fbpx

ကွန်ကရစ်တောထဲက သားကောင် ၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၂)

December 27, 2013

အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) 

ဒီဇင်ဘာ ၂၇၊ ၂၀၁၃

ဘဝမှာ ရောက်ရမည်ဟု ဘယ်တုန်းကမှ တွေးထင်မထားသော အရပ်၊ ဤအရပ် ဤဒေသကို လူတွေက လောကငရဲဟု သတ်မှတ်ထားကြသည်။ အသိမိတ်ဆွေများနှင့် ဝေးကွာနေရသည်။ လုပ်ငန်းအားလုံး ရပ်တန့်ထားလိုက်ရပြီ။ နှစ်ဘယ်လောက် ကြာကြာ ဝေးရမည် မသိသေး။ ဒါတွေကို တွေးမိလျှင် တော်တော် ကြေကွဲစရာကောင်းနေသည်။ ငရဲမီးက ဘယ်လောက်ပူသည် မသိ။ သောကမီးကတော့ ရင်ထဲကို အတော် လောင်မြိုက်နေသည်။ ဤအတွေးတွေနှင့် တဆက်တည်း ငါတို့ အနစ်နာခံနေရတာ ကိုယ်ကျိုးစီးပွားအတွက် နည်းနည်းလေးမှ မပါ။

 

ပွဲပြီးလျင် အားလုံး ပျော်စရာတွေ ထွေးပိုက်ရမည်။ အားလုံးအတွက် ခံပေးရတာ ကျေနပ်စရာပဲ ဖြစ်သည်။ အများအကျိုး ဆောင်ရွက်ရခြင်းဟာ ဘုရားအလောင်းတွေ လုပ်ခဲ့သော အလုပ်။ သည်အတွေးတွေ ဝင်လာပြန်တော့ အပူတွေက အရောင်ပြောင်းသလို ရှိသည်။ အများအကျိုး ရွက်ဆောင်ရာမှာ လိုအပ်လျှင် အသက်ပါ ပေးပြီး လုပ်ဆောင်ကြတာပဲ။ သည်အတွေးက ကိုယ့်ရဲ့ စွန့်လွှတ်မှုကို အားမလို အားမရ ဖြစ်ရသည်။ ကိုယ်လုပ်ခဲ့တာအပေါ် ကျေနပ်စိတ် ဝင်လာပြန်တော့ သောကတို့ ထွက်ပြေးကုန်သည်။

 

ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဘာသာရေးကို နည်းပေးလမ်းပြ လုပ်ခဲ့ရတာတွေက သောကတို့ကို အောင်မြင်စွာ အနိုင်ယူနည်းတွေသာ ဖြစ်သည်။ သည်နည်းတွေ ဒီမှာ လက်တွေ့ အသုံးချဖို့ အကောင်းဆုံးအခါ ဖြစ်သည်။ စိတ်ထဲက အမည်းအညစ်တွေကို ဖြူအောင်လုပ်ဖို့ နောက် အပူတွေကို အေးအောင်လုပ်ဖို့ စစ်ကြောရေးစခန်းမှာ ကြိုးစားကြည့်ဖူးသည်။ အနီးမှာ အပူက အဆက်မပြတ်၊ ခြိမ်းခြောက်မှု တရစပ်၊သည်ကြားထဲတွင် စိတ်ကို တနေရာတည်း အထိုင်ချ၍ မရခဲ့။ ကိုယ့်စကားတခွန်းက အခြားတစ်ယောက်ကို ဒုက္ခထဲ ဆွဲသွင်းသလို မဖြစ်စေလို။ ယောက်ယက်ခတ်နေအောင် တွေးနေရမှုကြောင့် ဘယ်သမာဓိကိုမှ ထူထောင်၍ မရ။ အလွတ်ရနေသော ပါဠိစာသားမို့ စိတ်က တခြား ရောက်နေသော်လည်း နှုတ်က တန်းအောင် ရွတ်မိလျက်သား။ အရွတ်ကအသားလောက်မကောင်းဟူသော ဆုံးမစကားက စေ့ဆော် သတိပေးနေပေမဲ့ ရွတ်ဆိုနေမှုက ရပ်တန့်၍ မရ။ ဒီတော့ သမာဓိကလည်း စိတ်ထဲကို ရောက်မလာ။ စိတ်ယောက်ယက်ခတ်သလို လူကပါ ထိုင်လိုက် ထလိုက် ဖြစ်နေသည်။

 

အခုတော့ စစ်ကြောရေးစခန်းကို လွန်မြောက်ခဲ့ပြီ။ သမာဓိကို ထူထောင်လျှင် ရနိုင်လောက်ပြီ။ သမာဓိကလည်း အပူကို လျောကျအောင် လုပ်ပေးနိုင်သည် မဟုတ်လား။ ကြိုးစားကြည့်ပါသည်။ နှာသီးဖျားကို အာရုံစိုက်ပြီး ထွက်လေ ဝင်လေကို သတိမပြတ် ရအောင် မှတ်နေလိုက်သည်။ ဘယ်လိုပင် မှတ်သော်လည်း ပြီးခဲ့သည့်ရက်က ခေါင်းအစွပ်ခံရပြီး ရင့်သီးသော အသုံးအနှုန်းတွေဖြင့် မေးမြန်းသံတွေက နားထဲ ဝင်လာသလို အကန်ခံရသော ဖြစ်ရပ်က ပေါ်လာပြန်သည်။ စိတ်ထဲ အကန်ခံရပုံကို အတွေးဝင်ခိုက် ထိုနေ့က အဖြစ်သည် ယခု ခံရသလို နာကျင်လာပြန်သည်။ တရား ရှုမှတ်မည်လုပ်ခါမှ သောကက စိတ်ကို အနိုင်ယူနေပြန်ပါသည်။ နေ့နှင့်ည ခွဲခြားမရသော အချိန်များကို တောက်ခေါက်သံဖြင့် ထိုးချေလိုက်မိပြန်ပါသည်။

 

မှောင်မည်းနေသော အခန်းထဲ ရောက်သည်နှင့် သံဗုဒ္ဓေကို ရနိုင်သမျှ များများ ရွတ်လိုက်သည်။ နေ့ဖြစ်ဖြစ် ညဖြစ်ဖြစ် ကိုယ့်အတွက် အရေးမကြီး။ အရေးကြီးတာက အိပ်ရေးဝဖို့။ အိပ်ရေး ဝနေလျှင် ဂါထာရွတ်။မောသွားလျှင် ပြန်အိပ်။ လာခေါ်ထုတ်တော့ အစော်ကား အနှိပ်စက်ခံ။ နှစ်ပတ်နီးပါး နေခဲ့ရသော အဖြစ်တို့က သေရွာပါမည့် စိတ်ဒဏ်ရာတို့အဖြစ် နှလုံးသားမှာ နေရာယူမှာက အသေအချာ။

ယခုတော့ တရားဓမ္မက သောကနှင့် ဒေါသထုကို မထိုးဖောက်နိုင်သေး။ သာမန် မေ့မေ့ ပျောက်ပျောက် နေလျှင် ပေါ်မလာသော်လည်း စိတ်ကို စုစည်းဖို့ စတင်လိုက်သည်နှင့် ထွက်ပေါ်လာသော စိတ်ရုပ်ပုံတွေက မကျေနပ်ချက်နှင့်၊ ဒေါသ သောက တို့ကိုသာ ကြီးထွားစေသည်။ မကျေနပ်ချက်တွေက များနေတော့ ကျေနပ်စရာလေး တခုကို မေ့သလို ဖြစ်နေသည်။ ငရဲခန်းကာလများ အတွင်းက ကယ်တင်လိုက်ရသော နှစ်သိမ့်စရာလေး အဖြစ် ကောင်းမှုလေးတခုကို လုပ်လိုက်နိုင်သည်။

 

ထိုအချိန်က လူးလာတုံ့ခေါက် လမ်းလျှောက်နေသော အချိန်ဖြစ်သည်။ နံဘေးအခန်းသို့ လူသစ်တယောက်ကို လာထည့်သည်။အပြင်ဘက်က လူသံ၊ လမ်းလျှောက်သံ ပျောက်သွားချိန်တွင် နံရံနားကို ကပ်လိုက်သည်။ လက်သည်းဖြင့် နံရံပျဉ်ကို ကုတ်ခြစ်လိုက်သည်။ နံဘေးမှ လမ်းလျှောက်သံ ရုတ်တရက် ရပ်သွားသည်။ ဆက်ပြီး နံရံကို ထပ်ကုတ်ခြစ်သည်။ နံရံနားသို့ တိုးကပ်လာသော ခြေသံကို ကြားနေရသည်။ ကိုယ်နှင့်သူ နံရံတချပ်သာ ခြားတော့သည်။ ထပ်ပြီးနံရံကို ခြစ်လိုက်ပြန်သည်။ အခြားတဖက်မှ တွေးတောနေဟန်တူသည်။ သုံးကြိမ်မြောက် နံရံကိုခြစ်အပြီး သူ၏ တကြိမ် တုံ့ပြန်မှုကို ရလိုက်သည်။ ဟနေသော ပျဉ်ချပ်လေးမှနေ၍“ဘယ်သူလဲ” အရဲစွန့်ပြီး မေးလိုက်သည်။ ထောက်လှမ်းရေးက ထောင်ထားတာဆိုလျှင် သွားပြီ။ ထောက်လှမ်းရေး၏ မျှားချက်ခွင်ထဲ တိုးဝင်သလိုသာ ဖြစ်ခဲ့လျှင်တော့ ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်သည်။ တဖက်မှလည်း ချိန်ဆနေပုံရသည်။ ဘာမှ ပြန်မဖြေ။ သူ စိုးရိမ်တာ ဖြစ်နိုင်တာပဲ။ အကြံတခုက ခေါင်းထဲဝင်လာသည်။ လုပ်နေကျ အလုပ်မို့ ပြဿနာမရှိ။

 

“ယဿာ နုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ၊ ယဥှိစေဝါ နုယုဉ္ဇန္တောရတ္တိန္ဒိဝ မတန္ဒိတော”

 

အသံကို မြှင့်၍ ပရိတ်ကို ရွတ်လိုက်သည်။ တပိုင်းတစနှင့် ရပ်ထား၍မဖြစ်။ အားလုံး ပြီးဆုံးအောင် ဆက်ရွတ်သည်။ ညနေတိုင်း ရွတ်နေကြ။ လာမေးလျှင် ဘုန်းကြီးပဲ ဘုန်းကြီး အလုပ်လုပ်တာဟု ပြန်ဖြေမည်။ ရွတ်ပြီးတော့ ခဏနားသည်။ နောက်အပြင်ကို အကဲခတ်၊ ခြေသံနားထောင်၊ အနေအထား ကောင်း၊ မကောင်း ကြည့်၊ ပြီးတော့ ခုန နေရာကို ပြန်ကပ်သည်။ လက်သည်းနှင့် ပျဉ်ကိုခြစ်သည်။ တဖက်ခန်းမှ ချက်ချင်း တုံ့ပြန်သံ ထွက်လာသည်။

 

“ဘုန်းကြီး တပည့်တော်ဟန်မျိုးအောင်” အတွေးမှန်သွားသည်။ ကိုယ်နှင့် ပတ်သက်သူသာ ဖြစ်ခဲ့လျှင် ပိတ်သင့်တာ ပိတ်၊ ကွယ်သင့်တာ ကွယ်ရအောင်၊ သူကလည်း နပ်သည်။ အသံကို နှိမ့်ထားသည်။

 

“ဟေ့ကောင် ငါ မင်းနဲ့ပတ်သက်တာ ဘာမှပြောမထားဘူး၊ မင်းအကြောင်း ငါ့ကိုမေးတုန်းက ဒီကောင် ကျုပ်ဆီ လူဝင်များနေတာကို လုံးဝ သဘောမကျဘူး၊ ဒီကောင် နိုင်ငံရေး ဝါသနာမပါဘူးလို့ ပြောထားတယ်”

 

သူ့ဆီက အင်းဟု အသံပြုသံ တိုးတိုးကို ကြားရသည်။

 

“မင်းကိုမေးရင် ကျုပ်အကြောင်း ဦးဇဝန အသိဆုံးလို့သာ ဖြေ ကြားလား၊ ဒီကောင် နိုင်ငံရေးဝါသနာ မပါဘူးလို့ ပြောထားတယ်၊ ဦးဇဝန လုပ်တာ ကျနော် ဘာမှမသိဘူးလို့သာ ပြော”

 

ညနေက လှမ်းအော်ပြောသော လူစာရင်းတွင် ဟန်မျိုးအောင် နာမည် ပါမလာခဲ့။ ဒီကောင် ပြန်လွတ်ဖို့က ကိုးဆယ်ရာနှုန်း သေချာနေသည်။ ကိုယ်အဖမ်းခံရသော်လည်း လူတယောက်ကို လွတ်အောင် ကူညီလိုက်နိုင်ပြီ ဆိုတာက ကျေနပ်စရာ။ သူနှင့် ပတ်သတ်သော မေးခွန်းများ တက်မလာခဲ့ခြင်းက စိတ်အေးစရာ။ သံသယရှိတိုင်း မေးခွန်းတွေ ထပ်တလဲလဲ တက်လာတတ်သည်။ညနေက ပြောသော စာရင်းပါသူများနှင့် ပတ်သက်ပြီး ထပ်ခါ ထပ်ခါ အမေးခံရသည်။ လူတယောက်နှင့် ပတ်သက်ပြီး ကျေနပ်စရာ လုပ်ခဲ့တာတွေသည် ကိုယ့်ကြောင့် အခြားတယောက် ဒုက္ခရောက်ပြီလား၊ရောက်အောင် လုပ်သလိုများ ဖြစ်သွားသလား ဆိုသော နောက်ထပ်ဝင်သည့် အတွေးကြောင့် ကျေနပ်ခြင်းတို့ စိတ်ထဲက ခုန်ဆင်းသွားကြပြန်ပါပြီ။ ထိုသူက အခြားဝေးဝေးမှ မဟုတ်။ တခန်းထဲမှာပင် ရှိသော ဦးဝင်းကြည်။

 

ဦးဝင်းကြည်ကို ကြည့်မိတိုင်း စိတ်မကောင်းဖြစ်ရသည်။ ထောက်လှမ်းရေး စဖမ်းပြီး သုံးရက်မြောက်ညက အဖြစ်။ စိတ်ထဲသို့ မဖိတ်ခေါ်ဘဲ နောက်ကြောင်းပြန် စိတ်ခလုတ်ကို အလိုလိုဖွင့်ရက်သား ဖြစ်နေသည်။ဒါကတော့ ဦးဝင်းကြည်၏ စကားကို ယုံကြည်ခဲ့တာက အဓိက အခြေခံသည်။ သူက စကားတွေ အများကြီး ပြောခဲ့သည်။ အလုပ်တွေလည်း အများကြီးလုပ်ခဲ့သည်။

 

သူပြောသော စကားက “တပည့်တော်ကို ဖမ်းမယ် ဆိုတာ နာရီဝက်ပဲ ကြိုသိ မမိစေရဘူး”

 

စာအုပ်နီဟု နိုင်ငံရေးသမားတွေ ကြားထဲ နာမည်ကြီးသော နာမည်ကျော် အမှုကြီးတွင် သူမိနစ်ပိုင်းလေး ကြိုသိ၍ လွတ်ခဲ့ရပုံကို ပြောပြခဲ့ဖူးသည်။ စတင်စစ်ဆေးသည့် အချိန်မှ အချိန်တိုင်း မေးနေသူ တစ်ဦး။သူနှင့်ကိုယ်ကလည်း လုပ်ငန်းများစွာကို အတူ လုပ်ခဲ့၊ သွားခဲ့၊ သိခဲ့ကြသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ယူဇိုယိုကိုတာ လာရောက်သည့် ၁၉၉၂ ခု ဒီဇင်ဘာလ (၅) ရက်နေ့က အဖြစ်အပျက်။သည်ကိစ္စကိုသာ ထောက်လှမ်းရေးက ထပ်ခါမေးသည်။

 

“ကျုပ်တို့ သိနေပါတယ်ဗျာ၊ ကဲ ဘောင်ဒရီလမ်းထဲက ဝင်သွားရတယ်၊ သံရုံးတခုရဲ့ ဝင်းထဲမှာ တွေ့ကြတယ်၊ ခင်ဗျားနှုတ်က အတည်ပြုစကား လိုချင်လို့ မေးနေတာ” အားလုံးကို အသေးစိတ်နီးပါး သိနေသည်။အခြားသူတစ်ဦးကို မထိခိုက်မည့် စကားများကို ရွေးချယ်သည်။ အကြံတစ်ခုက ခေါင်းထဲ ဝင်လာသည်။ ထိုအကြံမှန်သည်ဟု ကိုယ့်ဘာသာ ဆုံးဖြတ်သည်။

 

“ကျုပ်တို့နဲ့အတူ ဒကာတစ်ယောက် ပါတယ်ဗျာ” သူတို့လိုချင်သည့် စကား ကြားရတော့မည်။ စစ်နေသည့်သူ ကျေနပ်သွားဟန် ရှိသည်။

 

“ဟုတ်ပြီ ပြော”

 

“သူ့နာမည်က ဦးမြဟန်”

 

ဘယ်မှာ နေလဲ၊ ဘာအလုပ်လုပ်လဲ”

 

ဒီအကြောင်းအရာကို ထိမ်ချန်ထားရန် စိတ်ကူးမရှိ။ စစ်နေသူ သဘောပေါက်ဖို့ ဘယ်လို ဆက်ပြောရလျှင် ကောင်းမလဲ၊ စကားလုံးတွေ ရွေးသည်။

 

“သူက ရွှေပြည်သာကပဲ၊ ဘယ်နား နေတယ်ဆိုတာကို ကျုပ်မသိဘူး၊ ဒါပေမဲ့ သူ့အလုပ်ကတော့ ကြံတော သင်္ချိုင်းမှာ ဖိုမင်လုပ်တယ်၊ သူ့ဆီက အချက်အလက်ကိုပဲ စိတ်ဝင်တစား ယူသွားတယ်” နားထောင်သူ ကျေနပ်ပြီး ဒီအကြောင်းအရာထဲ နာရီတော်တော်ကြာ နစ်ဝင်နေဖို့သာ စိတ်ကူးသည်။ အဖြစ်အပျက်အားလုံး အသေးစိတ် ဆိုတာထက် ပို၍ ဇာတ်လမ်းလှပလာအောင် တန်ဆာဆင်ဖို့ လိုလာပြီ။

“သူက စာရွက်စာတမ်းတွေလဲ အများကြီး ပေးလိုက်နိုင်တယ်”

 

စစ်နေသူဆီက လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရသည်။ ရှေ့ဆက်ဖို့ စကားလုံးရွေးနေတုန်းမှာပဲ

 

“သူ ပေးလိုက်တာ ဘာတွေလို့ထင်လဲ” အနည်းငယ် စဉ်းစားဟန်ပြုပြီး

 

“စာရင်းဇယားတွေပဲ မူရင်းတော့ မဟုတ်ဘူး၊ မိတ္တူတွေ”

တဖက်မှ တုံ့ပြန်မှုကို စောင့်ရင်း ခဏ စဉ်းစားဟန်ဖြင့် ရပ်လိုက်သည်။

 

“ပြောတဲ့ စကားကိုကော ပြောပြနိုင်မလား၊ အဲဒီလူပြောတာ မှတ်မိသမျှ အကုန်ပြော”

 

ပြောသည့် စကားတွေထဲမှာ အမှားမပါ၊ အမှန်တွေသာ။ စာရွက် တစ်ရွက်လောက်ကို စာရွက်တွေဟု သုံးလိုက်တာကလေးက စစ်မေးနေသူ ပိုစိတ်ဝင်စားလာစေရန် ရည်ရွယ်သည်။ယခု ရည်ရွယ်ချက် အောင်မြင်နေပြီထင်သည်။ မမေးစေလိုသော မေးခွန်းအတွက် ဒီဘက်ကဇာတ်လမ်း လှပနေမှ။ နောက်ကျ ရောက်စေလိုသော အဆောက်အအုံထဲ အချိန်လင့်မှ ရောက်စေရန် သူ့ထက် ပိုကောင်းသော အဆောက်အအုံကို တံခါးဖွင့်ပေးထားမှ ဖြစ်မည်။

 

“သူပြောတာတွေက တော်တော် များတယ်၊ စစ်တပ်က အာဏာသိမ်းပြီး နောက် ညနေ ငါးနာရီ ကနေမနက်လေးနာရီအထိ လူသေ အလောင်းတွေကို လာမီးရှို့ခိုင်းလို့ သူကိုယ်တိုင် လုပ်ပေးရတာတွေကို အဓိကပြောတယ်”

 

စစ်တပ်၊ သတင်းစာ၊ ရေဒီယိုတွေက (၁၈) ယောက်တည်း သေတာဟု ထပ်တလဲလဲပြောနေချိန်။ ဗိုလ်ချုပ်စောမောင်ကိုယ်တိုင် ပြောနေသည်က ထိုအတိုင်း။ဗိုလ်စောမောင်ပြီးနောက် လူတွေ၏သေစာရင်းကလည်း သည်အတိုင်း။ သည်အချက်အလက် အားလုံး စစ်အာဏာရှင်တွေ အတွက် နားဝင်ချိုစရာမရှိ။ သည်သတင်းက ထောက်လှမ်းရေးတွေ၏ သိချင်စိတ်ကို နှိုးဆွပေးမည်ဟု တွက်ပြီးသား။ ကိုယ်က ကျွမ်းကျင်၍တော့မဟုတ်။ အခြားမေးခွန်းတစ်ခုသို့ အချိန်နောက်ကျမှ ရောက်ရှိရေးသည်သာ ကိုယ်၏ ဖြစ်စေချင်သည့်ဆန္ဒ။ သည်ဖြေဆိုချက်များသည် နာရီဝက်ထက် ပိုလွန်သော အချိန် ဆိုတာထက် တရက်လောက်အထိမေးခွန်းတွေတရစပ် လာစေချင်သည်။ ဖြစ်နိုင်လျှင် နောက်ထပ်မေးခွန်း တစ်ခုဆီသို့ လုံးဝမရောက်စေချင်၊ ဤမေးခွန်းဖြင့်သာ ကိစ္စပြီးစေချင်နေမိသည်။

 

“အဲ့ဒီလူလိပ်စာကို ခင်ဗျား တကယ်မသိတာလား”

 

သူ့လေသံက အနည်းငယ် ထန်သလို ရှိလာသည်။ အကြောင်းအရာပါ ဇာတ်လိုက်ကို သူတို့ တကယ်လိုချင်၊ သိချင်နေတာ ဖြစ်နိုင်သည်။

 

“ခင်ဗျား ကူလီကူမာတော့ မလုပ်နဲ့” စကားလေသံထန်လာသလို ခေါင်းကို စွပ်ထားသော ခေါင်းစွပ်ကို ဆွဲကိုင် လှုပ်ရမ်းခြင်းကို ခံလိုက်ရသည်။

 

“ခင်ဗျားတို့ကို နာမည်ကော၊ အလုပ်ကော ကျုပ်သိသမျှ ဘာမှချန်မထားဘူး၊ ပြောပြထားပြီပဲ၊ ဟုတ်၊ မဟုတ် သိရအောင် ခင်ဗျားတို့အတွက် အလွယ်လေး၊ ကျုပ် ညာရင်လဲ ပေါ်နေလောက်ပြီ”

 

မေးခွန်းမေးသူ ထပြီး အပြင်သို့ ထွက်သွားသည့် ခြေသံ၊ လှုပ်ရှားသံတွေကို ကြားနေရသည်။ တစ်ယောက်တည်း ကျန်နေခဲ့ပြီ။

 

အတွေးနှင့်သာ နပန်းလုံးနေရသည်။ ငါရွေးပြီး အသေးစိတ် ဖြေကြားနေမှုသည် အားလုံးအတွက် အကောင်းဆုံးသော လုပ်ဆောင်ချက် ဖြစ်သည်ဆိုတာ ကိုယ့်ဘာသာ သိနေသည်။ပြောသင့်၊ မပြောသင့် ဆိုတာထက် အန္တရာယ် အကင်းရှင်းဆုံးကို ရွေးချယ်လိုက်တာဟု ကိုယ့်ဘာသာ သဘောကျနေသည်။ နောက် တနာရီလောက် အကြာမှာ မေးခွန်းမေးသူ လူသစ်တစ်ဦး ဝင်လာပြန်သည်။ မေးပြီးမေးခွန်းကိုသာ ထပ်ခါထပ်ခါ လာမေးနေသည်။

 

“အဲ့ဒီလူက ဘယ်လို ပုံသဏ္ဍာန်ရှိလဲ” သေချာစွာ ပုံစံကို ပြောပြသည်။ တိကျစေရန် ဂရုတစိုက်ကို ပြောသည်။ သည်လိုနှင့် တယောက် ထွက်သွားပြန်သည်။

 

အခန်းထဲ တစ်ယောက်တည်း၊ အိပ်စက်ခြင်းကို ထိုင်လျှက်အိပ်တတ်အောင် လေ့ကျင့်ခဲ့ရ အကောင်းသား။ ခုတော့ မိုးလင်းနေလောက်ပြီ၊ တမှေး တငိုက်မှ မရသေး။ ခပ်လှမ်းလှမ်းမှ ကားသံများကို ကြားနေရသည်။နဂို တိတ်ဆိတ်နေရာမှ ကားသံကြားလာရခြင်းမှာ မိုးလင်းလာပြီ ဆိုသည့်သဘော။ အနီးအနားက ဖြစ်ဟန်တူသော ဘုရားဆီမှ အသံချဲ့စက်ဖြင့် အလှုခံသံ ထွက်လာပြန်သည်။ ဒီကို မျက်နှာ ခေါင်းစွပ်ပြီး ခေါ်လာစဉ်က ဘယ်နေရာ ရောက်နေတာလဲဟု အဖန်ဖန် တွေးကြည့်ဖူးသည်။ အခု ရှာနေသော ထိုအဖြေ ရလောက်ပြီဟု ထင်သည်။

(ဆက်ပါဦးမည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)