fbpx

မြန်မာ့ဇာတ်သဘင်မိခင်ကြီး မြခြေကျင်း မငွေမြိုင်

April 20, 2013

မြန်မာ့ဇာတ်သဘင်မိခင်ကြီး မြခြေကျင်း မငွေမြိုင်
သန်းဝင်းလှိုင်
ဧပြီ ၂၀၊ ၂၀၁၃
မငွေမြိုင် တောက်စားခဲ့စဉ်က

မြန်မာဇာတ်ပွဲတွင် ဇာတ်သမ အမျိုးသမီးပညာသည်ကို ဇာတ်မင်းသမီးဟု ခေါ်ဝေါ်ကြသည်။ ဇာတ်မင်းသမီးလုပ်သူသည် အမျိုးသမီးပိုင်းဆိုင်ရာ ကကြိုးကကွက်များကို နိုင်နင်းစွာ တတ်ကျွမ်းရလေသည်။ ထို့အပြင် မင်းသမီးကောင်းတလက်ဖြစ်လိုလျှင် “ပိုး၊ မွေး၊ ခေါ်။ မျှော်၊ အောင်၊ ဇော်၊ လု၊ ဘ၊ ရူး၊ အ၊ သေ၊ ပစ်” ဟူသော မင်းသမီးတို့တတ်အပ်သော ဇာတ်သဘင်ပညာ ၁၂ ရပ်ကိုလည်း ကျွမ်းကျင်စွာ တတ်ကျွမ်းရသည်ဟု နာမည်ကျော်ကြားရုပ်သေးမင်းသမီးကြီးဆရာပုက ဆိုသည်။

ဤနေရာ၌ ဇာတ်သဘင်ပညာ ၁၂ ရပ်ဆိုသည်မှာ –

(၁)  ပိုး -ဟူရာ၌ မင်းသမီးပင်ဖြစ်လင့်ကစား အချို့ဇာတ်များတွင် “ကိန်းက ဇောက်ထိုးတယ်မှရှင်မိန်းမနောက်ပိုး” လုပ်ရတတ် သည်ဖြစ်သဖြင့် မိန်းမတန်မဲ့ ယောက်ျားကိုစ၍ ပိုးခန်း – ကြုံလာလျှင် သဘာဝကျကျ တကယ့်အဖြစ်အစစ်နှင့် တူအောင် ပိုးတတ်ရသည်။

(၂) မွေး -ဟူရာ၌ အလောင်းတော် ဖွားတော်မူခန်းမှအစ ဇာတ်နှင့်ဆိုင်ရာ မင်းသမီးလုပ်သူ သားဖွားရ၊ မျက်နှာမြင်ရသည့်အခန်းများကိုလည်း လိုအပ်သလို ကတတ်ရသည်။ မင်းသမီးလုပ်သူသည် အပျိုစစ်စစ်ပင် ဖြစ်လင့်ကစား မိန်းမတို့ဓမ္မတာ ကိုးလလွယ်၍ ဆယ်လဖွားသည့် မိခင်တစ်ဦးအတိုင်း သရုပ်ပါပါ မွေးတတ်ဖို့လိုသည်။

(၃) ခေါ် -ဆိုသည်မှာ ဇာတ်ပွဲတို့၏ အစဉ်အလာအတိုင်း လင်ကို ခေါ်နည်း၊ သားကိုခေါ်နည်း၊ ကျေးကျွန်ကိုခေါ်နည်း၊ အရှင်သခင်ကို ခေါ်နည်း စသည်ဖြင့် ထုံးတမ်းစဉ်လာနှင့်အညီ ခေါ်တတ်ပြောတတ်ဖို့ လိုသည်။ သာဓကအားဖြင့် လင်ကိုခေါ်ရာ၌ “သပြေရွက်စည်၊ မြရည်ရောင်ဖိတ်၊ တသောင်းထိပ်မှ၊ ဖြူရိပ်စကြာ၊ ဖြန့်မိုးကာရ၊ ဒီပါတိုင်းလုံးရှင်မောင်မောင်ဘုရား……” စသည့် အခေါ်မျိုးဖြင့် ခေါ်တတ်ရမည်ကို ဆိုလိုပါသည်။

မငွေမြိုင်၏ ကိန္နရာအကမှာ တချိန်က လူကြိုက်များခဲ့သည်။

(၄)  မျှော် -ဆိုသည်မှာ ရည်းစားမျှော်၊ လင်မျှော်၊ သားမျှော် ခန်းများတွင် တကယ်တမ်းမျှော်တတ်ရန်လိုသည်။ ပညာပါသော ရည်းစားမျှော်၊ လင်မျှော်များမှာ ကျေးကိုစေ၍ မျှော်ခြင်း၊ ဘုရားကို တိုင်၍ မျှော်ခြင်း၊ ကျေးသားနှင့်စကားခွန်းတုံ့လှယ်၍ မျှော်ခြင်း တို့ ဖြစ်သည်။ မင်းသမီး၏ လွမ်းသူတမ်းတပုံကို ပွဲကြည့်ပရိသတ်၏ စိတ်၌ တကယ်ပင် ထင်မှတ်လာအောင် မျှော်တတ်ရလေသည်။

