မြန်မာ့သမိုင်းတကွေ့မှ မင်းလောင်းမောင်သန့်

April 16, 2013
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

သန်းဝင်းလှိုင်
ဧပြီ ၁၆၊ ၂၀၁၃
မြန်မာ့သမိုင်းတကွေ့၌ မင်းလောင်းဗန္ဓကရသေ့ထက်စော၍ မင်းလောင်းအဖြစ် ကျော်စောခဲ့သူကား မြင်းမူမြို့နယ် ပဲကူရွာသား မောင်သန့် ဖြစ်သည်။

စာရေးဆရာ ဥာဏက မဂ္ဂဇင်းတစ်စောင်တွင် မင်းလောင်းမောင်သန့်နှင့် ပတ်သက်၍ ဤသို့ ရေးခဲ့ဖူးသည်။ မြင်းမူနယ်​ ရွာတစ်ရွာတွင် မင်းလောင်မောင်သန့်သည် မြင်းမူမြင်းကြီးကို စီး၍ တန်ခိုးကြီးဘုရားများကို ရွှေချခဲ့ကြောင်း၊ မှော်ဇာရွာရှိ နန်းဦးဘုရား ကိုလည်း ရွှေချခဲ့ကြောင်း၊ ထိုနှစ်က ဘုရားပွဲတော်ဖြစ်ရာ ပြောင်းရိုးစဉ်းရာမှ အ၀တ်ပေါ်မီးကျကာ လက်ရုံးက မီးတောက်သည်ဆို၍ အများက သူရဲကောင်းအဖြစ် ကိုးကွယ်ကြသည်။ ကြိတ်မြှောက်ကြသည်။ မောင်သန့်ကိုယ်တိုင်ကလည်း တကယ်ပင် မိမိသည် မင်းလောင်းဖြစ်လာပြီဟု ထင်မြင်လာခဲ့သည်။ ဤသို့ဖြင့် နောက်ပါအင်အားတဖြည်းဖြည်းတောင့်တင်းရာမှ မြင်းမူဂါတ်ကို ၀င်စီး၍ နောက်ဆုံးတွင် နယ်ချဲ့အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခံရကြောင်း ရေးသားထားလေသည်။

၁၉၅၆ ခုနှစ် မေလထုတ် ရှုမ၀ ရုပ်စုံမဂ္ဂဇင်းတွင်လည်း ဦးတော်သခင်ဆိုသူက “ဗမာ့တော်လှန်ရေးစိတ်ဓာတ်နှင့်မင်းလောင်း မောင်သန့်” အမည်ရှိ ဆောင်းပါးကို ရေးသားခဲ့သည်။ အဆိုပါ ဆောင်းပါးတွင် မြန်မာသက္ကရာဇ် ၁၂၇၂ (ခရစ် ၁၉၁၀) ခုနှစ်တွင် ကြယ်တံခွန်ပေါ်၍ မင်းပြောင်းမင်းလွှဲ ဖြစ်မည်ဟု နိမိတ်ဖတ်ကြသည်။ သူရင်းငှားဖြစ်သူ မောင်သန့်သည် ပြောင်းရိုးစဉ်းစဉ် တဘက်မီး စွဲရာမှ အများက နိမိတ်ဖတ်သဖြင့် မင်းလောင်းဟုမှတ်ယူခဲ့ကြသည်။ နတ်ဝင်သည်တဦးကလည်း နတ်ဝင်ပူးရင်း မောင်သန့်ကို မင်းဖြစ်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ မောင်သန့်ကို အများက ရွှေရင်နာဘုရားကို ပြန်တည်ပြီး မင်းဖြစ်မည်ဟု ယုံကြည်စွဲလန်းခဲ့ ကြသည်။ နိဂုံးပိုင်းတွင် မန္တလေးတောင်ကြီး၌ မောင်သန့်နှင့် အပေါင်းပါလူရှစ်ယောက်အား ၁၉၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ပြစ်မှု ထင်ရှား၍ အိန္ဒိယ ရာဇသတ်ကြီး ပုဒ်မ ၁၂၁ အရ ကြိုးမိန့်စီရင်ချက် ချခဲ့ကြောင်း ဖော်ပြထားသည်။

