ချင်းအမျိုးသားနေ့ဆိုင်ရာ ဖော်ပြချက် အမှားများ

April 3, 2013

ချင်းအမျိုးသားနေ့ဆိုင်ရာ ဖော်ပြချက် အမှားများ

အမ်း(မ်)လောင်ရွှီ၊ ဧပြီ ၃၊ ၂၀၁၃

ချင်းအမျိုးသားနေ့နှင့် ပတ်သက်၍ စာမူတပုဒ် ရေးသားတင်ပြခွင့်ရခဲ့သည်။ လိုရင်းကို အချုပ်ဆိုရသော် ချင်းအမျိုးသားနေ့ကျင်းပခွင့်ကို အများပြည်သူတို့ အေးအေးချမ်းချမ်း တင်ပြခွင့်တောင်းခဲ့စဉ်က ခွင့်ပြုသင့်ပါလျက် CNF လို လက်နက်ကိုင်အဖွဲ့အစည်းက တင်ပြခွင့်တောင်းပါမှ ခွင့်ပြုခဲ့ခြင်းသည် လက်နက်ကိုင်၍ စကားပြောမှ အဆင်ပြေနိုင်သည်ဟု ထင်မှတ်မှားနိုင်သဖြင့် စိုးရိမ်မိကြောင်း ဆိုလို၏။

ချင်းအမျိုးသားနေ့နှင့် ပတ်သက်၍ ပြည်တွင်းထုတ်ဂျာနယ်များတွင်၎င်း၊ အင်တာနက်ဝက်ဆိုက်များတွင်၎င်း၊ သတင်းပုံစံဖြင့် ဖြစ်စေ၊ အင်တာဗျူးပုံစံဖြင့်ဖြစ်စေ ရေးသားဖော်ပြချက်များ ဖတ်ရှုရသည်။ မသိမသာ လွဲချော်မှုများ၊ မှားယွင်းမှုများ တွေ့ရှိရသဖြင့် သိမြင်မှတ်သားမိသမျှ ထောက်ပြဆွေးနွေးလိုပါ၏။

အချို့က ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ချင်းအမျိုးသားနေ့သည် ချင်းစော်ဘွားများ၏ မြေရှင်ပဒေသရာဇ်အုပ်ချုပ်ရေးကို ဖြုတ်ချခဲ့သော နေ့မှ ပေါက်ဖွားလာခဲ့ကြောင်း ပြောဆိုရေးသား တင်ပြကြသည်။ လုံးဝမှားယွင်းသည်ဟု မဆိုနိုင်သော်လည်း ရာနှုန်းပြည့်မှန်ကန်သည်ဟု မဆိုနိုင်ပါ။ သမိုင်းမှတ်တမ်းများကို စနစ်တကျပြန်လည် လေ့လာဆန်းစစ်၍ ယထာဘူတာကျကျ သုံးသပ်တင်ပြရန် အရေးကြီးပါသည်။ ချင်းတမျိုးသားလုံးဆိုင်ရာ စာပေနှင့် ယဉ်ကျေးမှု ကော်မီတီလိုမျိုး ဖွဲ့စည်း၍ ဆောင်ရွက်သင့်သည်ဟု ယူဆပါသည်။

ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းသည် ဗြိတိသျှတပ်တွင် ရှိစဉ်က လုပ်ဖော်ကိုင်ဖက်ချင်းအချို့နှင့် အတူ ချင်းအမျိုးသားများ ပညာရည်မြှင့်တင်ရေးအဖွဲ့ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်ဟု အချို့မှတ်တမ်းများက ဆိုသည်။

ဦးဝမ္မသူးမောင်း ဦးဆောင်သော ချင်းတောင်ညီညွတ်ရေးအဖွဲ့ဝင်များနှင့် ချင်းပြည်သူတို့ နယ်ချဲ့ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် အုံကြွခဲ့သော ဖြစ်စဉ်နှင့် ဖမ်းဆီးခံရသော ဖြစ်စဉ်တို့သည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့နှင့် ပတ်သက်နေပြန်သည်။

လွတ်လပ်ရေးရပြီးနောက် တိုက်သူကြီးများ အုပ်ချုပ်ရေးကို ရပ်ဆိုင်း၍ အများပြည်သူတို့က ရွေးကောက်တင်မြှောက်သော အုပ်ချုပ်ရေးကို ကျင့်သုံးရန် တခဲနက် အတည်ပြုသော နေ့ရက်သည်လည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့ပင် ဖြစ်သည်။

အထက်ပါအကြောင်းအရင်း ၃ ချက်ကို ရှေ့မီနောက်မီ ပုဂ္ဂိုလ်များ မကြာခဏရေးသား တင်ပြခဲ့ကြ၏။

နာမည်ကျော် စာရေးဆရာ သိန်းဖေမြင့်က ချင်းတောင်ဒေသ အနှံအပြားသို့ ခရီးထွက်၍ ခရီးသွားဆောင်းပါးများကို သတင်းစာတွင် ရေးခဲ့သည်။ ထိုဆောင်းပါးများကို စုစည်း၍ စာအုပ်ထုတ်ခဲ့သည်။ ရောင်းအားလည်း ကောင်း၍ ဆုလည်း ရခဲ့သည်။ စာအုပ်အမည်က “၀ိသေသတိုင်း၊ သမိုင်းအစ …”။

ချင်းတို့၏ သမိုင်းသည် ယခုမှ အစပဲ ရှိသေးသည်ဟု ဆိုလိုဟန် တူပါသည်။ ချင်းတောင်တန်းတွင် မျိုးနွယ်စုခေါင်းဆောင်များဖြင့် နေထိုင်လာခဲ့ကြသည်။ မြေပိုင်ရှင်ဖြစ်သော မျိုးနွယ်က သီးစားခပေးရန် မလို။ မြေပိုင်ရှင် မဟုတ်သော မျိုးနွယ်က မြေပိုင်ရှင်မျိုးနွယ်များအား တောင်ယာထွက်သီးနှံ၏ ၁၀ ပုံ ၁ပုံ ကို သီးစားခအဖြစ် ပေးအပ်ခဲ့ရသည်။ သားကောင်ကို မိလျင် ရှေ့ပေါင် ၁ ဖက် သို့မဟုတ် သတ်မှတ်သော အစိတ်အပိုင်းကို မြေရှင်တို့အား ပေးအပ်ရသည်။

မြေပိုင်ရှင်တို့သည် မိမိတို့မြေအတွက် ခုခံကာကွယ်ရသည်။ တိုက်မြေ ခိုက်မြေ Fighting Land အတွက် တိုက်ခိုက်ကြ၏။ မြေပိုင်ရှင်တို့သည် အခြားမြေကို ကျုးကျော်သိမ်းပိုက်နိုင်ရန် တိုက်ခိုက်ကြလေ့ရှိသည်။ မြေပိုင်ရှင်မဟုတ်သူတို့သည် ခုခံကာကွယ်ရေးအတွက် ဖြစ်စေ၊ ကျုးကျော်သိမ်းပိုက်ရေးအတွက် ဖြစ်စေ ဘာတာဝန်မျှ မရှိပေ။ အသက်သွေးချွေး ၀င်ရောက်စတေးရန် မလိုပေ။ များသောအားဖြင့် မြေပိုင်ရှင်မျိုးနွယ်တို့သည် ခုခံကာကွယ်ရေးအတွက် ပြင်ဆင်ထားနိုင်ကြ၍ ကျုးကျော်သူတို့ နည်းပါးလာကာ သာယာအေးချမ်းသော ကာလများသည် များခဲ့ပါသည်။

မြေပိုင်မဟုတ်သူတို့မှာလည်း တောင်ယာခုတ်၊ အမဲလိုက်၍ ၁၀ % ခန့်ကို မြေပိုင်ရှင်တို့အား ပေးအပ်လိုက်ရုံ၊ အရိုအသေပေးရုံဖြင့်  ကိစ္စပြီးသွားတော့သည်။ ကျေးကျွန်သဘောမျိုး လုံးဝမရှိပေ။ မြေပိုင်မျိုးနွယ်နှင့် မြေပိုင်မဟုတ်သူတို့မှာ သားပေးသမီးယူ ဆက်နွယ်မှုများပင် ရှိသည်။ ဖခင်၏ မျိုးနွယ်ဖက်သို့ လိုက်ပါရသဖြင့်သာ ညီအကို တ၀မ်းကွဲတို့မှာ မျိုးနွယ်မတူကြခြင်း ဖြစ်သည်။

အချို့သော ချင်းပြည်နယ်မြောက်ပိုင်းရှိ မြေရှင်တို့မှာမူ အာဏာသြဇာကြီးမားလာပြီး စော်ဘွားအငယ်စားတမျှ ဖြစ်လာသည်ဟု ကြားရ၏။ သို့သော် သူ့အရပ် သူ့ဇာတ် အဆင်ပြေနေပုံရသည်။ ဆိုလိုသည်မှာ လူထုက အုံကြွတော်လှန်ရလောက်သော ဖိနှိပ်မှုများ ရက်စက်မှုများ မရှိခဲ့ပေ။

လွတ်လပ်ရေးရလာသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာခဲ့ရာ ချင်းတောင်တန်း အစဉ်အဆက်က လက်ခံကျင့်သုံးခဲ့ကြသော မျိုးနွယ်စဉ်ဆက်အလိုက် မြေပိုင်ရှင်များက လွှမ်းမိုးချုပ်ကိုင်မှုကို ဖြေလျော့ပေးဖို့ လိုအပ်လာသည်။ ထိုလိုအပ်ချက်အရ မြေပိုင်ရှင်များက အာဏာစွန့်ခဲ့သည် ဆိုသော်လည်း ဒီမိုကရေစီစနစ်အရ ရွေးကောက်တင်မြှောက်သောအခါတွင်လည်း အများပြည်သူတို့က သိရှိကြည်ညို သဘောတူသဖြင့် ထိုမြေပိုင်ရှင်များကသာ များသောအားဖြင့် ပြန်လည်ရွေးကောက်ခံကြရသည်။ ဥပမာအားဖြင့် သက်တမ်း အကြာရှည်ဆုံး ချင်းရေးရာဝန်ကြီး လုပ်သွားသူ ဦးဇာဟရဲလျှံ မှာ စော်ဘွားသားတဦး ဖြစ်သည်။

မြေပိုင်ရှင်လည်း ချင်း၊ အများပြည်သူလည်း ချင်း ဖြစ်၍ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာခြင်းသည် မြေပိုင်ရှင်များကို ဖြုတ်ချ၍ အာဏာသိမ်းသော အထိမ်းအမှတ်ဟု မဆိုနိုင်ပေ။ ထိုကိစ္စနှင့် ပတ်သက်၍ ချင်းလူကြီးတဦး ပြောခဲ့သော စကားမှာ မှတ်သားဖွယ် ဖြစ်သည်။

“တို့ချင်းတွေဟာ ဒေသန္တရစကားလည်း အမျိုးမျိုး ကွဲတယ်။ နေတဲ့ နေရာဒေသကလည်း အနှံအပြား၊ ပြည်နယ်မှာရော ပြည်နယ်ပြင်ပမှာရော …။ လူဦးရေနည်းတဲ့ ချင်းလူမျိုးတွေ မပျောက်ဖို့ အချင်းချင်း စည်းလုံးညီညွတ်ဖို့ လိုတယ်။စာပေနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ဖို့ လိုတယ်။ ဒါတွေ လုပ်နိုင်ဖို့ စုရပ် သဘောမျိုး လိုတယ်။ ချင်းအမျိုးသားနေ့ဟာ စုရပ်သဘောမျိုးပဲ။ တခုသော နေ့ရက်ကိုတော့ ချင်းအမျိုးသားနေ့လို့ သတ်မှတ်ရလိမ့်မယ်။ ဒါကြောင့် အဆင်ပြေသင့်တော်တဲ့ နေ့ကို သတ်မှတ်လိုက်ရတာပဲလို့ ငါ ယူဆတယ်။ ဥပမာ မြန်မာနိုင်ငံရဲ့ အမျိုးသားနေ့ကို သတ်မှတ်ဖို့ စဉ်းစားတဲ့အခါ ပါတော်မူနေ့ကို အချို့က တင်ပြခဲ့ကြသေးတယ်။ နေစရာလိုလို့ အိမ်ဆောက်ကြတာပါ။ အိမ်က ဘွားကနဲပေါ်လာလို့ သွားနေကြရတာ မဟုတ်ဘူး။ အဲဒါလေး သဘောပေါက်ဖို့ လိုတယ်”။

အချို့သော ဂျာနယ်များတွင် ၁၉၆၂ ခုနှစ်မှ စ၍ ယခုထိ ချင်းအမျိုးသားနေ့ကို ပိတ်ပင်ခဲ့သယောင်ယောင် ရေးသားကြသည်။ လမ်းစဉ်ပါတီခေတ်က အချို့သောနှစ်များတွင် ခွင့်ပြုမှုများ ရှိခဲ့သည်။ ချင်းပြည်နယ်အတွင်းတွင်ကား မည်သည့်နှစ်များက ခွင့်ပြုခဲ့သည်ဟု တိတိကျကျမသိရှိရသော်လည်း ပြည်နယ်ပြင်ပရှိ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့များတွင် နှစ်အတော်များများ ခွင့်ပြုခဲ့သည်မှာ ကျနော့် ကိုယ်တွေ့ပင် ဖြစ်ပါသည်။

မြို့ကြီးအသီးသီးရှိ ချင်းတိုင်းရင်းသားများ၊ စာပေနှင့် ယဉ်ကျေးမှုကော်မီတီ (ခစယ) (တက္ကသိုလ်များ၊ ရန်ကုန်) က ဦးဆောင်၍ ချင်းအမျိုးသားနေ့ကို ကျင်းပလေ့ရှိသည်။ အထိမ်းအမှတ်မဂ္ဂဇင်းများကိုလည်း အခါအားလျော်စွာ စာပေစိစစ်ရေး၏ ခွင့်ပြုချက်ဖြင့် ထုတ်ဝေနိုင်ခဲ့သည်။ ဒေါက်တာ လျှံမှုန်းဆာခေါင်း သည် ခ.စ.ယ အတွင်းရေးမှူး၊ ထုတ်ဝေသူများအနက် တဦး ဖြစ်ခဲ့ဖူးသည်။

န၀တ၊ နအဖ လက်ထက်တွင်လည်း အစောပိုင်းနှစ်များတွင် ရန်ကုန်မှာ ကျင်းပခွင့်ရခဲ့သည်။ ၁၉၉၈ ရွှေရတု ချင်းအမျိုးသားနေ့ကို စမ်းချောင်းပဒုမ္မာကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခွင့်ရခဲ့ပြီး ရွှေရတု ချင်းအမျိုးသားနေ့ မဂ္ဂဇင်း ထုတ်ဝေနိုင်ခဲ့သည်။ ကျနော့်စာမူတပုဒ်လည်း ဖော်ပြခွင့် ရခဲ့ပါသေးသည်။ ထိုရွှေရတုပွဲသို့ ဆရာ ရီယန်းဗဲလ်၏ သူငယ်ချင်း စင်ရော်မောင်မောင်နှင့် မေသန်းနုတို့လည်း တက်ရောက်ခဲ့သည်။ ၁၉၉၈ နော်ပိုင်တွင် ကျင်းပခွင့် ရပ်သွားဟန်တူ၏။

နယ်မြို့အချို့တွင် ချင်းအမျိုးသားနေ့ကို ၂၀၁၀ ပတ်ဝန်းကျင်များမှာ ကျင်းပခွင့် ရခဲ့ပါသည်။ ဥပမာ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ အရှိုချင်းကျေးရွာ ၃၁ ရွာ စုစည်း၍ ချင်းအမျိုးသားနေ့ ကျင်းပလာခဲ့သည်။

ချင်းပြည်နယ် ပြင်ပတွင် ခွင့်ပြုလိုက်၊ ပြန်ပိတ်လိုက် ဖြစ်နေခဲ့သည်မှာ အကြိမ်ပေါင်း မနည်းတော့ပေ။ အချို့သောနှစ်များတွင် ပေါက်ပေါက်ရောက်ရောက်ပုဂ္ဂိုလ်က တာဝန်ခံလျင် ခွင့်ပြုတာမျိုးလည်း ရှိသေး၏။ အချို့သော နှစ်များတွင်မူ ဘယ်သူက တာဝန်ခံခံ၊ ဘယ်လိုမှ မရပေ။ အချို့သောနှစ်များတွင် ယခင်နှစ် မူးပြီး ရန်ဖြစ်လို့ ခွင့် မပြုနိုင်ပါ ဆိုတာမျိုးလည်း ရှိသေး၏။

ချင်းအမျိုးသားနေ့ကို ဒီမိုကရေစီရေးနှင့် ထပ်တူပြုသူလည်း ရှိသည်။ ထပ်တူ ကျမကျ ဆိုတာ သမိုင်းက သက်သေခံပါလိမ့်မည်။ သေချာတာတခုကတော့ ဘယ်ခေတ် ဘယ်စနစ်တွင် ဖြစ်ဖြစ် ချင်းလူမျိုးများ အဓွန့်ရှည်စွာ သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့ပဲ အရေးကြီးသည်။

မြေရှင်ပဒေသရာဇ်ခေတ်၊ အာဏာရှင်ခေတ်၊ အရင်းရှင်ခေတ်၊ ဒီမိုကရေစီခေတ် … ဘယ်ခေတ်မှာမဆို လူမျိုးညံ့လျင် အောက်ကျနောက်ကျ ဖြစ်မည်။ လူမျိုးတော်လျင် ခေါင်းမော်နိုင်မည်။ ဒီမိုကရေစီစနစ်သည် မီးနှင့်တူသည်ဟု ကျနော်ထင်သည်။ သုံးတတ်လျင် အသုံးဝင်မည်။ မသုံးတတ်လျင် ဆုံးရှုံးမည်။

(ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဆလိုင်းရမ်လိန်မှုန်း (ကွယ်လွန်) အား သတိရလျက်)

အမ်း(မ်) လောင်ရွှီ (မတ် ၂၊ ၂၀၁၃)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်