မာမာအေးချစ်သူ

March 19, 2013

ငြိမ်းအေး
မတ်လ ၁၉၊ ၂၀၁၃

ယခုတလော ကျွန်တော့်ခေါင်းထဲ၌ ရေးစရာများ ပြည့်နှက်လာပြန်ပါချေ၏။ သို့အတွက် ရေးလက်စ အစိမ်းရောင် စင်ကာပူအကြောင်း ခဏထားလျှက် ရင်ထဲ၌ ကျလိကျလိဖြစ်နေသည်များကို ဖွင့်အံချရပါသည်။ သို့မဟုတ်ပါက ရင်ထဲ၌ ခိုးလိုးခုလု ဖြစ်နေသောကြောင့် ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါ။

 

တစ်နေ့သ၌ ဦးသန်းဝင်းက သူ့သား၏စာရွက်စာတမ်းများကို မွှေနှောက်ရှာဖွေရင်းမှ မာမာအေးတေးဆိုပွဲ ကြော်ငြာကို အမှတ်မထင်တွေ့ရသည်၊ သွားမလားဟု အဖော်စပ်လာလေရာ သီချင်းတစ်ရက်နားမထောင်ရလျှင် အသက်တစ်ရက်တိုတတ် သည့် ကျွန်ုပ်မှာ ၀မ်းသာအားရ သဘောတူလိုက်လေ၏။

 

 

ပွဲကျင်းပမည့်ရုံကို ယခင်ကရောက်ဖူးသော်လည်း သေချာစေရန် သွားခါနီး အင်တာနက်၌ ထပ်ရှာ၏။ ကြော်ငြာ စာရွက်တွင်ရေးထားသည့်အတိုင်း Areta Ayer Theatre ကိုရှာရာ ဘယ်လိုမှရှာလို့မရ။ အင်း၊ တစ်ခုခုတော့လွဲနေပြီဟု မြေပုံမှ Outram Park MRT အနီးလိုက်ရှာမှ Kreta Ayer Theatre ဖြစ်နေလေ၏။ နောက်လက်မှတ်ကို ပြူးပြဲပြီးထပ်ရှာမှ ပုံများနှင့် ရှုပ်ရှက်ခပ်နေသော အထဲတွင် တည်နေရာစာလုံးကို မှုန်ဝါးဝါးမြင်ရလေသည်။ ကျွန်ုပ်ကဲ့သို့ အတော်နမော်နမဲ့နိုင်သူများပါ ပေတကား။

 

သို့နှင့် မနေ့က (မတ်လ ၃ ရက်၊ ၂၀၁၃) “ပြည်သူချစ်သော မြန်မာ့ဂန္တ၀င်ဂီတမိခင်ကြီး ဒေါ်မာမာအေး၊ ဂုဏ်ပြု အမှတ်တရ ဂီတပဒေသာ” ပွဲကြီးသို့ သွားရောက်ခဲ့လေ၏။

 

 

ကောင်းခန်းလေးတွေ လက်လွတ်သွားမှာစိုးသောကြောင့် အိမ်မှစောထွက်ကာ ပွဲရုံသို့ သုံးနာရီမတ်တင်းတွင် ရောက်ပါသော်ငြား အစဉ်အလာကို ချိုးဖောက်လိုက်လျှင် မြန်မာ့ဂုဏ်ကို ထိခိုက်သွားမည်စိုးသောကြောင့် ၃ နာရီ စရမည့်ပွဲကို ၃ နာရီခွဲမှ စလေ၏။ ထို့ကြောင့်လည်း ၈ နာရီပြီးရမည့်ပွဲကို ၉ နာရီတီးခါနီးမှ ပြီးလေသည်။

 

 

အသက် ၇၀ ရှိပြီဖြစ်သော တချိန်က လျှမ်းလျှမ်းတောက်ခဲ့သည့် အဆိုတော်ကြီးမှာ ရုပ်ပင် အတော်တင်သေးသော် လည်း နှလုံးခွဲစိတ်ကုသမှုခံထားရသောကြောင့် သိပ်မအော်နိုင်ရှာတော့ပါ။ ငယ်ငယ်ကအသံအတိုင်းပင် မဟုတ်သော်ငြား မူရင်းဟန်မပျက်သဖြင့် အတော်နားထောင်လို့ကောင်းပါသေးသည်။ ကျွန်တော်အလွန်ကြိုက်လှသည့် မြန်မာပြည်မှ အဆိုတော်ကြီးများကို မြန်မာနိုင်ငံသားတစ်ဦးက ယခုမှ ကုသိုလ်ကံထူးစွာ တိုင်းတစ်ပါးတွင် လာရောက်တွေ့ဆုံ၊ နားထောင် ခွင့်ရသည့်အတွက် အတော်ကျေနပ်မိသလို စီစဉ်သူများအားလည်း အထူးကျေးဇူးတင်မိပါ၏။

