တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၅)

March 9, 2013

သန်းဝင်းလှိုင်
မတ်လ ၉၊ ၂၀၁၃
တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့ရခြင်းနှင့်ပတ်သက်၍ ၁၉၇၄ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ထုတ်ဝေခဲ့သော “တော်လှန်ရေးကောင်စီ၏ လုပ်ဆောင်ချက်သမိုင်းအကျဉ်းချုပ်” စာအုပ် စာမျက်နှာ ၅ ၌လည်း –
“နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်ယိမ်းယိုင်လာခြင်း၊ စီးပွားရေးပိုမိုသောင်းကျန်းလာခြင်း၊ လူမျိုးရေးပဋိပက္ခပိုမို ကြီးမားလာခြင်း၊ သောင်းကျန်းသူများ ပိုမိုထကြွလာခြင်း၊ ပြည်ပအားကိုးသော ပဒေသရာဇ်တို့က ပြည်ထောင်စုကြီးကို ဖြိုခွဲရန် ပြင်ဆင်လာခြင်း စသည့် အဖက်ဖက်မှ အခြေအနေယိုယွင်းပျက်ပြားလာသဖြင့် တပ်မတော်သည် လက်ပိုက်၍ ကြည့်မနေနိုင်တော့ဘဲ သမိုင်းကပေးအပ်လာသော တာဝန်အရ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးကောင်စီကို အဖွဲ့ဝင် (၁၇) ဦး ဖြင့် ဖွဲ့စည်းကာ နိုင်ငံတော်၏ အခြေအနေကို ထိန်းသိမ်းခဲ့ ရပါသည်” ဟူ၍ ဖော်ပြထားလေသည်။
သို့သော် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် ၂၈ နှစ်အကြာ ၁၉၉၀ ပြည့်နှစ် ဇွန်လတွင် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ဦးနု၏သဘောထားကို ရန်ကုန်တက္ကသိုလ် သမိုင်းသုတေသနဌာနက မေးမြန်းခဲ့ရာ ဖက်ဒရယ်မူကြောင့် အာဏာသိမ်းပိုက်ခဲ့ရပါသည်ဟူသော အကြောင်းပြချက်ကို လုံးဝလက်မခံခဲ့ပေ။ ၀န်ကြီးချုပ်ဟောင်းဦးနုက-
“…..ခွဲထွက်နိုင်ခွင့်ဆိုတဲ့ ဟိုဥစ္စာကြီးကို ဖြုတ်ပစ်လိုက်ပါ။ မထားနဲ့တော့။ ခင်ဗျားတို့လိုချင်တဲ့ အာဏာတွေကို နောက်ထပ်ပြီးတော့ တောင်းမယ်။…နည်းနေတယ်လို့ သူတို့ကပြောတယ်။…. အင်္ဂလိပ်တွေရှိတုန်းက… ၉၁ ဌာနဆိုတာ။ ဌာနတွေပေးထားတာက…. ဗမာပြည်က ၉၁ ဌာနဆိုတာကတော့ ကြားလိုက်တော့ ၁၀၀ မှာ ကိုးဆယ်နဲ့တစ်ဌာနဆိုတော့ များနေတယ်။ …ကိုးဆယ်နဲ့တစ်ဌာနက သုညတွေ။ …ခုနစ်ဌာနက တကယ့်အဆီအနှစ်တွေ၊ ဒါ အင်္ဂလိပ်က ကိုင်ထားတယ်။ အဲသလိုဟာမျိုးဖြစ်ချင်ရင် ဖြစ်နေမလား။ …အဲဒါတွေဆိုလို့ရှိရင်ဖြင့် ပြော။ ကျွန်တော်တို့နောက်ထပ်ပြီးတော၊ ဘယ်၊ ဘယ်ဟာကို လိုချင်သေးတယ်။…. နောက်ထပ်ပြီးတော့ ဘယ်အာဏာပေးပါအုံး၊ ဘယ်ဌာန ပေးပါအုံး။ ဘယ်ဌာနပေးပါအုံး ပြော။ discuss လုပ်မယ်။ discuss လုပ်ပြီးတော့ ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်းပဲ။ …သူတို့ကို ပေးလိုက်ရလို့ ပိုသွားတယ်၊ ကျွန်တော်တို့ဗမာက ရှုံးကျန်ရစ်ခဲ့တယ်။ ဒီလိုမဟုတ်ဘူး။ အကုန်ပေးမယ်။…. ခွဲထွက်ပိုင်ခွင့်ဆိုတဲ့ ဥစ္စာကြီးကို ဖြုတ်ပစ်လိုက်တော့…။ ခင်ဗျားတို့ လိုချင်နေတယ်ဆိုတဲ့ Schedule ဆိုတဲ့အထဲမှာ၊ List တွေထဲမှာ နောက်ထပ်ပြီးတော့ ကျွန်တော် အာဏာတိုးပေးမယ်။”ဟူသောမိမိ၏သဘောထားကိုပြည်နယ်ကိုယ်စားလှယ်များအားပြောကြားရန်အစီအစဉ်ရှိခဲ့ခြင်းပင်ဖြစ်သည် ဟု ဆိုသည်။ အကယ်၍သာ ဦးနုက နှီးနှောဖလှယ်ပွဲ အတွင်း ဤသဘော ထားကို ပြောကြားမည်ဆိုလျှင် ပြည်နယ်ကိုယ်စားလှယ်များကလည်း လက်ခံကြဖွယ်ရှိသည်ဟု ဆိုသည်။
ရှမ်းပြည်နယ်ဥက္ကဋ္ဌ နှင့် ပြည်နယ်များညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ စ၀်ခွန်ချိုကိုယ်တိုင်ကလည်း လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် အဆိုတင်သွင်းတောင်းဆိုမှုများမှာ စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ဦးနုနှင့်ညှိနှိုင်းစီစဉ်ထားပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်မူ တောင်းဆိုခြင်းမှာ မိမိတို့အာဏာပိုမိုရရှိလာအောင်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ၀န်ကြီးချုပ်ဦးနုကိုယ်တိုင် ကလည်း နှီးနှောဖလှယ်ပွဲမှာ စိုးရိမ်စရာမရှိကြောင်း၊ ဤကိစ္စအတွက် အဖြေရှိပြီး ဖြစ်ကြောင်း တို့ကို ထိုစဉ်ကပင် ပြောကြားခဲ့ဖူးသည်ဟု ဆိုသည်။
လူမျိုးပေါင်းစုံနှီးနှောဖလှယ်ပွဲတွင် ရှမ်းပြည်နယ်ဥက္ကဋ္ဌ စ၀်ခွန်ချိုတင်သွင်းသည့် ဖက်ဒရယ်မူအဆိုကိုထောက်ခံဆွေးနွေးခဲ့သည့် ကယားပြည်နယ်ကိုယ်စားလှယ် ဦးစိန်ကလည်း ထိုစဉ်က မိမိတို့တောင်းဆိုခဲ့သော ဖက်ဒရယ်မူသည် ပြည်ထောင်စုကြီးကို ပြိုကွဲစေမည်မဟုတ်ဟု လည်းကောင်း၊ မိမိတို့သည် ထိုစဉ်က ခွဲထွက်ခွင့်ဟူသည်ကို လုံးဝသတိမရကြပါဟုလည်းကောင်း၊ မြန်မာနိုင်ငံတည်းဟူသော ခြံကြီးတစ်ခုတည်းတွင် ကိုယ့်အိုးကိုယ့်အိမ်ဖြင့် နေထိုင်နိုင်ရန် တောင်ဆိုခြင်းမျိုးသာ ဖြစ်သည်ဟုလည်းကောင်း ပြောကြားခဲ့သည်။
ထို့နောက် ၀န်ကြီးချုပ် ဦးနုက –
“တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးသာလိုကြောင်း အမှန်တကယ်ဖြစ်ခဲ့ရင် တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ကျွန်တော့်ကို တင်ပြရမယ်။ ဒါမှမဟုတ် ကျွန်တော့်ကို အကြောင်းအကျိုးတင်ပြဖို့ အခြေအနေမပေးခဲ့ရင် ကျွန်တော့်အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဖြစ်သူကို တင်ပြရမယ်။
သို့သော် ဗိုလ်နေ၀င်းဟာ ဘယ်သူ့ကိုမှ အသိမပေးဘဲ ၄င်းတစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ၄င်းကိုယ်ကျိုးအတွက် အာဏာ သိမ်းခဲ့ခြင်းသာ ဖြစ်တယ်။ အကယ်၍များ သူပြောသလို တိုင်းပြည်ချောက်ထဲ ကျဖို့ လက်နှစ်လုံးသာလိုခဲ့ရင်၊ ကျွန်တော်တို့ကို ၂ မိနစ်သာ ကြိုတင် အသိပေးပါ။ ကျွန်တော်ချက်ချင်းအာဏသိမ်းလိုက်ပါ့မယ်” ဟူ၍ ပြောကြားခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် တာဝန်စတင်ထမ်းောဆင်စဉ်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုကိုင်၍ ကျမ်းသစ္စာပြုခဲ့သော ဗိုလ်ချုပ်ကြီးနေ၀င်း သည် နိုင်ငံတော်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ်တွင် သစ္စာရှိရမည်သာဖြစ်သည်။ စာရေးသူကိုယ်တိုင် ဗိုလ်မှူးချုပ်တင်ဖေ (ငြိမ်း) ၏ ဇနီး ဒေါ်သိန်းဆိုင် (စာရေးဆရာမ မမြတ်လေး) မိတ်ဆက်ပေးမှုကြောင့် အာဏာသိမ်းရာတွင် ပါဝင်ခဲ့သော တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီး တန်ယုဆိုင် (ငြိမ်း) ကိုယ်တိုင်ရေးသားခဲ့သော ကိုယ်ရေးမှတ်တမ်း (လက်နှိပ်စက်မူ) ကို ၄င်းဇနီးထံမှ တောင်းယူဖတ်ရှုခွင့် ရရှိခဲ့ပါသည်။ ဒေါ်သိန်းဆိုင် နှင့် ဗိုလ်မှူးကြီး တင်ယုဆိုင်သည် မောင်နှမ တော်စပ်ပါသည်။ ဗိုလ်မှူးကြီး တင်ယုဆိုင် ရေးသားခဲ့သော ယင်းမှတ်တမ်း၌ ဗိုလ်မှူးကြီး တန်ယုဆိုင်က ဗိုလ်ချုပ်ကြီးနေ၀င်းသည် နိုင်ငံတော်အာဏာသိမ်းပိုက်ရန် သုံးကြိမ်တိုင်တိုင် ကြိုပမ်းခဲ့ရာ ပထမအကြိမ်တွင် နောက်လိုက်အင်အားမရှိ၍ အစီအစဉ်မအောင်မြင် ခဲ့ချေ။ တဖန် ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း၏ သူရဲကောင်းသုံးယောက် ဟု အပြောများသည့် ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ် အောင်ကြီးနှင့် ဗိုလ်မှူးချုပ် တင်ဖေတို့သည် ၀န်ကြီးချုပ် ဦးနု နေအိမ် အတွင်းသို့ ၀င်ရောက်ကာ စစ်တပ်မှ အာဏာသိမ်းပိုက်ပြီဖြစ်ကြောင်း လာရောက်ပြောကြားရာ၊ ဦးနုက –
“အဲသလို စိတ်နောက်ကိုယ်ပါ မလုပ်ကြနဲ့လေ။ အာဏာသိမ်းဖို့ စိတ်နဲ့တောင် မပြစ်မှားကြပါနဲ့။ အာဏာသိမ်းတယ်ဆိုတာနဲ့ တပ်မတော်ရော တိုင်းပြည်ပါ နာမည်လည်းပျက်မယ်၊ သိက္ခာလည်းကျပါလိမ့်မယ်။ လက်ရှိအစိုးရကို လက်မခံနိုင်ရင် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပါမယ်လို့သာ တပ်မတော်က ကတိပေးပါ။ တပ်မတော်ကို အာဏာလွှဲပေး လိုက်ပါ့မယ်။ ဒီလိုအာဏာလွှဲ ပေးဖို့အတွက် ထုံးတမ်းစဉ်လာနဲ့ အညီ လွှတ်တော်ခေါ်လိုက်မယ်။ လွှတ်တော်မှာ ကျွန်တော်ဝန်ကြီးချုပ်ရာထူးက ထွက်ပြီး ဗိုလ်ချုပ်ကြီးနေ၀င်းအား ၀န်ကြီးချုပ်အဖြစ် ရွေးကောက် တင်မြှောက်နိုင်အောင် အဆိုတင်ပေးပါမယ်” ဟူ၍ ပြောဆိုကြောင်း၊ သွေးထွက် သံယိုမှုမရှိဘဲ အာဏာလွှဲပြောင်းပေးခြင်းဖြင့် ဗိုလ်ချုပ်ကြီး နေ၀င်း သည် သိက္ခာရှိရှိအိမ်စောင့်အစိုးရ အသွင်ဖြင့် အာဏာ ရရှိသွားခဲ့သည်” ဟူ၍ ဖော်ပြထားသည်။ စင်စစ် ဗိုလ်ချုပ်ကြီးနေ၀င်းအား အာဏာသိမ်းပိုက် ရန် အစဉ်တစိုက် တိုက်တွန်းခဲ့သူမှာ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်ဖြစ်ပြီး၊ စစ်တပ်အား စီးပွားရေးလုပ်ကိုင်ရန် အဓိက ကြိုးကိုင်ခဲ့သူမှာ ဗိုလ်မှူးချုပ် အောင်ကြီး တို့ပင် ဖြစ်သည်။
 ထို့နောက် ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပါလီမန်ပြည်သူ့လွှတ်တော်အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးသော ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိသော ဦးနုခေါင်းဆောင်သည့် သန့်ရှင်းဖဆပလပါတီ (နောင် ပထစပါတီ) အား ၁၉၆၀ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် အာဏာပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။ ထို့နောက် ပထစ အစိုးရ အာဏာရရှိပြီး (၁) နှစ် (၁၀) လ (၂၇) ရက်တွင် ဖက်ဒရယ်မူကို အကြောင်းပြ၍ တတိယအကြိမ်မြောက် အာဏာသိမ်းခဲ့ခြင်းဖြစ်သည်ဟူ၍ ရေးသားထားလေသည်။
ထို့ကြောင့် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၄င်း၏ ကိုယ်ကျိုးစီးပွားအတွက် ဖက်ဒရယ်မူကို အကြောင်းပြ၍ အာဏာသိမ်းခဲ့ခြင်းမှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ကွင်းကွင်းကွက်ကွက် ထင်ရှားနေပေသည်။
● အဘယ့်ကြောင့် အာဏာသိမ်းပိုက်ခဲ့သနည်း
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာသိမ်းယူခဲ့ခြင်းမှာ ပထစခေါင်းဆောင်အချို့သည် တပ်မတော်အကြီးအကဲများ၏ သြဇာအာဏာကို လျော့နည်းသွားအောင် ဆောင်ရွက်ရန် ဆွေးနွေးခဲ့သောကြောင့်ဖြစ်နိုင်သည်ဟု ပထစအစိုးရ အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သော ဗိုလ်မှူး အောင် (ရဲဘော်သုံးကျိပ်ဝင်) က ပြောဆိုခဲ့သည်။
လွတ်လပ်ပြီးစနိုင်ငံငယ်များနှင့် တိုးတက်ဖွံ့ဖြိုးစ နိုင်ငံငယ်များတွင် စစ်တပ်အင်အားကြီးမားခဲ့ကြောင်း၊ ထို့ကြောင့် ထိုနိုင်ငံငယ်များ တွင် စစ်တပ်အာဏာသိမ်းမှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ ဗမာ့တပ်မတော်ကိုလည်း မည်သို့ပြုပြင်လျှင် သင့်မည်ဟူ၍ ပထစ ခေါင်းဆောင်များ နည်းလမ်းရှာဖွေခဲ့ကြကြောင်း၊ တပ်မတော်အရာရှိကြီးများအား သုံးနှစ်တစ်ကြိမ်ပြောင်းလဲပေးလျှင် ကောင်းမည် သို့မဟုတ် အငြိမ်းစားပေးလျှင်သင့်လျော်မည်။ သို့မဟုတ် အမြဲတမ်းစစ်တပ်မထားဘဲ အရွယ်ရောက်သူတိုင်းအား စစ်ပညာများ သင်စေ၍ အလှည့်ကျ အမှုထမ်းစေလျှင် အဆင်ပြေမည် တို့ကို ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ဆွေးနွေးသောသတင်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်းထံ သတင်းပေါက် သွားသောကြောင့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ခြင်းဖြစ်မည်ဟု ထင်ကြောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်မှူး အောင် က ဆွေးနွေးပြောကြားခဲ့သည်။ ယင်းပြောဆိုချက်မှတ်တမ်းကို ရန်ကုန်တက္ကသိုလ် သမိုင်း သုတေသနဌာနက “ကိုယ်တွေ့ပြောကြားချက်များ (၀၁၂၂)” ဖြင့် သိမ်းဆည်းထားသည်။
၁၉၉၀ ပြည့်နှစ် သြဂုတ်လအတွင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်မှူး အောင် နှင့် တွေ့ဆုံမေးမြန်းခဲ့ရာတွင်မူ ၄င်းက-
“ကျွန်တော်ကာကွယ်ရေးဝန်ကြီးလုပ်တဲ့အခါ National Service Act ဆိုတာ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေတစ်ရပ် ပါလီမန်မှာ တင်ဖို့ ကျွန်တော်တို့လုပ်တယ်။ အဲဒီတင်ဖို့လုပ်တဲ့အခါကျတော့ ဗိုလ်မှူးချုပ် တင်ဖေက နယ်တွေမှာသွားပြီးတော့ တပ်တွေကို ပြောတယ်။ …ဒီ ကာကွယ်ရေးဝန်ကြီးလုပ်တဲ့အချိန်မှာ ငါတို့တပ်မတော်ကို ဖျက်ဖို့လုပ်နေပြီ။ …ဘယ်လိုလဲဆိုရင် National Service Act အရ လူတိုင်း လူတိုင်း… ၁၈ နှစ် ပြည့်တဲ့ ကျား မ၊ ၄၅ နှစ်အတွင်းမှာရှိတဲ့ ကျားမ အားလုံး…. စစ်ပညာမသင် မနေရ ဆိုတာလုပ်မယ်။ ဒီတော့ တပ်က ဘယ်လောက်ထားမလဲ။ …လေ့ကျင့်ရေးအတွက်ပေါ့လေ။…. ငါးသောင်းထားမယ်။ တော်ပြီ။ …ပိုတဲ့အရာရှိ၊ အကြပ်၊ တပ်သားတွေကို ဘယ်လိုလုပ်မလဲ။ …ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးမှာ ဒီပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ ကို အစားသွင်းမယ်။… အကြပ်တပ်သားဆိုလည်း… ကျေးရွာကာကွယ်ရေးတို့ ဘာတို့ပေါ့လေ။ ကျေးရွာအုပ်ချုပ်ရေးတို့ ဘာတို့…. အဲဒီမှာ ကျွန်တော်တို့က ဟိုဒင်းဖြစ်တယ်။…. တပ်မောတ်က ပိုလာတဲ့အရာရှိတွေထဲက တချို့က အုပ်ချုပ်ရေးမှာ ပြန်ထည့်မယ်။ ပညာအရည်အချင်းပြည့်ဝတဲ့ ဒီ၊ ဒီတပ်ဗိုလ်တွေကို နိုင်ငံခြားမှာ ကျွန်တော်တို့က ပညာထပ်သင်မယ်။ … တိုင်းပြည်ထူထောင်ရေး အတွက် လိုတဲ့ပညာတွေကိုပေါ့လေ။ … အဲသလို ပညာသင်ပြီးတော့ ဒီတိုင်းပြည်ထူထောင်ရေးအတွက် သုံးမယ်ဆိုတဲ့ဟာ၊ အဲဒီ…. National Service Act စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေလုပ်ဖို့ဆိုပြီးတော့…. အဲဒီဟာ လုပ်တဲ့အခါကျတော့ ဗိုလမှူးချုပ်တင်ဖေက ပထမဆုံးသူက … တပ်က အရာရှိတွေခေါ်ပြီးတော့ သူရှင်းတယ်။ …တို့တပ်မတော်တော့ အဖျက်မခံဘူး။ ငါတို့က တခုခုတော့ လုပ်ရမယ် ဆိုတာကို သူပြောတယ်။ … ၀ နယ်ကို ကျွန်တော်တို့သွားတော့… ဗိုလ်မှူးကြီးမောင်ရွှေက သူက တိုင်းတပ်မှူး၊ အစ်ကိုကြီးတဲ့ ဒီက အရာရှိတွေက အစ်ကိုကြီးနဲ့ Interview တောင်းတယ်။ …အဲဒီအရာရှိ ၂၀၀ နဲ့ ကျွန်တော်တွေ့တယ်။ တွေ့တော့ အဲဒီ National Service Act အကြောင်း သူတို့က မေးကြတယ်။ မေးတော့ အဲဒါ ရှင်းပြတယ်။ …ဟ၊ ဒါဆို ကောင်းသားပဲတဲ့။ …. ဒီသူပုန်ရန်ကလည်း အဲဒီအချိန်က …. အေးသွားပြီ။ … ပေါင်းလိုက်လို့မှ ဆိုရင် ၃၀၀၀ ကျော် ၄၀၀၀ လောက်ပဲ ရှိတယ်။ အဲဒီ ၃၀၀၀ ကျော် ၄၀၀၀ ကျော်တွေကလည်း သူတို့အနေနဲ့ ပြန်ပြီးတော့…. အလင်းဝင်ချင်တဲ့ ဆန္ဒရှိတယ်။ …အမျိုးသားစစ်ဝန်ထမ်းဥပဒေနဲ့ ပတ်သက်ပြီး အဆင့်ဆင့် ကျွန်တော်ရှင်းပြတော့ အဲဒီအရာရှိတွေက ဟာ – ဒါ၊ ကောင်းသားပဲ။ ဒါ တပ်မတော်ဖျက်တာမှ မဟုတ်ဘဲ။ …ပြည်ထောင်စုကြီးတစ်ခုလုံး တပ်မတော်ဖြစ်အောင်လုပ်တာတဲ့။ …ဒါ လက်ခံစရာအကြောင်းရှိတယ်။ …ဒီဥစ္စာဟာ အိုစီ (O.C – Officer Commanding တပ်မှူး) ကွန်ဖရင့်က ဒီ C.O (Commanding Officer) ကွန်ဖရင့်က နှစ်ကြိမ် တပ်မတော်အရာရှိက နှစ်ကြိမ် သူတို့သဘောတူပြီးသား။ …ဗိုလ်မှူးချုပ်တင်ဖေက ဟိုတုံးက ပုသိမ်သွားပြီးတော့ ရင်ဘတ်ထုပြီးတော့၊ (ကာကွယ်ရေးဝန်ကြီး) က တပ်မတော်ဖျက်ပြီ၊ ဟုတ်လား၊ လားရှိုးမှာလည်း တပ်မတော်ဖျက်ပြီ။ တောင်ကြီးမှာလည်း တပ်မတော်ဖျက်ပြီ။ သူက ရှေ့လျှောက်ကျွန်တော်ကနောက်ကလိုက်ရင်း၊ဒီလိုဖြစ်ကြတာ။ ….ဗိုလ်မှူးချုပ်တင်ဖေ ဒီလိုလျှောက်ပြောတဲ့ဟာဆိုလို့ရှိရင် ဒီစိုးရိမ်စိတ်ရှိချင်လည်း ရှိ…ခွန်ထီးနဲ့တော့ ကျွန်တော်စကားပြောတာပဲ။ … အဲဒီ ခွန်ထီးတို့ဘာတို့ကတော့ အဲဒါတွေ လျှောက်ပြောကြတာပဲ။ … အဲဒီ ဆွေးနွေးပွဲမှာပဲ ဒါပြောတယ်။ … ဆွေးနွေးကြတယ်။ အဲဒါတွေ ပြောတာပေါ့။ ဒါ၊ ဒီ၊ ဖက်ဒရယ်ကြောင့်တော့ မဟုတ်ဘူး။ တပ်မတော်က …. သူတို့တပ်မတော်ကို ပျက်တဲ့အတွက် ဒါ စိုးရိမ်လို့ သိမ်းတာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ … ကျွန်တော်တို့က ဒီလိုပဲ ယူဆတယ်လေ။ ” ဟူ၍ ရှင်းလင်းပြောကြားခဲ့သည်။
● တော်လှန်ရေးကောင်စီအာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များ
တော်လှန်ရေးကောင်စီခေတ် ၁၂ နှစ်၊ လမ်းစဉ်ပါတီအစိုးရခေတ် ၁၄ နှစ်၊ ၂၆ နှစ်ကာလအတွင်း ဗိုလ်ချုပ်ကြီးနေ၀င်းသည် ထိုစဉ်က ကမ္ဘာတွင်ခေတ်စားနေသော “ဆိုရှယ်လစ်” ဆိုင်းဘုတ်ကို ကောက်ချိတ်ပြီး ရာဇပလ္လင်ပေါ်တက်ထိုင်ကာ အာဏာသုံးရပ်ကို အပြည့်အ၀ ချုပ်ကိုင်၍ မစားရ ၀ခမန်း စိတ်ကူးယဉ်အိပ်မက်များကို အကောင်အထည်ဖော်ကာ ဆိုဗီယက်ပုံစံ တစ်ပါတီ ဆိုရှယ်လစ်အာဏာရှင်စနစ် တည်ထောင်ခဲ့သောကြောင့်သံယံဇာတ ပေါကြွယ်လှသော မြန်မာနိုင်ငံသည် (၄၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ၁၉၈၇ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ကျင်းပခဲ့သော (၉၆) ကြိမ် အစည်းအဝေးဆုံးဖြတ်ချက် (၄၂ / ၄၂၈) အရ ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (အဆင်းရဲဆုံးနိုင်ငံ) စာရင်းသို့ သွတ်သွင်းခံလိုက်ရလေသည်။
သို့ကလို ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော စစ်တပ်မှ ပြည်သူ့ အချုပ်အခြာအာဏာများကို လက်နက်အားကိုးဖြင့် အတင်းအဓမ္မ သိမ်းယူလိုက်သောကြောင့် ကျောင်းသားသမဂ္ဂမှ ဦးဆောင်၍ မတ်လတွင် တစ်ကြိမ်နှင့် ဇူလိုင်လတွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုင်တိုင် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ပထမအကြိမ်ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့် ကွက် ခဲ့သည့် ကျောင်းသားသမဂ္ဂများ၏ ခေါင်းဆောင်များကို မတရားဖမ်းဆီးနှိပ်စက်၍ တစ်ကျွန်းပို့ပြစ်ဒဏ်များ ချမှတ်၍ ကိုကိုးကျွန်းသို့ ပို့ဆောင်ခဲ့ပြီး အချို့ကျောင်းသားများကို ကျောင်းမှ ရာသက်ပန်ထုတ်ပယ်လိုက်သည်။ တချို့မှာမူ ၀ရမ်းပြေးဘ၀သို့ ရောက်ရှိသွားရတော့ သည်။ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ထိုသို့ပြုလုပ်ရုံမျှအားမရသေးဘဲ ငြိမ်းချမ်းစွာပညာဆက်လက်သင်ကြားနေသော ကျောင်းသားများ၏ စားရေး နေရေး ပညာသင်ကြားရေး စသည့် ကျောင်းသားများ၏ အခြေခံအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်သည့် စည်းကမ်းချက် ၂၂ ချက်ပါ ညွှန်ကြားချက် တို့ကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် မေလ ၁၀ ရက်နေ့တွင် တက္ကသိုလ်ကောင်စီကိုပါ ဖျက်သိမ်းပစ်လိုက်သည်။
ထိုသို့ အထွေထွေဖိနှိပ်ချုပ်ချယ်မှုများကို နည်းပေါင်းစုံဖြင့် ပြုလုပ်လာသောကြောင့် ကျောင်းသားသပိတ်သည် တနိုင်ငံလုံးရှိ ကျောင်းသားထုများအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့ကူးစက်လာကာ သမိုင်းတွင်ရစ်ခဲ့သည့် ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှု အထွေထွေ သပိတ်ကြီး ပေါ်ပေါက်လာခဲ့သည်။
ထို့နောက် စစ်အစိုးရသည် ဇူလိုင်လ ၆ ရက်နေ့ ည ၈ နာရီတွင် တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ည ၆း၃၀ နာရီခန့်တွင် စစ်အာဏာရှင်များ၏ ခါးပိုက်ထောင်တပ်ဖွဲ့ဝင်များသည် မောင်းပြန်သေနတ်များဖြင့် ရက်စက်စွာ ပစ်ခတ်နှိမ်နင်းဖြိုခွင်းမှုကြောင့် ကျောင်းသားများ အမြောက်အမြား သေကြေဒဏ်ရာရရှိခဲ့သည်။ မသေဘဲ ကျန်ရစ်ခဲ့သော ကျောင်းသားအများ အပြားလည်း ဖမ်းဆီးထောင်ချခံခဲ့ရသည်။
ထို့အပြင် ကျောင်းသားများ၏ နိုင်ငံရေးလုပ်ဆောင်ခဲ့မှုသမိုင်းကို ဖျောက်ဖျက်ပစ်လိုသော အကြံဖြင့် သပိတ်မှောက်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ အဓိက စုရုံးရာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဇူလိုင်လ ၈ ရက်နေ့ မနက် ၀၃း၃၀ နာရီတွင် ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲဖြိုချဖျက်ဆီး၍ အစဖျောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂအဆောက်အဦကို လက်ဝါးချင်းရိုက်ပြီး ဗုံးဖောက် ခွဲခဲ့သည့် တရားခံမှာ ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ဗိုလ်မှူးချုပ် အောင်ကြီးတို့သာ ဖြစ်သည်။
ယင်းနောက် တော်လှန်ရေးကောင်စီသည် ၁၉၆၄ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ၁၉၆၄ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ် သည့် ဥပဒေကို ပြဋ္ဌာန်း၍ အသင်းအဖွဲ့ပါတီအားလုံးကို ဖျက်သိမ်းလိုက်လေသည်။
၁၉၆၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်မှ ထုတ်ဝေထားသည့် ကျပ် ၁၀၀ တန် နှင့် ကျပ် ၅၀ တန် ငွေစက္ကူ များကို တရားဝင် ငွေစက္ကူအဖြစ်မှ ရပ်စဲလိုက်သည်။ ၁၉၆၄ ခုနှစ် စက်တင်ဘာလတွင် ကြေးမုံ၊ ဂါးဒီးယန်း၊ ဗိုလ်တထောင် ပုဂ္ဂလိကပိုင် သတင်းစာများကို ပြည်သူပိုင် သိမ်းပိုက်၍ သတင်းစာလွတ်လပ်ခွင့်ကို ကန့်သတ်လိုက်သည်။
ထို့နောက် ၁၉၇၃ ခုနှစ် သြဂုတ်လတွင် တော်လှန်ရေးကောင်စီမှ ရေးဆွဲခဲ့သော မဆလ တပါတီအာဏာရှင်စနစ်ကို ကိုယ်စားပြုထား သော ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို အတည်ပြုသည့် အတုအယောင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
၁၉၇၄ ခုနှစ် မေ၊ ဇွန်လများတွင် မြန်မာနိုင်ငံအရပ်ရပ်တွင် အလုပ်သမားဆန္ဒပြမှုများနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူး ဦးသန့်၏ ရုပ်ကလာပ် သင်္ဂြိုဟ်မည့်ကိစ္စကို အကြောင်းပြု၍ ဦးသန့်အရေးအခင်း၊ ၁၉၇၆ ခုနှစ် မတ်လ ၂၃ ၇က်နေ့တွင် သခင်ကိုယ်တော်မှိုင်းရာပြည့်အရေးအခင်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။
၁၉၇၇ ခုနှစ် စက်တင်ဘာလတွင် မဆလ ပါတီ အာဏာရှင်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနှင့် သီးခြား ပြည်နယ်၊ သီးခြားအစိုးရဖွဲ့ရန် ကိစ္စရပ်များ ပေါ်ပေါက်လာခဲ့သည်။
တိုင်းပြည်၏ စီးပွားရေးအခြေအနေများလည်း တဖြည်းဖြည်း ယိုယွင်းပျက်စီးလာစဉ်အတွင်း ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် နိုင်ငံတော်အတွင်း လှည့်လည်သုံးစွဲလျက်ရှိသော ငွေစက္ကူကျပ် ၁၀၀ တန်၊ ကျပ် ၅၀ တန် နှင့် ကျပ် ၂၀ တန် တို့ကိုလည်းကောင်း၊ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကိုလည်းကောင်း တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်သောကြောင့် လူထုတရပ်လုံး အထွေထွေမကျေနပ်မှုများ ဖြစ်ပွားလာခဲ့သည်။ ၃၅ ကျပ်တန် နှင့် ၇၅ ကျပ်တန်တို့ကို ထုတ်ဝေထားသည်မှာ ၂ နှစ်သာ ရှိသေးသည။် ထိုစဉ်အတွင်း ၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားအချို့နှင့် ကြို့ကုန်းအနောက်ရပ်ကွက်မှ လူငယ်အချို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာ အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် “ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး” တပြည်လုံးတွင် အုံကြွပေါက်ကွဲပေါ်ထွက်လာခဲ့သည်။
ဤသို့ဖြင့် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ တဖြစ်လဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းသည် တာဝန်မှ နှုတ်ထွက်၍ ၄င်း၏ မဆလ တပါတီအာဏာရှင်စနစ် သည်လည်း ပြိုကျပျက်စီးသွားခဲ့ရသည်မှာ သံဝေဂရစရာပင်ဖြစ်ပေသည်။
စာကိုး
၁။ ဦးကျော်ဝင်း၊ ဦးမြဟန် နှင့် ဦးသိန်းလှိုင်၊ ၁၉၅၈ -၁၉၆၂ မြန်မာ့နိုင်ငံရေး (စတုတ္ထတွဲ) ၁၉၉၁။
၂။ ကယားဦးစိန်၊ အာဏာသိမ်းမှတ်တမ်း (လက်နှိပ်စက်မူ)
၃။ ဖဆပလ ပဏာမပြင်ဆင်မှုညီလာခံမှတမ်း၊ ရန်ကုန်စတူးဒင့်ဒိုင်ဂျက်ပုံနှိပ်တိုက်၊ ၁၉၄၇။
၎။ သခင်ချစ်မောင် (၀ိဒူရ)၊ ရှမ်းမူနဲ့ပြည်ထောင်စုနောင်ရေး၊ ရန်ကုန်၊ ကြေးမုံပုံနှိပ်တိုက် ၁၉၆၂။
၅။ ဗိုလ်တထောင် သတင်းစာ (၃-၃-၁၉၆၂)
၆။ ဟံသာဝတီ သတင်းစာ (၄-၃-၁၉၆၂)
၇။ သမိုင်းသုတေသနဌာန၊ မြန်မာ့ရက်စဉ်သမိုင်း ဒုတိယတွဲ၊ ရန်ကုန်၊ ၂၀၀၉။
၈။ အခြေခံဥပဒေရေးရာစာစောင် အမှတ် ၂၅ (သြဂုတ်လ ၂၀၀၆)
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်, အခန်းဆက်များ

5 Responses to တော်လှန်ရေးကောင်စီ ဘာကြောင့် နိုင်ငံတော်အာဏာသိမ်းပိုက်ခဲ့သလဲ – အပိုင်း (၅)

  1. Maung Maung Myint on March 9, 2013 at 11:05 pm

    တင် ယုဆိုင်လား။တန်ယုဆိုင်လားဘယ်ဟာအမှန်ပါလဲဒါမှမဟုတ်၂ခုစလုံးအမှန်လားသိပါရစေ

    • Maung Maung Gyi on March 11, 2013 at 1:33 am

      His name was Tan Yu Saing, a Chinese name. He was a brother-in-law of Brigadier Tin Pe. Daw Thein Saing (Mrs. Tin Pe) was his sister. He was the Inspector General of the Union Constabulary or Pyisaunt Ye (former Union Military Police Force or Sit Ye Tat).

  2. mgoogyaw on March 10, 2013 at 5:34 pm

    I will answer on behalf of the Author. It is “Tan Yu Saing”, not “Tin” Yu Saing”, also the brother of Mrs. General Tin Pe,(Daw Thein Saing). The uncle of Now (Current Government) Deputy Chairman of Parliament (Hluttaw), U Nanda Kyaw Swa, who lived in Pyi Daung Su Yeikthar Road,(Helpinn Road).

  3. ရန်ကုန်သား on March 10, 2013 at 11:57 pm

    မြန်မာပြည်ကို တရုတ်နွယ်ဖွါးစစ်ဗိုလ်တွေ ဖျက်ဆီးခဲကြတာယနေ့တိုင်ပါဘဲ။စစ်သားက စစ်ဘဲတိုက်တတ်မယ်။အုပ်ချူပ်ရေး။စံမံခန့်ခွဲရေးတိုကို ဘယ်နားလည်မလဲ။အခုလည်း ဗမာပြည်ဟာ တရုတ်ကိုလိုနီအစိပ်အပိုင်းတစ်ခုပါဘဲ။

  4. Thar Gyaw on March 11, 2013 at 6:02 pm

    Col.Tan Yu Saing was also the elder brother of Maung Ko Yu, a well known communist lawyer. He was part of NLD and later had falling out with the NLD.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်