သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (အိပ်ခ်ျဖိလဒင်းဟော)

March 7, 2013

သန်းဝင်းလှိုင်
မတ်လ ၇၊ ၂၀၁၃
ဆရာပါရဂူ မြန်မာပြန်သည့် “သီပေါ၏ မဟေသီ” စာအုပ်သည် လူကြိုက်များ၍ အကြိမ်ကြိမ်ပြန်လည်ထုတ်ဝေရသော စာအုပ်ဖြစ်သည်။ ယင်းစာအုပ်ကို ဆရာပါရဂူသည် အိပ်ခ်ျဖိလဒင်းဟော (H.Fielding Hall) ရေးသည့် Thibaw’s Queen ကို မြန်မာပြန်ဆို ထားခြင်းဖြစ်သည်။
ဖိလဒင်းဟောသည် မြန်မာနိုင်ငံသို့ သီပေါမင်းတရားပါတော်မမူခင်ကပင် ရောက်ရှိနေသည်။ သူ၏စာများအရ သိရသည်မှာ သူသည် မြန်မာနိုင်ငံသို့ မလာမီ အိန္ဒိယ၌ (၆) နှစ်တာမျှ နေခဲ့ဖူးလေသည်။ သူ၏စာများထဲတွင် မကြာခဏ သူ၏အတွေ့အကြုံများကို အခြေခံပြီး မြန်မာပြည်နှင့် အိန္ဒိယကို နှိုင်းယှဉ်ရေးသားထားသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံသို့ မည်သို့မည်ပုံစတင်ရောက်လာသည်ကို မသိရသော်လည်း အထက်မြန်မာနိုင်ငံသို့ ရောက်ရှိသွားခြင်းမှာမူ ဘုံဘေဘားမား သစ်ကုမ္ပဏီအမှုဆောင်တစ်ဦးအဖြစ်ဖြင့် ရောက်ရှိသွားခြင်းဖြစ်သည်။ အင်္ဂလိပ်တို့သည် နယ်ချဲ့လိုသောကြောင့် မြန်မာနိုင်ငံကို သိမ်းပိုက်သည်ကို ဖုံးကွယ်လိုသည့်အတွက် ဟိုနယ်သည်နယ်အကြောင်းပြခဲ့သည်။ မြန်မာအစိုးရနှင့် သစ်ကုမ္ပဏီတို့၏ ပဋိပက္ခ သည် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားလာ၍၊ မြန်မာနိုင်ငံကို သိမ်းပိုက်ယူငင်ရေးအတွက် အကွက်တစ်ကွက်ဖြစ်လာသည်။
ယင်းသို့အားဖြင့် မြန်မာနိုင်ငံကို တစ်ဇာတ်သိမ်းစေခဲ့သော စစ်မီးမွှေးပေးသည့် တရားခံမှာ ဘုံဘေဘားမားသစ်ကုမ္ပဏီ ဖြစ်သည်။သစ်ကုမ္ပဏီ၏ အမှုထမ်းတစ်ဦး အဖြစ် ရောက်ရှိလာသူဖြစ်၍ ဖိလဒင်းဟောသည် မြန်မာ့သမိုင်းနှင့်လည်း ဆက်စပ်နေသူဟု ဆိုက ဆိုနိုင်ပေသည်။ ဘုံဘေဘားမားသစ်ကုမ္ပဏီ၏ အမှုထမ်းတစ်ဦးဖြစ်သည့်အလျောက် ထိုစဉ်က သစ်ကုမ္ပဏီကြောင့် ပေါ်ပေါက်လာရသည့် ပြဿနာအရှုပ်အထွေးကို ဖိလဒင်းဟောသည် တဆင့်စကားမဟုတ် ကိုယ်တိုင်ကိုယ်ကျ သိရှိလားသူဖြစ်သည်။
သို့ဖြစ်၍ သူ၏ Thibaw’s Queen (သီပေါ၏မဟေသီ) စာအုပ်၌-
“၁၈၈၄ ခုနှစ်အတွင်း၌ ဖြစ်ပျက်သည့်အဖြစ်အပျက်ဟု ကျွန်ုပ်ထင်သည်။ မြန်မာနိုင်ငံအစိုးရက နှစ်ဦးနှစ်ဖက် ချုပ်ဆိုထားသည့် အငှားစာချုပ်ကို ဘုံဘေဘားမားကုမ္ပဏီက ချိုးဖောက်ကြောင်းတွေ့ရသည်ဟု ဆိုလေသည်။ အကြီးစားကျွန်းသစ်များကို အကျင့်ပျက်ပြား နေသည့် မြန်မာအရာရှိများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်စပ်ရှိအစိုးရစခန်းများမှတဆင့် အသေးစားကျွန်းသစ်များအနေနှင့် ခိုးထုတ်သည်။ မမှန်မကန်လုပ်သည့်အတွက် အကောက်ခွန် အများအပြားဆုံးရှုံးနစ်နာသွားရသည်။ တင်းတင်းကြပ်ကြပ်စုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ ယင်းကဲ့သို့ မသမာသောနည်းဖြင့် ကျွန်းသစ်များကို ခိုးထုတ်နေသည်မှာ ကာလကြာပြီဖြစ်ကြောင်းသိရှိရသည် ဟု မြန်မာအစိုးရက ဆိုလေသည်။
