တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၂)

March 2, 2013

သန်းဝင်းလှိုင်
မတ်လ ၂၊ ၂၀၁၃
● ဖက်ဒရယ်မူဆွေးနွေးပွဲ ဒုတိယနေ့
ဖက်ဒရယ်မူဆွေးနွေးပွဲကို ဒုတိယနေ့အဖြစ် ၁၉၆၂ မတ်လ ၁ ရက်နေ့ ည ၆ နာရီတွင် ပြန်လည်ကျင်းပခဲ့သည်။ ဒုတိယနေ့ ဆွေးနွေးပွဲ၌ သဘာပတိ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ပြောကြားရာတွင် ယခုနှီးနှောဖလှယ်ပွဲတွင် ပြောကြားမည့်စကားများသည် အလွန်အရေးကြီးသည့် စကားများဖြစ်၍ တစ်နေ့တည်းနှင့် အပြီးပြောလိုက်လျှင် အကျိုးရှိမည်မထင်ကြောင်း၊ ကိုယ်စားလှယ်တော်များပြောမည့် စကားများကို နားထောင်နေကြသည့် အခြားကိုယ်စားလှယ်တော်ကြီးများနှင့် တိုင်းပြည်ကပါ အချိန်ယူ၍ လေ့လာရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယနေ့တွင် ပမညတနှင့် ဖဆပလမှ ကိုယ်စားလှယ်တစ်ဦးစီသာ ပြောကြားရန်နှင့် လာမည့် မတ်လ (၇) ရက်နေ့တွင် နှီးနှောဖလှယ်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသွားသည်။
ထို့နောက် အစီအစဉ်အရ ပထမဆုံးအလှည့်ကျသည့် ပမညတ ကိုယ်စားလှယ် ၀ိဓူရသခင်ချစ်မောင်က ၄င်း၏ တစ်နာရီကြာမိန့်ခွန်း ကို-
ပြည်ထောင်စုဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့သည် လူမျိုးပေါင်းစုံ ချစ်ကြည်သွေးစည်းရေး ဗိမာန်ကြီး၏ လက်ရှိအခြေအနေသည် အတော်ပင် ယိုင်နဲ့လျက် ရှိနေပြီ။
လူသားတို့ရဲ့ ခေတ်တစ်ခေတ်ဆိုတဲ့ နှစ်ပေါင်းနှစ်ဆယ်အစိတ်မျှပင် ဆက်လက်မထိန်းနိုင်တဲ့အတွက် မိဘအမွေကို မရိုသေတတ်တဲ့ သားဆိုး သမီးဆိုး များ အဖြစ်နဲ့ ကျွန်တော်တို့ အားလုံးဟာ ရာဇ၀င်မှာ တာဝန်မကင်းဖြစ်နေကြရပါပြီ။ ထိုတာဝန်ကို အချိန်မီ ပြန်လည်ထမ်းဆောင်နိုင်ကြရန်အတွက် ယခုလို လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးကို ကြီးစွာသော နောင်တ နက်နဲသော မိသားစု စိတ်ဓာတ်နှင့် ကျင်းပရခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ လှိုက်လှဲစွာ ခံယူပါတယ်။