(၅) အောင် -ဆိုသည်မှာ စစ်ကိုင်းကျောက်ပံ ကန်ကြီးကုန်းရာဇ၀င်ဖြစ်သော ဆားတောင်သူအောင်ဖြူဇာတ်ကိုခင်းလျှင် နိုင်နင်းစွာ ကပြနိုင်ရမည့်အရည်အသွေးဖြစ်သည်။ အောင်ဖြူဇာတ်မှာ ပရိယာယ်အလွန်များပြီးလျှင် မင်းသမီး၏ အလွမ်းများလှသော ဇာတ်ထုပ်ဖြစ် သည်။ ဤလိုဇာတ်မျိုးကို သာမန်ဇာတ်မင်းသမိးတို့ ဇာတ်မလိုက်နိုင်၊ မကနိုင်ပေ။

(၆) ဇော် -ဟူသည်မှာ ရှိရာဇာတ်ကို မီးစင်ကြည့်ကပြရသဖြင့် မင်းသမီးဇော်ဂျီဖြစ်ရသည့် ဇာတ်လမ်းမျိုးနှင့် ကြုံခဲ့သော် ဇော်ဂျီအဖြစ် နှင့် ကတတ် ပြောတတ်၊ ပြုမူတတ်ဖို့ အသင့်ရှိရလေသည်။

(၇) လု -ဆိုသည်မှာ လင်လုခန်း၊ သားလုခန်း များတွင် နိုင်နင်းဖို့လိုသည်။ သစ္စာထားနှစ်ပါးသွားခန်းတွင် လင်လုခန်းမျိုးသာမက ဇာတ်ကွက်နှင့်အညီ လူယောင်ဆောင်ထားသည့် ဘီလူးမနှင့် လင်လုရခြင်းမျိုးကိုပါ ဆိုလိုသည်။ ယင်းအခါ၌ မိမိသည် လင်သားအပေါ် မည်သို့ ကြင်နာခဲ့သည်။ ယုယခဲ့သည်။ အနာခံ၍ ရည်ရည်လူးခဲ့သည်။ ချစ်တုံ့တင်ခဲ့သည်များကို ပွဲကြည့်ပရိသတ် စိတ်၌ ကွက်ကွက်ကွင်းကွင်း ပေါ်အောင် ပြောဆိုတတ်ရ၍ သားလုခန်း၌လည်း မိခင်တစ်ယောက်၏ သားအပေါ် သန့်စင်မွန်မြတ်သော မေတ္တာရေစင်ဖြင့် ချစ်ခင်သဒ္ဓါမြတ်နိုးစွာ ကျွေးမွေးသုတ်သင်ခဲ့ပုံများ၊ သားအတွက် ရတက်မအေးသောကစိတ် များခဲ့ပုံများကို တကယ့်သားသည မအေတစ်ယောက်ကဲ့သို့ စီကာပတ်ကုံး ပြောတတ်ဆိုတတ်ရပေသည်။

(၈) ဘ -ဟူသည်မှာ အချို့ဇာတ်များ၌ မင်းသမီးရေကန်တွင် ရေချိုးမှား၍ အစွယ်ပြူးပြူးဘီလူးဖြစ်သွားသည့် အခန်းပါတတ်သည်။ ထိုအခါ ဘီလူးခန်းကို မင်းသမီးလုပ်သူသည် နိုင်နင်းစွာ ကပြနိုင်ရလေသည်။

မငွေမြိုင် မကွယ်လွန်မီ (၁) နှစ်အလို

(၉) ရူး – ဟူသည်မှာ ဇာတ်ကွက်နှင့်အညီ အကြောင်းတစ်ခုခုကြောင့် ရူးသွပ်ရသည့်အခါ၌ တကယ့်အရူးနှင့်တူအောင် ရူးတတ်ဖို့ လိုသည်။ ဤလိုအခန်းမျိုးကို ရုပ်သေးမင်းသမီး ဆရာပု၊ မင်းသမီးမထွေးလေး၊ ထားဝယ်ပြန်ဒေါ်စိန်ခင်တို့သာလျှင် နိုင်နိုင်နင်းနင်း ကနိုင်၍ အရူးခန်းပီပြင်သည်ဟု ကျော်ကြားလေသည်။ မထွေးလေး၏ ပဋာစာရီဇာတ်ကို ကပြရာ၌ အရူးခန်းကို ပရိသတ်က မေ့မရအောင် ဖြစ်ရသည်ဟု ဆိုလေသည်။

