မီးရှုးမီးပန်းများရဲ့ အဓိပ္ပာယ် (Nyein Chan Aye)

December 24, 2013

မီးရှုးမီးပန်းများရဲ့ အဓိပ္ပာယ်

ငြိမ်းချမ်းအေး။ မိုးမခ။ ဒီဇင်ဘာ ၂၂၊ ၂၀၁၃

 

လက်ရှိနေထိုင်နေတဲ့ မြို့မှာ မီးရှုးမီးပန်းတွေ ခဏခဏ ဖောက်ကြတယ်။  တနှစ်ကို အနည်းဆုံး ဆယ်ကြိမ်လောက် ရှိမယ်။  နှစ်သစ်ကူးပွဲတွေမှာလည်း ထုံးစံအတိုင်း မီးရှုးမီးပန်းပါတာပေါ့။  ဗုဒ္ဓမွေးနေ့ဂုဏ်ပြုဆိုပြီး အရှေ့အာရှသားတွေ လုပ်တဲ့ ပွဲတော်မှာလည်း မီးရှုးမီးပန်းပါတယ်။  အကြီးကျယ်ဆုံး မီးရှုးမီးပန်းပွဲတော် တခုကိုလည်း မြို့လယ် ဖြတ်စီးနေတဲ့ မြစ်ရဲ့ ကမ်း တလျှောက်မှာ တနှစ်တခါ လုပ်တယ်။

 

အဲဒီပွဲတော်မှာဆိုရင် လေတပ် ရဲ့ တိုက်လေယာဉ်တွေ၊ တိုက်ရဟတ်ယာဉ် တွေကလည်း ညနေပိုင်းမှာ အမျိုးမျိုး ပျံသန်း စွမ်းရည်ပြကြတယ်။  ညမှောင်တော့ မီးရှုးမီးပန်းတွေ လွှတ်တယ်။  မြို့နေ ပြည်သူလူထု မျက်စိပဒဿ နာရီပိုင်းကလေး ဖြစ်စေဖို့ရာ ဒေသအစိုးရ က ငွေသန်းချီ အသုံးပြုတယ်။

 

ရောက်ခါစက စစ်တပ်တခု နားမှာ နေတယ်။  နေ့စဉ် သေနတ်သံတွေ ကြားနေရတယ်။  တညနေ တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေ က ပိုကျယ်လာတော့ “ဟ.. ဒီဆရာတွေ သေနတ်ပစ်တင် မကဘဲ အမြောက်ပစ်ပါကျင့်နေသလား” လို့ ထင်မိတယ်။  နောက်မှ မြို့လယ်က မြစ်ကမ်းမီးရှုးမီးပန်းပွဲတော် အကြောင်းကို သိရတယ်။  နောက်နှစ်တွေမှာ မီးရှုးမီးပန်းအလှကို သွားကြည့်ဖြစ်တယ်။  လူထု ကို ဗုံးမကြဲတဲ့ စစ်တပ် ရဲ့ လေတပ်ကလည်း ဝေဟင်ပျံသန်းမှု သရုပ်ပြအစွမ်းနဲ့ ဖျော်ဖြေပြတယ်။

 

တိုင်းပြည်တပြည်ရဲ့ ငြိမ်းချမ်းသာယာ၊ ဖွံ့ဖြိုးချမ်းသာမှု ကို ဆူညံသံတွေနဲ့ ပုံဖော်တယ်လို့ ဆိုရမယ်။

 

မီးရှုးမီးပန်းတွေတွေ့တိုင်း ငယ်ငယ်တုန်းက အားကစားပွဲတော် တခု ဖွင့်ပွဲညကို သတိရတယ်။ 

 

ဖွင့်ပွဲအခမ်းအနားမှာ ဆုရ ကာလာဝင်နိုင်တဲ့ အားကစား အသင်းအဖွဲ့တွေကို အုပ်ချုပ်သူ ဆရာတွေက Marching မလျှောက်ခိုင်းတတ်ဘူး။  အဲ့ဒီ အထဲမှာ ကိုယ့်အဖွဲ့ပါတော့ ဖွင့်ပွဲနေ့မှာ စင်တင်ဖျော်ဖြေပွဲ နဲ့ အက၊ အလှ တင်ဆက်မှုတွေ သာမန်ပဲ ခဏတဖြုတ် ကြည့်ပြီး အဆောင်ပြန်နားရတယ်။  ပြီးတော့ မေ့မေ့ပျောက်ပျောက်နဲ့ ညနေ မှောင်ရီပျိုး စားသောက် အပြီး ရာသီဥတုအေးအေးမှာ အခန်းအောင်း ကွေးနေကြတယ်။ 

 

အဲ့သလို နေ နေတုန်း ဒုန်းဒုန်းဒိုင်းဒိုင်း အသံတွေ မြည်ဟီးလာတယ်။  နည်းပြဆရာတွေ အပါအဝင် အားကစားသမား အားလုံး တုန်လှုပ်ခြောက်ခြားသွားပြီး ခုတင်အောင် ပြေးဝပ်ကြတယ်။  အားကစားပွဲတော် ကျင်းပရာ ပြည်နယ်မြို့တော် က တိုင်းရင်းသား ပဋိပက္ခ အဆုံးမသတ်သေးရာ အမည်းရောင် တပိုင်း၊ အညိုရောင် နယ်မြေဖြစ်နေတော့ အားလုံးစိတ်ထဲမှာ ဒေသခံ တိုင်းရင်းသား တော်လှန်ရေး တပ်တွေ မြို့ကို ဝင်စီးပြီးလို့ ထင်နေကြတာပေါ့။ 

 

နောက်မှ တယောက်က “ဒီနေ့ ဖွင့်ပွဲ မဟုတ်လား၊ မီးရှုးမီးပန်း လွှတ်တာ ဖြစ်မယ်” ဆိုတော့မှ အားလုံး ခုတင်အောက်က ထွက်ပြီး အပြင်ကို ကြည့်ဖြစ်တယ်။  နားနေဆောင် က မြို့ကို စီးမြင်နိုင်တဲ့ တောင်ကုန်းတခုပေါ်မှာဆိုတော့ ဖွင့်ပွဲကွင်းက လွှတ်နေတဲ့ မီးရှုးမီးပန်း အလှ ကို အားပါးတရ ပျော်ပျော်ပါးပါး ခံစားလိုက်ရတယ်။

 

အဲ့တုန်းက တွေးမိခဲ့တယ်..၊ ငါတို့မှာလည်း အပျော်အပါး လွှတ်တဲ့ မီးရှုးမီးပန်း အသံကိုတောင် ကြောက်နေရတဲ့ ဘဝ နဲ့ တိုင်းပြည် ပါ့လား..။

 

တိုင်းရင်းသား ပဋိပက္ခ စစ်ပွဲတွေကို လက်တွေ့ ခံစားကာ နေထိုင်ကြီးပြင်း၊ နေ့စဉ် အသက်ကို ဖြစ်အောင် ဆက် ရှင်သန် နေထိုင်ရင်း အိပ်ကောင်းခြင်း၊ စားကောင်းခြင်း မဲ့ကာ ပြည်တွင်းစစ်ပွဲဒဏ် ခံစားနေရတဲ့ တိုင်းရင်းသား လူနည်းစု ပြည်သူတွေရဲ့ ဘဝ ကို စာနာမိတယ်။  သူတို့ အတွက် ဒုန်းဒုန်းဒိုင်းဒိုင်း ဟာ နားသောတ ဆင်စရာ၊ မျက်စိ အလှ ခံစားရာ မဟုတ်ဘဲ ဘဝတွေကို ပျက်စေတဲ့၊ ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူတွေကို ဘဝထဲက ဆွဲခေါ်သွားစေတဲ့၊ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ပျက်စီးစေတဲ့ အမင်္ဂလာ သေနတ်သံ၊ အမြောက်သံ သာ ဖြစ်နေရတယ်။

 

ဆူညံသံတွေဟာ တိုင်းပြည်ရဲ့ ပြည်သူ အများစု အတွက်လည်း မင်္ဂလာ သံ မဖြစ်သေးပါဘူး။

 

ဆူညံသံကို တိုင်းပြည် ရဲ့ ငြိမ်းချမ်း သာယာမှု အဖြစ် ပုံဖော်မှုတွေ ဗမာပြည်မှာလည်း ရှိခဲ့ပါတယ်။ လွတ်လပ်ရေးခေတ်ဦး ပြည်တွင်းစစ်မီး အရှိန်တက်နေစဉ်မှာ ဖဆပလ အစိုးရဟာ မြို့တွေ၊ ရွာတွေမှာ ပွဲမိန့်တွေပေး၊ လော်စပီကာတွေကြီးကို သစ်ပင်တွေမှာ ချိတ်စေကာ ပျော်ပွဲရွှင်ပွဲတွေနဲ့ အသံကျယ်ကျယ် ပြုရင်း တိုင်းပြည် ငြိမ်းချမ်းနေကြောင်း ပုံဖော်ခဲ့တယ်။

 

ရှစ်လေးလုံးအရေးတော်ပုံကြီး အပြီး အာဏာသိမ်း နဝတ ငြိမ်ပိ စစ်အစိုးရဟာ ၁၉၉၀ တဝိုက်မှာ Open Air လေဟာပြင် စင်တင်ဖျော်ဖြေပွဲ ခွင့်ပြုမိန့်တွေ မပြတ် ချပေးရင်း ရွှေပြည်ကြီး သာယာအေးချမ်း တိုးတက်နေပြီဖြစ်ကြောင်း သရုပ်ဖော်ခဲ့တယ်။  ဒါပေမယ့် တိုင်းပြည် နဲ့ လူထုကို ဆူဆူညံညံ ပေါက်ကွဲသံ လက်နက် နဲ့သာ ငြိမ်ပိစေခဲ့တဲ့ နဝတ စစ်တပ်ဟာ လူထုကို ပျော်ရွှင်မှုပေးတဲ့ မီးရှုးမီးပန်းဗြောက်အိုး သံကိုတော့ အလာဂျီ ဖြစ် ကြောက်တတ်ပါတယ်။  မနှစ်လိုပါဘူး။

 

သီတင်းကျွတ်လို ရိုးရာဓလေ့၊ ဘာသာရေးပွဲတော်တွေမှာတောင် လူထု ခမျာ ပျော်ရွှင်မှု အတွက် ဗြောက်အိုး ဖောက်ခွင့် မရခဲ့ကြပါဘူး။  ငါတို့သာ အာဏာ အတွက် ဆူညံသံတွေ ဖောက်ခွဲ၊ ငြိမ်ပိစေမယ်၊ ပျော်ရွှင်မှု ဆူညံသံ ကိုတော့ မလုပ်ရဘူး ဆိုတဲ့ ပြည့်ဝလှတဲ့ နှလုံးသားနဲ့ စစ်အုပ်စု ဟာ တိုင်းပြည်မှာ ရှင်သန်ခဲ့တယ်။  ၁၉၉၀ တဝိုက် သူတို့ အင်တိုက်အားတိုက် ခွင့်ပြုခဲ့တဲ့ Open Air စင်မြင့်ဖျော်ဖြေပွဲတွေကိုတောင် လူစုလူဝေး ကို ကြောက်တတ်တဲ့ သူငယ်နာ ရောဂါ အခံကြောင့် နောက်ပိုင်းမှာ ပိတ်ပင်ခဲ့တယ်။

 

မီးရှုးမီးပန်းလွှတ်ခြင်းဆိုတာလည်း စစ်ဗိုလ်ချုပ်ကြီးများ ပွဲတက်ခံ နိုင်ငံတော် အခမ်းအနား တချို့ အတွက်သာ ဖြစ်ခဲ့တယ်။  ဗြောက်အိုးဖောက်ခြင်း ဆိုတာကိုတော့ တသက်လုံးကို ကြောက်နေပါတယ်။  ကြောက်တာမှ ဗြောက်အိုးဆိုရင် လေသံလေးမျှ မကြားဝံ့အောင် သူတို့ခမျာ ကြောက်ရှာတာပါ။ 

 

ကိုလေးလွင် ရဲ့ နာမည်ကြီး သီတင်းကျွတ်ပွဲတော် သီချင်းလေး နဝတ၊ နအဖ ခေတ် ပြန်ဆိုကြတော့  “ငွေစန္ဒာ.. သာချိန်ဝယ်.. ဆူညံတဲ့.. ဗြောက်အိုးသံ..” က ဆူညံတဲ့.. သီချင်းသံ..” ဖြစ်ခဲ့ရပါတယ်။  လူထု ပျှော်ရွှင်မှု ဆူညံသံ ဗြောက်အိုး အလာဂျီ က စစ်တပ် အတွက် သိပ်ကြီးပါတယ်။

 

သေနတ်သံပေးသာ အုပ်ချုပ်တတ်တဲ့ အုပ်ချုပ်သူ အာဏာပိုင် စစ်အစိုးရဟာ ပြည်သူ ရဲ့ မော်တော်ဆိုင်ကယ် exhaust pipe အသံကိုတောင် ကြောက်ရှာပါတယ်။  လူထု လေကျယ်ကျယ် လည် ရင်ကို အုပ်စိုးသူ စစ်တပ်ဟာ နေမထိ ထိုင်မသာ ဖြစ်တတ်ပါတယ်။  ကိုယ့် အကုသိုလ် နဲ့ ကိုယ် ဒုက္ခ တယ်ကြီးသကိုးလို့ပဲ ဆိုရပါမယ်။

 

ဒီလိုနဲ့ ဒုန်းဒိုင်း ဒုန်းဒိုင်း ဆူညံသံ ဟာ တိုင်းပြည်မှာ ပျော်ရွှင်ချမ်းသာမှုကို မပေးစွမ်းနိုင်ဘဲ အထိန့်တလန့် တုန်လှုပ်ဖို့ရာအတွက်ပဲ ဖြစ်ခဲ့၊ ဖြစ်နေတော့တယ်။

 

အခုလည်း ဆီးဂိမ်း ပိတ်ပွဲ ကြတ်ကုန်းတစပြင် က သူယောင်ပွဲကြီးကို မီးရှုးမီးပန်း အလှ စုံလင်စွာနဲ့ ဆင်ယင်ကျင်းပ အဆုံးသတ် ဂုဏ်တင် ပါဦးမယ်။  ဒါပေမယ့် လူထု ပျော်ရွှင်မှု မီးရှုးမီးပန်းဗြောက်အိုး ဆူညံသံကိုကြောက်တတ်တဲ့ ရောဂါအခံကတော့ မပျောက်သေးပါဘူး။  သေနတ်သံ ဆူညံမှုနဲ့သာ အုပ်ချုပ်တတ်တဲ့ အကျင့် ကလည်း မကုန်သေးပါဘူး။  တိုင်းရင်းသား လူနည်းစုတွေ ခံစားနေရတဲ့ အမြောက်ဆူညံသံတွေကလည်း မရပ်သေးပါဘူး။  အသံမဲ့နေတဲ့ လယ်မဲ့၊ယာမဲ့ နင်းပြား ပြည်သူတွေရဲ့ မီးဗုံးဒဏ်ကလည်း မကုစားနိုင်သေးပါဘူး။  သူငယ်နာဆိုတာမျိုးက စင် ခဲလှပါပေတယ်။  အမြစ်ပြတ်ခဲတယ်။

 

အမင်္ဂလာ ဆူညံသံတွေကိုသာ အမြဲမပြတ် ဖန်တီးကာ အကြောက်တရား နဲ့သာ ငြိမ်ပိစေတဲ့ အုပ်ချုပ်မှု စနစ် တိုင်းပြည်မှာ ဘယ်တော့များမှ နိဂုံးချုပ် ဆိတ်သုဉ်း ပါ့မလဲ..။

 

မင်္ဂလာ ရှိတဲ့ ဆူညံသံတွေကို တပြည်လုံး ဆူကြုံနိမ့်မြင့် လူတန်းစားအားလုံး၊ လူမျိုးစု အားလုံး ဘယ်တော့များမှ အမှန်တကယ် ခံစားရပါ့မလဲ..။

 

မီးရှုးမီးပန်း အသံကြားရင်တောင် ပြေးပုန်းနေရတဲ့ အနာတရ စိတ်အခံနဲ့ ဘဝမျိးကနေ ပြည်သူတွေ ဘယ်တော့များမှ လွတ်ရမလဲ..။

 

မီးရှုးမီးပန်းများရဲ့ အဓိပ္ပာယ် အစစ် တိုင်းပြည် ငြိမ်းချမ်းသာယာ၊ တိုးတက်ဖွံ့ဖြိုးမှုကို လူထု အများ ဘယ်တော့များမှ စံစားရပါ့မလဲ..။

 

ငြိမ်းချမ်းအေး

၂၂၊ ဒီဇင်ဘာ၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်