 

သို့သော်လည်းပေါ့လေ။ မြန်မာပေကပဲ၊ ဘယ်တော့ အကျင့်ဖျောက်ပါ့မလဲနော့။ ဘယ်နိုင်ငံရောက်ရောက် ကိုယ့်အစဉ်အလာကို ထိန်းထားပါ၏။


ဘာရေးရမလဲဟု စူးစမ်းနေသောမျက်လုံးများက ပထမဆုံးသတိပြုမိသည်မှာ ဇာတ်စင်ထောင့်မှ အုန်းပွဲ၊ ငှက်ပျောပွဲဖြစ်ပါ၏။ ကျွန်တော့်တစ်သက်တွင်တော့ တစ်ခါမှ ပွဲမပေးဖူး၊ ပွဲမထိုးဖူးပါ။ ထို့ကြောင့်လည်း ဤပွှဲမှာ ဘာပွဲဖြစ်သည် ကို မသိပါ။ ပွဲတင်ရန် လိုမလိုလည်း မသိပါ။ ပွဲမတင်လျှင် ဘာဖြစ်တတ်ပါသနည်း။ ထိုအရာများမှာ ကျွန်တော် လက်လှမ်း မမီသော၊ ဉာဏ်မမီသော အရာများဖြစ်ပါသည်။ သို့သော် ပွဲတင်သူများကိုယ်တိုင်ရော ကျကျနန သိပါသလား။ ကျွန်တော်မသိပါ။

 

ခဏနေတော့ ခပ်လန်းလန်းကောင်လေးနှင့် ကောင်မလေးတစ်ယောက် တက်လာကာ အစီအစဉ်များ ကြေငြာပါ သည်။ သူတို့ကြေငြာသည့်အထဲ၌ သီချင်းဆိုနေစဉ် အတူဓါတ်ပုံတွဲရိုက်ခြင်းမျိုးကဲ့သို့ အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူ များကို မပြုလုပ်ကြပါရန် တောင်းပန်ပါသည် ဆိုတာလည်းပါ၏။ အဲလေ၊ နိုင်ငံခြားမှာ အနေကြာတော့ မြန်မာလို အသုံးအနှုံး တွေ မေ့လျော့ကုန်တာ ဖြစ်ပါလိမ့်မည်။

 

 

တောင်းပန်တယ်ဆိုတာ (မဟုတ်တာလုပ်မိမှ) မဟုတ်တာ အလုပ်ခံရသူကို မဟုတ်တာလုပ်သည့်သူက တောင်းပန်ရ တာ မဟုတ်ပါလား။ လတ်လတ်ဆတ်ဆတ် ဥပမာလေးပေးရလျှင် “ကြွေးဆပ်နိုင်ဘို့ ထမင်းတစ်နပ်လျှော့စားပါ” လို့ ပြောမိမှ ပြောသူက တောင်သူဦးကြီးများကို ကွမ်းပွဲ၊ လဖက်ပွဲများနှင့် တောင်းပန်ရတာမျိုးဖြစ်၏။

 

ယခု မလုပ်ပါနှင့် ဆိုတာကိုမူ “မေတ္တာရပ်ခံပါသည်” ဟု ပြောရမှာ ဖြစ်ပါသည်။ ထားပါတော့၊ သူတို့က ကလေးတွေမို့ ခွင့်လွှတ်နိုင်ပါသည်။ ခွင့်မလွှတ်နိုင်သည်မှာ အလိုက်ကန်းဆိုးမသိသည့် လူကြီးများ ဖြစ်ပါ၏။

 

မပြောဘဲလဲ သိတတ်ရမည်ပ။ ဒါ သည် စင်ကာပူတွင်မှ မဟုတ်ပါ။ မြန်မာပြည်တွင်လည်း သည်အတိုင်း ဖြစ်ပါသည်။ သည်စတိုင်ကို ဘယ်သူစထွင်သည်မသိ။ လူအများလက်ခံကျင့်သုံးနေကြသော စတိုင်ဖြစ်ပါသည်။ အခြားမဟုတ်ပါ။ သီချင်း ဆိုနေတုံး ပန်းစည်းတက်ပေးတာ ဖြစ်ပါသည်။ လူ ၁၀၀ လျှင် ၉၉ ယောက် (ဟုတ်ပေါင်) လူ ၁၀၀၀ လျှင် ၉၉၉ ယောက် လက်ခံနေသည့် အပြုအမူတစ်ရပ် ဖြစ်၏။ လက်မခံသော ကျန်သည့်တစ်ယောက်မှာ လူ့ခွစာ ကျွန်တော်ဖြစ်ပါသည်။

 

စေတနာတွေပေါက်လို့ ငွေသားဆုချင်သလား။ အစီအစဉ်ကြေငြာသူအား သွားပေးလိုက်ရုံဖြစ်ပါသည်။ သီချင်း ဆုံးလျှင် မကလျာနုနုထွတ် က ဒေါ်မာမာအေးကို စင်ကာပူဒေါ်လာ ၁၀၀ ချီးမြင့်သွားပါတယ်ရှမ် ဟု ကြေငြာပေးပါလိမ့်မည်။ ခုနကတဲက ဒါတွေမလုပ်ပါနှင့် လို့ ကြိုတင်ကြေငြာထားတာ မဟုတ်ပါလား။ ဒါဖြင့် ဒီကြေငြာတာကို လူကြီးမင်းတို့၊ ဒေါ်ကြီးမင်း တို့ နားလျှံသွားတာလား။ အိုကွာ၊ ငါပေးချင်လို့ပေးတာ ဘယ်သူ့ သောက်ဂရုစိုက်ရမလဲ ဟု သဘောထားသည်လား။ ဒါတော့ ကာယကံရှင်ကိုယ်တိုင်များမှ သိပါလိမ့်မည်။

 

ပေးတာကလည်း တစ်ယောက်တလေ မဟုတ်ပါ။ ဒစ်စကောင့်ပေးသည့်ဆိုင်တွင် စင်ကာပူနိုင်ငံသားများ တန်းစီနေ သည့်နှယ် သူ့ထက်ငါ အပြိုင်အဆိုင်ဖြစ်ပါ၏။ ပထမတစ်ယောက်က စ တက်ပေးသည်။ နောက်တစ်ယောက်က လှေခါးရင်း၌ ရပ်စောင့်နေသည်။ နောက်တစ်ယောက်တက်သွားတော့ မိသားစုသုံးယောက်လောက် လှေခါးရင်း ရောက်လာသည်။ ထိုမိသားစုတက်သွားပြန်တော့ ပုဝါကိုင်လာသော စုံတွဲတစ်တွဲ နေရာယူလာ၏။

 

ကြာတော့ အဖွားကြီးမှာ ပန်းစီးများမကိုင်နိုင်တော့သဖြင့် သီချင်းဆိုရင်းတန်းလန်း ဆိုင်းဝိုင်းနောက်က ခုံပေါ် သွားတင်ရ၏။ သည်ကြားထဲ ပုဝါလာခြုံပေးသူကလည်း ခြုံပေးလေသေးရာ လျှောလျှောကျနေသော သူ့ပုဝါကို ဆွဲ-ဆွဲတင် နေရတာကလည်း တစ်ဒုက္ခ ဖြစ်ချေ၏။

 

ခင်ညွန့်ရီမှာမူ တက်လိုက်ဆင်းလိုက်နှင့် တစ်ယောက်ပြီးတစ်ယောက် ပန်းစီးကမ်းနေသူများကြောင့် သီချင်းစာသား များ မေ့ကုန်သဖြင့် သီချင်းစာရွက်သွားယူရလေသည်။

 

ဟိုက သူ့ဖီလင်နှင့်သူ မုဒ်အပြည့်ဖြင့် မောင့်အချစ်မြား စူးနေချိန်တွင် အလိုက်ကမ်းဆိုးမသိလှသော ကောင်မလေး တစ်ယောက်က ဘေးနားတွင်ပန်းစီးပေးရန် ရပ်စောင့်နေလေ၏။ နောက်တစ်ယောက်ကျတော့ ရပ်စောင့်နေရမှာ ရှက်လှသည်ထင့်။ ရင်ခွင်ထဲသို့ အတင်းထိုးထည့် သွားလေတော့၏။ သြော်၊ ငါ့နှယ်၊ ဖြစ်မှဖြစ်ရလေ။

 

နောက်ပိုင်းကျတော့ ပန်းစီးပေးရုံတင် မကတော့။ ပါးကို ဖက်နမ်းသူများ၊ သီချင်းဆိုနေသည်ကို ဖက်ကာ ဓါတ်ပုံ အရိုက်ခံသူများ၊ မိသားစုလိုက်တက်လာကာ ဘေးဘယ်ညာခြံရံလျှက် ဓါတ်ပုံရိုက်သူများနှင့် ဇာတ်စင်မှာ ဗွက်ပေါက် နေပါသည်။ သည်မြင်ကွင်းများကိုကြည့်လျှက် ကျွန်တော့်မှာ အတော်မသက်မသာ ခံစားမိပါသည်။ သို့သော် သည်လိုခံစားရသူ မှာလည်း ဤရုံထဲရှိ လူ ၁၀၀၀ ကျော်အနက် ကျွန်တော်တစ်ယောက်ထဲသာ ဖြစ်ပါလိမ့်မည်။

