Than Win Hlaing – U Ne Win 2

November 4, 2013

 အာဏာရှင် ဗိုလ်နေဝင်း၏ ဇာတ်သိမ်းခန်း – အပိုင်း (၂)
ဗိုလ်နေဝင်းငယ်ဘဝ
သန်းဝင်းလှိုင်၊ နိုဝင်ဘာ ၅၊ ၂၀၁၃
မွေးရပ်ဇာတိ
ဦးနေဝင်းကို ၁၉၁ဝ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ပြည်ခရိုင် ပေါင်းတလည်မြို့နယ် ချောင်းကောင်းရွာ၌ ဖွားမြင်ခဲ့သည်။မွေးချင်း ၇ ဦးရှိသည်။ သို့သော် ၁၉၁၇ အောက်တိုဘာလတွင် ဖွားမြင်သော သခင်လှထွန်းနှင့် ၁၉၂၇၊ ဧပြီ ၂၂ တွင် ဖွားမြင်သော ဦးသိန်းညွှန့် (ကိုညီလေး) တို့သာ အဖတ်တင်ခဲ့သည်။ ကျန် ညီမ ၂ ယောက် နှင့် ညီ ၂ ယောက်မှာ ငယ်စဉ်က ဆုံးသွားခဲ့ကြသည်။ ဦးနေဝင်း၏ မွေးသက္ကရာဇ်ကို Who’s Who in Burma စာအုပ်နှင့် ဒေါက်တာမောင်မောင် ရေးသားခဲ့သော “မြန်မာနိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်း” စာအုပ် စာမျက်နှာ ၆၉ ၌ ၁၉၁၁ ခုနှစ်၊ မေလ ၂၄ ရက်ဟူ၍ ဖော်ပြထားသလို၊ ဗိုလ်မှူး ချစ်ကောင်း ပြုစုသော နိုင်ငံရေး အဘိဓာန်စာအုပ်၌ ၁၉၁၁ မေ ၂၁ ပြည် ခရိုင် ပေါင်းတလည်မြို့တွင် ဖွားမြင်သည်ဟု ဖော်ပြထားသည်။ ပဉ္စမအကြိမ်ပါတီညီလာခံ (၁၉၈၅) ဗဟိုကော်မတီဝင်လောင်းများ၏ ကိုယ်ရေးမှတ်တမ်း အကျဉ်းချုပ်၌ ၁၉၁၁ ခုနှစ် မေလ ၁၄ ရက် တနင်္ဂနွေနေ့ဟူ၍ ဖော်ပြထားသည်။ သမိုင်းသုတေသနဦးစီးဌာနမှ ထုတ်ဝေသော မြန်မာ့ရက်စဉ် သမိုင်းစာအုပ်၌ ဦးနေဝင်း၏ မွေးသက္ကရာဇ်ကို လုံးဝဖော်ပြထားခြင်း မပြုခဲ့ပေ။ ဦးနေဝင်း ကွယ်လွန်ပြီး သုံးရက်အကြာ ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌ အစိုးရပိုင်သတင်းစာများ နားရေးကြေငြာတွင် ၁၉၁၁ မေလ ၂၄ ရက် ဟူ၍ပင် ဖော်ပြထားသည်။ သို့သော် ဦးနေဝင်း၏ ဇာတာအမြဲတမ်း စစ်ဆေးပေးသော ဝေဒပညာရှင် ဒေါက်တာဖေဥာဏ်က “အဆိုပါ ခုနှစ်များမှာ မမှန်ဟုဆိုပြီး ၁၉၁ဝ ပြည့်နှစ် ဇူလိုင်လ ၆ ရက် ဗုဒ္ဓဟူးနေ့ကိုသာ အမှန်ဖြစ်သည်” ဟု ပြောပြခဲ့ဖူးပါသည်။
