မေတ္တာရိပ်မှာ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ (Ashin Dhamma Piya)

March 24, 2013

မေတ္တာရိပ်မှာ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ

ဒေါက်တာဓမ္မပိယ၊ မတ် ၂၄၊ ၂၀၁၃

            ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံရဲ့သတင်းတွေကို ကြားရလေတိုင်း အသည်းအသန်တွေချည်း ဖြစ်နေခြင်းပါ။ နှလုံးရောဂါရှိသူများ မြန်မာသတင်းများကို မဖတ်ရ။ မြန်မာအရေးအခင်းနှင့်စပ်တဲ့ ရုပ်သံလွှင့် အစီအစဉ်တွေကို မကြည့်ရလို့ပင် တားမြစ်ပေးရတော့မဲ့ အဖြစ်မျိုးပါ။ ပန်းလိုမွှေးတဲ့ မေတ္တာစကားတွေ၊ ရေလိုအေးတဲ့ မေတ္တာတရားတွေ၊ နှစ်လိုဖွယ်ကောင်းပြီး မိခင်ရဲ့ မေတ္တာအပြုံးတွေ၊ ဒီတရားတွေနဲ့ ဝေဆာနေတဲ့ မြန်မာနိုင်ငံတော်ကြီးကို လက်ရှိအနေထားအရ ရှုမြင်သုံးသပ်ရလျှင် … ။ လူတွေရဲ့အနေအထားဟာ ဘ၀နှင့် ရင်းပြီး သင်ယူထားတဲ့ အသိတရားတွေ၊ အချိန်နှင့်ရင်းပြီး လေ့ကျင့်ထားတဲ့ မေတ္တာတရားတွေကို ဘယ်ဆီမှာ သိုဝှက်လို့၊ ဘယ်သူ့ထံမှာ အပ်နှံထားကြသလဲဆိုတာ သံသယစိတ်များပင် ၀င်လာမိတော့တယ်။  

            တရားသဘောမှာ သံသယစိတ်ကြောင့် အမှန်တရားကို မျက်ကွယ်ပြုတတ်သလို၊ အမှားကိုလည်း လက်ခံကျင့်သုံးမိတတ်တယ်။ သံသယစိတ်ဆိုတာ အသိတရားကို လွှမ်းမိုးထားတတ်တာကြောင့် တစ်ခါ တစ်ရံမှာ အလင်းရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမှောင်၊ အအေးရဲ့ ဆန်ကျင်ဘက်ဖြစ်တဲ့ အပူ၊ အဖြူရဲ့ ဆန့်ကျင် ဘက်ဖြစ်တဲ့ အမဲ၊ မေတ္တာတရားရဲ့ ဆန်ကျင်ဘက်ဖြစ်တဲ့ ဒေါသ (အာဃာတ) ဆိုတာမျိုးကိုတောင် သတိမမူ နိုင်အောင် ဖြစ်နေတတ်ကြတယ်။ မွန်းကြပ်နေတဲ့ လူ့ဘ၀ကြီးထဲမှာ အသိတရားတွေပျောက်လို့ သတိတရား တွေကို မျက်ကွယ်ပြုထားကြပြီဆိုရင်တော့ ဒေါသကြောင့်လည်း ပူလောင်ရမှန်းမသိ၊ မာန်မာနကြောင့်လည်း ဖြစ်ပေါ်လာတဲ့ အာဃာတတရားတွေကို ဖြေလျှော့ပေးရမှန်းမသိ၊ အတ္တကြောင့်လည်း တစ်ဦးကိုတစ်ဦး နားလည်ခွင့်လွှတ်ပေးရမှန်းမသိ၊ အသိတရားကင်းပြီဆိုမှတော့ ဒီလောကကြီးဟာ ဘယ်မှာလာပြီး ငြိမ်းချမ်းနိုင် တော့မှာလဲ။  


လောဘမီး၊ ဒေါသမီး၊ မောဟမီး ပြီးတော့ သတင်းမီး

            ဖြေသင့်တဲ့ ဒေါသတွေကို မဖြေနိုင်ကြလို့၊ လျှော့သင့်တဲ့ အတ္တမာနတွေကို မလျှော့နိုင်ကြလို့ မိတ္ထီလာအကြမ်းဖက်မှုတွေက သွေးပျက်စရာတွေအထိ ဖြစ်ခဲ့ရတယ်။ ဒီကြားထဲ “မီးလောင်ရာလေပင့်၊ ဗူးလေးရာ ဖရုံဆင့်”ဆိုသလို အထင်အမြင် လွဲမှားမှုကြောင့် ပြည်သူ၊ ပြည်သားအချင်း အပြန်အလှန် တိုက်ခိုက်ဖျက်ဆီးနေချိန်မှာ သတင်းမီဒီယာများရဲ့ သတင်းစကားများဟာ မျက်နှာလိုက်ခြင်း၊ တဖက်သတ် ဆန်တဲ့ သတင်းများကို ထုတ်လွှင့်ပေးနေခြင်းများကြောင့် သူ့တို့တတွေရဲ့ မြန်မာပြည်သူလူထုအပေါ်မှာထားတဲ့ စိတ်နေစိတ်ထားတွေဟာ အဘယ်သို့များ ရှိလေမလဲလို့ စဉ်းစားနေမိခြင်းပါ။ တိကျမှန်ကန်တဲ့သတင်းမျိုးကို အဓိကဦးစားပေး ထုတ်လွှင့်နေပါတယ်လို့ သူတို့ပါးစပ်က ဘယ်လိုပင် တဖွဖွပြောနေစေကာမူ သူတို့ရဲ့ မေတ္တာစေတနာတို့ဟာ မစင်လက်ဖြင့် ရွှေထမင်းကို ကျွေးချင်သူများပမာ သတင်းများထုတ်လွှင့်မှုအပိုင်း၌ဘက်လိုက်လျှက် ထုတ်လွှင့်ပေးနေသည်ကို အထင်းသားတွေ့ရှိနေရ၍ စိတ်ပျက်ခြင်းတွေ၊ ၀မ်းနည်းခြင်းတွေ ဖြစ်မိနေခြင်းပါ။ ဒီလိုသတင်းဌာနမျိုးတွေကို မြန်မာပြည်သူ၊ ပြည်သားများ သတိတရားများ ထားနိုင်ကြဖို့ပါ။

            သတင်းနှင့် မီဒီယာများရဲ့ အခန်းကဏ္ဍတွေမှာအက်သစ်က်စ် (Ethics) တရားများ ပျောက်ဆုံး နေသည်မှာ အတော်ပင် ကြာနေပြီလို့ဆိုရမှာပါ။ သတိထား၍ ကြည့်ရှုသူများသာ မြင်နိုင်တဲ့အရာမို့ တိုင်းပြည် အတွက် ပြည်ပမှ သတင်းထုတ်လွှင့်ပေးနေတဲ့ မီဒီယားများရဲ့ (မဖြူစင်တဲ့) စေတနာနှင့် (ပူလောင်စေတဲ့) မေတ္တာများကို နားလည်နိုင်ကြဖို့ပါ။ စကားအရာ၌ကျွမ်းကျင်လိမ္မာကြသော မီဒီယာဝန်ထမ်းများပီပီ သတင်း ဖြစ်စဉ်များ တူညီနေသော်လည်း သေးငယ်တဲ့ သတင်းအချက်အလက်များကို ချဲ့ကားပြီး ပြဿနာများကို ကြီးထွားအောင်လုပ်နိုင်သလို၊ ကြီးတာကိုလည်း သေးသွားအောင် လုပ်နိုင်ခြင်းဟာ သတင်းမီဒီယာတို့ရဲ့ စွမ်းပကားလို့ ဆိုရမှာပါ။