ပြည်ထောင်စုဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးပေါင်းစုံ ချစ်ကြည်သွေးစည်းရေးကို ကျွန်ခေတ်မှာ နယ်ချဲ့ကို ရန်သူထားပြီး ရှာဖွေတည်ဆောက်ခဲ့ပါတယ်။ ဂျပန်ဖက်ဆစ်တို့ခေတ်မှာ ဖက်ဆစ်ဝါဒကို ရန်သူထားပြီး တည်ဆောက်ခဲ့ပါတယ်။ စစ်ကြီးပြီးသည့်နောက် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကြီးမှာ ဗြိတိသျှနယ်ချဲ့သမားကို ရန်သူထားပြီး အပြင်းအထန် ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ရန်သူကို ရန်သူလို အခြေခံပြီး အဖြေမှန်ရှာဖွေခဲ့ကြခြင်းရဲ့ အောင်ပွဲအထွတ်ထိပ်ဟာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ချုပ်ဆိုခဲ့ကြတဲ့ ရာဇ၀င်ကျော်ပင်လုံစာချုပ်ကြီးပဲ ဖြစ်ပါတယ်။ ရန်သူမှန်းသိတဲ့ အချိန်မှာ အဖြေမှန် ထွက်တယ်ဆိုတဲ့ ရာဇ၀င်သင်ခန်းစာကြီး တစ်ရပ်ပါပဲ။
ရန်သူကို ရန်သူလိုသိတဲ့ ယနေ့ နိုင်ငံတကာမှာ ရှိတဲ့ အမျိုးသားခေါင်းဆောင်ကြီးတွေကို နယ်ချဲ့သမားဟာ ခဏခဏ လုပ်ကြံသတ်ဖြတ်နေကြသကဲ့သို့ နယ်ချဲ့သမားနဲ့ နယ်ချဲ့လက်ပါးစေများဟာလည်း လူမျိုးပေါင်းစုံသွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများကို ဦးဦးဖျားဖျား လုပ်ကြံသတ်ဖြတ်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။
…လေဘာအစိုးရက ဗမာပြည်လွတ်လပ်ရေးကို ဥပဒေကြမ်းကို ဘိလပ်ပါလီမန်မှာ တင်စဉ်က ကမ္ဘာ့နယ်ချဲ့ခေါင်းဆောင်ကြီး ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း ဆာဝင်စတန်ချာချီက ဗမာပြည်ကို လွတ်လပ်ရေးပေးခြင်းဟာ ဗမာပြည်သူပြည်သားများအား သွေးချောင်းစီးစေခြင်းပဲ ဖြစ်လိမ့်မယ်လို့ အတိအလင်းပဲ နိမိတ်ဖတ်ကြိမ်းဝါးခဲ့တာကို ကျွန်တော်တို့ ယခုတိုင် ကြားယောင်နေကြပါလိမ့်ဦးမယ်။
နယ်ချဲ့သမားတို့ရဲ့ စီမံကိန်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်းတည်ဆောက်ခဲ့တဲ့ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ပွဲဟာ လူမျိုးစုံ ပေါင်းစုံ ခုတ်ထစ်သတ်ဖြတ်နေရတဲ့ ပြည်တွင်းစစ်ပွဲကြီးအဖြစ်နဲ့ ဒီကနေ့တိုင်အောင် သွေးချောင်းစီးနေကြရခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ အဲဒီအချိန်ကစပြီး ရန်သူပျောက်ခဲ့ကြပါပြီ။ အချင်းချင်းကို ရန်သူထင်ခဲ့ကြပါပြီ။ ရန်သူပျောက်လေ အချင်းချင်းရဲ့ သွေးကို သောက်လို့ မ၀နိုင်ကြလေဖြစ်ပြီး၊ နောက်ဆုံးဇာတ်တူသားချင်း စစ်ခင်းသတ်ဖြတ်ဟင်္သာကိုးသောင်းဇာတ်ကို ခင်းနေကြတဲ့ဘ၀ကို ကျွန်တော်တို့ လုံးဝရောက်နေကြရပါပြီ။ ခေတ်သစ်နိုင်ငံရေးကျမ်းဂန်များအရလည်း ဒီမိုကရေစီအစိုးရတိုင်း တိုင်းပြည်ကို တာဝန်ခံရမယ်ဆိုတဲ့ ကျင့်ထုံးအတိုင်း အစိုးရဟာ တာဝန်အရှိဆုံး ဖဆပလအစိုးရအတွက် ဗလောင်ဆူနေတဲ့ကာလမှာ ရန်သူကို မိတ်ဆွေထင်၊ မိတ်ဆွေကို ရန်သူထင်ပြီး တစ်ပါတီအာဏာရှင်နည်းရော၊ စစ်ဝါဒနည်းရော နည်းမျိုးစုံ အထွေထွေ ဖိနှိပ်ရေးလုပ်ငန်းကြီး ခပ်ကြမ်းကြမ်းကြီးပင် ဆောင်ရွက်ခဲ့ပါတယ်။