(၁၀) အ -ဟူသည်မှာ စုန်းပြုစား၍ ဖြစ်စေ၊ နတ်တိုက်၍ဖြစ်စေ၊ ၀ဋ်ကြမ္မာကြောင့်ဖြစ်စေ မင်းသမီးသည် အကောင်းပကတိက အ,သွားရသည့် ဇာတ်လမ်းမျိုး ကပြရသည့်အခါ ဘာတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ ခြေနှင့်လက်နှင့် ပြ၍ မျက်နှာက အမူအရာ အမျိုးမျိုး ထုတ်ဖော်သည်တွင် ပရိသတ်က နားလည်ပြီး ရင်ထုမနာနှင့် မျက်ရည်မဆည်နိုင် ဖြစ်လာအောင် ကပြတတ်ရသည်။

(၁၁) သေ -ဟူရာ၌ မင်းသမီးသေရသည့်အခန်းများလည်း ဇာတ်လမ်းတွင် ပါတတ်သေးရာ၊ မင်းသမီးက မသေတတ်လျှင် ဇာတ်နာသင့်ပါလျက် မနာဘဲ ပွဲကြည့်ပရိသတ်အူကြောင်ကြောင် ဖြစ်ကုန်ပြီးလျှင် တညဥ့်လုံးသယ်လာသမျှ သဲထဲရေကျ ဖြစ်ရတတ် သည်။ ဆရာပု၊ မထွေးလေးနှင့် ထားဝယ်ပြန် ဒေါ်စိန်ခင်တို့သည် အသေကောင်းလှသည်ဟု ဆိုသည်။ မင်းသမီးလုပ်သူအသေတတ် သည့်အခါ ဇာတ်ခုံပေါ်က ဇာတ်သူဇာတ်သားများပင်လျှင် စိတ်ထိခိုက်လာပြီး မျက်ရည်လည်ရွှဲ ဖြစ်ရလေသည်။

(၁၂) ပစ် -ဟူရာ၌ သားပစ် သမီးပစ် စွန့်ပစ်ရသော ဇာတ်မျိုး၌ ပစ်တတ်ရန်လိုခြင်းကို ဆိုလိုသည်။ ပစ်ရာ၌လည်း အသေပစ် အရှင်ပစ် ဟူ၍ ရှိသည်။ သာဓကအားဖြင့် မိဖုရားကို နောက်သိမ်းမည့်ဘုရင်က အလျင်သွေးမကျန်ရအောင် သားသမီးကို စွန့်ပစ်ချေ ဟု မိန့်တော်မူသည့်အခါ၌ သားကို အရှင်လတ်လတ် စွန့်ပစ်ရသည့်အခန်းမျိုး၊ သားသေ၍ စွန့်ပစ်ရသည့်အခန်းမျိုး၌ ဇာတ်လိုက်တတ်ဖို့ လိုလေသည်။

အထက်ပါအချက်များပြည့်စုံသော ဇာတ်မင်းသမီးတစ်ဦးကို ပြပါဆိုလျှင် သဘင်မိခင်ကြီး မြခြေကျင်းမငွေမြိုင်အား ပြရပေလိမ့်မည်။

ဇာတ်သဘင်မိခင်ကြီး မြခြေကျင်း မငွေမြိုင်ကို ခရစ် ၁၈၉၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်ရပ် အိုးဘိုလမ်း အမှတ် (၈) နေအိမ်၌ အဖ ဦးအောင်ဘ၊ အမိ ဒေါ်ငြိမ်းစံ တို့မှ ဖွားမြင်ခဲ့သည့် မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက် ဖြစ်သည်။ ဖခင်မှာ ဆင်ဖြူကျွန်းဇာတိ လူကြမ်းမင်းသားကြီးဖြစ်ပြီး မိခင်မှာ ကြည့်မြင်တိုင်သူ ဖြစ်သည်။ မငွေမြိုင်ဟု ကျော်ကြားခဲ့သော်လည်း အမည်ရင်းမှာ မငွေလှိုင် ဖြစ်သည်။

ငယ်စဉ်ကပင် ဂီတ သဘင်ပညာ ၀ါသနာပါလှသဖြင့် အဆိုအကတို့၌သာ ပျော်မွေ့နေရကား မိဘများက သူ့အသက် ၉ နှစ် အရွယ်တွင် ရန်ကုန်မြို့၊ ပုဇွန်တောင်ရပ်နေ ဇာတ်လူကြမ်းမင်းသားကြီး စာရေးဆရာဦးစံထံသို့ သဘင်ပညာရပ်များ ဆည်းပူးသင်ကြားရန် အပ်နှံခဲ့လေသည်။

သုံးနှစ်တာမျှ သဘင်ပညာသင်ကြားတတ်မြောက်ပြီးနောက် ငွေလှိုင်ကလေးသည် ပညာသင်ဘက်များဖြစ်ကြသော ဗန္ဓုလမောင်မြ၊ ပဲခူးမောင်ကျော်၊ နဂါးမမြနှစ် တို့နှင့် ခွဲခွာကာ အသက် ၁၂ နှစ်အရွယ်တွင် ဆရာပညတ်အပ်သော မြခြေကျင်းမငွေမြိုင်အမည်ဖြင့် ဇာတ်ခွဲခဲ့ လေသည်။

ထိုစဉ်က ပုဏ္ဏားဖေဆိုင်၊ ခုနစ်ထွေညွန့်ရီ စသော နာမည်ကျော် ဇာတ်အဖွဲ့များနှင့် စင်ပြိုင်ကရသောကြောင့် မငွေမြိုင်သည် များစွာ ကြိုးပမ်းအားထုတ်ခဲ့ရသည်။

သို့သော် ကံအကြောင်းလှ၍ ဘ၀အကျိုးပေးကောင်းခဲ့သောကြောင့် သဘင်အမြုတေဇာတ်မင်းသမီးကလေး၏ အရည်အချင်း ကြောင့်လည်းကောင်း များမကြာမီအချိန်အတွင်း နိုင်ငံတ၀ှမ်း၌ ကျော်စောလာလေသည်။ မငွေမြိုင်၏ အမည်ကို အစ်ကိုကာလသားများ သာမက လူကြီးသူမများကပါ နှုတ်မှတဖွဖွပြောဆိုလာသောကြောင့် မြခြေကျင်းအမည်ကို တုပ၍ စိန်ခြေကျင်းမြညွန့်၊ ရွှေခြေကျင်း မြသွေး ဟူ၍ ဇာတ်မင်းသမီးအသစ်များပေါ်ထွက်လာခဲ့ကြသေးသည်။

ဤသို့ မြခြေကျင်းမငွေမြိုင်ဟူ၍ စင်ပေါ်၌ ထင်ပေါ်ကျော်ကြားနေစဉ်အတွင်း နိုင်ငံကျော်ဇာတ်မင်းသားကြီး ဦးဖိုးစိန်က သူနှင့်တွဲက ရန် စကားကမ်းလှမ်းလာသည်။ သို့ရာတွင် မငွေမြိုင်သည် ပထမဆုံးသော ဇာတ်စီးခေါင်းဆောင်မင်းသမီးဖြစ်နေသည့်အပြင် အကျော်ဇေယျ ဖြစ်နေချိန်၌ ဦးဖိုးစိန်နှင့် မတွဲလိုချေ။ အနုပညာလောက၌ မိမိ၏ဇာတ်ထဲသို့ ငွေကြေးမြောက်မြားစွာ ထည့်ဝင်၍လည်းကောင်း၊ ပရိယာယ် အသွယ်သွယ်ဖြင့် ဖြားယောင်းသိမ်းသွင်းကာ မိမိ၏ တတ်နေသော အညွန့်ကို မသိမသာ ချိုးနှိမ်ပစ်တတ်သည့် ညစ်ပတ်သော အကျင့်စရိုက်များကို မငွေမြိုင်ကြားသိနေရာ မိမိ၏ အစွမ်းအညွန့်ကို မချိုးလိုသူတို့ ထုံးစံအတိုင်း အလိမ္မာနှင့် ငြင်းပယ်ခဲ့လေသည်။

သို့သော် မြခြေကျင်း မငွေမြိုင်သည် ဇာတ်မင်းသမီး အနှစ် ၃၀ ကျော် ကပြနေစဉ်အတွင်း ဇာတ်မင်းသားကြီး ဂရိတ်ဦးဖိုးစိန်နှင့် လည်းကောင်း၊ ဒုတိယဖိုးစိန်နှင့်လည်းကောင်း၊ မင်းသားအောင်စည်ဗလနှင့်လည်းကောင်း၊ ရုပ်သေးမင်းသားဘလှိုင်နှင့်လည်းကောင်း၊ ပုဏ္ဏား ဖေဆိုင်၊ မြင်းခြံနယ်မှ ဘထွန်း၊ ကိုစိန်အုပ်တို့နှင့်လည်းကောင်း တွဲကခဲ့ဖူးသည်။ မငွေမြိုင်၏ ဇာတ်သဘင်သက်၌ အကျော်ကြားဆုံးအချိန်မှာ အသက် ၃၀ ခန့်အရွယ်ကောင်းတွင် မင်းသားဘလှိုင်နှင့်တွဲ၍ ရွာစားစိန်ဗေဒါ၏ ဆိုင်းနှင့်ကစဉ်က ဖြစ်လေသည်။ မငွေမြိုင်၏အသံမှာ ပင်ကိုယ်အားဖြင့် အသံကောင်းလှသည်ဟု ပြောနိုင်သည့် ပထမတန်းစား အသံမျိုးမဟုတ်သော်လည်း သီချင်းဆိုသည့်အခါ၌ သံဟောက်သံဟဲကောင်း၍ အသံကြည်လင်ပြတ်သားသည်။ အာခေါင်အာရင်းရှင်းစွာ သီဆိုနိုင်သည့် မင်းသမီးဖြစ်၍ သီချင်းဆိုရာတွင် အထူးသဖြင့် ခြေဆင်းအဆိုကောင်းသောကြောင့် ခြေဆင်းကို ရှည်ရှည်စပ်၍ ပေးကြရသည်။ မငွေမြိုင်သည် အကကို မင်းသားအကရော မင်းသမီးအကပါ ပိုင်ပိုင်နိုင်နိုင် ကတတ်သည်။ ကသည့်အခါ ခြေဆစ်လက်ဆစ် အလွန်ကျိုးသူဖြစ်သည်။ မငွေမြိုင်သီဆိုခဲ့သည့် သီချင်းများမှာ စစ်ကိုင်းဆရာကြည်ရေး “လေးလက်မဓာတ်ပုံ”၊ စစ်ကိုင်းဆရာကြည်ရေး “ဆောင်တော်ကူး”၊ နန်းတော်ရှေ့ဆရာတင်ရေး “မြိုင်”၊ နန်းတော်ရှေ့ဆရာတင်ရေး “ရွှေကျီးညို”၊ ၀ိုင်အမ်ဘီဆရာတင်ရေး “အာကသဇိုး” တို့သည် ထင်ရှားကျော်ကြားခဲ့သည်။

ထို့အပြင် အမျိုးသမီးများသည် အမျိုးသားဇာတ်မင်းသားများနှင့် တန်းတူ ဇာတ်ကို ဦးဆောင်နိုင်သူဖြစ်ကြောင်း သက်သေပြလျက် အမျိုးသမီးဇာတ်သဘင်လောကကို တနည်းတဖုံ မြှင့်တင်ခဲ့သည်ဟု ဆိုရပေမည်။

“မုဆိုးမမို့…. စိတ်ကျလိမ့်မယ် ထင်သလား၊ ရှေ့နှစ်ခါမှ…. ဆပ်ကော်မတီယူပြ မအေကျုပ်က အိမ်ရှေ့က ကျောက်လမ်း… ယခုပြင်စေ… အများမဲဆန္ဒကိုရမယ့် မိန်းမဆပ်ကော်မတီပေ… လမ်းကောင်းရစေ မအေ… စခန်းကောင်းရစေ မအေ… အနောက်နိုင်ငံများက သတင်းစာဖတ်ကြည့်ပါ… မိန်းမ ဟုမ်းမင်ဘား၊ မိန်းမငါးထောင်စားလို့ မကြားဘူးသူတွေ…… ရီတာပေါ့အေ…. မေရီပစ်ဖို့ဒ်ဆိုတာ… သဘင်သည်မပေါ့အေ….” ဟူသော သူဆိုသီချင်းကိုကြည့်လျှင်လည်း မည်မျှတိုးတက်ခေတ်မီ၍ မည်မျှပင် အမျိုးသမီးထုအပေါ်၌ စေတနာကြီးမားသည်ကို သိနိုင်လေသည်။

ထိုမျှပရိသတ်အပေါ် စေတနာမေတ္တာကြီးမှုကြောင့်ပင်လော မသိပေ။ သို့တည်းမဟုတ် မငွေမြိုင်ကပင် အင်မတန်ချောမောလှပ၊

အကကောင်း၍လားမသိ။ မငွေမြိုင်ဇတ်ကသွားလေရာ အရပ်ဒေသတွင် ပွဲကြည့်ပရိသတ်သည့် ကြက်ပျံမကျ စည်ကားနေလေသည်။ ထိုစဉ်က မြေ၀ိုင်းခေတ်မှ ပြောင်းခါစဖြစ်သဖြင့် မငွေမြိုင်တို့ ဇာတ်အဖွဲ့သည် ရောက်လေရာအရပ်၌ ‘ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်’ ပမာ ဖြစ်နေလေတော့သည်။

သို့ကလို ပရိသတ်တရပ်လုံးက စွဲလန်းတသနေခိုက် မန္တလေးမြို့ရှိ ဆပ်ကျောင်း (ရဲသိပ္ပံ) သို့ လာရောက်သင်တန်းတက်နေသော ပုသိမ်ခရိုင် အရေးပိုင် ဦးဘိုးကျော်၏ သား ကိုကိုကြီးဆိုသူနှင့် လူငယ်တို့ဘာဝ တွေ့ဆုံချစ်ကြိုက်ကြလေသည်။ ကိုကိုကြီးသည် အခြားသူ မဟုတ် ဂဠုန်ဦးစော၏ ပထမအိမ်ထောင် ရာဇ၀တ်ဝန်ဦးမောင်ကလေး၏ အစ်ကိုအရင်းဖြစ်သည်။ ကိုကိုကြီးသည် သင်တန်းပြီးဆုံး၍ ရာဇ၀တ်အုပ်ကလေးဘ၀သို့ ရောက်သောအခါ မငွေမြိုင်နှင့် အကြောင်းပါခဲ့လေသည်။ ထိုစဉ်က မငွေမြိုင်၏ အသက်ကား ၂၇ နှစ်သာ ရှိသေးသည်။ မြခြေကျင်းမငွေမြိုင်သည် ဦးကိုကိုကြီးနှင့် သားသမီး မထွန်းကားခဲ့ပေ။ ကလေးနှစ်ဦးကို ခေါ်ယူမွေးစားသည်။

အိမ်ထောင်သက် တစ်နှစ်ပြည့်သည့်နှစ်၌ မငွေမြိုင်သည် ဆာဂျေအေမောင်ကြီး (နောင် မြန်မာနိုင်ငံခေတ္တဘုရင်ခံ) တည်ထောင်ထားသော အငြိမ့်အဖွဲ့ကြီး၌လည်း လိုက်လံပါဝင်ကပြခဲ့သေးသည်။ (အငြိမ့်အဖွဲ့ကြီးဆိုသည်မှာ အခြားသာမန်အငြိမ့်များနှင့် ခြားနား၍ အငြိမ့်စင်ထက်သို့ စန္ဒယားကိုပါ တင်ကာ အသုံးတော်ခံသည့်အငြိမ့်အဖွဲ့မျိုးကို ဆိုလိုသည်။ ယင်းအငြိမ့်မျိုးကို မငွေမြိုင်က စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။) ထိုအငြိမ့်အဖွဲ့ကြီး၌ ခေါင်းဆောင်မင်းသမီးအဖြစ် မြခြေကျင်းမငွေမြိုင် ကပြ၍ ရတနာခင်ကြည်က လက်ထောက်မင်းသမီးအဖြစ် ပါဝင်ကပြသည်။ တူရိယာ ဂီတဖက်ဆိုင်ရာ ဂီတမှူးမှာ မြန်မာညွန့် ဦးချစ်မောင် ဖြစ်သည်။

သို့ကလို ဇာတ်သဘင်လောကတွင် ကျော်စောထင်ရှားလာသော မြခြေကျင်းမငွေမြိုင်သည် အသက် ၃၃နှစ် အရွယ်၌ ထိုစဉ်က မြန်မာနိုင်ငံ၏ ပထမဆုံး ဘုရင်ခံ ဆာဟာကုတ်ဘတ်တလာ (Sir. Spencer Harcourt Butler) ၏ အမှုထမ်းကောင်းလက်မှတ်နှင့် ရွှေဘယက်ဆုတံဆိပ်ကို ၁၉၂၇ ခုနှသ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ချီးမြှင့်ခံခဲ့ရသည်။

အမှုထမ်းကောင်း (A.T.M) လက်မှတ်တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားသည်-

မန္တလေးမြို့။ ရှမ်းပွဲကြီးရပ်။ သဘင်သည်မငွေမြိုင်သို့။ အသနားတော်မြတ်ခံစေသည့် အမှုထမ်းကောင်းလက်မှတ်။

မငွေမြိုင်သည် ဆယ့်တစ်နှစ်သမီးအရွယ်ကစ၍ မြန်မာသဘင်ပညာဖြင့်။ အသက်မွေးမှုပြုခဲ့ရာ လုံ့လ၀ီရိယရှိခြင်းကြောင့်။ ယခုအခါတွင် ပြည်သူတို့သဘောအလျောက် ချီးမြှင့်ကြသည့် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလေသည်။ မငွေမြိုင်သည်။ မြန်မာပြည်၌။ ခေါင်းဆောင်သဘင်သည်တစ်ဦးဖြစ်သည့်အပြင်။ ဇာတ်မင်းသားအပေါ်တို့တွင်။ ဦးဘိုးစိန်သည် ကျော်ဇောထင်ရှားသကဲ့သို့။ ဖာတ်မင်းသမီး အပေါင်းတို့တွင်လည်း မငွေမြိုင်သည် ကျော်ဇောထင်ရှားလေသည်။

သည်ကဲ့သို့ ပင်ကိုယ်ဥာဏ်နှင့်ပြည့်စုံသည်ကို။ မြန်မာနိုင်ငံတော်ကို စီရင်အုပ်ချုပ်တော်မူသော ဘုရင်ခံမင်းကြီးက အားရနှစ်သက် တော်မူ၍။ မငွေမြိုင်သို့။ ယခုလက်မှတ်နှင့်တကွ။ ရွှေဘယက်တံဆိပ်အသနားတော်မြတ်ခံစေသည်။

ရန်ကုန်မြို့။

ဇန်န၀ါရီလ (၁)၊ ၁၉၂၇ ခု။
ဟာကုတ်၊ ဘတ်တလာ။

ဘုရင်ခံမင်း။ မြန်မာနိုင်ငံတော်။


ဤသို့ထင်ပေါ်၍ စင်တော်က ကောက်ခံရသည့်တိုင် မငွေမြိုင်သည် မိမိဇာတ်ကို ဂုဏ်သတင်းမပျက်ရလေအောင် ဇာတ်ဆင်ရခြင်း၊ ဇာတ်တက်ရခြင်း၊ ထိန်းသိမ်းရခြင်း၊ ဆန်းသစ်တီထွင်ရခြင်း စသော အမှုကိစ္စများကို နေ့စဉ်နှင့်အမျှ ကြိုးပမ်းဆောင်ရွက်ခဲ့ရလေသည်။ ထိုမျှသာမက ကိုယ်တိုင်အငြိမ့်ပွဲကပြရခြင်း၊ မိမိ၏တတ်စွမ်းသမျှသဘင်ပညာကို လာရောက်ဆည်းပူးသော တပည့်များကို မျှဝေသင်ကြား ပြသရခြင်း စသော တာဝန်များနှင့် အိမ်ထောင်တာဝန်ကို ထမ်းရွက်ရသေးသည်။ နောက်ပိုင်းတွင် မငွေမြိုင်သည် အချိန်ပိုင်းမျှ သာ ပါဝင်ကပြ၍ မိမိကိုယ်စား မြန်မာအဆွေအေးတင်ကို လွှဲအပ်၍ ကပြစေသည်။ အားလပ်ချိန်များတွင် သဘင်ပညာသင်သူများကိုသာ စေတနာအပြည့်အ၀ဖြင့် စိတ်လက်ရှည်စွာ ပြသနေတော့သည်။

မငွေမြိုင်၏ တပည့်ပညာသည်များတွင် နိုင်ငံကျော်လင်္ကာကျော်စွာဘွဲ့ရ ရွှေမန်းတင်မောင်၊ ငြိမ်းချမ်းရေးညွန့်တင်၊ ရွှေမန်းဘိုကေ၊ ရွှေမန်းချစ်တင်၊ ရွှေမန်းကျော်တင့်၊ ရွှေမန်းညွန့်လှိုင်၊ ရွှေမန်းလှဖေ၊ ပျော်တော်ဆက်မတင်အောင်၊ ရတနာပုံခင်ကြည်တို့သည် ထင်ရှားခဲ့သူ ဖြစ်သည်။

ထို့နောက် ကြမ္မာဂြိုဟ်ဆိုးသည် မငွေမြိုင်ကို မွှေလေတော့သည်။ ရာသက်ပန်ပေါင်းဘက်လာခဲ့သော ခင်ပွန်းသည် ကိုကိုကြီးသည် မငွေမြိုင်ကို သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် ထားရစ်ကာ ကွယ်လွန်သွားခဲ့လေသည်။ ပထမအိမ်ထောင်ဦးကိုကိုကြီးကွယ်လွန် သွားပြီးနောက် မြခြေကျင်း မငွေမြိုင်သည် ရွှေဘိုမြို့သူကြီး ဦးရဲဒင်နှင့် ထပ်မံလက်ဆက်ခဲ့ပြန်သည်။ သို့သော် အကြောင်း မတိုက်ဆိုင်သဖြင့် အိမ်ထောင်သက်မရှည်မှာပင် ကွာရှင်းပြတ်စဲခဲ့လေသည်။ ရွှေဘိုမြို့သူကြီး ဦးရဲဒင်မှာ မြန်မာမင်းများလက်ထက် ပြည်ကြီးဝန်ဦးမော့မှ ဆင်းသက်လာသူဖြစ်သည်။

ဂျပန်ခေတ်ကာလအတွင်း မြခြေကျင်းငွေမြိုင်သည် မန္တလေးဘုရားကြီး တိုက်အနောက်ပေါက် နယားတိုက်၌ ၀င်ရောက်ခိုလှုံနေထိုင် ခဲ့ရပြီး ၀မ်းရေးအတွက် ကိတ်မုန့်နှင့် မြေပဲယိုလုပ်ကာ ရောင်းချခဲ့ရသေးသည်။ စစ်ကြီးပြီးမှ ရှမ်းပွဲရပ်သို့ ပြန်ရောက်လာသည်။

မငွေမြိုင်သည် သားသမီးများကို ၄င်းကဲ့သို့ သဘင်သည်များ ဖြစ်မလာစေချင်ပေ။ ခေတ်ပညာတတ်များဖြစ်စေရန်သာ ကြိုးစားပညာ သင်စေသည်။ သို့သော် ၄င်းဆန္ဒအားလုံးမပြည့်ဝခဲ့ပေ။ အကြောင်းမှာ မငွေမြိုင်သည် သားကလေးမောင်မောင် မမျှော်လင့်ဘဲ ဆုံးပါးခဲ့ပြန်ရာ သံဝေဂရ၍ အသက် ၄၀ ပြည့်နှစ်တွင် ဇာတ်အဖွဲ့ကို ဖျက်သိမ်း၍ ဇာတ်သဘင်လောကမှ အနားယူခဲ့လေသည်။

အနားယူပြီးနောက် မန္တလေးမြို့ ရှမ်းပွဲရပ်ရှိ မိမိကိုယ်ပိုင်အိမ်ကလေး၌ပင် နဂါးဆေးလိပ်ကိုယ်စားလှယ်ယူကာ ဆေးလိပ်ရောင်းချ၍ ဘ၀ကို ဖြစ်သလို ရပ်တည်ခဲ့သည်။ သို့သော် ပညာလိုသူ မည်သူ့ကိုမဆို ကျား မ  မရွေး၊ အဆင့်အတန်းမရွေး လာရောက်ဆည်းပူးသူ မှန်သမျှကို ဆရာစားမချန် သင်ကြားပြသပေးသည်။ တပည့်များ၏ ကန်တော့သမျှနှင့် ဆေးလိပ်ရောင်း၍ မြတ်သမျှကလေးနှင့် ဘ၀ကို ရင်ဆိုင်ဖြတ်သန်းခဲ့သည်။

ထို့နောက် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် နိုင်ငံတော်အစိုးရက အနုပညာရပ်များ ဖွံ့ဖြိုးတိုးတက်စိမ့်သောငှာ မန္တလေးမြို့၌ အနုပညာနှင့် ပန်တျာကျောင်း ဖွင့်လှစ်ခဲ့သည်။ ကျောင်းဖွင့်လျှင်ဖွင့်ချင်း မြခြေကျင်းမငွေမြိုင်သည် အကနည်းပြဆရာအဖြစ် လျှောက်ထား လိုက်သည်။ သို့သော် မငွေမြိုင်အား ဇာတ်သမတစ်ဦးသာဖြစ်သည်။ ဇာတ်ခေါင်းဆောင်ရာတွင်သာ နိုင်နင်းသည်။ အကပညာတွင် မကျွမ်းကျင်ဟု ဆိုကာ သက်ဆိုင်ရာ ကျောင်းဘုတ်အဖွဲ့က ပယ်ချလိုက်လေသည်။

နိုင်ငံတော်တစ်ဝှမ်း သဘင်မိခင်ကြီး ဖြစ်ရုံသာမက အလင်္ကာကျော်စွာဘွဲ့ရအောင်ပင် ရွှေမန်းတင်မောင်ကဲ့သို့ တပည့်ပေါင်းများစွာ မွေးထုတ်ပေးခဲ့သော မြခြေကျင်းမငွေမြိုင်အား အကပညာမကျွမ်းကျင်ဟုဆိုကာ ပယ်ချလိုက်သဖြင့် မငွေမြိုင်သည် ၀မ်းမနည်းခဲ့ပေ။ အနုပညာနှင့် ပန်တျာကျောင်း၌ အနုပညာနှင့် ပတ်သက်၍ နကန်းတလုံးကိုပင် လုံးဝမသိသော အရည်အချင်းမရှိသူများမင်းမူနေသဖြင့် ကျောင်းအနာဂတ်အတွက်နှင့် အနုပညာအတွက်သာ ၀မ်းနည်းမိခဲ့လေသည်။

မည်သို့ဆိုစေ…. မင်းသမီးကလေးမထွေးလေး၊ ရုပ်သေးမင်းသမီးကြီး ဆရာပုတို့၏ နောက်တွင် ပေါ်ထွက်လာသော တတိယသဘင် ခေတ်၌ ထင်ရှားခဲ့သော မြခြေကျင်းမငွေမြိုင်သည် လောကဓံတရားကို ရယ်သွမ်းသွေး၍ ဘ၀ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြတ်ကျော်ကာ ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့၌ ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ အသက် ၆၁ နှစ် ရှိပြီဖြစ်သည်။

စာကိုး
၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ-၁၀။ စာပေဗိမာန် ပထမအကြိမ် ၁၉၆၆။
၂။ မိတ်ဆွေတစ်ဦး၊ `ရွှေမန်းမြို့က မြခြေကျဉ်း မငွေမြိုင်´ ရှုမ၀မဂ္ဂဇင်း (၁၉၅၆၊ အောက်တိုဘာလ) စာ ၆ မှ ၁၀။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)