ထို့အပြင် မြန်မာနိုင်ငံ စစ်အစိုးရလက်ထက် အဆက်ဆက်မှ ထုတ်ဝေသော စာအုပ်များ၌ ဦးနေဝင်း၏ မိဘအမည်ကို အဖဦးဖိုးခ၊ အမိဒေါ်မိလေး ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင် ဟု ဖော်ပြရသော်လည်း ဦးဖိုးခမှာ တရုတ်ပြည် ကွမ်တုံဒေသမှ ဟပ်ကလူမျိုးဖြစ်ပြီး ဝက်ကုန်သည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီးနှင့် ဗဟိုတရားရုံးချုပ် ရှေ့နေကြီး နိုင်ငံဂုဏ်ရည် (ပထမဆင့်) ရ မွန်ဦးဖိုးချိုက စာရေးသူအား ပြောပြဖူးသည်။ ဦးနေဝင်း၏မိခင် ဒေါ်မိလေးကို ခင်ပွန်းဖြစ်သူက ပေါင်းတလည်ကျေးရွာ၊ တောင်ဘက် မိုင်ဝက်ခန့်တွင် ရှိသော အောင်သွယ်မရှာ ခေါ် ကျောင်းစုရွာ အိုးအိမ်ထူထောင်ပေးသည်။ သားဦးကို မွေးဖွားသော အိမ်သည် ယခုမရှိတော့ပြီ။ အိမ်နေရာ၊ ပန္နက်နှင့် ဆူးချုံဖုံးသော ပေပင်ငုတ်တိုသာ ကျန်သည်။ အောင်သွယ်မရှာရွာမှ အိမ်ထောင်စုများသည် မောင်ရှုမောင်တို့ ခပ်ငယ်ငယ်ကပင် ပေါင်းတလည်သို့ ရွှေ့ကြသည်။ ဦးဖိုးခ၊ ဒေါ်မိလေးတို့လည်းရွှေ့ပြောင်းရာတွင်ပါသည်ဟူ၍ဒေါက်တာမောင်မောင်၏မြန်မာ့နိုင်ငံရေးခရီးနှင့် ဗိုလ်ချုပ်ကြီး နေဝင်း စာအုပ်၌ဖော်ပြထားသည်။ ထို့ပြင် ယင်းစာအုပ် စာမျက်နှာ (၄၃၇) ၌ပင် –
“ဒီတော့ ကျွန်တော် တစ်ခုပဲ ပြောချင်တယ်၊ ကြုံတုန်းကို ကျွန်တော် ဖိုးဖီ၊ ကျွန်တော် မှတ်မိသလောက်ပေါ့၊ သုံးဆယ် လေးဆယ် ရှိအောင်၊ ကျွန်တော်တို့မှာ နိုင်ငံခြားသွေး တသွေးမှ မပါပါဘူး။ ဟုတ်လား။ အဲဒီတော့ ဒီသွေးပါတယ် မပါဘူးဆိုတာဟာ ဗမာအယူအဆ၊ ဗမာအတွေးအခေါ်။ ဒါကလေး ကျွန်တော်နည်းနည်း ပြောပြချင်တယ်။ ဒီဗမာလည်း နတ်တင်တယ်။ တရုတ်လည်း နတ်တင်တယ်၊ ဟုတ်လား။ အဲဒီတော့ ဗမာတင်တဲ့နတ်နဲ့ တရုတ်တင်တဲ့နတ်နဲ့ တူသလားဗျ။ သူတို့က ကျစ်ဆံနီတို့ ဘာတို့ပေါ့။ ကျွန်တော် သိသလောက် ဒီပြင် ဘာတွေ မသိတာတွေ ရှိပါတယ်။ ကျွန်တော်တို့တတွေဟာ ကျွန်တော် မိဖ ဘိုးဘွား ဒီတလိုင်းနတ်၊ သူတို့ပြောတာပါပဲ။ ဒါဘယ်လောက်မှန်သလဲတော့ မပြောတတ်ဘူး။ တလိုင်းနတ်ထဲတောင်မှ ခပ်ညံ့ညံ့ပါဗျာ။ ငါးရံ့ နဖားကြိုးထိုးတဲ့ နတ်။ အဲဒါ ငါးရံ့နာဖားကြိုးထိုးပြီး တင်ရတယ်။ နတ်တင်တဲ့ အမျိုး ဘယ့်နှယ်လုပ်ပြီး တရုတ်ဖြစ်မလဲဗျ။ အဲဒီတော့ ငါးရံ့နဖားကြိုးထိုးပြီး နတ်တင်တာလဲ တို့တော့ မတင်တော့ဘူး။ အဲဒါ ကျွန်တော်က သားအကြီးဆုံး။ ကျွန်တော်တို့ မျိုးရိုးအစဉ်အဆက်မှာ ကျွန်တော်တို့ လုပ်ရတယ်။ ဒါပေမဲ့ မလုပ်ဖူးဘူး။ အဲဒါ မလုပ်တော့လဲ ဘာမှမဖြစ်ဘူးခင်ဗျာ့။ တစ်ခါ ဒါတင်မဟုတ်သေးဘူး။ ကျွန်တော်တို့ မိဖ၊ ဘိုးဘွားပေါ့လေ။ သူတို့သင်္ချိုင်းကို ဘယ်တော့မှ ရှာလို့မတွေ့ဘူး။ ဒါတွေ ကျွန်တော့်အဖေပြောဖူးတယ်။ ဘာဖြစ်လို့ ရှာလို့ မတွေ့သလဲဆိုရင် ကျွန်တော့်အဖေက ပြောတယ်။ ကျွန်တော်တို့ အဘွားဆုံးတဲ့အခါ ကျတော့ ကျွန်တော်တို့အဘွားကိုလည်း ကျွန်တော်တို့က အင်မတန်ချစ်တော့ ဂူကလေး ဘာကလေး သွင်းရအောင် သူများတတွေ ဂူသွင်းတာကို မြင်တာကိုး။ ဒီတော့ အဖေက မလုပ်ပါနဲ့ သားရယ်တဲ့။ မင်း ဒီဂူသွင်းတဲ့အခါကျရင် ဒီဂူကြီးဟာ အမှတ်တရကြီး ဖြစ်နေတော့ ဒီသင်္ချိုင်းဆိုတာလည်း လူသေတိုင်း လိုက်လိုက်ပို့တာကွတဲ့။ ဒီဂူကိုမြင်ရင် ငိုယိုပူဆွေး ဒုက္ခရောက်မယ်။ ကျန်ရစ်ခဲ့တဲ့ လူတွေမှာ အကြောင်းမဲ့ ဒုက္ခရောက်တယ်။ အကြောင်းမဲ့ ဆွေးရတယ်။ အဲဒီတော့ ဒီအပုပ်ကောင်ကြီးဟာ သေပြီး ဘာမှ လုပ်လို့လဲရတာ မဟုတ်ဘူး။ ဒါပျောက်သွားရင် အကောင်းဆုံးပဲတဲ့။
အဲဒီတော့ ဘာမှဂူတွေ ဘာတွေ မလုပ်နဲ့။ ဒီမြေထဲမှာတွင်မြုပ်၊ ကျွန်တော်တို့ တော ဆိုတာကလည်း သင်္ချိုင်းဆိုတာက ကျဉ်းကျဉ်းကလေးရယ်၊ ကျယ်ကျယ်ထားလို့ မရဘူး။ ဒီပြင်ဟာသာ လှူလို့ရတယ်။ သင်္ချိုင်းဆိုတာ သွားလှူလို့ မရဘူး။ သင်္ချိုင်းလှူရင် သေပါစေ ဆုတောင်းတာနဲ့ အတူတူဖြစ်တယ်ဆိုပြီး ဘယ်သူမှ မလှူဘူး။ အဲဒီတော့ သင်္ချိုင်း သေးသေးကလေးမှာဆိုတော့ ဒီအလောင်းကောင်ဟာ အပေါ်က ထပ်မြုပ်၊ ထပ်မြုပ်တာနဲ့ အကုန်ပျောက်သွားတာပဲ” ဟူ၍ ရေးသားထားလေသည်။
ဗိုလ်နေဝင်း၏ဦးလေးဝမ်းကွဲတော်စပ်သောဦးမောင်မောင်းလေးပြောပြချက်ကိုကိုးကား၍ဆောင်းပါးရှင်ညဏ်သာဆိုသူကNorthern          Star    Journal(၂ဝ၁၃ ဧပြီ ၃ရက်ထုတ်)၌ “ဗိုလ်ချုပ်ကြီးနေဝင်း အားသမိုင်း ခြေရာခံကြည့်ခြင်း“ခေါင်စဉ်ဖြင့်ဤသို့ ရေးသားထားလေသည်။ဦးမောင်မောင်အေးက မိမိတို့၏ အဘိုးသည် ပြည်သားမဟုတ်ကြောင်း အင်းဝမှ ထွက်ပြေးလာသော မင်းညီမင်းသား တစ်ပါးဖြစ်ကြောင်း၊ မိမိဘေးဒေါ်ပိုဆိုသူနှင့် အကြောင်းပါပြီး ဘကြီးဦးပန်းငုံ၊ ကြီးတော်ဒေါ်ရွေး၊ မိခင်နန်းရေးနှင့် ဦးလေး ဦးစံရာ ဆိုသော သားသမီးလေးယောက် ထွန်းကားခဲ့ကြောင်း အိမ်မှ အပြီးတိုင် ပျောက်သွားခဲ့ကြောင်း သူ့နာမည်ရင်း မင်းမျိုးညွှန့်ဟု ခေါ်ကြောင်း ဒေါ်ပိုတို့ကတော့ အင်းဝရွှေမြို့တော်မှ လာသူဖြစ်၍ ကိုမြို့ဟု ခေါ်ကြောင်း စသည်တို့ကို သူ၏ ကြီးတော် ဒေါ်ရွေးထံမှ ကြားရချက်ကို ပြောပြပါသည်။
