ဖွတ်ကလေးနှင့် နိုင်ငံဂျားမှ ဆရာဝန်ဂျီးများ ရွာတော်ပြန်အရေး

April 10, 2013

အီကြာအော်
ဧပြီ ၁၀၊ ၂၀၁၃
ခက်သေးရွာ၊ ယုန်ကန်ဆေးရုံကြီးတွင် ဆေးရုံစောင့်အလုပ် လုပ်နေသော တပည့်ကျော် ဖွတ်ကလေးတစ်ယောက် ရှုးရှုးရှဲရှဲဖြင့် သူ့ဆရာ အီကြာအော်ဆီသို့ အပြေးအလွှား ရောက်လာလေတော့သည်။ ဖွတ်ကလေးတစ်ယောက် တော်တော် ဒေါဖောင်းနေပုံရသည်။ အီကြာအော်လည်း ဖွတ်ကလေး ဤသို့ ဒေါသ ထွက်သည်ကို မြင်ခဲသဖြင့် အတော်ကို အံ့သြမိတော့သည်။

 

“ဟေ့ကောင် ဖွတ်ကလေး မင်းမျက်နှာက မည်းလို့ပါလား၊ အိုးမဲတွေများ ပေနေသလား မသိဘူး”

 

အီကြာအော်က နောက်သည်ကို မသိသော ဖွတ်ကလေးက သူ့မျက်နှာသူ လက်ဖြင့် ပွတ်လေတော့သည်။

 

“ငါက အလကားနောက်တာပါ ဖွတ်ကလေးရယ်၊ မင်းမျက်နှာက ပုတ်သိုးနေပါလား၊ ဘာဖြစ်လာတာလည်းကွ”

 

“ကျွန်တော်တို့ ယုန်ကန်ဆေးရုံကြီး တစ်ခုလုံး မကျေနပ်ကြဘူး ဆရာအော်”

 

ဖွတ်ကလေးက စိတ်ဆိုးနေသော လေသံဖြင့် အီကြာအော်ကို ပြန်၍ဖြေလေ၏။

 

“ဘယ်သူ့ကို မကျေနပ်ကြတာလည်းကွ”

 

“သူကြီးပြောတာကိုပေါ့”

 

“သူကြီး အမေပုက ယုန်ကန်ဆေးကုန်ကြီး အဲယောင်လို့ ယုန်ကန်ဆေးရုံကြီး ပြုပြင်မွမ်းမံရေး ဥက္ကဌ မဟုတ်ဘူးလား၊ လူတကာပဲ အမေပု၊ အမေပုနဲ့ ချစ်လိုက်ကြတာ ငါလည်းပါတယ်လေကွာ”

 

“ဟုတ်တယ်လေ ဆရာအော်ရဲ့ ၊ သူကြီးပြောတာကို ကျုပ်တို့ယုန်ကန်ဆေးရုံကြီးက အုပ်ကလေးတွေ၊ အုပ်ကြီးတွေရော၊ ပါမောက္ခဂျီး၊ အထူးကု ဆရာဝန်ဂျီးတွေပါ မကျေနပ်ကြဘူး”

 

“နေပါဦး ဖွတ်ကလေးရဲ့ ၊ အမေပုက ဘာများပြောလို့ ဒီလောက်တောင်မှ ရှုးရှုးရှဲရှဲ ဖြစ်နေကြရတာလည်း”

 

“သူကြီးက ကျုပ်တို့ ခက်သေးရွာကနေ အပြင်ကို ရောက်နေတဲ့ နိုင်ငံဂျားက အထူးကု ဆရာဝန်ဂျီးတွေ ရွာကိုပြန်လာပြီး ရွာကဆရာဝန်ငယ်တွေကို ခဏပဲဖြစ်ဖြစ်၊ အကြာကြီးပဲဖြစ်ဖြစ် လာသင်ပေးဖို့ ပြောတယ်လေ”

 

“ဟ၊ အဲဒါ ဘာများမှားလို့လည်း၊ တို့ရွာ တိုးတက်ဖို့ဆိုရင် ဘယ်သူပဲလာလာ ကြိုဆိုရမှာပေါ့ မဟုတ်ဘူးလား၊ ကောင်းတာပေါ့ကွ”

 

အီကြာအော်က အံ့သြတကြီးဖြင့် ဖွတ်ကလေးကို ပြောလိုက်သည်။

 

“ပါမောက္ခဂျီးးတွေ၊ အထူးကု ဆရာဝန်ဂျီးတွေက အဲဒါဟာ သူတို့ကို မတတ်ဘူးလား၊ မသင်ဘူးလားလို့ စော်ကားသလို ဖြစ်နေကြောင်း ပြောနေကြတယ်”