သို့ကလို မောင်သန့်၏ နယ်ချဲ့တော်လှန်ရေးကို သေးသိမ်အောင် အမျိုးမျိုးရေးသားပြောဆိုနေသလို ၁၉၃၅ ခုနှစ် ဧပြီလ ထုတ် သူရိယမဂ္ဂဇင်းတွင် စာရေးဆရာကြီး မဟာဆွေက မြင်းမူနယ်မောင်သန့်အကြောင်းကို ရေးသားထားပြန်သည်။ သူ၏ ဆောင်းပါးတွင် မြင်းမူနယ်ပဲကူရွာ၌ ၁၉၁၀ ပြည့်နှစ်တွင် မောင်သန့် သူပုန်ထခဲ့သည်။ လက်ရုံးက မီးတောက်သည်ကို မြင်လိုက်သော သူမှာ ပဲကူရွာသား ကိုသာဦးဆိုသူဖြစ်သည်။ ထို့အပြင် မောင်သန့်အကြောင်းကို မြင်းမူဌာနပိုင် ဦးဘိုးငြိမ်းက သွားရောက်စစ်ဆေး သည်။ ပဲကူရွာသူကြီးမှာ ဦးဘိုးမှီဖြစ်သည်။ စစ်ကိုင်းခရိုင် ရာဇ၀တ်ဝန် ဂျွန်ဒေါ့ဆန် (John Dobson) ကိုယ်တိုင်ဆင်း၍ စစ်ဆေးသည်။ စစ်ကိုင်းသို့ ခေါ်လာကာ အရေးပိုင် မေဂျာဘိုးဝင်း (Major C.E. Bowen) ထံ ခေါ်ပြသည်။ မောင်သန့်ကို နောက်ဆုံးဖမ်းပေးသူမှာ ပုလိပ် အင်စပက်တော် ဦးစံခိုဖြစ်သည်ဟု တိတိကျကျ ရေးသားဖော်ပြထားသည်။

ထိုစဉ်က မောင်သန့်၏ တော်လှန်ရေးသတင်းသည် သာယာဝတီ၊ ပြည်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော် တို့အထိ ပျံ့နှံ့ခဲ့ သည်။ တက္ကသိုလ်စိန်တင်ရေးသားသည့် ‘ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်အတ္ထုပ္ပတ္တိ’ စာအုပ်တွင် မင်းလောင်းမင်းသန့် သူပုန်ထသည့် ၁၉၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် မွေးသဖြင့် မောင်သန့် (ဦးသန့်) ဟု သူ့မိဘများ (ဦးဖိုးနှစ်၊ ဒေါ်နန်းသောင်) တို့မှ အမည်ပေးခဲ့ကြောင်း ရေးသားထားလေသည်။ ဤမျှအထိ မင်းလောင်းမင်းသန့်သတင်းသည် လူထုအတွင်း စိမ့်ဝင်ခဲ့သည်။

မင်းလောင်းမင်းသန့်ကို စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ပဲကူရွာတွင် ၁၈၉၀ ပြည့်နှစ် နိုဝင်ဘာလ ၂၀ ရက် ကြာသပတေးနေ့ တွင် အဘ ဦးထွန်းပို၊ အမိ ဒေါ်မယ်ရ တို့မှ ဖွားမြင်ခဲ့သည်။ အမည်နှင့် လိုက်အောင်ပင် အသားညိုညိုနှင့် သန့်သန့်ပြန့်ပြန့် ဖြစ်၏။

ငယ်စဉ်က ပဲကူရွာအရှေ့ဘက် ၀ါဆိုကျောင်းဆရာတော် ဦးအရိယ၀ံသထံတွင် စတင်ပညာသင်ကြားခဲ့သည်။

မိဘနှစ်ပါးဆင်းရဲနွမ်းပါးသောကြောင့် ငယ်စဉ်မှာပင် မြေပိုင်ရှင် ဦးအော့အိမ်တွင် သူရင်းငှားလုပ်ခဲ့ရသည်။ မောင်သန့်တွင် မွေးချင်းသုံးဦးရှိသည်။ အစ်မအကြီးဆုံးမှာ မငွေတင်ဖြစ်သည်။ ဒုတိယမောင်သန့် မွေးသည်။ မောင်သန့်အောက်မှ ညီမ မကတုံးမ၊ မဂွက်ကြီးတို့နှစ်ဦးရှိသည်။ ၁၉၀၇ ခုနှစ်တွင် မောင်သန့်သည် မိဘများနှင့်အတူ မြောက်ရွာ၊ ရွှေဘိုနယ် ၀က်လက်နယ် စပါးတော သို့ ပြောင်းရွှေ့လိုက်ပါသွားသည်။

၁၉၀၈ ခုနှစ်သို့ ရောက်သောအခါ တစ်နေ့တွင် ပြောင်းရိုးစဉ်းနေစဉ် ညာဘက်လက်ရုံးမှ မီးဟုန်းဟုန်းတောက်သည်ဟူသော သတင်းတစ်ခု ပျံ့လာသည်။ အများက မောင်သန့်ကို နယ်ချဲ့အင်္ဂလိပ်ဆန့်ကျင်ရေးနှင့် ဆက်စပ်ဖြစ်လာကြသည်။ လက်ရုံးက မီးတောက်သည့် မင်းလောင်းမောင်သန့်၊ အင်္ဂလိပ်မင်းကို တိုက်ခိုက်မည့်သူဟု မျှော်လင့်ချက်၊ ယုံကြည်ချက်များ ပိုများလာကြသည်။

မင်းလောင်းဟူသော ဂုဏ်ပုဒ်နှင့် ပတ်သက်၍ မောင်သန့်ကိုယ်တိုင်က သူ့ကိုယ်သူ မင်းလောင်းဟု မဆိုခဲ့ပါ။ ပတ်ဝန်းကျင် က သာ သူ့ကို ‘မင်းလောင်း’ ဟု သမုတ်ကြခြင်း ဖြစ်သည်။ ထိုစဉ်က အများပြည်သူတို့က သီပေါမင်းတရားနှင့် စုဘုရားလတ်မိဘုရား တို့ကို ဖမ်းဆီးခေါ်ဆောင်ကာ မြန်မာနိုင်ငံကို အတင်းအဓမ္မသိမိးပိုက်အုပ်စိုးနေသော နယ်ချဲ့အင်္ဂလိပ်တို့ကို မုန်းတီးစိတ်နာခဲ့ကြ သည်။ အင်္ဂလိပ်တို့ကို အံတုယှဉ်ပြိုင်တိုက်ခိုက်နိုင်မည့် မင်းသားတစ်ပါးကို မျှော်ကိုးနေကြချိန်လည်းဖြစ်သည်။ ထိုစဉ် သီပေါမင်းတရား ပါတော်မူပြီး ၂၅ နှစ်အကြာတွင် မောင်သန့်လှုပ်ရှားမှုပေါ်လာ၍ မောင်သန့်ကိုပင် အားကိုးအားထားပြုရမည့် ပုဂ္ဂိုလ် တစ်ဦး (၀ါ) မင်းလောင်းအဖြစ် မျှော်လင့်ယုံကြည်ခဲ့ကြခြင်းသာ ဖြစ်သည်။

သို့ကလို မောင်သန့်၏ သတင်းများသည် ပဲကူရွာနှင့် အနီးအနားဝန်းကျင်ကျေးရွာအုပ်စုများသို့ တဖြည်းဖြည်း ပျံ့နှံ့သွား သည်။ အင်္ဂလိပ်အစိုးရအား တော်လှန်တိုက်ခိုက်ရန် အခွင့်အရေးကောင်းကို စောင့်လျက် ရှိသော မောင်သန့်၏ ဦးလေးတော်သူ ဦးမျှင် နှင့် ရွာသူကြီးအချို့က မောင်သန့်သည် မွေးဖွားချိန်မှစ၍ ထူးခြားသော အသွင်လက္ခဏာများတွေ့ရကြောင်း၊ အသက် ၁၀ နှစ် အရွယ်မှစ၍ သက်သတ်လွတ်စားကြောင်း စသည်ဖြင့် သတင်းလွှင့်ခဲ့သည်။ ထို့ပြင် ဗေဒင်နက္ခတ်တတ်ကျွမ်းသော မျိုးချစ်ပုဂ္ဂိုလ်အချို့ နှင့် တိုင်ပင်ပြီး မောင်သန့်သည် အမှန်ပင် လူဝင်စားမင်းလောင်းတစ်ဦးသာဖြစ်ကာ မြန်မာနိုင်ငံမှ မျက်နှာဖြူ အင်္ဂလိပ်တို့အား အပြီးတိုင် တော်လှန်မောင်းထုတ်လိမ့်မည်ဖြစ်ကြောင်း၊ ထို့နောက်တွင် ရှင်ဘုရင်ဖြစ်လာပြီး မြန်မာနိုင်ငံအား အုပ်စိုးလိမ့်မည်ဖြစ်ကြောင်း မောင်သန့်၏ ဇာတာတွက်ချက်၍ သတင်းလွှင့်ခဲ့ကြသည်။

ဤသို့ဖြင့် ပဲကူရွာတွင် မင်းလောင်းမောင်သန့် ပေါ်နေပြီဖြစ်ကြောင်း သတင်းလွှင့်လျက်ရှိရာ အဖွဲ့ဝင်အင်အားတဖြည်းဖြည်း တိုးပွားလာခဲ့သည်။ ရဟန်းတော်များ၊ ဗေဒင်ပညာရှင်များ၊ တုတ်ပြီး၊ ဓားပြီး၊ သေနတ်ပြီး၊ ဆေးများစီရင်တတ်သည်ဆိုသော တိုင်းရင်း ဆရာများ စသည်ဖြင့် လူမျိုးစုပေါင်းစုံပါဝင်လာလေတော့သည်။ နောင်တွင် ယင်းအဖွဲ့မှာ မောင်သန့်၏ အကြံပေးအဖွဲ့သဘောမျိုး ဖြစ်လာခဲ့သည်။

သို့ကလို အခြေအနေ၌ မောင်သန့်အား မြင်းမူဂါတ်က ခေါ်ယူစစ်ဆေးခြင်း၊ စစ်ကိုင်းအရေးပိုင်ရုံးက မေးမြန်းခြင်းများက မောင်သန့်အား နယ်ချဲ့တော်လှန်ရေးလုပ်ငန်းများ လုပ်ရန် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်လာသည်။ ထိုအခါ မောင်သန့်သည် အင်္ဂလိပ်အစိုးရက မိမိအား အာရုံစိုက်စောင့်ကြည့်လာပြီဟူသော အသိက ၀င်လာကာ နောက်ဆုံး၌ သူ့ကျွန်မခံပြီဟူသောစိတ်ဓာတ် ဖြင့် ရှေ့ဆက်တိုက်ပွဲဝင်ရန်သာ ရှိတော့သည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။

မြင်းခေါင်းမင်းအနွယ်တော် မီးခဲပြာဖုံးတော်လှန်ရေးသမားကြီးများဖြစ်ကြသည့် ဗိုလ်ဆိုးသာ၊ ဗိုလ်ရာဘော်၊ ဗိုလ်မျှော်၊ ဗိုလ်ရဲဇံတို့က မောင်သန့်ထံ ဗိုလ်ဝင်ခံ၍ လက်ရုံးဗိုလ်များဖြစ်လာကြ၏။ မောင်သန့်၏ လက်ရုံးဗိုလ်များ၊ အရာတော်နယ်၊ မြောင်နယ်မှ ဗိုလ်များ ၀င်လာကြသည်။ ရွှေဘိုနယ်၊ ဓနုဖြူနယ်မှ ဗိုလ်များ၊ မြင်းနှင့်တကွ နောက်ပါများစုရုံးလာကြသည်။ မုံရွာ၊ ချောင်းဦး၊ ရေဦး၊ ကောလင်း၊ ၀န်းသိုနယ်တို့မှ နောက်ပါနောက်လိုက်များကလည်း လက်နက်လူသူစုရုံးလာကြသည်။

ဤသို့ဖြင့် မောင်သန့်၏ တော်လှန်ရေးအင်အားစုများမှာ များပြားလာခဲ့သည်။

မောင်သန့်၏ တော်လှန်ရေးနောက်သို့ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်၍ လိုက်သူများရှိသကဲ့သို့ ဓါးကိုင်၍ မလိုက်နိုင်သော် လည်း သူ့ကို ချစ်၍ နောက်ကွယ်မှအားပေးနေကြသူများ၊ သြဘာပေးနေသူများလည်း အများအပြားရှိသည်။

ပဲကူရွာသား မြင်းခေါင်းကြီးသည် နေပြည်တော်မှ တပ်ဆုတ်ခဲ့ကာ ပဲကူရွာတွင် လူသူစုရုံး၍ နယ်ချဲ့တို့ကို အားပြိုင်ခဲ့သည်။ ပဲကူရွာ၏ အနောက်မြောက်အဂ္ဂံတောင်ရိုးကို အခြေပြုကာ နယ်ချဲ့တပ်များနှင့် အနီးကပ်တိုက်ပွဲများ ဆင်နွှဲခဲ့ဖူးသည်။

အဂ္ဂံတောင်ရိုးသည် တော်လှန်ရေးအတွက် ဘူမိနက်သန်မှန်သောနေရာဖြစ်သည်။ မျိုးချစ်တော်လှန်ရေးသမားတို့၏ စခန်းအောင်မြေဖြစ်သည်။။ မောင်သန့်သည် ၁၉၁၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် မိမိနောက်လိုက်နောက်ပါများနှင့် ပဲကူရွာမှ အဂ္ဂံတောင်ရိုး သို့ ထွက်ခဲ့ကြသည်။ အဂ္ဂံတောင်ရိုးမှာ ဧရာဝတီမြစ်ကမ်းမှ ငါးမိုင်ခန့်၊ မြင်းမူနှင့် ဆိုသော် ၂၅ မိုင်ခန့် ဝေးကွာသည်။ တောရိပ် တောင်ရိပ်လည်း ကောင်းလှသည့်အပြင် လူသူအရောက်အပေါက်လည်း နည်းလှသည်။ မင်းလောင်း မောင်သန့်တို့အဖွဲ့သည် တောင်ရိုးတွင် ခိုင်မာစွာ အခြေစိုက်လိုက်နေလေသည်။ ရွှေရင်နာဘုရားတွင် စခန်းချစဉ်ကလို အုတ်အော်သောင်းတင်း စည်းရုံးလူစု သည့် နည်းဖြင့် မပြုလုပ်တော့ဘဲ အတော်ကျစ်ကျစ်လျစ်လျစ် ပြုပြင်စည်းရုံးလာခဲ့သည်။ အကြံပေးအဖွဲ့၏ ဆန္ဒအရ မောင်သန့်သည် လူတိုင်းကို အတွေ့မခံတော့ဘဲ အထူးစိတ်ချရသည့် အတွင်းလူခေါင်းဆောင်များကိုသာ တွေ့ဆုံတော့သည်။

မောင်သန့်၏ ဘုန်းတန်ခိုးနှင့်အစွမ်းသတ္တိကို ယုံကြည်၍ ၀င်ရောက်လာသူများကို ပထမဆုံး သွေးသောက်အဖြစ် သစ္စာရေ တိုက်ကြသည်။ စိတ်ချရသည့်အဆင့် သွေးသောက်များဖြစ်လာသောအခါမှ မောင်သန့်၏ အကြံပြုချက်အတိုင်း ဆရာတော်၊ ဘုန်းတော်ကြီးများနှင့် လောကီပညာသည်ဆရာများက တုတ်ပြီး၊ ဓါးပြီး၊ သေနတ်ပြီး ဆေးများ ထိုးပေးကြသည်။ ဂါထာမန္တာန်များကို လည်း ကျက်မှတ်ရွတ်ဖတ်သရဇ္ဈာယ်စေသည်။ အင်္ဂလိပ်ကို မုန်းတီးစိတ်နာနေသူ မြန်မာမျိုးချစ်တို့သည် မင်းလောင်းမောင်သန့်ရှိရာ အဂ္ဂံတောင်တန်းတွင် တဖြည်းဖြည်း စုရုံးလာကြရာ လူ ၁၀၀၀ ခန့်အထိ အင်အားတောင့်တင်းလာသည်။ မင်းလောင်းမောင်သန့် အဖွဲ့၏ သိမ်းသွင်းစည်းရုံးမှုကြောင့် သူ့အားယုံကြည်သူများနှင့် သူ့ကျွန်ဘ၀မှ လွတ်မြောက်လိုသော မြန်မာမျိုးချစ်များ၏ အဘက်ဘက်မှ ၀ိုင်းဝန်းထောက်ပံ့ကူညီမှုကြောင့် မောင်သန့်တို့ အဖွဲ့သည် ငွေရေးကြေးရေး အခြေအနေနှင့် လူအင်အားအတော် အသင့် ခိုင်မာလာခဲ့သည်။

ထိုအခါ အင်္ဂလိပ်အစိုးရအား ရင်ဆိုင်တိုက်ခိုက်နိုင်ရန် သေနတ်လက်နက်များသာ လိုတော့သည်။ ထို့ကြောင့် လက်နက်များ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရသည်။ အချို့သော ကြေးရတတ်ပုဂ္ဂိုလ်များနှင့် ရွာသူကြီးများသည် မင်းလောင်းမောင်သန့် တို့ အဖွဲ့ကို ယုံကြည်ကြသောကြောင့်လည်းကောင်း၊ သူ့ကျွန်မခံလိုသော မျိုးချစ်စိတ်ကြောင့်လည်းကောင်း၊ မိမိတို့ပိုင် နှစ်လုံးပြူး တစ်လုံးပြူး စသည့် လက်နက်များကို တိတ်တဆိတ် လာရောက်အပ်နှံကြသည်။

သို့ရာတွင် ပြောပလောက်အောင် မရရှိခဲ့ပေ။ တကယ်သေနတ်အစစ်ရော၊ လုပ်သေနတ်ပါ ပေါင်းမှ အလက် ၃၀ မျှသာ ရရှိသည်။ သို့အတွက် လက်နက်ကောင်းများ ရရှိရေးအတွက် ပုလိပ်ဌာနများ၊ စစ်ပုလိပ်စခန်းများကို စီးနင်းတိုက်ရန် စီစဉ်ခဲ့သည်။

ထို့နောက် အခါပေးအဖွဲ့က တွက်ချက်ပေးသည့် ၁၉၀၉ နိုဝင်ဘာလ ၄ ရက် ကြာသပတေးနေ့တွင် မြင်းမူဂါတ်တဲကို ၀င်ရောက်စီးနင်းရန် ရက်မှတ်လိုက်ကြသည်။ နယ်ချဲ့အင်္ဂလိပ်တို့အား တိုက်ခိုက်ရာတွင် မြန်မာမှန်သမျှ ရရာဓါးလက်နက်တို့ ဆွဲကိုင် ပြီး လိုက်ပါတိုက်ခိုက်ကြရန်လည်း အနီးအနားမှ ရွာများသို့ အမိန့်ထုတ်ပြန်ခဲ့သည်။

ထိုစဉ်က မြင်းမူမြို့နယ်၌ ရိုးရိုးပုလိပ်တပ်ဖွဲ့ဝင် ၂၀ ခန့် အပြင် အိန္ဒိယစစ်ပုလိပ် ခေါ် ရိုင်ဖယ်သေနတ်ကို စစ်ပုလိပ် ၁၅ ဦး ခန့် ရှိနေသည်။ မြင်းမူပုလိပ်ဌာနအား မောင်သန့်တို့အဖွဲ့က စီးနင်းတိုက်ခိုက်လိမ့်မည်ဆိုသည့် သတင်းကို အင်္ဂလိပ်အလိုတော်ရိ သူကြီးများထံမှ အခိုင်အမာ သတင်းကြိုသိရှိထားသဖြင့် မြင်းမူနယ်ပိုင်ဝန်ထောက်က စစ်ကိုင်းအရေးပိုင်ထံသို့ အစီရင်ခံတင်ပြထား ပြီး ဖြစ်သည်။

ထိုအခါ စစ်ကိုင်းရာဇ၀တ်ဝန် (D.S.P) သည် စစ်ပုလိပ်အချို့ကို ခေါ်ယူလျက် မြင်းမူမြို့သို့ ကိုယ်တိုင်ဆင်းလာပြီး မြင်းမူဂါတ်တဲတွင် လူအင်အား၊ လက်နက်အင်အား ထပ်မံဖြည့်တင်းကာ မောင်သန့်တို့ တိုက်ခိုက်မည့်အချိန်ကို စောင့်ဆိုင်းနေလေ သည်။ ထိုစဉ်က မင်းလောင်းမောင်သန့်၏ တပ်ဖွဲ့ကြီး အလံတလူလူမောင်းသံတဒူဒူနှင့် ချီတက်လာရာ မြင်ရသူအပေါင်းအား အလွန်ပင် ဇာတိသွေး ဇာတိမာန် တက်ခဲ့သည်ဟု ပြောစမှတ်ပြုကြပေသည်။

ဤသို့ဖြင့် မြန်မာသက္ကရာဇ် ၁၂၇၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ ၁၉၁၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက် ဗုဒ္ဓဟူး နေ့တွင် နံနက် ၅ နာရီတွင် လူ ၁၀၀၀ ခန့် အင်အားရှိသော မောင်သန့်တို့ အဖွဲ့ကြီးသည် မြင်းမူဂတ်တဲကို စီးနင်းတိုက်ခိုက်ခဲ့ ကြသည်။ ထိုအချိန်တွင် စစ်ကိုင်း ရာဇ၀တ်ဝန်သည် ဂါတ်တဲအတွင်း၌ ရှိနေပြီး တိုက်ပွဲကို ကိုယ်တိုင်ဦးစီးစီမံလျက်ရှိသည်ဟု ဆိုသည်။ ဂါတ်တဲမှာ ရိုးရိုးသစ်သားဂါတ်တဲမျိုးမဟုတ်ဘဲ အုတ်အင်္ဂတေသံတိုင်များဖြင့် အခိုင်အမာ ခံတပ်သဖွယ် ဆောက်လုပ်ထား သော ဂါတ်တဲဖြစ်သည်။ မျိုးချစ်စိတ်ဓါတ်တက်ကြွသော်လည်း လက်နက်အင်အား မမျှတမှု၊ လေ့ကျင့်မှုနှင့် စည်းရုံးရေးအားနည်းမှု များကြောင့် မောင်သန့်တို့၏ အင်္ဂလိပ်အစိုးရအား ဆန့်ကျင်ပုန်ကန်သော တပ်ဖွဲ့ကြီး၏ မြင်းမူဂါတ်တဲတိုက်ပွဲကား နံနက် ၈ နာရီခန့် တွင် လုံးဝပြီးဆုံးသွားခဲ့ရလေသည်။ သေသူနှင့် ဒဏ်ရာရသူ မနည်းလှပေ။ မောင်သန့်၏ ဒဏ်ရာရလက်ထောက်ဗိုလ်အချို့လည်း ပုလိပ်များ၏ ဖမ်းဆီးမှုခံခဲ့ရသည်။