ဦးပန်းငုံဆိုသည်မှာ ဦးနေဝင်း၏ အဘိုး၊ မိခင် ဒေါ်မိလေး၏ ဖခင်ဖြစ်ပြီး ဒေါ်ရွေးဆိုသည်မှာ ပါတီဌာနချုပ်မှ ဗိုလ်မှူးကြီး သိန်းငွေ၏ မိခင်ဒေါ်စိန်ညွှန့်၏ အမေဖြစ်ကြောင်းနှင့် ဒေါ်နန်းရေး ဆိုသူမှာ ယင်းအကြောင်းကို အစဖော်ပြပေးသော ဦးမောင်မောင်အေး၏ မိခင်ဖြစ်ကြောင်း ပြောပြပါသည်။
ဦးမျိုးညွှန့်နှင့် ဒေါ်ပိုတို့သည် ပေါင်းတလည် တောင်ဘက် မိုင်ဝက်ခန့်ရှိသော အောင်သွယ်မရှာခေါ် ကျောင်းစုရွာ၌ အကြောင်းပါနေထိုင်ခဲ့ပြီး သားဦးသာရန်၊ ဦးပန်းငုံ (ဒေါ်မိလေး၏ ဖခင်)တို့ ဖွားမြင်ခဲ့ကြောင်း အဘိုးဖြစ်သူ မင်းမျိုးညွှန့်သည် ဘိုးတော်မင်းတရားကြီး၏ သားတော်အိမ်ရှေ့မင်း ဦးပေါ်နှင့် အလောင်းမင်းတရားကြီး၏ ရဲဘော် (၆) ကျိပ်ဝင် (အမှန်မှာ ၆၈ ယောက် ဖြစ်သည်) ဗိုလ်တွန်ခေါ် မင်းခေါင်နော်ရထာ၏ သမီးရှင်ရွှေလုံးတို့ အကြောင်းပါရာမှ သမီးမြတောင်မင်းသမီး ထွန်းကားခဲ့ကြောင်း မြတောင်မင်းသမီးသည် လက်ယာဝင်းမှူး ဗိုလ်ဆံရှည်နှင့် အကြောင်းပါ၍ ဖွားမြင်ခဲ့ကြောင်း သားတော်တစ်ပါး ဖြစ်ကြောင်း၊ သူ့အထက်အကိုနှင့် အမများမှာ မင်းမြတ်စိုး၊ မင်းမြတ်လှ၊ မင်းမျိုးထွန်းတို့ဖြစ်ပြီး အငယ်ဆုံးသားတော်ဖြစ်ကြောင်း ရေးသားထားလေသည်။
မြန်မာ့သမိုင်းဝင်အဖွဲ့ဝင် ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)သည် ရန်ကင်း သူ့တိုက်ခန်း၌ စာရေးသူအား ပုရပိုဒ် အစောင်စောင်မှ ထုတ်နုတ်ထားသော သူ့ကိုယ်ပိုင်မှတ်စု တစ်ခုအား ပေးဖတ်ရာ အမှတ်မထင် မုဆိုးချုံဗိုလ် ဗိုလ်တွန်မှ ဦးနေဝင်းဆင်းသက်လာ ဆွေစဉ်မျိုးဆက်ဇယားကို တွေ့ရှိခဲ့ရပါသည်။ စာရေးသူ ကူးယူထားသော ဆွေစဉ်မျိုးဆက်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။ –

 မြတောင်မင်းသမီး ခေါ်မင်းမြရိုး+ ဗိုလ်ဆံရှည် (လက်ယာဝင်းမှူး)ဆင်းသက်ခဲ့သူများမှာ-