 

အို – မြတ်စွာဘုရား။ အလွန်အားနာတတ်ပါသည်ဆိုသည့် ကျွန်ုပ်တို့မြန်မာများ အလိုက်ကမ်းဆိုးမသိသည်မှာ ဆိုးရွား လှပေစွ။ (သည်လိုပြောပြန်လျှင် ငါတို့က စစ်အစိုးရလုပ်ခဲ့လို့ Sociology ကို မသင်ခဲ့ရဘူး ဟု မဆီမဆိုင်၊ လက်ပံသား၊ ဒါးနှင့်ချိုင်ပေဦးမည်။)

 

သည်လိုလုပ်နေတာ လူရွယ်တွေတင် မဟုတ်ပါ။ ခုမှ လမ်းလျှောက်တတ်ကာစ ကလေးများမှစ၍ အသက် ၆၀ – ၇၀ အရွယ်ထိ အရွယ်စုံ ဖြစ်ပါသည်။ ကလေးများကို မင်းတို့ကြီးလာရင် ဒါမျိုးလုပ်ရတယ်ဟု သင်ပေးနေတာ ဖြစ်ပါလိမ့်မည်။ ဤအထဲတွင် ကျွန်တော့် မိတ်ဆွေအတော်များများ ပါပါသည်။ ပညာတတ်၊ ရာထူးကြီးကြီးနှင့် သူများလည်း မနည်းလှပါ။ သူတို့သည်လည်း မြန်မာများပင်ဖြစ်ပေရာ သည်ပုပ်ထဲက၊ သည်ပဲ ဟုပင် ယူဆရပါသည်။

 

ဤသည်မှာလည်း ကျွန်တော့်အပြစ်ပင် ဖြစ်ပါသည်။ ကျွန်တော့်ကိုယ်နှိုက်က သူများတွေးသလိုတွေး၊ သူများ လုပ်သလို မလုပ်တတ်ဘဲ လောကကြီးကို ကင်းမြီးကောက်ထောင်ကြည့်တတ်သော သဘာဝကြောင့်သာ ဖြစ်ပါလိမ့်မည်။

 

ဦးသန်းဝင်းကတော့ ခင်ဗျားဗျာ။ တောလွမ်းချင်းထဲမှာ ချိုပြုံးတို့၊ တွံတေးသိန်းတန်တို့တော့ထည့်ထားပြီး ဘာလို့ မာမာအေးကို ကျန်ခဲ့ရတာလဲဗျဟု အပြစ်တင်ပါ၏။ ဟုတ်ပါ့၊ သူပြောမှ ကျွန်တော်အလွန်ကြိုက်လှသော မောင့်အချစ်မြားစူး ကျန်ခဲ့ကြောင်း ခုမှ သတိရပါတော့သည်။ သို့မို့ကြောင့်လည်း အလွန်ချာသူဟု ကိုယ့်ကိုယ်ကိုယ် မကြာခဏ ကောင်းချီးပေးခြင်း ဖြစ်ပါသည်။

 

မာမာအေး ဆိုသွားတာ သီချင်းလည်းစုံလှသလို ကောင်းလည်း ကောင်းပါသည်။ အသက်ကလည်း ၇၀ ကျော်၊ နှလုံးကလည်း ခွဲထားရသေးဆိုတော့ ယခင်ကလောက်တော့ ဘယ်ကောင်းပါတော့မတုံး။ ဒါကြောင့် အလွန်ကောင်းပါသည်ဟု ကျွန်တော်မပြောခြင်းဖြစ်ပါသည်။ သို့သော် မောင့်အချစ်မြားစူးကိုမူ ခံစားချက်အပြည့်နှင့်ဆိုသွားသာဖြင့် အလွန်ကောင်းလှ ပါ၏။

 

ခင်ညွန့်ရည် ကလည်း အားပါးတရ သီဆိုသွားပါသည်။ သူစဖွင့်သည်မှာ မြန်မာမှန်လျှင် မကြိုက်သူမရှိ (အဲလေ၊ ဘွာ၊ ဘွာ။ ယောင်လို့၊ ဟိုလူကြီးတွေ အသိုင်းအ၀ိုင်းကတော့ ဘယ်ကြိုက်ပါလိမ့်မတုံး။ မကြိုက်လို့ဘဲ ဒီသီချင်းကို ဆယ်စုနှစ် အတော်ကြာ ပိတ်ထားတာမဟုတ်လား။) ဗိုလ်ချုပ်အောင်ဆန်း သီချင်းဖြစ်ပါသည်။ ကျွန်ုပ်မှာလည်း သည်သီချင်းကို ကြားရ၊ ဆိုရလျှင် ဘယ်ကဘယ်လို ဘာတွေဖြစ်လာသည်မသိ။ ကြက်သီးမွေးညင်းများထလာကာ ခုပဲ သေနတ်ထဆွဲချင်သလို၊ ခုပဲ ငှက်ကြီးတောင်နှင့် ရမ်းလိုက်ချင်သလို ဖြစ်လာလေ့ရှိပါသည်။ သို့အတွက် (ရာဇ၀င်၊ အတ္ထုပ္ပတ္တိလည်းရှိရမယ်၊  – – – – – -၊ မော်ကွန်းလည်းထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) ဟူသောအပိုဒ်အရောက်တွင် ဘေးဘယ်ညာသို့ မသိမသာအကဲခတ်လျှက် အသံကုန် ဟဲချလိုက်ပါသည်။

 

 

သန်းမြတ်စိုးကလည်း အားရပါးရ၊ ပိုင်ပိုင်နိုင်နိုင်၊ အသံအောင်အောင်ဖြင့် သီဆိုသွားပါသည်။ ကိုမင်းအောင်ခိုင် ကလည်း မခေပါ။ အသံကောင်းသလို၊ အဆိုလည်း ကောင်းလှပါ၏။ အဲလေ၊ တစ်ခုပဲပြောဘို့ရှိပါသည်။

 

အငြိမ့်တွင် က,သည့် ကောင်မလေးမှာ ဆိုးပင်မဆိုးလှသော်လည်း သူကနေတာကြည့်ရတာ မြန်မာအကကို Vengaboys က Shalalalala နှင့် ကနေသကဲ့သို့ ဖြစ်နေပါ၏။ ကျွန်တော်ကတော့ စိုက်ပျိုးရေးတက္ကသိုလ်တုံးက မသီသီခိုင် က,တာလောက်တောင် မကြိုက်ပါ။ သို့သော်လည်းလေ သူလည်း အားရပါးရ က,သွားပါ၏။ ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့ရ သော အငြိမ့်မင်းသမီးများကိုမူ အားလုံးကြိုက်ပါသည်။ အထူးသဖြင့် မင်သမီး သီတာဝင်း ကတာကိုမူကား အလွန်ကြိုက်လှ၏။

 

သမ္ဗာလူပြက်ကြီးများဖြစ်သည့် မေတ္တာနှင့် ကုသိုလ်တို့ကလည်း ဣနြေ္ဒရရ ပြက်သွားကြပါ၏။ ကောင်းပါသည်။ အထူးသဖြင့် သူတို့နှစ်ယောက်ထဲကြောင့် ပိုကောင်းပါသည်။ ယခုကာလ အငြိမ့်များတွင် ဇာတ်စင်နှင့်အပြည့် လူပြက် ၇ ယောက် မှ ဆယ်ယောက်လောက်က ပြက်လုံးတစ်ခုထဲကို မပြီးနိုင်မစီးနိုင်၊ အလှည့်ပေးပြီး ပြက်နေတာမျိုး ကျွန်တော် အလွန် မုန်းပါသည်။ မင်းသမီးက,တာနှင့် ပြက်တာ မျှနေမှ ကြည့်ကောင်းပါသည်။

 

မည်သို့ပင်ဆိုစေကာမူ –

 

ကျွန်တော်အလွန်ကြိုက်လှသော သီချင်းများကို တေးသံရှင်များကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင်၊ လှလှပပ သီဆိုဖြေဖျော်သွား သည့်အတွက် အလွန်ကျေနပ်လှပါ၏။ တစ်သက်နှင့်တကိုယ် မြန်မာတေးသံရှင်များ လူကိုယ်တိုင် ဖျော်ဖြေသည်ကို ကြည့်ဖူး သည်မှာ ယခု ပထမဆုံးအကြိမ်ဖြစ်ပါသည်။

 

(ကျွန်တော့်အယူအဆများကို မကြိုက်လျှင် လွတ်လပ်စွာ သဘောကွဲလွဲကြပါခင်ဗျား။)

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၎ မတ်လ၊ ၂၀၁၃။ ည ၁၀း၁၇ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments