အခန်း ၆ – မတ်လတော်လှန်ရေး (၃) – Aung Din

March 14, 2013

အခန်း ၆ – မတ်လတော်လှန်ရေး  (၃)

အောင်ဒင်၊ မတ် ၁၄၊ ၂၀၁၃

(၆/ဃ) နီရဲသွားတဲ့ တံတားအဖြူ

မတ်လ ၁၅ရက်နေ့ ညနေပိုင်းမှာ ကျနော် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကို ရောက်ရှိခဲ့ပါတယ်၊ သူငယ်ချင်း တင်ထွန်းလဲပါပါတယ်၊ အင်းစိန်ဘူတာကနေ ရထားစီးပြီး သမိုင်းဘူတာမှာဆင်းပါတယ်၊ အဲဒီကမှ အငှါးကားစီးပြီး လှိုင်နယ်မြေကို ရောက်တာပါ၊ စာသင်ခန်းတွေထဲမှာ လူသိပ်မရှိလို့ ကျောင်းသားတွေစုံတတ်တဲ့ စားသောက်ဆိုင်တန်းကို ဦးတည်ရောက်ရှိပါတယ်၊ ကျနော်တို့နှစ်ယောက် ရောက်ရှိချိန်မှာ စားသောက်ဆိုင်တန်းမှာ လူစည်ကားနေဆဲပါ၊ စားသောက်ဆိုင်တန်းက စာသင်ဆောင် T-9   နဲ့ နီးပါတယ်၊ လက်ဘက်ရည်ဆိုင်၊အအေးဆိုင်၊ ထမင်းဆိုင်၊အသုတ်ဆိုင် စသဖြင့် ဆိုင်ပေါင်း ၁၀ ဆိုင်လောက်ရှိပါတယ်၊ တင်ထွန်းက ပါလာတဲ့ ကော်မီတီရဲ့ တောင်းဆိုချက်တွေနဲ့ ဦးဗိုလ်အေးရဲ့ ဝန်ခံချက်ကို အများဖတ်နိုင်အောင် ဆိုင်နံရံတွေမှာ လိုက်ကပ်ပါတယ်၊ 


ကျနော်က ဆိုင်တန်းရှည်ကြီးရဲ့ အပြင်ဘက် အလည်ခေါင်လောက်မှာ ရပ်ပြီး “ညီအကို၊ မောင်နှမများခင်ဗျား၊ ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေပါ၊” လို့ အားလုံးကြားနိုင်လောက်တဲ့ အသံနဲ့ အော်လိုက်တော့ အားလုံးရဲ့ မျက်လုံးတွေက ကျနော့်ဆီရောက်ရှိလာပါတယ်၊ ကျနော် ထပ်အော်ပါတယ်၊ အသံတွေလဲ တုန်လို့ပါ၊ 


“ညီအကို၊ မောင်နှမများခင်ဗျား၊ မတ်လ ၁၃ရက်နေ့က ကျနော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်မှာဖြစ်ခဲ့တဲ့ အစိုးရရဲ့ အကြမ်းဘက်မှုအကြောင်းရှင်းပြဖို့ ကျနော်တို့လာခဲ့ပါတယ်၊” အဲဒီလို အော်ပြီးတဲ့အချိန်မှာ ဆိုင်ထဲက စားသောက်နေတဲ့ ကျောင်းသားတွေ ဆိုင်ထဲကနေ ကမန်းကတန်း ထွက်ပြေးသွားကြပါလေရော၊