ဘုံဘေဘားမားကုမ္ပဏီက မဟုတ်ရကြောင်း ငြင်းဆိုသည်။ ကျွန်းသစ်များ ခိုးထုတ်သဖြင့် နစ်နာဆုံးရှုံးသွားသော အခွန်အကောက်ကို သူတို့ခန့်မှန်းထားသည့်အတိုင်းပေးရန်နှင့် ဒဏ်ငွေအနေနှင့်လည်း ငွေအမြောက်အမြားဆောင်ရန် ဘုံဘေဘားမား အစိုးရအား အမိန့်ချမှတ်လိုက်လေသည်။ မြန်မာအစိုးရက မိမိအားပေးရန် ဘုံဘေဘားမားကုမ္ပဏီအား ချမှတ်လိုက် သည့် ငွေအရေအတွက်မှာ စတာလင်ပေါင် ငွေနှစ်သိန်းငါးသောင်းခန့်ရှိပေသည်။ အငှားစာချုပ်ကို ဖျက်သိမ်းပစ်ရန်လည်း စကားပြန် လေသည်။
ဘုံဘေဘားမားကုမ္ပဏီသည် ကြွယ်ဝချမ်းသာသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ သို့ရာတွင် ယခုလောက် များပြားသည့် ဒဏ်ငွေကို ဆောင်ရပြီး အငှားစာချုပ်ကိုလည်း ဖျက်သိမ်းလိုက်ရမည်ဆိုလျှင် ကုမ္ပဏီပျက်စီးလုနီးနီးဖြစ်သွားနိုင်စရာ ရှိလေသည်။ သို့ဖြစ်၍ ဘုံဘေဘားမားကုမ္ပဏီက အိန္ဒိယအစိုးရအား တိုင်ကြားလေသည်။
ဘေးကျပ်နံကျပ်ဖြစ်သေည့် ဘုံဘေဘားမားကဲ့သို့သော ကြွယ်ဝချမ်သာသည့် ကုမ္ပဏီဘက်က ရပ်ဖို့ရန် ဆန္ဒပြင်းပြနေသည့် အိန္ဒိယအစိုးရ သည် မြန်မာအစိုးရအား စကားကမ်းလှမ်းကြည့်လေသည်။
ယင်းစေ့စပ်ကမ်းလှမ်းချက်၌ မည်သည့်အချက်အလက်များ ပါသည်ဆိုသည်ကိုမူ ကျွန်ုပ်မသိပေ။ သို့ရာတွင် စေ့စပ်ကမ်းလှမ်းချက်မှာ ပျက်ပြားသွားလေသည်။ ထိုအချိန်မတိုင်မီကလည်း ဘုံဘေဘားမား ကုမ္ပဏီသည် မိဘုရားကြီးနှင့် သြဇာတိက္ကိမ ရှိသည့် မှူးမတ်များထံ ချဉ်းကပ်ပြီး မိမိတို့ အလိုကျဖြစ်ရေးအတွက် ဆွေးနွေးကြည့်ခဲ့ဖူးသည်။ သို့သော်လည်း အောင်မြင်မှုမရရှိပေ။ ထိုနည်းအတိုင်းပင် ယခုအိန္ဒိယအစိုးရအနေနှင့် ကုမ္ပဏီအကျိုး အတွက် ကြားဝင်ပြန်သောအခါလည်း အောင်မြင်မှုမရရှိခဲ့ပေ။
မြန်မာအစိုးရကမူ တရွေးသားမှ အလျော့မပေးပေ။ ဤသို့ ထုတ်ဖော်ပြောဆိုလေသည်။ “ဒီကုမ္ပဏီဟာ အင်မတန်ကောက် ကျစ်စဉ်းလဲတယ်။ သူတို့အမှုကို အခုလို စီရင်ချက်ချတာ အင်မတန်တရားမျှတတယ်။ ဘာမှ သံသယဖြစ်နေစရာမရှိဘူး။ ကုမ္ပဏီဟာ မြန်မာအစိုးရရဲ့ အခွန်အကောက်အရေအတွက် မြောက်မြားစွာကို မသမာတဲ့နည်းကိုသုံးပြီး နစ်နာဆုံးရှုံးသွားအောင် လုပ်တယ်။ မြန်မာအစိုးရရဲ့ အရာရှိများကိုလည်း သူတို့ရဲ့ အပြစ်ကို ဖုံးကွယ်လိုတဲ့အတွက် အကျင့်ပျက်ပြားသွားအောင်လုပ်တယ်။ မြန်မာနိုင်ငံဘုရင်မင်းတရားကြီးဟာ ဘုရင်တစ်ဆူဖြစ်တယ်။ အပြစ်ကျူးလွန်တဲ့လူဟာ အင်္ဂလိပ်လူမျိုးဖြစ်စေကာမူ ဘုရင်မင်းတရားကြီးအနေနဲ့ မိမိတရားသည် မှန်သည်ထင်သည့်အတိုင်းသာ တရားစီရင်လိမ့်မယ်။ အခုဒီအမှုနဲ့ပတ်သက်ပြီး တရားစီရင်ပြီးပြီ။ ပြန်လည်ရုပ်သိမ်းလို့ မရတော့။ ဒဏ်ငွေကို ချက်ချင်းဆောင်ရမယ်။ ဒါမှမဟုတ်ရင် အငှားစာချုပ်အားလုံးကို ချက်ချင်း ဖျက်သိမ်းပစ်မယ်”
