တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၄)

March 8, 2013

သန်းဝင်းလှိုင်
မတ်လ ၈၊ ၂၀၁၃
● အာဏာသိမ်းပြီးနောက် အခြေအနေ
မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအစည်းအရုံး (ဗတလစ) ညီလာခံ၌ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက သွင်းကုန်ကိစ္စကို မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း နိုင်ငံရေး   အခြေအနေ ရုတ်တ ရက် ပြောင်းလဲသွားသဖြင့် မူလအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
ရန်ကုန်မြို့ ပြည်လမ်းရှိ ပထစဌာနချုပ်တွင်လည်း ပထစအစိုးရအဖွဲ့ ၀န်ကြီးများ အဖမ်းခံရခြင်းကိစ္စနှင့်ပတ်သက်၍ လာရောက် သတင်းမေးကြ၍ ပထစခေါင်းဆောင်ငယ်များဖြင့် ပြည့်ကျပ်လျက်ရှိသည်။ ထိုနေ့၌ပင် ပထစအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သခင်ကျော်ထွန်း၊ ဦးသန်းစိန်၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်တင်မောင်ကြီးနှင့် ဦးစောလူးလူတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပြီး အရေးပေါ် အစည်းအဝေးကျင်းပခဲ့ကြသည်။ အစည်းအဝေးတွင် ဦးသန်းစိန်က ပါလီမန်အတွင်းသို့ အမတ်များ လုံး၀၀င်ခွင့်မပြုသည်ကို မိမိအနေဖြင့် သံသယဖြစ်မိကြောင်း၊ ယခုကဲ့သို့ နိုင်ငံရေးအခြေအနေ ရုတ်တရက်ပြောင်းလဲသွားခြင်းကို မိမိတို့ ပထစအမတ်များက အံ့အားသင့်ရကြောင်း ပြောကြားသည်။ အထွေထွေအတွင်းရေးမှူး သခင်ကျော်ထွန်းမှာမူ စိတ်မကောင်းသည့်အသွင်ဖြင့် မည်သို့မျှဝင်ရောက်ပြောဆိုခြင်း မပြုဟု ဆိုသည်။
● ဗိုလ်ချုပ်ကြီးနေ၀င်း၏ရှင်းလင်းချက်
တော်လှန်ရေးကောင်စီဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ပထစ၊ ဖဆပလနှင့် ပမညတ အဖွဲ့သုံးဖွဲ့မှ ကိုယ်စားလှယ်ငါးဦးစီတို့အား ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီတွင် စစ်ရုံးချုပ်အတွင်းရှိ ဒဂုံရိပ်သာ၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ ပထစအဖွဲ့ချုပ်မှ သခင်ကျော်ထွန်း၊ ဗိုလ်တင်မောင်ကြီး၊ စောလူးလူ၊ ဗိုလ်အေး၊ ဖဆပလအဖွဲ့ချုပ်မှ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေး၊ ဦးခင်မောင်လတ်၊ ဦးထွန်းတင်၊ ပမညတအဖွဲ့မှ သခင်ချစ်မောင်၊ ဗိုလ်ဖိုးကွန်း၊ ဗိုလ်မြသွေး၊ ဗိုလ်အောင်နိုင်နှင့် ဦးအောင်မြင့်တို့အား တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော အထွေထွေအခြေအနေကို ဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းက တိုင်းပြည်တွင် ကုန်ဈေးနှုန်း အဆမတန်တက်နေသောကိစ္စနှင့် တရားဥပဒေစိုးမိုးမှုပျက်ပြားနေသောကိစ္စ နှင့် တရားဥပဒေစိုးမိုးမှု ပျက်ပြားနေသောကိစ္စတို့ကို ဆွေးနွေးပြောကြား၍၊ ဖက်ဒရယ်ကိစ္စတွင် အလွန်တင်းမာလာသောကြောင့် မလွှဲမရှောင်သာ၍ တိုင်းပြည်တာဝန်ကို ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။ တော်လှန်ရေးကောင်စီသည် ဆိုရှယ်လစ်ပိုင်းတိုင်သို့ ချီတက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ချီတက်ရာတွင် နိုင်ငံရေးပါတီများနှင့် တိုင်ပင်၍ ညီညွတ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ရှိအခြေခံ ဥပဒေမှာ လိုသလို ဆွဲယူနိုင်သော ဥပဒေဖြစ်သဖြင့် အသစ်ပြန်လည်ရေးဆွဲရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲ ရာတွင် ပထစအဖွဲ့ချုပ်၊ ဖဆပလအဖွဲ့ချုပ်၊ ပမညတတို့နှင့် ညှိနှိုင်းမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။
ဗိုလ်ချုပ်ကြီးနေ၀င်း ရှင်းပြသည့် တော်လှန်ရေးကောင်စီ၏ သဘောထားနှင့် လုပ်ငန်းစဉ်များကို ပမညတအဖွဲ့ချုပ်က ကြိုက်နှစ်သက် သဘောကျသောကြောင့် ပါဝင်ပူးပေါင်းမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
● ဗိုလ်မှူးချုပ်အောင်ကြီး၏ သတင်းစာရှင်းလင်းပွဲ
၁၉၆၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင်ပင် တော်လှန်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးချုပ်အောင်ကြီးနှင့် ပြန်ကြားရေးဌာန ၀န်ကြီး ဗိုလ်မှူးကြီးစောမြင့်တို့သည် ဒဂုံရိပ်သာ၌ပင် သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပခဲ့ပြန်သည်။ ၎င်းက-
“အာဏာသိမ်းတဲ့ကိစ္စမှာ သာမန်အားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတို့မှ ဖြစ်ပေါ်လာတဲ့အပေါ်မှာတည်ပြီး သိမ်းခြင်းဖြစ်ပါတယ်။ ဒီဗမာပြည်မှာတော့ အာဏာသိမ်းရခြင်းအကြောင်းကတော့ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ နောက်ဆုံးဖက်ဒရယ်မူ အရေးကိစ္စတို့ကြောင့် သိမ်းရပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးကောင်စီဟာ အာဏာကိုလိုချင်လို့ အဓမ္မယူခြင်းမဟုတ်ပါ။ ဘယ်လိုသိနိုင်သလဲဆိုရင် လွန်ခဲ့သော ၂ နှစ်လောက်က လူထုအစိုးရအား အာဏာကို လွှဲပြောင်းပေးခဲ့ခြင်းဟာ ထင်ရှားပါတယ်။