(၁) မင်းမြတ်စိုး (သုစန္ဒာဝတီ)
(၂) မင်းမြတ်လှ (သုကေသာဝတီ)
(၃) မင်းမျိုးထွန်း (အောက်ပြည်ရှောင်ခွာ)
(၄) မင်းမျိုးညွှန့် (အောက်ပြည်ရှောင်ခွာ)

          ဦးညိုမြ၏ ကုန်းဘောင်ရှာပုံတော် စာအုပ်၌ ဗိုလ်တွန်နှင့် ပတ်သက်၍ ဤသို့ ဖော်ပြထားသည်။
အင်းဝမြို့ကို မွန်တို့လက်မှ ပြန်သိမ်းပြီးချိန်၌ ရဲဘော် ၁၃ ဦး ကျဆုံးပြီ ဖြစ်သည်။ ကျန်ရှိသူများအနက် ရဲစွမ်းသတ္တိကြောင့် ထိပ်တန်းတက်လာသူများကား –
(၁) ဦးကောင်း       – သေနတ်ဝန်
(၂) ဦးတွန်           – မုဆိုးချုံဗိုလ်
(၃) ဦးသာ            – မဟာသီဟသူရ
(၄) ဦးနှောင်း         – မဟာစည်သူ
(၅) ဦးလွင်           – ဗလမင်းထင်
အထူးသဖြင့် (၁) ဦးကောင်း ၊(၂) ဦးတွန်၊ (၃) ဦးသာတို့မှာ ထိပ်တန်းရဲဘော်ကြီးများ ဖြစ်သည်။ ဤသုံးဦးတို့မှာ စွမ်းပကား ပြည့်စုံလှသဖြင့် သားတော်နှစ်ပါး (မောင်လောက်နှင့် မောင်ရွ) တို့နှင့် တန်းတူ စစ်ရေးစစ်ရာ အခွင့်အရေးများ ပေးသနားတော်မူခဲ့သည်။
မြန်မာပြည်တဝန်း တိုက်ပွဲများတွင် သူတို့ပါဝင်သည်ချည်းသာ ဖြစ်၏။ မဟာသေနာပတိအဖြစ် အမြင့်ဆုံး မြှောက်စားခြင်း ခံရသူ ဦးကောင်းကား သံလျင်တိုက်ပွဲ၌ ကျဆုံးသည်။ ဦးတွန်ခေါ် မင်းခေါင်နော်ရထာကား ယိုးဒယားသို့ ချီရာတွင် အလောင်းမင်းတရား၏ ညာလက်ရုံးပင်။ ဦးသာကား ဆင်ဖြူရှင်မင်းလက်ထက်တွင် ဗိုလ်ချုပ်မဟာသီဟသူရဘွဲ့ဖြင့် တရုတ်စစ်ပွဲများကို အကြိမ်ကြိမ် အနိုင်တိုက်သူ ဖြစ်သည်။ သူတို့ကား တိုင်းပြည်ထူထောင်ဘက် ရဲဘော်ကြီးများအဖြစ် ဆွေတော်မျိုးတော်များထက် မြင့်မားသော အဆင့်တွင် ရှိခဲ့ကြသည်။
ဦးအောင်ဇေယျ၏ အနွယ်တော်တို့နှင့် ရဲဘော် ၆ ကျိပ်ဝင်တို့၏ သားသမီးများ ရေစက်ဆုံကြသည်လည်း ရှိ၏။ ဗဒုံမင်းသား (မောင်ဝိုင်း)၏ သား ရွှေတောင်မြို့စား အိမ်ရှေ့မင်းနှင့် ဦးတွန်၏ သမီး မယ်ရွှေဂုဏ်တို့ ညားကြရာမှ မြတောင်မင်းသမီးကို ဖွားမြင်သည်။ သူကား မိတဆိုး စကြာမင်းသားလေး၏ မွေးစား မိခင် ဖြစ်၏။
၁၁၈၄ ခုနှစ်၌ စတင်ဖွဲ့စည်းသော ရဲဘော် ၆ ကျိပ်ဝင်၌ ပါဝင်ခဲ့သော ဦးတွန်သည် ခင်ဦးစား ငချစ်ညိုကို အောင်မြင်သော် “သီရိရွှေတောင်” ဘွဲ့ရသည်။ နောက် မင်းလှရွှေတောင်၊ အင်းဝကို အောင်နိုင်သောအခါ “မင်းလှမင်းခေါင်” ဘွဲ့နှင့် ဝန်ကြီး ဖြစ်သည်။ ထို့နောက် မင်းခေါင်နော်ရထာ၊ မုဆိုးချုံဗိုလ် ဖြစ်လာသည် ဟူ၍ ဖော်ပြထားသည်။
ဦးနေဝင်း၏ငယ်အမည်မှာရှုမောင်ဖြစ်သည်။ ငယ်မည်ရှုမောင်ကိုလည်း ဒေါက်တာမောင်မောင်စာအုပ်၌ သားဦးကို ချစ်၍လည်း မဆုံး၊ မော်၍လည်း မဆုံး ဖခင်မိခင်တို့၏ မျက်ရှု ဟူသော အဓိပ္ပာယ်ဖြင့် ရှုမောင် ဟု ခေါ်ဝေါ်ခြင်းဟု ရေးသားထားသော် ဦးဖိုးခက ၎င်း၏ သားကို ရုပ်ရည်သန့်ပြန့်သည် ဟူသော တရုတ်ဝေါဟာရဖြင့် ရှု ထည့်ကာ ရှုမောင်ဟု မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 
ကျောင်းသား ဘဝ
          ထို့နောက် မောင်ရှုမောင်သည် ရွာမှ ၈ မိုင်ကျော်ခန့်ဝေးသော ပေါင်းတလည်မြို့ မြန်မာစာသင်ကျောင်း၊ ပြည်မြို့အမျိုးသားအထက်တန်းကျောင်း၊ ပြည်မြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် ဆယ်တန်းအောင်ခဲ့သည်။ ၁၉၂၉-၃၁ တွင် ရန်ကုန်တက္ကသိုလ် ဆက်လက်ပညာသင်ကြားခဲ့ရာ ၁၉၃၁ ခုနှစ်တွင် ဥပစာသိပ္ပံ (ခ) တန်း စာမေးပွ္ပဲ၌ ပါဏဗေဒ (ယခုဇီဝဗေဒ) ဘာသာရပ်တွင် ကျရှုံးခဲ့သဖြင့်  ကျောင်းထွက်ခဲ့ရသည်ဟု ဆိုသည်။ ယင်းနှင့် ပတ်သက်၍ ဒေါက်တာမောင်မောင်က အိုးဝေ၏ ရွှေရတုသဘင် လက်ရွေးစင် ဆောင်းပါးများစာအုပ်၌ ဗိုလ်ချုပ်နေ၀င်း၏ ကောလိပ်ကျောင်းသားဘ၀ ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း ရေးသားထားလေသည်။
          မိဘဆွေမျိုးများအားလုံး၏ အားပေးမှုဖြင့် ၁၉၂၉ ဇွန်လတွင် ကိုရှုမောင်တစ်ယောက် ရန်ကုန်တက္ကသိုလ်သို့  ဆေးပညာကို ဦးတည်၍ ရောက်သည်။ သူ၏ အခြေခံသည် ကောင်းခဲ့၏။ ဆေးပညာကို မြန်မာကျောင်းသားများ မလိုက်စားကြ။ ထို့ကြောင့် ဥပစာသိပ္ပံကို ပါဏဗေဒနှင့် အောင်ပြီးလျှင် ဆေးကောလိပ်ဝင်ရန် ခက်ခဲဖွယ်မရှိဟု ထင်ရလေသည်။
