ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁)

December 25, 2013

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဒီဇင်ဘာ ၂၅၊ ၂၀၁၃
ဘဝထဲက မလိုချင်သော နေ့ရက်များကို နုတ်ပစ်ပါဆိုလျှင် အခုပြောမည့်နေ့ရက်များကို ပယ်ထုတ်ပစ်မည်မှာ အသေအချာ။ သို့သော်လည်း ဘယ်လိုဖျက်ဖျက် မပျက်နိုင်သော နေ့ရက်များကို ပြောပါဆိုလျှင်လည်း ယခု ပြောမည့် နေ့ရက်များကိုသာ ရွေးထုတ်ပြရတော့မည်။ ထိုရက်ကား ၁၉၉၃ ခု၏ မိုးကာလ နေ့ရက်များပင်။ ပို၍ တိတိကျကျ ဆိုရလျှင် ၉၃ သြဂုတ် (၇) ရက်၊ ဒဏ်ရာတို့၏ နိဒါန်း၊ အထီးကျန်ခြင်း၏ တံခါးဝ၊ ဤသို့ သတ်မှတ်ရမည်ဖြစ်သော အနက်ရောင်ကာလ။ အစမှဆုံး သည့် အချိန်အထိ အိပ်မောကျနေလျှင်လည်း အကောင်းသား။ အခုတော့ နိုးလျှက် အိပ်မက်ဆိုးကြီးကို မက်နေရသည်။
အခန်းထဲကို စရောက်တော့ လေးယောက်သား ရေငတ်ခဲ့ရသော ဒုက္ခကို သူ့ထက်ငါ လု၍ ဖြေရှင်းကြသည်။ ထိတ်လန့်ခဲ့ရသည့် အရှိန်မသေသေးသော်လည်း လွတ်မြောက်ခဲ့ရသော ငရဲခန်း၏ အတွေ့အကြုံထက် ပိုကောင်းမွန်နေမှုက သက်သာမှုတော့ ရရှိနေသည်။ နံဘေးအခန်းမှ အော်ဟစ်ခေါ်နေသော်လည်း လေးယောက်သား စကားပြော၍ မဝသေး။
အနားကို ရောက်လာသော ဝန်ထမ်းက “ဟေ့ ဟေ့ ခင်ဗျားတို့ကို မိတ်ဆက်နေတယ်” ဝန်ထမ်းက သံတိုင်အပြင်ကနေ လာရောက်ပြောဆိုမှ စကားကို ရပ်နားကြသည်။
နားစိုက်ကြည့်တော့ နံဘေးအခန်းများ၏ အော်သံက ဟိန်းနေသည်။
“အကိုကြီးတို့”
“ဗျို့မိတ်ဆွေများခင်ဗျာ”
“အခန်း ၇ က ဧည့်သည်များခင်ဗျား” တခန်း တမျိုးစီ အသံတွေ ထွက်နေသည်။
အကျွန်ုပ်တို့၏ ခရီးအစကို ဧည့်ဝတ်ပြုကြသော ရောက်နှင့်ပြီးသူတို့၏ ကမ်းလင့်မှုတို့ကို အစတော့ နားမလည်မိသေး၊ ရောက်စမို့ စိုးရိမ်စိတ် လွှမ်းမိုးနေသည်။ ဝန်ထမ်းကိုယ်တိုင်က ထပ်ပြီး ပြောတော့ ရွံ့စိတ်က နည်းနည်းတော့ လျှော့သွားခဲ့တာကတော့ အမှန်ပင်။
“ပြောပါခင်ဗျာ့ ကျွန်တော်တို့က ရွှေပြည်သာကပါ” လေးယောက်ထဲက အကြီးဆုံး ဦးဝင်းကြည် က အော်ဟစ် မိတ်ဆက်နေကြသော နံဘေးအခန်းမှ မိတ်ဆွေများကို အသံဖြင့်ပင် ပြန်လည် တုံ့ပြန်သည်။
“ဒီလိုပါခင်ဗျာ ကျွန်တော်တို့က ခင်ဗျားတို့လိုပဲ ဒီကိုရောက်နှင့်နေတဲ့သူတွေပါ ရဲဘော်တို့ကို ကြိုဆိုပါတယ် လိုတာကို ကျွန်တော်တို့ ဝိုင်းဝန်းကြမှာပါ ရဲဘော်တို့ မစိုးရိမ်ကြပါနဲ့” ရောက်နှင့်နေကြသူတို့၏ ကြိုဆိုမှုက နွေးထွေးလှသည်။ စိုးရိမ်စိတ်တို့ တထစ် ထပ်လျှော့လိုက်သလို ခံစားရသည်။
“ကျွန်တော်တို့လဲ ထောက်လှမ်းရေးစခန်းကို ဖြတ်သန်းဖူးသူတွေချည်းပါ ခင်ဗျာ၊ အစ ပထမတော့ ဒီလိုပဲ စိုးရိမ်တတ်ကြပါတယ်”
ရက်စက်မှုတို့ကို ဖြတ်ကျော်ခဲ့ပြီး နွေးထွေးမှုတို့ကို ရရှိလိုက်သည်။ အပူ ပြီးတော့ အအေးကို ချက်ခြင်း ရရှိလိုက်သည်။
စောင်လေးထည်ကို ယူ၍ ဝန်ထမ်းက လာပေးသည်။
“ခင်ဗျားတို့ ထမင်းစားပြီးကြပြီလား” ဝန်ထမ်းက တာဝန်အရ မေးတာလား၊ ဧည့်ဝတ်ပြု မေးတာလား ဝေခွဲရခက်သော မေးခွန်းဖြင့်  လာမေးသည်။
“မစားရသေးဘူးခင်ဗျာ့” ဦးဝင်းကြည်ကပင် ဦးဆောင် ဖြေကြားသည်။ ဝန်ထမ်းက ချက်ချင်းပင် အခန်း အားလုံးကို ရည်ညွှန်းဟန်ဖြင့် “မစားရသေးဘူး ထမင်းမစားရသေးဘူး အားလုံးကြားတယ်နော်” ရပ်ကွက်ထဲ ရွာဆော်ဟန်ဖြင့် အခန်းအားလုံးကို လှမ်း၍ အသံပေးသည်။ ဝန်ထမ်းကို လှမ်းခေါ်ကြသံ တခန်းစီမှ ထွက်လာပြန်သည်။ တခြား အခန်းများရှိ လူများကို မတွေ့ရသော်လည်း အသံကိုတော့ ကြားနေရသည်။
“ကဲ ခဏစောင့်” ဝန်ထမ်းက ပြောပြီး အခြား အခန်းများဆီ ထွက်သွားသည်။
အခြားအခန်းများမှ အသံများ ထွက်လာပြန်သည်။ “ဒီကိုဟေ့” အခန်းများဆီမှ  ထွက်လာသော အသံများ အပြင် “လာမယ် လာမယ်” ဝန်ထမ်း၏ အသံကိုပါ တဆက်တည်းကြားရပြန်သည်။ စားသောက်ဆိုင်မှ စားပွဲထိုးလိုမျိုး လူးလာတုန့်ခေါက် ပြေးလွှားရင်း အခန်းများက ပေးသော စားစရာ မျိုးစုံကို လာရောက် ပေးပို့သည်။
ဤလိုဆောင်ရွက်ရသည်ကိုပင် ဝန်ထမ်းက ကျေနပ်နေပုံရသည်။ ဝန်ထမ်းယူလာပေးသည့် အထုပ်များကို ဖွင့်ကြည့်တော့ အမဲသားကြော် လေးတုံး၊ ကြက်သားကြော်၊ ငှက်ပျောသီး၊ ကော်ဖီမစ်၊ မုန့် စသည်များကို လေးယောက်စာစီ အထုပ်ကလေးများဖြင့် ယူလာပေးသည်။ အားလုံးယူပေးပြီး အခန်းအပြင်ဘက် ရပ်ပြီး အထဲကို ကြည့်သည်။
“အကုန် မစားလိုက်နဲ့ဦး၊ ပိုတာ နောက်နေ့အတွက် ချန်ထား” အကြံပေးသလို သူက ပြောသည်။ ခဏအကြာ ဒန်ပန်းကန်ပြား လေးချပ်ကို ယူလာသည်။ ကြွပ်ကြွပ်အိပ်ဖြင့် ထည့်ထားသည့် ထမင်းများကို ယူလာပေးပြန်သည်။ ထောက်လှမ်းရေးငရဲခန်း၏ ဒဏ်ရာဒဏ်ချက်တွေက စားသောက်ချင်စိတ်တွေကို နုတ်ယူထားဆဲဖြစ်သည်။ မုန့်တချပ်၊ ငှက်ပျောသီးတလုံးသာ စားကြသည်။
“လူသစ်အကိုကြီးတို့၊ ဗျို့ လူသစ်အကိုကြီးတို့”
နံဘေးအခန်းမှ အော်ဟစ်ခေါ်သံများ ပြန်ထွက်လာပြန်သည်။ ဦးဝင်းကြည်ကပင် သံတိုင်တံခါးဝသို့ ထွက်လာသည်။
“ပြောပါခင်ဗျာ့”
ဦးဝင်းကြည် အခြားအခန်းများ၏ မေးခွန်းများကို ဖြေရန် စောင့်ဆိုင်းနေသည်။
“ဒီလိုပါခင်ဗျာ အကိုကြီးတို့အတွဲတွေများလား မသိဘူး၊ အသစ်ရောက်နှင့်နေကြတဲ့ ကျနော်တို့နေတဲ့ အခန်းများရဲ့ အနောက်ဘက်က လူသစ်တွေက မေးခိုင်းလို့ပါခင်ဗျာ”
“ဟုတ်ကဲ့ မေးပါခင်ဗျာ” ဦးဝင်းကြည်က တုံ့ပြန်ဖြေဆိုရန်အသံပြုလိုက်သည်။
“အကိုကြီးတို့ အထဲမှာ ဦးဇဝနပါလား”
“ပါ ပါတယ်ခင်ဗျာ့”
“ထွန်းထွန်းဦးကော ပါလား”
“ပါ ပါတယ်ခင်ဗျာ့” “ဒီလိုဆို ဟုတ်ပြီ၊ အကိုကြီးတို့အတွဲတွေ ရောက်နှင့်နေပြီ၊ ဦးစန္ဒောဘာသ ခေါ် ကျော်ကျော်၊ ခင်မောင်အေး၊ မောင်မောင်သန်း၊ မြင့်ထွန်း နောက်တယောက်က ကိုသိန်းအောင် ရှိသေးတယ်၊ နာမည်မေ့နေလို့” အမှုတွဲများ ရောက်နှင့်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။
“ဦးထွန်းမြင့် ပါလား” ဦးဝင်းကြည် က ပါနိုင်မည်ထင်သော လူတယောက်၏ နာမည်ကို လှမ်းမေးသည်။ ဦးဝင်းကြည်၏ အမေးကို ခဏနော် ဆိုပြီး အခြားတနေရာကို လှမ်းမေးသံ ကြားရသည်။
“ပါတယ်လို့ ပြောတယ် အကို၊ ဦးကြိုင်ရယ်၊ နောက် ရွှေညာမောင် လက်ဖက်ရည်ဆိုင်ကတဲ့ ကိုတင်လွင့်” “နောက်ထပ်မေးတယ်၊ အကိုတို့ လေးယောက်ထဲမှာ ဦးဝင်းကြည်ပါလားတဲ့” တယောက်နှင့် တယောက် အသံခြင်း ဆက်သွယ်နေချိန်တွင် အခန်းအားလုံးက ငြိမ်ပြီး နားထောင်နေကြသည်။
“ဟုတ်ကဲ့ ကျနော် ဝင်းကြည်ပါခင်ဗျာ့” “ဒါဆို ပါတယ်ပေါ့” မေးခွန်းမေးသူက “ပါတယ်ဟေ့” ဟု တဆက်တည်း လှမ်းအော်သံက ဟိန်းပြီး ထွက်လာသည်။
“အေးဗျာ ကျန်တဲ့သူတွေ မနက်မှ မေးပေးမယ်” စစ်ကြောရေးစခန်းမှ အရင် ရောက်နှင့်ကြသူများ အားလုံး ဘယ်နှယောက် ရှိနေသည်ကို မသိရသေး။ နည်းတော့ နည်းမည် မဟုတ်။ အခု သိရသလောက်ပင် ဆယ်ယောက်။ ပါနိုင်မည့်သူများကို စိတ်ကူးနှင့် တွက်ကြည့်မိသည်။ ဒီလောက်နှင့် ရပ်ဦးမည်မထင်။ အခန်းထဲ ကိုယ်နှင့်အတူ ရောက်လာသူ လေးဦးတွင်လည်း သုံးယောက်ကိုသာ သိသည်။ ကျန်တယောက်ကို မသိရသေး။
“ညီလေး ဘယ်မှာနေလဲ” မျက်နှာစိမ်း လူငယ်လေးကို မေးလိုက်တော့။
သူက ပျာပျာသလဲပင် “ကျနော် ကမာရွတ်ကပါ”
သူ ရှင်းပြနေသည်များကိုလည်း ဘာမျှမသိ။ သူပြောသည့် အကြောင်းအရာများကိုလည်း ရေရေရာရာ နားမလည်။ ငါတို့နဲ့ ဘယ်လို ပတ်သက်ပြီး အမှုတွဲရတာလဲ။ တခုခုတော့ လွဲချော်နေပြီဆိုတာကို သဘော ပေါက်မိသည်။ နောက်ကျမှပဲ သူပြောတာတွေကို သဘောပေါက်အောင် ကြိုးစားရတော့မည်။ အခုတော့ လေးယောက် ဘယ်လိုနေမည်ဆိုတာကို အထိုင်ချရဦးမည်။
အခန်းကျဉ်းထဲ လေးယောက် ဘယ်လို လှည့်သာလူးသာ ရှိမည့် အနေအထားကို စဉ်းစားကြသည်။ မိလ္လာခွက်နှင့် ဆီးခွက် ဖြစ်မည် ထင်ရသော ခွက်နှစ်ခုက ထောင့်တခုမှာ နေရာယူထားသည်။
“ဒါ ဆီးခွက်လား မသိဘူး”
“ဟုတ်တယ်”
လေးယောက်ထဲက ဗဟုသုတ အရှိဆုံး ဦးဝင်းကြည်က ဟုတ်မှန်ကြောင်း ပြောသည်။ ထိုခွက်များ ရှိသောဘက်ကို ခြေရင်းအဖြစ် ထားလိုက်သည်။ အခန်းအကျယ်က ဆယ်ပေ ဆယ့်နှစ်ပေလောက်ရှိမည်။
အခြားအခန်းများ သီချင်းဆိုသော အသံကို ကြားနေရသည်။ သီချင်းတပုဒ်ဆုံးတိုင်း ကောင်းဗျာ ဟူသော အသံက ဟိန်းပြီး ထွက်လာသည်။ တချို့အခန်းများက ကောင်းဗျာဟု မအော်ကြဘဲ ဒီးဒီးဟု အော်ကြသည်။
“သီချင်းတွေ ဆိုလို့ ပျော်နေကြတယ်” တယောက်က တီးတိုးပြောရင်း မှတ်ချက်ပြုသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ဘယ်သူမှ မလာချင်သော နေရာမှာ ပျော်နေမည်တော့ မထင်ပါ။ အရာရာကို မိမိ အတ္တနှင့် ယှဉ်တွေးကြည့်လျှင် အဖြေကတော့ နီးနီးစပ်စပ် ရနိုင်လိမ့်မည် ထင်သည်။ မိတ်ဆွေများနှင့် ဘယ်လိုမှ ခွဲနေချင်မည် မထင်ပါ။ မိသားစုနှင့် ဝေးဝေး နေချင်မည် မထင်ပါ။ လမ်းလျှောက်လို့ မရသော ဒီလိုနေရာ၌ မည်သူမှ နေချင်မည် မထင်ပါ။ နှစ်ဆယ့်လေးနာရီ ပိတ်လှောင်ခံနေရသည့် အဖြစ်ကို ဘယ်သူမှ သဘောကျမည် မထင်ပါ။ ဒီလိုဆိုလျှင် သူတို့ ဘာကြောင့် သီချင်းတွေ ဆိုနေကြသလဲ။ အနုပညာ ဆိုတာက သောကတွေကို ခဏတော့ မေ့ပြစ်အောင် လုပ်ပေးနိုင်သည်ဟု ထင်ပါသည်။ ဒီလို သီဆိုကြသူတွေ ရင်ထဲ အတိုင်းသား မြင်နေရသည်။ သီဆိုသော သီချင်းတွေကိုကြည့် မိသားစု အလွမ်း များကိုသာ ကြားနေရသည်။ ဒါကပင် အဖြေဟု ပြောရမည် မဟုတ်ပါလား။ တခြား အဖြေ တခုကော ရှိသေးလား။ လှမ်းအော်လိုက်သော အသံက အဖြေတခုကို ပေးလိုက်သည်။
“ရောက်လာကြတဲ့ ကျနော်တို့ရဲ့ မိတ်ဆွေများကို ကြိုဆိုပါတယ်”
သူတို့၏ သောကကို အသာထားလို့ ကိုယ်တွေ၏ သောကကို ဝိုင်းစဉ်းစားပေးနေခြင်းကို ကျေနပ်နေမိတော့သည်။ ဘာပဲဖြစ်ဖြစ် သီချင်းသံက သောက တချို့တဝက်ကိုတော့ နုတ်ယူပေးခဲ့ပါပြီ။
“မိတ်ဆွေများ ခဗျာ၊ ကျနော်တို့ကို သီချင်းတပုဒ်လောက် ပြန်ချီးမြှင့်ပေးပါလား ခင်ဗျာ”
လေးယောက်ထဲက တယောက်ယောက် ကတော့ ပြန်လည်၍ သီချင်းတပုဒ်တော့ ဆိုပေးရတော့မည်။ တယောက် မျက်နှာ တယောက် ကြည့်ပြီး ဘယ်သူ ဆိုမလဲဟု အသံတိတ် တိုင်ပင်နေကြသလို ရှိသည်။ ကမာရွတ်ကပါ ဟု မိတ်ဆက်ထားသော လူငယ်က “ကဲ ကျနော် ဆိုမယ်” ဟု ပြောပြီး သံတိုင်နား လာရပ်သည်။
“ဟုတ်ကဲ့ ကျနော်တို့ ညီအကိုများကို သီချင်းတပုဒ် ကျနော် ဆိုပြပါ့မယ်၊ သည်းခံပြီး နားဆင်ကြပါ ခင်ဗျာ”
ကောင်လေးက သူအသံ မကောင်းလို့ သည်းခံကြပါဟု ပန်ကြားပြီး စိုင်းထီးဆိုင်ရဲ့ အချစ်အတွက် တဖန် မွေးဖွားခဲ့ပြီကို အပီအပြင် ဆိုသွားသည်။
“အခု ဆိုသွားတဲ့သူ နာမည်က ဘာလဲခင်ဗျ” သီဆိုသူ နာမည်ကို မေးနေသည်။
သံတိုင်နားက မခွါသေးသော လူငယ်လေးက “ဟုတ်ကဲ့ ကျနော့် နာမည် ဇော်ဟန်လို့ ခေါ်ပါတယ် ခင်ဗျ”
“ကျနော်တို့ တိုက်ကို အဆိုကောင်းတဲ့သူ တယောက် ရောက်လာပါပြီ ခင်ဗျာ၊ ကဲ အကိုတို့ ဒီက အကြောင်းတွေကို မနက်ဖြန်ကျမှ ပြောကြတာပေါ့၊ ဒီညတော့ အိပ်လိုက်ပါဦး၊ ဒီမှာက သီချင်း ဆိုတတ်ဖို့လဲ လိုတယ်ဗျ၊ အားလုံး ဂွတ်နိုက်ပါ၊ ဂွတ်နိုက်” ဟူသော အသံများ အခန်းများဆီမှ အသီးသီး ထွက်လာသည်။
“အခန်းခွန်က အသစ်အကိုကြီးတွေ ဂွတ်နိုက်” “ဂွတ်နိုက်” လေးယောက်သား ပြိုင်တူ အော် လိုက်ကြသည်။
သီချင်းဆိုသံတွေ တိတ်သွားသော်လည်း တီးတိုး စကားပြောသံများကတော့ အခန်းတိုင်းမှ ထွက်ပေါ် နေဆဲ ဖြစ်သည်။ ထိုစဉ် ရုတ်တရက် စကားသံများ တပြိုင်နက် တိတ်သွားကြသည်။
“ခင်ဗျားတို့ စည်းကမ်းကို နားမလည်ဘူးလား၊ အိပ်ချိန်ဆို အိပ်”
အားလုံးကို ရည်ရွယ်ဟန် တူသော လေသံဖြင့် ပြောနေသည်။ အသံကတော့ အတော် မောက်မာဟန် ရှိသည်။ အခန်းများရှေ့ လျှောက်လာသော ခြေသံကို ကြားနေရသည်။ လှမ်းလာသော ခြေသံ ရပ်သွား သည်။ အနီးကပ် စကားပြောလိုက်သော အသံကြောင့် မျက်လုံးကို ဖွင့်ပြီး အပြင်ကို လှမ်းကြည့်လိုက် သည်။
“ညနေက ရောက်လာတဲ့ လူသစ်တွေပါ ဆရာ” အထဲမှ လူများ မအိပ်သေးတာကို တွေ့သဖြင့် စကားပြောရန် ဟန်ပြင်သည်။
“ခင်ဗျားတို့က ထောင်နဲ့ မဆိုင်သေးဘူး၊ ထောက်လှမ်းရေး လက်ထဲမှာပဲ ရှိသေးတယ်၊ ဒီတော့ ကိစ္စတိုင်း ကျုပ်တို့ လုပ်ပေးလို့ မရဘူး၊ စည်းကမ်းနဲ့တော့ နေပေါ့ဗျာ ဟုတ်လား၊ စည်းကမ်း ပျက်ရင် စည်းကမ်း ရှိလာအောင် လုပ်တဲ့နည်းတွေ ကျုပ်တို့မှာ အများကြီး ရှိတယ်”
သူ့စကားက ခြိမ်းခြောက်တာလား၊ တာဝန်အရ ပြောတာလား မသေချာလှ၊ တာဝန်အရ ပြောတာ ဆိုလျှင် သူတို့ တာဝန်က အတော် ရက်စက်မည့် တာဝန် ဖြစ်ပေလိမ့်မည်။
အခြေအနေက အခုန မိနစ်ပိုင်းလေးက အနေအထားနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားသည်။
သံတိုင်တွေ အထဲ ပိတ်လှောင် ခံထားရသော သူများ၏ စိတ်ဓာတ်ပိုင်း အခြေအနေက တမျိုး၊ သံတိုင် အပြင်ဘက်နေသူ၏ စိတ်ဓာတ်အခြေအနေက တမျိုးကို သူတို့၏ ဆက်ဆံပုံက ညွှန်းပြနေပါပြီ။
သံတိုင်အတွင်းက သီချင်းဆိုပြီး ကြိုဆိုသူတွေရော၊ သံတိုင် အပြင်က ရင့်ရင့်သီးသီး လာပြောနေသူရော အားလုံး မြန်မာလူမျိုးချည်း ဖြစ်ကြသည်။ မြန်မာလူမျိုး ရောက်နှင့်နေကြသူတွေက မြန်မာ လူမျိုး နောက်မှ ရောက်လာကြသူတွေကို ကြိုဆိုပုံ ကွာခြားလှပါသည်။ ဝန်ထမ်းမို့ ဒီလို ဆက်ဆံတာဟု ပြောချင် ပြောကြပါမည်။ တာဝန်ထက် ပိုသော ဆက်ဆံရေးက အထင်သား။ ဗူးဝတွင် စတင် တွေ့ခဲ့ရသော ဝန်ထမ်းက အခုလူထက် ရာထူး ပိုမြင့်တာက အသေအချာ။ သို့သော် ထိုအရာရှိက အခုလို မဆက်ဆံခဲ့။
ဘာမှ မပြောဘဲ လေးယောက်သား ငြိမ်နေလိုက်ကြသည်။ အခြေအနေမှန်ကို သူတို့ ထွက်သွားပြီး မိနစ်ပိုင်းမှာပဲ သိလိုက်ရသည်။ နောက်မှ လိုက်လာသော ဝန်ထမ်းက ထိုအရာရှိ ဖြစ်ဟန်တူသူကို လိုက်ပို့ပြီး ပြန်လာသည်။
“ရစ်တဲ့ အရာရှိက ရစ်တာပဲ”
အခြား အခန်းများမှ ပစ္စည်း ယူပေးသော ဝန်ထမ်း ပြန်လာပြီး အခုန ဆက်ဆံသွားသော အရာရှိကို ရည်ရွယ်သည့် စကားကို စတင် ပြောသည်။ ဝန်ထမ်းတိုင်း တသဘောတည်း မဖြစ်နိုင်။ လူကြည့် ဆက်ဆံရမည်ကို အခြေအနေက စတင် သင်ကြားနေပါပြီ။ ယခု ဝန်ထမ်းလေးကျတော့လည်း အကောင်းသား။ သည်လို လူများလည်း ရှိရဦးမည်လေ။
အိပ်ချိန် ဆိုလျှင် အားလုံး တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားမည်ဟု ထင်ခဲ့သည်။ မကြာမှီ ပေါ်ထွက်လာ သော အသံများကြောင့် မှန်းဆချက် လုံးဝ လွဲချော်သွားခဲ့သည်။
“ကိုး ဆယ့်တစ် ဘာယာ နှစ်ဆောင် တစ်ခန်း အိပ်ဆောင်ပိတ် လူပေါင်း (၉၇) ယောက် သံတိုင် သံဇကာ လုံခြုံစွာဖြင့် အားလုံးကောင်းပါတယ် ဆရာကြီး”
နံဘေးမှ အိပ်ပျော်ဟန် မတူသေးသော ကောင်လေးကို
“ကောင်လေး မင်းနာမည် ဇော်ဟန်နော်”
“ဟုတ်ကဲ့ခင်ဗျာ့”
“ဘာတွေ အော်နေတာလဲ မသိဘူး၊ အပေါ်ထပ်ကလေ”
“ကျနော်လဲ မသိဘူး” ထိုအော်သံမျိုး အခြား အဆောင်များဆီမှလည်း လွင့်ထွက်လာသည်။
“ဘာယာ ဆိုတာ ဘာလဲ မသိဘူးနော်”
“အင်း”
“ငါက ဘာယာတော့ မသိဘူး၊ ဘယာကြော်ပဲ သိတယ်”
“ဟာ အကိုက နောက်နေပြန်ပြီ”
“နောက်တာတော့ မဟုတ်ဘူးပေါ့ကွာ၊ လျှောက်တွေးနေရင် သောက က ဆုံးမှာ မဟုတ်တော့ဘူး၊ ရယ်စရာ ကြံဖန်တော့ စိတ်ထဲတော့ နည်းနည်း ပေါ့တာပေါ့”
ကောင်လေးက စကားမပြန်ဘဲ ငြိမ်နေသည်။ သူ့အတွေးနှင့်သူ ရှိစေရန် ဘာမှ ထပ်မပြောဘဲ ကိုယ်လဲ လိုက်ပြီး ငြိမ်နေပေးလိုက်သည်။ ထောင်ထဲ ရောက်ရောက်ချင်း စတင် မိတ်ဆက်လိုက်သော ဝေါဟာရ အသစ်ကို စဉ်းစားနေမိသည်။ ဘာယာ၊ သူ့ရဲ့ ဆိုလိုချက်ကို ဖော်မရ။ အထက်မှ အော်သံများအပြင် ဆယ့်ငါးမိနစ်လျှင် တကြိမ်ခန့် သံချောင်းခေါက်သံကို မှန်မှန် ကြားနေရသည်။ ထောက်လှမ်းရေး စခန်း တွင် ဝအောင် မသောက်ခဲ့ရသော ရေကို အတိုးချ သောက်ထားကြ၍ အကျိုးဆက် အဖြစ် ခြေရင်းတွင် ထားသော ဆီးခွက် ပြည့်လျှံနေသည်။ တခါတခါ ညဥ့်ငှက်တို့ အော်သံကို ကြားနေရသည်။ အပြင်ဘက်မှ ဖြတ်လျှောက်သွားကြသော ခြေသံ တို့က မကြာခဏ ပေါ်လာသေးသည်။ နံဘေးမှ အိပ်နေသူ သုံးဦးမှာလဲ လူးကာလဲကာဖြင့် ညကို ကြိုးစား ဖြတ်သန်းနေကြသည်။
(ဆက်ပါဦးမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments