ပုစ္ဆာတော၌ …

April 15, 2013

ပုစ္ဆာတော၌ …

ကံထွန်းသစ် ၊ ဧပြီ ၁၃ ၊ ၂၀၁၃

            ခုတလော စာမရေးဖြစ်။ အမိမြေက နှလုံးနောက်ကျုဖွယ်အာရုံတွေနှင့် မောလျနေခဲ့သည်။ မျက်စိ၊ နား၊ မနော သုံးပါးသော ဒွါရတံခါးတွေကနေ အလျင်မပြတ်ဝင်လာနေသည့် အာရုံခါးတွေ … အာရုံခါးတွေ … ။

            မအူပင်ကွင်းဆီက သေနတ်သံတွေ၊ လက်ပံတောင်းတောင်ရိပ်က ငိုယိုရန်တွေ့သံတွေ၊ မိတ္ထီလာက မီးခိုးငွေ့တွေ၊ ဗလီကျမ်းစာသင်ကျောင်းက ကလေးငိုသံတွေ၊ ခုနောက်ဆုံး အင်ဒိုနီးရှား ထိန်းသိမ်းရေးစခန်းက ဗမာရေလုပ်သားလေးတွေရဲ့သွေးတွေ … တွေ … ။

            ထိုအကြောင်းအရာတို့သည် မိုးလင်းမိုးချုပ် ခေါင်း၌ နေရာယူကြသည်။ ရင်၌တပ်စွဲကြသည်။ သည်တော့ စာပေရေးသားမှုကိုမဆိုထားနှင့်။ ပြုနေကျ နိစ္စဗဒ်တို့ပင် လစ်ဟင်းချင်ချင်၊ မေတ္တာ ကမ္မဋ္ဌာန်းပင် အနိုင်နိုင်။

            တဖြည်းဖြည်း တည်ငြိမ်စပြုသည့်တိုင် အကင်းမသေချင်။ ရင်၌ပုစ္ဆာတို့ ကြွင်းခဲ့တော့သည်။ ထိုပုစ္ဆာတို့ကို အဖြေရှာနေမိသည်။ ကိုယ့်ထက် သုတကုံလုံသော၊ ပညာကြွယ်ဝသော စာဖတ်ပရိသတ် ကြီးကိုလည်း ဖြေဖေါ်ညှိကြည့်ချင်သည်။

            တနေ့ ဖုန်းထဲကနေပြီး “ဘုန်းဘုန်းရေ … တပည့်တော် “၉၆၉” ကဒ်လေးတွေမှာတာ၊ လူကြုံက ယူလာဖို့ ဝန်လေးနေတယ်၊ သူတပါးဘာသာကို ရန်စသလိုဖြစ်မှာစိုးလို့တဲ့၊ အဲဒါ တပည့်တော်မ သဘော မတူဘူး၊ ကိုယ်ယုံကြည်ရာ၊ ကိုယ်ကိုးကွယ်ရာကို ကိုယ်နှစ်သက်တဲ့ “သင်္ကေတ” နဲ့ ကိုးကွယ်ခွင့် ရှိတယ် မဟုတ်လား”

