သူ့ခေတ်၊ ကိုယ့်ခေတ် နှင့် နောင်တခေတ်

April 24, 2013

သူ့ခေတ်၊ ကိုယ့်ခေတ် နှင့် နောင်တခေတ်

ငြိမ်းချမ်းအေး၊ ဧပြီ ၂၄၊ ၂၀၁၃

ခင်ဗျားက.. မန်ယူ ပရိသတ် လား လို့ အမေးခံရတိုင်း ကျောက်ဘီလူး (ဦး) တင်မောင်ဆွေ ကြီးကို သတိရတယ်။  မှတ်မိကြမလားတော့ မသိဘူး..။  ဟိုးအရင်.. ဘီဘီစီ (ကို) သူရိန်ကျော်ဇော် က ကျောက်ဘီလူး (ဦး) တင်မောင်ဆွေ (မဆုံးခင်)၊ (ဦး) ခင်မောင်ထွေး (ပျဉ်းမနား) တို့ နဲ့ မြန်မာပိုင်း ရေဒီယို အစီအစဉ် အပတ်စဉ် အားကစား ကဏ္ဍမှာ အမြဲ ပရီမီးယားလိဂ် အကြောင်း ဆွေးနွေးတယ်။  (ကို) သူရိန်ကျော်ဇော် က လည်း မီဒီယာ အနေနဲ့ ကြားက
မေးမြန်းဆွေးနွေးပေမယ့်  ပရိုမန်ယူ မှန်း တချက် တချက် သိသာတယ်..။ ကျောက်ဘီလူးကြီးကတော့ အမြဲတမ်း ပရိုမန်ယူ..။ ရွန်နီလေးက ဘယ်လို..၊ ရိုနယ်လ်ဒိုလေး က ဘယ်ပုံ ဆိုပြီး ပြောတဲ့ သူ့လေသံ ကို အခုထိကြားယောင်မိတယ်။  (ဦး) ခင်မောင်ထွေး (ပျဉ်းမနား) ကတော့ အမြဲ အင်တီမန်ယူ ပေါ့..။

ကျနော်က အဖေ ပင်စင်ယူပြီးတဲ့ အချိန် ရန်ကုန်မှာ အတူတူ တော်တော်ကြာ နေခဲ့ရတော့ သူတို့ အဘိုးကြီး တသိုက်နား အနီးကပ် နေ..၊ ရှေးဟောင်း၊ နှောင်းဖြစ်တွေ မှတ်သားခဲ့ရဖူးတယ်..။

တခါတော့  ကျောက်ဘီလူး (ဦး) တင်မောင်ဆွေ က ပြောတယ်..။ (သူ ရေဒီယို အစီအစဉ်မှာလည်း နောက်တော့ ထည့်ပြောဖြစ်လား မသိဘူး..။)

“ကျနော့် ကို မန်ယူခရေဇီ လို့ ပြောကြတယ်..။  ဒါပေမယ့် တကယ်တော့.. ကျနော့်ဘဝမှာ အားပေးခဲ့ဖူးတဲ့ အသင်းဆိုလို့ မန္တလေးတိုင်းဘောလုံးအသင်း နဲ့ တက္ကသိုလ် အသင်းပဲ ရှိပါတယ်..” ဆိုပြီး ပြောဖူးတယ်။

သူ အားပေးခဲ့တယ် ဆိုတဲ့ နှစ်သင်းမှာ “တက္ကသိုလ် အသင်း” အကြောင်းတော့ အဖေ့နောက် လိုက်ရင်းနဲ့ တော်တော် သိခဲ့ရတယ်။

သူတို့ ဆရာကြီး “ဆရာငြိမ်း (တက္ကသိုလ်အားကစားအရာရှိ (ငြိမ်း)/ မန္တလေးဆောင် အဆောင်မှူးဟောင်း / ဗမာ့လက်ရွေးစင် ဘောလုံးနည်းပြဟောင်း၊ ယခုကွယ်လွန်)”၊ သူတို့ တက္ကသိုလ် အသင်း၊ သူတို့ တက္ကသိုလ် နဲ့ သူတို့ အချင်းချင်း တကယ် ချစ်ကြတာပဲ..။

ဗာစတီ အသင်းက နာမည်ကျော်တွေ..၊ ကပ္ပတိန် လုပ်ခဲ့သူတွေထဲက ဆုံးသွားတဲ့လူတွေ အကြောင်း ဆိုရင် အချင်းချင်း ဆုံရင် တသသ ပြောကြတယ်။  သက်ရှိထင်ရှား ရှိသေးလို့ လာနိုင်တဲ့သူတွေကိုလည်း ဝမ်းသာအားရ ကြိုဆိုကြ၊ နှုတ်ဆက်ကြတယ်။ အသင်းခေါင်းဆောင် လုပ်ဖူးသူတွေဆို လူတိုင်း အဘိုးကြီး ဖြစ်တဲ့ အရွယ်အထိ ရိုသေ လေးစား အကြီးအမှူး ပြုကြတယ်။ သူတို့ ပြောတဲ့ စကားတခွန်း ရှိတယ်..။

“Once a Captain, Always a Captain”..။

သူတို့ ဆရာကြီး “ဆရာငြိမ်း” ကို ဆို ပြောမနေနဲ့.. သိပ်ချစ်ကြတာပေါ့..။ အများအားဖြင့် အဲ့လို ဆုံတွေ့ပွဲတွေကလည်း “ဆရာငြိမ်း” မဆုံးခင် သူ့ရဲ့ မွေးနေ့ အထိမ်းအမှတ်တို့၊ သူ့ ဂုဏ်ပြုပွဲ တို့ လုပ်ရင်းနဲ့
ဆုံကြတာများတယ်။  ကျနော့် အဖေတို့ ခေတ် “ဆရာငြိမ်း” လူငယ်ဘဝ က ကျောင်းသားဟောင်းတွေ က စလို့ တင်မြင့်အောင် (၉၃ ဆီးဂိမ်း ငွေဆုရ နာမည်ကျော် ကွင်းလယ်ဖန်တီးရှင် ဘောလုံးသမား နဲ့ ယခု နည်းပြဆရာ) တို့ ခေတ် အထိ သူ့တပည့် ကျောင်းသားဟောင်းတွေ လာကြတယ်။

“ဆရာငြိမ်း” ကလည်း အဖေတို့ခေတ်ကတည်းက တက္ကသိုလ် ကျောင်းသား၊ အထူးသဖြင့် အားကစားဝါသနာကြီးသူ အားလုံးကို ခေါင်းကိုင် ဖခင်ကြီး တယောက်လို ပြုစု၊ ပျိုးထောင်၊ လေ့ကျင့်၊ သင်ကြားပေးခဲ့တာကိုး။  “ဆရာငြိမ်း” က တပည့်ကို ကိုယ့်သားသမီး အရင်းလို ကျောင်းပညာရေး နဲ့ အားကစား တင်မက ဘဝလမ်းကြောင်း တခုလုံးအတွက်ပါ ပဲ့ပြင်ဆုံးမ၊ လမ်းကြောင်း အကူအညီ ပေးခဲ့တယ်။  အားလုံး သိနိုင်တဲ့ ဥပမာ တခု ပေးရရင် – ကောလိပ်ဂျင်နေဝင်း ဆို ရေတပ်ကနေ ဆယ်တန်းအောင်ပြီး တက္ကသိုလ် စရောက်လာကတည်းက သူ့အိမ်မှာ တင်ထားပြီး သားတယောက်လို စောင့်ရှောက် ပေးခဲ့တယ်။  ဗာစတီ ဘောလုံး အကျော်အမော်၊ နောက် ဘားမား အကျော်အမော် ဖြစ်အောင် ပြုစု၊ ပျိုးထောင်၊ ပံ့ပိုး ပေးခဲ့တယ်။ ကောလိပ်ဂျင်နေဝင်း ကလည်း တက္ကသိုလ်ကို ဘောလုံးကန်ရင်း လူဆွေး၊ ကျောင်းဆွေး နှစ်ပေါင်းများစွာ နေသွားခဲ့တယ်။  ဒါတင်မက နောက်ပိုင်း ကောလိပ်ဂျင်နေဝင်း
ရဲ့ အားကစားသမား ဘဝ နေဝင်ချိန် ရောက်တော့လည်း  ရှေ့ဘဝခရီးအတွက် တသက်လုံး လုပ်ကိုင်စားသောက်စရာ အသက်မွေးဝမ်းကြောင်း အတတ်ပညာ ရုပ်ရှင်နယ်ကို ကူးဖို့ လမ်းညွှန်ကူညီ ပေးခဲ့တယ်..။

“ဆရာငြိမ်း” နဲ့ သူ့ တပည့် အားလုံး လိုလိုရဲ့ ရင်းနှီးမှု နဲ့ ဆက်ဆံပုံက အနည်းအများ အလားတူ ပုံစံ မျိုးချည်းပဲ..။ “ဆရာငြိမ်း” ကို ငယ်ငယ်က ပထမဆုံး တွေ့ဖူးခဲ့တဲ့ နေ့ကိုလည်း ခု ဒီစာရေးရင်း သတိရတယ်။

“ဆရာငြိမ်း” ခရီးတခု ထွက်လာရင်းနဲ့ အဖေ တာဝန်ကျတဲ့ မြို့ မှာ အကြောင်းအားလျော်စွာနဲ့ ကားပျက်တယ်။  ကားပျက်တော့ “ဆရာငြိမ်း” က သူ့ခရီးဖော်တွေကို “ဒီမြို့မှာ.. ငါ့တပည့် တယောက် ရှိတယ်၊ ငါ သွား
နှုတ်ဆက်ချည်းအုံးမယ်” ဆိုပြီး နီးရာ ဆိုက်ကားတစီးငှား  အဖေ့ ဌာန ရှိရာ တက္ကသိုလ်ဝင်းထဲကို သွားတယ်။  အဖေ့ ရုံးခန်းရောက်တော့ အဖေ က အိမ်ကို ထမင်းစားပြန်တဲ့ အချိန် ဖြစ်နေတာ့ မရှိဘူး။  ဒါနဲ့ ရုံးက ဝန်ထမ်းလေးတွေက
ဘယ်သူလဲ မေး၊ ကိစ္စကိုမေး လုပ်တော့ တက္ကသိုလ်ဆရာ၊ အားကစားဆရာ နှစ်ပေါင်းများစွာ လုပ်လာတဲ့ လူပျော်၊ လူနောက်ကြီးဆိုတော့

“ငါ သူ့ တပည့် တယောက်ပါ။  ကိစ္စအထူးမရှိပါဘူး။  နှုတ်ဆက်ဖို့သက်သက် လာတာပါ” လို့
ပေါက်ကရစွက် ဆိုခဲ့ပြီး အိမ်ကို ဆက်လိုက်လာတယ်။  အိမ်ထဲဝင်လာတော့လည်း အချိန်က တော်တော် လင့်သွားပြီဆိုတော့ မိုးတိုးမတ်တတ် နဲ့ အဖေ့ ကို

“မင်းတွေ့ချင်လို့ လာတာဟေ့..” အပါအဝင် ပြောချင်တာတွေ အာပေါင်အာရင်း သန်သန်ပြောပြီး မစား၊ မသောက် နဲ့ ပြန်သွားတယ်။  ဝမ်းသာအားရ ဖြစ်ကျန်ခဲ့တဲ့ အဖေ့ ကို သူပြန်သွားမှ အဲဒီ

“အရပ်မြင့်မြင့်၊ ခေါင်းဖြူနဲ့ ဘိုကပြားလိုလို အဘိုးကြီး” က ဘယ်သူလဲလို့ မေးကြည့်တော့မှ “ဆရာငြိမ်း”
မှန်း သိခဲ့ရတယ်။

အဖေ့ကို ငယ်ငယ်ကတည်းက “ဆရာ” အနေနဲ့ပဲ သိလာခဲ့တော့ သူ့ “ဆရာ” ဆိုတာကို စိတ်ဝင်စားမိခဲ့တယ်။  အဖေက သူတာဝန်ထမ်းဆောင်နေတဲ့ မြို့ကလေးက (အဲဒီတုန်းက) ကောလိပ်ကို  ဆရာပေါက်စ ဘဝနဲ့ စရောက်လာခဲ့တယ်။  သူ့ကို စရောက် လာကတည်းက တမြို့လုံးက (သူ့တပည့် မဟုတ်တဲ့ တခြား မိတ်ဆွေတွေက) “ဆရာလေး” လို့ပဲ ခေါ်တယ်။  ကျနော့်မှာ မွေးကတည်းက အဖေ့ ကို “ဆရာလေး” လို့
ခေါ်သံကြားလာရတော့ မယ်သီလရှင်လေးတွေကို မြင်ရင် ကျနော့် ပတ်ဝန်းကျင်မှာ အမြဲ “ဆရာလေး” ဖြစ်နေတဲ့ အဖေ့ ကိုပဲ မျက်စိထဲ မြင်မိတယ်။ အဲ့လောက်ထိအောင် လူတွေက နှုတ်ကျိုးနေကြတယ်။  သူ တဖြည်ဖြည်းနဲ့ အသက်ရလာလို့
“ဆရာကြီး” အရွယ်၊ နောက်ဆုံး ပင်စင်ယူတဲ့ အရွယ် ရောက်လာပေမယ့် လူဟောင်းတချို့ကတော့ သူ့ကို “ဆရာလေး” လို့ ခေါ်ဆဲပဲ။  ဒါက.. ထား..။  

တကယ် ဆိုချင်တာက အဖေက သူ ကျွမ်းကျင်ရာ နယ်ပယ် မှာ ဘယ်သူ့မှ ဗိုလ်မထား၊ အလေးမပြု၊ မှန်တဲ့အတိုင်း လုပ်ချင်ရာလုပ်၊ တဇောက်ကန်း နေလာခဲ့တာ သိတော့ သူ ဝမ်းသာအားရ ဖြစ်ရလောက်အောင် အလေးထားတဲ့ သူ့ “ဆရာ” ဆိုတာကို စ မြင်ဖူးတော့ ကျနော့်မှာ တော်တော် အလေးအနက်ထား စိတ်ဝင်စားသွားခဲ့တယ်။ နောက်ပြီး အဲ့အချိန်မှာ ကျနော်က အဖေ နဲ့ “သားအဖ” တင်မက “ဆရာတပည့်” လည်း
အားကစားနည်းတခုအတွက် တရားဝင် ဖြစ်နေပြီဆိုတော့ အဖေ့ “ဆရာ”၊ ကျနော် နဲ့ဆို “အဘိုးဆရာ” တော်တဲ့ “ဆရာငြိမ်း” အကြောင်းကို တော်တော်သိချင်သွားမိတယ်။

ဒဏ္ဍာရီ ဆန်ဆန် လေးစား၊ အတုယူ၊ ချီးမွမ်းဖို့ ကောင်းတဲ့ “ဆရာငြိမ်းပုံပြင်” တွေကို စကားနည်းတဲ့ အဖေ့ ဆီက အဲ့အချိန်ကစပြီး တစွန်းတစ စ ကြားလာခဲ့ရတယ်။  နောက်ပိုင်း အဖေ ပင်စင်ယူ ရန်ကုန်ပြန်တဲ့ အချိန် သူ့မိတ်ဆွေ၊ သူငယ်ချင်းဟောင်း လူကြီး အဘိုးကြီးတွေနဲ့ အမြဲဆုံတွေ့၊ ပွဲ လုပ်တော့မှ “ဆရာငြိမ်း” ကို ပြန်ဆုံတွေ့ရတဲ့ အပြင် သူ့အကြောင်းလည်း ပိုသိလာခဲ့ရတယ်။

“ဆရာငြိမ်း” အကြောင်းပိုသိလာလေ.. အဖေကလည်း သူ့ဘဝ ကို “ဆရာငြိမ်း” လို ဖြတ်သန်းခဲ့တာပါ့လား ဆိုတာ ပို ရိပ်မိလာခဲ့တယ်။  ပညာရေး၊ ကျန်းမာရေး၊ သာရေး၊ နာရေး၊ အိမ်ထောင်ရေး၊ သားရေး၊ သမီးရေး၊ မင်္ဂလာကိစ္စကြောင်းလမ်းတာ၊ လင်မယား ရန်ဖြစ်တာကနေ ဘဝ လမ်းကြောင်း တိုးတက်ရေး၊ ရာထူး၊ ရာခံ ကိစ္စ အထိ
အဖေ မပါရင် မပြီးတဲ့ အဖေ နဲ့ သူ့တပည့်တွေရဲ့ ဆက်ဆံရေးကို ပိုနားလည်လာခဲ့တယ်။

(စကားချပ် – ခု ပြောရင် စာဖတ်သူ လူအများ ယုံကြမယ် မထင်ဘူး။  နားနဲ့မနာ ဖဝါးနဲ့နာပါ..။  အဖေ့ တပည့် အရပ် ခြောက်ပေ ငါးလက်မ ရှိတဲ့ ဘိုကပြားကြီးတယောက်ရဲ့ အိမ်ထောင်ရေးဘဝ လိင်ဆက်ဆံရေး ကိစ္စ ဆို အဲ့ဒီ တပည့် လူထွားကြီး ရဲ့ ဇနီးက အဖေ့ကို တိုင်တန်းလို့ အဖေ က သူ့တပည့်ကို လိင်မှုဆက်ဆံရေး သြဝါဒ ပေးခဲ့ရဖူးတယ်လို့ ဆိုတယ်။  အဲ့အကြောင်းကို မီလိုက်တဲ့ အဖေ့တပည့်တွေက နောက်ကွယ်မှာ “အဲ့ဒီလို နဲ့ မင်း.. အဖေ (ငါတို့ ဆရာ) က သူ့တပည့် လူသတ်မှု မဖြစ်အောင် ကာကွယ် ဆုံးမ ခဲ့ရသေးတယ်” လို့ ကျနော့် ကို ပြောပြတော့ ကျနော့်မှာ အူတက်မတတ် ရယ် (ရီ) ခဲ့ရတာ မှတ်မိသေးတယ်..။)

ကျနော် ငယ်စဉ်က ကစားသမားပေါက်စဘဝ မှာ စီနီယာ ကစားသမားတွေနဲ့ နည်းပြဆရာငယ်တွေ၊ သူတပည့်တွေ ပြောပြတဲ့ “အဖေ့အကြောင်းပုံပြင်” တွေနဲ့ နောင် ရန်ကုန်ပြန် အခြေချတဲ့အချိန် ဆိုခဲ့တဲ့ တွေ့ဆုံပွဲတွေမှာ ကြားရတဲ့ “ဆရာငြိမ်း အကြောင်းပုံပြင်” တွေကို နှိုင်းယှဉ် တတ်လာခဲ့တယ်။  “ဆရာက (ကျနော့် အဖေက) ငါ့ကို အောင်ဆန်းကွင်းလုံးပတ်လည် ခြေထောက်နဲ့ကန် ဆုံးမခဲ့တာကွ..” လို့ ခြေထောက်နဲ့ အကန်ခံရတာကိုပဲ လူရှေ့သူရှေ့
ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ပြောတတ်တဲ့ စကားလုံးတွေ၊ ရိုသေလေးစား၊ ချစ်မြတ်နိုးမှုတွေကို “ဆရာငြိမ်း” နဲ့ အဖေ အပါအဝင် “ဆရာငြိမ်း” တပည့်တွေ ဆက်ဆံပုံ၊ ချစ်ခင်ပုံ၊ လေးစားပုံ ကိုကြည့်ပြီး ပိုသဘောပေါက်သွားခဲ့တယ်။

“ဆရာငြိမ်း”  ကို ဦးစိန်လှိုင် လောက် ဗမာ့ရွှေခေတ် ဘောလုံး အတွက် ခရစ်ဒစ် မပေး၊ အသိအမှတ်မပြုကြဘူး လို့ ထင်တယ်။  ဒါပေမယ့် ရွှေခေတ် တခေတ်လုံးက ဘားမား အသင်းမှာ ကြီးစိုးတာက “Army” က မဟုတ်ရင် “Versity” က ဘောလုံးသမားတွေပဲ။  “Versity” က သူတွေအားလုံးကလည်း “ဆရာငြိမ်း” တပည့် ချည်းပဲ။ ဆိုတော့  ဘားမားရွှေခေတ် ဘောလုံးအတွက် “ဆရာငြိမ်း” က နောက်ကွယ်က အဓိက ပံ့ပိုးခဲ့သူလို့ ဆိုနိုင်တယ်။

သူကိုယ်တိုင် ကာလအပိုင်းအခြားတချို့မှာ နိုင်ငံ လက်ရွေးစင်အသင်း (ဘားမားအသင်း) ကို တာဝန်ယူ ကိုင်တွယ် နည်းပြတာတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ဗာစီတီ အသင်းမှာလို သူ့လက်၊ သူ့ခြေ သူစိတ်တိုင်းကျ
လွတ်လွတ်လပ်လပ် ကိုင်တွယ်ရတဲ့ အခြေအနေနဲ့ မတူဘဲ ဘားမားအသင်းကျ အထက်လူကြီးများ၊ ဆရာများတယ်။  အထူးသဖြင့် ထုံးစံအတိုင်း (အဲ့ခေတ်ကတည်းက) တိုင်းပြည်၊ အားကစားလောက နဲ့ အဖွဲ့ချုပ်မှာ ခြယ်လှယ်နေပြီဖြစ်တဲ့ ပုခုံးပေါ်ဘားတွေ အပြည့်နဲ့ ပုဂ္ဂိုလ်တွေက “ဆရာငြိမ်း” အပေါ် သိပ်မကြည်ဘူးလို့ ထင်တယ်။  အထူးသဖြင့် “ဆရာငြိမ်း” ရဲ့ ကစားကွင်းပြင်ပ စခန်းသွင်းလေ့ကျင့်မှု (Training Camp) အုပ်ချုပ်မှု ပုံစံကို သဘောမကျ ကြဘူးလို့ ကြားသိရတဲ့ စကားတွေ၊ အချက်အလက်တွေကြည့်ပြီး (ကျနော့် အနေနဲ့) သုံးသပ်တယ်။

နွားတွေလို ခိုင်းသမျှလုပ်၊ ပြန်မပြောတတ်၊ ပြန်မပြောနိုင်၊ ပြန်မပြောရဲ၊ ငြိမ်ဝပ်ပိပြား နေတာကိုသာ အရည်အချင်းတခု လို့ သတ်မှတ်တဲ့ ဓလေ့၊ ထုံးတမ်း၊ လုပ်ထုံး၊ စနစ်အဖွဲ့အစည်းနဲ့ အသားကျနေတဲ့ ပုဂ္ဂိုလ်တွေဆိုတော့
နောင်တခေတ်မှာ တိုင်းပြည်ရဲ့ နယ်ပယ် ကဏ္ဍ အသီးသီ ရဲ့ ခေါင်းဆောင်တွေ ဖြစ်မယ့် တောက်မယ့်မီးခဲ တရဲရဲလို ဖြစ်နေတဲ့ ခေတ်ပညာတတ် တက္ကသိုလ်ကျောင်းသား လွတ်လပ်တက်ကြွတဲ့ လူငယ်၊ လူရွယ်လေးတွေကို ကြီးကြပ်စီမံ ကွပ်ကဲနေရတဲ့ “ဆရာငြိမ်း” ရဲ့ တပည့်အပေါ် လွတ်လပ်ခွင့် အပြည့်ပေး၊ အခွင့်အရေး အပြည့်ပေး၊ လူပီသတဲ့၊ လူသားဆန်တဲ့ အုပ်ချုပ်မှု ပုံစံကို သဘောမကျတာ သဘာဝ ကျပါတယ်။

“ဆရာငြိမ်း” က သူ့တပည့်တွေ စခန်းသွင်းလေ့ကျင့်စခန်းမှာ သောင်းကျန်း လို့ ဆိုခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေက မျက်စိစပါးမွှေးစူး ပြစ်တင် ဝေဖန်ထောက်ပြရင် “ကျူပ်တပည့်တွေက စခန်းမှာ ငြိမ်ဖို့မလိုဘူး။  ကစားတဲ့ ကွင်းထဲမှာပဲ
ငြိမ်ဖို့ လိုတယ်။ လူငယ် သဘာဝ လွတ်လွတ်လပ်လပ် နေပါစေ” လို့ အမြဲ ပြန်ပြောလွှတ်တယ်လို့ ဆိုတယ်။

“ဆရာငြိမ်း” က သူ့တပည့်တွေ  ဖဲရိုက်ချင်ရင် ကိုယ်တိုင် ဖဲထုပ် ဝယ်ပေး၊ ငွေထုတ်ပေးပြီး စခန်းအတွင်းမှာပဲ ကစားစေတယ်။  အရက်သောက်ချင်ရင် ကိုယ်တိုင် ပိုက်ဆံထုတ်ပေး သွားဝယ်စေပြီး စခန်းမှာပဲ သောက်စေတယ်လို့
ဆိုတယ်။  ဒါမှသာ သူ့တပည့်တွေ ဘယ်လောက်အတိုင်းအတာ နဲ့ ဘာတွေ လုပ်နေသလဲ ဆိုတာ အမြဲ လက်လှမ်းမီ သိနိုင်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ တားနိုင်၊ အားကစား နဲ့ ပညာရေး ကို မထိဖို့ ဆုံးမနိုင်တယ်လို့ ဆိုတယ်။

 “ဆရာငြိမ်း” က သူ့တပည့်တွေကို ခန္ဓာကိုယ် ကို အသုံးချပြီးသာ အားကစားနည်းတွေကို ကစားစေတာ မဟုတ်ခဲ့ဘူး။  ဘောလုံးကို ခြေထောက်နဲ့ ကန်တတ် ဖို့တင်မကဘဲ ဦးနှောက် နဲ့ ကန်တတ်ဖို့ကို သင်ပေးခဲ့တယ်။  ဒါ့အပြင် နှလုံးသားနဲ့ ကန်တတ်ဖို့ပါ သင်ပေးခဲ့တယ်လို့ ထင်တယ်။

အကြောင်းက.. “ဆရာငြိမ်း” ဟာ သူ့ ဗာစတီ အသင်း နဲ့ တပည့်တွေကို လက်ကိုင်ထားခိုင်းတဲ့ ဆောင်ပုဒ်က “Play Fair, Never Quit” ဆိုတာ ဖြစ်တယ်။ တရားမျှတခြင်းကို အမြဲ ရှေ့ တန်းတင် အလေးထား ဖော်ဆောင်၊ ကြံစည်၊
ကျင့်ကြံဖို့နဲ့ ဘယ်တော့မှ အရှုံးမပေး၊ ဒူးမထောက်၊ လက်မမြှောက်၊ ထွက်မပြေးဖို့ ဆိုတဲ့ လမ်းညွှန်ချက်ဟာ အားကစား အတွက်သာ မကဘဲ ဘဝ အတွက်လည်း လက်ကိုင်ထားရတဲ့ တရား ဖြစ်တယ်။  ဒီလို စိတ်ဓာတ်၊ အကျင့် နဲ့ တရား ရဖို့
အတွက် “ဆရာငြိမ်း” ပြုစုပေးခဲ့တယ်။  ဒီလိုနဲ့ “ဆရာငြိမ်း” ဟာ သူ့တပည့်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အသိဉာဏ်၊ ပညာပိုင်းဆိုင်ရာ၊ ဦးနှောက်အတွေးအခေါ် ပိုင်းဆိုင်ရာ ဖွံဖြို့မှုကို ကျင့်ပေးခဲ့ရုံသာမကဘဲ လွတ်လပ်ခြင်း၊ တရားမျှတခြင်းကို မြတ်နိုးတတ်မှု ဆိုတဲ့ မွန်မြတ်တဲ့ ကျင့်ဝတ်တရား၊ နှလုံးရည်ကိုပါ မျိုးစေ့ချ၊ ပျိုးထောင်ပေးခဲ့တယ်လို့ ယူဆတယ်။

“ဆရာငြိမ်း” သူ့တပည့်တွေကို ပေးလိုက်တဲ့ “Message”၊ လမ်းညွှန်လိုက်တဲ့တရား ဟာ ဗာစတီ အားကစားအသင်းတွေ၊ ဘောလုံးအသင်းတွေ အတွက် ခံယူချက် သက်သက်မဟုတ်ဘဲ ခေတ်ပညာတတ် တက္ကသိုလ်ကျောင်းသား၊ လူငယ် ဆိုတဲ့ လူအုပ်စု တခုလုံးကိုလည်း ကိုယ်စားပြုတယ်။  

“လွတ်လပ်ခြင်း၊ တရားမျှတခြင်း နဲ့ သေတောင် ခေါင်းမငုံ့၊ အရှုံးမပေးခြင်း” ဆိုတာ အင်္ဂလိပ်ကိုလိုနီ နယ်ချဲ့ အရင်းရှင် ကို ဆန့်ကျင်ခဲ့တဲ့ ကျွန်ဘဝ လွတ်မြောက်ရေး တိုက်ပွဲတွေကနေစပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် အပါအဝင် မျက်မှောက်ခေတ်အထိ ဖိနှိပ်သူ အားလုံးကို ရှေ့တန်းက တော်လှန်ဆန့်ကျင်နေတဲ့ “တက္ကသိုလ်” ဆိုတဲ့ လွတ်မြတ်ရေး တပ်ဦး ခံတပ်ကြီး ရဲ့ ဆောက်ပုဒ်၊ ခံယူချက်၊ သဘောထား နဲ့ လုပ်ရပ်လည်း ဖြစ်တယ်။  ဒါဟာ “ကျောင်းသားစိတ်ဓာတ်” လည်း ဖြစ်တယ်။  ဒါဟာ “သမဂ္ဂ စိတ်ဓာတ်” လည်း ဖြစ်တယ်။

ကျနော်ဟာ အဖေတို့ “ဆရာငြိမ်း” မွေးနေ့ နဲ့ ဂုဏ်ပြုပွဲတွေမှာ “ဆရာငြိမ်း” တရား “Play Fair, Never Quit” ဆိုတဲ့ ဆောင်ပုဒ် ကို ရိုက်ထားတဲ့ “University Old Blue” အင်္ကျီဂျာစီတွေ ဝတ်ရင်း တက္ကသိုလ်ဘောလုံးကွင်းထဲမှာ
အသက် ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ် ကျော်  အရွယ် တက်ကြွနေတာကို မြင်တော့ သူတို့ခေတ် တက္ကသိုလ် ဘဝ၊ နောက်ခံ အခြေအနေ၊ လူဖြစ်ကျိုးနပ်၊ တက္ကသိုလ်တက်ရကျိုးနပ်ခဲ့ကြတာကို ဆင်ခြင်မိပြီး အားကျခဲ့ရတယ်။

ဆောင်းပါး အစမှာ ဆိုခဲ့တဲ့ အတိုင်း.. “ကျောက်ဘီလူးကြီး” က ဘာကြောင့် ကမ္ဘာကျော် မန်ယူဘောလုံးအသင်းကို အားပေးသူ၊ ခရေဇီ ဖြစ်သူ လို့ အထင်ခံရတာကို အထင်မခံနိုင်၊ မကျေနပ်နိုင်ဘဲ သူ့ဘဝမှာ တကယ်အားပေးခဲ့တာ၊ ချစ်မြတ်နိုးခဲ့ရတာဟာ “တက္ကသိုလ်အသင်း” သာ ဖြစ်ပါတယ် လို့ ထုတ်ဖြေရှင်းရသလဲ၊ ထုတ်ဖြေရှင်းဖို့လိုသလဲ ဆိုတာကို ကျနော် အဖေတို့ နောက် လိုက် အနီးကပ်နေရင်းနဲ့ နားလည်သဘောပေါက်ခဲ့ရတယ်။

ကျနော် တက္ကသိုလ် စရောက်တဲ့ ခေတ်မှာတော့ ဒေသဆိုင်ရာ တာဝန်ကျ ထောက်လှမ်းရေးက  “မင်း နိုင်ငံရေး မလုပ်နဲ့..၊ လူမသတ်နဲ့..ကျန်တာ ကြိုက်သလို သောင်းကျန်း..၊ ငါတို့ တာဝန်ယူတယ်  ” ဆိုပြီး တလွဲဆံပင်ကောင်း  “နိုင်ငံရေးမလုပ်ဖို့” ကို “လူမသတ်ဖို့” ထက် ရှေ့က အလေးထား ပြော သတိပေးရင်း ကျောင်းသားအခွင့်အရေး ကို မဟုတ်တယုတ်၊ အလွဲသုံးစား လုပ်တတ်စေဖို့အတွက်ပဲ သက်သက် ပေး ဖျက်စီးခြင်းခံခဲ့ရတယ်။

ကျနော့်ခေတ် တက္ကသိုလ်ကျောင်းသားဘဝမှာ နိုင်သလောက် တက္ကသိုလ် ဘောလုံးပွဲတွေ၊ စာပေဟောပြောပွဲတွေ စတဲ့ ကာယ၊ စိတ္တ ဖွံ့ဖြိုးစေတဲ့ ကျောင်းသားရေးရာ ကိစ္စတွေ ရှင်သန်လာစေဖို့ ကြိုးစား၊ ဆော်သြ စတင် စီစဉ်ခဲ့ဖူးတယ်။  အထိုက်အလျောက်လည်း စ ဖြစ်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ရေရှည် ဖြစ်ဖို့ နဲ့ ဖွံ့ဖြိုးစည်ပင်ဖို့အတွက်တော့ မလုပ်နိုင်ခဲ့ဘဲ နောက်ဆုံးတော့ ကိုယ့် ပါမောက္ခချုပ်သာ “ခင်ဗျား.. အလုပ်ပြုတ်သွားချင်လို့လား.. ” ဆြို့ပီး စစ်တိုင်းမှူးဗိုလ်ချုပ်ရဲ့ ခေါ်ငေါက်ခံရခြင်းနဲ့ အဆုံးသတ်ခဲ့ရတယ်။

ဒီလိုနဲ့ ကျနော့်မှာ အဖေတို့ခေတ် မျိုးဆက်လို ကိုယ့် “တက္ကသိုလ်အသင်း” ကိုသာ အသည်းစွဲ ဖြစ်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။  ကိုယ် ဘောလုံးပွဲ စကြည့်တဲ့ အရွယ် ၁၉၈၈ မတိုင်ခင်က တိုင်းကြီး ဘောလုံးပွဲတွေ အထိုက်အလျောက် အဆင့်အတန်းရှိ၊ ခေတ်စား၊ ကျော်ကြား၊ လူသိ၊ လူကြည့် သေးတယ်ဆိုပေမယ့် အဖေတို့ခေတ်နဲ့ ယှဉ်ရင် “ကျီးနှင့်ဖုတ်ဖုတ်” သာ ဖြစ်တဲ့အတွက် ကျနော့်မှာ ကိုယ့် တိုင်း နဲ့ ပြည်နယ် အသင်း တသင်းကို တသမတ်တည်း အားပေးဖို့ မဖြစ်ခဲ့ပါဘူး။  ဒီလိုနဲ့ အမေကျော် ဒွေးတော်လွမ်း ပြီး မွေးကတည်းက ဆိုသလို မန်ယူအသင်းပဲ အားပေးဖို့ဖြစ်လာ၊ အားပေးခဲ့ရတော့တယ်။

ဆိုတော့ “ခင်ဗျားက.. မန်ယူ ပရိသတ် လား” လို့ မေးခံရရင် ကျနော့် မှာ “ကျောက်ဘီလူးကြီး” လို ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ မဟုတ်တဲ့ အကြောင်း၊ တကယ် အားပေး ချစ်မြတ်နိုးတဲ့ “တက္ကသိုလ်အသင်း” နဲ့ “မန္တလေးတိုင်းအသင်း”
ရှိကြောင်း မပြောနိုင်တော့ “ဟုတ်ပါတယ်..။ ကျနော် မန်ယူပရိသတ်ပါ” လို့သာ ဂုဏ်မယူ၊ မဝံ့ကြွားစွာနဲ့ ပြန်ဖြေရုံကလွဲလို့ ကျန်တာ ဖြေစရာ မရှိပါ..။

(စကားချပ် – နိုင်ငံအသင်းအားပေး၊ ချစ်မြတ်နိုးတာကို ထည့်ပြောလို့မရပါ..။ နိုင်ငံအသင်းက အားကစားဝါသနာမပါ၊ ဘောလုံးကို စိတ်မဝင်စားတဲ့ သူသူငါငါ၊ လူတိုင်းလိုလို တိုင်းချစ်၊ပြည်ချစ်၊ မျိုးချစ် စိတ်ကြောင့်
အားပေးတတ်ကြပါတယ်..။)

ဒီလို သူ့ခေတ်၊ ကိုယ့်ခေတ် နောက်ခံ အခြေအနေ၊ စနစ်၊ အခွင့်အရေး ချင်း နဲ့ လူငယ် နဲ့ တက္ကသိုလ်ကျောင်းသာဘဝ ရရှိခဲ့ပုံချင်း မတူညီမှုကြောင့် ကျနော့် နဲ့ အဖေ့ ကြား မျိုးဆက်ကွာဟမှုဟာ ကျနော် အဖေ့ လို အင်္ဂလိပ်စကား ပီအောင် မပြောနိုင်ခြင်း ဆိုတဲ့ အပေါ်ရံ မြင်သာတဲ့ အချက် က စလို့  အလုပ်ကို အလုပ်ပီပီ၊ တာဝန်ကျေကျေ၊ လက်ကြောတင်းအောင် ခါးချိုးလုပ်လိုမှု အားနည်းခြင်း အလယ်.. အမှန်တရား နဲ့ တရားမျှတမှု အတွက် ကိုယ်ယုံကြည်ရာ ရဲရဲဝင့်ဝင့်၊ နောက် မဆုတ် လုပ်တတ်မှု အားနည်းသွားခြင်း ဆိုတဲ့ ကျင့်ဝတ်နဲ့ ခံယူချက်ပိုင်းဆိုင်ရာ ကွာခြားသွားမှုအထိ အကျိုးသက်ရောက်စေခဲ့တယ်။

ဒီလို “သူ့ခေတ်၊ ကိုယ့်ခေတ်” ခြားနားမှုကို ကျနော့်ရဲ့ မျိုးဆက် “နောင်တခေတ်” လူငယ်တွေ မကြုံတွေ့ စေချင်တော့ပါ။  သူတို့ကို လူငယ်ဖြစ်ရကျိုး နပ် စေချင်ပါတယ်။  တက္ကသိုလ်တက်ရကျိုး နပ်စေချင်ပါတယ်။ တနည်းအားဖြင့် လူဖြစ်ရကျိုးနပ်စေချင်ပါတယ်။  ကောင်းမွန်တဲ့ ပြုစု၊ ပျိုးထောင်၊ မြေတောင် မြှောက်ပေးမှုတွေ ခံစားစေချင်ပါတယ်။

“ဆရာငြိမ်း” တွေ နဲ့လည်း ဆုံစေချင်ပါတယ်။  အဖေ တို့လို “ဆရာငြိမ်း” တပည့်မျိုးတွေ ဖြစ် တိုင်းပြည် တာဝန်ကို ကျေပွန်အောင် ပြန်ထမ်းနိုင်တဲ့ မျိုးဆက် ဖြစ်စေချင်ပါတယ်။

ပညာရပ်ဆိုင်ရာ ဆန်းသစ် တွေးခေါ်မှု အသီးအပွင့်တွေ၊ ရှာဖွေဖော်ထုတ်နိုင်မှု သုတေသန တွေ၊ အနုသုခုမ နဲ့ အားကစား ကဏ္ဍ ပေါင်းစုံ ဝေဆာနေတဲ့ စိတ္တ၊ ကာယ၊ နှလုံး အဘက်ဘက် ကုံလုံကြွယ်ဝ ရင့်ကျက်တိုးတက်ဖြစ်ထွန်းပြီး ကျင့်ဝတ်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံစေဖို့ ကျင့်ကြံအားပေးတဲ့ တက္ကသိုလ် အသိုင်းအဝန်းမျိုး၊ ပညာအသိုင်းအဝန်းမျိုးပဲ “နောင်တခေတ်” လူငယ် မျိုးဆက်သစ်ကို ရစေချင်ပါတယ်။  ကျနော် နဲ့ ကျနော့် မျိုးဆက် မရခဲ့သမျှ “လွတ်လပ်ခြင်း၊ တရားမျှတခြင်း” လောကပါလတရားတွေ သူတို့ ရရှိ ခံစားစေချင်ပါတယ်။

အလားတူပဲ တပါတည်း.. ကျနော့်လို “သူများငါးချဉ်နဲ့ ချဉ်” နေရတဲ့ “မန်ယူအသင်းအားပေးသူ” ဖြစ်နေရတဲ့ ဘဝ၊ ခုခေတ် လူငယ်အများစု ကြုံတွေ့နေရတဲ့ ခရိုနီ တွေရဲ့ အလကားရသလို အချောင်ရထားတဲ့ ငွေကြေး၊ ဥစ္စာ နဲ့
အရင်းတည်ထားပြီး စည်ပင်သလို ဖြစ်နေပေမယ့် အနှစ်သဘော မပါတဲ့ ပြည်နယ် နဲ့ တိုင်း အမည်ခံ ကလပ်အသင်းတွေကို အားပေးနေရတဲ့ ဘဝ က လွတ်ပြီး တကယ်စစ်မှန်တဲ့ ဒေသခံ လူငယ်တွေရဲ့ အနာဂတ် ဖွံ့ဖြိုးမှု နဲ့ တိုင်းပြည်ရဲ့ အားကစား နဲ့ စိတ္တ၊ ကာယ ဖွံ့ဖြိုးမူကို ဖော်ဆောင်နိုင်တဲ့ ဘောလုံးအသင်းတွေ ပေါ်ပေါက်လာဖို့ နဲ့ ကျနော့် မျိုးဆက်သစ် “နောင်တခေတ်” လူငယ်တွေ တကယ့် ရင်ဘတ်ကြီးနဲ့ အပြည့် အားပေးနိုင်ဖို့ အခွင့်အရေး ရရှိလာစေဖို့
မန်ယူစံချိန်တင် အမှတ်ပေးဖလားယူတဲ့ ဒီနေ့မှာပဲ ဒီစာ ရေးရင်နဲ့ ဆုတောင်းမိပါတယ်။

ငြိမ်းချမ်းအေး
၂၃ ၊ ဧပြီ ၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, အတွေးအမြင်, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်