ဥပမာ၊ မတ်လ ၂၁ ရက်နေ့က “မိတ္ထီလာမြို့မှာ ဘာသာရေးအဓိကရုဏ်းကြောင့် ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုး ဖြစ်နေပါတယ်” ဆိုတဲ့ သတင်းဌာနတစ်ခုက လွှင့်ထုတ်သွားတဲ့ သတင်း မျိုးပါ။ သတင်းသမားတို့အနေနဲ့ ဆီလျော်တဲ့စကားလုံးမျိုးကို မသုံးဘဲ အမှုမဲ့၊ အမှတ်မဲ့နဲ့ သတင်းကို ထုတ်လွှင့်သွားခြင်းမျိုးလား၊ သို့မဟုတ် အမျက်ဒေါသထွက်နေတဲ့ လူတွေရဲ့စိတ်တွေကို တမင်းနိုးဆွပေးချင်တဲ့ စိတ်မျိုးနှင့် ပြင်းထန်တဲ့ စကားလုံးမျိုးကို တမင်တကာရွေးချယ်၍ သုံးနှုံးသွားခြင်းမျိုးလားဆိုတာ ကာယကံရှင် တို့သာ သိနိုင်တဲ့အရာမျိုးပါ။ တကယ်တော့ ပြည်ပရောက်နေတဲ့ မြန်မာများဟာ အမိမြန်မာနိုင်ငံတော်ကြီး တိုးတက်တာကို မြင်ချင်စမ်းလှပါတယ်ဆိုတဲ့ စကားမျိုးကို အများဆုံး ဟစ်အော်ပြီ သုံးစွဲပြောဆိုနေသူများပါ။ ရင်တွင်းမှလာတဲ့ မေတ္တာစကားလား၊ အများအမြင်မှာ လေးစားခံချင်တဲ့ စေတနာစကားလားဆိုတာ ဝေခွဲဖို့တော့ ခပ်ခက်ခက်ပါ။   

            သတင်းဖြစ်စဉ်များ တူညီနေပေမဲ့ အချို့သတင်းဌာနများဟာ မြန်မာ့အရေးကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ထုတ်လွှင့်ပေးနေတာမျိုးတွေရှိသလို၊ အချို့သတင်းဌာနများကလည်း သာသာထိုးထိုး လွှင့်ထုတ်ပေးနေတာ မျိုးတွေကိုလည်း တွေ့မြင်နေရခြင်းပါ။ မိတ္ထီလာအရေးအခင်းနှင့်စပ်လျဉ်း၍ သတင်းဌာန (ဓမ္မဓိဋ္ဌာန်သဘောနှင့် ပြောကြားလိုခြင်းဖြစ်၍ သတင်းဌာန၏အမည်ကို ထုတ်ဖေါ်မရေးသားလိုပါ) တစ်ခုက လွှင့်ထုတ်သွားတဲ့ သတင်းမှာ သုံးစွဲထားတဲ့ စကားလုံးမျိုးဟာ အဆိုးဘက်ကို အများကြီး ရောက်သွားစေခြင်းပါ။


တို့မီး ရှို့မီးများ 

ဥပမာ၊ “ဘာသာရေး အဓိကရုဏ်းတွေ”ဆိုတဲ့ အသုံးအနှုံးမျိုးကို ထပ်ခါထပ်ခါ သုံးစွဲနေခြင်းမျိုးပါ။ မီးလောင်ရာ ဒေသမှာရှိတဲ့ လူတစ်ယောက်နှင့် အင်တာဗျူးပြုလုပ်ထားရာမှာလည်း ရေလာမြောင်းပေး စကားမျိုးကို ပါးနပ်စွာသုံးပြီး အင်တာဗျူးပြုလုပ်ထားခြင်းမျိုးကိုလည်း တွေ့နေရခြင်းပါ။

သူတို့သတင်းဌာနအတွက် သတင်းရယူလိုသူက မေးမြန်းထားပုံးမှာ – “မူဆလင်တွေဖက်က (မီး) ပြန်ရှို့တာတို့ ရှိလားဗျား” ဆိုတဲ့ အသုံးအနှုံးမျိုး၊ ဖြေဆိုသူက “ရှိတာပေါ့ဗျာ၊ မူဆလင်တွေက ကိုးန၀င်းပရိယတ္တိစာသင်တိုက်ကို မီး (တုတ်)နှင့်လှမ်းပြစ်လိုက်တဲ့အခါမှာ အနီးမှာရှိတဲ့ ဦးမျိုးအောင် အိမ်ပေါ်ကျပြီး ၀ိုင်းငြိမ်းလိုက်ရတယ် … စသည်ဖြင့် ဖြေကြားတဲ့အခါမျိုးမှာ “ဘာ့ကြောင့် ဘုန်းကြီးကျောင်းကို သူတို့က မီးနှင်ရှို့ချင်ရတာလဲ” စတဲ့စကားမျိုးကို မမေးလိုတော့ပဲ တခြားဖြစ်ရပ်ကို ချက်ချင်းပြောင်းပြီး မေးမြန်းလိုက်ခြင်းမျိုးတွေဟာ သိသာထင်ရှားလွန်းနေပါတယ်။ ဘာပဲဖြစ်ဖြစ် သတင်းလွင့်သူများက မသုံးသင့်တဲ့ စကားလုံးမျိုးကို သုံးစွဲ လိုက်ခြင်းဟာ မလိုအပ်တဲ့အကျိုးသက်ရောက်မှုများကို များစွာ ဖြစ်ပွားသွားစေနိုင်ခြင်းပါ။

            တကယ်တော့ ဒီအချိန်မျိုးမှာ သုံးစွဲသင့်တဲ့စကားမျိးတွေက – “ဘာသာရေး အဓိကရုဏ်းတွေ”ဆိုတဲ့ အသုံးအနှုံးမျိုးကို သုံးစွဲမည့်အစား “အပြန်အလှန် အကြမ်းဖက် တိုက်ခိုက်မှုတွေ” စတဲ့ စကားမျိုးဟာ မျှတပြီး ပြဿနာကို နည်းပါးစေနိုင်တယ်လို့ ယုံကြည်မိခြင်းပါ။ အဘယ်ကြောင့်ဆိုသော်  အချင်းချင်း အမုန်းတရားတွေ ပွားနေတဲ့အချိန်မှာ အမုန်းတရားကို ပိုပြီးတိုးပွားစေနိုင်တဲ့ “ဘာသာရေး အဓိကရုဏ်းတွေ”ဆိုတဲ့ အသုံးအနှုံး မျိုးတွေကို ရှောင်ရှားနိုင်သမျှရှောင်ရှားပြီး ဖြစ်ပေါ်နေတဲ့ လူမှုရေးအဓိကရုဏ်းကို ငြိမ်းအေးအောင်  မီဒီယာများ အနေနှင့် ပါဝင်ကူညီဖြေရှင်းပေးသင့်ခြင်းမျိုးကို ပြုလုပ်ပေးသင့်ခြင်းပါ။

ဒီလိုမှမဟုတ်ဘဲ လင်မယားရန်ဖြစ် တာကအစ ဖြစ်ပေါ်လာတဲ့ဘယ်ပြဿနာမျိုးကိုမဆို “ဘာသာရေး အဓိကရုဏ်း”ဆိုတဲ့ အသုံးအနှုံးမျိုးကို တွင်တွင်သုံးနေကြဦးမည်ဆိုလျှင် ပြည်သူလူထုတွေအကြားမှာ နွေးထွေးတဲ့မေတ္တာတရားတွေကို ရှင်သန် အောင် မပြုနိုင်တော့ပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်းကူးပြောင်းရေးဟာ ကြန့်ကြာနေဦးမည်မှာ သေခြာ နေခြင်းပါ။  