          ထိုခေတ်က အိုင်စီအက်၊ ဘီစီအက် ရာထူးများ ခေတ်စားသည်။ အရေးပိုင်၊ ၀န်ထောက်၊ မြို့အုပ်တို့ ဂုဏ်ရှိသည်။ သို့ရာတွင် ထိုရာထူးများကို ကိုရှုမောင် မမက်မော၊ မိဘများကလည်း မတောင့်တ၊ ကျောင်းနေဖက် ဦးလေးတော်သူကိုမောင်ညီ (နောင် သခင်ညီ) ကလည်း မတိုက်တွန်း၊ မိခင်၏ မောင်များ ဖြစ်ကြသော ဦးချစ်ခိုင်၊ ကိုချစ်လှိုင်တို့ကလည်း မတိုက်တွန်း၊ ဆေးကောလိပ်သွား၍ ဒေါက်တာဖြစ်သောအခါ ကိုယ့်မြို့နယ်ရပ်ရွာတွင် ဆေးကု၍ အများအကျိုးကို ပြနိုင်သည်။ ဒေါက်တာဆို၍ အခြားဘာသာရပ်များတွင် “ပါရဂူ” ခေါ်သော ပီအိပ်ခ်ျဒီ (Ph.D)၊ အယ်အယ်ဒီ (LL.D) ဒေါက်တာမျိုးလည်း မဖြစ်လို၊ ယင်းပါရဂူများသည် နှာစေး၊ချောင်းဆိုးကိုပင် ကုသနိုင်သည် မဟုတ်၊ စာအုပ်ကြီးကြီးတွေ ဖတ်ပြီးလျှင် ပြဿနာသေးသေး နယ်ကျဉ်းကျဉ်းတွင် ပုံကြီးချဲ့ခြင်း ပညာပြခြင်းသာ လုပ်တတ်ကြသည်။
          ကိုရှုမောင်သည် စနစ်တကျနေသည်။ အတန်းမှန်မှန်တက်သည်။ အချိန်ကို စာဖတ်ချိန်၊ ဘောလုံး၊ ဟော်ကီကစားချိန်၊ လည်ပတ်ချိန် စသည်ဖြင့် ခွဲဝေပိုင်းခြား၍ သုံးစွဲသည်။ စူးစမ်းလေ့လာတတ်သောသူ ဥာဉ်နှင့်ပို၍ ကျယ်ဝန်းလာသော သူ့ဘ၀ စပ်ဟပ်မိသည်။ သူသည် ခေတ်ဆန်၍လည်း ကြည့်သည်။ အင်္ဂလိပ်စာကို အထူးလေ့လာသည်။ နေ့စဉ်မှတ်တမ်းရေးလျှင် အင်္ဂလိပ်လိုရေးသည်။ ဂိုးစမစ်စသော စာရေးဆရာတို့၏ စာပေ၀တ္ထုများကို ကြိုက်သည်။ တစ်ဖတ်တွင်လည်း မြန်မာစာ၊ မြန်မာမှုကို အထူးသဘောကျ လိုက်စားသည်။ ဆရာလင်း၊ ဆရာပွားစသော ပညာရှင်ကြီးများကို ဆည်းကပ်သည်။ မြန်မာ့တေးဂီတကို နားတွေ့သည်။ ခေတ်စမ်းကဗျာကို တီထွင်နေသော ဦးသိန်းဟန် (ဇော်ဂျီ)၊ ဦးဝန် (မင်းသုဝဏ်) တို့၏ ကဗျာများကို ဖတ်သည်။
          ကိုရှုမောင်တစ်ယောက်လည်း သူ့လမ်းသူ မှန်မှန်ချီတက်လျက် ရှိခဲ့သည်။ ပါဏဗေဒ ပါမောက္ခ မက်ဂစ် (Prof.F.G.Meggilt) ကလည်း တစ်ဒုက္ခ၊ မက်ဂစ်က မြန်မာကျောင်းသားများကို နှိမ်ချင်သည်။ ဆေးကောလိပ်ရောက်ဖို့ ပါဏဗေဒအောင်မှ ဖြစ်သည်။ မက်ဂစ်ကို ရှောင်ကွင်း၍ ကောလိပ်သို့ မရောက်နိုင်။
          ၁၉၃၁ ခုနှစ်၊ မတ်လတွင် ကိုရှုမောင်ဥပစာသိပ္ပံနောက်ဆုံးနှစ် စာမေးပွဲများကို ဖြေဆိုသည်။ မက်ဂစ်ဒဏ်ကို ခံရ၍ ပါဏဗေဒတွင် ကျသည်။ တက္ကသိုလ်သို့ ပြန်၍ မသွားလိုပြီ။ တက္ကသိုလ်နယ်မြေ၊ ဟိုဘက်တွင် ကမ္ဘာကြီး ခပ်ကျယ်ကျယ်နှင့် ဆွဲငင်အား အပြည့်ရှိသော နိုင်ငံရေးနယ် ရှိသည်။ ထိုကမ္ဘာ၊ ထိုနယ်တို့ ခေါ်ရာသို့ ကိုရှုမောင် လိုက်ပါသွားလေသည် ဟူ၍ဖေါ်ပြထားလေသည်။
          အမှန်မှာ ပါဏဗေဒဘာသာရပ်၌ စာမေးပွဲကျ၍ ကျောင်းထွက်ခဲ့ရသည် မဟုတ်ပါ။ ကမာရွတ်မြို့နယ်မှ မိန်းကလေးတစ်ဦးကို ယောက်ျားလေးကဲ့သို့ ဝတ်ဆင်စေ၍ သူ့အဆောင်တွင် ခေါ်အိပ်ရာ တစ်နေ့တွင် သက်ဆိုင်ရာမှ သိရှိသွားပြီးနောက်တွင် တက္ကသိုလ် ကျောင်းအုပ်ကြီးက ကျောင်းထုတ်လိုက်ခြင်း ဖြစ်သည်ဟု သိမှီလိုက်သူများက ပြောပြကြပါသည်။
စာတိုက်ဝန်ထမ်းဘဝ
          ယင်းနောက် ၁၉၃၁ ခုနှစ် မေလတွင် ကိုရှုမောင်သည် ရန်ကုန်မြို့ ၃၅ လမ်းတွင် သူငယ်ချင်းများနှင့် အခန်းဌား၍ မီးရထားစာတိုက်ဌာနတွင် ငါးလကျော် ခြောက်လနီးပါး ၀င်ရောက်လုပ်ကိုင် ခဲ့သည်။ ၎င်းမှထွက်ပြီး တစ်နှစ်ကျော်ကျော်ကြာသောအခါ ၁၉၃၄ တွင် ဗဟန်းစာတိုက်တွင် တစ်နှစ်ခွဲကျော်ကျော် ၊ ၁၉၃၆ ခုနှစ်အထိ အမှုထမ်းခဲ့သည်။ စာတိုက်တွင် အမှုထမ်းနေစဉ်မှာပင်  ဦးလေးဖြစ်သူ သခင်ညီကို အကြောင်းပြု၍ တို့ဗမာအစည်းအရုံးဝင် သခင်ဗစိန် ၊ သခင်ထွန်းအုပ်၊ သခင်အောင်သန်း (နောင် ဗိုလ်စကြာ) တို့နှင့် ရင်းနှီးခင်မင်ရာမှ တို့ဗမာအစည်းအရုံးဝင်ခဲ့ရာ သခင်ရှုမောင် ဖြစ်လာသည်။
          ထို့နောက် ပထမအိမ်ထောင် ဒေါ်သန်းညွှန့်နှင့် လက်ထပ်၍ သားတစ်ယောက် မောင်ကျော်သိန်း (တာတီး) ရသည်။ ဒေါ်သန်းညွှန့်သည် အပျိုမဟုတ် တစ်ခုလတ်ဖြစ်ပြီး ပထမအိမ်ထောင်နှင့် သားတစ်ယောက် ရခဲ့ဖူးသည်။ ထို့နောက် ဦးနေဝင်းသည် ဒေါ်သန်းညွှန့်နှင့် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် လမ်းခွဲကာ ၁၉၃၇ ခုနှစ် ဇူလိုင်လ ၁၈ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ မောင်ဂိုမာရီလမ်း (ယခုဗိုလ်ချုပ်အောင်ဆန်းလမ်း) အိမ်အမှတ် ၁၀၆ ၌ နှစ်ဖက်မိဘများ ရှေ့မှောက်တွင် ဒေါ်တင်တင်နှင့် လက်ထပ်၍ သားငွေစိုး၊ အေးအောင်တို့ ထွန်းကားခဲ့သည်။
          ၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တို့ဗမာအစည်းအရုံး နှစ်ခြမ်းကွဲသောအခါ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ဦးဆောင်သော သခင်အုပ်စုတွင် ပါဝင်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်