မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (12) – Aung Din

March 9, 2013

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၆၊ မတ်လ ၇ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (12)

အောင်ဒင်၊ မတ် ၉၊ ၂၀၁၃


အပိုင်း (၁၂) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (ဂ)

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ ဆက်ဆံရေး

“လုပ်ပိုင်ခွင့်များ” ခေါင်းစဉ်အောက်က ပုဒ်မ ၁၀ (ဈ) မှာ “လွှတ်တော်ကိုယ်စားလှယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များအား လုပ်ငန်းလိုအပ်ချက်အရ ဆက်သွယ်ဆောင်ရွက်ရန် အကြောင်းပေါ်ပေါက်လျှင် သက်ဆိုင်ရာလွှတ်တော်ကော်မီတီများမှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာလွှတ်တော်များသို့ အသိပေးခြင်း၊” ရှိတယ်လို့ ပြဋ္ဌန်းထားပါတယ်၊ ဒီလုပ်ပိုင်ခွင့် ပြဋ္ဌန်းထားမှုအပေါ် ကျနော် စိုးရိမ်မိပါတယ်၊ ဒါဟာဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုလွှတ်တော်က စွက်ဖက်ခွင့်ရှိသလို ဖြစ်နေပါတယ်၊ တကယ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းဝင်များကို မေးမြန်းစုံစမ်းတာ၊ ဆက်သွယ်လှုပ်ရှားတာ၊ ဖိတ်ခေါ်ဆွေးနွေးတာတွေကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွေကပဲ ဆောင်ရွက်သင့်တာပါ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဌတွေရဲ့ လုပ်ပိုင်ခွင့်တာဝန်တွေကိုလဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၆၄ မှာ ပုဒ်မခွဲ (က) ကနေ (င) အထိ ပြဋ္ဌန်းထားပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၇၊ ပုဒ်မ ၁၁၂၊ နဲ့ ပုဒ်မ ၁၄၄ တို့မှာပြဋ္ဌန်းထားတဲ့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ များရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အဖွဲ့အစည်းများ၊ အဖွဲ့အစည်းဝင်များအပေါ် တစုံတရာ ဩဇာသက်ရောက်ခွင့် ပြဋ္ဌန်းမထားပါ၊

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်အခြေခံမူများအခန်း၊ ပုဒ်မ ၁၁ (ခ) မှာ “ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ခွဲဝေအပ်နှင်းသည်” ဟု၎င်း၊ ပုဒ်မ ၁၂ (က) မှာ “နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို  ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သောဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်” ဟု၎င်း၊ ပုဒ်မ ၁၇ (က) မှာ “နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို  ပြည်ထောင်စု၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်” ဟု၎င်း၊ပြဋ္ဌန်းထားပါတယ်၊ 

အဲဒီ ပြဋ္ဌန်းချက်တွေအရ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာမျှော်လင့်တောင့်တခဲ့ကြတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေရှိနေပြီလို့ ထင်စရာအကြောင်းရှိပါတယ်၊ 

ဒါပေမည့်လဲ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအရပဲ တိုင်းဒေသကြီးများနဲ့ တိုင်းရင်းသားပြည်နယ်များဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဏအားလုံးမှာ ဗဟိုက ထိန်းချုပ်မှုကို ခံနေရတာပါ၊ ဥပဒေပြုရေးကို ကြည့်ရင် ပြည်နယ်လွှတ်တော်ရဲ့ ၂၅% ဟာ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ်များဖြစ်ကြပါတယ်၊ အုပ်ချုပ်ရေးကို ကြည့်ရင်လဲ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးများကို နိုင်ငံတော်သမ္မတက ခန့်အပ်ရပြီး ထုတ်ပယ်ခွင့်လဲရှိသလို ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်တဲ့ တပ်မတော်အရာရှိကြီးများက လုံခြုံရေးနဲ့ နယ်စပ်ဝန်ကြီးဋ္ဌာနများကို ကိုင်တွယ်ထားကြတာပါ၊ တရားစီရင်ရေးမှာလဲ နိုင်ငံတော်သမ္မတကပဲ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကို ခန့်အပ်တာဝန်ပေးတာပါ၊ အဲဒီလို ဗဟိုအစိုးရရဲ့ လက်အောက်ခံဖြစ်နေဆဲ ပြည်နယ်လွှတ်တော် နဲ့ ပြည်နယ်အစိုးရများဟာ ပြည်ထောင်စုလွှတ်တော်ရဲ့ ဩဇာသက်ရောက်မှုကိုပါ ထပ်ပြီးခံယူရဦးမယ်ဆိုရင် အခု အစိုးရခေါင်းဆောင်များ၊ ပြည်ထောင်စုလွှတ်တော်ခေါင်းဆောင်များ ပြောပြောနေတဲ့ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှရေးဆိုတာ ဘယ်လိုမှ အဓိပ္ပါယ်ရှိမှာ မဟုတ်တော့ပါ၊

