ပြည်သူ့အတွက် ရေရှည်အကျိုးစီးပွားတဲ့ဗျား (Maung Luu Yay)

March 21, 2013


ပြည်သူ့အတွက် ရေရှည်အကျိုးစီးပွားတဲ့ဗျား

မောင်လူရေး၊ မတ် ၂၁၊ ၂၀၁၃

(လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၃)

လက်ပံတောင်းတောင်ကိစ္စမှာ နိုင်ငံတော် ဆိုတာ ဘယ်မှာလဲလို့ ရှာပုံတော်ဖွင့်မိတယ်။

သတ္ထုတွင်းနဲ့ ဦးပိုင်နဲ့ စာချုပ်တယ်၊ ပီးတော့ ဦးပိုင်နဲ့ ဝမ်ပေါင် စာချုပ်တယ်၊ အဲဒီထဲမှာ ဦးပိုင်က ၅၁၊ ဝမ်ပေါင်က ၄၉ ခွဲယူကြမယ်။ သတ္ထုတွင်းဝန်ကြီးဌာနဆိုတဲ့ နိုင်ငံတော်လားမသိဘူး၊ အဲဒါပျောက်သွားပြီ။ ဒီလိုဆို ဦးပိုင်က ကာကွယ်ရေးဝန်ကြီးဌာနအောက်ကဆိုတော့ ကာကွယ်ရေးက နိုင်ငံတော်လေလားပေါ့။ ဒါလဲ မဟုတ်ပြန်ဘူး၊ ကာကွယ်ရေးကငွေကို နိုင်ငံတော်က စာရင်းတောင်စစ်ခွင့်မရှိလို့ အခြေခံဥပဒေကဆိုထားတာကတကြောင်းရယ်၊ နောက်တခါ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံတော်ကတောင်းခံတာရယ်ဆိုတော့ ဒီနေရာမှာ ကာကွယ်ရေးကလဲ နိုင်ငံတော်မဟုတ်ပြန်ဘူး။

နိုင်ငံတော်အတွက်လို့တော့ ဒေါ်စုရော၊ ကော်မရှင်ရော၊ ဟိုလူရော၊ ဒီလူရော ပြောနေကြတာဘဲ။ ကျုပ်တော့ ပါဝါနဲလို့လား မသိဘူး၊ နိုင်ငံတော်ကို မမြင်မိဘူး။

စုံစမ်းစစ်ဆေးရေးကော်မရှင်ဆောင်ရွက်ရာတွင် အခြေခံသည့်မူများဆိုတဲ့ဟာထဲမှာ ပြည်သူ့အတွက် ရေရှည်အကျိုးစီးပွား ဆိုတာ ပါတယ်။

ကော်မရှင်ဟာ ဒေသခံတွေနဲ့တွေ့တဲ့အခါ အောက်ပါစကားများကို နာကြားခဲ့ရပါတယ်။

စီမံကိန်းရပ်စေလို၊ မိုင်းဒဏ်ခံရ၊ စားကျက်မြေရှား၊ ဘိုးဘွားပိုင်မြေမှာသာ လုပ်ကိုင်လို၊ တောင်မပျက်စေလို၊ လယ်ယာမြေတွေ မသိမ်းစေလို၊ နိုင်ငံတော်နဲ့ ဝမ်ပေါင်ဘာတွေသဘောတူထားသလဲ၊ သာသနိကအဆောက်အဦတွေ၊ အထိမ်းအမှတ်နေရာတွေ မပျောက်စေလို၊ အကြမ်းဖက်ဖြိုခွင်းမှုကို ဖေါ်ထုတ်ပေးစေလို၊ အက်စစ်ဖျန်းတဲ့မြေပုံတွေက ရွာနဲ့နီး၊ ရွာပျောက်မှာစိုးရိမ်၊ အက်စစ်ငွေ့ကြောင့် တိရစ္ဆာန်တွေအတွက် အစာရေစာရှားပါး၊ ကျန်းမာရေးထိခိုက်၊ မျက်စိစပ်၊ သွပ်ပေါက်၊ ရေမသန့်၊ ခွင့်ပြုချက်မရှိတဲ့အက်စစ်စက်ရုံ၊ စံမမီစက်ရုံမှ တနေ့ အက်စစ်တန်ငါးဆယ်ထွက်၊ အန္တရာယ်ရှိစသဖြင့်ပေါ့လေ။

နောက်ထပ် အများကြီး—ဒေသခံပညာရှင်ဒေါက်တာကျော်တင့်က သူ့ရဲ့ မုံရွာကြေးနီသိုက်များကို သိပ္ပံနည်းကျလေ့လာခြင်းထဲမှာ ပြောတာ နားထောင်ကြည့်ပါအုံး။

ပတ်ဝန်းကျင်ကကောမြတ်ရဲ့လားတဲ့ သူက မေးပြောလေးပြောထားတယ်။

            “ဟုတ်ကဲ့၊ပတ်ဝန်းကျင်ပျက်စီးမှုရှိမရှိကိုမေးတာမျိုးမဟုတ်လား။တောင်ဖြိုတော့လဲ ပတ်ဝန်းကျင်အနေအထားက အရင်လိုတော့ဘယ်ဟုတ်လိမ့်မလဲဗျာ။ ကျားကိုက် ခံရမှတော့ နာတာရှည်လား လာမေးသလိုဖြစ်နေပါပြီ။ ပစ် (pit) ဆိုတဲ့ကျင်းကြီး တွေလဲတူးကြတာဆိုတော့။ နောက်ပြီး ထွက်လာတဲ့မြေစာကျောက်တုံးကျောက်ခဲတွေ။ သတ္တုရိုင်းကို သန့်စင်ရလို့ စွန့်ပစ်ဓါတုပစ္စည်းတွေ။ အကွက်ချလေ့လာရမဲ့ဟာက လေးပိုင်းတောင်ရှိတာပဲ။

            အဲ- ဒါပေမဲ့ ဒေသခံညီနောင်ရင်းတွေ အလုပ်ရကြတော့ ကောင်းပေစွလို့တွေးနိုင် ဘူးလား။ တောင်ကြီးကို ဖြိုတာဆိုတော့ နယ်ခံအလုပ်သမားကတော့ အများကြီးလိုတာ ပေါ့။ အမြတ်ထွက်ဖို့ဆိုရင် ဒီအလုပ်သမားစရိတ်ကလဲ သေးဖို့ လိုတာပဲလေ။ မြန်မာပြည်က အလုပ်သမားစရိတ်က သိပ်မရှိတော့ လုပ်ပျော်သား။ ဘူဒိုဇာမောင်းသူ၊ ထရပ်ကား မောင်းသူတစ်ယောက်ကို ကနေဒါမှာဆိုတစ်လ ဒေါ်လာ ၃၅၀၀ အနိမ့်ဆုံးနဲ့ကျန်းမာရေး အာမခံအပြည့်၊ တရုပ်ပြည်မှာဆို ဒေါ်လာ ၁၅၀၀ ဆိုပါတော့။ မြန်မာပြည်မှာဆို ဘယ် လောက်ပေးရမလဲ သိကြမှာပေါ့။ မြန်မာအလုပ်သမားက ပေးရတာနည်းပြီး များများခိုင်း ရမယ်ဆိုရင် ပုံမှန်အမြတ် တကယ် မထွက်နိုင်တဲ့ လုပ်ငန်းကနေတောင် အမြတ်တွေ ဘာတွေမြင်လာနိုင်တာပေါ့။

“သည်မြန်မာအလုပ်သမားတွေရဲ့လက်နဲ့ သည်မြန်မာ တောင်ကြီးကိုဖြိုပြီး သည်နားကရွာတွေ၊ ယာတွေပေါ်များသွားပုံနိုင်ခဲ့လျှင် “  ဖက်စပ်လုပ်တဲ့ လုပ်ငန်းရှင်ကြီးတွေ ချမ်းသာနိုင်ကြမှာပါ။”

            “ကဲ – စပါယ်တောင်ကလေးတစ်လုံးတည်းနဲ့ မြေစာတန်ချိန်သန်းပေါင်း ၁၀၀ က လက်ဦးပထမနေရာသစ်သို့ ရောက်ခဲ့တာနော်။ အနီးဆုံးဖြစ်တဲ့ဒုံးတော၊ ဂုဏ်တော၊ ကံ ကုန်း၊ ရွာသာရွာတွေမှာ နေရာလပ်ရှိကြလား။ နေရာလပ်မရှိလဲ ဝေးဝေးပို့နိုင်တာမဟုတ် တော့ ရှိတဲ့နေရာမှာပဲ ပုံရတော့မှာပဲ။ ကြဲနေကျ ကုလားပဲတွေ စိုက်နေကျ ကြက်သွန် တွေမစိုက်ရလဲ ဒုတ္ထာနံ့သာ တဝရှုရင်း အိပ်ကြပေတော့။

အခုတောင် အနီးအနားမှာ လက်ညှိုးညွှန်ရာ မြေစာပုံဖြစ်နေပြီ။ ဒီအောက်ကဓါတ်ပုံမှာ ယမားချောင်းတောင်ဘက် ဘေးတလျှောက် ဒုံးတောကိုဖြတ်၊ ကံကုန်းကိုပတ်ပြီး အရှေ့အနောက်သွယ်တန်းနေတဲ့ အဖြူရောင်မြေစာကျောက်ပုံတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာကတည်းက အောက်မှာ ပုံးနေခဲ့တဲ့မြေစာတွေကို နိုင်ငံခြားကလူကြီးတွေ လာတူးထုတ်ပြီး လာပုံပေး သွားတဲ့ ဧရိယာပဲ။

စပါယ်တောင်သတ္တုသိုက်၃နေရာလေးကို ဖော်လိုက်တဲ့စီမံကိန်း ကြောင့် စုစုပေါင်းစတုရန်းမိုင် ၁၂မိုင်လောက် အပေါ်အကျိုးသက်ရောက်ခဲ့ပြီဆိုတော့ အကျယ်အဝန်းအားဖြင့် မုံရွာတစ်မြို့စာလောက်ရှိပြီပေါ့။ လုပ်သင့်လို့ ဆက်လုပ်မယ် ဆိုရင်လဲ ဒီထက်အဆများစွာ ပိုကျယ်လာအုံးမယ်ဆိုတာ၊ အထက်ကဇယားထဲမှာပါတဲ့ ကိန်းဂဏန်းတွေက ညွှန်ပြနေလေတယ်။

သတိထားရမှာက ဒီအရပ်ဟာလူနေတဲ့ အရပ်ပါ။ စပါယ်တောင်လုပ်ငန်းနဲ့အနီးကပ်ဆုံး ဒုံးတော၊ ဂုဏ်တော၊ ကံကုန်းစတဲ့ ထိစပ်နေတဲ့ရွာတွေကိုပေါင်းရင် အိမ်ခြေသုံးလေးလေးထောင်ထက် နည်းစရာမရှိပါဘူး။ သိတဲ့အတိုင်း ဒီအရပ်က လူတွေဟာတောင်သူလုပ်ငန်းနဲ့ အသက်မွေးကြတဲ့သူတွေ မဟုတ်လား။ ချောင်းကလဲရှိတော့ မြေသြဇာကလဲ ကောင်တဲ့အမျိုးအစားထဲမှာပါခဲ့လို့ပဲ၊ ဆေးရွက်ကြီး၊ ငရုပ်၊ ကြက်သွန်၊ ပြောင်းစတဲ့ အသီးအနှံထွက်တွေ ကောင်းခဲ့လွန်းတာမို့ သီးနှံပေါ်ချိန်ရောက်တိုင်း မုံရွာမန္တလေးက လာဝယ်သူကုန်သည်တွေ ခြေချင်းလိမ်နေခဲ့ ပါတယ်။

            ဒီအရပ်ကလူတွေဟာ မြေယာတွေမရှိတော့ရင် ဘာမှလုပ်မစားတတ်ရိုးအမှန်ပါ။ သူတို့မြေပေါ်မှာ စပါယ်တောင်ကမြေစာတွေမခေါ်ပဲရောက်လာတော့ လုပ်စားစရာ ပျောက်သွားလို့ မိုးရေနဲ့ပျော်ထွက်လာတဲ့ အပြာရောင်အရည်ကနေ ဒုတ္ထာတွေချက် ကြမယ်ဆိုပြီး အရှင်လတ်လတ် ဟင်းလင်းပြင်ဓါတ်ပေါင်းအိုးထဲဝင်ကာ စားစရာရလို ရငြား ရှာဖွေနေကြတာများ ဓါတ်ပုံထဲများ မြင်တော်မူကြတဲ့အတိုင်းပါပဲ။ မျက်စိတွေစပ်ပြီး အသားတွေယားခဲ့ရင်တောင်မှ ညဘက် အိမ်ပြန်တော့ ရေတွင်းကရေနဲ့ ချိုးလိုက်ရုံပဲ။ ရေတွင်းရေကဆပ်ပြာတိုက်လဲ အမြှုပ်ထွက်လာတာ မဟုတ်တော့ ဆပ်ပြာတောင်တိုက်စရာပဲ အသားယားတာ ပြေနိုင်မလား။”

“စပါယ်တောင်ဘေးစောင်းမှာ အပုံလိုက်ဖျော်တဲ့နည်းအတွက် ခင်းထားတဲ့ခုံ leas-hing pad အခင်းအကျယ်က ဧက ၃၅၀ကျော်နေတော့ အဲသည်ကစိမ့်ထွက်လာတဲ့ သတ္တု ဖျော်ရည် ပျင်းပျင်းနဲ့ပဲ ခရီးဆက်ကြတာပေါ့။ “

            “စိမ့်ထွက်လာတဲ့ ကော့ပါးဆာလ်ဖိတ်ရည်တွေက ဘေးကခံထားတဲ့ ကန်တွေ ထဲကို အလိုအလျှောက်စီးဝင်လာကြတယ်။ ကန်တွေဆောက်တုန်းက အရည်မစိမ့်နိုင် အောင် ကြမ်းခင်းတစ်မျိုးမျိုး ထူထူခံထားခဲ့ရင်တော့ မြေအောက်ရေထဲအထိ အဲသည်ဓါတုရည်တွေ မရောက်ဘူးပေါ့။ ဒီမိုင်းမှာ အဲသလိုကြိုတင်စဉ်းစားဆောက်ထား သလားတော့ အလွယ်တကူစစ်လို့ရနိုင်တာဖြစ်သလို ဘေးပတ်ဝန်းကျင်အဖြစ်အပျက် တွေကတစ်ဆင့်လည်း သိနိုင်တာပေါ့။

ဆရာနန်းတော်ရှေ့ရေးသလို ‘နောက်တော့လည်းသိကောင်းပါရဲ့ရှင်’ ပေါ့ လေ။”

            “မကြေးနီတစ်ပြားလေးထွက်လာဘို့ အိုးသတ္တုရိုင်း ၃၅တန် တောင်စောင်းမှာ           အညှစ်ခံရမယ်။ သုံးမရတဲ့ကျောက်တွေ မြေစာတွေ တန် ၁၀၀ လောက် ပတ်ဝန်းကျင်မှာ ရှောက်ပုံရမယ်။ နောက်ရေတွေ၊ ဓါတ်ငွေ့တွေ။ တန်ဘိုးကြီးလိုက်တာ။”

            “အခုစပါယ်တောင်က အက်ဆစ်ဂါလံပေါင်း ဘယ်လောက်သုံးပြီးပြီလဲ။ နောက် ဘယ်လောက်သုံးဦးမှာလဲ။ ဘယ်သူက ဘယ်လိုခွင့်ပြုတာလဲ။ အထူးသဖြင့် ဘေးနားက လူတွေကို အသိပေးခဲ့ရဲ့လား။ စည်းမရှိတဲ့မိုင်းတွေရဲ့ဘေးနားမှာ တွေ့ရတတ်တဲ့ အောက်ကဓါတ်ပုံကလို အက်ဆစ်အိုင်တွေတွေ့နေရပြီလား။ အခုမတွေ့သေးလဲ နောက်တော့ တွေ့မှာလား။

            နောက်တစ်ခု ပတ်ဝန်းကျင်လေထုထဲကို အတားအဆီးမရှိထွက်သွားမှာက စက် ရုံရဲ့အမြင့်ဆုံးခေါင်းတိုင်ကထွက်တဲ့ ဆာလ်ဖါဒိုင်အောက်ဆိုဒ်လို ကာဗွန်ဒိုင်အောက် ဆိုဒ်လို ဓါတ်ငွေ့တွေ။ အားလုံးက အက်ဆစ်မိုးရွာနိုင်တယ်။ မိုးပေါ်တက်သွားပြီးရင် အနီးတဝိုက်မှာလဲ ပြန်ကျနိုင်သလို၊ လေသင့်ရင် ခပ်ဝေးဝေးမန္တလေးတောင်အထိ မရောက်ဘူးလဲ မဆိုနိုင်ဘူး။ အဲ- အခုနည်းပညာသစ်ကိုသုံးနေလို့ အဆိပ်ဓါတ်ငွေ့ သိပ်မထွက်တော့ပါဘူးဆိုရင်လဲ အဝေးကလူတွေအသက်ရူချောင်ပေမဲ့ မပြတ်တမ်း သွန်းလောင်းနေတဲ့ အက်ဆစ်တွေကြောင့် အနီးကလူတွေမှာတော့ အသက်ရူကြပ် ရဦးမှာ။

            အဲလေ၊ ကြေးနီနဲ့ကပ်ပါသေးတဲ့ ရွှေ၊ငွေ၊မိုလီဘီဒ်နမ်၊ အသေးအဖွဲလေးတွေလဲ တန်တာမတန်တာ အပထား၊ စရိတ်ကာမိတာမကာမိတာအပထား၊ လိုချင်ပါသေးရဲ့ ဆိုရင် ခုနကတင်ပြခဲ့တဲ့ ဓါတုဆေးတွေအပြင် ဆိုင်ယင်နိုက်စတဲ့ သင့်တော်ရာဆေးတွေ ထပ်ထည့်ပြီး ခွဲယူရမှာ။ အဲသည်ဆေးတွေကြောင့် ဖြစ်လာမဲ့ စွန့်ပစ်ဓါတုပစ္စည်း စာရင်းက နောက်ထပ်ဆယ်ခုမက တိုးလာမယ်။ စည်းကမ်းရှိရှိ စွန့်တတ်ကြပါစေလို့ ဆုတောင်းပြည့်မဲ့ လေညှင်းတောင် ဘုရားပေါ်တက်ကာ ဆုတောင်းရုံပဲရှိတယ်။”

နာရတာ စိတ်ဆင်းရဲစရာကောင်းတဲ့ အမှန်တရားတွေပါ။

အဲသလို ဘေးအန္တရာယ်နဲ့ ညစ်ညမ်းမှုဒဏ်ခံရတဲ့ဒေသတွေဟာ ကော်မရှင်ပြောတဲ့၊ အမျိုးအမည်တိတိပပမသိရတဲ့ နိုင်ငံတော်အတွက်ပေါ့လေ၊ စွန့်လွတ်ပေးဆပ်ရတဲ့နေရာတွေ ဖြစ်နေပါပြီ။ သူတို့ကို ဘယ်စာနာမှုမျိုးနဲ့ ဘယ်လိုနှစ်သိမ့်ကြမှာလဲ။

တကယ်တော့ ဆုံးဖြတ်ချက်ချမှတ်သူတွေဟာ လုံခြုံရာဒေသကလူတွေပါ။ ရေသန့်သောက်၊ အဲယားကွန်းနဲ့နှပ်နေသူတွေပါ။ နေရောင်မခံ ပန်းပျံပင်ဆင့်တွေပါ။ မြေနှင့်ရန်ဖက်တွေပါ။ ခက်လက်စိမ်းမြ မိုးမခတွေပါ။

ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့အာဏာရှိသူတွေ၊ မူဝါဒအကြံပေးတွေဟာ သဘာဝပတ်ဝန်းကျင်ပျက်တဲ့ဘေးတွေ၊ ဒဏ်တွေကနေ လွတ်လွတ်ဝေးဝေးကင်းကင်း နေနိုင်သူတွေချည်းပါဘဲ။ တကယ့်ဒေသခံတွေရဲ့ ဘဝအခက်အခဲအကျပ်အတည်းတွေကို နားလည်ပေးနိုင်ကြသူတွေ မဟုတ်ပါဘူး။

သူတို့ဆီမှာ နိုင်ငံတော်အတွက်၊ အနာဂတ်အတွက်၊ ရေရှည်ကောင်းဖို့အတွက်၊ အပြောင်းအလဲအတွက် သတ္တိရှိပါစတဲ့စကားလုံးလှလှလေးတွေနဲ့ သူတို့ရဲ့မမျှတမှုကို ဖုံးကွယ်တဲ့ပြောဆိုချက်တွေ ထွက်လာပါတယ်။

တကယ်တော့ ဖွံ့ဖြိုးရေးဆိုတာ ဆင်းရဲသားတွေဆီအမြန်ဆုံးရောက်လာတဲ့ကပ်ဆိုးပါ။ ဖွံ့ဖြိုးရေးအတွက် သယံဇာတတွေထုတ်ယူလိုက်တဲ့အခါ သဘာဝပတ်ဝန်းကျင်ဟန်ချက်ပျက်ပြီး နဂိုဆင်းရဲလို့ ဆေးမကုနိုင်တာကနေ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းလို့ ကင်ဆာ၊ ရင်ကြပ်ပန်းနာစတဲ့ ရောဂါစုံထူပြောမှုပါ ဆတိုးပေါ်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ နေပျော်တဲ့၊ နေသင့်တဲ့ပတ်ဝန်းကျင် ပျောက်ပြီး စိတ်စွမ်းရည်တွေပါ ရှာမရဖြစ်သွားကြရမှာပါ။ အဲဒီဒေသဟာ ဓာတုအဆိပ်တွေနဲ့ဘဲ ရိုးမြေကျပေါင်းဖက်သွားရတော့မှာပါ။ အဲဒီညစ်ညမ်းတဲ့သဘာဝပတ်ဝန်းကျင်ဟာ ဒေသခံတွေရဲ့ အသက်ရှင်ခွင့်ကို ခြိမ်းခြောက်နေပါပြီ။ ခင်ဗျားမသေချင်သလို ဘယ်သူမှ မသေချင်ပါဘူး။ ဒါ သေချာပါတယ်။ အသက်ရှင်နေဖို့အတွက် ဘေးကင်းကောင်းမွန်တဲ့သဘာဝပတ်ဝန်းကျင်ဟာ မရှိမဖြစ်လိုပါတယ်။ အဲဒီဝန်းကျင်နဲ့ အသက်ရှင်မှုကိုထိခိုက်နိုင်တဲ့ ဘယ်စီမံကိန်းမဆို ဒေသခံတွေက သဘောမတူရင် မလုပ်ကောင်းပါဘူး။

တကယ်တော့ ကြေးနီထုတ်ယူတာဟာ အဲဒီဒေသခံဆင်းရဲသားတွေကို ကာကွယ်ပေးနိုင်တာ ဘာတခုမှ မရှိပါဘူး။ တဖြည်းဖြည်းနဲ့ လူမှုရေးစည်းတွေပါကျိုးပေါက်ပြီး လူ့တန်ဖိုးတွေပါ ပျောက်ဆုံးသွားမှာပါ။

မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်လူရေး

3 Responses to ပြည်သူ့အတွက် ရေရှည်အကျိုးစီးပွားတဲ့ဗျား (Maung Luu Yay)

  1. I know - I know on March 21, 2013 at 2:45 pm

    let me suggest

    send all those water from that mine area .. potable water .. to D A S S K , the director and all U Paing members…………ask them will they drink those water ?

    will they eat those vegetables grown out of that areas . .ASK Them

    seriously .
    I am not sarcastic ..

    I do have experience of living and working in mining towns for months.. The ‘ food, water, plants ‘ . .is differently arranged and accommodated by all inhabitants by government the RIo Tinto .
    tate Ma Pyaw chin bu.
    I rather cannot type in Myanmar is good If can type in Myanmar.. . ah kone .Poot Law Yite Twar Mae.

    I don’t want to instigate

    Just invite them to ‘ drink those water and enjoy the vegetables in naypyidaw banquet ‘ . POst Moe Ma Kha . .Post . why u do not post . some posts.. are u a scardy cat ?

  2. mink၀ on March 21, 2013 at 6:03 pm

    လူမှူရေးစည်းတွေ ကျိုးပေါက်စရာ ရှိသေးဗျ- ကုန်ပြီ မဟုတ်လား။လူ့ တန်ဘိုးဆိုတာကတော့ ၆၂ ခုနှစ်ကထဲပျောက်ဆုံးနေတာ- ပြန်ရှာလို့ လဲ ရတော့မယ် မထင်ပါဘူး။ ဆောင်းပါးဖတ်ရတာ ၀မ်းနဲစရာဗျာ- အမှန်တွေမို့ - တချို့ ဆောင်းပါးကြတော့ ၀ မရှိဘဲ- အတင်း ၀ိဖြစ်အောင် ရေးထားလို့  ဒေါသဖြစ်ရသဗျ- ဘာဘဲဖတ်ဖတ် ဘာမှ မထူးတော့ပါဘူးဗျာ-ကိုယ်မနိုင်တော့ ကံတရားဘဲ ပုံချရတော့မှာဘဲ-

  3. Htwe on March 22, 2013 at 5:24 am

    Let them ((U Paing, military including Thein Sein and “Ask Amay Suu do we still have to get authorize to be equal “rules of law”?. That water goes especially for Wang Pound and Chinese government, and all of those cronies)) to drink that kind of water.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်