အခန်း ၆ – မတ်လတော်လှန်ရေး (၁) – Aung Din

March 12, 2013

အခန်း ၆ – မတ်လတော်လှန်ရေး  (၁)

အောင်ဒင်၊ မတ် ၁၂၊ ၂၀၁၃

(၆) မတ်လတော်လှန်ရေး

(၆/က) နွေတစ်ညမှာ တိုက်တဲ့ မုန်တိုင်း


၁၉၈၈ ဇန်နဝါရီလဆန်းမှာ စာသင်နှစ်အသစ်အတွက် ကျောင်းတွေပြန်ဖွင့်တော့ ကျနော်ဟာ ၆တန်းရောက်နေပါပြီ၊ နောက်ဆုံးနှစ်ကျောင်းသားကြီးဖြစ်နေပါပြီ၊ အင်ဂျင်နီယာဘွဲ့ရဖို့ အတော်နီးကပ်နေပြီဆိုပါတော့၊ အဲဒီနှစ်မှာ ကျနော်က နေ့ကျောင်းသားဖြစ်ပေမည့် သူငယ်ချင်းတစ်ယောက်က အဆောင်မှာမနေပဲ မြို့ထဲက သူ့မိသားစုပိုင်အိမ်မှာနေပြီး ကျောင်းတက်တာမို့ သူရတဲ့ ကျောင်းဝင်းထဲက F ဆောင်က အခန်းတစ်ခန်းမှာ ကျနော်နေခွင့်ရပါတယ်၊

မတ်လ ၁၂ ရက်နေ့ညမှာ အနောက်ကြို့ကုန်းရပ်ကွက်ထဲက စန္ဒာဝင်းလက်ဘက်ရည်ဆိုင်မှာ စက်မှုတက္ကသိုလ်ကျောင်းသားအချို့နဲ့ ရပ်ကွက်ထဲက လူငယ်တချို့ ရန်ဖြစ်ကြပါတယ်၊ ပြဿနာက အကြီးကြီးမဟုတ်ပါ၊ အရောင်းကောင်တာမှာ ထိုင်တဲ့ မိန်းကလေးက ငယ်ငယ်လှလှလေးဆိုတော့ ကျောင်းသားတွေရော၊ အရပ်သားတွေရော အဲဒီဆိုင်မှာ အထိုင်များကြပါတယ်၊ အဲဒီမိန်းကလေးအနားကို ဆေးလိပ်ဝယ်သလို၊ ပိုက်ဆံရှင်းသလို အကြောင်းအမျိုးမျိုးနဲ့ချဉ်းကပ်ပြီး အသိအမှတ်အပြုခံရအောင် ကျောင်းသားတွေ၊ လူငယ်တွေ ကြိုးစားလေ့ရှိပါတယ်၊ သူတို့ပါလာတဲ့ ကက်ဆက်သီချင်းခွေကလေးတွေ မိန်းကလေးကို ပေးပြီး ဆိုင်က ကက်ဆက်နဲ့ ဖွင့်ခိုင်းတာလဲ ရှိပါတယ်၊ ဒါမှမဟုတ်လဲ မိန်းကလေးကိုပဲ ဆိုင်မှာရှိတဲ့ သီချင်းခွေတွေအထဲက သူတို့နားထောင်ချင်တဲ့ အဆိုတော်ရဲ့ သီချင်းခွေကို ဖွင့်ခိုင်းတာလဲ ရှိပါတယ်၊ အဲဒီညကလဲ တစ်ချိန်ထဲမှာ ကျောင်းသားအုပ်စုနဲ့ ရပ်ကွက်လူငယ်အုပ်စုက သီချင်းခွေတစ်မျိုးစီကို မိန်းကလေးကို ဖွင့်ခိုင်းရာကနေ ရန်ပွဲစပါတယ်၊


ထုံးစံအတိုင်း မိန်းကလေးကလဲ စက်မှုတက္ကသိုလ်ကျောင်းသားတွေကို အင်ဂျင်နီယာလောင်းတွေအဖြစ်မြင်ထားတော့ ပိုပြီးအလေးပေးဆက်ဆံတာမျိုးလဲ ရှိပါတယ်၊ ဒါကြောင့်လဲ ရပ်ကွက်လူငယ်တွေက ကျောင်းသားတွေအပေါ် မကျေနပ်မှုအခြေခံလဲ ရှိပါလိမ့်မယ်၊ ရန်ပွဲဖြစ်ကြတော့ရပ်ကွက်လူငယ်တွေက အင်အားများပြီး ကျောင်းသားတွေက နှစ်ယောက်ထဲဆိုတော့ အတော်ခံခဲ့ရပါတယ်၊ ကျောင်းသားနှစ်ယောက်စလုံး ကျောင်းဝင်းထဲ ပြန်ပြီးရောက်ရှိလာတဲ့အခါမှာတော့ ပြင်းထန်တဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပါ၊ သူတို့ရဲ့ သူငယ်ချင်းတွေ၊ ဆရာတွေက ချက်ချင်းပဲ အင်းစိန်ဆေးရုံပို့တော့ အတွင်းလူနာအဖြစ်နဲ့ ဆေးရုံက လက်ခံထားလိုက်ပါတယ်၊ ကျောင်းသားတွေက တိုင်ချက်ဖွင့်လို့ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး သူတို့ကို ဝိုင်းရိုက်တဲ့ ရပ်ကွက်လူငယ် ၅ယောက်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်၊

နောက်တစ်နေ့ မတ်လ ၁၃ရက် မနက်ပိုင်းမှာ အင်းစိန်ရဲစခန်းက ဖမ်းဆီးထားတဲ့ လူငယ်တွေထဲက တစ်ယောက်ကို အမှုနဲ့ မသက်ဆိုင်ဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်ပါတယ်၊ 


တကယ်က သူတို့ပြန်လွှတ်ပေးလိုက်သူက ရပ်ကွက်ကောင်စီလူကြီးတစ်ယောက်ရဲ့ သားဖြစ်ပြီး ကျောင်းသားများကို ဦးဆောင်ရိုက်နှက်ခဲ့သူဖြစ်ပါတယ်၊ အဲဒီ အဓိက တရားခံက အချုပ်ကလွတ်မြောက်ပြီး ရပ်ကွက်ထဲ ပြန်ရောက်လာတဲ့ သတင်းက ညနေပိုင်းလောက်မှာ ကျောင်းဝင်းထဲကို ရောက်လာတော့ ကျောင်းသားတွေ အတော်စိတ်ဆိုးကြပါတယ်၊ အဲဒီနေ့က ကျောင်းပိတ်ရက်၊ တနင်္ဂနွေနေ့ ဖြစ်တာကြောင့် ကျောင်းဝင်းထဲမှာ အဆောင်နေတဲ့ ကျောင်းသားတွေပဲ ရှိပါတယ်၊ ဆေးရုံတက်နေရဆဲ ကျောင်းသားတွေရဲ့ သူငယ်ချင်းတွေက လှုံ့ဆော်တယ် ထင်ပါတယ်၊ ဒေါသထွက်နေတဲ့ ကျောင်းသားအုပ်ကြီးဟာ အနောက်ကြို့ကုန်းရပ်ကွက်ထဲကို ည ၈နာရီလောက်မှာ ချီတက်သွားကြပါတယ်၊ သူတို့ ဦးတည်ရာက ရပ်ကွက်ကောင်စီရုံးပါ၊ ကျနော်က သူတို့ စည်းဝေးလှုံ့ဆော်နေတာကို တွေ့ပေမည့် သူတို့နဲ့ လိုက်ပါမသွားခဲ့ပါ၊ အရပ်သား နဲ့ ကျောင်းသား တစ်ခါတစ်ရံ ရန်ဖြစ်တယ်ဆိုတာ ကြီးမားအောင်ချဲ့ထွင်ရမည့် ပြဿနာမဟုတ်ဘူးလို့ မြင်ပါတယ်၊ ကျောင်းသားတွေဟာ ပြည်သူတွေနဲ့ ပဋိပက္ခမဖြစ်သင့်ပါ၊ အဲဒီလိုမြင်တဲ့အတိုင်း ဒေါသထွက်နေတဲ့ ကျောင်းသားတွေကို ရပ်ကွက်ထဲက ပြည်သူတွေ ထိတ်လန့်အောင်မလုပ်ဖို့၊ ရပ်ကွက်ထဲကို မသွားဖို့ သတိပေးမိပါတယ်၊ ကျနော့်လိုပဲ အခြားကျောင်းသားကြီး နှစ်ယောက်၊ သုံးယောက်က သူတို့အစီအစဉ်ကို ကန့်ကွက်ပါသေးတယ်၊ဒါပေမည့် ကျနော့်တို့စကား မအောင်မြင်ပါ၊


ည ၉ နာရီကျော်လောက်မှာ ကျောင်းဝင်းခြံစည်းရိုးဘက်က ဆူညံသံတွေ ကြားရပါတယ်၊ ကျနော်နေတဲ့ အဆောင်က ပင်မအဆောက်အအုံကြီးအနီးက ကျောင်းဝင်းထဲဝင်တဲ့ လူဝင်ပေါက်နဲ့ အဝေးဆုံးမှာ တည်ရှိတာမို့ ဘာမှ သဲသဲကွဲကွဲမမြင်ရပါ၊ ဒါပေမည့် ကျောင်းရှေ့ကားလမ်း တစ်ဘက်က အနောက်ကြို့ကုန်းရပ်ကွက်ထဲမှာ မီးလှန့်သံချောင်းခေါက်နေတာ၊ တစ်နေရာရာမှာ မီးလောင်နေတဲ့ အရိပ်အယောင်တွေနဲ့ မီးသတ်ကားဥဩသံတွေကိုလဲ ဆူညံစွာ အဆက်မပြတ်ကြားနေရပါတယ်၊ ဘေးခန်းတွေ၊ အခြားအဆောင်တွေက ကျောင်းသားတွေ ကျောင်းရဲ့ လူဝင်ပေါက်နားက လူစုလူဝေးရှိရာဆီ ပြေးသွားနေတာလဲ တွေ့ရပါတယ်၊ ကျနော်လဲ ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး လူအများစုဝေးရာဆီ ပြေးသွားမိပါတယ်၊


မြင်ရတဲ့ မြင်ကွင်းက စိတ်မချမ်းမြေ့စရာပါ၊ စောစောက ရပ်ကွက်ထဲ ချီတက်သွားတဲ့ ကျောင်းသားတွေ ကျောင်းဝင်းထဲ ပြန်ရောက်ပြီး ကျောင်းခြံစည်းရိုး အတွင်းဘက်က မြက်ခင်းပြင်မှာ စုဝေးနေကြပါတယ်၊ ခြံစည်းရိုးရဲ့အပြင်ဘက်၊ အင်းစိန်ကားလမ်းရဲ့ တစ်ဘက်မှာလဲ ဒေါသထွက်နေတဲ့ ရပ်ကွက်ပြည်သူတွေပါ၊ အဲဒီအချိန်မှာပဲ အနောက်ကြို့ကုန်းရပ်ကွက်ထဲကိုဝင်တဲ့ ဘီပီအိုင်လမ်းထိပ်ကို စစ်တပ်သုံး ထရပ်ကားကြီးတွေ နဲ့ မာဇဒါဂျစ်ကားတွေ ရောက်ရှိလာပါတယ်၊ အဲဒီကားတွေပေါ်က ရိုင်ဖယ်သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လုံထိန်းရဲတပ်သားတွေ ဆင်းလာပြီး ကားလမ်းအလယ်ခေါင်မှာ နေရာယူကြပါတယ်၊ ဝေါ်ကီတော်ကီတွေ ကိုင်ပြီးအမိန့်ပေးနေတဲ့ ပုခုံးမှာ ရွှေကြယ်ပွင့်တွေနဲ့ စစ်အရာရှိတွေကိုလဲ တွေ့ရပါတယ်၊ ပထမတော့ ဒီ လုံထိန်းရဲတွေဟာ ဒေါသထွက်ပြီး ရန်ဆောင်နေကြတဲ့ ကျောင်းသားတွေနဲ့ ရပ်ကွက်ပြည်သူတွေရဲ့ ပဋိပက္ခကို ဖြန်ဖြေပေးဖို့ ရောက်လာကြတယ်လို့ ထင်မိပါသေးတယ်၊ နောက်တော့ ကျနော်ထင်တာ မှားမှန်းသိလိုက်ရပါတယ်၊


ကျနော်တို့ ကြည့်နေဆဲမှာပဲ လုံထိန်းရဲအချို့က လမ်းတစ်ဘက်က အရပ်သားတွေကို မောင်းထုတ်လို့ အရပ်သားတွေ ရပ်ကွက်ထဲ ပြန်ဝင်သွားကြပါတယ်၊ အဲဒီနောက် လုံထိန်းရဲတွေဟာ လမ်းအလယ်ခေါင်မှာ ကျနော်တို့ ကျောင်းသားများဘက်ကို မျက်နှာပြု၊ ဒူးထောက်ထိုင်ချပြီး သူတို့လက်ထဲက သေနတ်တွေနဲ့ ကျောင်းသားတွေကို ချိန်ရွယ်တာတွေ့ရပါတယ်၊ စစ်အရာရှိတစ်ဦးက အသံချဲ့စက်တစ်လုံးနဲ့ ကျောင်းသားတွေကို ကိုယ့်အဆောင်ကို ပြန်ပြီးလူစုခွဲကြဖို့၊ လူစုမခွဲရင် သက်ဆိုင်ရာက အရေးယူရလိမ့်မယ်ဆိုပြီး အော်ဟစ်သတိပေးတာလဲ ကြားရပါတယ်၊ အဲဒီအချိန်မှာ ကျောင်းသားထုရဲ့ တုန့်ပြန်မှုက “ဟေး၊ ဝါးလားလားလား” ဆိုတဲ့ အင်မတန်ကျယ်လောင်တဲ့ လှောင်ပြောင်မှုပါပဲ၊ ကျောင်းသားတွေအားလုံးဟာလဲ သူတို့ကို သေနတ်နဲ့ချိန်ထားတဲ့ လမ်းပေါ်က လုံထိန်းရဲတွေကို ကြည့်ပြီး အလွန်ဒေါသထွက်နေကြပါပြီ၊ ကျနော်ကိုယ်တိုင်လဲ အင်မတန် ခံပြင်းမိပါတယ်၊ ဒေါသစိတ်တွေနဲ့အတူ ကျနော်လဲ မြက်ခင်းပေါ်က ကျောင်းသားအုပ်ထဲ ပါဝင်ပူးပေါင်းလိုက်ပါတော့တယ်၊


(၆/ခ) ဒဏ်ရာများနဲ့ နွေတစ်ည


ညကလဲ နက်သထက်နက်လာပါပြီ၊ ကျောင်းသားတွေနဲ့ လုံထိန်းရဲတွေကြား တင်းမာမှုကလဲ ပိုပြီး မြင့်မားလာပါပြီ၊ အဆောင်အသီးသီးက အဆောင်မှူးဆရာတွေ၊ ကျောင်းဝင်းအတွင်းက ဆရာများရိပ်သာမှာ နေထိုင်ကြတဲ့ ဆရာတွေလဲ အပြေးအလွှားရောက်ရှိလာကြပြီး ကျောင်းသားများကို အဆောင်တွေကို ပြန်ကြဖို့ ပြောနေကြပါတယ်၊ အဲဒီအချိန်မှာ ဘီပီအိုင်လမ်းထဲက မီးသတ်ကားကြီးတစ်စီးထွက်လာပြီး ကျောင်းရှေ့ကားလမ်းပေါ်မှာရပ်လိုက်ပါတယ်၊ ဒီကားကြီးက စောစောကတင် ရပ်ကွက်ထဲမှာ မီးလောင်နေတာကို ငြိမ်းသတ်ဖို့ ဝင်သွားတာပါ၊ အခုတော့မီးသတ်သမားတွေက ရပ်ကွက်ထဲက မီးကို မငြိမ်းပဲ ကားပေါ်က မီးသတ်ပိုက်ကိုချပြီး ကျနော်တို့ကျောင်းသားတွေကို ချိန်ရွယ်လိုက်ပါတယ်၊ ပြီးတော့ မီးသတ်သမားတွေက မီးသတ်ပိုက်ကရေတွေနဲ့ ကျောင်းသားတွေကို ပက်ဖြန်းပါတော့တယ်၊


အစပိုင်းမှာတော့ မီးသတ်ပိုက်ကထွက်တဲ့ ရေလုံးက မများလှပါ၊ အရှိန်မပြင်းလှပါ၊ ဒီတော့ ကျောင်းသားတွေက ရေပန်းဖွဲဖွဲအောက်မှာ သင်္ကြန်ရေအပက်ခံနေရသလိုမျိုး “သင်္ကြန်နွေဦး တူးပို့ တူးပို့” “မြနန္ဒာ” စတဲ့ သင်္ကြန်သီချင်းတွေကို သံပြိုင်ဆိုပြီး လုံထိန်းတွေကို ပြောင်လှောင်ကြပါတယ်၊ ကတဲ့လူကလဲ ကလို့ပါ၊ ဒါပေမည့် မီးသတ်ပိုက်ကရေက အရှိန်အဟုန်ပြင်းထန်လာတဲ့အချိန်မှာတော့ သီချင်းမဆိုနိုင်၊ မကနိုင်၊မလှောင်ပြောင်နိုင်ကြတော့ပါ၊ ပြင်းထန်လှတဲ့ ရေလုံးကြီးရဲ့အောက်မှာ စိုရွှဲပြီး နီးစပ်ရာလူ တစ်ယောက်နဲ့တစ်ယောက်ကူတွဲပြီး အနိုင်နိုင်ရပ်ကြရတာပါ၊ အဲဒီအချိန်မှာပဲ “ဖောင်း၊ ဖောင်း” ဆိုတဲ့ အသံတွေကြားရပြီး ကျနော်တိုနံဘေးကို သတ္တုဗူးကလေးတွေကျလာပြီး အဲဒီ သတ္တုဗူးကလေးတွေကနေ မီးခိုးတွေထွက်လာလို့ ပါတ်ဝန်းကျင်ကို မမြင်ရတော့ပါ၊ “မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တယ်ဟေ့၊ မျက်စိထဲမဝင်စေနဲ့” လို့ တစ်ယောက်ယောက်ရဲ့ သတိပေးသံကြားလိုက်ရပေမည့် မျက်စိထဲမှာ ရေတွေရော၊ မီးခိုးတွေရော စုပြုံဝင်ရောက်လို့ ကြိမ်းစပ်နာကျင်နေပါပြီ၊ မီးသတ်ပိုက်ကရေပန်းကြီးက မြက်ခင်းကိုကျော်ပြီး ကွန်ကရစ်လမ်းပေါ်အထိရောက်လို့ ကွန်ကရစ်လမ်းပေါ်မှာ ရပ်ကြည့်နေတဲ့ ကျောင်းသားတချို့ နဲ့ ဆရာတချို့ ရေစီးနဲ့ ဒလိမ့်ခေါက်ကွေးမျောပါသွာတာလဲ တွေ့ရပါတယ်၊


အဲဒီလို ကျနော်တို့ကျောင်းသားတွေ အပြိုပြိုအလဲလဲ ဖြစ်နေချိန်မှာပဲ “ဒိန်း၊ ဒိန်း” ဆိုပြီး ကျယ်လောင်တဲ့ အသံတွေကြားလိုက်ရပါတယ်၊ “ဟာ၊ သေနတ်နဲ့ ပစ်တယ်ဟေ့” “ပြေးကြ၊ ပြေးကြ” လို့ အော်ဟစ်သတိပေးသံတွေကြားရပြီး ကျနော်တို့အားလုံး နီးရာလူကိုတွဲပြီး ပင်မအဆောက်အအုံကြီးဆီ ပြေးလွှားဆုတ်ခွါခဲ့ကြပါတယ်၊ မီးတွေ လင်းထိန်နေတဲ့ ပင်မအဆောက်အအုံကြီးအောက်မှာ အားလုံးပြန်ဆုံကြတဲ့အချိန်မှာတော့ ကျောင်းသား နှစ်ရာကျော်လောက်ဟာ ကိုယ်စီကိုယ်ငှ ဒါဏ်ရာဒဏ်ချက်တွေနဲ့ပါ၊ တစ်ကိုယ်လုံးမှာလဲ စိုရွှဲလို့၊ မျက်လုံးတွေ နီရဲ၊ ကျိမ်းစပ်လို့၊ ချော်လဲလို့ ပုဆိုးကွဲပြီး ဒူးပြဲတဲ့လူတွေ၊ မီးခိုးတွေအဆုပ်ထဲရောက်သွားလို့ အသက်ရှူလို့မရသူတွေ၊ နာကျည်းစိတ်နဲ့ ငိုကျွေးနေကြသူတွေ၊ ဖိနပ်တွေလဲ မရှိကြ၊ ဒါမှမဟုတ် မစုံကြတော့ပါ၊ အဲဒီထဲမှာ သွေးတွေအလိမ်းလိမ်းနဲ့ သတိမေ့နေတဲ့ ကျောင်းသားသုံးယောက်၊ ကိုဘုန်းမော်၊ ကိုစိုးနိုင် နဲ့ ကိုမြင့်ဦးတို့ပါ၊ သူတို့အနားမှာ ပြုစုဖို့ရောက်ရှိနေတဲ့ ဆရာဦးသိန်းထွန်းအောင်၊ ဦးဗိုလ်အေး တို့က သေနတ်ဒဏ်ရာတွေဖြစ်ကြောင်းပြောပါတယ်၊


ကျနော့်ဘဝမှာ ဒါ ပထမဆုံး သေနတ်ကျည်ဆံထိမှန်ထားသူကို တွေ့ဘူးခြင်းဖြစ်ပါတယ်၊ အရင်တုံးက ဒါမျိုးရုပ်ရှင်ထဲမှာပဲ တွေ့ဘူးတာပါ၊ အခုတော့ ကျနော်တို့ရှေ့မှာတင် သေနတ်နဲ့အပစ်ခံရလို့ သေနတ်ဒဏ်ရာနဲ့ သွေးအလိမ်းလိမ်းနဲ့ စက်မှုတက္ကသိုလ်ပင်မအဆောက်အအုံကြီးရဲ့ ကြမ်းပြင်ပေါ်မှာ မေ့မျောနေတဲ့ သူငယ်ချင်းသုံးယောက်ကို ကျနော်တွေ့မြင်နေရပါပြီ၊ ဒါ ရုပ်ရှင်မဟုတ်ပါ၊ တကယ်ဖြစ်နေတာပါ၊ သွေးအိုင်ထဲလဲနေတဲ့ ကျောင်းသား သုံးယောက်ထဲက ကိုဘုန်းမော်ကို မသိပေမည့် ကိုစိုးနိုင် နဲ့ ကိုမြင့်ဦးကို ကျနော်သိပါတယ်၊ ကိုစိုးနိုင်က စက်မှုအင်ဂျင်နီယာဋ္ဌာနကပါပဲ၊ ကျနော့်ထက် တစ်တန်းငယ်ပါတယ်၊ ကိုမြင့်ဦးက စက်မှုတက္ကသိုလ် အနုပညာအသင်း၊ မဂ္ဂဇင်းကော်မီတီတွေမှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး ကျနော်ခင်မင်ရတဲ့ ကဗျာရေးဖော်တစ်ယောက်ပါ၊ ကျနော့်စိတ်ထဲ ၁၉၇၅ ခုနှစ်က ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဦးသန့်ဈာပနအရေးအခင်း မဆလအစိုးရရဲ့ အကြမ်းဘက်ဖြေရှင်းမှုကို ချက်ချင်းသတိရမိလိုက်ပါတယ်၊ အဲဒီတုံးက ကျနော်က အဝေးက ရပ်ကြည့်ခဲ့သူ၊ အခုတော့ကျနော်ဟာ မဆလအစိုးရရဲ့ အကြမ်းဘက်မှုကို ကိုယ်တိုင်ကိုယ်ကျခံစားရသူတစ်ယောက်၊


ဆရာများရဲ့အစီအစဉ်နဲ့ အဆောင်မှူးတစ်ယောက်ရဲ့ကားနဲ့ သေနတ်ဒဏ်ရာရ ကျောင်းသားသုံးယောက်ကို ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ပါတယ်၊ ကျောင်းရှေ့လမ်းမကြီးပေါ်က လုံထိန်းရဲတွေကို ရုတ်သိမ်းလိုက်ပြီဖြစ်ပေမည့် ထရပ်ကားကြီးများနဲ့ ကျောင်းရှေ့မှာ စောင့်နေဆဲပါ၊ ကားလမ်းကိုလဲ ပိတ်ထားလိုက်ပါတယ်၊ ဆေးရုံကိုသွားတဲ့ကား ဦးလူပေါကြီးအပေါက်ကနေ လမ်းမပေါ်ကို ထွက်တော့ လုံထိန်းရဲတွေက တားဆီးစစ်ဆေးပါသေးတယ်၊

ကျန်ခဲ့တဲ့ ကျောင်းသားတွေမှာတော့ နာကျည်းခံပြင်းမှုတွေနဲ့ပါ၊ ကျောင်းဝင်းထဲမှာ ပြန့်ကျဲနေတဲ့ ကျည်ဆံခွံတွေ၊ မျက်ရည်ယိုဗုံးအခွံတွေကို လိုက်ကောက်ကြပါတယ်၊ပင်မအဆောက်အအုံရှေ့ ပန်းခြံထဲမှာ ငါးမြှောင့်ကြယ် ပုံသဏ္ဏန်အထိမ်းအမှတ်တစ်ခုကို စာသင်ဆောင်အသစ်ဆောက်နေတဲ့နေရာက အုတ်ခဲတွေ၊ သဲတွေ၊ ဘိလပ်မြေတွေကို သုံးပြီး တည်ဆောက်လိုက်ကြပါတယ်၊ သွေးစွန်းနေတဲ့အင်္ကျီစတွေ၊ ဘိနပ်ကလေးတွေကို ကျည်ဆံခွံ၊ မျက်ရည်ယိုဗုံးခွံတွေနဲအတူစုပြီး အဲဒီ ကြယ်ပုံစံအမှတ်တရထဲမှာထည့်ပြီး အားလုံးအလေးပြုကြပါတယ်၊ နောက်တော့အဆောင်များရှေ့ လမ်းမကြီးတစ်လျှောက်ချီတက်လမ်းလျှောက်ကြပြီး အစိုးရဆန့်ကျင်ရေးကြွေးကျော်သံများကြွေးကျော်  ပါသေးတယ်၊ အဲဒီနောက် အားလုံးလဲ ပင်ပန်းလွန်းလှပြီမို့ အဆောင်အသီးထဲလူစုခွဲလိုက်ကြပါတယ်၊ အဲဒီအချိန်မှာ မတ်လ ၁၄ ရက်နေ့ကို ကူးပြောင်းလို့ မနက် သုံးနာရီလောက် ဖြစ်နေပါပြီ၊


(အောင်ဒင် ရဲ့ ရေးသားနေဆဲ “လူတယောက်ရဲ့ ဘ၀တခြမ်း မှတ်တမ်းတချို့ ”(မှတ်စုစာအုပ်) ထဲကနေ ခွင့်ပြုချက်တောင်းပြီး မတ်လ ၁၃၊ အရေးအခင်းမှတ်တမ်းကို မိုးမခမှာ ကောက်နုတ်ဖော်ပြပါတယ်။ သူ့ရဲ့ ကဏ္ဍ (၆) ကို အစအဆုံး ဆက်လက်ထည့်သွင်းပါ့မယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်