။ မတရားကုန်ရတဲ့ ဖြုန်းတီးမှု၊ ပြုန်းတီးမှုကြောင့် ရှုံးရတယ်ဆိုတာဟာ အလွန်ဆုံး အခုတစ်ဘဝ တစ်သက်တာအတွက်သာ ရှုံးရတာပါ။ ဒီအရှုံးအတွက် သံသရာနဲ့ချီပြီး ဘဝအဆက်ဆက် ပေးဆပ်စရာ မလို ပါဘူး။ မတရားရယူပြီး ရှုံးရတဲ့ အဇာတသတ်ရဲ့အရှုံးမျိုးကတော့ တစ်ဘဝတစ်သက်တာအတွက် မကပါဘူး။ သံသရာနဲ့ချီပြီး ပေးဆပ်ရမှာပါ။ လောကုမ္ဘီငရဲမှာ ကျခံရမှာက အနှစ်ခြောက်သောင်းသာလို့ ဆိုပေမယ့် အဲဒီကလွတ်မြောက်ပြီးတဲ့ အခါမှာ လည်း သူကိုယ်တိုင် “ဝိဇိတာဝီ”ဆိုတဲ့ ပစ္စေကဗုဒ္ဓ ဖြစ်ဖို့အတွက် အနည်းဆုံး (၂)အသင်္ချေနဲ့ကမ္ဘာတစ်သိန်းလောက် ပါရမီတွေဖြည့်ရဦးမှာမို့ ပါရမီဖြည့်သူတို့ ထုံးစံအတိုင်း ခံရမယ့် ဒုက္ခတွေ၊ သေရမယ့် ဘဝတွေဟာ ခန့်မှန်းလို့ မရနိုင် လောက်အောင် အသင်္ချေပေါင်းများစွာပါ။

            ဒါကြောင့် အရှုံးခြင်း ယှဉ်ကြည့်ရင် ကုန်ပြီး ရှုံးရတာထက် ရပြီးရှုံးရတဲ့ အရှုံးက အတိုင်းမသိ ကြီးမားပါတယ်။

            အမြတ်နှစ်မျိုးကိုလည်း စဉ်းစားပြီး တွက်ကြည့်ပါ။ မိမိရဲ့ ကံဥာဏ်လုံ့လတွေနဲ့ တရားသဖြင့်ရရှိတဲ့ ရာထူးဂုဏ်သိန်၊ စည်းစိမ် ဥစ္စာတွေဆိုတာ “သမုဒ္ဒရာထက်၊ တစ်ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်}}ဆိုတဲ့အတိုင်း တစ်ဘဝ တစ်သက်တာ အတွက်ပဲ မြတ်တာပါ။

            ပစ္စည်းဥစ္စာ၊ အင်္ဂါခြေလက်၊ ကိုယ်အသက်တို့ကို စွန့်လွှတ် အနစ်နာခံပြီး လောကတ္ထစရိယကို ကျင့်ကြသူတို့ရဲ့ ကုန်ပြီး မြတ်တဲ့ အမြတ်ကတော့ ဖြစ်ဆဲတစ်ဘဝကစပြီး သံသရာခရီးဆုံးရာ နိဗ္ဗာန်အထိ အတိုင်းအဆမရှိ မြတ်ကြပါတယ်။ အာဇာနည်တို့ရဲ့ အမြတ်ဆုံးခရီးဆိုတာ ကုန်ပြီး မြတ်တဲ့ အမြတ်ခရီးပဲ မဟုတ်ပါလား။

            ဒါကြောင့် အရှုံးချင်း ယှဉ်ရင် ရပြီး ရှုံးတဲ့ အရှုံးက အရှုံးကြီးတယ်။ အမြတ်ချင်း ယှဉ်ရင်တော့ ကုန်ပြီး မြတ်တဲ့ အမြတ်က အမြတ်ကြီးတယ်လို့ သဘောပေါက်ကြရမှာပါ။

            “မနုဿတ္တ ဒုလ္လဘ”ဆိုတဲ့ သုဂတိ လူ့ဘုံ၊ လူ့ဘဝရတုန်း ရခိုက်ဆိုတဲ့ ခဏကောင်း အခိုက်အတန့်ကောင်းလေးမှာ ဒီအရ အကုန်နဲ့အရှုံးအမြတ် အကြီးအသေးတို့ကို သတိရှိရှိ၊ အသိရှိရှိ တွက်မိကြဖို့ အလွန်အရေးကြီးပါတယ်။

            မတရားရတဲ့ အရှုံးဟာ အရှုံးတကာထဲမှာ အကြီးဆုံးဆိုတာကို သဘောပေါက်ကြမယ်ဆိုရင် “ဘယ်သူသေသေ၊ ငတေမာ ပြီးရော”တို့၊ “ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါဖို့ပဲ အရေးကြီးတယ်”တို့ဆိုတဲ့ မတရားရယူမှုမျိုးတွေနဲ့ ကိုယ့်တွက်ကိုယ့်တာ ဘဝနာရုံသာမကဘဲ ကိုယ်ဖြစ်တည်ကျင်လည်ရာ နိုင်ငံနဲ့အဝန်း ရှင်ရောလူပါ၊ သတ္တဝါအားလုံး နှလုံးစိတ်ဝမ်း မချမ်းမသာဖြစ်စေတဲ့ ရာဇဝင်ရိုင်းမှုမျိုးတွေကို ဘယ်သူမှ ကျူးလွန်ဝံ့ကြမှာ မဟုတ်တဲ့အတွက် လောကကြီး အေးချမ်းသာယာသွားမှာ မလွဲပါဘူး။

            အလားတူပဲ တရားသဖြင့် စွန့်လွှတ် အနစ်နာခံပြီး ရရှိတဲ့ အမြတ်ဟာ အမြတ်တကာထဲမှာ အသာဆုံး အလွန်ဆုံးဖြစ်တဲ့ အာဇာနည်တို့လုပ်ထုံး နည်းလမ်းကြီးဖြစ်တယ်ဆိုတာကို သဘောပေါက်ကြမယ်ဆိုရင်လည်း ရရှိပိုင်ဆိုင် သမျှ ဘဝနဲ့စည်းစိမ်တို့ကို “အိပ်၊ စား၊ ကာမ”ဆိုတဲ့ တိရစ္ဆာန်လို အဖြစ်မျိုးနဲ့ အချည်းနှီး ကုန်လွန်မသွားစေကြဘဲ လောက ကျိုး သာသနာကျိုးအတွက် မဖြစ်မနေ စွန့်လွှတ်ဆောင်ရွက်ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ တိုးပွားသည် ထက်တိုးပွား လာမှာဖြစ်လို့ လောကကြီး ပိုမိုတိုးတက်သာယာလာမှာ အမှန်ပါ။

            မြတ်ဗုဒ္ဓကတော့ “ကံနဲ့ကံရဲ့အကျိုးကို ငါဘုရားရှင် သိသလိုသာ သိရှိလက်ခံကြမယ်ဆိုရင် လောကမှာ မကောင်း မှုကို ပြုဝံ့သူဆိုတာလည်း မရှိနိုင်တော့သလို ကောင်းမှုကို မပြုဘဲ နေဝံ့သူလည်း မရှိနိုင်ဘူး”လို့ မိန့်ကြားတော်မူပါ တယ်။


ရာဇဝင်ရိုင်းမှုများ ဆိတ်သုဉ်း ကိုယ်ကျိုးစွန့်သူ အာဇာနည်များ ဆထက်ထမ်းပိုး တိုးတက်ပြီး

နိုင်ငံနဲ့အဝန်း တိုးတက်သာယာ ဝပြောပါစေ။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

(သရုပ်ဖော် – ပန်းချီဦးဘကြည်၊ ဗုဒ္ဓ၀င်ရုပ်စုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း), အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်