စီပွားရေးလုပ်ငန်း၊ ကျင့်ဝတ်နှင့် ခေတ်သစ်ကမ္ဘာ (Business, Ethic and the Modern World)

March 13, 2013

ငြိမ်းချမ်းအေး

မတ်လ ၁၃၊ ၂၀၁၃

လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း ဆန္ဒပြပွဲသတင်းတွေ၊ အကြမ်းဖက်နှိမ်နင်းမှုတွေ ကနေစပြီးတော့ ခု နောက်ဆုံး ထွက်လာတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ရဲ့ အစီရင်ခံစာ အပါအဝင် ဗမာပြည် က ခေတ်အဆက်ဆက် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ နဲ့ ဒေသခံ ပြည်သူတွေ ကြား ပဋိပက္ခတွေ၊ စစ်ဘီလူးနဲ့ ပေါင်းပြီး ဆူဖြိုးနေတဲ့ စီးပွားဘီလူးကြီးတွေရဲ့ ဒေသခံ လက်နက်၊ အာဏာ၊ ငွေကြေး၊ အားလုံးမဲ့တဲ့ ပြည်သူ အပေါ် တဘက်စောင်းနင်း အဓမ္မ ပြုမှုတွေ စတဲ့ သတင်းတွေကို ကြားတိုင်း ကျောင်းတုန်းက လုပ်ခဲ့ရတဲ့ “စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး” ဘာသာရပ် နဲ့ ပတ်သက်တဲ့ စာတမ်း ရေးရတာတွေ၊ ဆွေးနွေးပွဲတွေ၊ လေ့လာခဲ့ရတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို သတိရမိတယ်။

ခေတ်သစ် ဘောဂဗေဒပညာရေး နဲ့ စာသင်ခန်းမတွေဟာ တကယ်တော့ အရင်းရှင်ကောင်း နဲ့ အရင်းရှင်နောက်လိုက်ကောင်း ဖြစ်အောင် စနစ်တကျ ပုံသွင်း သင်ကြားပေးတဲ့ နေရာတွေသာ ဖြစ်တယ်။ ဒါပေမယ့် အရင်းရှင်ဝါဒ စည်ပင်၊ သာယာ၊ ဝပြော၊ ဆိုပြေ၊ စိမ်းလန်းဖို့ရာမှာ လူ့အသိုင်းအဝန်း၊ ဈေးကွက် နဲ့ ဥတု ရာသီ သဘာဝ မဖောက်ပြန် ရှင်သန်ဖို့က မရှိမဖြစ် အရေးကြီးတဲ့အတွက် ရှင်သန်အောင် စီမံဆောင်ရွက်ရတဲ့ အတွေးအခေါ်၊ အယူအဆ နဲ့ လုပ်နည်း၊ လုပ်ဟန်တွေဟာ ဘာပဲဖြစ်ဖြစ် လူအများစု နဲ့ ကမ္ဘာမြေအတွက် အကျိုးကျေးဇူးရှိပါတယ်။ ဒီလို ထဲက တခုကတော့ ဆိုခဲ့တဲ့ “စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)” ဆိုတဲ့ ဘာသာရပ်ပါပဲ။

ဒီဘာသာရပ် နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေ နဲ့ ဗမာပြည်က စီးပွားသောင်းကျန်းတွေရဲ့ နိုင့်ထက်စီးနင်းလုပ်မှုတွေကို စဉ်းစားမိရင် ခေါင်းထဲ တမ်းဝင်လာတာက စာသင်ခန်းတုန်းက လေ့လာခဲ့ဖူးတဲ့ အိန္ဒိယ သဘာဝ ဓာတ်သတ္တု ရှာဖွေ၊ တူးဖော်၊ ရောင်းချနေတဲ့ မိုင်း ကုမ္ပဏီ တခု အိန္ဒိယနိုင်ငံ ပြည်နယ်တခုမှာ မိုင်းတွင်း လုပ်ငန်းလုပ်ဆောင်ဖို့ စီစဉ်ရာမှာ ကြုံတွေရတဲ့ ကန့်ကွက်မှု၊ ဝေဖန်ခံရမှု အကြောင်းတွေပါပဲ။ အဲဒီ မိုင်းကုမ္ပဏီ လုပ်ငန်းလုပ်ဖို့ စီစဉ်တဲ့ ဒေသက ဒေသခံ ဌာနေတိုင်းရင်းသား တွေဟာ တောင်ကို ကာကွယ်တဲ့ သဘောနဲ့ တတောင်လုံး ပတ်လည် ဝိုင်းပြီး လူချိန်းကြိုးသဏ္ဍာန် လက်ချင်းတွဲလျက် စီတန်း ရပ်၊ ကန့်ကွက် ဆန္ဒပြကြတဲ့ ဓာတ်ပုံ ဆိုရင် မျက်စိထဲမှာ ခုအထိ မြင်ယောင်နေတယ်။

အဓိက ကန့်ကွက်ကြတာကတော့ ဗမာပြည် အပါအဝင် ကမ္ဘာအနှံ့က ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေရဲ့ ခေတ်သစ် စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း၊ ဖွံ့ဖြိုးရေလုပ်ငန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ ဒေသခံ တွေရဲ့ မိရိုးဖလာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ထိခိုက်မှု၊ ရိုးရာ ထုံးတမ်း စဉ်လာ ယဉ်ကျေးမှုတွေကို ထိခိုက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ မြေသိမ်းခံရမှု နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးလို့ ဂေဟ စနစ် ပျက်ယွင်းလာမှု တွေကို ကာကွယ်ဖို့ ပြောဆိုထောက်ပြ၊ ဆန့်ကျင် ကန့်ကွက်ကြတာပါပဲ။

အဲဒီ မိုင်းကုမ္ပဏီ က နိုင်ငံတကာ မှာလည်း ဓာတ်သတ္တု ရှာဖွေ၊ တူးဖော်မှုတွေ လုပ်သလို နိုင်ငံပေါင်းစုံက လုပ်ငန်းရှင်ကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ပိုင်ဆိုင်မှုရှယ်ယာတွေလည်း ရှိတယ်။ သူတို့ရဲ့ လုပ်ငန်းတွေမှာ အထက်မှာ ဆိုခဲ့သလို အငြင်းပွားဖွယ်ရာ အဖြစ်အပျက်နဲ့ အကြောင်းအရာတွေ ရှိတော့ နိုင်ငံတကာ နဲ့ ဒေသတွင်းက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့တွေ ရဲ့ ဝေဖန်ပြစ်တင် ဖိအားပေးမှုတွေ ကြုံလာရတယ်။ တချို့ လူ့အခွင့်အရေး ကို အပြည့်အဝ လိုက်နာဖို့ ဦးထိပ်ထားတဲ့ ရင်းနှီးမြှုပ်သူ လုပ်ငန်းရှင်၊ အဖွဲ့အစည်းတွေက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံငွေ၊ အစုရှယ်ယာ ပြန်ထုတ်သွားတာတွေ ရှိခဲ့တယ်။ ထင်ရှားတဲ့ ထဲကဆိုရင် အင်္ဂလန် က ဘာသာရေးအခြေပြု အဖွဲ့အစည်းတခု ဖြစ်တဲ့ “The Church of England” က သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဲဒီ ကုမ္ပဏီ မှာ ဆက်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဗမာပြည်အတွက် နားလည်လွယ်တဲ့ စကားနဲ့ဆိုရရင် အဲဒီ ကုမ္ပဏီ နဲ့ စီးပွားရေးအရ မဆက်ဆံတော့ဖို့ ဆုံးဖြတ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်တဲ့ စီးပွားရေး ပိတ်ဆို့မှု တမျိုးလို့ ဆိုနိုင်ပါတယ်။

လူသိများတဲ့ စီးပွားရေး ပိတ်ဆို့မှု သဘောက အုပ်စိုးသူ အစိုးရ ကို ပစ်မှတ်ထား ဒဏ်ခတ်ချင်လို့ တနိုင်ငံလုံး အတိုင်းအတာ နဲ့ အရေးယူ ဆောင်ရွက်လေ့ရှိတဲ့ ပုံစံပါ။ လူ့တဦးချင်း နဲ့ လူနည်းစု လူမျိုးစု တွေရဲ့ အခွင့်အရေး နဲ့ ရပိုင်ခွင့်ကို လေးစားလိုက်နာမှုမရှိဘဲ ကိုယ့်တိုင်းသူပြည်သားအပေါ် လူလိုထား မဆက်ဆံတဲ့ ဖိနှိပ်မှု ပြင်းထန်တဲ့ အစိုးရမျိုးတွေ အုပ်ချုပ်တဲ့ တိုင်းပြည်မျိုးကို ဖိနှိပ်မှုတွေ လျော့စေဖို့ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးတဲ့ အနေနဲ့ စီးပွားရေး အရ မဆက်ဆံဖို့၊ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ အရေးယူ အပြစ်ပေး ဒဏ်ခတ်လေ့ရှိကြတယ်။ ဒီသဘောဟာ တဘက်ကကြည့်ရင် နိုင်ငံရေး သဘောဆောင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် တကယ့် စီးပွားရေး ပိတ်ဆို့မှု ရဲ့ အတွင်း အနှစ်သာရ က ဒီထက်ပိုပါတယ်။

လွယ်လွယ် နဲ့ ရှင်းအောင် ဆိုရရင် “မသူတော် နဲ့ ပေါင်း စီးပွားမရှာဘူး” ဆို တဲ့ သဘောပါ။ ကျင့်ဝတ်သီလမဲ့ လုပ်ရပ်တွေကို အခြေပြုပြီး ရလာတဲ့ အကျိုးအမြတ်ကို မယူဘူး၊ မလိုချင်ဘူး၊ သမ္မာ အာဇီဝ စစ်စစ် ဖြစ်တဲ့ စီးပွားရှာမှုမျိုးပဲ လုပ်မယ်ဆိုတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ လေးစားလိုက်နာမှု၊ ခံယူချက်၊ စောင့်ထိန်းချက် မျိုးကြောင့် ဖြစ်ပေါ်လာတဲ့ အရေးယူဆောင်ရွက်မှု ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောကို ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းမှ အပြည့်အဝ လိုက်နာကျင့်သုံးတယ်ဆိုတာ ကမ္ဘာမှာ မရှိပါဘူး။ အကြောင်းက နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းဟာ မိမိအကျိုးစီးပွား ကို ရှေ့တန်းတင် အဓိက စဉ်းစာပြီး လမ်းစဉ်တွေ၊ မူဝါဒ တွေ ချမှတ်လေ့ရှိလို့ပါပဲ။ ဒါ့အပြင် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံရေး အခြေအနေ၊ ကမ္ဘာ့နိုင်ငံရေး၊ ပထဝီ နိုင်ငံရေး စတာတွေနဲ့လည်း သက်ဆိုင်လေ့ ရှိပါတယ်။

ကမ္ဘာ့ အထင်ကရ ဒီမိုကရေစီ တိုင်းပြည်ကြီးဖြစ်တဲ့ အမေရိကန်ဟာ သူတို့ အကျိုးစီးပွားအတွက် ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေး အချိုးဖောက်ဆုံး အစိုးရတွေကို အကာအကွယ်ပေး၊ ထောက်ပံ့၊ နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှုတွေ လုပ်ခဲ့ရပါတယ်။ အရင် စစ်အေးခေတ် ကာလတုန်းကဆိုရင် နိုင်ငံရေး လိုအပ်ချက် အကျိုးရလဒ် အတွက် ကွန်မြူနစ် ဆန်ကျင့်ရေး အာဏာရှင်တွေကို ကမ္ဘာ့အနှံ့က ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ အာဏာမြဲ တည်တံ့အောင် ဆောင်ရွက်ပေးခဲ့တာပါပဲ။ စစ်အေးခေတ်ကုန်ဆုံးတဲ့ အချိန်မှာ အမေရိကန် အပါအဝင် အနောက် ဒီမိုကရေစီ အုပ်စုရဲ့ နိုင်ငံခြားရေး နဲ့ စီးပွားရေး မူဝါဒတွေဟာ လူ့အခွင့်အရေးကို ပိုမိုအလေးပေး စဉ်းစားလာကြပေမယ့် ဦးစားပေး နံပါတ် “တစ်” အနေနဲ့ ရှိနေမြဲကတော့ မိမိအကျိုးစီးပွားကို အဓိက အခြေပြု မူဝါဒ ဖော်ဆောင်ခြင်းပါပဲ။

ဒါကြောင့်လည်း အမေရိကန် နဲ့ မဟာမိတ် ဒီမိုကရေစီ နိုင်ငံကြီးတွေ ရဲ့ နိုင်ငံတကာမှာ ကျင့်သုံးတဲ့ လူ့အခွင့်အရေး မူဝါဒ တွေဟာ အမြဲတမ်းလိုလို ကိုယ်ကျိုးစီးပွားကို ငဲ့ရလို့ “စံနှစ်မျိုး (Double Standard)” ဖြစ်နေတတ်ပါတယ်။ ဥပမာ ဆိုရရင် အမေရိကန် နဲ့ အနောက် အုပ်စု ဟာ ပြီးခဲ့တဲ့ စစ်အစိုးရခေတ် တလျှောက်လုံး ဗမာပြည်ကို စီးပွားရေး နဲ့ စစ်ရေး မဆက်ဆံ ပိတ်ဆို့ထားပေမယ့် သူတို့ရဲ့ အဓိက အကျိုးစီးပွား ရေနံ ကုမ္ပဏီကြီးတွေကတော့ ဗမာပြည်မှာ စီးပွားရှာ မပျက်ခဲ့ပါဘူး။

ဒါပေမယ့် ဒီမိုကရေစနစ်ရဲ့ ကောင်းမွန်တဲ့ သဘောအရ ပြည်သူ့သဘော ဆန္ဒ က နိုင်ငံ မူဝါဒတွေမှာ အနည်းနဲ့ အများဆိုသလို အရေးပါ၊ အရာရောက်နေတဲ့အတွက် သူတို့ တိုင်းပြည်တွေက ပြည်သူလူထု နဲ့ လူမှု အဖွဲ့အစည်းတွေရဲ့ ကမ္ဘာ့ရေးရာ အဖြစ်အပျက်၊ အကြောင်းအရာ ကိစ္စအဝဝကို မျက်ခြေမပြတ်မှု အနည်း/အများ အပေါ်မူတည်ပြီး သူတို့ အစိုးရ တွေ နဲ့ သူတို့ နိုင်ငံက ကုမ္ပဏီကြီးတွေ နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံနေတဲ့ နိုင်ငံတကာက တိုင်းပြည်တွေမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှု နဲ့ သဘာဝပတ်ဝန်းကျင့် ညစ်ညမ်းစေမှုတွေကို ဝေဖန်၊ ထောက်ပြ၊ ကန့်ကွက်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ တောင်းဆိုကြရင် နိုင်ငံ နဲ့ ပုဂ္ဂလိက အဖွဲ့အစည်း အကျိုးစီးပွားထက် လူ့အခွင့်အရေးဘက်၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ရှုထောင့်ဘက်ကို အခြေပြုပြီး စဉ်းစားဆောင်ရွက်မှု၊ မူဝါဒ ချမှတ်မှု၊ ဥပဒေပြုမှု တွေကို မဖြစ်မနေ လုပ်ရတတ်တာတွေလည်း ရှိပါတယ်။

ဒီသဘောဟာ တိုင်းပြည် အနာဂတ် ရေနံ အတွက် ကမ္ဘာပတ် စစ် ဖြစ်ရတာမျိုးတွေကို မကာကွယ် မတားဆီးနိုင်ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် အခြား ကျင့်ဝတ်မဲ့ လုပ်ရပ်တွေကို နိုင်ငံရေး နဲ့ အမျိုးသား အကျိုးစီးပွားအလိုအရ လုံးဝ မျက်စိမှိတ်၊ နားပိတ်၊ မျက်ကွယ်ပြုပြီး အာဏာရှင်တွေ တည်မြဲအောင် လုပ်ပေးနေရတဲ့ စစ်အေးခေတ်ထက်တော့ လူ့အခွင့်အရေး နဲ့ ကျင့်ဝတ် ရှုထောင့် က ကြည့်ရင် နည်းနည်း ပိုကောင်းလာတယ်လို့တော့ ဆိုချင်ရင် ရပါတယ်။

အထက်မှာ ဆိုခဲ့တဲ့ “မသူတော် နဲ့ စီးပွားပေါင်း မလုပ်ဘူး” ဆိုတဲ့ ကျင့်ဝတ်သဘော မူဝါဒကို ထိခိုက်စေတဲ့ နောက်တချက်ဖြစ်တဲ့ ပထဝီ နိုင်ငံရေး ကို ဥပမာပြရရင် အရင်ခေတ် ဗမာ စစ်အစိုးရ နဲ့ ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီ တိုင်းပြည်ကြီး တခုဖြစ်တဲ့ အိန္ဒိယ တို့ရဲ့ ဆက်ဆံရေး ကို ပြရပါမယ်။ အိန္ဒိယ အစိုးရဟာ ကနဦးမှာ စစ်အစိုးရ နဲ့ နိုင်ငံရေး၊ စီးပွားရေး လုံးဝ မဆက်ဆံဘဲ ဗမာပြည် ဒီမိုကရေစီလှုပ်ရှားမှုကို အပြည့်အဝ ထောက်ခံပေးခဲ့တယ်။ ဒါပေမယ့် ပထဝီ နိုင်ငံရေး အရ ဗမာ စစ်အစိုးရနဲ့ ပိုမိုနီးစပ်ပြီး ဒေသတွင်းမှာ လူတွင်ကျယ် ဖြစ်နေတဲ့ တရုတ် နိုင်ငံရဲ့ သြဇာ အာဏာ ကို ထိန်းညှိလိုမှုကြောင့် နောက်ပိုင်းမှာ အိန္ဒိယ အစိုးရဟာ ဗမာပြည်နဲ့ သက်ဆိုင်တဲ့ နိုင်ငံခြားရေး မူဝါဒ ကို ပြောင်းလဲခဲ့ရတယ်။ အမျိုးသား အကျိုးစီးပွားကြောင့် ကိုယ်ကျိုး ငဲ့ပြီး မဖြစ်မနေ ပြောင်းလဲလိုက်ရတဲ့ မူဝါဒလို့လည်း ဆိုနိုင်ပါတယ်။ တရုတ် ရဲ့ ဒေသတွင်းနဲ့ ကမ္ဘာမှာ အင်အားကြီးမားလာနေတာကို ဗဟိုပြုပြီး ပြောင်းလဲလာတဲ့ အမေရိကန် ရဲ့ လက်ရှိ အာရှ နဲ့ ပစ္စဖိတ် ဒေသ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး မူဝါဒတွေဟာလည်း ဒီသဘောပါပဲ။

ဒါကတော့ နိုင်ငံတကာမှာ ဖြစ်ခဲ့တဲ့၊ ဖြစ်လေ့ရှိတဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကြောင့် နိုင်ငံရေး၊ စီးပွားရေး အရ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးယူ လုပ်ဆောင်တဲ့ ပိတ်ဆို့တာဆီး ပုံစံဖြစ်ပြီး သူ့ရဲ့ လက်တွေ့ အကောင်အထည် ဖော်ဆောင်ရာမှာ ထည့်သွင်းစဉ်းစားရလေ့ရှိတဲ့ အချက် နဲ့ အားနည်းချက် သဘောတွေ ဖြစ်ပါတယ်။

ဒါ့အပြင် အထက်မှာ ဆိုခဲ့တဲ့ အိန္ဒိယ မိုင်းတွင်း ကုမ္ပဏီ အဖြစ်အပျက်လို တနိုင်ငံလုံး သဘောမဟုတ်ဘဲ၊ တနည်းအားဖြင့် နိုင်ငံရေး သဘော အဓိက မဆောင်ဘဲ ကျင့်ဝတ်ပိုင်းဆိုင်ရာ အရ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းကြီးတွေ တခုချင်းသီးသန့် ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့၊ စီးပွားရေး အရ မဆက်ဆံဖို့၊ ဝယ်ယူအားပေး ခြင်းမပြုဖို့ လုပ်ဆောင်တဲ့ အရေးယူပိတ်ဆို့၊ စီးပွားရေး ဒဏ်ခတ်မှုတွေလည်း ရှိပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းကြီးတွေ ရဲ့ စီးပွားရှာမှု လုပ်နည်း၊ လုပ်ဟန် သမာသမတ်ကျ/မကျ၊ ကျင့်ဝတ် ညီမှု ရှိ/မရှိ ကိုကြည့်ပြီး တဖွဲ့ချင်း၊ တခုချင်း ကွက် အရေးယူ ဒဏ်ခတ်တဲ့ သဘောက လူသား နဲ့ စီးပွား ကျင့်ဝတ်ပိုင်း ဆိုင်ရာ အရကြည့်ရင် ပိုပြီး ထိရောက်၊ လက်တွေ့ အလုပ်ဖြစ်တယ်လို့ ဆိုရပါမယ်။

အကြောင်းက ကမ္ဘာနဲ့ချီ စီးပွားလုပ်ဆောင်နေတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာ မိမိတို့ရဲ့ အကျိုး/အမြတ် ရလဒ် ရေရှည်တည်မြဲစေဖို့၊ ဈေးကွက်မှာ နေရာအမြဲတမ်း ရနေစေဖို့ အတွက် စားသုံးသူ၊ စီးပွားဘက် နဲ့ ပြိုင်ဘက်တွေ ကြားမှာ နာမည်ကောင်းရဖို့ အရေးကြီးတဲ့အတွက် သူတို့ရဲ့ စီးပွားရေး လုပ်နည်း၊ လုပ်ဟန်တွေ တရားဝင်ကြောင်း၊ ကျင့်ဝတ်ညီကြောင်း၊ လူ့အခွင့်အရေး ကို လေးစားလိုက်နာကြောင်း နဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေကြောင်း သက်သေပြုနိုင်ဖို့ လိုတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

လူသိများတဲ့ အင်္ဂလိပ်စကားလုံးနဲ့ ဆိုရရင် ကုမ္ပဏီ ရဲ့ “Image” ကောင်းဖို့ လိုလို့ ဖြစ်ပါတယ်။ ဒီလို အနေအထား နဲ့ တောင်းဆိုမှုကြောင့် ကမ္ဘာ့စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ အာဏာရှင်နဲ့ ပေါင်း စီးပွားမရှာမိဖို့၊ လူ့အခွင့်အရေး မချိုးဖောက်မိဖို့၊ မိမိ ရဲ့ ဝန်ထမ်း အလုပ်သမားတွေ ကို နိုင့်ထက်စီးနင်း ဂုတ်သွေးစုပ် နင်းမခိုင်းမိစေဖို့၊ မိမိ လုပ်ငန်းလုပ်တဲ့ ဒေသက ဒေသခံတွေရဲ့ အကျိုးစီးပွား နဲ့ အိုးအိမ်၊ စည်းစိမ် ကို မပျက်စီးစေဖို့၊ ဥတု သဘာဝ နဲ့ ပတ်ဝန်းကျင် ကို မထိခိုက်စေဖို့ မဖြစ်မနေ အလေးထား စီစဉ် ဆောင်ရွက်၊ မူဝါဒ ချမှတ်လာရပါတယ်။

ဆိုခဲ့သလို လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင် နဲ့ သက်ဆိုင်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချိုးဖောက်နေကြောင်း အစွပ်အစွဲ ခံရရင် စီးပွားရေး လုပ်ငန်း ရဲ့ နာမည် အကြီးအကျယ် ထိခိုက်စေပြီး လုပ်ငန်းက အစုရှယ်ယာရှင်တွေရဲ့ အရင်းအနှီးတွေ နှုတ်ထွက်တာ၊ လုပ်ငန်းရဲ့ စားသုံးသူ/သုံးစွဲသူ တွေက သုံးစွဲ၊ ဝယ်ယူအားပေး မှု မလုပ်တော့တာ၊ ဈေးကွက် မှာ နာမည်ပျက်တာ တွေ ရင်ဆိုင်လာရနိုင်ကာ မိမိရဲ့ ကိုယ်ကျိုးစီးပွား အမြတ် ရရှိမှု နဲ့ ရေရှည် တည့်တံ့ ခိုင်မြဲ တိုးတက်မှုကို ထိခိုက်လာနိုင်တဲ့အတွက် မိမိရဲ့ စီးပွားလုင်ငန်းဆောင်ရွက်မှုပုံစံကို တရားဥပဒေ နည်းလမ်းတကျ ဝတ်တန်းကျေ ဆောင်ရွက်ရုံနဲ့ မလုံလောက်တော့ဘဲ တတ်နိုင်သမျှ လူမှုစီးပွား ကျင့်ဝတ်တွေနဲ့ပါ ညီအောင် အလေးထား လာရပါတယ်။

မြင်သာတဲ့ ဥပမာ ဆိုရရင် ကမ္ဘာ့ ဆက်သွယ်ရေး နဲ့ နည်းပညာ ဈေးကွက် မှာ ထိပ်တန်း ရောက်နေတဲ့ တကိုယ်ရေ နဲ့ လုပ်ငန်းသုံး အဆင့်မြင့် လျှပ်စစ် နည်းပညာ နဲ့ ဆက်သွယ်ရေး အသုံးအဆောင် ပစ္စည်းတွေထုတ်တဲ့ ပန်းသီးတံဆိပ် ကုမ္ပဏီရဲ့ တရုတ် နဲ့ ထိုင်ဝမ် နိုင်ငံက စက်ရုံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာ နည်းမှု၊ အလုပ်သမား အခွင့်အရေး အချိုးဖောက်ခံရမှု၊ အလုပ်သမားတွေ လုပ်ငန်းခွင် နဲ့ ပုဂ္ဂလိက လူမှုဘဝ စီးပွားဒဏ် ကို မခံနိုင်လို့ ကိုယ့်ဘာသာ သတ်သေခဲ့မှု ဖြစ်စဉ် သတင်းတွေနဲ့ ဒီ ဖြစ်ရပ်တွေရဲ့ အကျိုးဆက် ဂရက်တွေ ကို ပြရပါမယ်။

ကမ္ဘာတဝှမ်းက ပန်းသီးတံဆိပ် ကုမ္ပဏီရဲ့ နည်းပညာ ကို သဘောကျ နှစ်သက် အားပေးကြတဲ့ သုံးစွဲသူတွေဟာ သူတို့ သုံးစွဲနေတဲ့ ပစ္စည်းတွေရဲ့ ဖြစ်ပေါ်လာပုံ နဲ့ နောက်ကွယ်က အကြောင်း၊ သတင်း ဖြစ်ရပ်ဆိုးတွေကို သိမြင်လာရတော့ ကုမ္ပဏီရဲ့ စီးပွားလုပ်နည်း၊ လုပ်ဟန်နဲ့ ကျင့်ဝတ် အပေါ် မေးခွန်းထုတ်မှုတွေဖြစ်လာကာ ပန်းသီးတံဆိပ် လျှပ်စစ် လူ့အသုံးအဆောင် နဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို မသုံးစွဲတော့ဖို့ ထုတ်ဖော် ဆန္ဒ ထုတ်ဖော်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ပန်းသီးတံဆိပ် ကုမ္ပဏီကလည်း ဒီလို ဈေးကွက် မှာ နာမည် နဲ့ တံဆိပ် ကို ထိခိုက်စေမယ့်၊ အကျိုးစီးပွားကို ပျက်စီးစေမယ့် အဖြစ်အပျက်တွေကို ရှောင်ကြဉ်နိုင်ဖို့ အပြုသဘောဆောင်တဲ့ အလျင်အမြင် အရေးယူမှု တွေ၊ အစီအစဉ်တွေ၊ မူဝါဒတွေကို ချမှတ် ဖော်ဆောင်ခဲ့ရပါတယ်။

ဒီလို အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ၊ အခြား လူ့အခွင့်အရေး နဲ့ သဘာဝပတ်ဝန်းကျင် ကို ထိခိုက်စေတဲ့ အပြုအမူတွေဟာ ဥပမာပြုခဲ့တဲ့ ပန်းသီး ကုမ္ပဏီလို အဖွဲ့အစည်းတခုတည်းမှာပဲ ဖြစ်ပေါ်လေ့ရှိတဲ့ အဖြစ်အပျက်တွေ မဟုတ်သလို ကမ္ဘာ့ စီးပွားရေး မှာ အရေအတွက် အနည်းစု ဖြစ်နေတာလည်း မဟုတ်ပါဘူး။ ကမ္ဘာ့ပတ်လည် စီးပွားလုပ်ဆောင်နေတဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ စီးပွားရေး ကော်ပိုရေးရှင်းကြီးတွေတိုင်းမှာ အလားတူ အဖြစ်အပျက်မျိုးတွေ မြင်တွေ့ရလေ့ရှိပါတယ်။ ဒီလို တရား မမျှမတ၊ ကျင့်ဝတ်မဲ့ စီးပွားလုပ်ဆောင်နေမှုတွေကို လူအများစု သိအောင်၊ စားသုံးသူ/သုံးစွဲသူ တွေ သိမြင်ခံစားလာအောင်၊ အစုရှယ်ယာရှင် နဲ့ ငွေကြေးအရင်းအနှီး ထောက်ပံ့သူတွေ နားလည်လက်ခံလာအောင် လူအခွင့်အရေး နဲ့ လူမှု အဖွဲ့အစည်းတွေက ဝိုင်းဝန်း ဆော်သြလေ့ရှိပြီး မတရားမှုတွေ ပျောက်အောင်၊ လူသား နဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုတွေ နည်းအောင် နိုင်ငံတကာ အစိုးရတွေ နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေကို တရားနည်းလမ်းကျတဲ့ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း နဲ့ ကျင့်ဝတ် တွေ သတ်မှတ်ပြဋ္ဌာန်းပေးဖို့ တိုက်တွန်းနှိုးဆော်လေ့ရှိပါတယ်။

ဥပမာ တခု ပြရရင် ပြည်တွင်းစစ်ဖြစ်နေတဲ့ အာဖရိက ပဋိပက္ခ ဒေသတွေက ထွက်တဲ့ စိန်တွေကို နိုင်ငံတကာမှာ ရောင်းဝယ် ဖောက်ကားမှု မလုပ်ဖို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ကမ္ဘာအနှံ့က လူ့အခွင့်အရေး အဖွဲ့တွေ၊ ဒီမိုကရေစီ အစိုးရတွေ နဲ့ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကြီးတွေက ဝိုင်းဝန်း တောင်းဆိုမှုတွေရှိခဲ့ပြီး ပဋိပက္ခ ဒေသထွက် စိန်တွေ လက်တွေ့ ဈေးကွက်မှာ အရောင်းအဝယ် မဖြစ်စေဖို့လည်း ဥပဒေတွေ ပြဋ္ဌာန်းတာ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကတိခံဝန်ချက်၊ သဘောတူညီမှုတွေ လုပ်တာတွေ ရှိခဲ့ဖူးပါတယ်။ သုံးစွဲသူတွေ အကြားမှာ စိန်တွေ ထွက်ပေါ်လာရာ လမ်းကြောင်း၊ ကြေကွဲဖွယ် နောက်ခံသမိုင်း နဲ့ ဇစ်မြစ် သဘော ကို သိနားလည်လာစေဖို့လည်း လှုံ့ဆော်ပညာပေးမှုတွေ လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ပိုက်ဆံချမ်းသာပြီး အများစု ဝယ်ယူသုံးစွဲနေကြတဲ့ (ဝယ်ယူသုံးစွဲနိုင်တဲ့) အမေရိက နဲ့ အနောက်ဥရောပ က ပြည်သူလူထု (အမျိုးသမီးအဓိက) ကြားမှာ အဓမ္မမှုတွေ တင်းကြမ်းပြည့်နေတဲ့ သွေးစွန်းနေတဲ့ စိန်တွေ ကို ဝယ်ယူသုံးစွဲ အပေါ်ရံ အလှတန်ဆာဆင်နေမှုရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းပုံ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဓန အင်အားကြီးတဲ့ နိုင်ငံကြီးတွေက လက်နက် ကုမ္ပဏီကြီးတွေကပဲ ဒီလို ပြည်တွင်းစစ် ဖြစ်နေတဲ့ ပဋိပက္ခ ဒေသတွေမှာ လက်နက်တွေ အကြီးအကျယ်ရောင်းချပြီး ရရှိတဲ့ အကျိုးအမြတ် ပိုက်ဆံတွေနဲ့ အဲ့ဒေသက စိန်တွေကို ပြန်ဝယ်သလို ဖြစ်နေပုံ၊ ဒီလို အကျိုးအမြတ်ကြီးတဲ့ သဘာဝသယံဇာတ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် စီးပွားအတွက် ဒေသတွင်းမှာ ပဋိပက္ခ နဲ့ စစ်ပွဲတွေ အဆုံးမသတ်နိုင် ဖြစ်နေပုံတွေကို လူအများစု သိမြင် ခံစားနားလည် လာအောင် လူထု ပညာပေး လုပ်ငန်းတွေနဲ့ ဆွေးနွေးပွဲ၊ ရှုတ်ချ ပွဲတွေ လုပ်ခဲ့ဖူးပါတယ်။

ဒီလို အာဖရိက ရဲ့ ကြေကွဲဖွယ် ဖြစ်ရပ်မှန် နောက်ခံ အခြေအနေကို မှီးပြီး ဟောလီးဝုဒ်က “သွေးစွန်းနေတဲ့ စိန် (၂၀၀၆)” ဆိုပြီး ရုပ်ရှင်ရိုက်ခဲ့ဖူးပြီး ဆုတံဆိပ်တွေရ အောင်မြင်သလို ကမ္ဘာ့လူသားတွေလည်း ပဋိပက္ခ ဒေသတွေရဲ့ “သွေးစွန်းနေတဲ့ သယံဇာတ” တွေအကြောင်း ပိုမို နားလည်ခံစား သိမြင်တတ်မှု ရလာခဲ့ပါတယ်။

ဗမာပြည် မြောက်ဖျား ရဲ့ မဆုံးနိုင်တဲ့ ပဋိပက္ခ နဲ့ စစ်ပွဲ တွေဟာ သယံဇာတ ကျိန်စာ သင့် “သွေးစွန်းနေတဲ့ ကျောက်စိမ်း” တွေ နဲ့ ဆိုင်သလို နိုင်ငံခြား ကုမ္ပဏီကြီးတွေ နဲ့ ချိတ်ဆက်ထားတဲ့ အာဏာပိုင် တွေ နဲ့ ပြည်တွင်း လုပ်ငန်းရှင်ကြီးတွေရဲ့ ပုဂ္ဂလိက အကျိုးစီးပွားနဲ့လည်း ဆိုင်တယ်ဆိုတာ ထင်ရှားတဲ့ အချက် ဖြစ်ပါတယ်။

ဒီလို နိုင်ငံတကာ နဲ့ ကမ္ဘာပတ်လည် စီးပွားလုပ်ဆောင်ရမှာ ဖြစ်ပေါ်နေတဲ့ ကျင့်ဝတ်၊ သီလ၊ တရား မဲ့မှုတွေ၊ အများအတွက် မစဉ်းစားဘဲ ကိုယ်ကျိုးတခုတည်းပဲ ကြည့် လုပ်ဆောင်မှုတွေ၊ အာဏာ နဲ့ ငွေ ရှိသူတွေရဲ့ ထင်တိုင်းကြဲနိုင်နေမှုတွေ စတဲ့  အဓမ္မ တရားမဲ့မှုတွေ လျော့ပါးလာအောင် အစိုးရတွေ နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ စီးပွားရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေက နိုင်ငံတကာ စံနှုန်း၊ စံညွှန်း၊ သဘောတူညီချက် တွေ အရ လေးစား လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်ဥပဒေသပြဋ္ဌာန်းမှု တွေ လက်တွေ့ လုပ်ဆောင်လာရပါတယ်။ ဒါကြောင့် ကမ္ဘာနဲ့ချီပြီး နိုင်ငံတကာမှာ စီးပွားရှာချင်တဲ့ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကလည်း ဒီလို ဥပဒေ၊ ကျင့်ဝတ် နဲ့ လုပ်ထုံး၊ လုပ်နည်း တွေကို သူတို့ရဲ့ စီးပွားရေး လုပ်နည်း၊ လုပ်ဟန် နဲ့ မူဝါဒတွေမှာ မဖြစ်မနေ ထည့်သွင်း ကျင့်ကြံ လုပ်ကိုင်လာရပါတယ်။ ဒီလို ထည့်သွင်း ကျင့်သုံးမှသာ သူတို့ရဲ့ စီးပွားရေး လုပ်ငန် နဲ့ အကျိုးအမြတ်ကလည်း ရေရှည် တည်တံ့ မှာ ဖြစ်တယ်။

ဒီလို ရေရှည် အကျိုးစီးပွားဖြစ်ထွန်းမှုကို ဖော်ဆောင်တဲ့ “ရှဥ့်လည်း လျှောက်သာ ၊ ပျားလည်း ဆွဲသာ” သဘော လူ၊ သဘာဝ အရင်းအမြစ် နဲ့ ငွေကြေး အကျိုးအမြတ် ဘယ်သူ့ ဘယ်သူ မှ တဘက်စောင်းနင်း မထိခိုက်စေဘဲ စီးပွားလုပ်ဆောင်တဲ့ သဘောဟာ ဆောင်းပါး အစ မှာ ဆိုခဲ့တဲ့ “စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)” ဆိုတဲ့ ခေတ်သစ် ဘောဂဗေဒ နဲ့ ဖွံ့ဖြိုးတိုးတက်ရေး သီအိုရီ နည်းနာ နိဿယ ဖြစ်ပါတယ်။

ဒီသဘောကို ပညာရပ်ဆိုင်ရာ သဘောမဟုတ်ဘဲ လူတိုင်း နားလည်လွယ်အောင် ဆိုရရင် ခေတ်သစ် ကမ္ဘာ့ စီးပွားရေးလုပ်ငန်းတွေဟာ “ဘယ်သူသေသေ ငတေ မာဖို့ လိုတယ်” ဆိုတဲ့ စကားလို “ငို့ဘ သမား” တွေ “ငါ့ဘို့” တခုတည်း ကြည့် စီးပွားသောင်းကျန်း လို့မရတော့တာ ကို ဆိုလိုတာပါ။

 

 

လက်ရှိ ဗမာပြည် အနေနဲ့ ဆိုရရင် “ငတေ၊ ငရွှေ၊ ငဇေ” နဲ့ “အပေါင်းအပါ”  “ငပိုင်” တွေချည်းပဲ “မာ” နေနိုင်ခွင့်ရနေတဲ့ စီးပွားရေးစနစ်၊ လုပ်နည်း၊ လုပ်ဟန်၊ မူဝါဒ နဲ့ နည်းဥပဒေသ တွေ လျော့နည်း ပပျောက်စေတဲ့ နည်းလို့လည်း ဆိုနိုင်ပါတယ်။

 

 

စီးပွားရေး လုပ်ထားဟာ လူမှုရေးလုပ်ငန်း မဟုတ်တဲ့ အတွက် အကျိုးအမြတ် ကို အဓိက ထား စဉ်းစားရပါတယ်။ ဒါပေမယ့် ရေရှည်ဖွံဖြိုးတိုးတက်ပြီး အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းဖြစ်ဖို့က အကျိုးအမြတ် တခုတည်း ရှေ့တန်းတင် စဉ်းစား လုပ်ဆောင်လို့ မရတော့ပါဘူး။ အခြား အရေးကြီးတဲ့ လူသားအကျိုး၊ သဘာဝပတ်ဝန်းကျင် အကျိုးတွေလည်း ထည့်သွင်းစဉ်းရမယ့် ဆိုတဲ့ သဘောဖြစ်ပါတယ်။ အရပ်စကားနဲ့ ဆိုရရင် စီးပွားရေး လုပ်တာဟာ အလှူကြီး ပေး ကုသိုလ် ယူနေတာ မဟုတ်တော့ အမြတ် အတွက် အဓိက စဉ်းစားရမှာ မှန်ပေမယ့် ဓါးပြ တိုက်ယူသလိုတော့ အဓမ္မ မလုပ်ရပါဘူး၊ ဘယ်သူ၊ ဘယ်အရာကိုမှ မထိခိုက်စေတဲ့ (သို့) ထိခိုက်မှုနည်းစေတဲ့ နည်းနာတွေ သုံးပြီး ကျင့်ဝတ် နဲ့အညီ လုပ်မှ ခေတ်သစ် ကမ္ဘာရဲ့ စီးပွားရေးနယ်ပယ်မှာ ရေရှည်ရပ်တည်နိုင်မယ် လို့ ဆိုလိုတာ ဖြစ်ပါတယ်။

 

 

မိမိ စီးပွားရေး လုပ်ငန်းရဲ့ ပုံရိပ် ဈေးကွက် နဲ့ စားသုံးသူကြား ရေရှည် ကောင်းမွန်စေရန် တနည်းအားဖြင့် အကျိုးအမြတ် ရေရှည် ခံစားရရှိစေဖို့ရာ မိမိရဲ့ စီးပွား အကျိုးအမြတ်ထဲက တချို့တဝက်ကို လူအများ အကျိုးပြု လှုမှုရေး လုပ်ငန်းတွေမှာ ပြန်သုံးခြင်းမျိုးတွေလည်း ဒီသဘောမှာ ပါ ပါတယ်။

 

 

ဥပမာ – နိုင်ငံတကာ က နာမည်ကြီး အလှကုန် လုပ်ငန်း “Faceshop” ဆိုရင် သူတို့ ရောင်းချရတဲ့ ပစ္စည်းတခုချင်းတိုင်းရဲ့ အမြတ်ထဲက တချို့တဝက်ကို ဆင်းရဲတဲ့ အာဖရိက က ကလေးသူငယ်တွေ အကျိုးအတွက် ပြန် အသုံးချပါတယ်။ ဒီလိုနည်းနဲ့ ဈေးကွက်က ဖောက်သည် သုံးစွဲသူတွေကြားမှာ သူတို့ ကုန်ပစ္စည်း အမှတ်တံဆိပ်ရဲ့ ပုံရိပ်ကို မြှင့်တင်ပြီး လူသိများ တန်ဖိုးထားအောင် လုပ်ပါတယ်။ ပစ္စည်းချင်း/ဝန်ဆောင်မှုချင်း/ဈေးနှုန်းချင်း အတူတူ ဆိုရင်တောင်မှာ သူတို့ရဲ့ အမြတ်ငွေ အပေါ် အသုံးချတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို စားသုံးသူ က သိတဲ့ အတွက် ဈေးဝယ်ရင်း ကုသိုလ်လည်းရတဲ့ သူတို့ဆီမှာ ဝယ်ယူ အားပေးမှု တိုးလာစေပါတယ်။ ဒီလိုနဲ့ ရေတိုမှာ အမြတ်ရမှု နည်းကောင်း နည်းနိုင်ပေမယ့် ရေရှည်တည်တံ့၊ အကျိုးစီပွားဖြစ်တဲ့ စီးပွားရေး လုပ်ငန်းကို တည်ဆောက်နိုင် သွားပါတယ်။

 

 

(စကားချပ်။  ။ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက် ယူနွတ်စ် တီထွင်တဲ့ စီးပွားရေး လုပ်ငန်းကနေ အလှူပေး သလို ကုသိုလ်ယူတဲ့ လူမှုဖွံဖြိုးရေး တခုတည်း ဗဟိုပြု စီးပွားရေး (Social Business) (ဝါ) လူမှုရေး ရည်မှန်းချက် သက်သက် စီးပွားရေး လုပ်တဲ့ သဘော ခေတ်သစ် ဘောဂဗေဒ သီအိုရီ လည်း ရှိပါသေးတယ်။ နောင် အလျင်းသင့်ရင် ဆွေးနွေး တင်ပြပါမယ်။)

 

 

ဆိုခဲ့သလို အကျိုး၊ အမြတ် တခုတည်း ကြည့် စီးပွားရှာဖို့ ခေတ်သစ် ကမ္ဘာရဲ့ လူတွေ၊ ကျင့်ဝတ် တွေ၊ စည်းမျည်း စည်းကမ်းတွေ က ခွင့်မပြုတော့တဲ့ အတွက် မိမိရဲ့ ကိုယ်ကျိုး စီးပွား အတွက် လုပ်ဆောင်ရင်းနဲ့ တပါတည်း လူတွေ (စားသုံးသူ၊ အလုပ်သမား၊ မိမိ စီးပွားလုပ်တဲ့ ဒေသ ရဲ့ ဒေသ ခံ) ရဲ့ အကျိုးစီးပွားလည်း ဖွံ့ဖြိုးတိုးတက်အောင်၊ သဘာဝပတ်ဝန်းကျင် နဲ့ ဂေဟ စနစ်ကိုလည်း မပျက်ယွင်းအောင် တပါတည်း လုပ်ဆောင် ဖို့ လိုလာပါတယ်။ လူတွေရဲ့ လူမှုဘဝ သာယ ဝပြောပြီး လူ့သိက္ခာ နဲ့ အညီ၊ လူ့အခွင့်အရေး၊ စားသုံသူ အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ပြည့်ပြည့်ဝဝ ပေး ဖော်ဆောင် စီးပွားရှာသလို ကိုယ့်စီးပွားကြောင့်လည်း ကမ္ဘာမြေ ပထဝီဝင် နဲ့ ရာသီဥတု ကို မထိခိုက်စေမှ မိမိစီးပွားရေးလုပ်ငန်းဟာ ဈေးကွက်မှာ အစဉ်အမြဲ နေရာရ ရေရှည် အောင်မြင်နေမယ့် သဘော ဖြစ်ပါတယ်။ ဒီသဘောမှာလူ့အခွင့်အရေး အပြည့်အဝ လေးစားလိုက်နာမှု။ (ဥပမာ – စီးပွားရေး လုပ်ငန်းအတွက် ဒေသခံတွေ ကို အတင်း အဓမ္မ နေရာ ဖယ်ခိုင်းခြင်းမျိုး၊ လက်ယာမြေ သိမ်းခြင်းမျိုး မရှိတာ၊ တကယ်လို့ မဖြစ်မနေ မြေနေရာ ရယူမှု လုပ်ရရင်လည်း ဒေသခံ တွေရဲ့ သဘော ဆန္ဒ နဲ့ အညီ ဖြစ်စေတာ၊ နစ်နာမှုတွေ အတွက် ထိုက်သင့်တဲ့ လျော်ကြေး နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဖော်ဆောင်ပေးတာမျိုးကို ဆိုလိုတယ်။)

မိမိစီးပွားရှာရာ ဒေသက ဆိုင်ရာ ဓလေ့၊ ထုံးတမ်း၊ စဉ်လာ၊ ရိုးရာ၊ ယုံကြည်မှု၊ အတွေးအခေါ် တွေကို လေးစားလိုက်နာ အသိအမှတ်ပြုမှု။အလုပ်သမား အခွင့်အရေး အပြည့်အဝ လေးစားလိုက်နာမှု။ (ဥပမာ – အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် အန္တရာယ်ကင်းရေး၊ ကျန်းမာရေး၊ လူမှုဘဝ သာယာဝပြောရေး အလေးထား ဆောင်ရွက်မှုမျိုးကို ဆိုလိုတယ်။)

 

 

အလုပ်သမား ငှားရမ်း အသုံးပြရာမှာ ကျင့်ဝတ်၊ စည်းကမ်း၊ ဥပဒေ နဲ့ အညီ ဆောင်ရွက်မှု။ (ဥပမာ – အာဏာပိုင်နဲ့ ပေါင်းပြီး ဒေသခံ တွေ ကို အတင်း အဓမ္မ အခမဲ့ (သို့) လုပ်ခနည်း လုပ်အားပေး စေခိုင်းတာမျိုးကို ရှောင်ကြဉ်တာမျိုးကို ဆိုလိုတယ်။)

 

 

စားသုံးသူ အခွင့်အရေး ကို အပြည့်အဝ လေးစားလိုက်နာမှု။ (ဥပမာ- မိမိ စီးပွားရေး လုပ်ငန်း ရဲ့ ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှု က လူ နဲ့ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတာ၊ လုံခြုံစိတ်ချ အရည်အသွေး ပြည့်မီအောင် ကြိုးစားတာမျိုးကို ဆိုလိုတယ်။) (မှတ်ချက် – တရုတ်ပြည်ထုတ် လူသုံးကုန် နဲ့ စားသောက်ကုန်ပစ္စည်း တချို့မှာဆိုရင် ဘေးထွက် ဆိုးကျိုးတွေ အများအပြား ဖြစ်ပေါ်လေ့ရှိကာ ကမ္ဘာ့ဈေးကွက်မှာ ပုံရိပ်မကောင်းဖြစ်လေ့ရှိတဲ့ အတွက် ရေရှည် အကျိုးစီးပွား ဖြစ်မှု အတွက် အကြီးအကျယ် ထိခိုက်စေတယ်။)

မိမိရဲ့ စီးပွားလုပ်နည်း လုပ်ဟန်တွေကို ရေ၊မြေ၊တောတောင် သဘာဝပတ်ဝန်းကျင် အပေါ် ထိခိုက်မှု မရှိအောင် (သို့) နည်းအောင် ဖန်တီးကျင့်ကြံ ဖော်ဆာင်မှု။အစရှိတဲ့ အကျိုးအမြတ်အတွက် စီးပွားရှာ “Profit/Economics Based” လုပ်ရင်းနဲ့ တပါတည်း တွဲလျက် လူ၊ လူမှု ဘဝ နဲ့ သဘာဝပတ်ဝန်းကျင် ကိုလည်း မထိခိုက်အောင်၊ တိုးတက်ဖွံ့ဖြိုးအောင် “People, Social, Planet, Environment, Ecology” ဘက်ပေါင်းစုံ ထည့်သွင်းစဉ်းစား အကျိုးဖြစ်အောင် (သို့) အနည်းဆုံး အကျိုးမယုတ်အောင် ကြံဆောင်ရ တဲ့ စီးပွားလုပ်ဟန် ကို ခေတ်သစ် ကမ္ဘာ့ စီးပွားလုပ်ငန်းတွေဟာ ရေရှည် တည်တံ့နိုင်မှု နဲ့ အကျိုးအမြတ် အလို့ငှာ သူတို့ရဲ့ လုပ်ငန်းစီးပွား နည်းဗျူဟာ မှာ မဖြစ်မနေ ထည့်သွင်း ချမှတ် လာရပါတော့တယ်။

ဒီသဘောကို ဗမာပြည် အပါအဝင် ဖွံ့ဖြိုးတိုးတက်စ နိုင်ငံတွေမှာ အမှန်တကယ် အလေးထား ဆောင်ရွက်မှု အင်မတန် နည်းလှပါတယ်။ တကယ်တော့ ပညာရပ်ဆိုင်ရာ သဘော၊ အမြင် နဲ့ သီအိုရီ တွေ နားလည်သိမြင်ဖို့မလိုဘဲ ရိုးရိုးလက်တွေ့ကျတဲ့ သဘော “common sense” နဲ့ပဲ စဉ်းစားကြည့်ရင်ကို ဒီ “စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး (Sustainable Development)” အတွက် ကျင့်ကြံရမယ့် ဆောင်ရန်/ရှောင်ရန် တွေဟာ အရေးကြီးကြောင်း သိနိုင်ပါတယ်။

ဘာကိုမှ ဂရုမထားဘဲ လူတွေ ဂုတ်ခွစီး စီးပွားပဲ နင်းကန်ရှာရန် မိမိ စီးပွားရှာတဲ့ ဒေသ နဲ့ လူ့အဖွဲ့အစည်းရဲ့ အထွေအထွ ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းလာကာ ရေရှည်မှာ မိမိ စီးပွားလုပ်ငန်းလည်း တပါတည်း ပျက်စီးရမှာ မလွှဲမသွေ ဖြစ်ပါတယ်။ အလားတူပဲ စီးပွားရေး လုပ်ငန်းကြီးတွေဟာ မိမိ စီးပွားလုပ်ကိုင်တဲ့ ဒေသ ရဲ့ သဘာဝ ပတ်ဝန်းကျင် ကို ဂရုမမူ မစောင့်ရှောက်ဘဲ စီးပွားပဲ နင်းကန် သောင်းကျန်းနေရင် ရေရှည်မှာ ဒေသ ရဲ့ ပထဝီ နဲ့ ဂေဟ စနစ် ပျက်ယွင်းပြီး ရာသီဥတုတွေ ဖောက်ပြန်၊ သဘာဝ ဘေးဒုက္ခ တွေ ထူပြော၊ စီးပွားလုပ်ကိုင်ခွင့်တွေ လျော့နည်းကာ အနာဂတ်မှာ ဆက်လက် ရပ်တည်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး။

ဒီလို အနေအထား နဲ့ သဘောကို ဂရုမစိုက်ဘဲ နေနိုင်သူဟာ မိမိ အကျိုးစီးပွား ကို ရေရှည် ရပ်တည်နိုင်ဖို့ရာ မကြံဆောင်၊ မမျှော်မြင် နိုင်လောက်အောင် အသိ ဉာဏ်ပညာ တုံး နေတဲ့ လူမျိုးတွေ နဲ့ ဆူလွယ်နပ်လွယ် ရတုန်းလေးကို ဘယ်သူ.. ဘာ.. ဖြစ်ဖြစ်.. ဂရုမပြု စီးပွားပဲ နင်းကန် ရှာထားမယ်၊ အနာဂတ် နဲ့ မျိုးဆက်သစ်အတွက် မစဉ်းစားဘူး လို့ ခံယူနိုင်လောက်အောင် စိတ်ဓာတ် အောက်တန်းကျနေ တဲ့ လူမျိုးတွေ ဖြစ်ပါမယ်။

ဒါပေမယ့် ဝမ်းနည်းစရာ နဲ့ စိုးရိမ်ဖို့ ကောင်းတာက ဗမာပြည်မှာ အာဏာရ နေတဲ့ သူတွေ နဲ့ လုပ်ပိုင်ခွင့်သာနေတဲ့ လက်ချိုးရေလို့ရတဲ့ မဟာ စီးပွားလုပ်ငန်းရှင်ကြီး အများစု က အထက်မှာ ဆိုခဲ့တဲ့ လူနှစ်မျိုးဖြစ်တဲ့ — အနာဂတ်ကို မျှော်.. မမြင် နိုင်လောက်အောင်  ဉာဏ်ပညာနည်းနေသူတွေနဲ့ အနာဂတ် နဲ့ မျိုးဆက်သစ်အတွက် ထည့် မစဉ်းစားဘဲ နေနိုင်လောက်အောင် စိတ္တ သတ္တိ ချို့ယွင်း ပျက်စီးနေသူတွေ ဖြစ်နေတာပါ။ ဒါကြောင့်လည်း အတိတ် နဲ့ လက်ရှိ မှာ အစိုးရ နဲ့ စီးပွားရေး လုပ်ငန်းကြီးတွေက ပြည်သူ လူထု နဲ့ သဘာဝ ပတ်ဝန်းကျင် ကို အဓမ္မ မုဒိမ်းကျင့်တဲ့ အဖြစ်အပျက်တွေ တလှေကြီး ပေါ်ခဲ့၊ ပေါ်လျက် ဖြစ်နေတာပါ။

ဒီလို.. “ငတေ၊ ငရွှေ၊ ငဇေ” နဲ့ “အပေါင်းအပါ” “ငပိုင်” တွေချည်းပဲ..၊ “ငို့ဘ” “ငါ့ဘို့” သမားတွေချည်းပဲ.. အမြဲတမ်း “မာ” နေ ခွင့် ရနေတာဟာ လက်ရှိ ဗမာပြည် စီးပွားရေးရဲ့ အဓိက ပြဿနာ ပါ။ မနေ့တနေ့ကတင် ယခင် စစ်အစိုးရ၊ ယခု စစ်တပိုင်း အစိုးရ နဲ့ အကျွမ်းဝင်တဲ့ ခရိုနီကြီး တဦးက ပြည်သူပိုင် ဟိုတယ်တခု ကို ကာလတန်ဖိုး ပေါက်ဈေး ထက် အများကြီးနည်းတဲ့ တန်ဖိုးနဲ့ ကျပ်ဘီလျှံ နဲ့ချီ သက်သာပြီး ရသွားတဲ့ သတင်း တပုဒ် ကြားလိုက်ရပါသေးတယ်။

အာဏာပိုင် အစိုးရ ရယ် သူတို့နဲ့ အဆင်ပြေ၊ တစီးပွားတည်းလို့ ဖြစ်နေတဲ့ လက်တဆုပ်စာ သူကြွယ်ကြီးတွေရယ် ဒီလိုပဲ လက်သိပ်ထိုး လုပ်ကြရင်းနဲ့ ကုန်တော့ ပြည်သူပိုင် ပစ္စည်း၊ ဆုံးရှုံးတော့ ပြည်သူပိုင် ငွေကြေး နဲ့ အရင်းအမြစ် သယံဇာတ တွေပါ။  သဘာဝပတ်ဝန်းကျင် နဲ့ ဂေဟ စနစ် ပျက်စီးလို့ ရေတွေကြီး၊ မုန်တိုင်းတွေ တိုက်ရင်လည်း အရင်ဆုံး သေရ.. ကြေရ.. အသက်၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးရတာကလည်း နင်းပြား လူထု ကျောမွဲတွေပါပဲ။ (ဥပမာ – ၂၀၀၈ နာဂစ် ဖြစ်စဉ်ကိုပဲ ကြည့်ပါ..။)  ဒီလို သဘာဝ ဘေးဒုက္ခတွေ ကြုံလာလို့ မသေဘဲ ကျန်ရစ်တဲ့ လူထုကလည်း တသက်လုံး ထင်တိုင်းကြဲ လုပ်ချင်တာ လုပ်ခဲ့ပြီး ခုမှ သူတော်ကောင်းယောင်ဆောင် ပဏ္ဏာ လာယူ မသဒ္ဓါရေစာ ထောက်ပံ့တဲ့ အာဏာပိုင် နဲ့ သူကြွယ်တွေရဲ့ အလှူကို ကျေးဇူးတင်ခံ ရှိခိုးဦးတင်၊ လက်ဝါးဖြန့် တောင်းရတာမျိုးလည်း ဝမ်းနည်းဖွယ် ကြုံရပါသေးတယ်။  နောက်ဆုံး ဒီလို စီးပွားရေး မူဝါဒ အမှားအယွင်းတွေ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းအားနည်းမှုတွေ၊ အဂတိတွေ၊ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာမှုတွေကြောင့် တိုင်းပြည်မှာ ဘဏ္ဍာလိုငွေပြ အကြွေးတင်တော့လည်း ပြည်သူ့ဘဏ္ဍာ အနေနဲ့ပဲ အကြွေးတင်၊ ပြည်သူ့ အခွန် နဲ့ ပြည်သူ့ ဝန်ဆောင်မှု စီမံကိန်းတွေကပဲ ဖြတ် (သို့) လျော့ချပြီး အကြွေးဆပ် ရပြန်တာပါပဲ။

ဗမာ ပြည်သူပြည်သား အခြေခံလူထု ဘဝက ဆိုခဲ့သလို အဘက်ဘက်က နစ်နာရတဲ့ ဖွတ်ကျောပြာစု ခရုအဆံကျွတ် ဘဝတွေပါပဲ။ ဒီလို “လူတစုတည်း ကောင်းဖို့ရောက်မှု အတွက် လူအများစု မှာ ပျက်လင့်ကာ” ဖြစ်နေတာဟာ “စစ်အာဏာရှင် + သူကြွယ် ခရိုနီ” ပေါင်းခဲ့တဲ့ ခေတ်ဖြစ်ဖြစ် ခု ဒီမိုကရေစီ အမည်ခံတဲ့ စစ်တပိုင်း အစိုးရ အသစ် ရဲ့ “စစ်အုပ်စု + နိုင်ငံရေး သမား (ဆိုသူ) + အရင်းရှင်ခရိုနီ” ပေါင်းစားတဲ့ ခေတ် ဖြစ်ဖြစ် အတူတူပါပဲ။

ဒီဆောင်းပါးမှာ အဓိက ဆွေးနွေးခဲ့တဲ့ “စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး” နည်းနာ၊ တနည်းအားဖြင့် “စီးပွားရေးလုင်ငန်း ကျင့်ဝတ်” နဲ့ လုပ်ငန်းစဉ် တွေကို နိုင်ငံတကာက လက်တွေ့ အဖြစ်အပျက် အနေနဲ့ ယေဘုယျ သဘော ကြည့်ပြန်ရင်လည်း နိုင်ငံပေါင်းစုံ စီးပွားကော်ပိုရေးရှင်းကြီးတွေ စီးပွားရှာကောင်းရုံ၊ စားသောက် ကောင်းရုံ၊ တရားဝင်ရုံ၊ လူကြားကောင်းရုံ အပေါ်ရံ ဟန်ပြ လုပ်ပြတဲ့ နှမ်းဖြူ၊ သကာရည်လောင်းတဲ့ “ဗန်းပြ” အလုပ် သက်သက်လိုလည်း ဖြစ်နေပါသေးတယ်။ ဒီလို တကယ့် အနှစ်မပါ အပေါ်ရံသဘောကို ဗမာပြည်က အခွင့်ထူးခံ ခရိုနီကြီးတွေက အတိအကျ ပုံတူ လိုက်ယူနေပြန်ပါတယ်။ ခုဆိုရင် ခရိုနီကြီးတိုင်းလိုလိုမှာ လူမှုရေးလုပ်ငန်း လုပ်တဲ့ ဖောင်ဒေးရှင်းကြီးတွေ ရှိပါတယ်။ သူတို့ ဘယ်လောက် တိုင်းပြည်၊ လူမျိုး နဲ့ ဘာသာ၊ သာသနာ အတွက် ကိုယ်ကျိုးမဖက် ကြိုးစားဆောင်ရွက် အလှူကြီးပေးနေကြောင်း သတင်းတွေကို မကြားချင်အဆုံး သူတို့ သြဇာခံ စာနယ်ဇင်း မီဒီယာ တွေကနေတဆင့် လူထုကို မှိုင်းတိုက်နေပါတယ်။ ဒါပေမယ့် ဒီလို သဘောမမှန်တဲ့ အလုပ်တွေဟာ “အကျိုးလိုလို့ ညောင်ရေလောင်း”၊ “ထောင်မြင်လို့ ရာစွန့်တာ” မျိုးထက် မပိုသလို တကယ့် လက်တွေ့လည်း လူထု အများစုအတွက် အကျိုးမရှိပါဘူး။

လူထု အများစု နဲ့ တိုင်းပြည် အတွက် ရေရှည် တကယ် အကျိုးများတဲ့ “စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး” နည်းနာ နဲ့ “စီးပွားရေးလုင်ငန်း ကျင့်ဝတ်” တွေ လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ရာအတွက် ကောင်းမွန်မျှတ၊ အဂတိကင်းတဲ့ အစိုးရအုပ်ချုပ်မှု၊ တရားတဲ့ ဥပဒေပြုမှု (မတရားတဲ့ ဥပဒေတွေ ဖျက်သိမ်းမှု)၊ တရားစီရင်မှု (မတရားသူတွေကို မတရားသလို စီရင်နိုင်မှု)၊ ခရိုနီ အရင်းရှင် နဲ့ စစ်အုပ်စု ဘက်က မရပ်တည်ဘဲ ကျောမွဲ ပြည်သူဘက်က မားမားမတ်မတ် ရပ်တည်ပေးတဲ့ နိုင်ငံရေး ပါတီ အဖွဲ့အစည်းနဲ့ တက်ကြွလှုပ်ရှားတွေ တည်ရှိမှု၊ တရားမျှတမှု ကိုလိုလား ဘက်မလိုက်တဲ့ စာနယ်ဇင်း နဲ့ သတင်း မီဒီယာ လုပ်ငန်း တည်ရှိမှု စတဲ့ တိုင်းပြည်ရဲ့ အဓိက မဏ္ဍိုင်ကြီးတွေ သမာသမတ်ကျဖို့ မရှိမဖြစ် လိုပါတယ်။ ဒါမှသာ တိုင်းပြည်ရဲ့ လူတန်းစား အားလုံး တပြေးညီ တိုးတက်ဖွံ့ဖြိုးလာနိုင်သလို တိုးတက်မှုကလည်း အနာဂတ် အထိ ရေရှည်ခံပြီး လူမှု၊ စီးပွား၊ သဘာဝ အားလုံး သမမျှတ စည်ပင်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

ခု ဗမာပြည်ဟာ ခေတ်စနစ် အနည်းငယ် ပြောင်းလာလို့ ခုမှ ခေတ်သစ် ကမ္ဘာ နဲ့ အရင်းရှင် စီးပွားပုံစံကို စတင် တကယ် မြည်းစမ်းရမှာပါ။ တခါတရံ အကြောင်းအရာ၊ ကိစ္စ နဲ့ အဖြစ်အပျက်တွေမှာ နောက်ကျရခြင်းဟာ ကောင်းချီးတပါး အကျိုးကျေးဇူးတခု ဖြစ်တတ်ပါတယ်။ ကိုယ်က နောက်ကျမှ စတင်ရတဲ့အတွက် ဖြစ်ခဲ့ပြီး ကမ္ဘာ့ရာဇဝင် က နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အမှားတွေကို သင်ခန်းစာယူနိုင်၊ ရှောင်ကြဉ်စရာတွေ ရှောင်ကြဉ် နိုင်ပါတယ်။ ခုအချိန်ထိတော့ လေ့လာသိမြင် သုံးသပ်ကြည့်ရသလောက် ဗမာပြည်ဟာ နောက်ကျရခြင်းကို အခွင့်အရေး အဖြစ် အသုံးမချနိုင်၊ အသုံးမချတတ်သေးပါဘူး။ ကမ္ဘာ့နိုင်ငံတွေမှာ မှားခဲ့ဖူးတဲ့ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် အမှားတွေကို တထပ်တည်း ကျူးလွန်နေဆဲဆိုတာ ခု မြင်တွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် နဲ့ လူအများစု အခြေခံပြည်သူလူထု ကို အလေးမထား၊ ဂရုမပြု ထည့်သွင်းမစဉ်းစားတဲ့ စီမံကိန်း ဖြစ်စဉ်တွေက သက်သေပြုနေပါတယ်။

ကျင့်ဝတ်ပိုင်း၊ ယဉ်ကျေးမှု ပိုင်း သက်သက် နဲ့ ဆိုရင်း နိဂုံးချုပ်ရရင်လည်း လူတွေ ကို ကျွန်ပြု အဓမ္မ ခိုင်းစေ စီးပွားလုပ်တာ၊ ပဒေသရာဇ် စနစ်အရ မြေတွေကို အာဏာပိုင် နဲ့ ဓန အင်အားကြီးသူကသာ သိမ်းပိုက်တာ၊ တတောလုံးပြုန်း၊ တတောင်လုံးကုန်အောင် သစ်ပင်တွေခုတ်တာ စတဲ့ အပြုအမူတွေဟာ (၁၈)ရာစု / (၁၉) ရာစု မှာ လူ့ကျင့်ဝတ် ပိုင်းဆိုင်ရာ အရ မေးခွန်းထုတ်ခြင်း ခံရကောင်းမှ ခံရနိုင်ပေမယ့် (၂၁) ရာစု ခေတ်သစ် ကမ္ဘာ မှာတော့ အကြီးအကျယ် မေးခွန်းထုတ်ခြင်း ခံရမှာ ဖြစ်သလို ရှုတ်ချ၊ ပြစ်တင်၊ ကန့်ကွက် ခံရပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ရေရှည် ရပ်တည်ဖို့ရာ အင်မတန် ခက်ခဲလာမှာ ဖြစ်ပါတယ်။ အနာဂတ်မှာ ဆိုရင် ကျင့်ဝတ်ပိုင်းက ပိုတောင် အရေးပါ သိသာ လာပါဦးမယ်။ ဒါကြောင့် စီးပွားလုပ်ငန်းတွေ ရေရှည် အကျိုးစီးပွား ဖြစ်ထွန်းချင်သလား..၊ နိုင်ငံတွေ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးချင်သလား.. ကျင့်ဝတ်သိက္ခာ နဲ့အညီ စီးပွား လုပ်ပါ..၊ စီမံကိန်းတွေ ဆောင်ရွက်ပါ..၊ ဒါ့အပြင် တခြားနည်း မရှိပါ။

အားလုံး ဆင်ခြင်၊ သုံးသပ်၊ တွေးခေါ်၊ မျှော်မြင် နိုင်ကြပါစေ..။

(မှတ်ချက် — ခေတ်သစ် ကမ္ဘာ့ စီးပွားရေး ပုံစံနှင့် အခွင့်ထူးခံ လူတန်းစားတွေရဲ့ အကြောင်းတွေကို တဆက်တည်း ခြုံငုံ စဉ်းစားဆင်ခြင်နိုင်ရန် စာရေးသူ ယခင်ဆွေးနွေးတင်ပြဖူးခဲ့သည့်  အောက်ပါ ဆက်စပ် မိုးမခဆောင်းပါးများကို ဆက်လက်ဖတ်ရှုပါ။)

 

 ၁။ “Globalization: ကမ္ဘာ့လုံးပတ်လည် စီးပွားလုပ်ဆောင်မှု”: http://moemaka.com/?p=22882

၂။ “လူထုအတွက် စီးပွားရေးစနစ်”: http://moemaka.com/?p=23992

၃။ “ထိလို့ မရသူများ” http://moemaka.com/?p=28546

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သတင်းဆောင်းပါး

One Response to စီပွားရေးလုပ်ငန်း၊ ကျင့်ဝတ်နှင့် ခေတ်သစ်ကမ္ဘာ (Business, Ethic and the Modern World)

  1. ရန်ကုန်သား on March 14, 2013 at 5:21 am

    အဓိကတော မြန်မာစစ်ဗိုလ်ချူပ်အာဏါရှင်တွေနင့် ပြည်တွင်းတရုတ်ခရိုနီနင့် ပြည်မတရုတ်ကြီးတို ချူပ်ဆိုကြတဲ့စာချူပ်တွေပါ။ဘယ်ပြည်သူလူထုအကျိုးစီးပွါးမှ မပါဘဲ လက်နက်ဝယ်ဖို ပိုက်ဆံ၇ဖို မိသားစု ၀မ်းဝဖိုအတွက်မျှသာ ဖြစ်ပါတယ်။ပြည်သူအရေးတော်ပုံ အောင်ပါစေ။အာဏါရှင်တွေ ခရိုနီတွေ ကျဆုံးပါစေ။

Western Union

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly ဒီဇင်ဘာလထုတ် ထွက်ပြန်ဘီ တဲ့ ...

မိုးမခမှာ ကြော်ငြာပါ …

မိုးမခမာတိကာစဉ်

Twitter: moemaka

%d bloggers like this:

မိုးမခကို အားပေးကြပါစို့ …

၁။ စာပေလောက (၂၊၅၊၆)(ပန်းဆိုးတန်း၊လှည်းတန်း၊ရန်ကင်း)

၂။အမေ့အိမ်(ပန်းဆိုးတန်း)

၃၊အာရုဏ်သစ်စာပေ(ဗိုလ်ချုပ်လမ်း)

၎။ အင်းဝစာအုပ်တိုက် (လှည်းတန်း၊ပန်းဆိုးတန်း)

၅။ဝါမိုးအောင်စာပေ(ကုန်သည်လမ်း)

၆။သာလွန်စာအုပ်တိုက်(ကုန်သည်လမ်း)

၇။တူဒေးစာအုပ်တိုက်(ကုန်သည်လမ်း)

၈။ရာပြည့်စာအုပ်တိုက်(ပန်းဆိုးတန်း)

၉။ရန်အောင်စာပေ(ရန်ကင်းလမ်းမကြီး၊၁၂လုံးတန်း)

၁၀။ဖိုးတုတ်စာပေ (၃၁ လမ်း)

၁၁။ မီဒီယာကော်နာ (အနော်ရထာလမ်း မီးပွိုင့်ထောင့်)

၁၂။နန်းဦးစာပေ (မဟာဗန္ဓုလလမ်း)

၁၃။ ကိုလတ် စာပေ---၃၁လမ်း

၁၄။ ပစ်တိုင်းထောင်စာပေ-- ဗိုလ်ချုပ်လမ်း

၁၅။ ပါရမီ စာပေ-- ၂၉ လမ်း

၁၆။ စာပေဟင်းလေးအိုးကြီး-- လမ်း၃၀

၁၇။ ကျော်သိန်းစာပေ--၃၂ လမ်း

၁၈။ စောဦးစာပေ-- ၃၁ လမ်း

၁၉ ။ ရာပြည့် စာပေ-- ပန်းဆိုးတန်း အထက်လမ်း

၂၀။ စာပေလောက (၅)--ပန်းဆိုးတန်း အလယ်လမ်းတို့တွင်

ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

တဆင့်ပြန်လည် ရောင်းချလိုသူများအနေဖြင့် နန်းဦးစာပေ (၀၁- ၃၇၈၄၀၈၊ ၀၁-၂၅၁၁၈၇ )သို့လည်းကောင်း ၊ရန်အောင်စာပေ (ရန်ကင်း)သို့လည်းကောင်း ဆက်သွယ်၍ ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မန္တလေး - နဂါးစာပေ၊ ထွန်းဦးစာပေ၊ ရာပြည့်စာပေ

အောင်ပန်း - လမင်းတရာ

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခလစဉ်မဂ္ဂဇင်း ဒီဇင်ဘာလထုတ် တကယ်ထွက်ပါပြီ

By

မိုးမခလစဉ်မဂ္ဂဇင်း ဒီဇင်ဘာလထုတ် တကယ်ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၁၄၊ ၂၀၁၄ ၂၀၁၄ ရဲ့...

Read more »

မိုးမခမဂ္ဂဇင်း နိုဝင်ဘာ ၂၀၁၄ ရန်ကုန်ထုတ် ထွက်ပါပြီ

By

မိုးမခမဂ္ဂဇင်း နိုဝင်ဘာ ၂၀၁၄ ရန်ကုန်ထုတ် ထွက်ပါပြီ မိုးမခစာအုပ်စင်၊ နိုဝင်ဘာ ၉ ၊ ၂၀၁၄ တလထက်တလ ပြည်တွင်း ပြည်ပက မြန်မာစာရေးဆရာတွေ...

Read more »

မိုးမခမဂ္ဂဇင်း အောက်တိုဘာလထုတ် ထွက်ပြီ၊ (အတွဲ၁၊ အမှတ် ၇၊ ၂၀၁၄)

By

မိုးမခမဂ္ဂဇင်း အောက်တိုဘာလထုတ် ထွက်ပြီ၊ (အတွဲ၁၊ အမှတ် ၇၊ ၂၀၁၄) မိုးမခ၊ အောက်တိုဘာ၊ ၄၊ ၂၀၁၄...

Read more »

မိုးမခ ထုတ်ခဲ့သမျှကို စာရင်းပြု ကြည့်ခြင်း

By

မိုးမခစာအုပ်စင်၊ စက်တင်ဘာ၊ ၂၄၊ ၂၀၁၄ မိုးမခမီဒီယာမှ ထုတ်ဝေခဲ့သော စာစု၊ မှတ်တမ်းများ (http://shop.moemaka.net...

Read more »

Recent Comments

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