 

“ဟာ ဒါဆိုရင် ဆရာဝန်လေးတွေကိုပဲသင်ပြီး သူတို့ကိုသင်ပါလို့ သူကြီးက မပြောလို့များလား၊ အင်း အဲဒါလည်း မဟုတ်တန်ရာသေးပါဘူး”

 

“ဟေ့ကောင် ဖွတ်ကလေးရဲ့ ၊ သူတို့မှာလည်း ဟိတ်နဲ့ဟန်နဲ့ နေကြရတာကိုးကွ၊ တို့ ခက်သေးရွာမှာက ပါမောက္ခဂျီး၊၊ အထူးကုဆရာဝန်ုဂျီးတွေဆိုရင် အကုန်သိ၊ အကုန်တတ်ပြရတယ်၊ အဲဒီ အရှိန်အ၀ါလေးနဲ့ လုပ်စားရတာကွ”

 

အီကြာအော်က သူ ထင်ရာမြင်ရာကို လျှောက်ဖြီးလေတော့သည်။

 

“သူတို့လည်း နိုင်ငံဂျားဘွဲ့ရတွေလေ ဆရာအော်ရဲ့ ၊ တတ်မှာပေါ့”

 

ဖွတ်ကလေးက သူသိသလောက် တတ်သလောက်ဖြင့် အဓွန့်တက်လိုက်သည်။

 

အီကြာအော်က မင်းငယ်ပါသေးတယ်ကွာဆိုသော အကြည့်ဖြင့် ဖွတ်ကလေးကိုကြည့်ပြီး…..

 

“အေးကွ…..၊တတ်တဲ့သူရှိသလို မတတ်တဲ့သူတွေလည်း ရှိမှာပဲ၊ အဲဒါကြောင့် ခက်တာပေါ့ ဖွတ်ကလေးရဲ့ ၊ တို့ခက်သေးရွာမှာက အမြီးပဲကြည့်ပြီး အထင်ကြီးကြတာ၊ တချို့ ဆရာဂျီးများဆိုရင် အမြီးတွေက အရှည်ကြီးတတ်ကြလို့ လူနာမည်တောင် ဘယ်ရောက်သွားမှန်း မသိတော့ဘူး”

 

“မင်း ကားပျက်ရင်ကော ရွာက ၀ပ်ရှော့ဆရာနဲ့ ပြင်မှာလား၊ နိုင်ငံဂျားမှာသေချာ လုပ်ဘူးတဲ့ ၀ပ်ရှော့ဆရာနဲ့ ပြင်မှာလား၊ တိုးတက်ဖို့အတွက် ကွန်ဇူးမားချွိုက်စ်ဆိုတာ ရှိရမယ်ကွ” အီကြာအော်က သု တတ်သမျှ မှတ်သမျှဖြင့် ဖွတ်ကလေးကို ဆရာကြီးလုပ်တော့သည်။

 

“ဒါနဲ့ နိုင်ငံဂျားက ဆရာဝန်ဂျီးတွေ တို့ရွာပြန်လာပြီး အလုပ်လုပ်တာနဲ့ မင်းနဲ့က ဘာဆိုင်လို့လည်း၊ ဘယ်ဆရာဝန်ဂျီးမှ ဆေးရုံစောင့်တဲ့ အလုပ်ကို လာမလုပါဘူးကွာ”

 

“ဆရာအော်ရေ….ဆရာဝန်ဂျီးတွေနဲ့ အတူ ရွာကနေ နိုင်ငံဂျားမှာ အလုပ်သွားလုပ်နေကြတဲ့ ဆေးရုံအပေါက်စောင့်တွေပါ ရွာကိုပြန်ပါလာရင် ကျွန်တော့ စားပေါက်ကလေး ပိတ်သွားမှာပေါ့”

 

အီကြာအော်လည်း တပည့်ကျော် ဖွတ်ကလေး ဘာကြောင့် ဒေါသဖြစ်ပြီး စိုးရိမ်နေသည်ကို သဘောပေါက်သွားတော့သည်။

 

“မင်းကလည်းကွာ ပူစရာမရှိတာကို ရှာကြံပြီး ပုနေတာကိုးကွ၊ အမေပုကလည်း နိုင်ငံဂျားရောက် ရွာကဆေးရုံပေါက်စောင့်တွေ ခဏဖြစ်ဖြစ်၊ အကြာကြီးဖြစ်ဖြစ် လာစောင့်ပါလို့တော့ မပြောပါဘူး စိတ်ချပါ”