စီးပွားရေး၊ လူမှုရေးတွေမှာလည်း ငါနဲ့မတူ… ငါ့ရန်သူတွေကို ဘေးချိပ်ပြီး ငါနဲ့တူတဲ့ ငါ့လူတွေသာ ပြည်နယ်ပြည်မ မရွေး အခွင့်ထူးခံ လူတန်းစားတစ်ရပ်အဖြစ်နဲ့ ပြောင်ပြောင်ကြီးဖန်တီးခဲ့ကြပါတယ်။
ထို့နောက် ၀ိဓူရသခင်ချစ်မောင်သည် အမေရိကန်ပြည်ထောင်စုနှင့် ဆွဇ်ဇာလန်နိုင်ငံ၏ သမိုင်းကြောင်းကို အကျဉ်းချုပ်၍ ရှင်းပြသည်။
(အမေရိကန်ပြည်ထောင်စုသည်) မူလကတည်းက အချုပ်အခြာအာဏာပိုင် ပြည်နယ်များအဖြစ် စတင်ခဲံ့တယ်။ ထို့နောက် confederation ဖွဲ့ခဲ့တယ်။ သို့သော်လည်း ထိုဘ၀နဲ့ မလုံလောက် မကိုက်ညီတဲ့ အခါမှာ တဆင့်လျှော့ပြီး federation ဆိုတာ ဖွဲ့ခဲ့ရတယ်။ ရာဇာဝင်ဖြစ်စဉ်အတွင်းမှပဲ decentralization က centralization ကို (လျော့ရဲသော ဗဟိုချုပ်ကိုင်မှုမှ တင်းကျပ်သော ဗဟိုချုပ်ကိုင်မှုသို့ ) တဖြည်းဖြည်း ဦးတည်လာတာကို တွေ့ရမယ်။ အာဏာပိုင် သမ္မတစနစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးစုစည်းချက်ဖြစ်လာတယ်။ ပြည်ထောင်စုတိုင်းမှာ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးစုစည်းချက်အတွက် တစုံတခုသော အမာခံအနှစ်သာရဟာ တပ်ဆင်ပါရှိရစမြဲဆိုတာ အလေးအနက် လက်ခံယုံကြည်ဖို့ လိုပါတယ်။
(ဆွဇ်ဇာလန်ပြည်ထောင်စုသည်) သီးသီးခြားခြား အချုပ်အခြာအာဏာပိုင် ပြည်နယ်လေးများအဖြစ်နဲ့ အစပြုခဲ့ကြတယ်။…ဘုံရန်သူများကို စုပေါင်းခုခံရေးအတွက်သာ confederation ခေါ် ပြည်နယ်ပေါင်းချုပ်တစ်ခုကို စတင်မွေးဖွား စေခဲ့ကြတယ်။ သို့သော်လည်း ဆွစ်ဇာလန်နိုင်ငံရဲ့ မိမိတို့ရဲ့ မူလဘူတ အချုပ်အခြာအာဏာပိုင်ပြည်နယ်ခွဲခြားစိတ်ဟာ ရာဇ၀င်နဲ့ချီပြီး ပြင်းထန်လေတော့ မအောင်မြင်ခဲ့ပါဘူး… အလွန်လျော့လျော့ရဲရဲ ဖွဲ့ဏည်းထားတဲ့ confederation တစ်ခုပါပဲ။
၁၈၄၈ ခုနှစ်မှာ ဒိုင်းယက်ဟာ ယနေ့အခြေခံဥပဒေကြီးကို စတင်ရေးဆွဲစေခဲ့တာပဲ။ အဲဒီအခြေခံဥပဒေဟာလည်း ရှေးမူနဲ့ ခေတ်သစ်စုစည်းရေးမူ နှစ်ခုကို စေ့စပ်ဖြန်ဖြေထားတဲ့ ဥပဒေပါပဲ… confederation နဲ့ federation ကို စေ့စပ်ရောမွှေပြီး သူတို့ရဲ့ ရာဇ၀င်ဘ၀ဖြစ်စဉ်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ထားတာကို တွေ့ရပါလိမ့်မယ်။ အဲဒီမှာလည်း Swiss Confederation ဟာ အစကတည်းက အချုပ်အခြာအာဏာပိုင်ပြည်နယ်တွေအဖြစ်နဲ့ စတင်ဖွဲ့စည်းခဲ့ရာမှ တဖြည်းဖြည်း centralization ဆိုတဲ့ ဗဟိုခေါင်းဆောင်မှုနဲ့ ညီညွတ်ရေးစုစည်းချက်ဆီသို့ ရွေ့လျောလာတာကို ကောင်းစွာ တွေ့ရပါလိမ့်မယ်။
ထို့နောက် နိဂုံးချုပ်စကားမပြောမီ ပြည်ထောင်စုစစ်စစ်မူနှင့်အညီ ပြည်ထောင်စုကြီးကို ပြင်ဆင်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပမညတ၏ သဘောထားအနှစ်ချုပ်ကို ၀ိဓူရသခင်ချစ်မောင်က အောက်ပါအတိုင်း ပြောကြားခဲ့သည်-
(၁) ယနေ့ ပြည်တွင်းပြည်ပ အခြေအနေအရ ပြည်ထောင်စုစစ်စစ်ဆိုသည့်မူကို ထူထောင်လျှင် confederation ဆန်ဆန် ဖြစ်လာပြီး ပြည်ထောင်စု ညီညွတ်ရေးထက် တစတစအားဖြင့် ပြည်ထောင်စုညီညွတ်ရေးထက် တစ်စတစ်စ အားဖြင့် ပြည်ထောင်စုပြိုကွဲရေးကိုသာ အားပေးရာရောက်ပါလိမ့်မည်။ ဒါကြောင့် ကျွန်တော်တို့ သဘောမတူနိုင်ပါ။
(၂) ယနေ့ပြည်ထောင်စုဖွဲ့စည်းခဲ့တဲ့ ၁၄ နှစ်သက်တမ်းအတွင်းမှာ နယ်ချဲ့သမားများ၏ ပယောဂ၊ အုပ်စိုးသူများရဲ့ သဘောထားမှား၊ လုပ်ဆောင်ချက်မှားတွေကြောင့် ပြည်နယ်လူမျိုးစုများအတွင်း ပြည်သူများအားလုံးနဲ့အတူ များစွာနစ်နာနေရသည်ကို ကျွန်တော်တို့ အထူးလှိုက်လှဲစွာ အသိအမှတ်ပြုပါသည်။ အလေးအနက် နာကျည်းပါသည်။ ၄င်းအတွက် ယခုပြည်ထောင်စုဖွဲ့စည်းပုံ ပုံစံအတွင်းမှာပဲ အစွမ်းကုန်လိုက်လျောညှိနှိုင်းပြင်ဆင်ပေးရန် ကျွန်တော်တို့ လုံးဝသဘောတူညီပါသည်။
(၃) အရင်းရှင်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစစ်စစ်ဆိုသည်မှာ ပုံစံအားဖြင့်သာရှိ၍ အနှစ်သာရမှာ အတုသာဖြစ်ကြောင်း ထို့ကြောင့် ပြည်ထောင်စုစစ်စစ်ကို ပုံစံရော အနှစ်သာရပါ အမှန်တကယ်အလိုရှိပါလျှင် မြန်မာပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံ တော် ထူထောင်ရေးသို့ ဦးတည်ချီတက်ကြရန် အလေးအနက် တိုက်တွန်းပါသည်။
(၄) ယခုကျင်းပလျက်ရှိနေသည့် လူမျိုးစုပေါင်းစုံ ညှိနှိုင်းဖလှယ်ရေးပွဲကြီးကို လွတ်လပ်စွာ အပြန်အလှန်ညှိနှိုင်းဖလှယ်ပွဲ အဖြစ်သာ အသိအမှတ်ပြုပါရစေ၊ တစ်ဦးနှင့်တစ်ဦး အကျပ်ကိုင်ပြီး တစ်စုံတစ်ခုသော အဆုံးအဖြတ်ကို ဆုံးဖြတ်သည့်ပွဲအဖြစ် လက်မခံနိုင်ပါ။