အမေရိကန်ပြည်ထောင်စုမှာ ကွန်ဂရက်လွှတ်တော်ဟာ ပြည်ထောင်စုအစိုးရ အပေါ်မှာပဲ ဩဇာသက်ရောက်မှုရှိပါတယ်၊ သမ္မတက အဆိုပြုတဲ့ ပြည်ထောင်စုအစိုးရဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများကို စစ်ဆေး အတည်ပြု/ငြင်းပယ်ခွင့်ရှိပါတယ်၊ ပြည်ထောင်စုအစိုးရဋ္ဌာနများရဲ့ ဘတ်ဂျက်အသုံးစားရိတ်ကို ပြဋ္ဌန်းခွင့်ရှိပြီး ဘတ်ဂျက်အတိုင်း သုံးစွဲခြင်းရှိမရှိ စုံစမ်းစစ်ဆေးမေးမြန်းခွင့်လဲ ရှိပါတယ်၊ ဒါပေမည့် ပြည်နယ်အစိုးရများ၊ ပြည်နယ်လွှတ်တော်များအပေါ်မှာ ဩဇာသက်ရောက်ခွင့်မရှိပါ၊ ဩဇာသက်ရောက်ဖို့ ကြိုးစားရင်လဲ ပြည်နယ်အစိုးရများ၊ ပြည်နယ်လွှတ်တော်များက လက်ခံမှာမဟုတ်ပါ၊ အမေရိကန်ပြည်ထောင်စုဟာ ပြည်နယ် ၅၀ က မိမိတို့ဆန္ဒအလျောက်အတူတကွ တန်းတူရည်တူအဆင့်တူပူးပေါင်းနေထိုင်ဖို့သဘောတူညီချက်နဲ့ ဖွဲ့စည်းထားတာပါ၊ ပြည်နယ်လွှတ်တော် နဲ့ ပြည်နယ်အစိုးရများဟာ သက်ဆိုင်ရာပြည်နယ်က ပြည်သူများကိုသာ ကိုယ်စားပြုပါတယ်၊ ပြည်ထောင်စုအစိုးရကို၊ ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားမပြုပါ၊

လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ကျင့်တရားဆိုင်ရာ စီမံခန့်ခွဲမှု

လွှတ်တော်ဥပဒေသစ်၊ ပုဒ်မ ၁၁ (ဂ) မှာ “လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ခြိမ်းခြောက်မှုတို့ကို ရှောင်ကြဉ်ခြင်း” ဆိုပြီး ကျင့်ဝတ်နဲ့ စည်းကမ်းတစ်ခုပြဋ္ဌန်းထားပါတယ်၊ အင်မတန် ကောင်းမွန်တဲ့ ပြဋ္ဌန်းချက်ပါ၊ ဒါပေမည့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ဘယ်သူက ဘယ်လို စစ်ဆေးအရေးယူမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်၊ 

တခါ ပုဒ်မ ၁၃ မှာ “သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်သည် နှစ်စဉ်ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းတွင် လွှတ်တော်မဲဆန္ဒနယ်မြေအလိုက် ခွဲဝေသတ်မှတ်သည့် ဖွံ့ဖြိုးရေးရန်ပုံငွေကို နယ်မြေဒေသခံပြည်သူများနှင့် ညှိနှိုင်းပြီး သတ်မှတ်ချက်များနှင့်အညီ သုံးစွဲခွင့်ရှိသည်” လို့ပြဋ္ဌန်းထားပါတယ်၊ ဒီပြဋ္ဌန်းချက်ဟာ စိုးရိမ်စရာပြဋ္ဌန်းချက်တစ်ခုဖြစ်ပါတယ်၊