မြင်းမူဂါတ်တဲတိုက်ပွဲဖြစ်ပွားပြီးနောက် မင်းလောင်းမောင်သန့်၏ တပ်ဖွဲ့ကြီးသည် ပြိုကွဲခဲ့ရလေသည်။ အင်္ဂလိပ်အစိုးရ၏ ပုလိပ်တပ်နှင့် စစ်ပုလိပ်တပ်တို့ကလည်း ခံစစ်မှ တိုက်စစ်အသွင်သို့ ပြောင်းကာ မောင်သန့်တို့နောက်သို့ ထပ်ကြပ်မကွာလိုက်လေ တော့သည်။ မောင်သန့်တို့၏ အခြေခံစခန်းများဖြစ်သော ပဲကူရွာ၊ အာလကပ္ပ၊ ရွှေရင်နာဘုရားနှင့် အဂ္ဂံတောင်တန်းများတွင်လည်း ပုလိပ်နှင့် စစ်ပုလိပ်တပ်က ကြိုတင်နေရာယူစောင့်ဆိုင်းနေသဖြင့် မောင်သန့်တို့လူစုမှာ ခိုနားစခန်းချရန် နေရာပင် များစွာ အခက်အခဲတွေ့ရလေသည်။ တပ်ပျက်သွားပြီးနောက် မောင်သန့်နှင့်အတူ ဦးလေးဦးမျှင်အပါအ၀င် အမာခံလူသူဟူ၍ မဆိုစလောက် သာကျန်ရှိတော့သည်။ အစိုးရကလည်း မောင်သန့်နှင့် ခေါင်းဆောင်အချို့တို့အား ဖမ်းဆီးပေးနိုင်သူ သို့မဟုတ် အတိအကျသတင်း ပေးနိုင်သူအား ခေါင်းဆောင်တစ်ဦးအတွက် ဆုတော်ငွေ ၁၀၀၀ိ/- စီ ပေးမည်ဟု အမိန့်ထုတ်ပြန်လိုက်လေသည်။

မြင်းမူဂါတ်တဲတိုက်ပွဲအပြီး ၁၅ ရက်ခန့်အကြာတွင် အထူးတပ်ဖွဲ့မှ မောင်သန့်တို့နှင့် အဖွဲ့သည် မြင်းခြံမှ တဆင့် ရန်ကုန်သို့ ရထားဖြင့် ထွက်ခွာသည့်သတင်းအစအနကို ရရှိခဲ့လေသည်။ ယင်းနောက် မြင်းခြံမီးရထားရုံပိုင်အား စစ်ဆေးရာ မြင်းခြံမှ ရန်ကုန်သို့ လိုက်ပါသွားသောသူအပေါင်းမှာ ၁၀ ဦးခန့်ရှိကြောင်းနှင့် သူတို့၏ ထိုင်ခုံနံပါတ်များကို ပေးအပ်လေသည်။

ရာဇ၀တ်ဝန်သည် ရန်ကုန်ရဲမင်းကြီးထံသို့ ကြေးနန်းရိုက်၍ အဆိုပါလက်မှတ်နံပါတ်များကို ကိုင်ဆောင်ထားသည့် ရန်ကုန်-မြင်းခြံ ခရီးသည်များအား ခေတ္တထိန်းသိမ်းထားရန် ဖော်ပြလေသည်။

ထို့နောက် မောင်သန့်တို့အဖွဲ့သည် ပုဇွန်တောင်ဘူတာတွင် ရန်ကုန်ရဲမင်းကြီးအမိန့်ဖြင့် ဖမ်းဆီးခြင်းခံရသည်။ များမကြာမီ စစ်ကိုင်းရာဇ၀တ်ဝန်သည် မောင်သန့် အား ကောင်းစွာသိရှိသည့် ပုလိပ်အရာရှိတစ်ဦးနှင့် မောင်သန့်တို့အဖွဲ့ထဲမှ မောင်ဖြူဆိုသူနှင့် သိကျွမ်းသူ မောင်ကြီးတို့အား ရန်ကုန်သို့စေလွှတ်၍ မောင်သန့်တို့အဖွဲ့ ဟုတ်မဟုတ် သေချာစွာစစ်ဆေးစေသည်။ ၄င်းတို့က မောင်သန့်နှင့် အဖွဲ့ အမှန်ပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသလို မောင်သန့်တို့အဖွဲ့အား အစောင့်အကြပ်ထူထပ်စွာဖြင့် မြင်းခြံသို့ ပြန်လည်ပို့ဆောင်လေသည်။ ထို့နောက် မြင်းခြံထောင်မှတဆင့် စစ်ကိုင်းထောင်၊ ထိုမှတဖန် မန္တလေးအကျဉ်းထောင်သို့ ပြောင်းရွှေ့၍ စစ်ကိုင်းစက်ရှင်မင်းတရားရုံးက အိန္ဒိယရာဇသတ်ကြီးပုဒ်မ ၁၂၁ ဖြင့် တရားစွဲဆိုခဲ့သည်။

မောင်သန့်နှင့်အတူ တရားစွဲခံရသူအများအပြားရှိရာ ၃၃ ဦးမှာ ကြီးလေးသာ အပြစ်ဒဏ်ခံရသည်။ မောင်သန့်အမှုကို ၁၉၁၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း စစ်ဆေးရာ ၆ လခန့် ကြာမြင့်ခဲ့သည်။ တရားခံများ ရှေ့နေငှားရမ်းခွင့် မရခဲ့ချေ။ ကိုယ်တိုင်လျှောက်လဲ ခြင်း၊ ဖြေကြားခြင်းသာ ပြုလုပ်ခဲ့ရသည်။ မောင်သန့်အမှုကို ၁၉၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် စက်ရှင်အမှုတွဲ အမှတ် (၃၈/၁၉၁၁) အိန္ဒိယ ပင်နယ်လ်ကုတ်၏ ပုဒ်မ ၁၂၁ ဖြင့် စွဲချက်တင်ခဲ့သည်။ ထို့နောက် ၁၉၁၁ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် ကြိုးမိန့်စီရင်ချက် ကို အယူခံတင်သွင်းခဲ့ရာ တရားရုံးက ပယ်ချ၍ ကြိုးမိန့်ကို အတည်ပြုခဲ့သည်။ မောင်သန့်တို့အမှုကို စီရင်သူမှာ စက်ရှင်တရားသူကြီး အေမက်ဂရီဂါ (A. Mac Gregar – M.A., I.C.S) ဖြစ်သည်။ မောင်သန့်နှင့်အတူ ဗိုလ်မြှောင်၊ ဗိုလ်ရာဘော်၊ ဗိုလ်ကံပွင့်၊ ဗိုလ်ရွှေတုတ် တို့ ကြိုးဒဏ်အပြစ်ပေးခြင်းခံရသည်။ ကျန်ရဲဘော် ၉ ဦးတို့မှာ တသက်တကျွန်း ( ကပ္ပလီကျွန်း) သို့ အပို့ခံခဲ့ရသည်။

မန္တလေးထောင်ကြီးတွင် မောင်သန့်အား ကြိုးပေးသောနှစ်မှာ ခရစ် ၁၉၁၁ ခုနှစ် စက်တင်ဘာလတွင် ဖြစ်သည်။ ကြိုးပေးခံရစဉ်က မောင်သန့်သည် အသက် ၂၁ နှစ်သာ ရှိသေးသည်။

မည်သို့ဆိုစေ… မင်းလောင်းမောင်သန့်အဖွဲ့သည် ထိုကဲ့သို့ အရေးမလှကျဆုံးသွားရခြင်းမှာ နယ်ချဲ့အင်္ဂလိပ်အစိုးရ အင်အားနှင့် မိမိတို့၏ ပကတိအင်အားကို နှိုင်းယှဉ်သုံးသပ်နိုင်စွမ်းမရှိခြင်း၊ ပဒေသရာဇတ်ခေတ်အစဉ်အလာအတိုင်း အင်း၊ အိုင်၊ ခါးလှည့်လက်ဖွဲ့များအပေါ် အလွန်အားထားမှုလွန်ကဲခြင်း၊ စစ်ရေးစစ်ရာအသိအမြင်ခေါင်းပါးခြင်း၊ ဒဏ္ဍာရီသာသာ ပါးစပ်ရာဇ၀င် ကိုသာ အဆင်ခြင်မဲ့ယုံကြည်ကာ မိမိတို့ဆောင်ရွက်သမျှ အောင်မြင်မည်ဟု ထင်မြင်ပြုမူခဲ့ခြင်းနှင့် အချိန်အခါနှင့် နေရာဒေသ (ကာလံဒေသ) ၏ ကန့်သတ်ချက်မျာကို သဘောပေါက်နားလည်မှုမရှိခြင်း၊ ခြုံ၍ ဆိုရသော် မျိုးချစ်စိတ်သာ ပြင်းထန်ပြီး အရည်အချင်းအားဖြင့် ချို့တဲ့သူများဖြစ်ခြင်းကြောင့် ကျဆုံးသွားခဲ့ရလေသည်။

စာကိုး
(၁) တင်မြင့်၊ အဂ္ဂံတောင်က မောင်သန့်ထခဲ့၊ စာပေဗိမာန်၊ ပထမအကြိမ် ၁၉၉၅။
(၂) လူထုဦးလှ၊ ကျွန်တော်စတီးပွဲစား။လူထုစာပေတိုက် ၂၀၁၂
(၃) ဦးတော်သခင် “မြန်မာ့တော်လှန်ရေးစိတ်ဓါတ်နှင့်မင်းလောင်းမောင်သန့်” ရှုမ၀မဂ္ဂဇင်း (၁၉၅၅၊ မတ်လ)
(၄) အိမ်မဲဒေါင်းပြာ “တခါတုန်းက နယ်ချဲ့ဆန့်ကျင်ရေး (၁၉၀၉ ခု မင်းလောင်းမောင်သန့်၏ လှုပ်ရှားမှု)” စစ်ပြန်မဂ္ဂဇင်း အမှတ် ၄၉ (၁၉၈၂ အောက်တိုဘာလ) စာ ၂၆၊၃၂။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်