 

“တို့ရွာက မီးတောင် မှန်မှန်လာဖို့ မနည်းလုပ်ရဦးမယ်၊ အခုလည်း ရုတ်ရုတ်ရုတ်ရုတ်နဲ့ မင်းပင်စင်သွားတဲ့အထိ နောက်ထပ် အနှစ်အစိတ်လောက်တော့ ဘာမှပြောင်းဦးမှာ မဟုတ်ပါဘူးကွာ” အီကြာအော်က ဖွတ်ကလေးကို ကြံဖန်၍ အားပေးလိုက်လည်။

 

ဖွတ်ကလေးလည်း အီကြာအော်၏ အားပေးစကားကြောင့် စိတ်သက်သာရသွားပုံရသည်။

 

“တလောကလည်း တို့ခက်သေးရွာ သမ္မတဂျီးက နိုင်ငံဂျားရောက် ဆရာဝန်ဂျီးတွေ ရွာကို ပြန်လာပြီး အလုပ်လုပ်ကြဖို့ ဖိတ်ခေါ်သေးတယ် မဟုတ်လား”

 

“ဟုတ်တယ်လေ ဆရာအော်ရဲ့ ၊ နိုင်ငံဂျားကပြန်လာပြီး အလုပ်လုပ်ချင်တဲ့အထုးကူ ဆရာဝန်ဂျီးတွေ သက်ဆိုင်ရာ ပါမောက္ခဂျီးတွေဆီက ထောက်ခံစာတောင်းပြီး လျှောက်ထားရမယ်တဲ့”

 

“နိုင်ငံဂျားမှာက တို့ခက်သေးရွာလောက် ပါမောက္ခဂျီးတွေ မရှိဘူးထင်တယ် ဖွတ်ကလေးရဲ့၊ တို့ရွာမှာ မြင်မြင်သမျှ ပါမောက္ခလို့တောင် ဆိုကြတယ် မဟုတ်လား၊ ဂုဏ်ယူစရာပေါ့ကွာ”

 

“ငါ့ အသိမိတ်ဆွေ အင်္ဂါလန်ရွာမှာ အလုပ်လုပ်နေတဲ့ အထူးကုဂျီးတွေတော့ အဲဒီသတင်းတွေကြားတော့ ဂေါင်းချောက်သွားကြသတဲ့၊ အင်္ဂါလန်လို ရွာကြီးမှာတောင် ပါမောက္ခဂျီးတွေက တော်တော်ရှားတာကိုး”

 

“အခု ကျုပ်တို့ ခက်သေးရွာက ဆရာဝန်ဂျီးတွေလည်း နိုင်ငံဂျားက ဆရာဝန်ဂျီးတွေအတွက် ပြင်ဆင်မှုတွေ လုပ်နေပါပြီ ဆရာအော်”

 

“ဟုတ်လား၊ ဘယ်လိုပြင်ဆင်မှုတွေလည်းကွ”

 

“နိုင်ငံဂျားက ဆရာဝန်ဂျီးတွေ ခက်သေးရွာမှာ ဆရာဝန်မှတ်ပုံတင်(ဆမ) လာလုပ်ရင် ဆမ အတွက် တလကို ဒေါ်လာ ၅၀၀ မှတ်ပုံတင်ကြေးပေးရမယ်တဲ့”

 

“ဟ၊ မင်းဟာက များလှချေလား၊ အင်္ဂါလန်လို ရွာဂျီးတွေမှာတောင် ဆမ အတွက် တစ်နှစ်ကို ဒေါ်လာ ၆၀၀ ပဲယူတာ၊ ဒါတောင် အဲဒီရွာက ဆရာဝန်တွေက များတယ်ဆိုပြီး အော်နေကြတာ၊ မင်းဟာက တနှစ်ကို ဒေါ်လာ ၆၀၀၀ ဆိုရင် ၁၀ ဆ လောက်များနေပါလား”

 

“ဒါမှ အထင်ကြီးစရာဖြစ်မှာပေါ့ ဆရာရဲ့ ၊ ရွာသားဟောင်းတွေကိုတော့ ဈေးလျော့ပေးမှာပါတဲ့၊ နိုင်ငံဂျားက အထုးကုဂျီးတွေက ၀င်ငွေကောင်းကြတယ်မဟုတ်လား၊ အဲလောက်တော့ အသာလေးနေမှာပါ”

 

“မင်ကို ဘယ်သူကများ သတင်းမှားတွေ ပေးလိုက်တာလည်းကွ၊ ဖွဘုတ်တွေ သိပ်ပြီးမဖတ်နဲ့ မင်းကြောင်တောင်တောင် ဖြစ်သွားလိမ့်မယ်”

 

အီကြာအော်က ခက်သေးရွာသားပြီပြီ ဆရာကြီး လေသံဖြင့် အတည်ပေါက် ပညာပေးတော့သည်။

 

“အင်္ဂါလန်ရွာဂျီးမှာ အလုပ်လုပ်တဲ့ ငါ့မိတ်ဆွေ အထူးကုဂျီးတွေ ပြောစကားအရ သူတို့ဝင်ငွေ တ၀က်လောက်က အမြတ်ခွန်၊ ၀င်ငွေခွန်ထဲပါသွားရောတဲ့”

 

“တို့ခက်သေးရွာမှာ လူအများစုအပါအ၀င် ဘယ်ပါမောက္ခဂျီးတွေ၊ ဘယ်ဆရာဝန်ဂျီးတွေများ ၀င်ငွေခွန်ကို ဘယ်နှယောက်များ အမှန်အကန် ဆောင်ကြလို့လည်း၊ ရွာတစ်ရွာ၊ နိုင်ငံတစ်နိုင်ငံဆိုတာ အခွန်နဲ့တည်ဆောက်ရတာကွ၊ အခွံနဲ့ တည်ဆောက်ရတာ မဟုတ်ပေဘူး”

 

အီကြာအော်၏ အခွန်တရားတော်ကို နာကြားရသောအခါ ဖွတ်ကလေးတစ်ယောက်လည်း တွန့်သွားရသည်။ သူ့ဝင်ငွေကိုသာ အမှန်အတိုင်း ဆောင်ရလျှင်တော့ အီစလံဝေသွားနိုင်သည်။

 

“ဒါနဲ့ နေပါဦး ဖွတ်ကလေးရဲ့ ၊ တို့ရွာမှာ နိုင်ငံဂျားက ပြန်လာပြီး အလုပ်လုပ်မယ်ဆိုတဲ့ အထူးကုဂျီးတွေ ဘယ်နှယောက်လောက်များ ရှိပြီလည်း”

 

“ကြားတော့ မကြားမိသေးပါဘူး ဆရာအော်”

 

“ဒါနဲ့များ ဘာတွေကို ပူပန်နေကြတာလည်း မသိပါဘူးကွာ၊ မင်းလည်းစိတ်အေးအေးထားပါ”

 

ထိုစဉ်အခါတွင် မီးဖိုချောင်ထဲမှ ထွက်လာသော ဆရာအော်ကတော် ဒေါ်အွန်မေးက လှမ်း၍ မေးလိုက်သည်။

 

“ကိုအော်၊ ရှင်အမြတ်ခွန် ၀န်ထောက်နဲ့ ချိန်းထားတာ အခုအထိ မသွားသေးဘူးလား၊ လေပေါနေတာနဲ့ နောက်ကျနေဦးမယ်”

 

“အေးပါကွာ အခုပဲ သွားမလို့လုပ်နေတာ၊ ဖွတ်ကလေးကို ဆုံးမနေရလို့”

 

အီကြာအော်လည်း ထုံးစံအတိုင်း ဖွတ်ကလေးကို လွှဲချလိုက်သည်။

 

“ရှင် လက်ဆောင် ၀င်ဝယ်သွားဖို့ မမေ့နဲ့နော်၊ ကိုခိုနီ့ ဆိုင်ကဆိုရင် သက်သာတယ်”

 

ဒေါ်အွန်မေး၏ ဆူသံကို ထပ်ပြီးကြားရမည် စိုးသဖြင့်

 

“အေးပါကွာ အခုသွားပါပြီ” ဟုဆိုကာ တပည့်ကျော် ဖွတ်ကလေးကို မျက်စပစ်၍

 

“ဟေ့ကောင် ဖွတ်ကလေး၊ ငါ့ကို အွန်အွန်က အမြတ်ခွန်နည်းအောင် အရာရှိကို လက်ဆောင် ဆက်သခိုင်းထားလို့ ငါ သွားလိုက်ဦးမယ်” ဆိုကာ ဆိုက္ကားဖြင့် ထွက်သွားသည်တွင် ဖွတ်ကလေးကား ပါးစပ် အဟောင်းသားဖြင့် ကျန်ရစ်လေခဲ့တော့သတည်း။      ။

 

 

သဗ္ဗေသတ္တာ ကမ္မသကာ

အီကြာအော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်