သို့ရာတွင် ထိုစီရင်ချက်ကို အကောင်အထည်ဖော်ရာ၌မူ မြန်မြန်ထက်ထက်မရှိပေ။ မြန်မာအစိုးရသည် အေးတိအေးစက် နိုင်လှသည်။ အမှုမှာ ၁၈၈၅ ခုနှစ် နွေဥတုကုန်သည်အထိ မျောသွားလေသည်။ မိုးသားတိမ်လိပ်တို့သည် မည်းမှောင်နက်ချိပ်လာ ကြလေသည်။ မချွတ်ဖြစ်ရတော့မည့် စစ်ပွဲလည်းနီးသထက်နီးလာလေသည်။ တိုင်းပြည်တခွင်လုံးတွင် ကောလဟာလ သတင်းများ ပျံ့နှံ့နေသည်။ တိုင်းသူပြည်သားတို့သည် ကျရောက်လာမည့်ဘေးဒုက္ခကို လှမ်းမျှော်ရမ်းဆပြီး၊ ဂဏာမငြိမ်ဖြစ်နေကြသည်။ မြန်မာအစိုးရသည် အောက်မြန်မာနိုင်ငံသို့ လူယုံများကို စေလွှတ်ပြီး ပုန်ကန်ထကြွမှုဖြစ်ပေါ်လာအောင် လှုံ့ဆော်ခိုင်းသည်ဟု သတင်းထွက်လာသည်။
အမြောက်တပ်ဗိုလ်မှူးကြီးတစ်ဦးသည် ကျွန်ုပ်တို့၏ ဗိုလ်ချုပ်ကြီးများအခြေအနေ သုံးသပ်ကြည့်နိုင်အောင် မန္တလေးမြို့သို့ တက်သွားပြီး မန္တလေးမြို့၏ ကာကွယ်ရေးအခြေအနေကို လေ့လာစုံစမ်းလေသည်။ သူ့ကိုဖမ်းဆီးရန် နောက်ယောင်လိုက်သော်လည်း အချိန်မီလွတ် မြောက် သွားလေသည်။ သူ့ကိုခေါ်ဆောင်သွားသော ကုန်သင်္ဘောကပ္ပတိန်သည် သူလျှိုတစ်ဦးအား ကူညီမိသည့်အတွက် အသတ်ခံရလုနီးနီးဖြစ်သွားခဲ့လေသည်။ မြန်မာအစိုးရသည် မိမိတို့၏ အခြေအနေကို လာရောက်စုံထောက်သည့် ဗိုလ်မှူးကြီး၏ လုပ်ရပ်ကို သိရသည့် အတွက် အကြီးအကျယ်ဒေါသထွက်သွားပြီးလျှင် ရန်ကုန်မြို့သို့နာကျည်းစွာဖြင့် စာချွန်တော်ရေးသားပေးပို့ပြီး ကန့်ကွက်လေသည်။ သို့ရာ တွင် မြန်မာအစိုးရ၏ ကန့်ကွက်စာကို အင်္ဂလိပ်အစိုးရက မဖွယ်မရာ လုပ်ပစ်လေသည်။
သို့ဖြစ်ရာ အခြေအနေသည် ဆိုးသထက် ဆိုးသွားလေသည်။ ထိုအတောအတွင်း အိန္ဒိယမှ မြန်မာပြည်သို့ စစ်တပ်များပို့ပြီး လျှင် မိုးပါးသွားသည်နှင့်တပြိုင်နက် မန္တလေးသို့ ချီတက်နိုင်ရန်အဆင်သင့် ဖြစ်အောင် ပြင်ဆင်နေလေသည်။ မန္တလေးမြို့သည် ဧရာဝတီမြစ် ကမ်းနဘေးတွင် တည်ရှိနေသည်။ ရေလမ်းခရီးအရ ရန်ကုန်မြို့မှ မိုင်ခုနစ်ရာဝေးပြီး ကျွန်ုပ်တို့၏ နယ်ခြားစခန်းမြို့ဖြစ် သည့် သရက်မြို့မှ မိုင် ၄၀၀ ဝေးလေသည်။ စစ်တပ်ချီတက်ရမည်မှာ ရေကြောင်းခရီးက ဖြစ်လေသည်။ မြစ်ထဲတွင် သွားလာ ခုတ်မောင်းနေသည့် သင်္ဘောများစွာကို ငှားရမ်းပြီးလျှင် အမြောက်များတပ်ဆင်လိုက်လေသည်။ စစ်တပ်ကို သယ်ဆောင်သွားနိုင်ရန် အတွက် တွဲသမ္ဗာန်များကို သင်္ဘောများ၌ ချိတ်ဆွဲလေသည်။ စစ်ပြင်ဆင်မှုမှာ လျင်မြန်သည်။ စေ့စပ်သည်။
မြန်မာဘုရင်ဘက်ကလည်း စစ်ပြင်ဆင်မှုများပြုလုပ်လေသည်။ များများစားစားတော့မဟုတ်ပေ။ မန္တလေးမှ စစ်တပ်တချို့ကို မင်းလှ သို့လည်းကောင်း၊ အရှေ့ဘက်နယ်စပ်သို့လည်းကောင်း ပို့လေသည်။ စစ်သည်တပ်သားများကို အရေအတွက် တိုးမြှင့်ရန်နှင့် လက်နက်တပ်ဆင်ပေးရန်အတွက်လည်း ကြိုးပမ်းအားထုတ်လေသည်။ သို့ရာတွင် စည်းကမ်းသေ၀ပ်မှု လည်း မရှိပေ။ စနစ်တကျ လည်းမရှိပေ။ ထိုအချိန် ထိုကာလတွင် မြန်မာဘုရင်အတွက် မြန်မာ့တပ်မတော်ကို ဦးစီးကွပ်ကဲမည့် မဟာဗန္ဓုလစစ်သူကြီးလည်း မရှိတော့ ပေ။ အံ့သြစရာကောင်းလောက်အောင်ပင် အကြားအမြင်ကင်းမဲ့ကြသည်။ နည်းဗျူဟာလည်း ညံ့ဖျင်းကြသည။် လစ်လျှင်လစ်သလိုလည်း မရိုးမသားလုပ်ကြသည်။ စစ်တပ်ကို ပေးကမ်းထောက်ပံ့ရန်အတွက် အခကြေးငွေကို ပေးလိုက်လျှင် စစ်တပ်သို့ မရောက်ဘဲ ကြားဖြတ်သုံးပစ်ကြသည်။ လက်နက်ဝယ်ရန် ကြေးငွေကို ပေးလိုက်လျှင်လည်း ကြေးငွေသာ ဆုံးသည်။ လက်နက်ကိုမရရှိပေ။
ဦးဆောင်ညွှန်ကြားမည့်သူ ဘယ်မှာမှမရှိပေ။ နည်းလမ်းကို ရှာကြံပြီး ထိုနည်းလမ်းအတိုင်း လုပ်ကိုင်ဆောင်ရွက်မည့် အမြော်အမြင်ရှိ သူဟူ၍လည်း တဦးတယောက်မျှ မရှိပေ။ ကင်းဝန်မင်းကြီးသည် ငြိမ်းချမ်းရေးရရှိစေရန်နှင့် အကျေအလည်ဖြစ်စေရန် အကြံဉာဏ်ပေး သည်ကားမှန်၏။ သို့ရာတွင် ထိုစဉ်က ကင်းဝန်မင်းကြီးသည် တကိုယ်တည်းသာလျှင် ဖြစ်နေရှာသည်။ ထို့အပြင် ထိုအချိန်က လိုအပ်နေသည့် အရာမှာ အကြံဉာဏ်မဟုတ်ပေ။ အကြားအမြင်ဗဟုသုတသာ ဖြစ်လေသည်။
အကယ်၍ ဘုရင်မင်းတရားကြီးနှင့် မိဘုရားကြီးတို့သာ နားလည်မှုရှိကြပါလျှင်….။ သို့သော် မင်းမိဘုရားနှစ်ပါးတို့သည် နားမလည်ကြပေ။ သူတို့သည် သူတို့၏ နန်းတော်အပြင်ဘက်က ကမ္ဘာလောကအကြောင်းကို ဘာမှနားမလည်ကြပေ။ မိမိတို့သည် ကမ္ဘာပေါ်ရှိ ဘုရာင်ဧကရာဇ်တို့နှင့်တန်းတူ ရည်တူပင် အာဏာရှိသည်။ ပညာရှိသည်။ မိမိတို့၏ တံခါးဝရောက်လာသည့် မည်သည့် ရန်သူနှင့်မဆို အပေါ်စီးကနေပြီး စကားပြောနိုင်လောက်အောင် ဘုန်းလက်ရုံးနှင့် ပြည့်စုံသည်ဟူ၍ သူတို့ကိုယ်သူတို့ ထင်နေကြသည်။ သို့ဖြစ်၍ ကင်းဝန်မင်းကြီးက အလျော့ပေးလိုက်ဖို့ရန် အကြံဉာဏ်ပေးသောအခါ ကင်းဝန်မင်းကြီးအား မိန်းမလျာ ဟူ၍လည်းကောင်း၊ သစ္စာဖောက်ဟူ၍ လည်းကောင်း၊ သမုတ်ပြီးသူပေးသည့် အကြံဉာဏ်ကို ဘေးဖယ်ထားလိုက်ကြလေသည်။
ဘာကြောင့် သူတို့အလျော့ပေးကြရမည်နည်း။ သူတို့ဘာလုပ်လုပ်အမှန်ဟု ကိန်းသေတွက်ထားကြသည်။ မြန်မာအစိုးရနှင့် ဘုံဘေဘားမားကုမ္ပဏီတို့ဖြစ်သည့်ကိစ္စတွင် အိန္ဒိယအစိုးရကြားဝင်ခြင်းသည် ကိုယ်နှင့်မဆိုင်တာကို ၀င်စွက်သည်ဟု မြန်မာဘုရင်နှင့် သူတို့၏အတိုင်ပင်ခံအမတ်ကြီးများက ယူဆကြသည်။ အင်္ဂလန်ပြည်သည် ပြင်သစ်ကို ဤသို့ လုပ်ရဲမှာမဟုတ်။ အမေရိကကိုလည်း ဤသို့ လုပ်ရဲမည်မဟုတ်။ ရုရှားကိုလည်း ဤသို့ လုပ်ရဲမည်မဟုတ်။ သို့ဖြစ်လျှင် သူတို့ကိုလည်း ဘာကြောင့် လုပ်ရဲရမည်နည်း။
ထိုနိုင်ငံများနှင့် မြန်မာနိုင်ငံကား မတူပေ။ ထိုနိုင်ငံများသည် အင်အားကြီးမားသည်။ စွက်ဖက်မှုကို တုံ့ပြန်နိုင်စွမ်းရှိသည်။ မြန်မာနိုင်ငံကား အင်အားအလွန်နည်းပါးသည်ဖြစ်၍ လက်ရဲဇက်ရဲသူတစ်ဦးဦး၏ သားကောင်ဖြစ်သွားနိုင်သည်။ ယင်းခြားနားချက်ကို သူတို့ မစဉ်းစားမိကြပေ။
သူတို့ကို မည်သူကမှ အမှန်သဘောကို ပြောမပြကြပေ။ ပြောလည်းမပြောဝံ့ပေ။ တကွက်မှားသွားသည်နှင့်တပြိုင်နက် အပြစ်ဒဏ်အစီရင်ခံရသည့် ထုံးများ ရှိနေသောကြောင့် ဖြစ်သည်။ နန်းတော်တံခါးအပြင်ဘက်၌ အကြားအမြင်ရှိနေသည်။ အကြောက်အရွံ့ရှိနေသည်။ နန်းတော်တွင်း၌ကား မျက်စိကန်းတစ္ဆေမကြောင်ရှိနေသည်။ သူတို့သည် ယင်းကလေးသူငယ် နှစ်ဦးတို့သည် အိပ်မက်မက်နေကြသည်။ သူတို့သည် အင်္ဂလန်နှင့်တုဖက်ယှဉ်ပြိုင်နိုင်စွမ်းမရှိဟု သူတို့အား မည်သူကမှ အရိပ်အမြွက် မပြောဝံ့ကြပေ။ ကင်းဝန်မင်းကြီးလည်း အကြံဉာဏ်သာပေးသည်။ အမှန်သဘောကိုမူ ပြောမပြ၀ံ့ပေ။ သူအရိပ်ပြသည်ကို အကောင် မထင်ပေ။ တလွဲသာထင်နေသည်။
