လူငယ့်ဂုဏ်ရည်မြင့်တက်စေဖို့

April 22, 2013

သန်းဝင်းလှိုင်
ဧပြီ ၂၂၊ ၂၀၁၃
လူငယ်တို့ရေ….

လူ့သမိုင်းတိုးတက်ပြောင်းလဲလာမှုနဲ့အတူ လူ့ယဉ်ကျေးမှုအဆင့်ဆင့် တိုးတက်လာမှုဖြစ်စဉ်တွေမှာ လူငယ်တွေဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ၁၈ ရာစု ပြင်သစ်အတွေးအခေါ်နဲ့ လူမှုဗေဒပညာရှင် အိုင်စီဒိုးသြဂတ်စကီးခုန်းမ် (Isidore Auguste Marie Comte – 1798 – 1857) က ဆိုခဲ့ဖူးတယ်။

ယေဘုယျအားဖြင့် လူငယ်တိုင်းဟာ စိတ်ဓါတ်ခိုင်မာခြင်း၊ ရည်မှန်းချက်ကြီးမားခြင်း၊ ရဲရင့်သတ္တိရှိခြင်း၊ နိုးကြားတက်ကြွခြင်း၊ အရာရာ ကို စူးစမ်းချင်စိတ်ရှိ၍ သိလိုတတ်လိုစိတ်မြင့်မားခြင်း၊ အမှန်တရားကို မြတ်နိုး၍ သစ္စာရှိခြင်း၊ ကြီးကျယ်မြင့်မြတ်သူတို့ကို လေးစားတန်ဖိုးထား၍ အတုယူတတ်ခြင်း စတဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေ ရှိပြီးသားပါ။

နို့ပေမယ့် တဒင်္ဂကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲ အကျပ်အတည်းတွေ၊ နိုင်ငံတော်အစိုးရတွေရဲ့စီမံခန့် ခွဲမှု ညံ့ဖျဉ်းမှုတွေ၊ စိတ်ပျက်စရာပြဿနာတွေ၊ အိမ်တွင်းရေးစိတ်မချမ်းမြေ့စရာလေးတွေကြောင့်မိမိတို့ရဲ့ တိုးတက်မှုလမ်းတွေပိတ်ပြီး စိတ်ဓါတ်ကျအားငယ် ကာ အချိန်တွေဖြုန်း၊ တွေဝေငေးမောကာ လေလွင့်နေတဲ့ လူငယ်တွေလည်း ဒီကမ္ဘာကြီးမှာ အများကြီးပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ယနေ့လူငယ်တွေဟာ နောင်အနာဂတ်မှာ နိုင်ငံတော်ရဲ့ တာဝန်တွေကို မုချမလွဲမသွေလွှဲပြောင်းယူရမယ့် သူတွေမို့ အနာဂတ်နိုင်ငံတော်ရဲ့ ကံကြမ္မာဟာ မင်းတို့လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေတယ်ဆိုတာကို အစ်ကိုကြီးသတိပေးပါရစေ။ ဒါကြောင့် ယနေ့အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တွေရဲ့ အခြေအနေတွေကို လေ့လာခြင်းအားဖြင့် အနာဂတ်မြန်မာနိုင်ငံရဲ့ အခြေအနေကို ခန့်မှန်း နိုင်တယ်လို့ ဆိုကြပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့ ခွေးအသက်တခါလည် လူ့အသက်၂၀ လို့တောင် ခပ်ကြမ်းကြမ်းဆိုခဲ့ဖူး တယ်ကွဲ့။။ ခွေးအသက်တစ်ခါလည်ဆိုတာက အသက်တခါလည်ရောက်တဲ့ ခွေးရဲ့အကျင့်ကို ကြည့်ရင် ဒီခွေးဟာပြာပုံတိုးမဲ့ခွေးလား၊ အခြေအနေကောင်းမယ့် ခွေးလား မှန်းဆနိုင်သလို၊ လူ့အသက် ၂၀ ပြည့်ရင်လည်း ဒီလူငယ်ဟာ ဆန်ကုန်မြေလေးလား၊ တိုင်းပြည်နဲ့လူမျိုး အကျိုးပြုမယ့်သူလား ခွဲခြားနိုင်ပုံကို ခိုင်းနှိုင်းတာပဲ။

ဆိုလိုတာက ယနေ့အသက်နှစ်ဆယ်ဝန်းကျင်ရှိတဲ့ လူငယ်တို့ဟာ မကြာမီကာလအတွင်း ရောက်ရှိလာတော့မယ့် နိုင်ငံတော်ရဲ့  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်အဖြစ် ၊နောက်လိုက်အဖြစ် တာဝန်ယူရမယ့် သူတွေဖြစ်ရာထိုနယ်ပယ်အသီးသီးရဲ့ကောင်းကျိုး၊ဆိုးကျိုး၊တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်းစတဲ့ကံကြမ္မာတွေဟာလူငယ်တို့  လက်ထဲမှာ ရှိနေတာမို့  လူငယ်တွေ ဂုဏ်ရည်မြင့်တက်စေဖို့ ရှောင်ရန်၊ ဆောင်ရန်လေးတွေကို အစ်ကိုကြီး… ဗဟုသုတအနေနဲ့ ဖြန့်ဝေပါရစေ။

● ကြီးပွားအောင်မြင်ခြင်းရဲ့ သော့ချက်များ
လောကမှာ ‘မဖြစ်နိုင်ဘူးဆိုသော စကားဟာ အရူးတွေရဲ့ အဘိဓာန်၌သာရှိတယ်’ လို့ ပြင်သစ်ဧကရာဇ်ဘုရင်နပိုလီယံဘိုနာပတ် (၁၇၆၉ – ၁၈၂၁) က တခါက ပြောဖူးတယ်။ အချို့က ပိုလွန်းတယ်လို့ ဆိုချင်ဆိုကြမယ်။ ဒါပေမယ့်…. ပြောသူကို ကြည့်ပါက သူ့အပြောနဲ့သူ လုပ်ဆောင်ချက်ကား တထပ်တည်းကိုက်ညီနေတာကို တွေ့ရတာမို့ လက်ခံရမှာပဲ။

နပိုလီယံဟာ သာမန်တပ်ကြပ်ကလေးဘ၀ကနေ ပြင်သစ်နိုင်ငံရဲ့ ဧကရာဇ်ဘ၀ကို သူတက်လှမ်းခဲ့တဲ့ သူ့ခရီးလမ်းဟာ ပန်းခင်းလမ်း မဟုတ်ဘူး ဆိုတာပါပဲ။ သူဟာ အခက်အခဲမျိုးစုံကို ‘ဓါးတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်ခဲ့သူပမာ’ ရင်ဆိုင်ကျော်လွှားတက်လှမ်းလာခဲ့ သူ ဖြစ်ပါတယ်။ သူဟာ ပြင်သစ်သမိုင်းမှာ နပိုလီယံမင်းဆက်ကို စတင်တည်ထောင်ခဲ့သူအဖြစ်လည်းကောင်း၊ နိုင်ငံပြုသုခမိန်အဖြစ် လည်းကောင်း၊ စစ်သူကြီးအဖြစ်လည်းကောင်း ဥဒါန်းတွင်ရစ်ခဲ့သူဖြစ်တယ်ကွဲ့။ သူ့ခေတ်သူ့အခါက သူ့အမည်ကို ကြားရသူတိုင်းဟာ ဖိန့်ဖိန့် တုန်ခဲ့ရတာကို ကြည့်ပေါ့။

မြန်မာ့သမိုင်းမှာလည်း စစ်သူကြီးသတိုးသုဓမ္မမဟာဗန္ဓုလ (မြန်မာ ၁၁၄၄-၁၁၈၆) ဟာ စွမ်းရည်သတ္တိ၊ လုံ့လ၀ီရိယကြိုးစားမှု တို့ကြောင့် သာမန်တံခါးမှူးဘ၀ကလေးမှ စစ်သူကြီးအဖြစ်သို့ ရောက်ရှိခဲ့သူဖြစ်တယ်။ ဘယ်မင်းအဆက်ဆက်မှ သာမန်ပြည်သူပြည်သား ကျွန်မျိုးတွေကို ‘သတိုးဘွဲ့’ ချီးမြှင့်လေ့မရှိဘူး။ စာဆိုတောင်ရှိတယ်မဟုတ်လား။ ဘာတဲ့ “သားကို ချစ်လျှင်သတိုး၊ ကျွန်ကိုချစ်လျှင် နေမျိုး” တဲ့။ ဆိုလိုတာက ဘုရင့်အချစ်ဆုံး ရင်သွေးရင်နှစ်သားတော်တွေကိုသာ သတိုးဘွဲ့ပေးလေ့ရှိပြီး၊ ချစ်ကျွမ်းဝင်တဲ့ ယုံကြည်စိတ်ချရတဲ့ ကျွန်တော်ရင်းတွေကိုသာ ‘နေမျိုး’ အဆင့်လောက်ပဲ ပေးသနားလေ့ရှိတာ မြန်မာ့နန်းတွင်း အစဉ်အလာတွေပဲ။ ဒါဆို မဟာဗန္ဓုလရဲ့ ဇွဲသတ္တိ၊ ရဲသွေးရဲမာန်၊ ခေါင်းဆောင်မှု အရည်အသွေးတွေထက်မြက်လို့သာ ဘကြီးတော်မင်းတရား (စစ်ကိုင်းမင်း) က ချီးမြှင့်ခဲ့တယ်ဆိုတာ ထင်ရှား တာပေါ့နော်။

နောက်ထပ်လူ့ဘ၀တွင် သုညဘာသာမှ အစပြုလျက် တိုးတက်အောင်မြင်ခဲ့သူကို သာဓကပြရလျှင် အမေရိကန် ၁၆ ဆက်မြောက် သမ္မတဟောင်း အေဗရာဟင်လင်ကွန်းကို အစ်ကိုကြီးလက်ညှိုးထိုးပြချင်ပါတယ်။

လင်ကွန်းဟာ အမေရိကန်ပြည်ထောင်စုကင်တပ်ကီနယ်ရှိ သစ်လုံးအိမ်ကလေးထဲတွင် ဆင်းဆင်းရဲရဲမွေးဖွားလာခဲ့သူဖြစ်ပါတယ်။ သူ့ဖခင်က လက်သမားဆရာဖြစ်ပြီး လင်ကွန်းအသက် ၉ နှစ် မှာ မိခင်ဆုံးတဲ့အတွက် မိထွေးနဲ့နေခဲ့ရပါတယ်။ ကျောင်းတက်ရာမှာလည်း ဝေးလံလှတဲ့ခရီးကို ခြေလျင်လျှောက်၍ သွားရတတ်တယ်။ ဒါပေမယ့် ဖြစ်ဖြစ်မြောက်မြောက် ကျောင်းနေရတယ်လို့ မရှိပါဘူး။ ကျောင်းတက်ရက်ဟာ စုစုပေါင်းမှ ၁၁ လ လောက်ပဲ ရှိတယ်။

နို့ပေမယ့် လင်ကွန်းဟာ ငယ်စဉ်ကတည်းက စာပေ၀ါသနာထုံတာမို့ စာပေဗဟုသုတကို မိမိဘာသာ ရှာဖွေဖတ်ရှုဆည်းပူးခဲ့ပါတယ်။ ၅ မိုင် ၆ မိုင်ဝေးတဲ့ အိမ်ကိုသွား၍ စာအုပ်တွေ ငှားဖတ်ရတယ်။ ညဘက်တွင် မီးဖိုမှ မီးအလင်းရောင်ကလေးနဲ့ စာဖတ်ခဲ့ရတာပေါ့။ ရံဖန်ရံခါ စာဖတ်ရင်း ညီငယ်များကိုလည်း တဖက်က ထိန်းကျောင်းရသေးတယ်။

ဆင်းရဲနွမ်းပါးသော်လည်း ကြိုးစားအားထုတ်မှုနဲ့ စာပေကို အပတ်တကုတ်ကြိုးစားဖတ်ရှုလေ့လာမှုတွေကြောင့် စစ်သား၊ ၀တ်လုံ၊ နိုင်ငံရေးသမား စသော ဘ၀အထွေထွေကို ကျင်လည်ရင်း နောက်ဆုံးမှာ အမေရိကန်ပြည်ထောင်စုရဲ့ ၁၆ ဦးမြောက် သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်။

သို့ကလို သစ်လုံးအိမ်ကလေးမှာ သမ္မတကြီးစံမြန်းရာ အိမ်ဖြူတော်အထိ လျှောက်လှမ်းခဲ့သော သမ္မတလင်ကွန်းဟာ စကားပြော လည်းကောင်း ၊ စာပေအရေးအသားလည်းတော်လှသူဖြစ်တယ်။ အဲဒီလို တောက်ပြောင်ခဲ့ရတာတွေကတော့ အားလပ်ချိန်လေး တွေကို မဖြုန်းဘဲ စာပေလေ့လာလိုက်စားခြင်းကြောင့် ဖြစ်တယ်ဆိုတာ သိသာတာပေါ့။

မြန်မာနိုင်ငံမှ အကျော်ဇေယျပုဂ္ဂိုလ်တစ်ဦးကို သက်သေပြရလျှင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ညွှန်ပြချင်ပါ တယ်။

“သူ့ကျွန်ဘ၀မှ လုံးဝလွတ်လပ်ရမည်” ဟူသော ထက်သန်တဲ့ သူ့စိတ်ထားနဲ့ ကြိုးစားခဲ့သူကား ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်ပါတယ်။ ကျိုးကြောင်းသိတတ်စ ကျောင်းသားအရွယ်ကတည်းကပင် မြန်မာနိုင်ငံကို လွတ်လပ်စေချင်တဲ့ သူ့ဆန္ဒဟာ အသိဉာဏ်နဲ့အတူ ယှဉ်တွဲပြီး သူ့စိတ်မှာ မြဲရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် ကျောင်းသားဘ၀မှ အစပျိုးကာ လွတ်လပ်ရေးရဲ့ အတားအဆီးဖြစ်တဲ့ ချုံနွယ်ပိတ်ပေါင်းတို့ကို မလျှော့သော ဇွဲ၊ မနွမ်းလျသော ထက်သန်မှုနဲ့ ၁၂ ရာသီမပြတ် ဥတုသုံးပါး စလုံး ရှင်းလင်းခုတ်ထွင်ခဲ့ပါတယ်။ ယာသစ်တည်တဲ့ တောင်သူဟာ သစ်ငုတ်၊ ခလုတ်၊ ကန်သင်း၊ ၀ါးတက် တို့ကို ခက်ခဲစွာ ဖော်ရ၊ မြေညှိရ၊ ပေါင်းသင်သုတ်သင်ရတဲ့ နည်းတူ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းမှုကာလတလျှောက်လုံးမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲပြဿနာပေါင်းစုံတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရပါတယ်။ ဗိုလ်ချုပ်ဟာ အခက်အခဲဘယ်လောက်ပဲ ကြုံကြုံ လွတ်လပ်ရေးပန်းတိုင်ကို မျက်ခြေမပြတ်ဘဲ ချုံကို သင်ဖြူး၊ ဆူးကို မွေ့ရာ ပမာပြုကာ ကန္တာရ ခရီးကြမ်းကို ဇွဲသန်သန်နဲ့ ဖြတ်နိုင်ခဲ့လို့ တို့တတွေဟာ လွတ်လပ်သောလူမျိုးအဖြစ် ယနေ့ကမ္ဘာပေါ်မှာ ရပ်တည်နိုင်ခဲ့တာ မဟုတ်လား။ ဒါပေမယ့် သူ့ဘ၀ဟာ လွတ်လပ်ရေးရဲ့ အရသာကို မခံစားရသေးမီ မသမာသူလူတစ်စုရဲ့ ရက်စက်ယုတ်မာစွာသတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်မှာ ရေတိမ်နစ်ခဲ့ရပါတယ်။ နို့ပေမယ့် ဗိုလ်ချုပ်ရဲ့ တိုင်းပြည်နဲ့လူမျိုးအပေါ် အသက်နဲ့ရင်းပြီး ကြိုးစားဆောင်ရွက်ခဲ့မှု တွေကြောင့် သူ့အမည်နဲ့ သူ့စွမ်းဆောင်ချက်ဟာ ကမ္ဘာကြေသော်လည်း ဥဒါန်းကြေစရာ မရှိပါဘူးကွာ။

လူငယ်တို့ရေ….

အောင်မြင်မှုဆိုတာ လောကမှာ ရှိရှိသမျှ ပုပုရွရွလူသားအားလုံးတို့ ပန်ဆင်နိုင်သော အောင်ပန်းဖြစ်ပါတယ်။ အောင်ပန်းကို ဆွတ်လှမ်းနိုင်ရန်အတွက် ဆူကြုံနိမ့်မြင့် အသက်အပိုင်းအခြား၊ ကျားမ မရွေးပါဘူး။ ဒါပေမယ့် တခုတော့ရှိတယ်။ အဲဒါကတော့ ကြိုးပမ်းအား ထုတ်တတ်သော ဇွဲလုံ့လ ရှိရေးပါပဲ။ လုံ့လ၀ီရိယရှိရင် အောင်ပန်းကို လူတိုင်းလက်ဝယ်ပိုင်ပိုင် ဆွတ်လှမ်းမိမှာအသေအချာပါပဲ။ လူ့လောကမှာ လူတိုင်း လူတိုင်းဟာ ကိုယ်သန်ရာ သန်ရာ ၀ါသနာဘာဂီအရ လျှောက်လှမ်းနေသော ဘ၀ခရီးလမ်းအသွယ်သွယ်မှ အောင်မြင်မှု ဆိုတဲ့ ဗိမ္မာန်ကြီးကို ဦးတည်သွားနိုင်ကြပါတယ်။

ရိုးရိုးအလုပ်သမားကလေးတစ်ဦးဟာ အလုပ်ပိုင်ရှင်သူဋ္ဌေးကြီးဖြစ်နိုင်သလို သာမန်အရောင်းစာရေးကလေးဟာလည်း ဆိုင်ပိုင်ရှင်ကြီး ဖြစ်လာနိုင်ပါတယ်။ ဘုန်းကြီးကျောင်းသားဟာလည်း ကြိုးစားရင် ကောလိပ်ကြီးတစ်ခုမှာ ပါမောက္ခကြီးဖြစ်လာနိုင်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

မျက်မှောက်ခေတ်နဲ့ တကွ လွန်ခဲ့သော နှစ်ကာလများကို ပြန်လှည့်ကြည့်ရင် ရိုးရိုးသူလိုငါလို ပုဂ္ဂိုလ်တွေဟာ ဇွဲ၊ လုံ့လ၊ သတ္တိ၊ ပညာ အရင်းခံကြောင့် ထူးထူးချွန်ချွန်ဖြစ်ခဲ့ကြတဲ့ သာဓကတွေ အထင်အရှားပါပဲ။ အောင်မြင်သူတွေကို လေ့လာကြည့်ရင် အချို့ဆို ကြွယ်ဝချမ်းသာ တဲ့ မိသားစုဝင်တွေလိုမဟုတ်ဘဲ မိဘက ဆင်းရဲ၊ အစားအသောက်မဖူလုံ၊ ပညာသင်စရာငွေကမရှိနဲ့ အတော့်ကို ဒုက္ခကသီလင်တ များခဲ့ကြပါ တယ်။ ဒါပေမယ့် သူတို့ဟာ ဒုက္ခကို ပျားရည်ဆမ်းပြီး မလျော့သောဇွဲလုံ့လနဲ့ ကြံ့ကြံ့ခံရပ်တည်ပြီး ကြိုးစားခဲ့လို့ နောက်ဆုံးတော့ လှိုင်းကြီး လှေအောက်၊ တောင်ကြီးဖ၀ါးအောက်ရောက်ခဲ့သလို ထိပ်တန်းကို ရောက်ခဲ့ကြတယ်ဆိုတာ လူငယ်တို့ သတိရှိစေချင်တယ်။

ဒါ့ကြောင့် မဟာဝဂ္ဂသံယုတ်ပါဠိတော်မှာ ကြီးပွားတိုးတက်တန်ခိုးကြီးမှုရဲ့ အခြေခံတရား ၄ ပါးက (၁) ဆန္ဒ၊ (၂) ၀ီရိယ၊ (၃) စိတ်ကူး၊ (၄) ပညာ ဆိုတဲ့ အကြောင်းတရားဆိုပြီး ဖော်ပြထားတယ်မဟုတ်လား။

မြန်မာ့သမိုင်းကိုပဲ ကြည့်ကြည့်၊ ကမ္ဘာ့သမိုင်းကိုပဲ လေ့လာလေ့လာ အောင်ပန်းဆွတ်ခူးခဲ့တဲ့ သူတွေ ဒုနဲ့ဒေးရှိတာမို့ စာဖွဲ့လို့ ကုန်နိုင်ဖွယ် မရှိပါဘူး။ နို့ပေမယ့် ဇွဲ လုံ့လနဲ့ ကြိုးစားမှုမရှိလို့ အရှုံးသမားဘ၀နဲ့ လောကဓံလှိုင်းဂယက်အောက်မှာ ပက်လက်မျောနေကြတဲ့ သူတွေ ရေမျောကမ်းတင် လွင့်ချင်ရာလွင့်နေသူတွေကလည်း မနည်းလှပါဘူး။

အောင်မြင်မှုသရဖူကို ဆောင်းခဲ့ကြတဲ့နောင်တော့ နောင်တော်များလိုလက်မြှောက်အရှုံးမပေး၊ စိန်ခေါ်မှုအဖုံဖုံ ရေလျဉ်ကြောမှာ အမျောမခံဘဲ အောင်မြင်မှုပန်းတိုင်အရောက်လက်ပစ်ကူးနိုင်ခဲ့လို့ လက်ပန်းပေါက်ခတ်ခဲ့သူတွေလဲများလှပါပြီ။ ဒီနေရာမှာ အစ်ကိုကြီး တရုတ်စကားပုံလေး တစ်ခုကို သတိရနေမိတယ်။ စကားပုံက ဒူးထောက်ရင် သုံည၊ မတ်တပ်ရပ်ရင် တစ် တဲ့။ အောင်မြင်မှုဆိုတဲ့ တစ် သို့မဟုတ် ၀မ်း (One) ဖြစ်ဖို့ တို့တွေ ရင်ကော့မတ်တပ်ရပ်ပြီး ဘ၀ကို ရင်ဆိုင်ကြပါစို့။အောင်မြင် သူတို့ရဲ့ ကြိုးစားဆောင်ရွက်မှုနဲ့ စေတနာအကျိုးဆက်ကြောင့် လောကကြီးဟာ အဖက်ဖက်မှ တိုးတက်ခဲ့တာလို့ဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ်မဟုတ်ဘူး။

ဥပမာပြရရင် ရှိတ်စပီးယား၊ ချားလ်ဒစ်ကင်း၊ သောမတ်ဟာဒီ၊ မတ်တွိန်း၊ ရှယ်လီ၊ တဂိုး စတဲ့ စာဆိုတော် ပုဂ္ဂိုလ်တွေရေးသားခဲ့တဲ့ စာပေကဗျာအစုစုတို့ဟာ တို့တွေ ယနေ့တိုင် မကုန်ခမ်းနိုင်အောင် စာပေဗဟုသုတရခဲ့တယ် မဟုတ်လား။ သူတို့ထားရစ်ခဲ့တဲ့ စာပေအမွေ အနှစ်တွေပင်လျင် တို့ခေတ်ရဲ့ စာပေယဉ်ကျေးမှု အဆင့်အတန်းများပင် ဖြစ်ကြပါတယ်။ ထိုနည်းတူစွာ မိုက်ကယ်အိန်ဂျယ်လို၊ ရိုဒင်၊ လီယိုနာဒိုဒါဗင်ချီ၊ ပီကာဆို၊ မားတီး၊ ဗင်ဂိုး၊ ဟင်နရီမိုး စတဲ့ ပန်းချီပန်းပုလက်ရာတွေဟာလည်း လူသားတရပ်လုံးအတွက် သုခုမအနုပညာ ယဉ်ကျေးမှုမြင့်မားရေးအတွက်အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေပဲ မဟုတ်လား။

အာခီးမီးဒီး၊ မိုက်ကယ်ဖာရဒေး၊ မာကိုနီ၊ သောမတ်အယ်ဒီဆင်၊ ဘင်ဂျမင်ဖရင်ကလင်၊ မဒမ်ကျူရီ၊ အိုင်းစတိုင်း အစရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ သိပ္ပံသုတေသနစူးစမ်းတွေ့ရှိချက်တွေဟာ ဒီကနေ့ လူသားတစ်ရပ်လုံးကို အကျိုးပြုနေတယ်ဆိုတာ မျက်မြင်ပါပဲ။

ဆေးဝါးနဲ့ ကျန်းမာရေးဘက်ကို ကြည့်ရင်လည်း လီယူဝင်ဟုတ်၊ ရောဘတ်ဟောက်၊ မစ္စတာဂျင်းနား၊ ပတ်စချာ၊ အလက်ဇင်ဒါဖလင်း မင်း စတဲ့ သူတို့ရဲ့ ရှာဖွေတွေ့ရှိချက်တွေဟာ ကျန်းမာရေးအတွက် ရတက်အေးသင့်သလောက် အေးခဲ့ရတာပဲ မဟုတ်လား။

ထိုမျှမက သမိုင်းစာမျက်နှာမှာ ကမ္ဗည်းတင်ခဲ့တဲ့ ငါတို့အာဇာနည်သူရဲကောင်းတွေရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေဟာ တို့တွေ ယနေ့တိုင် ဂုဏ်ယူနေရဆဲပဲ မဟုတ်လား။

မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့သော အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ ဆင်ဖြူရှင်၊ မဟာဗန္ဓုလ စတဲ့ ပုဂ္ဂိုလ်ထူးတွေရဲ့ နိုင်ငံအတွက် ဆောင်ရွက်ခဲ့မှု စွမ်းဆောင်ရွက်ချက်တွေဟာ တို့မြန်မာတမျိုးသားလုံးအတွက် ဂုဏ်မြှင့်စေတာမို့ မေ့ရက်နိုင်စရာ မရှိသလို၊ အခြားနိုင်ငံအသီးသီးမှာလည်း သူ့နိုင်ငံအတွက် စွမ်းဆောင်ခဲ့တဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုမဆုံးရှိကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးသမ္မတကြီး ဂျော့ဝါရှင်တန်၊ ၁၆ ဦးမြောက် သမ္မတလင်ကွန်းတို့ရဲ့ ဆောင်ရွက်ချက်များကို ယနေ့တိုင် အမေရိကန်တို့ဟာ ဂုဏ်ယူမှတ်တမ်းတင်မဆုံး ရှိနေကြပါတယ်။

အရှေ့တိုင်းဘက်က တရုတ်ပြည်မှာ တရုတ်အမျိုးသားတို့ရဲ့ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာဆွန်ယက်ဆင်နဲ့ တရုတ်ပြည်ကို ကမ္ဘာ့စီးပွားရေးထိပ်တန်းဝင်နိုင်ငံကြီးတစ်နိုင်ငံဖြစ်အောင် ဆောင်ရွက်ပေးခဲ့တဲ့ တိန့်ရှောင်ဖိန်ကိုလည်း ယနေ့တိုင် တရုတ် ပြည်သူတို့ တသသ ဖြစ်နေဆဲပါ။

ဖိလစ်ပိုင်နိုင်ငံမှာလည်း စပိန်နယ်ချဲ့အစိုးရလက်အောက်မှ လွတ်မြာက်အောင် ကြိုးပမ်းခဲ့တဲ့ လက်ရုံးရည် နှလုံးရည် ထူးချွန်တဲ့ မျိုးချစ်ပုဂ္ဂိုလ် ရီဇော် အကြောင်းကိုလည်း ယနေ့တိုင် ပြောစမှတ်ပြုနေကြဆဲပါ။

လုံ့လ ၀ီရိယနဲ့ ပတ်သက်၍ ကျမ်းဂန်များမှာ ၀ိဂြိုဟ်ပြုထားတာကတော့ “လုံ့လ ၀ီရိယ ရှိသူအား အဘယ်မည်သော အမှုသည် မပြီးစီး ဘဲ ရှိတော့နည်း” ဟူ၍ ဆိုထားပါတယ်။

ဇာတ်ကြီးဆယ်ဘွဲ့ဝင် မဟာဇနက ဇာတ်ကား လုံ့လတည်းဟူသော ကြိုးစားမှုကို အရင်းတည်ခဲ့တာကြောင့် ထီးနန်းကိုပါ သိမ်းပိုက် စိုးစံတော်မူရသော မဟာဇနကမင်းကြီးကို ပမာပြု၍ ယနေ့လူငယ်တို့ လိုက်နာကျင့်သုံးနိုင်ရန် ပြသဆုံးမသော ဇာတ်တော်ကြီး ဖြစ်တယ်ကွဲ့။

ဇနကမင်းသားဟာ သင်္ဘောပျက်တဲ့အခါမှာ သင်္ဘောသား ခုနစ်ရာကဲ့သို့ လုံ့လမပြုဘဲ ကံကြမ္မာကိုသာ ရိုးမယ်ဖွဲ့၍ နေခဲ့ပါလျှင် ငါးလိပ်မကန်းတို့ရဲ့ အစာဖြစ်ကာ ပင်လယ်သမုဒ္ဒရာအတွင်းမှာ သေပွဲဝင်ရမှာ မလွဲပါ။ နို့ပေမယ့် ဘုရားလောင်းဇနကမင်းရဲ့ လုံ့လဝီရိယနဲ့ ဇွဲသတ္တိကြောင့် မဏိမေခလာနတ်သမီးကပင် လာရောက်ကယ်ယူ၍ ၀ိဒေဟရာဇ်တိုင်းသို့ ပို့ဆောင်ခံရပြီး ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူခဲ့ရ ကြောင်း၊ မင်းတို့လည်း ဖတ်ဖူးမှာပေါ့။ ဒီဇာတ်တော်ကရတဲ့ သင်ခန်းစာကတော့ “အောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ လုံ့လကို မလျော့ ထိုက်၊ ကြမ္မာကိုသာ ရိုးမယ်ဖွဲ့သူများကား လူပျင်း လူဖျင်းတို့တည်း” ဟု ဘုရားလောင်းရဲ့ ဆိုစကားပါပဲ။ ဒါ့ကြောင့် ဘယ်လိုကံကြမ္မာမျိုးနဲ့ ကြုံတွေ့စေကာမူ ဘယ်သောအခါမှ မိမိတို့ရဲ့ လုံ့လကို အားပြု၍ ကြံဆောင်မှသာ အောင်မြင်သောပန်းတိုင်ကို ဆိုက်ရောက်နိုင်သလို လူပျင်း လူဖျင်းတို့ကဲ့သို့ မကျင့်အပ်ကြောင်းကို သတိပေးဆုံးမထားတာပဲ မဟုတ်လား။

လုံ့လ၀ီရိယရဲ့ ထိရောက်ပုံကို လက်တွေ့ညွှန်ပြရာမှာ အမေရိကန်သိပ္ပံပညာရှင်ကြီး သောမတ်စ်အယ်ဒီဆင်ရဲ့စကားဟာ လူငယ်တို့ အတွက် မှတ်သားစရာကောင်းလှပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးက ‘ပါရမီနဲ့လူထူးဆိုတာ’  ၁၀၀ မှာ ၉၉ ဆ လောက် ချွေးထွက်အောင် ကြိုးစားရပြီး တစ်ဆလောက်သာ ပါရမီခံရတဲ့ ကိစ္စမျိုးပါ’ လို့ ဆိုခဲ့ဖူးပါတယ်။

ကြိုးစားအားထုတ်၍ အောင်မြင်ကြသူတွေအနက် မြန်မာ့သမိုင်းမှာ ထင်ရှားခဲ့သူ နှစ်ဦးကတော့ အင်းဝမင်းကြီးစွာစော်ကဲလက်ထက် ၀န်ဇင်းရွာမှ အမတ်ကြီးဖြစ်လာတဲ့ ဘိုးရာဇာနဲ့ ကျစွာမင်းလက်ထက်မှာ အသက်၆၀ကျော်မှ စာသင်၍ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်ခဲ့တဲ့ ဦးကျည်ပွေ့တို့ကို တင်ပြချင်တယ်။

ဝန်ဇင်းရွာမှ အသည်သား မောင်ရာဇာဟာ တကယ်တော့ လယ်သမားကလေးကွဲ့။ လယ်ထွန်ရင်း အားလပ်ချိန်ကလေးတွေမှာ ရှေးပေဟောင်းစာဟောင်းတွေကို လေ့လာဖတ်ရှုရင်း စာပေဗဟုသုတဆည်းပူးခဲ့သူဖြစ်ပါတယ်။ အဲဒီလို ဇွဲလုံ့လမပြတ် စာပေလေ့လာမှုကြောင့် ဘုရင်ရဲ့ အတိုင်ပင်ခံအမတ်ကြီးဘ၀သို့ ရောက်ခဲ့ရတယ်မဟုတ်လား။

ကျစွာမင်းလက်ထက်က အသက် ၆၀ ကျော် ရဟန်းကြီးဟာ ရှင်ဘုရင်ထံဝင်၍ ပိဋကတ်သုံးပုံသင်ရာမှာ သဒ္ဒါရုပ်တွက်ရန်အတွက် ကန့်ကူဆန်ကို အလှူခံလေရာ မင်းကြီးက ‘ရှင်ရဟန်းကြီး….. ဒီအသက် ဒီအရွယ်မှဖြင့် ပိဋကတ်သုံးပုံကို သင်မနေပါနဲ့တော့။ ကျည်ပွေ့သာ အတက်ပေါက်ချင်ပေါက်မယ်။ ရှင်ရဟန်းကြီး ပိဋကတ်သုံးပုံ သင်ကြားတတ်ရန်ကား ခဲယဉ်းပေစွ’ လို့ မိန့်တော်မူတယ်။ ဒါပေမယ့် ရဟန်းကြီးဟာ အမှန်ပင်အတက်ပေါက်အောင် ကြိုးစားခဲ့တယ်။ သူဟာ နေ့စဉ်လွှင့်ပစ်ခဲ့တဲ့ တွင်းပြည့်ခဲ့သော အန်ပူများကို ကြည့်ကာ သင်ခန်းစာယူပြီး ပိဋကတ်သုံးပုံကို နှုတ်ငုံနိုင်ရန် မနေမနား ကြိုးစားခဲ့မှုကြောင့် နောက်ဆုံးမှာ အောင်မြင်ခဲ့ပြီး မြန်မာစာပေလောကမှာ ဦးကျည်ပွေ့လို့ ထင်ရှားခဲ့တယ်။

လုံ့လ ဥဿာဟထုတ်၍ ကြိုးစားအောင်မြင်ခဲ့သူများအနက် သိပ္ပံပညာကျော်ကြီးတို့ရဲ့ဘ၀မှတ်တမ်း အတ္ထုပ္ပတ္တိတွေကလည်း စိတ်ဝင်စားစရာပါပဲ။ အကယ်၍ အဲဒီသိပ္ပံနယ်အသီးသီးမှ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေသုတေသနမပြုခဲ့ရင် ယနေ့လူနေမှု အဆင့်အတန်းအားလုံးဟာ ဒီလောက်အခြေတိုးမြှင့်လာစရာမဟုတ်ဘူး။

သိပ္ပံပညာကျော် ပုဂ္ဂိုလ်ထဲမှာ အမေရိကန်သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ သောမတ်အယ်ဒီဆင် ရဲ့ ဆောင်ရွက်ချက်တွေဟာ စံတင်လောက်တယ်ကွ။ သူဟာ ငယ်စဉ်ကပင် သိပ္ပံပညာကို စိတ်ပါဝင်စားပြီး အပတ်တကုတ် ဆည်းပူးလေ့လာနေခဲ့တယ်။ ငယ်ရွယ်စဉ်ကပင် နားထိုင်းသွားခဲ့ရသော်လည်း အလုပ်ကြိုးစားမှုကတော့ သူများထက်သာတယ်။ သူဟာ အသက် ၈၄ နှစ်မှာ ကွယ်လွန်သွားခဲ့သော်လည်း သူ့တသက် တီထွင်သွားတဲ့ ပစ္စည်းအမျိုးပေါင်းဟာ ၂၅၀၀ လောက်တောင်ရှိတယ်။ အဲဒီအထဲမှာ ဓာတ်မီး၊ ဓာတ်စက်၊ ရုပ်ရှင်ပြစက်တို့လည်း ပါဝင်ပါတယ်။

အယ်ဒီဆင်ကဲ့သို့ အခြားကျော်ကြားသူကတော့ အင်္ဂလိပ် သင်္ချာဆရာကြီး အိုက်ဆက်နယူတန်ပဲ ဖြစ်တယ်။ နယူတန်ဟာ မြေပိုင်ရှင် တစ်ဦးရဲ့ သားဖြစ်သော်လည်း ဖခင်ဟာ သူငယ်စဉ်ကတည်းက ကွယ်လွန်သွားတာမို့ မိမိဘ၀တက်လမ်းကို ကိုယ့်ဘာသာ ကိုယ် လျှောက်လှမ်းခဲ့ရတယ်။ သူ့လိုပဲ အခြားထူးချွန်သူက လျှပ်စစ်ဓါတ်အားကို တွေ့ရှိခဲ့တဲ့ မိုက်ကယ်ဖာရာဒေးဆိုသူပါပဲ။ သူဟာ ဒိုင်နမို ခေါ် လျှပ်စစ်ဓာတ်အားပေးစက်ကို တီထွင်ခဲ့သော ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ဦးဖြစ်တယ်။ သူဟာပန်းပဲဆရာတစ်ဦးရဲ့ သားဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် စီးပွားရေး မပြည့်စုံလို့ ကျောင်းကထွက်လိုက်ရပြီး အလုပ်လုပ်ခဲ့ရရှာတယ်။

ခွေးရူး စတဲ့ရောဂါတွေကို ကုသရန် ပိုးများကိုရှာဖွေတွေ့ရှိခဲ့တဲ့ လူဝစ်ပတ်စချာဆိုသူဟာလည်း သားရေနယ်သမားတစ်ဦးရဲ့ သားဖြစ်တယ်ကွဲ့။ ဒီပုဂ္ဂိုလ်ကြီးက ‘ကျနော်ဘ၀မှာ ဆန္ဒ၊ အလုပ်နဲ့ အောင်မြင်မှုဟူသော ဤသုံးမျိုးကသာ လွှမ်းမိုးနေတယ်’ လို့ ဆိုခဲ့ဖူးတယ်။

နိုင်ငံရေးဘက်လှည့်ကြည့်ရင်လည်း ပြင်းထန်သော စိတ်ဓာတ် မလျှော့သော ဇွဲလုံ့လကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ၄၂ ဦးမြောက် သမ္မတ ဘီလ်ကလင်တန်ရဲ့ ကြိုးပမ်းချက်ကလည်း ချီးကျူးထိုက်တယ်။ သူ့ဇနီးဟာ တလောကမှ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘ၀မှ အနားယူသွားတဲ့ ဟယ်လာရီကလင်တန်ဖြစ်တယ်။ မနှစ်က မြန်မာပြည်ကိုတောင် လာလည်သွားတာကို မင်းတို့ သတိရမိလိမ့်မယ်။ ထားတော့။

ဘီလ်ကလင်တန်ဟာ ၀င့်ဝင့်ဝါ၀ါမရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့သူဖြစ်တယ်။ ကားတိုက်မှုကြောင့် သူ့ဖခင် ကွယ်လွန်ပြီး သုံးလ အကြာမှာ ဘီလ်ကလင်တန်ကို စတုတ္ထမြောက် ၀ီလျံဂျယ်ဖာဆင်ဘလိုက် (William Jefferson Blythe lV) နာမည်နဲ့ ၁၉၄၆ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့မှာ ဟုတ်မြို့ကလေးမှာ မွေးဖွားခဲ့တယ်ကွာ။ အဲဒီနောက် ဖခင်သေပြီး ၄ နှစ် အကြာမှာ သူ့မိခင်ဟာ ကားရောင်းဝယ် ဖောက်ကားသူ ဂျော်ဂျာကလင်တန်နဲ့ ဒုတိယအိမ်ထောင်ပြုခဲ့တာကြောင့် ပထွေးနာမည်ကို ယူပြီး ကလင်တန်မှည့်ခဲ့တာပဲ။ သူဟာ ဘ၀နုံချာ ခဲ့သော်လည်း ကြိုးစားမှုကြောင့် သချာင်္နဲ့ လက်တင်ဘာသာ ထူးချွန်သော အထက်တန်းကျောင်းသား ဖြစ်လာတယ်။ အထက်တန်း ကျောင်းသားဘ၀က ၁၉၆၃ နွေရာသီမှာ သမ္မတကနေဒီကို လက်ဆွဲနှုတ်ဆက်မှုတစ်ခုက သူ့ဘ၀လျှောက်လှမ်းရမယ့် အချိုးအကွေ့ကို တွေ့ရှိခဲ့တယ်။ သူဟာ ကနေဒီနဲ့တွေ့ပြီးကတည်းက နိုင်ငံရေးသမားဖြစ်လိုတာကြောင့် ဂီတပညာသင်ဆုကို ငြင်းပယ်ကာ နိုင်ငံရေးပညာ သင်ကြားရန် ဂျော့တောင်းတက္ကသိုလ်ကို တက်ခဲ့တယ်။ ၁၉၆၈ မှာ နိုင်ငံတကာဆက်ဆံရေးရာဘာသာနဲ့ ဘွဲ့ရပြီး အောက်စဖို့ဒ်တက္ကသိုလ်မှာ ဆက်လက်ပညာသင်ရန် ပညာသင်ဆုရခဲ့တယ်။ ဒီလိုနဲ့ ဥပဒေဘွဲ့လွန်တက်ပြီး နိုင်ငံရေးနယ်ပယ်ကို ခြေစုံပစ်ဝင်ရောက်ရာမှ ၁၉၇၈ ခုနှစ်မှာ အာကင်ဆောပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာတယ်။ နောက် ၁၉၉၂ ခုနှစ် ဇူလိုင်မှာ သမ္မတလောင်းအမည်စာရင်းတင်ပြီး ယှဉ်ပြိုင်အရွေးခံ ရာ လက်ရှိသမ္မတ ဂျော့ဘုခ်ျကို အပြတ်အသတ်အနိုင်ရပြီး အမေရိကန်ပြည်ထောင်စုရဲ့ ၄၂ ဦးမြောက် သမ္မတဖြစ်လာခဲ့တာပါပဲကွာ။

ဒါဆို လူငယ်တို့အားလုံး တိုးတက်ကြီးပွားသူတွေရဲ့ ဇွဲလုံ့လနဲ့ အချိန်ပိုကလေးတွေကို လေးစားစွာ အသုံးချမှုကြောင့် ထိပ်တန်းကို တက်လှမ်းနိုင်ခဲ့တာကို သဘောပေါက်လောက်ရောပေါ့။

● ဗိုလ်ဖြစ်အောင်လုပ်ပါ
ဗိုလ်ဆိုလို့ အတွေးမချော်နဲ့အုံး။ စစ်တက္ကသိုလ်တက်မှ ဗိုလ်ဖြစ်တာမဟုတ်ဘူး။ ‘ဗိုလ်’ ဆိုတဲ့ ဝေါဟာရဟာ ပါဠိဝေါဟာရ ‘ဗလ’ မှ ဆင်းသက်လာတဲ့ မြန်မာစကားဖြစ်တယ်။ အဓိပ္ပါယ်က ‘အား’ ပါပဲ။ လူတိုင်းမှာ မွေးရာပါ ကာယစွမ်းအား၊ ဉာဏစွမ်းအား ရှိနေတတ်ပါတယ်။ ထိုစွမ်းအားတွေဟာ ပြောပလောက်အောင် ထက်မြက်လာတဲ့အခါ ‘ဗိုလ်’ ဖြစ်လာပါတော့တယ်။ လူ့ကိုယ်ရဲ့ အားဟာ အပြေး အခုန်၊ အထမ်း အမ၊ အပစ် အခတ် အရပ်ရပ်ကို စနစ်တကျ လေ့ကျင့်တဲ့အခါ ပေါ်လာတယ်။ ဆောင်ရွက်ချက်ကို ကြည့်ပြီး အားဘယ်လောက်ကောင်းတယ် လို့ သိကြရတယ်။

ထိုနည်းတူ လူ့စိတ်မှာလည်း အားရှိတယ်။ လူ့စိတ်ရဲ့ အားကလည်း ကိစ္စရပ်အလိုက် ပေါ်လာစမြဲပဲ။

(၁) သဒ္ဒါဗိုလ်လို့ခေါ်တဲ့ ယုံကြည်ချက်တည်းဟူသော အား။

(၂) ၀ီရိယဗိုလ် လို့ခေါ်တဲ့ လုံ့လ၀ီရိယဇွဲတည်းဟူသော အား။

(၃) သတိဗိုလ် လို့ခေါ်တဲ့ အသိမလစ်ဟင်းမှုဟူသော အား။

(၄) သမာဓိဗိုလ် လို့ခေါ်တဲ့ တည်ငြိမ်စူးစိုက်မှုဟူသောအား နဲ့

(၅) ပညာဗိုလ် ခေါ် ပြဿနာကို နှံ့စပ်သိမြင်တတ်တဲ့အား တွေပါပဲ။

ကိုယ်ပိုင်ယုံကြည်ချက် လုပ်ငန်းအပေါ် ယုံကြည်ချက် ၊နိုင်ငံတော်အပေါ် ယုံကြည်ချက် ပီပီပြင်ပြင်ထားရှိပြီး ထိုယုံကြည်ချက် ခိုင်မာလာရင် စိတ်ဓာတ်ရဲ့ ခွန်အားတစ်ရပ်ဖြစ်လာတယ်။ တိုတိုပြောရရင် သဒ္ဓါဗိုလ်လို့ ခေါ်ကြပါတယ်။ အာဠာဝက ဘီလူးက မေးလျှောက် တာကြောင့် “ယောက်ျားတစ်ယောက် ပိုင်ဆိုင်သောပစ္စည်းများအနက် ‘ယုံကြည်ချက်’ ဟာ အဖိုးအတန်ဆုံးသောပစ္စည်းဖြစ်ကြောင်း” မြတ်စွာဘုရားက ဖြေကြားခဲ့တယ်။ အလုပ်နဲ့တွေ့ရင် အပျင်းထူခြင်း၊ ရေသာခိုခြင်း၊ ဆင်ခြေတက်ခြင်း မရှိဘဲ မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ လုံ့လ၀ီရိယဇွဲကသာလျှင် အောင်မြင်ခြင်း ခွန်အားတွေပါပဲ။

အခက်အခဲကို ကျော်လွှားရန်မှာ ဇွဲရှိမှ ဖြစ်တယ်။ အလောင်းတော် ဇနကမင်းသားအား နန်းတင်ပေးသူမှာ သူရဲ့ ကြိုးစားမှု ၀ီရိယ ဗိုလ် ပဲ ဖြစ်တယ်ကွဲ့။

ပြီးတော့ လောကမှာ ‘မပို’ နိုင်တဲ့ အရာကို ပြပါဆိုရင် ‘သတိ’ ကို ညွှန်ပြရမှာပဲ။ သတိဟာ အစစအရာရာတိုင်းမှာ လိုအပ်တယ်။ သတိရဲ့ လက္ခဏာမှာ သတိမလစ်ဟင်းမှုပဲဖြစ်တယ်။ နေ့စဉ်ဘ၀နဲ့တကွ စစ်ရေး၊ နိုင်ငံရေးတို့မှာပင် သတိရှိမှုဟာ အင်အားကြီးတဲ့ စွမ်းရည်တရပ်ဆိုတာ မမေ့သင့်ဘူး။ အလစ်ဝင်တယ်၊ အငိုက်မိတယ် ဆိုတာတွေဟာ ခံရသူ ဘက်က သတိဗိုလ်မရှိခြင်းရဲ့ ပြယုဂ်ပဲ မဟုတ်လား။ ၀ိဓူရသုခမိန်ဟာ ပုဏ္ဏကဘီလူးသတ်၍ မသေဘဲ အနိုင်ရခြင်းဟာ သတိမြဲလှ၍ ဖြစ်တယ်ဆိုတာ မှတ်ပါ။

အလုပ်ထဲမှာ စိတ်ရောက်နေခြင်းဟာ တည်ငြိမ်စူးစိုက်တဲ့ သဘောဖြစ်တယ်။ စူးစူးစိုက်စိုက် လုပ်ရင် အလုပ်ပြီးလွယ်တယ်ကွဲ့။ ပြဿနာကြုံရင် တည်ငြိမ်မှုရှိရန် အရေးကြီးတယ်။ သို့မှသာ ပြဿနာရဲ့ အဖြေဟာ ပေါ်လာနိုင်တယ် မဟုတ်လား။ မတည်ငြိမ်တဲ့အခါ ဂယောင်ချောက်ချားကြောက်စိတ်ဝင်လာတတ်တယ်။ မိမိအနီးမှာ သစ်သီးတစ်လုံး ကြွေကျတဲ့အခါ ယုန်ကလေးဟာ ကမ္ဘာပျက်မတတ် ထခုန် တယ်။ ခြင်္သေ့မင်းကတော့ ဣနြေ္ဒမပျက် မျက်မှောင်ကြုတ်ပြီး ကြည့်တယ်။ ဒါက ဘာကိုပြသလဲဆိုရင် တည်ငြိမ်မှုဆိုတဲ့ ရဲစွမ်းသတ္တိရှိမရှိ အပေါ်မှာ တည်တယ်ဆိုတာ ထင်ရှားနေတာပဲ။

သိမှုဟာ လူ့စိတ်ရဲ့ ခွန်အားတစ်ရပ်ဖြစ်တယ်။ ဗဟုသုတဟာ အသိအမြင်ထင်ရှားအောင် မှန်ကဲ့သို့ ပြတယ်။ ပြဿနာဟာ ဖြတ်စရာတမျိုးဖြစ်တယ်။ ပညာစိန်သွားနဲ့ ဖြတ်မှ ရတယ်။ ပြဿနာမှောင်ထုကို ပညာဆီမီးရောင်ဖြင့် ပယ်ရတယ်။ မဟော်သဓဟာ မိမိရဲ့ အသက်စည်းစိမ်တည်မြဲအောင် မိမိပညာဖြင့် ကာကွယ်နိုင်ခဲ့တယ်။ မိမိရဲ့ နိုင်ငံတော်သူတပါးလက်အောက်သို့ မရောက်ရေးကိုလည်း ပညာဗိုလ်ဖြင့်ပင် ဦးဆောင်မှု ပေးနိုင်ခဲ့တယ်။

အရာရာမှာ ပြုစုပျိုးထောင်မှု လိုအပ်တယ်။ မိမိစိတ်ဓာတ် ဗိုလ်အဆင့်ရောက်အောင် ကြိုးစားရမယ်။ စိတ်ဓါတ်အရည်အချင်းပါ ဗိုလ်ဖြစ်မှ တကယ့် ဗိုလ်ဖြစ်လာမယ်။ အရေးကြုံရင် ထိုသူမျိုးမှ အားကိုးရမယ်။ ‘ဗိုလ်စိတ်’ ဆိုတာ တကယ်တော့ ယုံကြည်ချက်ခိုင်မာတဲ့ စိတ်၊ အမြော်အမြင်ရှိတဲ့စိတ်မျိုးဖြစ်တယ်။ ချိနဲ့ညံ့ဖျင်းသောစိတ်မျိုးဟာ ဗိုလ်စိတ်မဟုတ်ဘူးဆိုတာ သဘောပေါက်ရင် လူငယ်တိုင်း ဗိုလ်ဖြစ်အောင် လုပ်ပါလို့ အစ်ကိုကြီး တိုက်တွန်းလိုက်ပါရစေ။ ဗိုလ်ငါးဗိုလ်နဲ့ ပြည့်စုံနေတဲ့ လူငယ်တွေ ဦးဆောင်မှလည်း တို့နိုင်ငံတော်ကြီး ခေတ်မီတိုးတက် ကြီးမားလာမှာဖြစ်တယ်ကွာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်, အတွေးအမြင်

One Response to လူငယ့်ဂုဏ်ရည်မြင့်တက်စေဖို့

  1. ကလေးတို.ဆရာမ on April 24, 2013 at 3:57 pm

    သိပ်-သိပ်ကြီးကိုကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပါ ။ လူငယ် လူရွယ်လေးများ အားလုံး ဖတ်ဖြစ်အောင်ဖတ်ကြစေချင်ပါတယ် ။
    ဒီဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်-
    အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်