ခု ဒုတိယအကြိမ် သိမ်းခြင်းဟာ ဖက်ဒရယ်မူ၏ အရေးတကြီးဖြစ်ပေါ်နေသော အကြောင်းကြောင်းများကြောင့် ယခုလို မလွှဲမရှောင် သာဘဲ နှင့် တိုင်းပြည်ကို ထိန်းသိမ်းဖို့ အာဏာသိမ်းယူရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဗမာပြည်ဟာ တိုင်းပြည်ငယ်ငယ်ကလေးပါ။ အဲဒီလို ငယ်တဲ့တိုင်းပြည်ကလေးဟာ အစိပ်စိပ်အမွှာမွှာကွဲပြီးတော့ သူတလူငါတမင်းနဲ့ တိုင်းပြည်ငယ်ကလေးများ ဖွဲ့စည်း၍ မဖြစ်ပါ။ ကျွန်တော်တို့ရဲ့ တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ လွတ်လပ်ရေးရပြီးသည့်နောက် ဆယ်နှစ်စေ့တဲ့အခါမှာ ပြည်ထောင်စုကြီးမှ ခွဲထွက်နိုင်တယ် ဆိုတာ မှန်ပါတယ်။ ဆိုပါတော့ စကော့တလန်ပြည်ဟာ အင်္ဂလန်ပြည်မကြီးမှ ခွဲထွက်ဖို့ဟာ ခုလို ဆယ်နှစ်မဟုတ်ပါ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကတည်းက ကြံရွယ်နေပါတယ်။ ဒါပေမယ့် သူတို့ ခုထက်ထိ စည်းစည်းလုံးလုံးရှိနေတာကို တွေ့ရပါတယ်။
ဗမာပြည်မှာတော့ လွတ်လပ်ရေးရပြီးသည့်နောက် ၁၅ နှစ်မှာပဲ ဗမာပြည်ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုးကြောင့် ခုလို ခွဲထွက်ဖို့ စကားတွေဟာ တစ်နေ့တခြား ကျယ်လောင်လာပါတယ်။ အဲဒီတော့ ဥပမာဆိုကြပါစို့၊ ကျွန်တော်တို့ အိမ်နီးချင်းဖြစ်လာတဲ့ လောပြည်တို့၊ ဗီယက်နမ်တို့ကို ကြည့်ပါ။ သူတို့ ဒီလိုဖြစ်နေတဲ့အတွက် သူတို့တိုင်းပြည်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ခင်ဗျားတို့ အသိသားပဲ။ အဲဒီလို လောပြည်၊ ဗီယက်နမ်ပြည်တို့မှာ ဖြစ်နေသလို ကျွန်တော်တို့ တိုင်းပြည်မှာ အဖြစ်မခံနိုင်ဘူး။ နိုင်ငံရေးအရ မကျေနပ်မှု ရှိပါတယ်။ ဒါပေမယ့် ဒီမကျေနပ်မှုဟာ အုပ်မနိုင်ထိန်းမရဖြစ်လာတဲ့အခြေအနေမှာ ဒီကိစ္စကို အေးချမ်းအောင် ဘယ်သူမှ မလုပ်နိုင်ပါ။ ရှမ်း၊ ကယားတို့က တသီးပုဂ္ဂလပြည်နယ်အဖြစ် တောင်းပါတယ်။ ကယားပြည်လို လူဦးရေ (၈၇,၀၀၀) သာရှိတဲ့ ပြည်နယ်အငယ်ဆုံးကလေးက တသီးပုဂ္ဂလပြည်နယ်တောင်းလာတယ်” ဟူ၍ ပြောကြားခဲ့သည်။ ထို့အပြင် ဗိုလ်မှူးချုပ်အောင်ကြီးက ဦးနုသည် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးပြဿနာများကို ထိန်းမနိုင် သိမ်းမရ အခြေအနေသို့ ရောက်အောင် ကြီးထွားစေခဲ့ကြောင်း၊ ဦးနုသည် မိမိ၏ပါတီကိုပင် မထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြား၍ ဦးနုအားဝေဖန်ခဲ့သည်။
ဗိုလ်မှူးချုပ်အောင်ကြီးသည် မတ်လ ၉ရက်နေ့တွင်လည်း ရန်ကုန်မြို့အလံပြဘုရားလမ်းရှိ အမျိုးသားကာကွယ်ရေးတက္က သိုလ် (ယခု ယုဇနဟိုတယ်) တွင် သတင်းစာဆရာများနှင့် ထပ်မံတွေ့ဆုံကာ နိုင်ငံတော်အာဏာသိမ်းယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြန်သည်။ အဆိုပါရှင်းလင်းပွဲသို့ ပြန်ကြားရေးဌာန၀န်ကြီးဗိုလ်မှူးကြီးစောမြင့်၊ ဒုတိယဗိုလ်မှူးကြီး လွင်၊ ဒုတိယဗိုလ်မှူးကြီး ဘိုနှင့် ပညာရေးစိတ်ဓာတ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစောဦးတို့ တက်ေ၇ာက်ကြသည်။ ရှင်းလင်းပွဲ၌ ဗိုလ်မှူးချုပ် အောင်ကြီးက –
“ဒီမိုကရေစီအောင်တာ မအောင်တာ ပြဿနာမဟုတ်ပါဘူး။ တိုင်းပြည်ပြိုကွဲမယ့် အခြေအနေရောက်လာလို့ ထိန်းသိမ်းရတာပဲ။ ကြိုကြိုတင်တင်နဲ့ ခပ်စောစောက ပြတ်ပြတ်သားသားကိုင်ရင် ဆူပူမှုဟာ ဒီလောက်ဆိုးစရာမရှိပါဘူး။ အစိုးရက သဘောထားကြီးကြောင်း ပြတာနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားစိတ်တွေရှိလာကြတာပဲ။ ပလိပ်ရောဂါ၊ ၀မ်းေ၇ာဂါ ဖြစ်ခါမှ ရေကို ချက်သောက်ရမယ်လို့ တရားဟောနေရင် အဲဒီအချိန်မှာပဲ လူဦးရေတ၀က်ကုန်သလောက် ဖြစ်နေမှာပဲ။ အသံလွှင့်ရုံမှာ ကျင်းပတဲ့ အမျိုးသားနှီးနှောဖလှယ်ပွဲသာပြီးရင် ဖြစ်ချင်တာ ဖြစ်ကုန်ကြမှာပဲ။ ပြည်နယ်တွေကပဲ သူတို့ လိုချင်တာ ပေးရင်ပေး၊ မပေးရင်ခွဲမယ်၊ တိုက်ရမယ်ဖြစ်ကုန်ကြပြီ။ ၁၉၄၈ ခုနှစ်က အခြေအနေကို ဦးတည်လာကြမှာမို့ သဘောထားကြီးပြနေလို့ မရတော့ဘူး” ဟု ပြောကြားခဲ့သည်။
ထို့နောက် ဗိုလ်မှူးချုပ်အောင်ကြီးက ဆက်၍ –
“ရှမ်းကိစ္စက ပဒေသရာဇ်တွေရဲ့ နောက်ဆုံးဖောက်ပြန်မှုပဲ။ ဖက်ဒရယ်ဆိုတာက အမျိုးသားရေးဝါဒ၊ ပြည်နယ်စိတ်ဝါဒတွေကို အရေခြုံထားတာပဲ။ အတွင်းသဘောက ပဒေသရာဇ်ရဲ့ နောက်ဆုံးဖောက်ပြန်မှုလို့ပဲ ယူဆတယ်။ လွတ်လပ်ရေးရတာ ၁၅ နှစ်လောက်ရှိပြီ။ တကယ်သာ ရိုးဖြောင့်တယ်ဆိုရင် ကစားဝိုင်းတွေလုပ်ကြမှာ မဟုတ်ဘူး။ လယ်ယာကိုင်းကျွန်း၊ ကျန်းမာရေး၊ ပညာရေးဘက်တွေမှာ တိုးတက်အောင် လုပ်ကြမှာပေါ့။
ခုတော့ ဒီလူတွေက ဘာလုပ်တယ်ထင်သလဲ။ လူထုဆီက အခွန်တော်ကောက်တယ်။ ရတဲ့ငွေနဲ့ ကားဝယ်စီးတယ်။ မယားငယ်ထားတယ်။ ကျောင်းတစ်ကျောင်းများ ဆောက်ပေးသလား။ အစိုးရက လျော်ကြေးပေးသည့်ငွေတွေကို စော်ဘွားတွေက နင့်အောင်ယူခဲ့ကြတယ်။ ဒါပေမယ့် လူထုအတွက်တော့ တစ်ပြားမှ မသုံးဘူး။ ရှမ်းပြည်နယ်မှာရှိသည့် ကိုးကန့်နယ်ဆိုရင် နိုင်ငံခြားလို သဘောထားတယ်။ “၀” နယ်ဆိုရင် အရိုင်းတွေလို သဘောထားတယ်။ ၀န်ကြီးတွေကတော့ တခေါက်မှ မရောက်ကြဘူး။ ပအို့ဝ်ဆိုရင် သူပုန်ထကြတာ ၇ နှစ်လောက်ရှိနေပြီ။ ပအို့ဝ်တွေ သူပုန်ထတာ ပဒေသရာဇ်ကို မလိုချင်လို့ တိုက်တာပဲ။ စော်ဘွားတွေက ပြည်မက ခွဲထွက်ပြီး သူတို့နယ်မှာ ပဒေသရာဇ်လွှမ်းမိုးဖို့ လုပ်တာပဲ။ ဒီလိုအလုပ်မျိုးက ကမ္ဘာမှာ မကြံကောင်းတာ ကြံတာပဲ” ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဗိုလ်မှူးချုပ်အောင်ကြီးက စော်ဘွားများ ဤကဲ့သို့ ဖောက်ပြန်ခဲ့ရသည်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ ပျော့ ကွက်ကြောင့် ဖြစ်ကြောင်း၊ ဖက်ဒရယ်မူမှာ ပဒေသရာဇ်များ ဆက်၍ လွှမ်းမိုးနိုင်ခွင့် ရရှိစေရန် အကာအကွယ်ယူခြင်းဖြစ်ကြောင်း၊ စော်ဘွားများအတွက် အမတ် ၂၅ နေရာ သတ်မှတ်ပေးထားခြင်းမှာ ပဒေသရာဇ်စနစ်ကို ကာကွယ်ရန် အခွင့်အရေးရခြင်းဖြစ်ကြောင်းလည်း ပြောကြားသည်။
● အာဏာသိမ်းခြင်းနှင့်ပတ်သက်၍  သဘောထားများ
သို့သော် ၀န်ကြီးချုပ် ဦးနုကမူ ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲမည့်အန္တရာယ်ပေါ်ပေါက်လာသည်ဟူသော အချက်ကိုလည်း ကောင်း၊ နိုင်ငံရေးအခြေအနေမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေသည်ဟူသော အချက်ကိုလည်းကောင်း လက်မခံခဲ့ပေ။ ထိုစဉ်က နိုင်ငံရေးအခြေအနေမှာ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုးမဟုတ်သည်ကို လူအများစုက သိရှိကြောင်း၊ ဖက်ဒရယ်မူတောင်းဆိုသည့် ကိစ္စမှာလည်း စိုးရိမ်ဖွယ်ရာ ကိစ္စမဟုတ်ကြောင်း၊ အသံလွှင့်ရုံတွင်း ကျင်းပသည့် လူမျိုးပေါင်းစုံနှီးနှော ဖလှယ်ပွဲမှာ မိမိကိုယ်တိုင်က စီစဉ်ဆောင်ရွက်ပေးခဲ့သည့် နှီးနှောဖလှယ်ပွဲဖြစ်ကြောင်း ဦးနုက ပြောကြားခဲ့သည်။
လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် ဖက်ဒရယ်မူနှင့် ပတ်သက်သော အဆိုကို ရှမ်းပြည်နယ်ဥက္ကဋ္ဌ စ၀်ခွန်ချိုက တင်သွင်း၍ ပြည်နယ် ကိုယ်စားလှယ် ဒူးဝါးဇော်လွန်း၊ ချင်းဝိသေသတိုင်းကိုယ်စားလှယ် ကပ္ပတိန် မန်းတုံးနုံး၊ ရှမ်းပြည်နယ် ကိုယ်စားလှယ် ဦးထွန်းမြင့် (တောင်ကြီး) နှင့် ကယားပြည်နယ်ကိုယ်စားလှယ် ဦးစိန်တို့က ထောက်ခံဆွေးနွေးကြရန်၊ ထိုအဆိုပြုချက်နှင့် ထောက်ခံဆွေးနွေးချက်များကို ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ ကိုယ်စားလှယ်များနှင့် နိုင်ငံတော်အစိုးရအတိုင်ပင်ခံအဖွဲ့ဝင်တို့ က သေချာစွာ လေ့လာရန်၊ ပမညတ၊ ဖဆပလ၊ ရပလဖ၊ ပထစ နှင့် နိုင်ငံတော်အစိုးရအတိုင်ပင်ခံအဖွဲ့တို့မှ ကိုယ်စားလှယ် တစ်ဦးစီက ဖက်ဒရယ်မူနှင့်ပတ်သက်သော သဘောထားများကို တင်ပြရန်၊ ထို့နောက် ပြည်နယ်များညီညွတ်ရေးအဖွဲ့မှ ကိုယ်စားလှယ် ခြောက်ဦး၊ ပမညတ၊ ဖဆပလ၊ ရပလဖ နှင့် ပထစ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်သုံးဦးစီနှင့် အတိုင်ပင်ခံအဖွဲ့ဝင် လူကြီးများပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးရန်၊ ထိုကော်မတီတွင် ဦးနုက နာယကအဖြစ် ဆောင်ရွက်ရန်၊ ထိုကော်မတီက ဖက်ဒရယ်မူနှင့် ပတ်သက်၍ ဆွေးနွေးပြီးနောက် ရရှိသည့် သဘောတူညီချက်ကို အစီရင်ခံရန် ဦးနုက စီစဉ်ထားသည်။
ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်သော ကော်မတီက ဆွေးနွေးညှိနှိုင်းနေစဉ်မှာပင် သင့်လျော်သော အချိန်တွင် ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ မိမိ၏ သဘောထားကို ထုတ်ဖော်ပြောကြားမည်ဟုလည်း ဆိုသည်။ သို့သော် နှီးနှောဖလှယ်ပွဲကြီး မပြီးဆုံးမီမှာပင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပေသည်။ ထို့ကြောင့် ဦးနုသည် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပြောကြားရန် ရည်ရွယ်ထားသော သဘောထားများကို မပြောကြားခဲ့ရပေ။
ထို့အတူ အသံလွှင့်ရုံ၌ ပြုလုပ်သည့်ဆွေးနွေးပွဲအစီအစဉ်အရ ဖက်ဒရယ်မူနှင့်ပတ်သက်၍ ပထစ၏ သဘောထားကို ၀န်ကြီး ဒေါက်တာ ဦးဧမောင်က ၁၉၆၂ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ပြောကြားရန် ဖြစ်သော်လည်း မတ်လ ၂ ရက်နေ့တွင် စစ်တပ်က ရုတ်တရက် အာဏာသိမ်းပိုက်လိုက်သောကြောင့် ၀န်ကြီး ဒေါက်တာ ဦးဧမောင် ပြောကြားမည့် မိန့်ခွန်းကို ထိုစဉ်က စာအုပ်အဖြစ် အသင့်ရိုက် နှိပ်ထားပြီးဖြစ်၍ ဖက်ဒရယ်မူနှင့် ပတ်သက်၍ ထိုစဉ်က ပထစ၏ သဘောထားကို စာဖတ်သူသိရှိနားလည်နိုင်ရေးအတွက် ထည့်သွင်းဖော်ပြ လိုက်ပါသည်။
ဝန်ကြီးဒေါက်တာ ဦးဧမောင် ပြောကြားမည့် မိန့်ခွန်းတွင် –
ပြည်ထောင်စုကြီးတည်တံခိုင်မြဲရေးသည် ပြည်ထောင်စုတိုင်းရင်းသားအားလုံးအတွက် သေရေးရှင်ရေးတမျှ အလွန်အရေး ကြီးပြီး ပြည်ထောင်စုကြီးတစ်ရပ်လုံးနှင့် ဆိုင်သည့် ပြဿနာဖြစ်ကြောင်း၊ ထိုပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်လျှင် မည်သည့်တိုင်းရင်းသားမျှ သက်သာခွင့်ရမည်မဟုတ်ဘဲ ပြည်ထောင်စုသားအားလုံး ကျွန်သပေါက်ဘ၀ကို ပြန်ရောက်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုကြီး အဓွန့်ရှည်ရေးအတွက် ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းသင့် ကြောင်း ပထမတင်ပြထားသည်။
 ထို့နောက် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နောက်ခံသမိုင်းကို ပင်လုံညီလာခံမှစ၍ အခြေခံဥပဒေရေးဆွဲပြီး သည်အထိ အကျဉ်းချုပ်၍ တင်ပြသည်။ ထိုသို့တင်ပြရာတွင် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းခဲ့သည့် အဆိုပေါင်း ၁၄ ခုရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် (၇) ချက် ဆိုသည်မှာလည်း ဖဆပလ ပဏာမ ညီလာခံတွင် တင်သွင်းသော အဆို (၁၄) ခုအနက်မှ ပထမ (၇) ခုသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန် (၇) ချက်ကိုသာ ကွက်၍ ကြည့်မည်ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းချပေးသည့် လမ်းညွှန်ချက်နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ မကိုက်ညီသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်နိုင်ကြောင်း၊ သို့သော် ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သော အဆို (၁၄) ခုစလုံးကို ဖတ်ရှုလေ့လာကြည့်လျှင် ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံတွင် တင်သွင်းသော ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက်နှင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုက်ညီသည်ကို တွေ့ရကြောင်း ဖော်ပြထား သည်။
ဖဆပလ ပဏာမညီလာခံတွင် တင်သွင်းခဲ့သော အဆိုပြုချက် (၁၄) ခုမှာ-
၁။ မြန်မာနိုင်ငံတော်ကို လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတနိုင်ငံအဖြစ်ဖြင့် ကြေညာရန် ဤပဏာမ ပြင်ဆင်မှုညီလာခံသဘင်က လေးနက်ခိုင်မာစွာပြဋ္ဌာန်းလိုက်သည်။
၂။ တိုင်းပြုပြည်ပြုလွှတ်တော်က ရေးဆွဲအပ်သော နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် အဆိုပါလွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံတော်သည်-
(က) ယခုအထိ ဗြိတိသျှမြန်မာအပြည်အတွင်းတွင် ပါဝင်နေသော
(၁) မြန်မာပြည်ဝန်ကြီးအဖွဲ့က အုပ်ချုပ်သော မြန်မာပြည်မ
(၂) ဟုမ္မလင်းခရိုင်ခွဲ
(၃) ဆင်ကလိုက်ခမ်းတီး (ဆင်ကလိန်ခန္တီး)
(၄) သောင်ဒွတ် (သောင်သွတ်)
(၅) ဆောမရနယ်ပယ် (ဆွမ္မရာ)
(၆) နာဂတောင်တန်းများ
(၇) သံလွင်ခရိုင်
(၈) ကံပက်လက်ခရိုင်ခွဲ
(၉) တောင်တန်းနယ်ပယ်များ ဟူ၍ ခေါ်ဝေါ်သောဒေသများ
(ခ) ကိုးခမ်း(ကိုးကန့်) နှင့် မောင်းပိုင်(မိုးဗြဲ) တို့အပါအ၀င်ဖြစ်သော ရှမ်းပြည်ထောင်စု (Federated Shan States)
(ဂ) ကရင်နီပြည်နယ်များ
(ဃ) ကချင်တောင်တန်းများ
(င) ကံပက်လက်ခရိုင်ခွဲမပါသောချင်းတောင်တန်းခရိုင်တို့ပါဝင်သောပြည်ထောင်စုနိုင်ငံတော်ဖြစ်ရမည်။
၃။ (၁) အောက်ပါ ဂုဏ်အင်္ဂါအားလုံးနှင့်သော်လည်းကောင်း၊ အချို့နှင့်သော်လည်းကောင်း ပြည့်စုံ၍ (ခ) (ဂ) (ဃ)
(င) တို့၌ ဖော်ပြသော ဒေသများသည် ဤတိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်း၍ နောင်အခါ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် “ပြည်ထောင်စုပြည်နယ်” (Union State) အဆင့် အတန်း ကို ဖြစ်စေ၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်” (Autonomous State) အဆင့်အတန်းကိုဖြစ်စေ “လူမျိုးစုပြည်နယ်” (National Area) အဆင့်တန်းကိုဖြစ်စေရရှိရမည်။ ထိုဒေသများသည် မိမိတို့အားအပ်နှင်း၍သော်လည်းကောင်း၊ လွှဲပြောင်း၍ သော်လည်းကောင်း  ရရှိသော အာဏာနှင့် တာဝန်များကို သုံးစွဲဆောင်ရွက်ရမည်။ ဂုဏ်အင်္ဂါများကား-
(၁) ပထ၀ီအနေအထားအရ နယ်နိမိတ်အထင်အရှားရှိခြင်း
(၂) မြန်မာစကားနှင့်မတူသော ဘာသာစကားတမျိုးတည်းရှိခြင်း
(၃) ယဉ်ကျေးမှုတမျိုးတည်းရှိခြင်း
(၄) ရာဇ၀င်အစဉ်အလာတမျိုးတည်းရှိသော လူစုရှိခြင်း
(၅) စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးနှင့် စီးပွားရေးလုံလောက်မှုတို့ရှိသော လူစုရှိခြင်း။
(၆) လူဦးရေအတော်အတန်ရှိခြင်း
(၇)ပြည်ထောင်စုအဖွဲ့ဝင်သီးခြားဒေသတစ်ခုအဖြစ်ဖြင့်မိမိ၏ကိုယ်ပိုင်ထင်ရှားချက်အတိုင်းနေထိုင်သော
ဆန္ဒ ရှိခြင်း တို့ ဖြစ်လေသည်။
(၂) ထိုအာဏာများနှင့်တာဝန်များသည် ပဏာမပြင်ဆင်မှုညီလာခံသဘင်ကခန့်သော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် နှစ်ဦးနှစ်ဘက်သဘောတူညီချက်ကို ရပြီးမှ စဉ်းစားဆုံးဖြတ်ရမည့် အာဏာနှင့်တာဝန်များဖြစ်သည်။ ဆိုခဲ့ပြီးသော ကော်မတီအဖွဲ့၏ စေ့စပ်ချက်ဖြင့် ရရှိသော တူညီချက်သည် (ဖဆပလ) အမှုဆောင်အဖွဲ့၏ အတည်ပြုချက်ကို ရရှိမည်။
၎။  (ဤနေရာမှစ၍ လာမည့်အပိုဒ်များတွင် – “ပြည်ထောင်စုဥပဒေပြုအဖွဲ့” ဟု ခေါ်ဆိုအပ်သော) ဗဟိုဥပဒေပြုအဖွဲ့၏ အာဏာပိုင်နက်သည် ပြည်ထောင်စုနိုင်ငံတ၀ှမ်းလုံးဖြစ်ရမည်။ “ပြည်ထောင်စုပြည်နယ်” သို့မဟုတ် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်” သို့မဟုတ် “လူမျိုးစုပြည်နယ်” တို့၏ ဥပဒေပြုအဖွဲ့များသို့ သီးခြားလွှဲပြောင်း ပေးသည့် ကိစ္စအမျိုးအစားထဲတွင် မပါဝင်သော ကိစ္စခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ မည်သို့ပင်ဆိုထားသည်ဖြစ်စေ၊ ပြည်ထောင်စု ဥပဒေအဖွဲ့သည် အောက်၌ စီစဉ်ဖော်ပြထားသော ကိစ္စအမျိုးအစားတွင် ပါဝင်သည့်ကိစ္စအားလုံးတို့အပေါ်၌ ဥပဒေပြုအာဏာရှိရမည။်
(၁) ပြည်ထောင်စုအစိုးရဌာနများ
(၂) ပြည်နယ်အချင်းချင်းကိစ္စများ
(၃) (ထိုလုပ်ငန်း – ၂ မျိုးမှအပ) ကျန်ကိစ္စများ
(၄) ပြည်ထောင်စုတစ်ခုလုံးနှင့် သက်ဆိုင်သော စီးပွားရေးတိုးတက်မှုကိစ္စများ
(၅) “ပြည်ထောင်စုနယ်” “ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်” “လူမျိုးစုပြည်နယ်” တို့မှလွဲ၍ ကျန်ဒေသများနှင့်စပ်လျဉ်ေးသာ ကိစ္စများ
မှတ်ချက်။ (အထက်ပါအပိုဒ်ကြီ – ၄၊ အပိုဒ်ခွဲ (၅) တွင် ဆိုထားသော ကျန်ဒေသများအတွက် ဥပဒေပြုဖွဲ့များ သတ်သတ် ထားရှိမည် မဟုတ်ချေ။)
၅။ ဤ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံသည်လည်းကောင်း၊ ထိုနိုင်ငံအဖွဲ့ဝင်ပြည်နယ်ဒေသများသည်လည်းကောင်း၊ထိုနိုင်ငံ၏အစိုးရဌာနများသည်လည်းကောင်း၊အသီးသီးတို့သည်မိမိတို့၏ တန်ခိုး တေ ဇာ နှင့် အာဏာ အားလုံးတို့ ကို     တိုင်းသူပြည် သားတို့ထံမှ ထုတ်ယူသုံးစွဲရမည်။
၆။  လူမှုဆက်ဆံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ အဆင့်အတန်းတူညီမှု၊ အခွင့်လမ်းတူညီမှု၊ တရားဥပဒေအရတူညီမှုတို့အပြင် တရားဥပဒေနှင့်လည်းကောင်း၊ လောက၀တ္တရားတို့နှင့်လည်းကောင်း၊ သင့်မြတ်လျော်ကန် စေရမည်ဖြစ် သော လွတ်လပ်စွာတွေ့ကြုံနိုင်မှု၊ လွတ်လပ်စွာဖွင့်ဟရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘုရားကျောင်းကန်သွားခွင့်ပြုနိုင်မှု၊ လွတ်လပ်စွာ ပရိယေသနရှာမှီးနိုင်မှု၊ လွတ်လပ်စွာစည်းရုံးနိုင်မှု၊ လွတ်လပ်စွာ ဆောင်ရွက်နိုင်မှု တို့ကိုပြည်သူ ပြည်သားအားလုံးတို့ ရရှိခံစားနိုင်အောင် ၀န်ခံချက်ရှိရမည်။
၇။ (၁) “တိုင်းရင်းသားလူနည်းစုများ” ၏ အခွင့်အရေးများဖြစ်သော-
(က) လူတို့၏ အခွင့်အရေး
(ခ) လူမျိုးနှင့်ယဉ်ကျေးမှုအခွင့်အရေး
(ဂ) ယဉ်ကျေးမှုတွင် မိမိတို့စရိုက်အရပြဋ္ဌာန်းနိုင်ခွင့်နှင့်အတူ လွတ်လပ်စွာပေါင်းသင်းဆက်ဆံနိုင်သောအခွင့်အရေး
(ဃ) ဥပဒေပြုအဖွဲ့တွင် ထိုက်သင့်သော ကိုယ်စားလှယ်ဦးရေ ပါဝင်နိုင်ရေး
ထိုအခွင့်အရေးတို့ကို လူမျိုးစုနှင့် လူမျိုးအားဖြင့်လည်းကောင်း၊ ဘာသာစကားအားဖြင့်လည်းကောင်း၊ယဉ်ကျေးမှုအားဖြင့်လည်းကောင်း၊ ရာဇ၀င်အစဉ်အလာအားဖြင့်လည်းကောင်း၊ ကွဲပြားသောသူများလည်းဖြစ်၍သက်ဆိုင်ရာ အဖွဲ့ဝင်ဒေသတွင် လူဦးရေ (၁၀) ပုံ (၁) ပုံ ထက် မနည်းရှိသည့်သူများလည်းဖြစ်သော ပြည်သူတစု သည် ခံစားနိုင်ပါသည် ဟု ခံဝန်ချက်ရှိရမည်။
(၂) ကရင်အမျိုးသားတို့နှင့်သက်ဆိုင်သော ကိစ္စများတွင် ပြည်ထောင်စုအစိုးရအား ကူညီအကြံပေးရန် “ကရင်ရေးရာအဖွဲ့” တခုကို ဖွဲ့စည်းရမည်။
