သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (စာရေးဆရာ ဂျော့ခ်ျအော်ဝဲလ်)

March 11, 2013

သန်းဝင်းလှိုင်
မတ်လ ၁၁၊ ၂၀၁၃
မြန်မာ့သမိုင်းတကွေ့၌ ထင်ရှားခဲ့သော ဗြိတိသျှစာရေးဆရာတစ်ဦးမှာ ဂျော့ခ်ျအော်ဝဲလ် ဖြစ်သည်။ သူသည်ထက်မြက်သောစာရေးဆရာတဦးဖြစ်ပြီးအဖိနှိပ်ခံတို့ ဘက်မှရပ်တည်သောစာရေးဆရာလည်းဖြစ်သည်။သူ၏ ပထမဆုံးလုံးချင်းဝတ္ထု ဖြစ်သည့် Burmese Days မှာ ဂျော့ခ်ျအော်ဝဲလ် (George Orwell) စာပေလေ့လာသူတို့ လက်မလွှတ်နိုင်သော စာအုပ်တစ်အုပ် ဖြစ်သကဲ့သို့ မြန်မာပြည်နောက်ခံဖြင့် နိုင်ငံခြားသားတို့ရေးသားကြသည့် ၀တ္ထုများထဲတွင် အထင်ရှားဆုံးလက်ရာတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။
၁၉၃၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Burmese Days ၀တ္ထုသည် နောက်ပိုင်းသူဆက်ရေးဖြစ်မည့် ၀တ္ထုအတော်များများကို ပုံစံချပေးခဲ့ သော ၀တ္ထုလည်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဖိနှိပ်ချုပ်ချယ်သော၊ ရိုးဖြောင့်မှန်ကန်မှုမရှိသော လူမှုပတ်ဝန်းကျင်တစ်ခုအတွင်း အံမ၀င်ခွင်မကျ ဖြစ်နေသည့် စာနာစိတ်ရှိသူ၊ မှန်ရာကိုသာလုပ်လိုသူ၊ မတူညီသူများအကြားစိတ်ပိုင်းဆိုင်ရာအရာ အထီးကျန်ဖြစ်နေသူတို့အကြောင်း ရေးဖွဲ့ ထားသည့် ၀တ္ထုများဖြစ်သည်။ Burmese Days တွင် အဓိက ဇာတ်ဆောင်သည် အင်္ဂလိပ်သစ်ကုမ္ပဏီတစ်ခုမှ သာမန်အဆင့်အရာရှိတစ်ဦး ဖြစ်သည်။ သူက လူမျိုးကြီးစိတ်ဓာတ်ဝင်နေသည့် သူ့ပတ်ဝန်းကျင်မှ ကိုလိုနီအရာရှိများ၏ ၀င့်ဝါသောအဆင့်အတန်းခွဲခြားသော အပြုအမူ အကျင့်အကြံများကို စိတ်ပျက်နေသည်။သူသည် မြန်မာများ အိန္ဒိယသားများကို စာနာစိတ်ထားကာ ရင်းရင်းနှီးနှီးဆက်ဆံချင်သည်။ သို့သော် နောက်ဆုံးတွင် မျှော်မှန်းမထားသော ပြဿနာများ ကြုံတွေ့ကာ သူ့ဘ၀က ကြေကွဲဖွယ် နိဂုံးချုပ်သွားခဲ့ရသည်ကို ရေးသားထားလေသည်။


မြန်မာ့သမိုင်းတကွေ့၌ ထင်ရှားခဲ့သော ဗြိတိသျှစာရေးဆရာတစ်ဦးမှာ ဂျော့ခ်ျအော်ဝဲလ် ဖြစ်သည်။ သူသည်ထက်မြက်သောစာရေးဆရာတဦးဖြစ်ပြီးအဖိနှိပ်ခံတို့ ဘက်မှရပ်တည်သောစာရေးဆရာလည်းဖြစ်သည်။သူ၏ ပထမဆုံးလုံးချင်းဝတ္ထု ဖြစ်သည့် Burmese Days မှာ ဂျော့ခ်ျအော်ဝဲလ် (George Orwell) စာပေလေ့လာသူတို့ လက်မလွှတ်နိုင်သော စာအုပ်တစ်အုပ် ဖြစ်သကဲ့သို့ မြန်မာပြည်နောက်ခံဖြင့် နိုင်ငံခြားသားတို့ရေးသားကြသည့် ၀တ္ထုများထဲတွင် အထင်ရှားဆုံးလက်ရာတစ်ခုအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။

 ၁၉၃၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Burmese Days ၀တ္ထုသည် နောက်ပိုင်းသူဆက်ရေးဖြစ်မည့် ၀တ္ထုအတော်များများကို ပုံစံချပေးခဲ့ သော ၀တ္ထုလည်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဖိနှိပ်ချုပ်ချယ်သော၊ ရိုးဖြောင့်မှန်ကန်မှုမရှိသော လူမှုပတ်ဝန်းကျင်တစ်ခုအတွင်း အံမ၀င်ခွင်မကျ ဖြစ်နေသည့် စာနာစိတ်ရှိသူ၊ မှန်ရာကိုသာလုပ်လိုသူ၊ မတူညီသူများအကြားစိတ်ပိုင်းဆိုင်ရာအရာ အထီးကျန်ဖြစ်နေသူတို့အကြောင်း ရေးဖွဲ့ ထားသည့် ၀တ္ထုများဖြစ်သည်။ Burmese Days တွင် အဓိက ဇာတ်ဆောင်သည် အင်္ဂလိပ်သစ်ကုမ္ပဏီတစ်ခုမှ သာမန်အဆင့်အရာရှိတစ်ဦး ဖြစ်သည်။ သူက လူမျိုးကြီးစိတ်ဓာတ်ဝင်နေသည့် သူ့ပတ်ဝန်းကျင်မှ ကိုလိုနီအရာရှိများ၏ ၀င့်ဝါသောအဆင့်အတန်းခွဲခြားသော အပြုအမူ အကျင့်အကြံများကို စိတ်ပျက်နေသည်။သူသည် မြန်မာများ အိန္ဒိယသားများကို စာနာစိတ်ထားကာ ရင်းရင်းနှီးနှီးဆက်ဆံချင်သည်။ သို့သော် နောက်ဆုံးတွင် မျှော်မှန်းမထားသော ပြဿနာများ ကြုံတွေ့ကာ သူ့ဘ၀က ကြေကွဲဖွယ် နိဂုံးချုပ်သွားခဲ့ရသည်ကို ရေးသားထားလေသည်။

 

ဂျော့ခ်ျအော်ဝဲလ်ကို အိန္ဒိယပြည် ဘီဟာနယ် မွန်တီဟာရီမြို့တွင် ၁၉၀၃ ခုနှစ် ဇွန်လ ၂၅ ရက်နေ့၌ ဖွားမြင်ခဲ့သည်။ သူ၏အမည်ရင်း မှာ အဲရစ်အာသာဘလဲယား (Eric Arthur Blair) ဖြစ်သော်လည်း ‘ဂျော့ခ်ျအော်ဝဲလ်’ ဟူသော ကလောင်နာမည်ဖြင့်သာ လူသိများသည်။ ယင်းအမည်ကို သူ့အသက်၃၀အရွယ်တွင် ပုံနှိပ်ထုတ်ဝေသည့် Down and out in Paris and London (ပါလီနှင့်လန်ဒန်ကအခြေအနေမဲ့ဘ၀) စာအုပ်မှစတင်၍ အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူ့ကလောင်အမည် ‘အော်ဝဲလ်’ ဆိုသည်မှာ အင်္ဂလန်ပြည် အရှေ့အင်္ဂလီယာနယ်ရှိ သူနှစ်သက်သော အော်ဝဲလ်မြစ် (Orwell River) ၏ အမည်ကို ယူထားခြင်းဖြစ်ပြီး၊ “ဂျော့ခ်ျ” (George) မှာမူ ရိုးရိုးရှင်းရှင်းနှင့် ဆွဲဆောင်မှုရှိသည့် နာမည်တစ်ခုဟု သဘောကျကာ သူရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် သူ၏ စာအုပ်များထင်ရှားကျော် ကြားလာသည်နှင့်အမျှ ကလောင်အမည် ဂျော့ခ်ျအော်ဝဲလ်သည်သာ နာမည်အရင်းကဲ့သို့ လူသိများလာခဲ့လေသည်။

စင်စစ်နာမည်ပြောင်းခြင်းနှင့်အတူ သူ၏ဘ၀နေထိုင်မှုပုံသဏ္ဌာန်ပုံများလည်း ပြောင်းလဲလာခဲ့သည်ဟု ဆိုနိုင်သည်။ ဘလဲယားဘ၀တုန်းက သူသည် ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအဆောက်အဦ၏ ဒေါက်တိုင်တစ်ခုဖြစ်ခဲ့သည်။ အော်ဝဲလ်ဘ၀တွင်မူ ကိုလိုနီနယ်ချဲ့ အဆောက်အဦကို ဆန့်ကျင်ပုန်ကန်သည့် စာပေသမားနှင့် နိုင်ငံရေးဝေဖန်သူအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သူ့ဘ၀ကလည်း စိတ်ဝင်စားဖွယ်အတိပင် ဖြစ်သည်။ ကိုလိုနီခေတ်၌ အိန္ဒိယတွင် မွေးသည့် အင်္ဂလိပ်တစ်ယောက်ဖြစ်သည့် အားလျော်စွာ ဘလဲယားသည် အလိုအလျောက်ပင် ဗြိတိသျှအရှင်သခင်လူတန်းစားထဲတွင် ပါဝင်ခဲ့သည်။ အဖိုးဖြစ်သူ ချားလ်ဘလဲယားမှာ ဒေါဆက်မြို့ရှိ ကြွယ်ဝချမ်းသာသော မြို့မျက်နှာဖုံးဖြစ်သလို၊ အဖွားဖြစ်သူ လေဒီမေရီဖန်းမှာ ရှစ်ဆက်မြောက် အားလ်ဘွဲ့ရ ၀က်စ်မိုလန်းမြို့စားကြီး သောမတ်စ်ဖန်း၏ သမီးဖြစ်သည်။ သို့သော် သူ့ဖခင် ရစ်ချတ်ဘလဲယားမှာ အစိုးရဘိန်းဌာန (Opium Department) မှာ အရာရှိငယ်တစ်ဦးမျှသာ ဖြစ်သည်။ ပြင်သစ်နွယ်ဖွားတစ်ဦးဖြစ်သည့် သူ၏မိခင် အီဒါဘလဲယား (Ida Mabel Blair) မှာလည်း ချမ်းသာသော မျိုးရိုးက ဆင်းသက်လာသူမဟုတ်ချေ။ ထူးခြားသည်မှာ မိခင်ဖြစ်သူသည် မြန်မာနိုင်ငံမော်လမြိုင်မြို့၌ ကြီးပြင်းလာခဲ့သူဖြစ် သည်။ သူ့မိဘများမှာ မိမိတို့နေထိုင်လိုသည့် အဆောင်အယောင်အဆင့်အတန်းကို မမီမကမ်းလှမ်းနေရသည့် လူလတ်တန်းစားအလွှာထဲက ဟု ဆိုရပေမည်။ နောင်တွင် ယင်းအလွှာထဲမှ လူများကို အော်ဝဲလ်က အင်္ဂလိပ်ဝေါဟာရ Landed gentry (မြေရှင်သူရဲကောင်းမျိုး) ဟူသော စကားမှ ဆင့်ပွားယူကာ မြေမဲ့သူကောင်းမျိုး (Landless gentry) ဟူ၍ လှော်ပြောင်ခေါ်ဝေါ်ခဲ့သည်။

 အိန္ဒိယတွင် သူကြာကြာမနေခဲ့ရပေ။ တစ်နှစ်သားလောက်မှာပင် မိခင်နှင့်အတူ အင်္ဂလန်သို့ ပြန်လည်နေထိုင်သည်။ အသက် ၅ နှစ် အရွယ်တွင် ဟဲင်လေအွန်တိမ်း(စ်) (Henley-on-Thames)  မြို့ကလေးရှိ အင်္ဂလီကန်စာသင်ကျောင်းသို့ တက်ရောက်သည်။ ၁၉၁၁ တွင် သူ့အား အိစဘုန်းမြို့ရှိ စိန့်ဆိုင်ပရီယန်ကျောင်းသို့ ပို့ကြသည်။ စိန့်ဆိုင်ပရီယန်၌ ဘော်ဒါဆောင်နေ၍ ကျောင်းတက်ရသည့် နာမည်ကြီး ကျောင်းတစ်ကျောင်းဖြစ်လာသောကြောင့် စရိတ်စက ကြီးသည်။ သို့သော် ပညာသင်ဆုရသဖြင့် မိဘများက ကျောင်းစားရိတ် တစ်ဝက်ကိုသာ ပေးကြရသည်။ ကျောင်းတွင် သူသည် အခြားသူများထက် ဆင်းရဲနွမ်းပါးသောကြောင့် ကျောင်းနေမပျော်ခဲ့ပေ။ လူအများကြား ရောရောနှောနှော မနေတတ်သလို၊ မရွှင်ပျသောအမူအရာနှင့် ကွဲပြားခြားနားနေသူဖြစ်သည်။ စိတ်မချမ်းမြေ့ခဲ့သည့် ထိုစဉ်ကာလ သူ့ဘ၀အကြောင်းကို “Such, Such Were the Joys” အမည် အက်ဆေး(စာတမ်းငယ်) တစ်စောင် သူရေးသားခဲ့သည်။ ၄င်းအက်ဆေးမှာ သူကွယ်လွန်ပြီး သုံးနှစ်အကြာ ၁၉၅၃ ခုနှစ်မှ ထွက်ပေါ်လာခဲ့သည်။
စိန့်ဆိုင်ပရီယန်တွင် သူသည် ပညာထူးချွန်သဖြင့်င်္လန်ဒန်မြို့ရှိထိပ်တန်းကောလိပ်ကျောင်းနှစ်ခုသို့ တက်ရောက်နိုင်ရန် ပညာသင်ဆုရ ရှိခဲ့သည်။ သူက အီတန်ကောလိပ်ကို ရွေးချယ်ကာ ၁၉၁၇ မှ ၁၉၂၁ အထိ တက်ရောက်သင်ကြားခဲ့သည်။ အီတန်၌နေစဉ် ကောလိပ်စာစောင်၊ ဂျာနယ်များတွင် ဆောင်းပါးများ၊ ကဗျာများ စတင်ရေးသားခဲ့သည်။ သူရေးဖွဲ့ခဲ့သော ကဗျာများကို Henley and South Oxford-Shire Standard မဂ္ဂဇင်း၌ ဖော်ပြခံရသည်။
အီတန်မှ အောင်ပြီးနောက်တွင်မူ တက္ကသိုလ်ပညာဆက်လက်သင်ကြားမနေတော့ဘဲ မိဘများအစဉ်အလာအတိုင်း အမှုထမ်း လောကသို့ ၀င်ရောက်ရန်ဆုံးဖြတ်ခဲ့သည်။ သို့နှင့် ၁၉၂၂ ခုနှစ်မှာပင်ဗြိတိသျှအင်ပိုင်ယာပုလိပ်(ရဲ)ဝန်ထမ်းစာမေးပွဲဖြေဆိုရာအဆင့် (၇)ဖြင့်အောင်ခဲ့သည်။ထို့နောက်ဗြိတိသျှလက်အောက်အိန္ဒိယပြည်ထဲတွင်ပါဝင်နေသည့်မြန်မာပြည်သို့လက်ထောက်ခရိုင်ရဲဝန်ထောက်အဖြစ် ရောက်ရှိကာ နယ်မြို့အချို့တွင် တာဝန်ထမ်းဆောင်ခဲ့ရသည်။ သူစတင်ထမ်းဆောင်ခဲ့သည့် မြို့မှာ အဖွားဖြစ်သူ နေထိုင်ခဲ့ရာ မော်လမြိုင်မြို့ ဖြစ်သည်။ ထို့နောက် ၁၉၂၆  ဒီဇင်ဘာလတွင် ကသာမြို့သို့ ရွှေ့ပြောင်းတာဝန်ထမ်းဆောင်သည်။

 ယင်းနောက် မန္တလေး၊သံလျင်မြို့နှင့် အင်းစိန်အကျဉ်းထောင်တို့၌ တာဝန်ထမ်းရွက်ခဲ့သည်။ မြန်မာပြည်ရောက်စ ပထမနှစ်များအတွင်း သူ့အား ဗြိတိသျှ အင်ပါယာ၏ စံပြ၀န်ထမ်းကောင်းတစ်ဦးသဖွယ် မြင်တွေ့ရသော်လည်း မြန်မာပြည်သူများအပေါ် အုပ်စိုးသူ နယ်ချဲ့ဗျူရိုကရေစီက အနိုင်ကျင့်၊ ဗိုလ်ကျ၊ သွေးခွဲ၊ အဆင့်အတန်းခွဲ၍ ငွေဝယ်ကျွန်ကဲ့သို့ ပြုမူဆက်ဆံနေပုံကို မြင်တွေ့ခဲ့ရပြီးနောက် မြန်မာပြည်တွင် ကိုလိုနီရဲအရာရှိတစ်ဦး အဖြစ် ထမ်းရွက်နေရသည့် သူ့ဘ၀ကို မကျေနပ် မနှစ်မြို့နိုင်ဖြစ်လာခဲ့ရသည်။
ထိုကာလ သူ့အတွေ့အကြုံမျာ၊ ခံစားချက်များနှင့် အတွေ့အမြင်များကို Burmese Days ၀တ္ထုတွင်လည်းကောင်း၊ Shooting on Elephant (ဆင်ပစ်ထွက်ခြင်း)၊ A Hanging (ကြိုးမိန့်ပေးခြင်း) ခေါင်းစဉ်တပ် ကိုယ်တွေ့ဆောင်းပါးနှစ်ပုဒ်တွင်လည်းကောင်း ရေးသားဖော်ပြ ခဲ့ သည်။ ၄င်းဆောင်းပါးနှစ်ပုဒ်လုံးပင် အလွန်ရသမြောက်လှသော လက်ရာများအဖြစ် ထင်ရှား၍ ကမ္ဘာ့ဂန္တ၀င်အက်ဆေး (စာတမ်းငယ်) စာစုများထဲတွင် မကြာခဏ ရွေးချယ်ဖော်ပြခြင်းခံရလေသည်။
ထို့နောက် ၁၉၂၇ ခုနှစ်တွင် သူအလုပ်မှ ခွင့်ယူပြီး အင်္ဂလန်ပြည်သို့ ပြန်လာခဲ့သည်။ သို့သော် ခွင့်စေ့ပြီးလျှင်လည်း ပြန်သွားရနှ်ဆန္ဒ မရှိတော့ပေ။ သို့နှင့် ၁၉၂၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ရဲအရာရှိရာထူးမှ သူနှုတ်ထွက်လိုက်လေသည်။ မလွတ်လပ်သော အမှုထမ်းဘ၀ ကို စွန့်ခွာကာ လွတ်လပ်မှုရှိသည်ဟု ယူဆသော စာရေးဆရာဘ၀သို့ ကူးပြောင်းရန် ဆုံးဖြတ်ရွေးချယ်လိုက်ခြင်းဖြစ်သည်။
သို့သော် ပီပီသသ စာရေးဆရာဘ၀မရောက်မီ သူပထမဆုံးရောက်ရှိသွားသည်က ဆင်းရဲသားဘ၀ဖြစ်သည်။ ဆင်းရဲသားအများစု နေထိုင်ရာ လန်ဒန်အရှေ့ဖျားရပ်ကွက်သို့ ပြောင်းရွှေ့လာခဲ့ပြီး ဈေးပေါသော တည်းအိမ်ခန်းများ၌ ငှားရမ်းနေထိုင်ခဲ့သည်။ ဆင်းရဲသားများ ကြား၌ သူကိုယ်တိုင် သူဆင်းရဲတစ်ဦးအဖြစ် နေထိုင်ရမှုကို စိတ်ကျေနပ်မှု ရရှိခဲ့သည် ဟု ဆိုသည်။ အကြောင်းမှာ မြန်မာပြည်၌ရှိနေစဉ်က လူမျိုးကွဲပြားမှု၊ အုပ်စိုးသူနှင့် အုပ်စိုးခံဟူသော အနေအထားကွာခြားမှုများကြောင့် ပတ်ဝန်းကျင်ရှိ မြန်မာလူမျိုးများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံ ပေါင်းသင်းခြင်းမပြုနိုင်ဘဲ ရှိခဲ့ရာ သည်အဖြစ် ကို သူအမြဲသတိရနေပြီး သည်အတွက် အပြစ်ရှိသလို ခံစားရသောကြောင့် အစိုးရ၀န်ထမ်းဘ၀ မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
၁၉၂၈ ခုနှစ်ထဲမှာပင် သူသည် ပါရီမြို့သို့ ရွှေ့ပြောင်းခဲ့ပြန်သည်။ သီးခြားလွတ်လပ်သော စာရေးဆရာ (Freelance writer) တစ်ဦး အဖြစ် ရပ်တည်ရန် ရည်ရွယ်၍ သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုစဉ်က သူ့စာများကို အသိအမှတ်ပြုခြင်းမခံရသေးသဖြင့် ရပ်တည်ရေး ခက်ခဲလာသည်။ ဟိုတယ်များ၊ စားသောက်ဆိုင်များ၌ အိုးဆေး ပန်းကန်ဆေး စသည့် အောက်ခြေသိမ်းအလုပ်များကို လုပ်ကိုင်ရင်း ပါရီရှိ ဆင်းရဲသားရပ်ကွက်တွင် ဖြစ်သလို နေထိုင်ခဲ့ရသည်။ ယင်းနောက် ၀င်ငွေလည်း ပုံမှန်မရှိ၊ ကျန်းမာရေးလည်း ချို့ယွင်းလာသဖြင့် အင်္ဂလန်သို့ ပြန်ခဲ့ရပြန်သည်။ အရှုံးထဲမှ အမြတ်ဆိုသလို ထိုစဉ်က အတွေ့အကြုံများသည် နောင်တွင် သူသည် Down and out in Paris and London (ပါရီ နှင့် လန်ဒန်က အခြေအနေမဲ့ဘ၀) စာအုပ်ကို ရေးသားရန်အတွက် အချက်အလက်များဖြစ်လာခဲ့သည်။ ဖြစ်ရပ်မှန်များကို ၀တ္ထုသဖွယ် စီစဉ်ချိတ်ဆက်ရေးသားသည့် ၄င်းစာအုပ်ကို ၁၉၃၃ ခုနှစ် တွင် ပုံနှိပ်ထုတ်ဝေခဲ့ရာ ယင်းစာအုပ်ဖြင့် စာပေနယ်တွင် နာမည်အသင့်အတင့် ရရှိခဲ့သည်။
ထို့နောက် ၁၉၃၄ ခုနှစ်တွင် ပထမဆုံး လုံးချင်းဝတ္ထုဖြစ်သည့် Burmese Days စာအုပ်ကို ရေးသားထုတ်ဝေခဲ့ရာ စာပေလောက၌ ထင်ရှားလာခဲ့သည်။ ထိုမှတဖန် ၁၉၃၅ တွင် ဒုတိယမြောက်လုံချင်းဝတ္ထုဖြစ်သည့် A Cleryman’s Daughter (ဘုန်းတော်ကြီး၏သမီး) ကို ရေးသားထုတ်ဝေခဲ့သည်။ ယင်းဝတ္ထုတွင် အဓိကဇာတ်ဆောင်မှာ ပျော်ရွှင်ချမ်းမြေ့မှုကင်းမဲ့သည့် အပျိုကြီးတစ်ယောက်ဖြစ်သည်။ ၁၉၃၆ ခုနှစ်တွင် ထုတ်ဝေသည့် Keep the Aspidistra Flying ၀တ္ထု၌မူ စာပေအနုပညာဝါသနာပါသော်လည်း စာအုပ်ရောင်းသောအလုပ်ကိုသာ လုပ်ကိုင်နေရသူတစ်ဦး၏ ဘ၀ကို ရေးဖွဲ့ထားသည်။ ယင်းဝတ္ထုနှစ်အုပ်စလုံးသည် သူ့ဘ၀အတွေ့အကြုံများမှ ပေါ်ထွက်လာသော ၀တ္ထုများပင် ဖြစ်သည်။ ပထမ ၀တ္ထုမှာ ၁၉၃၃ ခုနှစ်က ပုဂ္ဂလိက ကျောင်းတစ်ကျောင်းတွင် ဆရာအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့စဉ်က အတွေ့အကြုံများကို အခြေခံ၍ ရေးသားခဲ့ခြင်းဖြစ်ပြီး ဒုတိယစာအုပ်မှာ ၁၉၃၄ မှ ၁၉၃၆ အထိ စာအုပ်ဟောင်းဆိုင်တစ်ဆိုင်တွင် လုပ်ကိုင်ခဲ့ရသည့် အတွေ့အကြုံ ကို အမှီပြ၍ ရေးသားထားခြင်းဖြစ်လေသည်။
ကိုလိုနီနယ်ချဲ့စနစ်ကို မုန်းတီးသောစိတ်အခြေခံကြောင့် အော်ဝဲလ်က လူလတ်တန်းစားဘ၀အနေအထိုင်များကိုပါ မနှစ်မြို့ဖြစ်ခဲ့ သလို သူ၏ နိုင်ငံရေးအမြင်များလည်း သိသိသာသာပင် ပြောင်းလဲခဲ့သည်။ မြန်မာပြည်မှ ပြန်ရောက်စမှာပင် သူ့ကိုယ်သူ မင်းမဲ့ဝါဒီ (anarchist) ဟု ကြေညာပြောဆိုခဲ့ပြီး နှစ်အတန်ကြာအောင် ၄င်းခံယူချက်အတိုင်း နေထိုင်ခဲ့သည်။ ၁၉၃၀ပြည်လွန်နှစ်များတွင် လက်ဝဲအယူအဆများကို တိမ်းညွတ်၍ သူ့ကိုယ်သူ ဆိုရှယ်လစ်ဝါဒီဟု မှတ်ယူခဲ့ပြန်သည်။ သို့သော် သူ့၌ လူတစ်ဦးချင်းတို့၏ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်ခွင့်ကို လေးစားတန်ဖိုးထားသော ခံယူချက်က ခိုင်ခိုင်မြဲမြဲအမြစ်တွယ်လျက်ရှိရာ ကွန်မြူနစ်ဟု ကြေညာဖြစ်သည့် အဆင့်အထိ သူမရောက်ရှိခဲ့ပေ။ ထို့နောက် ၁၉၃၅ နှင့် ၁၉၃၆ ခုနှစ်တွင် A Clergyman’s Daughter နှင့် Keep the Aspidistra Flying ၀တ္ထု တို့ကို ရေးသားထုတ်ဝေခဲ့သည်။
၁၉၃၆ခုနှစ်တွင် အော်ဝဲလ်အား လက်ဝဲစာအုပ်အသင်း Left Book Club မှ ထုတ်ဝေသူ ဗစ်တာဂိုလဲင်း(ဇ) က စီးပွားရေးအလွန်အမင်း ကျဆင်းနေသည့် အင်္ဂလန်မြောက်ပိုင်းမှုအလုပ်သမားလူတန်းစားတို့၏ ဆင်းရဲမွဲတေသော ဘ၀အခြေအနေများကို သွားရောက်လေ့လာရေး သားရန် အလုပ်အပ်ရာ ယင်း၏ ရလဒ်အဖြစ် ၁၉၃၇ တွင် The Road to Wigan Pier စာအုပ်ထွက်လာခဲ့သည်။ နိုင်ငံရေးစာအုပ်စာတမ်းမျာထဲ တွင် တစ်ဘာသာထူးခြားသည့် ၄င်းစာအုပ်ပထမပိုင်းတွင် ကျောက်မီးသွေးတွင်း နယ်မြေများ၌ ဆင်းရဲသားအလုပ်သမားများ၊ အလုပ်လက်မဲ့ များနှင့် အတူတကွ နေထိုင်ကာ လေ့လာ၍ အသေးစိတ်ရေးသားဖော်ပြထားသည်။ ဒုတိယပိုင်းတွင်မူ ထိုစဉ်က ဖြစ်ပွားနေသည့် ဆိုရှယ်လစ် လှုပ်ရှားမှုများ၏ ချို့ယွင်းချက်၊ အားနည်းချက်များကို ပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြထားသည်။
ထိုစာအုပ်ပုံနှိပ်ချိန်တွင် အော်ဝဲလ်မှာ စပိန်ပြည်သို့ ရောက်ရှိနေသည်။ မူလက စပိန်ပြည်တွင်းစစ်အကြောင်း သတင်းရေးသားဖြစ် သော်လည်း နောက်ပိုင်းတွင်မူ ရီပတ်ဗလီကင် ပြည်သူ့စစ်များနှင့် လက်တွဲမိကာ အာရဂွန် (Aragon) နှင့် အယ်ကျူဘိုင်အဲလ် (Alcubierre) ရှေ့တန်းစစ်မျက်နှာများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ အယ်ကျူဘိုင်အဲလ်တွင် ဒုဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ လည်ပင်းကိုလည်း ထိမှန်ခဲ့သောကြောင့် ကံကောင်းထောက်မ၍ အသက်မသေခဲ့ချေ။ သို့သော် စကားသံပျက်ကာ တစ်သက်တာ ပတ်လုံး ပုံမှန်အသံပြန်မရတော့ပေ။
စပိန်ပြည်မှ အတွေ့အကြုံများကို အခြေခံ၍ ၁၉၃၈ ခုနှစ်တွင် Homage to Catalonia စာအုပ်ကို ရေးသားခဲ့သည်။ အဆိုပါစာအုပ်၌ လက်ဝဲအုပ်စုအချင်းချင်းကြား အကွဲအပြဲများနှင့် စတာလင်သြဇာခံ ကွန်မြူနစ်တို့က အခြားဆိုရှယ်လစ်များအား နိုင်ငံရေးပြိုင်ဘက်များအဖြစ် သဘောထားကာ အပြင်းအထန်တိုက်ခိုက်နှိပ်ကွပ်နေပုံများကိုပါ သူက ဖော်ထုတ်ရေးသားထားလေသည်။
ယင်းစာအုပ်ပြီးနောက် ၁၉၃၉ တွင် အင်္ဂလန်ပြည်၌ ရေးသားသည့် Coming up for Air စာအုပ်ကို ထုတ်ဝေခဲ့သည်။ အဆိုပါ စာအုပ် တွင်မူ အစဉ်အလာ လူမှုစနစ်များကို လက်မခံချင်၊ ချိုးဖောက်ချင်တတ်သည့် သူ့အစဉ်အလာကို ထိန်းသိမ်းလိုသော သဘောဆန္ဒမျိုးကိုလည်း တစိတ်တဒေသ ဖော်ပြထားသည်။ ထို့အပြင် စာအုပ်၌ သက်ကြီးပိုင်းပုဂ္ဂိုလ်တစ်ယောက်၏ ပြန်လည်တမ်းတအမှတ်ရချက်များအားဖြင့် တခါက အင်္ဂလန်၏သာယာချမ်းမြေ့ပုံများကို ဖော်ထုတ်ကာ အနာဂတ်၌ ကြုံတွေ့ရနိုင်သည့် စစ်မက်များနှင့် ဖက်ဆစ်ဝါဒအန္တရာယ်တို့အတွက် သူ၏ စိုးရိမ်ပူပန်ချက်များကို တင်ပြထားသည်။
ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ဖြစ်ပွားလာသည့်အခါ စစ်မှုထမ်းခွင့်မရသော အော်ဝဲလ်သည် ဘီဘီစီသတင်းဌာန၏ အိန္ဒိယ ဌာနခွဲတွင် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၃တွင် ဘီဘီစီမှ နှုတ်ထွက်၍ Tribune သတင်းစာ၌ စာပေပိုင်းဆိုင်ရာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ထရီဗြွန်းသတင်းစာမှာ လေဘာပါတီခေါင်းဆောင် Aneurin Bevan နှင့် ပတ်သက်သည့် လက်ဝဲယိမ်းဆိုရှယ်လစ်သတင်း စာတစ်စောင် ဖြစ်သည်။ ထိုကာလအတွင်း အော်ဝဲလ်သည် စာပေအမြောက်အမြားကို ရေးသားဖြစ်ခဲ့သည်။ သတင်းစာဆောင်းပါးများ၊ စာအုပ်ဝေဖန်ချက်များ၊ ချားလ်ဒစ်ကင်း၊ ရုဒ်ယာ့ဒ်ကစ်ပလင်း စသည့် ဂန္တ၀င်အင်္ဂလိပ်စာရေးဆရာကြီးများ၏ စာပေများအကြောင်းကို ခွဲခြမ်း စိတ်ဖြာလေ့လာသည်။ စာတမ်းများအပြင် ဗြိတိသျှနိုင်ငံရေးနှင့်စပ်လျဉ်းသည့် သူ့အယူအဆများကို ဖော်ထုတ်တင်ပြသော ဆောင်းပါးများကို ရေးသားခဲ့သည။်
၁၉၄၅ တွင် ကမ္ဘာကျော် Animal Farm (ခြေလေးချောင်းတော်လှန်ရေး) ကို ရေးသားခဲ့သည်။ ယင်းဝတ္ထုသည် နိုင်ငံရေးဦးတည်ချက် နှင့် အနုပညာရသတို့ကို တသားတည်းပေါင်းစပ်နိုင်ရန် တမင်တကာ ရည်ရွယ်၍ ရေးသားခဲ့ကြောင်း Why I Write အမည်ရှိ ဆောင်းပါး ၁၉၄၆ တွင် အော်ဝဲလ်က ရေးသားခဲ့သည်။ ၄င်းဝတ္ထုသည် လူလူချင်းတန်းတူညီမျှရေး၊ ခေါင်းပုံဖြတ်ခံသွေးစုပ်ခြယ်လှယ်ခံဘ၀မှ လွတ်မြောက်ရေး စသည့်အတွေးအခေါ်များဖြင့် စည်းရုံးလှုပ်ရှားခဲ့ကြသော ရုရှားဗော်လရှီဗစ်တို့၏ တော်လှန်ရေးအောင်မြင်ပြီးနောက် နေရာရရှိခဲ့သော ခေါင်းဆောင်တို့က တော်လှန်ရေး၏ ရည်မှန်းချက်ကို ဖောက်ဖျက်ကာ ခေါင်းပုံဖြတ်သူ၊ ဖိနှိပ်ချုပ်ချယ်သူ၊ အခွင့်ထူးခံသူများအဖြစ်ဖေါက်ပြန် ကူးပြောင်းသွားကြကြောင်း ဝေဖန်ရေးသားထားသော ၀တ္ထုဖြစ်သည်။ ယင်းဝတ္ထုတွင် ခေါင်းစဉ်အမည်ကွဲများတပ်လျက် တိရစ္ဆာန်ဇာတ်ကောင် များ ပါဝင်သော ဒဏ္ဍာရီပုံပြင်တစ်ပုဒ်သဖွယ် ဗော်လရှီဗစ်တော်လှန်ရေးကို သူ့အမြင် သူ့ရှုထောင့်မှ ပုံဖော်ကာ ဝေဖန်ထိုးနှက်နိုင်ရန် ပုံဆောင်ဝတ္ထု (allegory) အသွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။
အဆိုပါဝတ္ထုကို ဆရာသခင်ဘသောင်းက ဘာသာပြန်ဆို၍ ၁၉၅၁ ခုနှစ်တွင် ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) က ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ သို့သော် ထိုစဉ် လက်ဝဲ၀ါဒအရှိန်ကောင်းနှင့် ကြုံကြိုက်ရာ မြန်မာလက်ဝဲ၀ါဒီတို့က ကြိုက်နှစ်သက်ခြင်းမရှိလှပေ။ ယခုအခါ ပထမအကြိမ် ထုတ်ဝေပြီး ၆၂ နှစ်အကြာ၌ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခွင့်ရရှိခဲ့သည်။
Animal Farm ၀တ္ထုထုတ်ဝေပြီးနောက် ၁၉၄၉ ခုနှစ်တွင် Nineteen Eighty Four (1984) ၀တ္ထုရေးသားထုတ်ဝေခဲ့ပြန်သည်။ ယင်းဝတ္ထု၌ နာဇီဝါဒနှင့် စတာလင်ဝါဒများ ပြန်လည်ခေါင်းထောင်ခဲ့သော် လူအပေါင်းတို့ မည်သို့သော ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့ကြရမည် ဟူသော တွေးတောပူပန်ကာ ကြိုတင်သတိပေးနှိုးဆော်သည့်အနေဖြင့် ရေးသားခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။ ထို့အပြင် အော်ဝဲလ်က အကြွင်းမဲ့ချုပ်ကိုင်မှုစနစ်အောက်တွင် လူတို့၏ဘ၀များ မည်မျှအထိ ပျက်ယွင်းသွားနိုင်ကြောင်း ထိတ်လန့်ဖွယ်တင်ပြထားသည်။ အာဏာကို မက်မောသောစိတ်နှင့် သူတပါးတို့အား လွှမ်းမိုးထားလိုသော ဆန္ဒများကြောင့် လူတိုင်းလူတိုင်း မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှုခြင်း၊ အပြုအမူအတွေးအကြံမှန်သမျှကို ထိန်းချုပ်ကွပ်ညှပ်ခြင်းဖြင့် အုပ်စိုးခံတို့မှာ လူ့တန်ဖိုးများ၊ သဘာဝလွတ်လပ်ခွင့်များအားလုံး ဆုံးရှုံးရသည့် အနေအထားသို့ ရောက်ရှိသွားနိုင်ပုံကို သရုပ်ဖော်ရေးသားထားလေသည်။ယင်းစာအုပ်နောက် Final mouths and death ကိုရေးသားထုတ်ဝေခဲ့သည်။
Nineteen Eighty Four စာအုပ်ကြောင့် ဖြစ်ပေါ်လာသော ဂယက်နှင့် အောင်မြင်ကျော်ကြားမှုများကို အော်ဝဲလ်သည် ကောင်းစွာ ခံစားခွင့်မရရှိခဲ့ပေ။ အကြောင်းမှာ စာအုပ်ထွက်ပြီး များမကြာမီ ၁၉၅၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့တွင် အသက် (၄၇) နှစ် အရွယ်၌ လန်ဒန်မြို့ တက္ကသိုလ်ကောလိပ်ဆေးရုံ၌ ကွယ်လွန်သွားခဲ့သောကြောင့်ဖြစ်သည်။
မည်သို့ဆိုစေ… ဂျော့ခ်ျအော်ဝဲလ်၏ စာပေလက်ရာများမှာ မြန်မာတို့နှင့် အတော်ပင်ရင်းနှီးကျွမ်းဝင်ခဲ့သည်။ Burmese Days ၀တ္ထုကို စာရေးဆရာ သက်လယ်က “မြန်မာတို့ဌာနီ” အမည်ဖြင့် ဘာသာပြန်ဆို၍ သွေးသောက်မဂ္ဂဇင်းတွင် အခန်းဆက်ထည့်သွင်းခဲ့သည်။ ထို့နောက် ယင်းကိုပင် လုံးချင်းစာအုပ်အဖြစ် ၁၉၅၈ ခုနှစ်တွင် “ဆုံးတစ်သက်တိုင်” အမည်ဖြင့် ထုတ်ဝေခဲ့သည်။ ထိုဝတ္ထုကိုပင် စာရေးဆရာ ရွှေသွေးက “လောင်းရိပ်အောက်က ဗမာပြည်” အမည်ဖြင့် ပြန်ဆိုပြီး ၁၉၆၆ တွင် ထုတ်ဝေခဲ့ပြန်သည်။ Animal Farm ၀တ္ထုကို စာရေးဆရာကြီး သခင်ဘသောင်းက “ခြေလေးချောင်းတော်လှန်ရေး” အမည်ဖြင့် မြန်မာမှုပြုပြန်ဆိုကာ ဘာသာပြန်စာပေအသင်းမှ ၁၉၅၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
စာကိုး
၁) George Orwell, Wikipedia, the free encyclopedia
၂) ဖေမြင့်၊ စာအုပ်ကမ္ဘာ၊ ဖေမြင့်စာပေ၊ ၂၀၀၉ ဒီဇင်ဘာ။
၃) Emma Larkin, Secret Histories : Finding George Orwell in a Burmese Teashop John Murray,2004.
၎) သခင်ဘသောင်း၊ ခြေလေးချောင်းတော်လှန်ရေး၊ ဘာသာပြန်စာပေအသင်း ပကြိမ် ၁၉၅၁။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments