မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (17) (Aung DIn)

April 26, 2013

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၀၊ ဧပြီ ၄ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၁၇) လွှတ်တော်နှင့် ငြိမ်းချမ်းရေး (ခ)

ပြည်ထောင်စုလွှတ်တော်ဟာ မြန်မာနိုင်ငံမှာ နှစ် ၆၀ကျော်ကြာဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ရေးအတွက် အင်မတန်အရေးပါတဲ့ အခန်းကဏ္ဏမှာရှိကြောင်းတင်ပြခဲ့ပါတယ်၊ တိုင်းရင်းသားလူမျိုးစုများ တောင်းဆိုနေတဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို လွှတ်တော်ကပဲ ဥပဒေပြုအာဏာနဲ့ အာမခံဖြည့်ဆီးပေးနိုင်လို့ပါ၊ တိုင်းရင်းသားလူမျိုးစုများ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်၊ ပြဋ္ဌန်းမပေးသေးသ၍ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်မှာ မဟုတ်ပါ၊ အခုလို မြန်မာနိုင်ငံရဲ့ အင်မတန်အရေးကြီးတဲ့ အပြောင်းအလဲကာလမှာ လွှတ်တော်က လုပ်သင့်လုပ်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွေကို ရဲရဲရင့်ရင့်ဆောင်ရွက်ရင်း လွတ်လပ်ရေးနဲ့အတူမွေးဖွားခဲ့တဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်၊

ဒါပေမည့်လဲ  မတ်လ ၂၁ရက်နေ့ထုတ်၊ The Hot News ဂျာနယ်၊ စာမျက်နှာ ၂၃ မှာဖော်ပြထားတဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအုန်းမြင့်ရဲ့ ပြောကြားချက်တွေကတော့ စိတ်မသက်သာစရာပါ၊ ဦးအုန်းမြင့်ဟာ အာဏာရ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ယောက်လဲဖြစ်ပြီး မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်အဆင့်နဲ့ တပ်မမှူးရာထူးတွေကို တာဝန်ထမ်းဆောင်ခဲ့သူပါ၊ 

သူက The Hot News ဂျာနယ် နဲ့အင်တာဗျူးမှာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးတဲ့ ရပိုင်ခွင့်နဲ့အခွင့်အရေးတွေဟာ တိုင်းရင်းသားတွေပြောနေတဲ့ ဖက်ဒရယ်နဲ့ သိပ်မကွာပါဘူး” လို့ ပြောသွားပါတယ်၊ သူ့စကားအတိအကျက “ဒီကနေ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကပေးတဲ့အထဲမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ တန်းတူညီတူအခွင့်အရေးအပြည့်အဝရှိတယ်၊ တိုင်းရင်းသားအားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်၊ အမျိုးဘာသာအတွက် ကိုယ့်ပြည်နယ်၊ ဒေသဖွံ့ဖြိုးရေးအတွက် လွတ်လပ်စွာလုပ်ပိုင်ခွင့်တွေ ရှိပြီးသားပဲ၊ ပြည်နယ်လွှတ်တော်တွေက ဥပဒေရေးဆွဲတယ်၊ ပြည်နယ်လွှတ်တော်တွေရဲ့ ဥပဒေပြုခွင့်နဲ့အညီ ပေါ်ထွက်လာတဲ့ ဥပဒေတွေကိုလည်း ပြည်နယ်အစိုးရက စီမံတယ်၊ အဲဒီဥပဒေနဲ့ ပြည်နယ်ဖွံ့ဖြိုးရေးကို ရှေ့ရှူပြီး စီမံတာတွေလုပ်တယ်၊ နိုင်ငံတော်က အတည်ပြုပြဋ္ဌန်းထားတဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်နဲ့အခွင့်အရေးတွေဆိုတာဟာလည်း ခုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပြောနေတဲ့ ဖက်ဒရယ်ဆိုတာနဲ့ သိပ်မကွာပါဘူး၊” လို့ပြောခဲ့ပါတယ်၊

အဲဒီလို ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တစ်ယောက်လဲဖြစ်၊ တပ်မတော်ခေါင်းဆောင်ဟောင်းတစ်ယောက်လဲဖြစ်၊ တိုင်းရင်းသားပြည်နယ်တစ်ခုဖြစ်တဲ့ မွန်ပြည်နယ်အစိုးရရဲ့ ဝန်ကြီးချုပ်လဲဖြစ်ပြီး အစိုးရနဲ့ မွန်ပြည်သစ်ပါတီရဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးနေတဲ့ ဦးအုန်းမြင့်လို ပုဂ္ဂိုလ်မျိုးကတောင် “၂၀၀၈ဖွဲ့စည်းပုံမှာ ပါဝင်တဲ့ ပြဋ္ဌန်းချက်တွေဟာ တိုင်းရင်းသားလူမျိုးစုတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ်မူနဲ့ သိပ်မကွာပါဘူး၊ တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဋ္ဌန်းထားကြောင်း” ယုံကြည်လက်ခံထားတယ် ဆိုတော့ ကြံ့ခိုင်ရေးပါတီက လွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ၂၀၀၈ဖွဲ့စည်းပုံကို ပြင်ဆင်ပြီး တိုင်ရင်းသားလူမျိုးစုများရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆီးလို့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပါဝင်ဆောင်ရွက်လိမ့်မယ်ဆိုတာ မျှော်လင့်ချက် အခိုင်အမာမထားရဲပါ၊

ဒါကြောင့်မို့ ၂၀၀၈ ဖွဲ့စည်းပုံမှာ တိုင်းရင်းသားလူမျိုးစုများရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ဘယ်လို ကန့်သတ်ချုပ်ချယ်ထားတယ်ဆိုတာ ရှင်းပြပြီး ပြင်သင့်တာတွေကို အကြံပေးချင်ပါတယ်၊ ရှေးနှစ်ပေါင်းများစွာကထဲက ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်အကြီးအကဲ၊ ကိုယ်ပိုင်ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှုတွေနဲ့ လွတ်လပ်စွာရပ်တည်ခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးစုများအတွက်၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုနဲ့ ကတိကဝတ်တွေကို ယုံကြည်ပြီး ပင်လုံစာချုပ်ကို ၁၉၄၇ခုမှာ အတူလက်မှတ်ထိုးလို့ မြန်မာပြည်မနဲ့အတူပူးတွဲပြီး ဗြိတိသျှအစိုးရထံကနေ လွတ်လပ်ရေးရယူခဲ့ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက်၊ ပြည်ထောင်စုကြီးထဲက ဘယ်တော့မှခွဲမထွက်ပဲ ကိုယ့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေရရှိရေးဆိုတာ အင်မတန် တရားမျှတတဲ့ တောင်းဆိုချက်တွေ ဖြစ်ပါတယ်၊ အဲဒီတောင်းဆိုချက်တွေကို လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားတပ်မတော်တွေကပဲ တောင်းဆိုနေတာမဟုတ်ပါ၊ လက်နက်ကိုင်မထားတဲ့ တိုင်းရင်းသားတွေကလဲ တောင်းဆိုနေတာဖြစ်တယ်ဆိုတာ အရင်ဆုံး ထောက်ပြချင်ပါတယ်၊

အခြေခံမူများ

၂၀၀၈ဖွဲ့စည်းပုံရဲ့ အခြေခံမူများအခန်း၊ ပုဒ်မ ၈ မှာ ” နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်” ဟု ပြဌန်းထားပါတယ်၊ ပုဒ်မ ၉ (က) မှာ ရှိရင်းစွဲ တိုင်း ၇ တိုင်းကို တိုင်းဒေသကြီးများအဖြစ်၊ ရှိရင်းစွဲ ပြည်နယ် ၇ ခုကို ပြည်နယ်များအဖြစ် ပိုင်းခြားသတ်မှတ်ပြီး တိုင်းဒေသကြီး ၇ ခု နှင့် ပြည်နယ် ၇ ခုဟာ အဆင့်အတန်းတူညီကြသည်လို့ ပြဋ္ဌန်းထားပါတယ်၊ တကယ်တော့ ဒီပုဒ်မ ၉ (က) ပြဋ္ဌန်းချက်ဟာ ရှေ့က ပုဒ်မ ၈ နဲ့ ကွဲလွဲနေပါတယ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တိုင်းရင်းသားခေါင်းဆောင်များလက်မှတ်ထိုးချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ တိုင်းရင်းသားများဟာ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်မှာ တန်းတူရည်တူ ပြည်ထောင်စုအဖွဲ့ဝင်အဖြစ် ပါဝင်ကြတာပါ၊ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ရှမ်းပြည်နယ်၊ ပြည်နယ်၊ ကရင်နီပြည်နယ်များကို ပြည်ထောင်စုအဖွဲ့ဝင်များအဖြစ် သတ်မှတ်ခဲ့ပြီး နောက်ထပ်တိုင်းရင်းသားပြည်နယ်များဖွဲ့စည်းပြီး ပြည်ထောင်စုအဖွဲ့ဝင်အဖြစ်စုစည်းဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်၊ တိုင်းဒေသကြီး ၇ ခုဟာ ဗမာတိုင်းရင်းသားအများစုနေထိုင်ရာ ပြည်မဒေသဖြစ်ပါတယ်၊ ဒါကြောင့် မြန်မာပြည်မက တိုင်းဒေသကြီး ၇ ခုကို တိုင်းရင်းသား ပြည်နယ် ၇ ခုနဲ့ အဆင့်အတန်းတူတယ်လို့ သတ်မှတ်ထားတာဟာ ပြည်နယ်များရဲ့ ပြည်ထောင်စုအဖွဲ့ဝင်အဆင့်အတန်းကို နှိမ့်ချလိုက်သလို ဖြစ်နေပါတယ်၊

အခု တိုင်းရင်းသားများတောင်းဆိုနေကြသလို တိုင်းဒေသကြီး ၇ ခုကို ပေါင်းစပ်ပြီး ဗမာပြည်နယ်အဖြစ်သတ်မှတ်ပြီး ၈ ပြည်နယ်ပုံစံနဲ့ နိုင်ငံတော်ကို ပြန်လည်ဖွဲ့စည်းဖို့ဆိုတာလဲ လက်တွေ့မှာ ဖြစ်နိုင်မယ်မထင်ပါ၊ ဖြစ်သင့်တာကတော့ ပြည်နယ် ၇ ခုကို ပြည်ထောင်စုအဖွဲ့ဝင်များအဖြစ် ပြဋ္ဌန်းပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေမှာ အခွင့်အရေးတွေပိုပေးဖို့ပဲ ဖြစ်ပါတယ်၊

ဥပဒေပြုရေး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂ (ခ) အရ ဥပဒေပြုအာဏာပိုင် ပြည်ထောင်စုလွှတ်တော်ကို လူဦးရေ (သို့မဟုတ်) မြို့နယ်ကိုအခြေခံပြီး ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော် (ပြည်သူ့လွှတ်တော်) နဲ့ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်သည့် လွှတ်တော် (အမျိုးသားလွှတ်တော်) တို့ ပေါင်းစပ်ဖွဲ့စည်းကြောင်းပြဋ္ဌန်းထားပါတယ်၊ ဒီပြဋ္ဌန်းချက်အရ တိုင်းဒေသကြီးများဟာလဲ ပြည်နယ်များနဲ့ တန်းတူ တူညီတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရေကို ရွေးကောက်တင်မြှောက်ရပါတယ်၊ ပုဒ်မ ၁၄၁ အရ အမျိုးသားလွှတ်တော်ကို ကိုယ်စားလှယ်ဦးရေ အများဆုံး၂၂၄ ဦးဖြင့်ဖွဲ့စည်းရမှာ ဖြစ်ပြီး တိုင်းဒေသကြီး ၇ ခု နဲ့ ပြည်နယ် ၇ ခုက ၁၂ဦးစီ ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၁၆၈ ဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားကိုယ်စားလှယ် ၅၆ဦး တို့ပါဝင်ကြပါတယ်၊

ဒီဖွဲ့စည်းမှုကို ကြည့်မယ်ဆိုရင် အမျိုးသားလွှတ်တော်မှာ ဗမာတိုင်းရင်းသားအများစုနေထိုင်ရာ တိုင်းဒေသကြီး ၇ခုက ဗမာတိုင်းရင်းသားအများစုဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈၄ ဦးရှိနေပြီး ကျန် ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ မွန်၊ ၊ ရှမ်း၊ ချင်း စတဲ့ တိုင်းရင်းသားများက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ဦးစီသာ ရွေးကောက်တင်မြှောက်ခွင့်ရှိပါတယ်၊ တပ်မတော်သားကိုယ်စားလှယ် ၅၆ယောက်မှာလဲ အများစုက ဗမာလူမျိုးများပဲ ဖြစ်တာမို့ လူမျိုးစုလွှတ်တော် (သို့မဟုတ်) အထက်လွှတ်တော်မှာ ဗမာတိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်က ၁၄၀နီးပါးရှိပြီး ကျန်တိုင်းရင်းသား လူမျိုး ၇ ခုကိုယ်စားလှယ်များထက် အဆပေါင်းများစွာ များပြားနေပါတယ်၊ ဒါ တန်းတူညီမျှမှုမဟုတ်ပါ၊ တဖက်သတ်အနိုင်ကျင့်မှုဖြစ်ပါတယ်၊

ပင်လုံစာချုပ်ကို အခြေခံပြီး ရေးဆွဲပြဋ္ဌန်းတဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ပြည်ထောင်စုလွှတ်တော်ကို လူဦးရေကို အခြေခံတဲ့ ပြည်သူ့လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးစုများကို အခြေခံတဲ့ လူမျိုးစုလွှတ်တော်များဖြင့် ဖွဲ့စည်းပါတယ်၊ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၂၅ ယောက်သတ်မှတ်ထားပြီး ရှမ်းပြည်နယ်အတွက်ကိုယ်စားလှယ် ၂၅ ဦး၊ ကချင်ပြည်နယ်အတွက်ကိုယ်စားလှယ် ၁၂ ဦး၊ ချင်းဝိသေသတိုင်းအတွက် ကိုယ်စားလှယ် ၈ဦး၊ ကရင်နီပြည်နယ်အတွက် ကိုယ်စားလှယ် ၃ဦး၊ ကရင်လူမျိုးများအတွက် ကိုယ်စားလှယ် ၂၄ဦး၊ နဲ့ မြန်မာပြည်မအပါအဝင် ကျန်ဒေသများအားလုံး (ရခိုင်၊ မွန်၊ တနင်္သာရီ အပါအဝင်) အတွက် ကိုယ်စားလှယ် ၅၃ဦး ရွေးကောက်တင်မြှောက်ဖို့ သတ်မှတ်ထားပါတယ်၊ တပ်မတော်ကိုယ်စားလှယ်များလုံးဝမပါဝင်ပါ၊

ဒီဖွဲ့စည်းမှုကို ကြည့်ရင် တိုင်းရင်းသားလူမျိုးများဟာ သက်ဆိုင်ရာ ဒေသအကျယ်အဝန်းနဲ့ လူဦးရေအလိုက် သင့်တင်လျောက်ပတ်တဲ့ ကိုယ်စားလှယ်ဦးရေကို ရွေးကောက်တင်မြှောက်ခွင့်ရှိပြီး ဗမာတိုင်ရင်းသားကိုယ်စားပြုကိုယ်စားလှယ်ဟာလဲ အလွန်အကျွံမများတာတွေ့ရပါတယ်၊ ဒီကနေ့ မြန်မာနိုင်ငံရဲ့ အမျိုးသားလွှတ်တော်မှာလဲ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှရေးမူနဲ့ ဗမာတိုင်းရင်းသားကိုယ်စားလှယ်များဦးရေကို လျှော့ချပြီး တိုင်းရင်းသားကိုယ်စားလှယ်ဦးရေကို တိုးမြှင့်ပေးသင့်ပါတယ်၊

အမေရိကန်ပြည်ထောင်စုကိုလဲ ဖက်ဒရယ် (ပြည်ထောင်စု) စနစ်နဲ့ဖွဲ့စည်းတာပါ၊ အောက်လွှတ်တော်က လူဦးရေကိုအခြေခံရွေးကောက်တင်မြှောက်ပြီး အထက်လွှတ်တော်က ပြည်နယ် ၅၀ က ကိုယ်စားလှယ် နှစ်ဦးစီနဲ့ စုစုပေါင်း ကိုယ်စားလှယ် ၁၀၀ နဲ့ ဖွဲ့စည်းပါတယ်၊ ဒါပေမည့် အမေရိကန်ပြည်ထောင်စုမှာ ကိုယ်ပိုင်တိုင်းရင်းသားလူမျိုးမရှိပါ၊ ဗြိတိသျှအင်ပါယာကြီးကို ချဲ့ထွင်ဖို့ နယ်မြေသစ်ရှာဖွေကြတဲ့ ဗြိတိသျှဘုရင်မကြီးရဲ့ သစ္စာခံတွေက အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းကလူမျိုးပေါင်းစုံရောက်ရှိနေထိုင်လို့ ဗြိတိသျှဩဇာခံ နိုင်ငံသစ်တွေတည်ထောင်ခဲ့ကြတာပါ၊ နောက်ပိုင်းမှာ  ဗြိတိသျှအင်ပါယာကို ဆန့်ကျင်ပုန်ကန်ပြီး လွတ်လပ်ရေးရခဲ့တဲ့ ပြည်နယ်တွေ စုပေါင်းဖွဲ့စည်းလို့ အမေရိကန်ပြည်ထောင်စုဆိုပြီး တည်ရှိလာတာပါ၊ အမေရိကန်လူမျိုးရယ်လို့ မရှိပါ၊ အင်္ဂလို-အမေရိကန်၊ ဂျာမန်-အမေရိကန်၊ ပြင်သစ်-အမေရိကန်၊ ချက်-အမေရိကန် စသဖြင့် သူတို့ ဘိုးဘွားဘီဘင်များရဲ့ မူလဇာတိအရင်းအမြစ်ကို မူတည်ပြီး ခေါ်ဝေါ်ကြပါတယ်၊ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ဒေသအခြေပြုပြည်နယ်များသာရှိပြီး လူမျိုးစုအခြေပြုပြည်နယ်များ မရှိပါ၊

ပြည်နယ်လွှတ်တော်များ

၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ခုမှာ တိုင်းဒေသကြီးလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်များ ဖွဲ့စည်းပေါ်ပေါက်လာပါတယ်၊ ဒီဆောင်းပါးက တိုင်းရင်းသားလူမျိုးစုများအရေးကို ရေးသားတာမို့ ပြည်နယ်ဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ပြည်နယ်လွှတ်တော်များဆိုင်ရာ ပြဋ္ဌန်းချက်များကိုပဲ ဝေဘန်သုံးသပ်ပါ့မယ်၊

၂၀၀၈ဖွဲ့စည်းပုံ ပုဒ်မ ၁၆၁ အရ ပြည်နယ်လွှတ်တော်ကို ပြည်နယ်အတွင်း မြို့နယ်များက တစ်မြို့နယ်ကို နှစ်ဦးကျစီ၊ ပြည်နယ်အတွင်းမှာပါဝင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသ (ရှိလျင်) ယင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားများအနက်မှ လူဦးရေ စုစုပေါင်း နိုင်ငံတော်လူဦးရေ၏ သုညဒဿမတစ်ရာခိုင်နှုံးနှင့်အထက်ရှိသည့် တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုးလျင် တစ်ဦးကျ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များ၊ အဆိုပါကိုယ်စားလှယ်ဦးရေ နှစ်မျိုးပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော ကာကွယ်ရေးဦးစီးချုပ်မှအမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်လို့ ပြဋ္ဌန်းထားပါတယ်၊ 

ဆိုတော့ ပြည်နယ်လွှတ်တော်တစ်ခုမှာ ပြည်နယ်တွင်းမှ တိုင်းရင်းသားကိုယ်စားလှယ်များက လေးပုံ သုံးပုံ၊ တပ်မတော်ကိုယ်စားလှယ်များက လေးပုံတစ်ပုံပါဝင်ပါတယ်၊

တိုင်းရင်းသားလူမျိုးစုများတောင်းဆိုနေကြတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ဆိုတာ သက်ဆိုင်ရာပြည်နယ်ရဲ့ ဥပဒေပြုလွှတ်တော်ကို သက်ဆိုင်ရာတိုင်းရင်းသားကိုယ်စားလှယ်များနဲ့ လွတ်လပ်စွာရွေးကောက်တင်မြှောက်ဖွဲ့စည်းပြီး ပြည်နယ်အရေးကိစ္စတွေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ ဥပဒေပြုခွင့်ဘောင်ထဲကနေ လွတ်လပ်စွာ ဥပဒေပြုပြဋ္ဌန်းခွင့်ကို ဆိုလိုတာပါ၊ အခုလို ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုံးက ပြည်နယ်လွှတ်တော်ထဲမှာ နေရာယူပြီး ပြည်နယ်လွှတ်တော်ရဲ့ ဥပဒေပြုအာဏာကို ထိန်းချုပ်ထားတာဟာ တိုင်းရင်းသားများ တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ကို ညင်းပယ်လိုက်တာပါပဲ၊

ပြည်နယ်များ၏ ဥပဒေပြုခွင့်

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နောက်ဆက်တွဲ ဇယား (၂) မှာ ပြည်နယ်လွှတ်တော်များကို အပ်နှင်းထားတဲ့ ဥပဒေပြုခွင့်တွေကို ပြဋ္ဌန်းထားပါတယ်၊ (၁) ဘဏ္ဏာရေးနှင့် စီမံကိန်း (၂) စီးပွါးရေး (၃) စိုက်ပျိုးရေးနှင့် မွေးမြူရေး (၄) စွမ်းအင်၊လျှပ်စစ်၊ သတ္တုနှင့် သစ်တော (၅) စက်မှုလက်မှု (၆) ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး (၇) လူမှုရေး နဲ့ (၈) စီမံခန့်ခွဲရေးဆိုပြီး ကဏ္ဏပေါင်း ၈ ခုခွင့်ပြုထားပါတယ်၊ အဲဒီလို ကဏ္ဏ ၈ခု၊ အကြောင်းအရာပေါင်း ၄၁ ခု ဥပဒေပြုခွင့်ပေးထားပေမည့် ပြည်နယ်လွှတ်တော်များရဲ့ ဥပဒေပြုခွင့်ဟာ အကန့်အသတ်များအတွင်းမှာသာဖြစ်တာ တွေ့ရပါတယ်၊

စီးပွါးရေးကဏ္ဏမှာ ဆိုရင်” ပြည်ထောင်စုက ပြဋ္ဌန်းသည့် ဥပဒေနှင့်အညီ ပြည်နယ်အတွင်းဆောင်ရွက်သည့် စီးပွါးရေးကိစ္စများ၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများ၊ သမဝါယမကိစ္စများ” လို့ ခွင့်ပြုထားတော့ ပြည်နယ်အနေနဲ့ ကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုခွင့်မရှိပဲ ပြည်ထောင်စုအစိုးရက ပြည်နယ်အတွင်းဆောင်ရွက်မည့် စီးပွါးရေး၊ ကူးသန်းရောင်းဝယ်ရေး နဲ့ သမဝါယမကိစ္စများကိုသာ တဆင့်ခံအကောင်အထည်ဖော်ပေးရတဲ့ အဆင့်မှာပဲရှိနေပါတယ်၊ 

စွမ်းအင်၊လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဏမှာဆိုရင်လဲ ပြည်နယ်အတွင်းမှာ ရှာဖွေ ထုတ်လုပ်နိုင်တဲ့ သတ္တုတူးဖော်ရေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး၊ သစ်ထုတ်လုပ်ရေး၊ ကျောက်မျက်ရတနာနဲ့ မြေပေါ်မြေအောက်သယံဇာတပစ္စည်းများထုတ်ဖော်ရေးအတွက် ဥပဒေပြုခွင့် မပေးထားပါ၊ 

၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ် လွှတ်တော်များရဲ့ ဥပဒေပြုခွင့်ကို ဇယား (၂) မှာဖော်ပြထားရာမှာ ထူးခြားတဲ့ ကဏ္ဏနှစ်ခုကိုတွေရပါတယ်၊ အဲဒီ ကဏ္ဏနှစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံမှာ လုံးဝမပါဝင်သလို တိုင်းရင်းသားလူမျိုးစုများရသင့်တဲ့ ဥပဒေပြုခွင့်လဲ ဖြစ်ပါတယ်၊ အဲဒီ ကဏ္ဏနှစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ နဲ့ လုံခြုံရေးရာ များဖြစ်ကြပါတယ်၊

ဆက်ရေးပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်

မတ်လ ၂၈၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အခန်းဆက်များ, အောင်ဒင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်