အမေရိကန်ပြည်ထောင်စုလွှတ်တော်မှာလဲ အမတ်တွေဟာ နှစ်တစ်နှစ်ရဲ့ ရသုံး ခန့်မှန်းခြေငွေစာရင်းမှာ သူတို့ရဲ့ သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ ဖွံ့ဖြိုးရေးရန်ပုံငွေရဖို့ ကြိုးစားကြလေ့ရှိပါတယ်၊ Earmark လို့ ခေါ်ပါတယ်၊ ဒေသတွင်း လေဆိပ်မှာ လေယဉ်ပြေးလမ်းအသစ်တည်ဆောက်ဖို့၊ ပန်းခြံတွေ တည်ဆောက်ဖို့၊ စာကြည့်တိုက်တွေတိုးချဲ့ဖို့၊ တံတားတွေဆောက်ဖို့ စသဖြင့်ပေါ့၊ တိုင်းပြည်အတွက်တကယ် အကျိုးရှိတာထက် မဲဆန္ဒရှင်တွေကို  နောက်တကြိမ်ရွေးကောက်ပွဲ မဲဆွယ်ရာမှာ သူတို့ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် ပြည်ထောင်စုဘတ်ဂျက်ထဲကနေ ငွေအမြောက်အများ ခွဲဝေပေးနိုင်တယ်လို့ ဝင့်ကြွားစည်းရုံးနိုင်ဖို့ပါ၊ တချို့ Earmark တွေကျတော့ သူတို့ကို ရွေးကောက်ပွဲမှာ အများကြီးလှူဒါန်းခဲ့တဲ့ ကုမ္ပဏီတွေ၊ အလုပ်သမားသမဂ္ဂတွေရဲ့ အကျိုးစီးပွါးအတွက်ပါပဲ၊ ဒါကြောင့် တစ်နှစ် တစ်နှစ် သမ္မတက ကွန်ဂရက်ကို တင်သွင်းတဲ့ ဘတ်ဂျက်ဥပဒေမူကြမ်းဟာ သမ္မတဆီ လက်မှတ်ထိုးဖို့ ပြန်ရောက်လာရင် ကွန်ဂရက်အမတ်တွေ ထပ်ဖြည့်ထားတဲ့ Earmark တွေနဲ့ ပိုပြီးများနေတတ်ပါတယ်၊ ၂၀၁၂ ခုနှစ်မှာ သမ္မတတင်သွင်းတဲ့ ဘတ်ဂျက်မှာ တပ်မတော် အင်ဂျင်နီယာတပ်များ (Army Corps of Engineers) ကစီမံခန့်ခွဲမည့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အသုံးစားရိတ်က အမေရိကန်ဒေါ်လာ ၁၃၂သန်းပါ၊ သမ္မတဆီ ကွန်ဂရက်ကနေ အတည်ပြုပြီးပြန်ရောက်လာတဲ့အခါမှာ အဲဒီ အသုံးစားရိတ်ကို ဒေါ်လာ ၃၇၅သန်း တိုးမြှင့်ပြီး စုစုပေါင်း ဒေါ်လာ ၅၀၇သန်းဖြစ်နေတာတွေ့ရပါတယ်၊ အဲဒီ တိုးလာတဲ့ ပိုက်ဆံတွေက တပ်မတော်အင်ဂျင်နီယာတပ်များကို လွှတ်တော်အမတ် ၂၇ ယောက်ရဲ့ မဲဆန္ဒနယ်တွေမှာ ဆိပ်ကမ်းတွေတိုးချဲ့ခိုင်းတာ၊ တံတားတွေဆောက်ခိုင်းတာ၊ အဆောက်အအုံထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ခိုင်းတာပါ၊

ဒါတောင်မှ အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေက သူတို့ရဲ့ မဲဆန္ဒနယ်အတွက် ပြည်ထောင်စုဘတ်ဂျက်ထဲကနေ ပိုက်ဆံရှာပေးတဲ့အလုပ်ပဲလုပ်တာပါ၊ အဲဒီပိုက်ဆံနဲ့အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်တာ၊ အဲဒီပိုက်ဆံတွေကို ကိုယ်တိုင်သုံးစွဲတာ မရှိပါ၊ ကိုယ်တိုင်စီစဉ်သုံးစွဲခွင့်လဲမရှိပါ၊ မြန်မာနိုင်ငံက လွှတ်တော်အမတ်များကတော့ ကိုယ့်ဒေသဖွံ့ဖြိုးရေးဆိုပြီး နိုင်ငံတော်ဘတ်ဂျက်ထဲက ရန်ပုံငွေခွဲဝေခွင့်ရှိသလို အဲဒီ ရန်ပုံငွေကို ကိုယ်တိုင်သုံးစွဲခွင့်လဲ ရှိလာပါတယ်၊ ဒါဟာဖြင့် အင်မတန်စိုးရိမ်စရာကောင်းပါတယ်၊ အိန္ဒိယနိုင်ငံက လွှတ်တော်အမတ်များဟာလဲ ဒေသဆိုင်ရာဖွံ့ဖြိုးရေးရန်ပုံငွေတွေကို နိုင်ငံတော်ဘတ်ဂျက်ထဲကနေ ခွဲဝေသတ်မှတ်ခွင့်ရှိပြီး အဲဒီ ရန်ပုံငွေတွေကို ကိုယ်တိုင်သုံးစွဲခွင့်ရှိကြပါတယ်၊ အကျိုးဆက်ကတော့ ဒေသ နဲ့လူထုအကျိုးရှိတာထက် အကြီးအကျယ်အလွဲသုံးစားလုပ်ကြတာပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မိသားစုတွေ၊ ရင်းနှီးသူတွေပဲ ကုမ္ပဏီတွေထောင်၊ ကန်ထရိုက်တွေရပြီး ဒေသအတွက်မလိုအပ်တဲ့လုပ်ငန်းတွေကို ဈေးကြီးကြီးနဲ့ အချိန်ဆွဲလုပ်ပြီး ချမ်းသာကြွယ်ဝသွားကြတာပါ၊ အဲဒီအချိန်မှာ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်တဲ့ လုပ်ငန်းတွေကတော့ အသုံးစားရိတ် အပြည့်အဝမရလို့ ရပ်တန့်ကြ၊ အကောင်အထည်မဖော်နိုင်ကြ၊ ဖျက်သိမ်းကြရပါတယ်၊ကျနော်တို့ နိုင်ငံမှာ အိန္ဒိယလို မဖြစ်ဘူးလို့ ဘယ်လိုအာမခံနိုင်မှာလဲ။ အဲဒီလို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်ကျင့်တရားပျက်ခဲ့ရင် ဘယ်သူက ဘယ်လို စုံစမ်းစစ်ဆေးအရေးယူမှာလဲ၊

လွှတ်တော်ကိုယ်ကျင့်တရားဆိုင်ရာ ကော်မီတီ

အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော် နှစ်ရပ်စလုံးမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကိုယ်ကျင့်တရားနဲ့ပါတ်သက်ပြီး တိုင်တန်းတာကို လက်ခံဖို့နဲ့ စုံစမ်းစစ်ဆေးအရေးယူဖို့ သီးခြားကော်မီတီတွေ ဖွဲ့ထားပါတယ်၊ သီးခြားကော်မီတီ လို့ဆိုရတာက အခြားလွှတ်တော်ရေးရာကော်မီတီတွေမှာ လူများစုပါတီက  အများစု၊ လူနည်းစုပါတီက အနည်းစု လူများစုပါတီ၊ လူနည်းစုပါတီ အချိုးအစားအတိုင်း ဖွဲ့စည်းကြပေမည့် ဒီ လွှတ်တော်ကျင့်ဝတ်ကော်မီတီ (Ethics Committee) ကိုတော့ ပါတီနှစ်ခုစလုံးက အရည်အတွက်အတူတူနဲ့ဖွဲ့စည်းကြပါတယ်၊ ကျင့်ဝတ်ရေးရာ ဆုံးဖြတ်ကြရာမှာ လူများစုကြောင့် နိုင်တာ၊ ရှုံးတာ မဖြစ်စေပဲ မျှတအောင်လို့ပါ၊ ကော်မီတီဝင်များကိုလဲ သက်ဆိုင်ရာပါတီများထဲက သမာသမတ်အကျဆုံး အမတ်များကို ရွေးချယ်တာဝန်ပေးကြပါတယ်၊အထက်လွှတ်တော်မှာ Senate Select Committee on Ethics လို့ခေါ်ပြီး ဒီမိုကရက်တစ်ပါတီအမတ် ၃ ယောက်၊ ရီပါတ်ဘလီကန်ပါတီအမတ် ၃ ယောက်နဲ့ ဖွဲ့စည်းပါတယ်၊ အောက်လွှတ်တော်မှာ House Committee on Ethics လို့ခေါ်ပြီး  ဒီမိုကရက်တစ်ပါတီအမတ် ၅ ယောက်၊ ရီပါတ်ဘလီကန်ပါတီအမတ် ၅ ယောက်နဲ့ ဖွဲ့စည်းပါတယ်၊ 

လွှတ်တော်ရေးရာကော်မီတီများထဲမှာ အင်မတန် ဩဇာကြီးတဲ့ ကော်မီတီများဖြစ်ကြပါတယ်၊

ဒီကော်မီတီများရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်များကို အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်က ဥပဒေပြဋ္ဌန်းသတ်မှတ်ပါတယ်၊ အကြမ်းဖျင်း၊ အကျဉ်းချုပ်ကတော့ ဒီလိုပါ၊

(၁) ဒီကော်မီတီဟာ လွှတ်တော်အမတ်များ၊ လွှတ်တော်အရာရှိများအားလုံး လွှတ်တော်က ပြဋ္ဌန်းထားတဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းတွေ (Official Codes of Conduct) ကို လိုက်နာစေဖို့ တာဝန်ရှိပါတယ်၊
(၂) တိုင်တမ်းလာတဲ့ ကျင့်ဝတ်ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ဥပဒေအတိုင်း စုံစမ်းစစ်ဆေးခွင့်ရှိပါတယ်၊
(၃) သက်ဆိုင်ရာလွှတ်တော်ရဲ့ သုံးပုံ နှစ်ပုံ ထောက်ခံမဲနဲ့ ကော်မီတီ ရဲ့ စုံစမ်းတွေ့ရှိချက်နဲ့ အထောက်အထားတွေကို ပြည်ထောင်စုအစိုးရကို လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရအရေးယူဖို့ အကြံပေးနိုင်ပါတယ်၊
(၄) လွှတ်တော်ကျင့်ဝတ်နဲ့ ကိုက်ညီခြင်းရှိမရှိ မေးမြန်းချက်တွေကို ဖြေရှင်းပေးနိုင်ပါတယ်၊ အငြင်းပွါးစရာကိစ္စများအတွက် အကြံပြုနိုင်ပါတယ်၊

ကော်မီတီ ရဲ့လုပ်ငန်းတာဝန်တွေကို ပိုပြီးထိထိရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုအဖွဲ့အစည်းအဖြစ် ၂၀၀၈ ခုနှစ်မှာ အောက်လွှတ်တော်က လွှတ်တော်ကျင့်ဝတ်ဋ္ဌာန (Office of Congressional Ethics) ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်၊ ဒီဋ္ဌာနမှာ ကျင့်ဝတ်ဆိုင်ရာကျွမ်းကျင်သူ ဥပဒေပညာရှင်များပါဝင်ကြပြီး ကော်မီတီက တာဝန်ပေးတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးပြီး ကော်မီတီထံပြန်လည်တင်ပြရပါတယ်၊

မြန်မာနိုင်ငံမှာလဲ ရှိဖို့လိုသည်၊

ကျနော်တို့ နိုင်ငံမှာတော့ လွှတ်တော်နှစ်ရပ်ကဖွဲ့စည်းထားတဲ့ ရေးရာကော်မီတီတွေ အများကြီးထဲမှာ လွှတ်တော်ကျင့်ဝတ်ဆိုင်ရာ ကော်မီတီဆိုတာ ရှာလို့မတွေ့ပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ လွှတ်တော်ဆိုင်ရာဥပဒေများမှာပါဝင်တဲ့ လုပ်ပိုင်ခွင့်၊ တာဝန်များ၊ ကျင့်ဝတ်နှင့် စည်းကမ်းများက လွဲလို့ လွှတ်တော်တစ်ခုချင်းက ထုတ်ပြန်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်အရာရှိများစောင့်ထိန်းလိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ (Official Codes of Conduct) ကိုလဲ မတွေ့ရသေးပါ၊ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဟာလဲ သက်တမ်း နှစ်နှစ် ပြည့်ခဲ့ပါပြီ၊ အသက်ရလာနဲ့အမျှ၊ အတွေ့အကြုံတွေပိုပြည့်စုံပြီး လွှတ်တော်ကို စစ်မှန်တဲ့ပြည်သူ့ကိုယ်စားပြု အဆောက်အအုံကြီးဖြစ်အောင်၊ လွှတ်တော်ကိုယ်စားလှယ်များ အမြဲတမ်း သန့်ရှင်း ဖြောင့်မတ်စင်ကြယ်နေအောင် လိုအပ်တဲ့ ထိန်းကွပ်မှုများ စတင် တပ်ဆင်သင့်ပါပြီ၊

အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ်တွေ နဲ့ သူတို့ရဲ့ ဝန်ထမ်းတွေ၊ လွှတ်တော်အရာရှိတွေ၊ပြည်ထောင်စုအစိုးရအရာရှိများ လိုက်နာကြရတဲ့ ကျင့်ဝတ်ဆိုင်ရာ စည်းကမ်းတွေကို နောက်အပိုင်းမှာ ဆက်လက်တင်ပြပါ့မယ်၊

လေးစားစွာ၊

အောင်ဒင်
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments