ခင်မောင်တိုး ၁ နှစ်ပြည့် အမှတ်တရ – သိန်းငှက်ပျိုတို့ရဲ့သဘာဝ

November 6, 2013

ခင်မောင်တိုး ၁ နှစ်ပြည့် အမှတ်တရသိန်းငှက်ပျိုတို့ရဲ့သဘာဝ
(၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တနှစ်ပြည့်မည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ် – ၃)
မိုးမခ ။ နိုဝင်ဘာ၊ ၀၇၊ ၂၀၁၃
ခင်မောင်တိုး (၁၉၅၀-၂၀၁၂)
ဓာတ်ပုံမျှဝေသူ – ဇော်မင်းကို (Khin Maung Toe မဇ္ဈိမလှိုင်း Facebook Group)
Suffering is the origin of consciousness. Dostoevski (1821-1881)
ခင်မောင်တိုး အမှတ်တရ မိုးမခ ရက်သီတင်းပတ် အတွက် တတိယ အစီအစဉ် အနေနဲ့ “သိန်းငှက်ပျိုတို့ရဲ့ သဘာဝ” ကို ရွေးချင်ပါတယ်။
ခင်မောင်တိုး ရဲ့ ဂီတ ဘဝ ကို ခုနှစ် သက္ကရာဇ် ဆယ်စုနှစ်တွေ အရ မကြည့်ဘဲ အောင်မြင်မှု အထွတ်အထိပ် ရခဲ့တဲ့ နှစ်ကာလ အပိုင်းအခြား အရ ခွဲခြား လေ့လာကြည့်မယ် ဆိုရင် “မဟာဆန်သူ” တေးစု ထွက် ပြီးနောက်ပိုင်း ဆယ်စုနှစ် (၁၉၈၅-၁၉၉၅) ဟာ ခင်မောင်တိုး ရဲ့ “ရွှေရောင်နှစ်များ ဆယ်စုနှစ်” လို့ သတ်မှတ်နိုင်မယ် ထင်ပါတယ်။
ဒီ ဆယ်စုနှစ် မှာ ခင်မောင်တိုး ဟာ သူ့ ဘဝ မှတ်တိုင် တေးစု တွေ အများအပြား ထွက်ရှိနိုင်ခဲ့သလို အောင်မြင်တဲ့ ရုပ်ရှင် ဇာတ်ဝင်သီချင်းတွေလည်း အများအပြား သီဆိုခဲ့တယ်။  ဒီ ဆယ်စုနှစ် ရဲ့ နှောင်းပိုင်း ကာလ အောင်မြင်မှု အမြင့်ဆုံးအချိန် ၁၉၉၃ မှာ ခင်မောင်တိုး ဟာ (“သိန်းငှက်ပျိုတို့ရဲ့ သဘာဝ” ပါဝင်ခဲ့တဲ့ ပန်တော်ဦး တေးစု အပါအဝင်) တကိုယ်တော် တေးစု နှစ်ခု တနှစ်တည်း ဆက်တိုက် ထွက်နိုင်ခဲ့တဲ့ အပြင် တကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲ (၂၇-နိုဝင်ဘာ-၁၉၉၃) ကိုလည်း အောင်မြင်စွာ လုပ်နိုင်ခဲ့တယ်။
 
ခင်မောင်တိုး နှင့် သူ ၏ ပရိသတ်များ (၁၉၉၃)
ဓာတ်ပုံမျှဝေသူ – ဇော်မင်းကို (Khin Maung Toe မဇ္ဈိမလှိုင်း Facebook Group)
ဒါဟာ ဇွဲရှိရှိ၊ တစိုက်မတ်မတ် ဖြတ်သန်းလာခဲ့တဲ့ ခင်မောင်တိုး ရဲ့ ဂီတ ဘဝ ခရီးကြမ်းရှည်ကြီးရဲ့ ဖြစ်တည်ခဲ့မှု၊ ရပ်တည်ခဲ့မှု (Existence) မှန်ကန်ခဲ့ခြင်းရဲ့ အသီးအပွင့် အောင်မြင်မှု ကို ထိုက်ထိုက်တန်တန် ခံစားရခြင်း ဖြစ်တယ်။
ဖြစ်တည်မှု ပဓာန အတ္တဘဝမှန်ဝါဒ အရ လူသားရဲ့ ဖြစ်တည်မှု (Existence) ဟာ အဓိပ္ပာယ် (Essence) မတိုင်မီ တည်ရှိရတယ်။  ဖြစ်တည်မှု က သာ ပဓာန၊ ဖြစ်တည်မှု ကို အမှီသဟဲ ပြုပြီးမှသာ “ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်” က ဖြစ်ပေါ် တည်ရှိလာရတယ်။  ဖြစ်တည်မှု၊ ရည်တည်မှု၊ မူဝါဒ ခိုင်မာ၊ မှန်ကန်၊ မသွေဖီ၊ မဖောက်ပြန်ခြင်း က လူသားရဲ့ အဓိပ္ပာယ် ကို ပုံဖော်တယ်၊ ပုံပေါ်စေတယ်။
ခင်မောင်တိုး ရဲ့ ဗမာ့ဂီတ အပေါ် ပြုခဲ့တဲ့ ဂုဏ်ကျေးဇူးတွေကို စောကြောကြည့်ရင် အောင်မြင်မှု မရသေးခင် နဲ့ ရအပြီး မှာ မပြောင်းမလဲ ဖြစ်တည်မှု၊ ရပ်တည်မှု မှန်ကန်ခဲ့ခြင်း၊ စိုက်လိုက်မတ်တတ် မိမိ ယုံကြည်ရာ ဂီတပုံစံ လမ်းကြောင်းကို ပေါ်ပင်မလိုက်၊ ဈေးကွက် အကြိုက် မကြည့်ဘဲ ရေရှည် ရပ်တည်၊ ဖြစ်တည် လျှောက်လှမ်းခဲ့ခြင်း ဆိုတဲ့ ဂုဏ်ဟာ အကြီးဆုံး ဖြစ်တယ်။  အသိအမှတ် အပြုထိုက်ဆုံး ဖြစ်တယ်။
Life begins on the other side of despair. Sartre (1905-1980)
၁၉၇၁ စတီရီယိုခေတ်ဦးကတည်းက ဗမာ့ ဂီတလောက ကို ကြိုးစား ခြေချခဲ့တဲ့ ခင်မောင်တိုး ဟာ ၁၉၈၄ “မဟာဆန်သူ” တေးစု ကျ မှသာ တပြည်လုံး အတိုင်းအတာ နဲ့ စီးပွားရေး အရ၊ ဈေးကွက်အရ အောင်မြင်မှု ရခဲ့ခြင်း ဖြစ်တယ်။  ဒီ့မတိုင်ခင် က ခင်မောင်တိုး နဲ့ လိစ္ဆ၀ီများ ရဲ့ ကိုယ်ပိုင်သံစဉ် တေးစုနှစ်ခုဖြစ်တဲ့ “အဉ္ဇလီအတွက် ဂီတအဉ္ဇလီ” (၁၉၈၀)၊ “ဝိုင်းရဲ့ဆည်းဆာ” (၁၉၈၁) နဲ့ ရှေးဦးတေးစု တွေမှာ ဂီတ အနုပညာ တန်ဖိုး၊ ဂုဏ် ကို သာ ရရှိခဲ့တယ်။  ဒီလို ဈေးကွက် အရ အောင်မြင်မှု မရခဲ့တဲ့ ပထမ ဆယ်ငါးနှစ် မှာ ဇွဲမလျော့၊ အားမပျော့၊ ရပ်တည်ချက် မပျောက်ခဲ့ခြင်းဟာ ခင်မောင်တိုး ရဲ့ ဂုဏ်၊ အဓိပ္ပာယ် ဖြစ်တယ်။  အလားတူပဲ အောင်မြင်ပြီးနောက် ဆက်လက် ဖြတ်သန်းခဲ့တဲ့ ကျန်ဂီတဘဝ ဆယ်စုနှစ်များမှာ အောင်မြင်မှု ကို အလွဲသုံးစားမလုပ်၊ ငွေကြေး အဓိက မရှာဘဲ အနုပညာ ဂုဏ်ကိုသာ ပဓာန ထား အားပြု မယိုင်မလဲ ဖြစ်တည်မှု မှန်ကန်ခဲ့ခြင်းဟာလည်း ခင်မောင်တိုး ရဲ့ ဂုဏ်၊ အဓိပ္ပာယ် ဖြစ်တယ်။
(စကားချပ် – ဒီနေရာမှာ ဒီလို ခင်မောင်တိုး ရဲ့ ဖြစ်တည်မှု မှန်ကန်ခဲ့ခြင်း ဟာ ခင်မောင်တိုး ရဲ့ ရောင်းရင်း မဇ္ဇျိမလှိုင်း အုပ်စု နဲ့ ခင်မောင်တိုး ရဲ့ မိသားစု တို့ရဲ့ ရပ်တည်မှု၊ ပံ့ပိုးမှု ဟာ အရေးပါ ပါတယ်။  ဒါကိုလည်း ထည့်သွင်း အသိအမှတ်ပြုရပါမယ်။)
ယခု အစီအစဉ် “သိန်းငှက်ပျိုတို့ရဲ့ သဘာဝ” သီချင်း နဲ့ အတူ ခင်မောင်တိုး ရဲ့ “ဖြစ်တည်မှု အဓိပ္ပာယ်” ကို ဇောင်းပေး ဆွေးနွေးခဲ့ခြင်းက ခင်မောင်တိုး ရဲ့ ရုပ်လုံးကို ပေါ်စေချင်တဲ့ အပြင် တင်ဆက်မယ့် သီချင်းရဲ့ ဒဿန နဲ့ ဆက်စပ် မြင်စေချင်လို့ ဖြစ်တယ်။
သီချင်းရဲ့ မူလ က ပန်းချီမောင်ဒီ ရဲ့ ကဗျာ ပါ။  ကဗျာ ကို စကားလုံး တလုံး တပါဒ မတည်း၊ မဖြတ်ဘဲ ခင်မောင်တိုး ရဲ့ ရဲဘော်ကြီး ကိုရဲလွင် က သံစဉ်သွင်း တေးဖွဲ့ခဲ့တယ်။
အနုပညာ ပစ္စည်းတခုခု ဟာ ဖန်တီးသူတွေ က အနုပညာဂုဏ်မြောက်အောင် ဖန်တီးပြီး နောက်မှာ အဓိပ္ပာယ် ကို ဖွင့်ဆိုခြင်း၊ သဘာဝ ယုတ္တိကို ဆင်ခြင်ခြင်း၊ ဒဿန ကို ဖော်ထုတ်ခြင်း ဆိုတဲ့ အပိုင်းတွေဟာ ခံစားသူ ရဲ့ အသိ၊ အမြင်နဲ့ ဖွင့်ဆိုမှု ကသာ အဓိက ပိုကျတယ်။  “တကယ့် အနုပညာ” ဂုဏ်မြောက်တဲ့ အနုပညာပစ္စည်း တခု ဟာ ခံစားသူ တဦးချင်း ရဲ့ အသိ၊ အမြင်၊ အတွေးအခေါ် ရေချိန် အပေါ် မူတည်ပြီး အနိမ့်ဆုံး ရည်မှန်းချက် ဖြစ်တဲ့ ဖျော်ဖြေရေး ဆိုတဲ့ အဆင့် ကနေ ဒဿနိက အတွေးအခေါ် တခုခု ပေးခြင်း၊ ဖွင့်ဆိုခြင်း ဆိုတဲ့ အမြင့်ဆုံး ရည်မှန်းချက် အထိ ဂုဏ်ရည် အမျိုးမျိုး တည်ရှိတယ်။
ပန်းချီ မောင်ဒီ ရဲ့ စကားလုံး ဖြင့် အတွေးအခေါ် တန်ဆာတင်မှု၊ ကိုရဲလွင် ရဲ့ ဂီတဖွဲ့စည်း ပုံဖော်မှု၊ ခင်မောင်တိုး နဲ့ မဇ္ဇျိမလှိုင်း ရဲ့ ဖန်တီး သီဆိုမှု ရဲ့ ရလဒ် “သိန်းငှက်ပျိုတို့ရဲ့သဘာဝ” အနုပညာပစ္စည်း ကိုလည်း အဓိပ္ပာယ် အမျိုးမျိုး၊ ရှုထောင့် အဖုံဖုံ က နေ ရှုမြင်ခံစား၊ သုံးသပ် နားလည် နိုင်ကြပါမယ်။
(၂၀) ရာစု ရဲ့ ထိပ်တန်း အတွေးအခေါ် ပညာရှင်တဦး ဖြစ်တဲ့ ဖြစ်တည်မှု ပဓာန အတ္တဘဝမှန်ဝါဒီ Sartre (1905-1980) က “လူသား ဟာ ဘဝ ရဲ့ ဖြစ်တည်မှု ပြဿနာများ၊ ဝေဒနာများ၊ ဒုက္ခများ ကို သုံးသပ်ရာမှာ အကျိုး၊ အကြောင်း ဆင်ခြင်တုံတရားနဲ့ မိမိ ဘာသာ မိမိ ရှာဖွေ ဖော်ထုတ် ဆင်ခြင်နိုင်ရမယ်။  မိမိရဲ့ ကံကြမ္မာ၊ မိမိရဲ့ အနာဂတ် ကို မိမိ ဘာသာ ဖန်တီးနိုင်စွမ်း ရှိရမယ်” လို့ ဆိုခဲ့တယ်။
အစီအစဉ် တင်ဆက်သူ စာရေးသူ ရဲ့ သဘော အရ “သိန်းငှက်ပျိုတို့ရဲ့သဘာဝ” က ပေးတဲ့ ကျိုးကြောင်းသင့် ဆင်ခြင်တုံ တရား ဉာဏ် အသိ နဲ့ ခံစားမြော်မြင်မှု ဈာန် အသိ ဟာ လူသားရဲ့ ဖြစ်တည်မှု ပြဿနာ နဲ့ ကိုယ့် ကြမ္မာ ကိုယ် ဖန်တီးခွင့်၊ ဖန်တီးခြင်း မေးခွန်းတွေ ကို ဖြေဆိုနိုင်ဖို့ လမ်း ပွင့်စေတယ်။ လမ်းဖွင့်ပေးတယ်။  ဒီ လမ်းစ ကို သိန်းငှက်ပျို ရဲ့ သဘာဝ ကို သင်္ကေတ ပြု ပုံဖော်မှုက တဆင့် ချပြခဲ့တယ်လို့ ယူဆတယ်။
ဒီလို တွေးစရာ ပါတဲ့၊ ယူစရာ ရှိတဲ့၊ ခံစားသူ အတွက် ‘ကျန်’ ခဲ့တဲ့၊ လေးနက်တဲ့ အတွေးအခေါ် တခုခု၊ မြော်မြင်မှု တခုခု ကို ပေးတဲ့၊ ‘ယူ’ ရင် ‘ရ’ နိုင်တဲ့ အနုပညာဂုဏ်မြောက် ပစ္စည်း အမြောက်အများ ကို ဂီတ ဆိုတဲ့ အနုပညာ ရသ ပုံစံ တမျိုး နဲ့ လူသာမန် လူအများစု ပါ သောတ အာရုံ တွယ်ငြိ ခံစား နားဆင်၊ နားဝင်လွယ်အောင် စွမ်းဆောင် ကျေးဇူးပြုပေးသွားခဲ့တဲ့ ဂီတပညာရှင် ခင်မောင်တိုး ရဲ့ ဂုဏ်ကျေးဇူး ကို အောက်မေ့ ဂုဏ်ပြုလျက်…
သိန်းငှက်ပျိုတို့ရဲ့ သဘာဝ / ငှက်တို့ရဲ့ သဘာဝ
(ကဗျာ/သီချင်း စာသား)
သိန်းငှက်ပျိုတို့ရဲ့.. ဘဝ.. အစ.. ဆိုတာ..
ဟို.. … ….
သစ်ပင်အိုကြီးများရဲ့.. ထိပ်ဖျားလောက်ကနေ..
အောက်ကို.. ခုန်ချလိုက်တာပဲ..
အဲဒီ.. အခါမှာ..
ငှက်ငယ်ဟာ.. ကြောက်လန့်တကြား.. နဲ့..
တအား.. အော်.. ဟစ်.. ရင်း..
အတောင်များကို.. ဖြန့်ကားလိုက်ရာ..
အာကာသ.. ထဲမှာ..
သူ့.. ရဲ့.. အသည်းနှလုံး.. ဟာ..
ဖြုန်း.. ဆို.. ပြောင်းသွားခဲ့တယ်လို့..
တို့.. အဖိုး.. က..
ကွမ်း.. တရိုးဝါးရင်းနဲ့..
ပြောပြခဲ့ဖူးတယ်..
သိန်းငှက်ပျိုတို့ရဲ့သဘာဝ၊ စာသား – ပန်းချီ မောင် ဒီ ၏ ကဗျာ၊ သံစဉ် – ကိုရဲလွင်၊ တေးဆို – ခင်မောင်တိုး၊ တေးဂီတ – မဇ္ဇျိမလှိုင်း၊ တေးစု – ပန်တော်ဦး (၁၉၉၃)
Music Video URL: http://youtu.be/TSK3Dq38WHw


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Memories, Nyein Chan Aye, Portraits

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)