ကျနော်ဝမ်းနည်းမိပါတယ်၊ အစိုးရရဲ့ တစ်ဘက်သတ်ဝါဒဖြန့်မှုက အားကောင်းနေဆဲပဲဆိုတာ နားလည်လိုက်ရပါတယ်၊ ဒါပေမည့် ကျနော်တို့ စိတ်မလျှော့ပါ၊ ဘတ်စ်ကားမှတ်တိုင်နားက စားသောက်ဆိုင်ကို သွားရောက်ပြီး စည်းရုံးတော့ ကျနော်တို့ကို နားလည်မှုပေးတဲ့ ကျောင်းသားတချို့တွေ့ရပါတယ်၊ သူတို့အကူအညီနဲ့ပဲ ပါလာတဲ့ စာရွက်တွေကို စာသင်ခန်းတွေရဲ့ အပြင်ဘက်နံရံမှာ လိုက်ကပ်နေတုံး ကျောင်းသားတစ်ယောက်က သတိပေးပါတယ်၊ 


“ဟေ့လူတွေ၊ ပြေးကြတော့၊ ဟိုမှာ ဖမ်းမည့်လူတွေ လာနေပြီ” တဲ့၊ ကြည့်လိုက်တော့ ဆရာလို့ ယူဆရတဲ့ တိုက်ပုံဝတ်လူကြီးတွေရယ်၊ ဆရာရုပ်မပေါက်ပဲ လွယ်အိပ်လွယ်၊ ဦးထုပ်ဆောင်းထားတဲ့ လူတချို့ရယ်၊ ကျနော်တို့ဆီလာနေတာတွေ့ရပါတယ်၊ သူတို့လက်ထဲမှာလဲ ကျနော်တို့ ရှေ့မှာကပ်ခဲ့တဲ့ စာရွက်တွေ ဆုပ်ခွါသိမ်းဆည်းလာတာတွေ့ရပါတယ်၊


 ဒီလိုနဲ့ လှိုင်နယ်မြေရဲ့ စာသင်ဆောင်အကြိုအကြားကနေ ကျနော်တို့ ထွက်ပြေးရင်း သမိုင်းဝင်းထဲက စဥ့်ကူဆောင်ကို ရောက်ပါတယ်၊ စဥ့်ကူဆောင်ဟာလဲ စက်မှုတက္ကသိုလ်ကျောင်းသားများကို ထားတဲ့အဆောင်ပါ၊ အဲဒီအဆောင်က ကျောင်းသားတွေက အမှတ် ၄၅ ဘတ်စ်ကားကြီးကို စီးပြီး ကျောင်းဝင်းထဲလာ အတန်းတက်ရတာပါ၊ မတ်လ ၁၄ရက်ကထဲက ကျောင်းထဲလာလို့မရတော့လို့ အခြေအနေတွေအဆက်ပြတ်နေကြတာ ကျနော်တို့ရောက်လာမှပဲ အဖြစ်အပျက်အမှန်တွေကို သိကြရပြီး ဒေါသထွက်နာကျည်းကြပါတယ်၊ အဲဒီညက စဥ့်ကူဆောင်မှာပဲ သူငယ်ချင်းတစ်ယောက်ရဲ့အခန်းမှာ အိပ်လိုက်ပါတယ်၊ အိမ်မပြန်နိုင်တော့ပါ၊


မတ်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ကျနော်တို့ စဥ့်ကူဆောင်ကနေ လှိုင်နယ်မြေဝင်းထဲ ထပ်မံရောက်ရှိခဲ့ပါတယ်၊ ဒီတစ်ခါတော့ ကျနော်တို့ နှစ်ယောက်အပြင် စဥ့်ကူဆောင်က စက်မှုတက္ကသိုလ်ကျောင်းသား ၅ယောက်လဲ လိုက်ပါလာပါတယ်၊ အဆောင်မှူးရုံးခန်းထဲက စာကူးစက်နဲ့ ကော်မီတီကြေညာချက်နဲ့ မော်ကွန်းထိန်းရဲ့ ဝန်ခံချက်တွေကိုလဲ မိတ္တူတွေအများကြီးကူးလာပါသေးတယ်၊ ဒီတစ်ခါ လှိုင်နယ်မြေထဲရောက်တော့ အခြေအနေက အတော်ပြောင်းလဲနေပါပြီ၊ ကျနော်တို့က စာတွေလိုက်ကပ်ပါတယ်၊ ဖတ်တဲ့လူတွေ့ရင် ကိုယ်တိုင်ရှင်းပြပါတယ်၊ ကျောင်းသားတွေက ကျနော်တို့ရှင်းပြချက်ကို လက်ခံကြပါတယ်၊ သူတို့ကိုယ်တိုင်က အစိုးရရဲ့ ဝါဒဖြန့်ထုတ်ပြန်ချက်တွေကို အယုံအကြည်မရှိတော့ပါ၊


အစိုးရရဲ့ ထုတ်ပြန်ချက်တွေကလဲ ပိုပြီးဆိုးဝါးလာပါတယ်၊ မတ်လ ၁၅ရက်ညနေက ကျောင်းဝင်းထဲဝင်စီးနင်းပြီး ကျောင်းသားတွေကိုဖမ်းတာကို ရပ်ကွက်ပြည်သူများရဲ့ အကျိုးစီးပွါးကို ကာကွယ်ဖို့နဲ့ ကျောင်းပိုင်၊ အများပိုင်ပစ္စည်းများကို ကာကွယ်ဖို့ ပါမောက္ခချုပ်နဲ့ ပြည်သူများရဲ့ မေတ္တာရပ်ခံချက်အရ ကျောင်းသားဆိုးများကို ဖမ်းဆီးထိန်းသိမ်းလိုက်ရပါတယ်ဆိုပြီး ကြေညာပါတယ်၊ ဒီတစ်ခါတော့ ဘယ်သူကမှ မယုံကြတော့ပါ၊ 


အနောက်ကြို့ကုန်းရပ်ကွက်ထဲက ပြည်သူတွေကအစ ကျောင်းသားများနဲ့ သူတို့ရပ်ကွက်လူငယ်တွေ ရန်ဖြစ်တာကို ဝမ်းနည်းကြောင်း၊ တကယ်တော့ ဒီရပ်ကွက်ကြီးနဲ့ ကျောင်းသားများဟာ အပြန်အလှန်အမှီပြုနေကြတာဖြစ်ကြောင်းနဲ့ ကိုဘုန်းမော်သေဆုံးရခြင်းဟာ အရပ်သားများကြောင့်မဟုတ်ကြောင်း ရှင်းပြနေကြပါပြီ၊ တစ်ခါ ကိုဘုန်းမော်ရဲ့ မိသားစုကို အစိုးရက အနှောက်အယှက်ပေးနေတာကိုလဲ လူထုနဲ့ ကျောင်းသားတွေ သိနေကြပါပြီ၊


ကိုဘုန်းမော်သေဆုံးကြောင်းကို အစိုးရက မိသားစုကို အကြောင်းမကြားပါ၊ သူ့မိသားစုက မတ်လ ၁၄ရက်နေ့၊ နေ့လည် တစ်နာရီ ရေဒီယိုသတင်းကြေညာချက်မှာပါတော့မှ ကြားသိရတာပါ၊ ကိုဘုန်းမော်ရဲ့ အမကြီး မမာမာအိက သတင်းကြားကြားချင်း ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဋ္ဌာနကို သွားရောက်စုံစမ်းပါတယ်၊ အဲဒီက ဆရာဝန်တွေက ကိုဘုန်းမော်သေဆုံးရတာဟာ သေနတ်ဒဏ်ရာကြောင့်ဖြစ်ကြောင်း မမာမာအိကို ပြောပြလိုက်ပါတယ်၊ ကိုဘုန်းမော်ဟာ ဆေးရုံကို မရောက်ခင်ကထဲက ကွယ်လွန်ပြီးဖြစ်ကြောင်းလဲ သိရပါတယ်၊ အဲဒီနောက် သူ့ကို သူ့မောင်ရဲ့ အလောင်းကို ကြည့်ခွင့်မပေးပဲ ရဲအရာရှိများက ၄၇လမ်းက  ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးကို ခေါ်သွားပြီး တရားခံတစ်ယောက်လို စစ်ဆေးမေးမြန်းပါတယ်၊ မမာမာအိ အိမ်ပြန်ရောက်တဲ့အချိန်မှာ အိမ်ရှေ့မှာ အသုဘအခန်းအနားအတွက် မဏ္ဏပ်ထိုးထားပါတယ်၊ ရပ်ကွက်က ပြည်သူတွေက ဝိုင်းကူညီကြတာပါ၊ မိသားစုအနေနဲ့ ကိုဘုန်းမော်ရဲ့ အလောင်းကို အစိုးရက မိသားစုထံပြန်ပေးလိမ့်မယ်၊ သူတို့အနေနဲ့ မမျှော်လင့်ပဲ လမ်းခွဲသွားတဲ့ သူတို့ရဲ့ ရင်သွေး၊ အကို၊ မောင်လေးကို အနည်းဆုံး သင့်တင့်လျောက်ပတ်စွာ အသုဘချခွင့်တော့ရလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ၊ ဒါပေမည့် သူတို့မျှော်လင့်သလို ဖြစ်မလာပါ၊