၈။ “ပြည်ထောင်စုပြည်နယ်” “ကိုယ်ပိုင်အုပ်ချုပ်ရပြည်နယ်” “လူမျိုးစုပြည်နယ်” တို့အား ပိုင်းခြားသတ်မှတ် အပ်နှင်းလွှဲပြောင်းပေးထားသော အာဏာများမှတပါး လွတ်လပ်သော အချုပ်အခြာအာဏာများမှတပါး လွတ်လပ်သောအချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံတော်၏ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာတို့သည်ပြည်ထောင်စုမြန်မာနိုင်ငံ၌ ရှိ၍ ထိုအာဏာတို့ကို နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက တည်ထောင်ထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရဌာနများကသော်လည်းကောင်း၊ ထိုဌာနများ၏ အမိန့်အရသော်လည်းကောင်း သုံးစွဲနိုင်ရမည်။
၉။ ပြည်ထောင်စုနိုင်ငံတော်အတွင်းရှိ ပြည်သူအားလုံး၏ အထွန်အမြတ်ဖြစ်ထိုက်သော နိုင်ငံတော်အကြီးအမှူးဖြစ်သည့် သမ္မတနှင့်တကွ ပြည်သူ့လွှတ်တော်လူမျိုးစုလွှတ်တော် နှစ်ရပ်ပါဝင်သော ပြည်ထောင်စုမဟာလွှတ်တော်(Union Assembly) တို့တွင် ပြည်ထောင်စုဥပဒေပြုအာဏာကို အပ်နှင်းထားရှိစေရမည်။ သမ္မတအားပြည်ထောင်စုမဟာလွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။ ပြည်သူ့လွှတ်တော်အမတ်များကို လျှို့ဝှက်မဲဆန္ဒပေးစနစ်အရ အရွယ်ရောက်သူတိုင်းက ရွေးကောက်တင်မြှောက်ရမည်။ လူမျိုးစုလွှတ်တော်တွင် “ပြည်ထောင်စုပြည်နယ်” မှလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ“ပြည်နယ်” မှလည်းကောင်း၊ “လူမျိုးစုပြည်နယ်” မှ လည်းကောင်း၊ “တိုင်းရင်းသားလူနည်းစု” မှ လည်းကောင်း၊ အဖွဲ့ဝင်ဒေသတစ်ခုအဖြစ်ဖြင့် စုရုံးဖွဲ့စည်း အပ်သော ကျန်ဒေသများမှလည်းကောင်း ကိုယ်စားလှယ်အမတ်များ ပါဝင်ရမည်။
၁၀။ တရားဥပဒေနှင့် ဤနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတို့က ပြဋ္ဌာန်းမည့် စည်းကမ်းချက်များကို ထောက်၍ ပြည်သူတို့တွင် မိမိတို့ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်အမတ်ကို နုတ်ပယ်ခေါ်ယူနိုင်သော အခွင့်အရေးရှိစေရမည်။
၁၁။ ပြည်ထောင်စုအစိုးရဟူ၍ ခေါ်ဆိုအပ်သည့် ပြည်ထောင်စု နိုင်ငံတော်၏ အချုပ်အခြာအုပ်ချုပ်မှုအာဏာတည်ရှိရာဖြစ်သော အစိုးရအဖွဲ့သည် ပြည်သူ့လွှတ်တော်အား တာဝန်ခံရမည်။
၁၂။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သော်လည်းကောင်း၊ တရားဥပဒေကသော်လည်းကောင်း၊ တည်ထောင်ထားသော တရားရုံးတော်များသည် တရားစီရင်ခြင်းကို ပြုရမည်။ ထိုတရားရုံးများက မဟာတရားရုံး တော်နှင့်တကွ ထိုတရားရုံးတော်၏ လက်အောက်ခံတရားရုံးများဖြစ်သည်။ တရားသူကြီးများသည် နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနှင့် တရားဥပဒေတို့ကိုသာ ထောက်၍ လွတ်လပ်စွာတရားစီရင်ရမည်။ မဟာတရားရုံး တော်၏ တရားဝန်ကြီးများကို “ပြည်ထောင်စုမဟာလွှတ်တော်” က ရွေးကောက် တင်မြှောက်ရမည်။
၁၃။ လွတ်လပ်သောအချုပ်အခြာအာဏာပိုင်သမ္မတမြန်မာနိုင်ငံ၏နယ်မြေတို့ တပေါင်းတစည်းတည်း တည်ရှိနေသည်ဟူသော ဂုဏ်သိက္ခာ သည်လည်းကောင်း၊ နိုင်ငံတော်၏ ကြည်း၊ ရေ၊ လေ တို့ကို အချုပ်အခြာစိုးမိုးအုပ်ချုပ်နိုင် သော အခွင့်အရေးများသည်လည်းကောင်း၊ ထိုဂုဏ်သိက္ခာ ထိုအခွင့်အရေးများသည် တရားမျှတမှုနှင့် လည်းကောင်း၊ တိုင်းကြီး၊ ပြည်ကြီးတို့၏ ဥပဒေနှင့်လည်းကောင်း လျော်ညီစွာ တည်တံ့ခိုင်မြဲနေရမည်။
၁၄။ ကျွန်ုပ်တို့ချစ်မြတ်နိုးသော နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် တရားသဖြင့် ရသင့်ရထိုက်သည်လည်းဖြစ်၍ ဂုဏ်ကျက်သရေနှင့်လည်း ပြည့်စုံသော အဆင့်အတန်းကိုရရှိ၍ လူသတ္တ၀ါခပ်သိမ်းတို့၏ အကျိုးစီးပွားကို တိုးတက်စေရန် မိမိ၌ တာဝန်ရှိသည့်အလျောက် အစွမ်းကုန်အားထုတ်ဆောင်ရွက်ပြီးလျှင် ပြည်ထောင်အချင်း ချင်း တရားမျှတမှုနှင့် လောက၀တ္တရားတို့ကိုထောက်ကာ၊ နိုင်ငံတို့နှင့် ချစ်ကြည်ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက် မည်ဟု ခိုင်မြဲသော အဓိဋ္ဌာန်ကိုပြုထားလေသည်။
စသည်တို့ဖြစ်သည်။
ဆက်လက်၍ ၀န်ကြီးဒေါက်တာဦးဧမောင်က အခြေခံဥပပဒေရေးဆွဲပုံနှင့်ပတ်သက်၍-
ပြည်ထောင်စုနှင့်ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီအစည်းအဝေးကို ၁၉၄၇ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က တစ်ကြိမ်ကျင်းပခဲ့ပါတယ်။ ဒုတိယအကြိမ်ဖြစ်သော ၁၉၄၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဦးအောင်ဆန်းကိုယ်တိုင်သဘာပတိအဖြစ် ကြီးမှူး၍ ဆပ်ကော်မတီအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှတ်တမ်းများအရ အောက်ပါအတိုင်း ဆုံးဖြတ်ထားသည်ကို တွေ့ရှိရပါတယ်။
အဲဒီအစည်းအဝေးမှတ်တမ်းကို နောက်တစ်နေ့ (၂၅-၆-၄၇) ရက်နေ့ အစည်းအဝေးက အတည်ပြုထားတာ တွေ့ရှိရပါတယ်။
ဟု ဖော်ပြထားပြီး ၎င်းပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာဆပ်ကော်မတီမှ-
ညောင်ရွှေစော်ဘွားကြီး၊ မိုင်းပွန်စော်ဘွားကြီး နှင့် ဆမားဒူးဝါးဆင်ဝါးနောင်တို့ မေးမြန်းသော မရှင်းလင်းသည့် အချက်အလက်တို့ကို ဦးအောင်ဆန်း၊ သခင်မြ၊ ဦးဘချိုနှင့် ဦးချန်ထွန်းတို့က အကျယ်တ၀င့်ရှင်းလင်းပြောကြားပြီးနောက် ဖွဲ့စည်းလတ္တံသော မြန်မာပြည်ထောင်စုတွင် မြန်မာပြည်မှအပ အခြားအခြားသော ပါဝင်ပတ်သက်သည့် နယ်များတွင် သီးသန့်အုပ်ချုပ်ရေးနှင့် အစိုးရရှိရမည်ဖြစ်သော်လည်း မြန်မာပြည်မနှင့် အခြားပြည်နယ်များမှာ နိုင်ငံအကျယ်အ၀န်း၌ လည်းကောင်း၊ လူဦးရေ၌လည်းကောင်း၊ စီးပွားရေးအခြေအနေ၌လည်းကောင်း၊ လွန်စွာခြားနားသည့် အပြင်ငွေကြေးနှင့် လူအင်အားစသော အခက်အခဲတို့ကြောင့် မြန်မာပြည်အတွက် သီးခြားသောလွှတ်တော်နှင့် အစိုးရမထားရှိဘဲ ပြည်ထောင်စုလွှတ်တော်အစိုးရကပင်လျှင် မြန်မာပြည်မအတွက်ကိုပါ ဆောင်ရွက်ရန် ဖဆပလ ပဏာမညီလာခံမှ ရေးဆွဲထားသော မူကို အကြမ်းအားဖြင့် အားလုံးသဘောတူပြဋ္ဌာန်းကြသည်။
မြန်မာနိုင်ငံတွင် ပါဝင်လျက်ရှိသော ပြည်နယ်များအခြေအနေအရ ရှိပြီးဖြစ်သော မည်သည့်ပြည်ထောင်စုမူမျိုး နှင့်မှ မြန်မာနိုင်ငံနှင့် တသွေမတိမ်းလုံးဝမကိုက်ညီနိုင်သဖြင့် ကမ္ဘာပေါ်ရှိ အမေရိကန်၊ ဆွစ်ဇာလန်၊ ရုရှားနိုင်ငံ အစရှိသော ပြည်ထောင်စုမျိုးစုံမှ မြန်မာနိုင်ငံအတွက် သင့်လျော်မည့် ကောင်းနိုးရာရာအချက်တို့ကိုသာ စိစစ်ပေါင်းစပ်ရေးဆွဲခြင်းကို နှစ်ခြိုက်ပါကြောင်း။
ဆိုသည့် အပိုဒ်ကို ထုတ်နုတ်ကိုးကား၍ ၀န်ကြီး ဒေါက်တာ ဦးဧမောင်၏ မိန့်ခွန်းတွင် ဖော်ပြထားသည်။ထို့အပြင် ပြည်ထောင်စုဗဟိုအစိုးရနှင့် ပြည်နယ်များအာဏာခွဲဝေရေးနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်အောင်ဆန်း နှင့် ခေါင်းဆောင်ကြီးများရှိစဉ်ကပင်ထိုကိစ္စကိစဉ်းစားဆွေးနွေး ဆုံး ဖြတ်ခဲ့ပြီးဖြစ်ကြောင်းအောက်ပါအတိုင်း တင်ပြထားသည်။
အာဏာများခွဲဝေသတ်မှတ်ရာတွင် ပြည်နယ်များ၏ အာဏာများကို သတ်မှတ်ပြီးနောက် မသတ်မှတ်ရသော အာဏာတို့ကို ဗဟိုအစိုးရသို့ပေးရန် သဘောတူညီကြောင်းကို တွေ့ခဲ့ရပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ပြည်မပြည်နယ်ခေါင်းဆောင်ကြီးများဟာ ပြည်ထောင်စု အစိုးရအား အများနှင့်သက်ဆိုင်သော ကိစ္စအတွက်သာ အာဏာခွဲဝေပေးပြီး ကျန်အာဏာများကို ပြည်နယ်များကို အုပ်ချုပ်ရန်ဆိုတဲ့ အပိုင်းကို လက်မခံကြောင်းထင်ရှားပါတယ်။
လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေးနှင့်ပတ်သက်၍လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီး များရှိစဉ်ကပင် လွှတ်တော်နှစ်ရပ်ကို အာဏာတူပေးရေးမူကို လက်မခံခဲ့ကြောင်း အောက်ပါအတိုင်း တင်ပြထားသည်။
ပြည်နယ်ခေါင်းဆောင်များရဲ့ “ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူ” ရဲ့ တတိယပိုင်းဖြစ်တဲ့ လွှတ်တော်နှစ်ရပ်အခွင့် အာဏာတူပေးရေးဆိုတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းကိုလည်း ကိုယ်စားလှယ်တော်လူကြီးမင်းများ သိရှိတော်မူပြီးတဲ့ အတိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်မပြည်နယ် ခေါင်းဆောင်များပါ အလေးအနက်စဉ်းစားခဲ့ပြီး အောက်ပါအချက်အလက် များအရ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချခဲ့တာကို တွေ့ရှိရပါ တယ်။ ဒီဆုံးဖြတ်ချက် ကို ကျွန်တော်စောစောပိုင်းက တင်ပြပြီးပါပြီ။ ဒီအစီရင်ခံစာရဲ့ ကောက်နှုတ်ချက်ကို သဘာပတိကြီးမှတဆင့် အနည်းငယ်ပြန်လည်တင်ပြပါရစေ။ ဒီအစီရင်ခံစာမှာ ပထမအချက်အနေနဲ့ “ဗဟိုအစိုးရအဖွဲ့ကို ပြည်သူ့လွှတ်တော်က တာဝန်ခံယူရမည်” ဟု ဖော်ပြထားပါတယ်။ ဒီသဘောဟာ လွှတ်တော်နှစ်ရပ်စလုံး အခွင့်အာဏာတူပေးမထားကြောင်း ထင်းရှားလှပါတယ်။ ဒီလို အခွင့်အာဏာတူမပေးခြင်းကို အကြောင်းပြ ထားတာကတော့ လွှတ်တော်နှစ်ရပ်စလုံးအပေါ် တာဝန်ခံယူရမည်ဟု ဖော်ပြထားပါက နိုင်ငံရေးဂိုဏ်းဂဏ၊ ပါတီ၊ လူမျိုးစုအမျိုးမျိုးအစားစားရှိတဲ့အတွက် ခိုင်မြဲသောအစိုးရကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ရယ် ပြည်သူ့လွှတ်တော်မှာ လူဦးရေအလိုက်ရွေးကောက်တင်မြှောက်ထားသည့် အမတ်များပါဝင် ပြီး လူမျိုးစုလွှတ်တော်မှာ လူဦးရေအလိုက် ရွေးကောက်တင်မြှောက်ခြင်းမဟုတ်ဘဲ၊ လူဦးရေနည်းသည့် ပြည်နယ်များနှင့် လူနည်းစုတို့အား သက်ညှာသောအားဖြင့် ကိုယ်စားလှယ် များကို လူဦးရေအလိုက် ရှိသင့်သည်ထက် အဆပေါင်းများစွာ ပိုမိုပေးအပ်ထားရသဖြင့် ဒီမိုကရေစီဝါဒအရ ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် ပြည်သူ့လွှတ်တော်ကိုသာ တာဝန်ခံယူရန် ပြဋ္ဌာန်းထားသည်ဟု ဖော်ပြထားပါတယ်။ ဒီအချက်ဟာ ဒီမိုကရေစီ စနစ်အရ ပြည်သူ့ လွှတ်တော်ကိုသာ အခွင့်အာဏာပေးထားတာ တွေ့ရပါတယ်။ လွတ်တော်နှစ်ရပ်ကို အခွင့်အာဏာတူ ပေးထားတာကို မတွေ့ရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများဟာ ဒီမိုကရေစီထွန်းကားရေးနဲ့ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးအတွက် လွှတ်တော်နှစ်ရပ် အခွင့်အာဏာတူ ပေးတဲ့မူ ကို ထိုအချိန်အခါကပင် လက်မခံခဲ့ပါဘူး။
ပြည်နယ်များညီညွတ်ရေးအဖွဲ့က တင်သွင်းသော ပြည်ထောင်စုစစ်စစ်မူအပေါ် ပထစ၏ သဘောထားမူကိုလည်း ၀န်ကြီးဒေါက်တာ ဦးဧမောင်က –
(၁) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများအမြှော်အမြင် ကြီးမားစွာ ချမှတ်ခဲ့သော ပြည်ထောင်စု အခြေခံဥပဒေရည်ညွှန်းချက်ပါ သဘောထားများနှင့် လုံးဝကွဲပြားခြားနားနေသည့် အချက်များကြောင့်လည်းကောင်း။
(၂) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများ အမြှော်အမြင်ကြီးမားစွာဖြင့် ချမှတ်ခဲ့သော ဒီမိုကရေစီတည်တံ့ခိုင်မြဲရေးနှင့် ဆန့်ကျင်လျက်ရှိသည့် သဘောများပါဝင်နေသည့်အချက်များကြောင့်လည်းကောင်း။
(၃) ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ပြည်မ၊ ပြည်နယ်ခေါင်းဆောင်ကြီးများ အမြှော်အမြင်ကြီးမားစွာဖြင့် ချမှတ်ခဲ့သော ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးနှင့်ဆန့်ကျင်ကာ ပြည်ထောင်စုကြီးပြိုကွဲပျက်စီးစေမည့် အချက်အလက်များပါရှိနေခြင်းကြောင့်လည်းကောင်း။
(၄) ပြည်ထောင်စုအဖွဲ့အစိုးရက ပြည်နယ်များအတွက် ဖြစ်နိုင်သည့် ကိစ္စ ဟူသမျှကို မိသားစုစိတ်ဓာတ်ဖြင့် အစွမ်းကုန်ဆောင်ရွက်နေသည်ကို ထောက်ရှု၍လည်းကောင်း၊ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးရေး၊ ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲတို့ကိုရှေးရှု၍ပြည်နယ်များ အဖွဲ့ချုပ်ဥက္ကဋ္ဌကြီးတင်ပြ သော ပြည်ထောင်စုစစ်စစ်ဆိုတဲ့မူကို ပြည်ထောင်စုအဖွဲ့ချုပ်အနေဖြင့် လက်မခံနိုင်ပါ။ (သို့ရာတွင် နိုင်ငံတော်အကြံပေးအဖွဲ့မှ အလေးအနက် ဝေဖန်ဆွေးနွေးပြီးတင်ပြထားသော ထောက်ခံချက်များမှာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေး၊ ညီမျှရေးနှင့် လွတ်လပ်ရေးတည်းဟူသော အခြေခံမူကြီးများနှင့် ကိုက်ညီသည်ဟု ပထစအဖွဲ့ချုပ်က ယုံကြည်ပါကြောင်း) လေးနက်စွာ တင်ပြအပ်ပါသည်။ ဟူ၍ တင်ပြသွားသည်။
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်, အခန်းဆက်များ

One Response to တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၄)

  1. mink၀ on March 10, 2013 at 7:08 am

    ဗိုလ်ချုပ်ကြီးနေ၀င်း က အာဏာသိမ်းလိုက်တော့ တရားခံဖြစ်သွားတာပေါ့- ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာမသိမ်းလဲ ပါလီမာန်ထဲမှာ ပြည်သူ့ ဘဏ္ဍာတွေ သုံးဖြုန်းပြီး အချိန်ပြည့် ရန်ဖြစ်- နိုင်ငံရေးပါတီတွေ အာဏာလုနေတာနဲ့ ဘဲ တိုင်းပြည် အတွက် ဘာမှ မလုပ်နိုင်ပါဘူး- လူပေါ် လူဇော် လုပ်နည်း စာအုပ်ကို ဘာသာပြန်ရေးသားခဲ့တဲ့ ၀န်ကြီးချုပ် ဦးနု ဟာ ဘုရားဒကာလိုလို သာသနာ့ ဒါယကာ လိုလို နဲ့ မလိမ့်တပါတ်လုပ်ပြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကြိုးပမ်းနေတဲ့  ငြိမ်းချမ်းလမ်းစဉ်ကို လက်မခံနိုင်ကြောင်း- ဦးဘဆွေ ကို ပြည်သူက အထင်လွဲအောင် စက်မှူ လက်မှူ (နာမည် မသေခြာပါ) ညီလာခံမှာ ကြေငြာခိုင်းပါတယ်-ဒါပေမဲ့  ဦးနုက ဆရာကြီးသခင် ကိုယ်တော်မှိုင်းထံ ချဉ်းကပ်ပြီး သြ၀ါဒ ခံယူပါတယ်-နောက်နေ့ ထုတ် သတင်းစာထဲမှာ ပါတီ ခေါင်းဆောင် နှစ်ဦးရဲ့  ဆန့် ကျင်ဘက် အမြင် သဘောထားတွေကို ရှေ့ မျက်နှာဖုံးက ဓါတ်ပုံတွေနဲ့  ဝေေ၀ဆာဆာ ဖေါ်ပြခဲ့ပါတယ်။ ဒါကို ထောက်ဆသောအားဖြင့် ဘုရားဒကာကြီးရဲ့  မလိမ့်တပတ်လုပ်ပုံတွေ ကွက်ကွက်ကွင်းကွင်းမြင်သာပါတယ်။ ဒါကြောင့် ဦးနေ၀င်း အာဏာသိမ်းခြင်းသည် ဦးနု နဲ့  လက်ဝါးရိုက် စီစဉ်ခြင်းလားဟု သံသယဖြစ်မိပါတယ်- တကယ်တန်းဆို ၅၈ တုန်းက အာဏာသိမ်းဘို့  ကြီးပမ်းခဲ့တဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ၆၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရ တဲ့  ဦးနု ကာ ဖယ်ရှားဘို့ မှူမပြုလုပ်ဘဲ ဗိုလ်နေမြဲ ကျားနေမြဲ ထားရှိခြင်းဟာ ဦးနု က ဦးနေ၀င်း အပေါ်ယုံကြည်လွန်းတာကြောင့်လား- တနေရာရာမှာ အသုံးချဘို့ လားဆိုတာ ဦးနု သာလျှင် သိပါလိမ့်မယ်-

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်