(၅) ယခုဆွေးနွေးညှိနှိုင်းချက်များကို ဆိုင်ရာတို့က ပြန်လှန်သုံးသပ်ကြပြီး အစုံအညီတက်ရောက်မည့် ပြည်ထောင်စုညီညွတ်ရေး ညီလာခံသဘင်ကြီးကို ၁၉၆၃ ခုနှစ် နှစ်ဦး၌ ခေါ်ယူကာ ထပ်မံညှိနှိုင်းပြီးမှသာ ဆုံးဖြတ်ချက်များချမှတ်သင့်ပါသည်။
ဝိဓူရသခင်ချစ်မောင်က ဖက်ဒရယ်မူနှင့်ပတ်သက်၍ ပမညတ အဖွဲ့၏ သဘောထားကို တင်ပြပြီးနောက် ဖဆပလ၏ သဘောထားကို ဦးဗဆွေက ဆက်လက်ပြောကြားခဲ့သည်။
ပြည်ထောင်စုစနစ်မှာလည်း ယေဘုယျအားဖြင့် မူနှစ်မူရှိပါတယ်။ ပြည်ထောင်စုဗဟိုအစိုးရရဲ့ အာဏာကို ကန့်သတ်ချုပ်ချယ်ထားပြီး ပြည်နယ်တွေကို ကြွင်းကျန်တဲ့ အာဏာတွေ အတောမသတ်ပေးထားတဲ့ မူကတစ်မူ၊ ပြည်နယ်အာဏာတွေကို အကန့်အသတ်နဲ့ ပြဋ္ဌာန်းထားပြီးတော့ ပြည်ထောင်စုဗဟိုအစုးရကို အတောမသတ်ကြွင်းကျန်တဲ့ အာဏာတွေပေးထားတဲ့မူက တစ်မူ… ပထမမူအရဆိုရင် ဗဟိုအစိုးရအားနည်းပြီး ပြည်နယ်အစိုးရတွေက အာဏာပိုရှိတယ်။ ဒုတိယမူအရဆိုရင် ပြည်နယ်အစိုးရတွေက အားနည်းပြီး ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ဗဟိုအစိုးရက အင်အားတောင့်တင်းခြင်း ရှိပါတယ်။ ယနေ့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ပြည်ထောင်စုစနစ် နိုင်ငံတွေကို လေ့လာကြည့်တဲ့အခါမှာ ပထမပြည်ထောင်စု အမျိုးအစားက ဒုတိယပြည်ထောင်စုအမျိုးအစားဘက်ကို အခြေခံဥပဒေပြင်တဲ့နည်း၊ တရားလွှတ်တော်ချုပ်များရဲ့ စီရင်ဆုံးဖြတ်ပေးတဲ့နည်း၊ လုပ်ထုံးလုပ်နည်းအစဉ်အလာနည်းတွေနဲ့ သိသိသာသာကြီး ပြောင်းလဲလာတာကို တွေ့ရပါတယ်။ တနည်းအားဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး အင်အားတောင့်တင်းအောင် ပြည်ထောင်စုဗဟိုအစိုးရကိုသာ အင်အားဖြည့်တင်းပေးနေတဲ့ အချိန်အခါဖြစ်တယ်ဆိုတဲ့ဟာကို တွေ့ရပါလိမ့်မယ်။ အဲဒါဟာ လူတွေအမြင်မှန်ရလာပြီး တကမ္ဘာလုံးက လက်ခံပြောင်းလဲလာတဲ့ မှန်ကန်တဲ့ ပြည်ထောင်စုလမ်းစဉ်ဖြစ်ပါတယ်… ခုခေတ်ဟာ နိုင်ငံတိုင်းက တမျိုးသားလုံးစီးပွားဥစ္စာတိုးတက်ရေးနဲ့ တမျိုးသားလုံးရဲ့ လုံခြုံရေးကို အဓိက ဦးစားပေးနေရတဲ့ ခေတ်ဖြစ်ပါတယ်။ အဲဒါကြောင့် တပြည်ထောင်စနစ် ဖြစ်ရင်လည်း ဖြစ်ရမယ်။ ပြည်ထောင်စုစနစ်ဖြစ်ရင်လည်း ပြည်ထောင်စုဗဟိုအစိုးရက ထိထိရောက်ရောက် အလုပ်လုပ်ဖြစ်အောင် ပြည်နယ်များက လိုလိုချင်ချင်နဲ့ ဗဟိုအစိုးရကို အင်အားဖြည့်တင်းပေးနေရတဲ့ခေတ် ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို အစပျိုးခဲ့တဲ့ ကိုလိုနီပြည်နယ် ၁၃ ပြည်နယ်ဟာ ငါ့ဟာမှငါ့ဟာ ငါ့ဒေသသာ အချုပ်အခြာဖြစ်ရ မယ်။ ငါ့ဒေသလုပ်ချင်တိုင်း လွတ်လွတ်လပ်လပ် လုပ်ရမှကောင်းမယ်ဆိုတဲ့ သဘောနဲ့ အမေရိကန်ပြည်ထောင်စုကြီးကို စထူထောင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအခါ အမေရိကန်ပြည်ထောင်စုနိုင်ငံမှာ အခြေအနေအရ အမေရိကန်သမ္မတကြီးကို သူ့သက်တမ်း လေးနှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ အာဏာရှင်ဆန်ဆန်ဖြစ်အောင် အပြောင်းအလဲဖြစ်လာပါတယ်။ တနည်းအားဖြင့် ပြည်နယ်တွေဟာ ပြရုပ်သဘောပဲ ရှိတော့တယ်။ အမေရိကန်သမ္မတထံမှာသာ အာဏာအများဆုံးထားတာ တွေ့ရပါတယ်။ တနည်းအားဖြင့် လျော့ရိလျော့ရဲပြည်ထောင်စု စနစ်ဘ၀မှ လက်တွေ့မှာ ဗဟိုက တင်းတင်းကျပ်ကျပ်ချုပ်ကိုင်နိုင်တဲ့ တစ်ပြည်ထောင်စုစနစ် ဆန်ဆန် ဖြစ်လာတာတွေ့ရပါတယ်။ ကမ္ဘာပေါ်ရှိ ပြည်ထောင်စုနိုင်ငံအသီးသီးက သိသိသာသာကြီး ယခုအခါ ပြောင်းလဲနေပါတယ်။ ခေတ်ကို ကျွန်တော်တို့ ဆန့်ကျင်ပြီး ခေတ်ကို နောက်ပြန်မဆွဲသင့်တော့ပါဘူး။
ထို့နောက် ၄င်း၏ မိန့်ခွန်းကို နိဂုံးမချုပ်မီ ဦးဗဆွေက ခွဲထွက်ခွင့်ကိစ္စနှင့်ပတ်သက်၍-
ညီတော်နောင်တော်များခင်ဗျား၊ ပြည်ထောင်စုမှ ခွဲထွက်နိုင်တဲ့ အခွင့်အရေးအကြောင်းကိုလည်း ကျွန်တော် အနည်းငယ်ပြောလိုပါတယ်။ အဲဒီအခွင့်အရေးကို အမေရိကန်ပြည်ထောင်စုကြီး တည်ထောင်စဉ်က လက်ခံခဲ့ပေမယ့် အခုအခါ ခေတ်မမီတော့ပါဘူး။ အဲဒီမူမမှန်တဲ့ သဘောတရားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်တည်းက အမေရိကန်သမ္မတကြီး အေဘရာဟင်လင်ကွန်းဟာ ခွဲထွက်ရေးဝါဒကို ဖောက်ဖျက်သူဖြစ်ပါတယ်။ စစ်အကြီးအကျယ်တိုက်ပြီး တိုက်ဖျက်ခဲ့ပါတယ်။ အဲဒီလို မူမမှန်တဲ့ ခွဲထွက်ရေးဝါဒကို တိုက်ဖျက်ခဲ့တာကကြောင့် အေဘရာဟင်လင်ကွန်းဟာ ရာဇ၀င်ကျော်ပုဂ္ဂိုလ်ကြီးအဖြစ်ဖြင့် ကမ္ဘာက အသိအမှတ်ပြုခြင်းခံနေရပါတယ်။ ကျွန်တော်ခုလို တင်ပြနေခြင်းဟာ အခြေခံဥပဒေရေးဆွဲက အတည်ပြုခဲ့တဲ့ မူတစ်ခုကို ဖျက်ပစ်ရမယ် လို့ တောင်းဆိုနေခြင်းမဟုတ်ပါဘူး။ ပြည်တည်ခါစက ပေးပြီးသားအခွင့်အရေးတွေကို မူအားဖြင့် ဘယ်အခွင့်ရေးကိုမှ မရုတ်သိမ်းထိုက်ဘူးလို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ဟာ မိသားစုများအနေနဲ့ ပြန်လည်လက်တွဲပြီး လုပ်ကိုင်ခွင့်ရခဲ့တာဟာ ၁၄ နှစ်ခန့ရှိခဲ့ပါတယ်။ အဲဒီလို ပေါင်းသင်းလုပ်ကိုင်ခဲ့တဲ့နေရာမှာ အထင်အမြင်အယူအဆလွဲမှားမှုတွေလည်း ရှိသင့်သလောက် ရှိခဲ့ပါတယ်။ အဲဒီလိုမမူမှန်တဲ့ ခွဲထွက်ရေးဝါဒကို တိုက်ဖျက်ခဲ့တာကြောင့် အေဘရာဟင်လင်ကွန်းဟာ ရာဇ၀င်ပုဂ္ဂိုလ်ကျော်ကြီးအဖြစ်ဖြင့် ကမ္ဘာက အသိအမှတ်ပြုခြင်း ခံနေရပါတယ်။ ကျွန်တော်ခုလို တင်ပြနေခြင်းဟာ အခြေခံဥပဒေရေးဆွဲစဉ်က အတည်ပြုခဲ့တဲ့ မူတစ်ခုကို ဖျက်ပစ်ရမယ်လို့ တောင်းဆိုနေခြင်းမဟုတ်ပါဘူး။ ပြည်တည်ခါစက ပေးပြီးသားအခွင့်အရေးတွေကို မူအားဖြင့် ဘယ်အခွင့်အရေးကိုမှ မရုပ်သိမ်းထိုက်ဘူးလို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ဟာ မိသားစုများအနေနဲ့ ပြန်လည်လက်တွဲပြီး လုပ်ကိုင်ခွင့်ရခဲ့တာဟာ ၁၄ နှစ်ခန့် ရှိခဲ့ပြါတယ်။ အဲဒီလိုပေါင်းသင်းလုပ်ကိုင်ခဲ့တဲ့နေရာမှာ အထင်အမြင်အယူအဆလွဲမှားမှုတွေလည်း ရှိသင့်သလောက်ရှိခဲ့ပါတယ်။ အဲဒီထင်မြင်လွဲမှားမှုတွေကို ကျွန်တော်တင်ပြခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့တတွေဟာ မိသားစုနည်းနဲ့သာ ဖြေရှင်းရင် မပြေလည်နိုင်တဲ့ပြဿနာဆိုလို့ ရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ အလုပ်လုပ်ခဲ့ကြတဲ့အခါမှာ အမှားတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း ဆက်ဆံပုံဆက်ဆံနည်းတွေ မမှန်ကန်တာ၊ ည့ဖျင်းတာ မယဉ်ပါးမလိမ္မာတာတွေလည်း ရှိသလောက်ရှိမှာပါပဲ။ ဒါပေမယ့် အဲဒီလို လိမ္မာရေးခြားမရှိတဲ့ တိုင်းရင်းသားညီရင်းအစ်ကိုလို မဆက်ဆံတတ်တဲ့ ငါးခုံးမတွေကြောင့် ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ မမှောက်သင့်ပါဘူး။ ကျွန်တော်တို့တတွေ မိသားစုစိတ်ဓာတ်တွေနဲ့ နည်းလမ်းရှာဖွေပြီး ခြေမ မကောင်း ခြေမ၊ ဆိုသလို မကောင်းသူတွေကို သွန်သင်သင့်တာ သွန်သင်၊ ဆုံးမသင့်တာ ဆုံးမ၊ အရေးယူသင့်တာ အရေးယူ သွားရင် ပြည်ထောင်စုအတွင်းမှာ အထင်အမြင်လွဲမှားမှုတွေဟာလည်း ပပျောက်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ညီတော် နောင်တော် များခင်ဗျား၊ ကျွန်တော်တို့ ပြည်နယ်ခပ်များများဟာ မတိုးတက် မဖွံ့ဖြိုးဘဲ အောက်တန်းနောက်တန်းကျနေသလို ဗမာပြည်မ အချို့နေရာတွေမှာလည်း အလွန်အောက်တန်းနောက်တန်းကျနေပါသေးတယ်။ အဲဒီအောက်တန်းနောက်တန်းကျပြီး မဖွံ့ဖြိုးသေးတဲ့နေရာဒေသအားလုံးနဲ့ ညီတူတိုးတက်လာအောင် ကျွန်တော်တို့ အသေအလဲ အဆင်းရဲခံပြီး ကြိုးစားကြဖို့ လိုပါသေးတယ်။ ကျွန်တော်တို့ လက်တွဲပြီး ကြိုးစားကြရင် မအောင်မြင်နိုင်စရာ အကြောင်း ဘာမှ မရှိပါဘူး။” ဟုပြောကြားသွားသည်။
ဆွေးနွေးပွဲတွင် ဦးဗဆွေ ပြောကြားပြီးသောအခါ သဘာပတိ ၀န်ကြီးချုပ် ဦးနုက ၀မ်းသာအားရစွာ နိဂုံးချုပ်စကားပြောကြားသည်။ ဆွေးနွေးပွဲကိုလည်း မတ်လ ၇ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ပါကြောင်းလည်း ကြေညာခဲ့သည်။
ထို့နောက် တရားရေးဝန်ကြီး ဒေါက်တာဦးဧမောင်၊ ရှေ့နေချုပ် ဦးဘဆွေ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်သာခင်၊ ဗိုလ်ခင်မောင်ကလေးတို့က ၀ိဓူရသခင်ချစ်မောင် အနီးဝိုင်းလာကြပြီး ချီးကျူးစကားပြောကြားကြသည်။ ထိုသို့ ချီးကျူးစကားပြောကြရာတွင် ဦးကျော်ငြိမ်းက “ခင်ဗျားတို့ ကွန်မြူနစ်တွေမှာလည်း လူမျိုးကြီးဝါဒရှိသကိုးဗျ” ဟူ၍ လည်းကောင်း၊ ဗိုလ်ခင်မောင်ကလေးနှင့် ဦးကျော်ငြိမ်းတို့က “မိန့်ခွန်းကတော့ ကောင်းပါတယ်ဗျာ ဒါပေမယ့် ထုံးစံအတိုင်း ကျွန်တော်တို့ကို ဆော်တာ နှက်တာ ပါသေးတာပဲဗျ” ဟူ၍ လည်းကောင်း ရယ်စရာမောစရာများ ပြောခဲ့ကြသည်။
ထိုအခါ သခင်ချစ်မောင်က “အော် ဒါကတော့ဗျာ ဒီလိုဖြစ်ကြရတာ ကျွန်တော်တို့ ပြည်မဘက်က ခြောက်ပြစ်ကင်းလုပ်လို့ ဘယ်ဖြစ်မလဲ၊ အမှားရှိရင် ၀န်ခံလိုက်တာ အကောင်းဆုံးပေါ့ဗျာ” ဟု ပြန်လည်ချေပရာ သခင်ချစ်မောင်၏ ချေပချက်ကို ဦးဗဆွေက ၀င်ရောက်ထောက်ခံလေသည်။ ယင်းနောက် ကိုယ်စားလှယ်တော်ကြီးများ ဧည့်ခံဆောင်သို့ ကူးကာ ခေါက်ဆွဲနှင့် ကော်ဖီများ သုံးဆောင်ကြသည်။ ည ၈နာရီခွဲခန့်တွင် ကိုယ်စားလှယ်တော်ကြီးများ အသံလွှင့်ရုံကြီးမှ ထွက်ခွာခဲ့ကြသည်။
(ဆက်လက်ဖော်ပြပါမည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်, အခန်းဆက်များ

2 Responses to တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၂)

  1. teaky on March 4, 2013 at 9:26 pm

    Thanks for educating us about the historical events in the past. Kudos to MoeMaKa!

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်