ဘုရင်မင်းတရားကြီးနှင့် သူ့အစိုးရသည် သူတို့၏ နောက်၌ ထိုးဖောက်ဖို့ရန် မလွယ်သည့် တပ်မတော်ကြီးရှိနေသည့်အလား ပြုမူလုပ်ကိုင်နေကြသည်။ ထိုအချိန်က ဗြိတိသျှအစိုးရထံပေးသည့် သူတို့၏ စာချွန်တော်အားလုံး၌ အားမာန်သဘောသည် ပေါ်လွင် နေပေသည်။ မိမိတို့ဘက်က လုံးဝမှန်ကန်သည်ဟူ၍ လည်းကောင်း၊ စွက်ဖက်မှုဟူသမျှကိုတွန်းလှန်ပစ်နိုင်သည့်စွမ်းအား မိမိတို့တွင်ရှိသည်ဟူ၍လည်းကောင်း၊  စိတ်ချလက်ချယုံကြည်ထားခြင်းသည်လည်း သူတို့၏ စာချွန်တော်များ၌ထင်ရှားနေပေသည်။
ကျွန်ုပ်အနေနှင့် ယခုအတိတ်ကို ပြန်ကြည့်လိုက်သည့်အခါ၌ကား ယင်းသူငယ်ဘုရင်ကလေးများ၏ အခြေအနေသည် ကြင်နာ သနားဖွယ်အပြည့်ရှိနေသည်။ သူတို့၏ ကလေးပီပီ မသိနားမလည်မှု၊ သူတို့၏အင်အားနည်းပါးမှု၊ သူတို့၏ အာဏာနှင့် တန်ခိုးကို ဆုပ်ကိုင်ထားလွန်းမှု၊ ယင်းအခြင်းအရာများသည် ကြင်နာသနားဖွယ်ရာပင်ဖြစ်လေသည်။ ယင်းအခြင်းအရာများသည် သူတို့အား ဘယ်လမ်းဘယ်ခရီးသို့ ပို့ဆောင်မည်ဆိုသည်ကို သိနေရသော ကျွန်ုပ်တို့အဖို့ ယင်းအခြင်းအရာများထက် သနားကြင်နာစရာ ကောင်းသောအရာမရှိနိုင်တော့ပေ။
ဤကား ၁၈၈၅ ခုနှစ် မိုးကုန်ချိန်အခြေအနေဖြစ်လေသည်” ဟူ၍ ရေးသားဖော်ပြထားလေသည်။
ဖိလဒင်းဟောသည် အခြားစာအုပ်များတွင် သစ်ကုမ္ပဏီနှင့် မြန်မာအစိုးရအချင်းများရသည့်ကိစ္စကို ရေးသားတင်ပြထားသည်ကို
တွေ့ရလေသည်။
၁၈၈၅ ခုနှစ် မေလ လောက်က ဖိလဒင်းဟောသည် သီပေါဘုရင်အုပ်စိုးနေသည့် အထက်မြန်မာနိုင်ငံသို့ ရောက်သွားလေသည်။ ထိုအချိန်က တတိယမြန်မာ-အင်္ဂလိပ် စစ်ပွဲ မဖြစ်သေးပေ။ ထိုစဉ်က မြန်မာနိုင်ငံအတွင်း ကူးသန်းသွားလာရေးမှာ မလွယ်ကူပေ။ ဖိလဒင်းဟော သစ်ကုမ္ပဏီ၏တာဝန်အရ အထက်မြန်မာနိုင်ငံသို့ သွားသည့်အခါ အင်္ဂလိပ်ပိုင်နှင့် မြန်မာပိုင်နယ်စပ်ကို ခဲခဲယဉ်းယဉ်းဖြတ်ကျော် ပြီးသွားရလေသည်။ ယင်းခရီးစဉ်ကို သူ၏ A People at School အမည်ရှိစာအုပ်၌ ရေးသားဖော်ပြထားလေသည်။
အထက်မြန်မာနိုင်ငံသို့သွားပြီး ဖိလဒင်းဟော ပထမဆုံးနေသည့်နေရာမှာ “နင်းကြမ်း” အမည်ရှိ သစ်တောနယ်မြေဖြစ်သည်။ နင်းကြမ်းမှာ ပျဉ်းမနားနယ်ရှိ သစ်တော်အချက်အချာနယ်မြေဖြစ်သည်။ ဖိလဒင်းဟောသည် ၎င်းကြမ်းတွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားသည်အထိ နေသွားခဲ့လေသည်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မန္တလေးမြို့ကျပြီး အရှင်နှစ်ပါးကို အင်္ဂလိပ်တို့က အိန္ဒိယသို့ခေါ်ဆောင်သွားကြသည်။ ထို့နောက် ခုနစ်လအကြာ ၁၈၈၆ ခုနှစ် ဇူလိုင်လတွင် ဖိလဒင်းဟော မန္တလေးသို့ ရောက်သွားလေးသည်။ ထိုစဉ်က မန္တလေးမြို့၏ အခြေအနေကို ဖိလဒင်းဟောသည် သူ၏ စာအုပ်တွင် ရေးသားဖော်ပြထားသည်။ ထိုစဉ်က မန္တလေးနန်းတော်သည် အထက်မြန်မာနိုင်ငံ အင်္ဂလိပ်အစိုးရ၏ ဗဟိုဌာနဖြစ်နေလေသည်။ အင်္ဂလိပ်စစ်ဗိုလ်ချုပ်၏ ဌာနချုပ်ကိုလည်း နန်းတွင်းမှာပင်ထားလေသည်။ ယခင်က မိဘုရားများ၊ ရံရွေတော်များ၊ မှူးမတ်များနေခဲ့သော အဆောင်တော်များမှာ အင်္ဂလိပ်အရာရှိများ စတည်းချရာ ဖြစ်နေသည်။ ပလ္လင်ဆန်း၊ ပလ္လင်ဆောင်များမှာ ရုံးများဖြစ်နေသည်။ ညီလာခံခန်းမဆောင်များမှာ ထမင်းစားခန်းများဖြစ်နေသည်။ အထက်မြန်မာနိုင်ငံကို အုပ်ချုပ်သော ကော်မရှင်နာမင်းကြီး ဆာဘားနဒ်လည်း နန်တော်အတွင်း၌ပင်နေလေသည်။ ဖလဒင်းဟောသည် အစိုးရအမှုထမ်းရန် ကော်မရှင်နာမင်းကြီး ထံမှ အမိန့်ကို စောင့်ဆိုင်းနေလေသည်။ ယင်းသို့စောင့်ဆိုင်းနေစဉ်အတွင်း ကော်မရှင်နာမင်းကြီး၏ ရုံးအရာရှိများနှင့် အတူတကွ နန်းတော်အတွင်း၌ပင် နေထိုင်လေသည်။ ထိုအချိန်ကား မန္တလေးမြို့ ကျသါားသည်မှာ ပူပူနွေးနွေးပင် ရှိသေးသည်။ သို့ဖြစ်၍ ဖိလဒင်းဟော သိရှိရသည့် မန္တလေးနန်းတော်နှင့် မြန်မာဘုရင်၊ မြန်မာမိဘုရားများအကြောင်းများမှာ လတ်လတ်ဆတ်ဆတ်ပင် ရှိသေးသည်။ ထို့ကြောင့် ၁၈၉၉ ခုနှစ် ထုတ်ဝေသည့် Thibaw’s Queen စာအုပ်ပါ အချက်အလက်များမှာ မှန်ကန်မှုနှင့် အနီးစပ်ဆုံးသော အကြောင်းအရာများဖြစ်နိုင် လေသည်။
ယင်းစာအုပ်ကို ၁၉၇၂ ခုနှစ် “သီပေါမဟေသီ” အမည်ဖြင့် မြန်မာပြန်ရေးသားထုတ်ဝေခဲ့သော ဆရာပါရဂူကလည်း –
“မြန်မာပြည်အကြောင်းရေးသားသည့် နိုင်ငံခြားသားများအနက် မြန်မာပြည်သူပြည်သားများအနေနှင့် စွဲလမ်းနှစ်ခြိုက်နေ သည့် စာရေးဆရာတစ်ဦးမှာ အင်္ဂလိပ်လူမျိုး ဖိလဒင်းဟောဖြစ်လေသည်။ မြန်မာပြည်အကြောင်းကို ရေးသားရာ၌ တစ်ဦးနှင့်တစ်ဦး မတူကြပေ။ အချို့မှာ မြန်မာရာဇ၀င်သမိုင်းကို ရေးကြသည်။ အချို့က မျက်မြင်ကိုယ်တွေ့ကို ရေးကြသည်။ အချို့က ခရီးသွားမှတ်တမ်းရေးကြသည်။ အချို့က ဘာသာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံအကြောင်းတို့ကို ရေးကြသည်။ အချို့က မြန်မာပြည်ကို နောက်ခံထားပြီး ၀တ္ထုရေးကြသည်။ ယင်းသို့ ရေးသားကြရာ၌ မြန်မာပြည်အကြောင်းကို မှန်မှန်ကန်ကန် တိတိကျကျ ရေးသားနိုင်သူက နည်းသည်။ အချို့အရေးအသားများမှာ တိမ်းစောင်းနေပြီး၊ အချို့အရေးအသားများမှာ ဘက်လိုက်ရေးသား ထားလေသည်။
ဖိလဒင်းဟော ၏ အရေးအသားများမှာကား ထိုကဲ့သို့ မဟုတ်ပေ။ ဖိလဒင်းဟောသည် မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့သည်။ ယင်းသို့ နေထိုင်စဉ်အတွင်းမြန်မာတို့၏ အတွင်းသဘောကို နှိုက်ပြီး လေ့လာသည်။ လေ့လာသမျှကို အခြေခံပြီး စာအုပ်ရေးသည်။ မြန်မာလူမျိုးအပေါ်၌ထားသော သူ၏ စေတနာကလည်း မှန်သည်။ သူ၏ လေ့လာချက်ကလည်း ခိုင်မာသည်။ သို့ဖြစ်၍ သူရေးသားထားသည့် မြန်မာအကြောင်းစာအုပ်များမှာ သမာသမတ်ကျပြီး မြန်မာလူမျိုးတို့၏ ဘ၀အမှန်နှင့် နီးစပ်သည့် စာအုပ်များ ဖြစ်နေပေသည်။”
ဖိလဒင်းဟောသည် မန္တလေးမြို့၌ နေထိုင်စဉ်အတွင်း ကျောက်ဆည်မြို့အုပ်ခန့်အပ်ခံရ၍ ကျောက်ဆည်မြို့သို့ ပြောင်းရွှေ့နေထိုင်သည်။ မြန်မာနိုင်ငံ ပြန်တမ်းဝင်အရာရှိကြီးများ၏ အမှုထမ်းသမိုင်းတွင် မန္တလေးမြို့၌ ဟေညသည် တစ်ပတ်ကြာမျှ မြို့အုပ်လုပ်သည် ဟု ပါရှိလေသည်။ ကျောက်ဆည်၌လည်း မကြာလှပေ။ ကျောက်ဆည်မြို့သို့ ၁၈၈၆ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ရောက်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရှိမ်းမကားသို့ မြို့အုပ်အဖြစ်နှင့်ပင် ပြောင်းရွှေ့ရလေသည်။
ရှိမ်းမကားသို့ ရောက်သောအခါ ကျောက်ဆည်နှင့်မတူသည့်အခြေအနေကို ဖိလဒင်းဟောတွေ့ရှိရလေသည်။ ကျောက်ဆည်တွင် ငြိမ်ဝပ်ပိပြားမှုရှိသော်လည်း ရှိမ်းမကား၌ လှုပ်ရှားထကြွမှုများရှိနေသည်။ သူ့အလုပ်မှာ မြို့အုပ်ဖြစ်သော်လည်း ရှိမ်းမကား၌ စစ်တပ်ကို သတင်းရှာပေးရသည့် ထောက်လှမ်းရေးအလုပ်ကိုသာ လုပ်နေရသည်။ ထိုစဉ်က ရှိမ်းမကားနယ်တွင် နာမည်ကြီးဖြစ်သည့် ဗိုလ်မောင်ရိုင်တို့၏ ရန်က ဖိလဒင်းဟော သူ၏ A People at School တွင် လည်းကောင်း၊ The Soul of a People (မြန်မာ့စိတ်သဏ္ဌာန်) တွင်လည်းကောင်း၊ ရှိမ်းမကားနယ်မှ နယ်ချဲ့တော်လှန်ထကြွမှုများအကြောင်းနှင့် ဗိုလ်မောင်ရိုင်၏ အကြောင်းကို တခမ်းတနားရေးသား ဖော်ပြထားလေသည်။
၁၈၈၇ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ရွှေဘိုသို့ မြို့အုပ်အဖြစ်နှင့်ပင် ပြောင်းရွှေ့ရသည်။ ထိုမှတဆင့် မြို့အုပ်ရာထူးနှင့်ပင် ဧပြီလတွင်ကောလင်းသို့ ပြောင်းရွှေ့ရသည်။ ကောလင်းတွင် နေစဉ် အင်္ဂလိပ်အစိုးရကို တော်လှန်ခြားနားနေသော ၀န်းသိုစော်ဘွားကြီး ကို ဖိလဒင်းဟော တွေ့ဆုံခဲ့ရလေသည်။
၁၈၈၈ ခုနှစ် ဇူလိုင်လတွင် ဖိလဒင်းဟောသည် ကောလင်းမှ ချင်းတောင်သို့ ပြောင်းရွှေ့သွားရသည်။ ကလေးမြို့တွင် ဥရောပတိုက်သား အဖော်ဟူ၍ အခြားတစ်ဦးတစ်ယောက်မျှ မရှိဘဲ သူတစ်ဦးတည်းနေရလေသည်။ ၁၈၈၉ ခုနှစ် ဒီဇင်ဘာလကျမှ ချင်းတောင်မှ ပြောင်းရွှေ့ရလေသည်။
ဖိလဒင်းဟောသည် အစိုးရအမှုထမ်းဘ၀ဖြင့် မြန်မာပြည်အရပ်ရပ်တွင် ကျင်လည်ခဲ့သည်။ သူအမှုထမ်းခဲ့သော မြို့များမှာ ကျောက်ဆည်၊ ရှိမ်းမကား၊ ရွှေဘို၊ ကောလင်း၊ ချင်းတောင်၊ မလှိုင်၊ ၀မ်းတွင်း၊ ရန်ကုန်၊ ၀န်းသို၊ သရက်၊ မကွေး၊ စစ်ကိုင်း၊ ဘုတလင်၊ မြင်းခြံ၊ အင်စိန်တို့ ဖြစ်သည်။ အမှုထမ်းခဲ့သည့် ရာထူးများမှာလည်း မြို့အုပ်၊ လက်ထောက်ကော်မရှင်နာမင်းကြီး စသည်တို့ဖြစ်သည်။ တစ်ခါတစ်ရံ အရေးပိုင်တာဝန်များကိုလည်း ထမ်းရွက်ရလေသည်။ ၁၈၈၆ ခုနှစ်မှစ၍ အစိုးရအမှုထမ်းလုပ်လာခဲ့ရာ ၁၉၀၆ ခုနှစ်ကျမှ အငြိမ်းစားယူခဲ့လေ သည်။ အငြိမ်းစားမယူမီအတွင်း ၁၈၉၁ ခုနှစ်က တရုတ်ပြည်နှင့် ဂျပန်ပြည်သို့လည်း သွားလိုက်သေးသည်။
ဖိလဒင်းဟောသည် အိုင်ယာလန်ပြည် ရာသိုဝင်မြို့၌ ၁၈၅၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ အိပ်ခ်ျဘီဟော (H.B.Hall) ၏ တစ်ဦးတည်းသောသားဖြစ်သည်။ လီမန်တန်ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ဂျေအမ်မဒ်ခ် သမီး မာဂရက်အီလာဒင်နှင့် အိမ်ထောင်ကျ၍ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့သည်။ ၁၈၇၈ ခုနှစ် ၌ ရွက်သင်္ဘောဖြင့် ကမ္ဘာတစ်ပတ် ခရီးထွက်ခဲ့ဖူးသည်။ ဖိလဒင်းဟောသည် ၁၉၁၇ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
ဖိလဒင်းဟောသည် မြန်မာပြည်၏ ရေစက်သည် သူ့တစ်သက်၌သာ ကုန်ဆုံးသွားသည်မဟုတ်ပေ။ ဖိလဒင်းဟော၏ သားလည်း အစိုးရ အမှုထမ်းအဖြစ်ဖြင့် မြန်မာပြည်သို့ ရောက်လာလေသည်။ ဖိလဒင်းဟော၏ သားသည် ဒုတိယကမ္ဘာစစ်ဖြစ်သည်အထိ မြန်မာပြည်၌ ရှိနေသည်။ သို့သော် မြန်မာပြည်၌ သူ့ဇာတ်ကို သူသိမ်းသွားသည့် သတင်းကို ကြားရသည်မှာ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှသည်။
ဖိလဒင်းဟော၏ သားသည် ထိုအချိန်က တရားဌာနအတွင်းဝန်အဖြစ် အမှုထမ်းနေသည်။ ရန်ကုန်ကို ဂျပန်တို့ စတင်ဗုံးကြဲသောအခါ အစိုးရအဖွဲ့ ပြောင်းကြရွှေ့ကြသည်။ ရန်ကုန်ဆေးရုံလူနာများကို အထက်မြန်မာပြည်သို့ ရထားဖြင့် သယ်ဆောင်သွားသည်။ တဆက်တည်း မှာပင် အရူးထောင်အတွင်း၌ ထားသောအရူးများ၏ ပြဿနာပေါ်လာသည်။ အရူးမျာကို အထက်မြန်မာနိုင်ငံကို သယ်ဆောင်သွားဖို့ ရာလည်း မဖြစ်နိုင်ပေ။ ထောင်ထဲတွင် ပိတ်ထားခဲ့ဖို့ရာကလည်း ငတ်၍ သေဖို့ရာသာရှိသည်။ သို့ဖြစ်၍ အရူးများကို ထောင်ဖွင့်ပြီး လွှတ်လိုက်လေသည်။ အရူးများကို လွှတ်ပေးဖို့ အမိန့်ပေးသူမှာ ဖိလဒင်းဟော၏ သား တရားရေးဌာနအတွင်းဝန်ဖြစ်လေသည်။ သို့ရာတွင် အရူးများထောင်က လွတ်သွားသောအခါ ရန်ကုန်မြို့လမ်းများပေါ်၌ အခြေအနေဆိုးများကို တွေ့ရသောအခါ ဖိလဒင်းဟော၏ သားသည် သူ့ကြောင့် ယင်းကဲ့သို့ ဖြစ်ရသည်။ သူ့၌သာ တာဝန်ရှိသည်ဆိုပြီး သူ့ကိုယ်သူသတ်သေသွားလေသည်။ ထိုအကြောင်းကို မောရစ်ကောလစ်၏ First and Last in Burma အမည်ရှိစာအုပ်၌ အစိုးရ၏ အစီရင်ခံစာတစ်ခုကို ကိုးကား၍ ရေးသားထားလေသည်။
ဖိလဒင်းဟောသည် စုစုပေါင်းစာအုပ် (၁၄) အုပ် ရေးသားပြုစုသွားခဲ့လေသည်။ သူသည် ဆောင်းပါး၊ စာတမ်းအများအပြားကိုလည်း ရေးသားသွားလေသည်။ သူရေးသားခဲ့သည့် စာအုပ်များမှာ-
(၁) The Soul of a People    (၁၈၉၈)
(၂) Thibaw’s Queen     (၁၈၉၉)
(၃) Palace Tales     (၁၉၀၀)
(၄) For England (Tale & Poems)  (၁၉၀၄)
(၅) The Hearts of Men     (၁၉၀၄)
(၆) A People at School     (၁၉၀၆)
(၇) The Inward Light    (၁၉၀၈)
(၈) One Immortality    (၁၉၀၉)
(၉) The Way of Peace    (၁၉၁၀)
(၁၀) The World Soul    (၁၉၁၃)
(၁၁) Margaret’s Book    (၁၉၁၃)
(၁၂) Love’s Legend    (၁၉၁၄)
(၁၃) The Field Honor    (၁၉၁၅)
(၁၄) The Nature of War & It’s Cause  (၁၉၁၉)
စသည်တို့ဖြစ်သည်။
စာကိုး
၁) သန်းဝင်းလှိုင်၊ အနှစ်ချုပ်မြန်မာ့သမိုင်းအဘိဓာန် ပထမတွဲ (ပ) ကြိမ် ၂၀၁၀၊ ပညာရွှေတောင်စာအုပ်တိုက်။
၂) ပါရဂူ (မြန်မာပြန်)၊ သီပေါ၏မဟေသီ၊ ချင်းတွင်းစာပေ၊ ပကြိမ်၊ ၁၉၇၂။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)