            အော်ရီဂွန်၊ ပို့တလန်မြို့က နှမငယ်တစ်ယောက်။ ဟုတ်သည်၊ သင်္ကေတတွေ ဘာသာအသီးသီး မှာ ရှိကြတာပဲ။ ဟိန္ဒူမှာဆို ” “၊ ခရစ်ယာန်တွေမှာ “လက်ဝါးကပ်တိုင်”၊ အစ္စလမ်တို့မှာ “၇၈၆”၊ ကိုယ်တို့ ဗုဒ္ဓဘာသာမှာတော့ အိန္ဒိယမှာ လှည်းဘီးဓမ္မစက်ဝန်း၊ မြန်မာမှာတော့ “အ” နှင့် “ရ” ကို “ဟ” အတွင်း ထည့်ရေးသည့် “အရဟံ” ဆိုသည့် သင်္ကေတမျိုးလေးတွေ ရှေးအဆောက်အဦတချို့၏ နဖူးစည်းမှာ တွေ့တတ်ရဲ့။ အခုတိမ်ကောခဲ့ပြီ။ ဒါကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ဘာသာတရားကို နက်နဲစွာကိုးကွယ်သူ၊ ဒါမှမဟုတ် ဈေးကွက်မြင်သူတဦးဦးက သည် “၉၆၉” ဆိုသည့် လိုဂို (Logo) လေးကို တီထွင်လိုက်ပေမည်။ ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော် ကိုးပါးတို့ကိုရည်ရွယ်ကာ ဒီဇိုင်းဆင်ခဲ့ခြင်းပင်။ ထိုဂဏန်းလေး သုံးလုံးကိုကြည့်၍ ဘာသာဝင်တိုင်း ကုသိုလ်စိတ်ဖြစ်ကြမည် ဧကန်။ “ယောနိသောမနသီကာရ” ရှိကြလျှင်ပေါ့။ ယောနိသောမနသီကာရ မဲ့သူများအတွက်မူ အဆိုးမြင်ကောင်းမြင်ကြပေလိမ့်မည်။ သို့နှယ် တနံတလျား စဉ်းစားနေစဉ် …

            “ဘုန်းဘုန်း … ယဉ်ကျေးသူမှန်ရင် သူများဘာသာကို ထိပါးခွင့်မရှိသလို ကိုယ့်ဘာသာကိုလည်း စောင့်ရှောက်ကာကွယ်ခွင့် ရှိတယ်မဟုတ်လား …”

            ကိုယ်မဖြေနိုင်မီ၊ ကိုယ့်အတွက် ပုစ္ဆာတပုဒ်ထားခဲ့ကာ ကိုယ့်နှမ ဖုန်းချသွားခဲ့ပြီ။

            “ခုတလော ဒီကမောင်တွေ လူ့အခွင့်အရေးစကားတွေ သိပ်ပြောနေကြတယ်။ မြန်မာပြည်မှာက တခြားအခွင့်အရေးတွေ နည်းခဲ့ပေမယ့် လွတ်လပ်စွာကိုးကွယ်ခွင့်၊ ရှိခိုးခွင့်တွေ တန်းတူရနေကြတာ မဟုတ်လား၊ ဘယ်ဘာသာကမှ ပိုကိုးကွယ်ခွင့် မရှိပါဘူး၊ ကိုယ့်ဘုရား ကိုယ်ကြိုက်သလို ကိုးကွယ်ခွင့် ရှိကြတာပဲ၊ တကယ်ဆို ဗုဒ္ဓဘာသာဝင်တွေကတောင် နှိပ်ကွက်ခံရတာများသေး၊ ရွှေဝါရောင်အရေး အခင်းမျိုးကိုကြည့်လေ၊ ဒါကို အခွင့်အရေး ချိုးဖေါက်ခံရတယ်ဆိုတော့ ကြားပြင်းကပ်တယ်၊ တဘက်ကို အခွင့်အရေးမရှိသယောင် ပုံကြီးချဲ့နေကြတော့ အချင်းချင်းတွေကြား ပိုပြီးသွေးကွဲတာပဲအဖတ် တင်မယ်။ နောက်ပြီး Minority တွေတွက် Majority တွေက ရိုးရာ အခွင့်အရေးလေးတွေ လျှော့ပေးရမှာလား၊ အခွင့်အရေး ချို့တဲ့သူချင်းချင်းအတူတူ တမူးဖိုး ပိုရှူခွင့် ရစေချင်တာလား”

            စာရေးဆရာညီတော်တပါး၊ သူလည်း ကိုယ့်လို “ခေါင်းစား” ၍ စာမရေးဖြစ်သူ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားခွင့် … ခွင့် … ခွင့် … တသီကြီး စဉ်းစား နေမိသည်။ သည်နိုင်ငံကြီးမှာရော၊ တန်းတူညီမျှ အားလုံး ခြွင်းချက်မရှိ ရနေကြပြီလား။ တနေ့က ကိစ္စလေးက ရုတ်ချည်းပေါ်လာသည်။ သည် “မီဝေါကီး” မြို့ရဲ့ “ဖရန်ကလင်” ရပ်ကွက်က ရှေးအိမ် ဟောင်းလေးတဆောင်၊ ၁၈၈၅ ခုကတည်းက အဆောက်အအုံလေး၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း လုပ်ရန် ကိုယ်တို့သွားဝယ်ကြသည်။ မရ၊ ရောင်းထွက်သွားပြီတဲ့၊ အေးဂျင့်၏စကား၊ တကယ်တော့ မဟုတ်၊ မရောင်းလို၍သာ၊ အဖြူတောမှာ အာရှသားတွေ မဝင်စေလို၍သာတဲ့၊

            ” အဲဒါပဲ ဘုန်းဘုန်း၊ တပည့်တော်တုန်းကလဲ ကြိုးစားလိုက်ရတာ၊ ဒီကဘွဲ့လည်းရရော အဖြူတွေမလုပ်ချင်တဲ့ အလုပ်မျိုးပဲရတာ” အတူပါလာသောမောင်ရင်လေး၏ နှိုင်းယှဉ်သံ၊ ကိုယ်ကတော့ ခြံဝန်းနှင့် မြက်ခင်းစိမ်းစိမ်းတွေ၊ ကလေးကစားကွင်း အသီးသီးပါသည့် ဝန်းကျင်ကအိမ်တွေကို ငေးကြည့်ကာ သီးခြားနေတတ်သည့် သူတို့ဗီဇကို အသိအမှတ်ပြုရင်း “သူ့ပစ္စည်း သူမရောင်းဘဲ နေပိုင်ခွင့်ရှိတာပဲလေ၊ နောက်ပြီး ကျရာမှာ ပိန်းရိုင်းတွေလိုတောထပြီး ညောင်ပင်လိုမြိုတတ်တဲ့ အာရှမျိုးတွေကလည်း ရှိနေလေတော့ … အင်း … ” ဟု၊ ဟင်းချကာ ပြန်ခဲ့ကြရ။ ခုတော့ သည်ကလူတွေပဲ လူ့အခွင့်ရေးစကားတွေ အမိမြေဆီ လှမ်းပြောနေပြန်ပြီလေ။ ဒါကလည်း သည်ဇာတိသားစစ်စစ်တွေက တော်တော်ပါ၊ “မယ်ဘော်” တွေကသာ … ။

            လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အဖြစ်လေးတခုကိုလည်း အမှတ်ရသည်။ သည်နိုင်ငံမှာပင် ဖြစ်ပျက်ခဲ့၊ အမေနှင့် သမီး ဇာတ်လမ်း၊ ဆယ်ကျော်သက်သမီးကို အချိန်မတော် ယောက်ျားလေး မိတ်ဆေအခန်းကို မသွားရန်တားမြစ်ရာမှ ပြဿနာစခဲ့၊ အမေ့စကား သမီးကလက်မခံ၊ ဒါလူ့အခွင့် အရေးတဲ့၊ သွားမြဲ လာမြဲလုပ်သည်၊ သည်တော့ စိတ်ဆိုးကာ အမေက ပါးကို ရိုက်လိုက်သည်၊ သမီးက တရားစွဲတော့ အမေကတရားခံ၊ သမီးကတရားလို၊ အမှုဆိုင်ရသည်၊ နောက်ဆုံးတော့ တရားစီရင်ရေးဂျူရီအဖွဲ့ဝင်ငါးဦးတွင် နှစ်ဦးကသမီးကိုအနိုင်ပေးကာ သုံးဦးက အမေကိုအနိုင်ပေးခဲ့သည်။ အမေလွတ်ခဲ့သည်၊ ထိုအမှုကို ဆုံးဖြတ်ခဲ့သောသူတွေထဲမှ အမျိုးသမီးဂျူရီ၏ မေးခွန်းလေးက ခုအချိန်တွင် ကိုယ့်ရင်ကို ရိုက်ခတ်လာတော့သည်။ “လူ့အခွင့်အရေး … လူ့အခွင့်အရေးနဲ့ … အဲဒီလူ့အခွင့်အရေးက ကျွန်မတို့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ မိသားစု မေတ္တာနယ်ပယ်ကို ဘယ်လောက်ထိ ထိုးဖောက်နေရာယူခွင့်ပေးမလဲဆိုတာ မေးချင်တယ်” တဲ့။ ကိုယ်လည်း “မစ္စတာဗီဂျေး နံဘီးယား” ကိုမေးခွင့်မသာတော့ အဲဒီပုစ္ဆာလေးကို ဘာသာပဲ အကြိမ်ကြိမ် မေးနေမိ။

            နောက် … မိတ္ထီလာအရေး၊ လူပေါင်းလေးဆယ်ကျော်ပင် သေကျေဆုံးပါးခဲ့ရသတဲ့။ တိုက်တာ အိုးအိမ်တွေက အစားထိုးနိုင်ပေမင့်၊ အသက်တွေ ခန္ဓာတွေကမူ … ကြေကွဲဖွယ်ဖြစ်ရပ်၊ အမှိုက်ကစ ပြဿဒ်မီးလောင်ရသည့် သာဓက၊ အမှိုက်ကိုမရှင်းဘဲ ပြဿဒ်ကိုငြှိမ်းနေရုံနှင့် မီးမသေနိုင်၊ မီးကြွင်း မီးကျန်တို့က ထတောက်နိုင်သည်သာ၊ ရောင်းသူဝယ်သူတို့နယ်တွင် “ဝယ်သူအမြဲမှန် ( Customer is always right. )”၊ “ဝယ်သူသာ နတ်ဘုရား ( Customer is god. )” ဆိုသည့် ယဉ်ကျေးမှုသည် အမိမြေကတချို့ဈေးသည်တွေထံမှာ မထွန်းကားသေးဘူးထင်ရဲ့၊ ကြားပင် ကြားဖူးကြရဲ့လား … ကြားဖူးလျက်နှင့် မကျင့်သုံးချင်လို့လား … ။

            နောက်ပြီး ရခိုင်အရေး၏နောက်ဆက်တွဲသည် ကော့စ်ဘဇား၊ မိတ္ထီလာ၏နောက်ဆက်တွဲသည် ဂျာဗားကျွန်း၊ သည်မျှနှင့် အေးအောင် စွမ်းနိုင်ကြပါ့မလား၊ ဟူး … ၊ စွမ်းနိုင်ကြပါစေ … ဆောင်နိုင်ကြပါစေ …၊ မုန်းစတို၍ ချစ်စ ရှည်နိုင်ကြပါစေ … ။

            နောက်တခါ လာပြန်ချေသေး။

            “ဦးဇင်းကံ … တပည့်တော်ကိုယ်စား ရေးလိုက်စမ်းပါ။ စစ်အာဏာရှင်တွေအောက်မှာတုန်း ကတော့ ပါးစပ်တောင်မဟရဲတဲ့သူတွေက ပြောခွင့်ဆိုခွင့်လည်းရရော၊ ပြောခွင့်ဆိုခွင့်ရအောင် ပါးစပ်တွေ ဖွင့်ပေးတဲ့သူကို ကိုယ့်အလိုမကျတာနဲ့ အရင်ပြန်ဆဲကြတာ၊ ရန်တွေ့ကြတာ ကောင်းသလားလို့ …”

            အမိမြေက စာရေးဆရာနောင်တော်၊ သူ့ပုစ္ဆာက လက်ပံတောင်းတောင်နံရံကို မဖောက်၊ ကိုယ့်ရင်ထဲမှာသာ ကောင်းသလား … မကောင်းဘူးလား … ကောင်းသလား … မကောင်းဘူးလား … ၊ အင်း … လူဆိုတာကလည်း  မိမိကိုယ်ကို ဗဟိုပြုစဉ်းစားကြတာဆိုတော့ … ၊ ဟူး … ၊

            အချို့သူတွေက “ဒီမိုကရေစီခေါင်းဆောင်နှင့် ဘာမဆိုဖန်ဆင်းပေးနိုင်သည့်တန်ခိုးရှင်” ကို ထပ်တူ မြင်ကြပုံပင်၊ ဟိုအရေးမှာပြောမပေးလို့ … ဒီအရေးမှာ ဆိုမပေးလို့ … နှင့် စကားတင်းဆိုကြ၊ မနေ့ကပင် ဓာတ်ပုံပါသည့် တီရှပ်တွေ မီးရှို့ကြသတဲ့၊ အော် … ။

            ပို၍ပို၍ကြေကွဲဖွယ်ကောင်းသည်က အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှ မြန်မာရေလုပ်သားလေး ရှစ်ယောက်ပင်၊ “ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်” ဆိုသည့်အချက်နှင့် အသက်ဆုံးခဲ့ရ သည်လေ၊ ကိုးကွယ်ရာမတူသူတွေကြားမှာ “ဘာသာဝင်” ဆိုတာ ရန်စည်းတခုအဖြစ် ဘယ်လောက်ထိ တည်နေမှာပါလိမ့် … ၊ ဟူး … ။

            ” ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခွင့်” တဲ့၊ သက်ရှိသက်မဲ့တိုင်း လိုလားအပ်သည့် ဓမ္မ၊ “သမဂ္ဂါနံ တပေါ သုခေါ” တဲ့၊ ဗုဒ္ဓမြတ်စွာ ဘီစီ(၆) ရာစုကပင် ဟောကြားခဲ့၊ “ရှုံးသူမှိုင်၊ နိုင်သူရန်ပွား” တဲ့၊ နောက်ပြီး ကိုယ်တို့ငယ်စဉ်က အမေ မကြာခဏ သွန်သင်လေ့ရှိသည့် ” ရန်မလိုမှ ရန်ပြိုသည်၊ ရန်လိုက ရန်ပိုသည်” တဲ့၊ သည်ဓမ္မတွေ လူ့နယ်ပယ်တိုင်းတွင် ပြန့်နှံ့စေချင်ခဲ့၊ ခုတော့ … အင်အားနည်းခိုက်တွင် ငြိမ်းချမ်းစွာယှဉ်တွဲနေလိုပြီး အင်အားကြီးလာလျှင် တဘက်ကိုမင်းမူလိုသော “ဉာဉ်ဆိုး” ကိုမဖျောက် နိုင်သည့် “မိုးခိုလာသော ကုလားအုပ်” တွေက နေရာအနှံ့။

            လွတ်လပ်ရေးကို ယှဉ်တွဲကာ အသက်ပေး၍ ယူပေးသွားခဲ့ကြသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးရာဇတ်တို့ကို လှမ်း၍အားနာလိုက်မိသည်။ သည်အရေးတွေအတွက် သုခဘုံ တနေရာက မျက်ရည် တွေတွေများ ကျနေကြလေမလား …၊ ဟူး … ။

            သို့နှယ် ပုစ္ဆာဟောင်း မပြေမီ ပုစ္ဆာသစ်တို့ ဆင့်ရင်းဆင့်ရင်း ဧပြီ (၁၃) ရက်၊ ကိုယ့်မွေးနေ့သို့ပင် ချဉ်းခဲ့ပါပေါ့လား။ သည့်အတွက်လည်း ဝတ်မပျက် ဆုတောင်းရပေဦးမည်။
            “အချင်းချင်း အမျက်အအီ တစိုးတစိ မရှိ၊ ချစ်သော မျက်စေ့ဖြင့် ကြည့်ကြရစေ” ဆိုသည့် ပုဂံ ကျောက်စာက အာမနာကျောင်းအမရဲ့ ဆုတောင်းလေးငှားပြီး ဆုတောင်းလိုက်ရဲ့။     ။
ကံထွန်းသစ်
08-04-2013
1:30 A.M


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကံထွန်းသစ်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်