မမာမာအိကို ရပ်ကွက်ကောင်စီရုံးက ဆင့်ခေါ်ပါတယ်၊ ကောင်စီဥက္ကဋ္ဌက အထက်ကညွှန်ကြားချက်အရဆိုပြီး အိမ်မှာ ဧည့်သည်များများလက်မခံဘို့၊ ကျယ်ကျယ်လောင်လောင်ငိုကျွေးတာမလုပ်ဖို့၊ ရက်လည်ဆွမ်းကျွေးကိုလဲ အကျဉ်းရုံးပြီးလုပ်ဖို့ ပြောပါတယ်၊ ရပ်ကွက်ပါတ်ဝန်းကျင်ကိုလဲ စစ်တပ်က သုံးရက်တိုင် ပိတ်ဆို့ထားပါတယ်၊ ထောက်လှမ်းရေးများက ကိုဘုန်းမော်အိမ်ရှေ့မှာ စောင့်ပြီး အိမ်ကိုလာပြီး သတင်းမေးသူ၊ အားပေးသူတွေကို ဓာတ်ပုံရိုက်ပါတယ်၊အဲဒီအချိန်မှာ စစ်ထောက်လှမ်းရေးတွေကလဲ ရပ်ကွက်ထဲကလူတွေကို ကိုဘုန်းမော်အကြောင်း စုံစမ်းမေးမြန်းပါတယ်၊ ကိုဘုန်းမော်ကို ကျောင်းသားဆိုးတစ်ယောက်အဖြစ်တံဆိပ်တတ်ချင်လို့ပါ၊ ဒါပေမည့် ကိုဘုန်းမော်ရဲ့ ကောင်းသတင်းတွေပဲ ကြားရတော့ ထောက်လှမ်းရေးတွေ စိတ်ဆိုးကြပါတယ်၊


အဲဒီလို အာဏာပိုင်တွေက ကိုဘုန်းမော်ကို သတ်ပစ်တဲ့အပြင် ကိုဘုန်းမော်မိသားစုကို အနှောက်အယှက်ပေးနေတဲ့ သတင်းတွေ၊ စက်မှုတက္ကသိုလ်ကို ဝင်ရောက်စီးနင်းပြီး ကျောင်းသား ခြောက်ရာကျော်ကို ဖမ်းဆီးလိုက်တဲ့ သတင်းတွေကို ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်များက ကျောင်းသားတွေ သိရှိလာတဲ့အခါမှာ အစိုးရရဲ့ မတရားမှုကို အံတုဖို့၊ စက်မှုတက္ကသိုလ်ကျောင်းသားများကို ထောက်ခံအားပေးဖို့ စည်းရုံးလှုံ့ဆော်မှုတွေ ရန်ကုန်တက္ကသိုလ် (ပင်မ) အပါအဝင် ကျောင်းအတော်များများမှာ မတ်လ ၁၅ရက်က စလို့ ဖြစ်ပေါ်ခဲ့တာပါ၊ မတ်လ ၁၆ရက်မှာတော့ အဲဒီနိုးကြားမှုက ပိုပြီးအရှိန်ရလာပါတယ်၊


နေ့လည်ပိုင်းလောက်မှာပဲ သတင်းတစ်ခုကြားရပါတယ်၊ ရန်ကုန်တက္ကသိုလ် (ပင်မ) ကကျောင်းသားတွေဟာ ခွပ်ဒေါင်းအလံကို ကိုင်ဆွဲပြီး ရန်ကုန်စက်မှုတက္ကသိုလ်ကို ပြည်လမ်းမကြီးအတိုင်း ချီတက်လာကြပြီ ဆိုတဲ့သတင်းပါ၊ လှိုင်နယ်မြေတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်၊ ဘယ်သူမှ စာသင်ခန်းထဲမှာ မရှိကြတော့ပါ၊ 


လှိုင်နယ်မြေက ရန်ကုန်တက္ကသိုလ် (ပင်မ) နဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ အကြားမှာတည်ရှိတာပါ၊ ဒါဆို ဒီချီတက်ပွဲမှာ လှိုင်နယ်မြေက ကျောင်းသားတွေလဲ ပါဝင်ကြမှာပေါ့၊ စည်းရုံးကြ၊ စောင့်ဆိုင်းကြ၊ အစိုးရိမ်လွန်ပြီး ပြန်သူပြန်ကြဖြစ်နေချိန်မှာ ပြည်လမ်းပေါ်၊ အင်းလျားကန်ရှေ့၊ တံတားဖြူမှတ်တိုင်နားမှာ စစ်တပ်က လမ်းပိတ်လိုက်လို့ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းသားတွေ ဆက်လက်မချီတက်နိုင်ပဲ ပိတ်မိနေတယ် ဆိုတဲ့ သတင်းထပ်မံရရှိပါတယ်၊ 


ကျနော်တို့လဲ ရန်ကုန်တက္ကသိုလ် (ပင်မ) ကကျောင်းသားတွေ ရှေ့ဆက်မလာနိုင်ရင် လှိုင်နယ်မြေက ကျောင်းသားတွေက သွားရောက်ပူးပေါင်းကြမယ်လို့ လှုံ့ဆော်ပြီး စည်းရုံးလို့ရသမျှ ကျောင်းသားအုပ်ကြီးနဲ့ ကျောင်းဝင်းထဲက ထွက်ပြီး ပြည်လမ်းပေါ်တက်ဖို့ ကြိုးစားရာမှာ စစ်တပ်က ပြည်လမ်းပေါ်ကနေ ပိတ်ဆို့ထားလိုက်ပြန်ပါတယ်၊

ရှေ့ဆက်သွားလို့မရတာမို့ လှိုင်နယ်မြေ ကျောင်းဝင်းထဲပြန်ဝင်လာကြပြီး တဖြေးဖြေးနဲ့ လူစုကွဲသွားကြပြန်ပါတယ်၊ 


အဲဒီနောက်မှာတော့ လုံထိန်းရဲအဖွဲ့ဝင်များရဲ့ အကြမ်းဘက်မှုကြောင့် အင်းလျားကန်ဘောင်နဲ့ ပြည်လမ်းမကြီးပေါ်မှာ ကျောင်းသားတွေ သွေးမြေကျခဲ့ကြောင်း အင်မတန်ခြောက်ချားတုန်လှုပ်စရာကောင်းတဲ့ သတင်းဆိုးကြီးကိုကြားရပါတယ်၊ တံတားဖြူလို့ခေါ်ဝေါ်ကြတဲ့ ကျနော်တို့အမြတ်တနိုးတန်ဘိုးထားရာ အင်းလျားကန်ဘောင်ပေါ်က အဖြူရောင်တံတားကလေးဟာ ရန်ကုန်တက္ကသိုလ် (ပင်မ) ကကျောင်းသားတွေရဲ့ သွေးတွေနဲ့ အနီရောင်ဖြစ်ခဲ့ရပါတယ်၊ ဒီဖြစ်စဉ်မှာ ကျနော်ကိုယ်တိုင်ကိုယ်ကျ မပါဝင်ခဲ့တဲ့အတွက် အသေးစိတ်မဖော်ပြနိုင်ပါ၊


(၆/င) ကြေကွဲရသော မတ်လနေ့ရက်များ


မတ်လရဲ့ ကြေကွဲစရာများက ၁၆ ရက်နေ့မှာတင်ပြီးဆုံးမသွားပဲ ဆက်ပြီးဖြစ်ပေါ်ခဲ့ပါတယ်၊ အာဏာပိုင်များက ကိုဘုန်းမော်ရဲ့ မိသားစုကို အလောင်းကို မတ်လ ၁၇ ရက်နေ့မှာ ကြံတောသုဿန်မှာ မိသားစု၊ မိတ်ဆွေများ စုံစုံလင်လင်နဲ့ သဂြိုင်္လ်နိုင်ဖို့ အချိန်မီပြန်ပေးမယ်လို့ ကတိပေးခဲ့ပေမည့် ကတိမတည်ခဲ့ပါ၊ ရန်ကုန်တက္ကသိုလ် (ပင်မ) က ကျောင်းသားတွေကို အင်းလျားကန်ဘောင်နဲ့ ပြည်လမ်းပေါ်မှာ လုံထိန်းရဲတွေက အကြမ်းဘက်ရက်စက်တဲ့နေ့၊ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)က ကျောင်းသားတွေ ကျောင်းဝင်းထဲပိတ်မိနေတဲ့နေ့၊ မတ်လ ၁၆ရက် မနက် ၈နာရီခွဲမှာ အာဏာပိုင်တွေက ကိုဘုန်းမော်ရဲ့ ရုပ်အလောင်းကို တာမွေသုဿန်မှာ မိသားစုဆန္ဒမပါပဲ မီးသဂြိုင်္လ်လိုက်ပါတယ်၊ မိသားစုကို ကိုဘုန်းမော်ရဲ့ အရိုးပြာတောင်မှ ပြန်မပေးပါ၊


မတ်လ ၁၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် (ပင်မ)အပါအဝင် ကျောင်းတွေအားလုံးကို အစိုးရကပိတ်လိုက်ပါတယ်၊ ဒါပေမည့် ရန်ကုန်တက္ကသိုလ် (ပင်မ)ဝင်းထဲမှာ ကျောင်းသားတွေ စုဝေးပြီး အစိုးရဆန့်ကျင်ရေးဟောပြောပွဲတွေ၊ ကျောင်းဝင်းအတွင်းစီတန်းလမ်းလျှောက်ပွဲတွေလုပ်ကြပါတယ်၊ အစိုးရတပ်ဖွဲ့တွေက ကျောင်းဝင်းအတွင်း ဝင်ရောက်စီးနင်းပြီး ကျောင်းသားငါးရာကျော်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်၊ 


အဲဒီနေ့မှာပဲ အစိုးရက မတ်လ ၁၃ ရက်၊ စက်မှုတက္ကသိုလ်မှာ ဖြစ်ပွါးတဲ့ အရေးအခင်းအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကြောင်း နိုင်ငံတော်ကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၄၅/၈၈ နဲ့ ထုတ်ပြန်ကြေငြာပါတယ်၊ အဲဒီကော်မရှင်က အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပြီး အစိုးရထံ ဧပြီလ ၁၇ ရက်နေ့နောက်ဆုံးထား အစီရင်ခံတင်ပြရမယ်လို့ ဆိုပါတယ်၊ ဒါပေမည့် ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) ကကျောင်းသားများအပေါ် အစိုးရ လုံထိန်းရဲများရဲ့ အကြမ်းဘက်သတ်ဖြတ်မှုတွေအကြောင်းဟာ လူထုကြားထဲ ပြန့်နှံ့သွားခဲ့ပါပြီ၊


မတ်လ ၁၈ရက်နေ့မှာ ရန်ကုန်မြို့လယ် လူစည်ကားရာနေရာတွေမှာ ပြည်သူလူထုရဲ့ အစိုးရဆန့်ကျင်ရေး အုံကြွမှုတွေ ဖြစ်ခဲ့ပါတယ်၊ ဒေါသပေါက်ကွဲနေတဲ့ ပြည်သူတွေက အစိုးရအဆောက်အအုံတွေ၊ အစိုးရပိုင်ကားတွေ၊ မီးပွိုင့်တွေကို ဖျက်ဆီးပြီး သူတို့ရဲ့ မကျေနပ်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်၊ လုံထိန်းရဲတွေရဲ့ အကြမ်းဘက်ဖြိုခွဲမှုကြောင့် ပြည်သူအများ ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ခြောက်ရာကျော် ဖမ်းဆီးထိန်းသိမ်းခံရပါတယ်၊ အဲဒီအထဲက လူ ၇၀ ကျော်ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးရှိရာ ၄၇ လမ်းကနေ အင်းစိန်ထောင်ကိုပို့ရာမှာ အချုပ်ကားတစ်စင်းထဲ ကြပ်သိပ်နေအောင်တွန်းထည့်ပြီးပို့လို့ အင်းစိန်ထောင်ရောက်ချိန်မှာ လူပေါင်း ၄၀ကျော်အသက်ရှူကြပ်ပြီး သေဆုံးခဲ့ရပါတယ်၊


အဲဒီအချိန်မှာ ရန်ကုန်ဆေးရုံကြီး၊ မြေအောက်ထပ်က Guard Ward လို့ခေါ်တဲ့ အကျဉ်းသားများဆေးကုဆောင်မှာ စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးနိုင် နဲ့ ကိုမြင့်ဦးတို့ဟာ ဒဏ်ရာအပြင်းအထန်ရနေတဲ့ကြားက တရားခံများလိုပဲ အာဏာပိုင်တွေက သူတို့ရဲ့ ခြေထောက်ကို လူနာကုတင်နဲ့ တွဲပြီး သံကြိုးနဲ့ ချည်နှောင်ထားပါတယ်၊ ရဲအစောင့်တွေချထားပြီး မိသားစုနဲ့ တွေ့ခွင့်မပေးပါ၊ ဆရာဝန်များက လူနာများကို ချည်နှောင်ထားတဲ့ သံကြိုးများကို ဖြုတ်ပေးဖို့ တောင်းဆိုပေမည့် အာဏာပိုင်များက ခွင့်မပြုတဲ့အပြင် ဆရာဝန်နဲ့ သူနာပြုများကိုလဲ တစ်နေ့ နှစ်ကြိမ်သာ လူနာနဲ့ တွေ့ခွင့်ပေးပါတယ်၊ဒီလိုနဲ့ ဒဏ်ရာအပြင်းအထန်ခံစားပြီး ၅၂ရက်အကြာ မေလ ၅ရက်နေ့မှာ ကိုစိုးနိုင် ကွယ်လွန်ပါတယ်၊ ကိုမြင့်ဦးကတော့ ၆လလောက် ဆေးကုရပြီး စက်တင်ဘာလဆန်းမှာ ပြန်လည်လွတ်မြောက်လာပါတယ်၊


(အောင်ဒင် ရဲ့ ရေးသားနေဆဲ “လူတယောက်ရဲ့ ဘ၀တခြမ်း မှတ်တမ်းတချို့ ”(မှတ်စုစာအုပ်) ထဲကနေ ခွင့်ပြုချက်တောင်းပြီး မတ်လ ၁၃၊ အရေးအခင်းမှတ်တမ်းကို မိုးမခမှာ ကောက်နုတ်ဖော်ပြပါတယ်။ သူ့ရဲ့ ကဏ္ဍ (၆) သည်မှာ ဆုံးပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, အောင်ဒင်, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်