            ဒီအခြေအနေတွေကို သတိထားမိတော်မူတဲ့ သပိတ်အိုင်ဆရာတော်ကြီးက – လူမှုရေးကိစ္စ အသေး အမွှားလေးကနေ ဘာသာရေးမငြိမ်သက်မှုတွေအထိ ရောထွေးစွာ မဖြစ်စေကြဖို့နဲ့၊ လူမှုရေးအသွင်ကို ဘာသာ ရေးအသွင်သို့ ရောက်အောင် မလှုန့်ဆော်ကြဖို့ကို တိုက်တွန်းထားခြင်းပါ။ နောက်ပြီး အိမ်ရှင်နဲ့ ဧည့်သည်ဟာ အိမ်ရှင်ကလဲ အိမ်ရှင်ဝတ်နဲ့ ကျေကျေပွန်ပွန် ဧည့်သည်တွေကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံ လက်ခံလို့၊ ဧည့်သည်တွေကလည်း အိမ်ရှင်ရဲ့ အိမ်ပေါ်မှာ အိမ်ရှင်ကို ဒုက္ခမပေးဖို့နဲ့ အိမ်ရှင်ကို ပြစ်မှား  စော်ကားခြင်း၊ ရိုက်နှက်လုယူခြင်းမျိုးတွေကို ပြုလုပ်ဖို့ မကြိုးစားသင့်ကြောင်း-စတဲ့ လေးနက်တဲ့ သြ၀ါဒ တော်များကို ပြောကြားခဲ့ခြင်းပါ။ ဆရာတော်ရဲ့မေတ္တာစေတနာတို့ဟာ တိုင်းပြည်တွင်းမှာ အတူနေထိုင်ကြတဲ့ တိုင်းရင်းသားများအားလုံး တစ်ဦးကိုတစ်ဦး အမြင်တွေရှင်းပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး နေနိုင်ကြဖို့ တိုက်တွန်းထားခြင်းပါ။  

            လူမှုရေးအသွင်ဟာ ဘာသာရေးအသွင်သို့ ကူးပြောင်းသွားခဲ့မည်ဆိုလျှင် မြို့ရွာအသီးသီးသို့ ဒေါသ မီးတွေ လောင်စွဲသွားနိုင်ပြီး၊ ဘယ်သောအခါမှ ငြိမ်းလို့မရနိုင်အောင် ဖြစ်သွားနိုင်ခြင်းပါ။ ဒေါသမီးကြောင့် လောင်စွဲသွားတဲ့ မြို့တွေ၊ ရွာတွေကို အသိတရားနှင့်ယှဉ်၍ ရှုမြင်သုံးသပ်ကြည့်ကြပါ။ အသွင်းကူးပြောင်းဆဲ ကာလမှာ အိမ်တစ်လုံးဖြစ်လာနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမျိုးမဟုတ်ပါ။ သေးငယ်တဲ့လူမှုရေးကိစ္စကို အခြေ ပြုပြီး ထစ်ကနဲ့ဆို အိမ်တွေကို မီးရှို့၊ ထစ်ကနဲဆို မြို့ရွာတွေကို မီးရှို့၊ ဒါမျိုးတွေကို ဆက်လက်လုပ်ဆောင် နေကြမည်ဆိုလျှင် ပြည်တွေသာ ဆင်းရဲတွင်း နက်သထက်နက်နေမှာဖြစ်ပြီး မည်သူမျှ အကျိုးရမည်မဟုတ်ပါ။ နိုင်ငံအတွက်လည်း ကျေးဇူးမပြု၊ လူမျိုးအတွက်လည်း ကျေးဇူးမများတဲ့ ဒီလိုလုပ်ရပ်တွေကို ရပ်တန်းက ရပ်နိုင်ကြဖို့ပါ။


သံသယမီးတောက်များ

            ထစ်ကနဲဆို ဆန္ဒပြ၊ ထစ်ကနဲဆို လမ်းပေါ်တက်၊ ထစ်ကနဲဆို အုပ်စုဖွဲ့၍ ရန်ဖြစ်၊ ထစ်ကနဲဆို မြို့ရွာတွေကို မီးရှို့နေခြင်းမျိုးတွေဟာ တိုင်းသူပြည်သားများရဲ့ အသိတရားများနည်းပါးခြင်း၊ ပညာရေးအဆင့် အတန်းများ နိမ့်ကျနေခြင်း၊ အချင်းချင်း တွေ့ဆုံးဆွေးနွေးခွင့်များကို မရရှိခြင်း စသောအကြောင်းများဟာ မူလအကြောင်းများ ဖြစ်နေခြင်းပါ။ ထို့ကြောင့် ဖြစ်နိုင်လျှင် နိုင်ငံတော်မှ ကြီးမှူး၍ သို့မဟုတ် အသင်းအဖွဲ့များမှာ ကြီးမှူး၍ ဘာသာရေးတွေ့ဆုံဆွေးနွေးပွဲများ၊ လူမှုရေးတွေ့ဆုံဆွေးနွေးပွဲများကို မကြာမကြာ ပြုလုပ်ပေး နိုင်ကြဖို့ပါ။ 


       အသိတရားရှိသူသည် ကိုယ့်ကိုယ်ကိုလည်း အသိတရားဖြင့် ကာကွယ်စောင့်ရှောက်နိုင်၏။ အများကိုလည်း သတိတရားဖြင့် ကာကွယ်စောင့်ရှောက်နိုင်၏။ ပညာတတ်သောသူသည် လူ့ဘ၀၏ တန်ဖိုးကို မြတ်နိုးတတ်၍ ကိုယ်တိုင်လည်း အပြစ်ပြုရမှာကို ကြောက်ရွံ့တတ်၏။ သူများအပေါ်၌လည်း အပြစ်ပြုရာမှာကို ထိတ်လန့်တတ်၏။ ထိုထိုအသိတရားရှိတဲ့ လူမျိုးတွေ တိုင်းပြည်တွင်းမှာ များများပေါ်ပေါက်လာနိုင်ဖို့ ပညာရေးအဆင့်အတန်းများကို ပူးပေါင်း၍ မြှင့်တင်ပေးနိုင်ကြဖို့ပါ။    

            တကယ်ဆိုလျှင် စာရေးသူတို့တတွေဟာ ဒေါသမီးကြောင့် လောင်ကျွမ်းသွားတဲ့ အိုးအိမ်တွေ၊ အ၀ိဇ္ဇာ (အမှန်မသိလို့ မိုက်မဲခြင်း) မီးကြောင့် ခံစားနေရတဲ့ သောကဒဏ်ရာတွေကို ကုစားနိုင်ဖို့ မေတ္တာလက်ဖြင့် အစားအစာများကို ပေး၍။ ကရုဏာလက်ဖြင့် (ကျရောက်နေတဲ့) အန္တရာယ်များကို ကာကွယ်ပေးရမဲ့ အချိန်အခါမျိုးပါ။ ပြည်သူ၊ ပြည်သားတွေဟာ ဖြစ်ရပ်မှန်ကို မသုံးသပ်မဆင်ခြင်နိုင်ဘဲ အလားတူ ဖြစ်ပေါ် လာနိုင်သေးတဲ့ ဖြစ်ရပ်မျိုးတွေကို ဆက်လက်ပြီး မဖြစ်ရလေအောင်၊ အမှောင်နှင့်တူတဲ့ မောဟ (အသိကင်းတဲ့ မိုက်မဲတွေဝေခြင်း)နှင့် အလင်းနှင့်တူတဲ့ ပညာ (အသိပါတဲ့ ပညာအလင်း) တို့ရဲ့ ခြားနားချက်များကို သဲသဲကွဲကွဲ သိနားလည်စေလိုသောစေတနာဖြင့် ဒီဆောင်းပါးကို ရေးသားရခြင်းပါ။

            တရားသဘောအရ သုံးသပ်ပြောဆိုရလျှင် လောကမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာအရပ်ရပ်တွေအတွက် လူတွေဟာ မူလတရားခံတွေမဟုတ်ကြပါ။ မူလတရားခံက လူတွေရဲ့သန္တာန်မှာ ဖြစ်ရှိနေတဲ့ အတ္တမာန တရားဆိုးတွေပါ။ မြိရွာတွေ မီးဟုန်းဟုန်း တောက်လောင်ခဲ့ရတဲ့အတွက် တကယ်တမ်း အပြစ်ရှိနေတာက ဘာသာတရားတွေမဟုတ်ပါ။ ဘာသာတရားတွေကို အစွန်းရောက်ယုံမှားနေတဲ့ ဒိဋ္ဌုပါဒါန်တရား ဆိုးတွေ ကြောင့်ပါ။

            ထို့ကြောင့် ဖြစ်ပြီးတဲ့ကိစ္စတွေအတွက် ဘယ်သူ့ဘယ်သူကိုမှ အပြစ်မတင်ကြပဲ မီးဘေးကြောင့် ဒုက္ခရောက်နေသူများကို တတ်အားသမျှ အကူအညီတွေကို ပေးနိုင်ကြဖို့ပါ။ အစွန်းရောက်နေတဲ့ အတွေးအခေါ် အယူအဆတွေကို သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက ဘုရားအလိုတော်ကျပဲဖြစ်ဖြစ်၊ ထာဝရ ဘုရားသခင်ရဲ့ အမိန့်အာဏာတော်ကြောင့်ပဲဖြစ်ဖြစ် တရားရေစင်များဖြင့် ဆေးကြောပေးနိုင်ကြဖို့ အလေး အနက်ထား၍ တိုက်တွန်လိုခြင်းပါ။ စစ်မှန်သော မေတ္တာတရားဖြင့် ပြည်သူတွေရဲ့ဘ၀တွေ ချမ်းသာသုခနှင့် ပြည့်စုံနိုင်ကြပါစေ။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ လုံခြုံအေးချမ်းနိုင်ကြပါစေ။ မိမိကိုယ်တိုင်က ဒီဆုလာဘ်ကို ကိုယ်စားပြု တောင်းဆိုနေသော်လည်း ဒီဆုလာဘ်ဟာ ဘာသာဝင်တိုင်း တောင်းဆုယူလိုသော ဆုတောင်းများသာ ဖြစ်လိမ့်မည်ဟု ယုံကြည်နေမိခြင်းပါ။    


အသိတရား၊ မေတ္တာတရား …  ဥပဒေတရား

            စပ်မိလို့ မေးပါရစေ။ ဘ၀တစ်ခုမှာ ဘယ်အရာဟာ အရေးအကြီးဆုံးလဲလို့ မေးလာခဲ့ရင် … ။ အဖြေကား ထောင်သောင်းမက ရှိကောင်းရှိလာနိုင်ခြင်းပါ။ မေတ္တာငတ်နေသူအတွက် မေတ္တာတရားသည် အရေးကြီးဆုံး အရာပါလို့ ဖြေကောင်းဖြေနိုင်သော်လည်း အစာငတ်နေသူအတွက်တော့ အစားရေစာဟာ အရေးအကြီးဆုံး အရာပါလို့ ဖြေမှာသေချာနေခြင်းပါ။ အမေနှင့် နှစ်ရှည်လများစွာ ကွဲကွာနေသူအတွက်တော့ အမေဟာ သူ့ဘ၀အတွက် အရေးအကြီးဆုံးအရာ၊ အဖေနှင့် ကွဲကွာနေသူအတွက်တော့ အဖေဟာ ဘ၀အတွက် အရေးအကြီးဆုံး အရာဆိုတာ  ထင်ရှားနေခြင်းပါ။ သို့သော် ဒေါသခက်ထန်နေသူ တစ်ယောက် အတွက် အရေးအကြီးဆုံးအရာဟာ ဘာဖြစ်နိုင်မလဲဆိုတဲ့အဖြေကိုတော့ ၀ိုင်းဝန်းစဉ်းစားပေးနိုင်ကြဖို့ပါ။  

            တကယ်တော့ လောကကြီးထဲမှာ နေသူအားလုံးဟာ လူခြင်းတူပေမဲ့ အမြင်ချင်းကတော့  ဘယ်သော အခါမှ တူညီနိုင်မည်မဟုတ်ပါ။ မတူညီတဲ့ အမြင်ရှိသူတွေ လောကကြီးထဲမှာ စုပေါင်းပြီ အတူနေကြရတဲ့ အခိုက်မှာ တစ်ဦးနှင့်တစ်ဦး အမုန်းတရားတွေပွားနေမဲ့အစား အချင်းချင်းမေတ္တာတရားများ ထားနိုင်အောင် ကြိုးစားနိုင်ကြဖို့ပါ။ တစ်ယောက်ရဲ့အကျိုးစီးပွားကို တစ်ယောက်က ဖျက်ဆီးပစ်ချင်တဲ့ ဒေါသမီးတွေနဲ့ လောင်မြိုက်ခံနေရမဲ့အစား ရေစင်နှင့်တူတဲ့ မေတ္တာတရားနှင့် အချင်းချင်းရဲ့ ဒေါသမီးတွေကို အတူငြိမ်းသတ် ပေးနိုင်ကြဖို့ပါ။ တစ်ယောက်ကောင်းစားတာကို တစ်ယောက်က မနာလို၊ ၀န်တိုစိတ် (ဣဿာ မစ္ဆရိယ) နှင့် မကြည်ဖြူနိုင်ဘဲ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခတွေကို ဖြစ်နေကြမဲ့အစား သူတော်စင်တို့ရဲ့နှလုံးသားနှင့် အားလုံးကို သည်းခံခွင့်လွတ်နိုင်အောင် ကြိုးစားနိုင်ကြဖို့ပါ။ ထိုကဲ့သို့သော ကြိုးစားမှုမျိုးသည် အားလုံးအတွက် အကောင်း အမွန်တွေဖြစ်လာနိုင်ပြီး၊ မေတ္တာရဲ့အကျိုးကျေးဇူးတရားတွေကို သိလာတဲ့အချိန်မှာ အာလုံးက မေတ္တာတရားကို ကြိုဆိုလာကြမှာပါ။ ဘာကြောင့်လဲဆိုရင် မေတ္တာတရားဟာ ဘာသာတရားတိုင်းရဲ့ အနှစ်ချုပ်တရားလို့ ဆိုနိုင်လို့ပါ။

            တရားရဲ့ဆန့်ကျင်ဘက်ဟာ မတရားမှုများကို ပြုလုပ်နေခြင်းပါ။ မတရားတဲ့အမှုမှာ တရားသဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူများကို မပါဝင်စေသင့်ပါ။ တစ်စုံတစ်ယောက်သောသူမှာ ဒီလိုအသိတရားများ ရှိနေတဲ့အခါ အသိတရားနှင့် အေးအေးချမ်းချမ်း နေတဲ့သူကို လေးစားနေတတ်ခြင်းပါ။ သို့သော် အသိတရားက ကင်း၊ ဆင်းရဲခြင်းတရားကနှိပ်စက်၊ တွေဝေမှုတရားက အမှန်ကိုဖုံးကွယ်၊ မိမိပြုလိုတဲ့အရာကို မျက်ကွယ်ပြု လာပြီဆိုရင်တော့ “ငါ့လှေငါထိုး ပဲခူး(ပဂိုး)ရောက်ရောက်”ဆိုတဲ့ လူတွေနဲ့ ဒီလောကကြီးဟာ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းသာယာ ရှိနိုင်တော့မှာလဲ။ ထို့ကြောင့် ထာဝရငြိမ်းချမ်းစွာ အတူယှဉ်တွဲပြီး အတူတကွနေထိုင်နိုင် ဖို့အတွက် မေတ္တာသည်သာ မြတ်နိုးဖွယ်ရာ အစစ်ဖြစ်ကြောင်း ထပ်လောင်း၍ ပြောနေရခြင်းပါ။ မေတ္တာရိပ် အောက်မှာ အားလုံး ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။


ဒေါက်တာဓမ္မပိယ (ITBMU)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ဒေါက်တာဓမ္မပီယ

One Response to မေတ္တာရိပ်မှာ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ (Ashin Dhamma Piya)

  1. true talker on March 24, 2013 at 7:47 pm

    Although, I am not a Buddhist But, I appreciate your kind and wise,article,which means to non Buddhist believers,who had born and lived for more than many centuries ago,about to days problems in Burma,which are means intentionally and well prepared arrangement to create by based on jealous and hatred minded.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်