ဒုဗိုလ်နှင်းအောင်နှင့် မစားလိုက်ရသောကြက်သားဟင်း

January 1, 2014

လှဦး

ဇန်န၀ါရီ ၁၊ ၂၀၁၄

 

 

 

 

အမှတ်(၁)၊ လသာယောင်္ကျားလေး အထက်တန်းကျောင်း၊ ရန်ကုန်တွင် ၁၉၇၁-၇၂ ခုနှစ်၌ နှင်းအောင်နှင့်ကျွန်ုပ် အတန်းတူ၊ ကျောင်းတက်ခဲ့သည်။ သူ B-ခန်း၊ ကျွန်ုပ်က A-ခန်းဖြစ်သည်။ သူက လူကောင်သေးပြီး သိမ်မွှေ့လှသည်။ ခင်မင်စရာကောင်းသော အေးအေးနေသည့် ကျောင်းသားဖြစ်ည်။ ကျွန်ုပ်မှာ ကြမ်းတမ်း၊ မာကြောပြီး၊ သူနှင့်ဆန့်ကျင်ဘက် ဖြစ်သည်။ ၁၅နှစ်သား အရွယ်ဖြစ်သည်။

 

ကျွန်ုပ်သည် အောင်ဆန်းသူရိယအထက်တန်းကျောင်းတွင် ဝန်ထမ်းတစ်ဦးအား ထိပါးမှုကြောင့် ကျောင်းထုတ်ခံရပြီး ကျောင်းပြောင်းလာရသူဖြစ်သည်။ သူကတော့ ဖခင်ဖြစ်သူ စစ်ဗိုလ်၊ ရန်ကုန်စစ်ရုံးပြောင်းရွှေ့လာရသဖြင့် ကျောင်းပြောင်းလာရသည်။ နှစ်ယောက်သား ဆုံတွေ့၊ သူငယ်ချင်းဖြစ်ရသည်။

 

ရန်ကုန်မြို့တွင် မူလတန်းကျောင်းများစွာရှိရာ၊ အတန်းတစ်ခုတွင် ထောင်နှင့်ချီသော ကျောင်းသားများရှိသည်။  ၈တန်၊ ၉တန်းရောက်လာကြသည်။  အထက်တန်းကျောင်းတွင် စာတော်သူများသာ A-ခန်း၊ B-ခန်းများတွင် နေရာချထားခံရသည်။ ကျွန်ုပ်တို့ ၁၀တန်းစာသင်ခန်းပေါင်း ၂၀ရှိသည်။ အကယ်၍ ကျောင်းသားသည် အေ၊ ဘီ အခန်းများတွင် နေရာချထားမခံရပါက ၁၀တန်းအောင်ပြီး နာမည်ကြီးတက္ကသိုလ်၊ ဥပမာ ဆေး၊ စက်မှု စသည်တို့တက်ခွင့်ရရန် မဖြစ်နိုင်သလောက်ပါ။

 

သူနှင့်ကျွန်ုပ်တို့ ၂ယောက်၊ ကျောင်းသားသစ် ဖြစ်သော်လည်း ထိပ်တန်းအတန်းများတွင် နေရာချထားခံရပါသည်။ ထိပ်တန်းကျောင်းသား အများစုမှာ တရုပ်၊ အိန္နိယအနွယ် များဖြစ်ကြသည်။ ကျွန်ပ်ဖခင်သည် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှနု၏ ခင်ပွန်း ဗိုလ်မှုးကြီးနှင့် သိကြွမ်းသောကြောင့် ကျွန်ုပ်အတန်းကောင်း နေရာရခဲ့သည်။ သူ၏ဖခင် လုပ်သက်ရင့်ဗိုလ်မှုးသည်လည်း ရန်ကုန်စစ်တရားရုံးတွင် ပြောင်းရွှေ့တာဝန်ချခံရသောသူဖြစ်သည်။ နောက်ပိုင်းတွင် သူဖခင်နှင့်ကျွန်ုပ်ဖခင်တို့သည် ဂျပန်ခေတ် ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ဒုတိယကမ္ဘာစစ်က အတူအမှုထမ်းခဲ့ကြသည်ဟု သိခဲ့ရသည်။

 

ကျွန်ုပ်တို့ သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသည်။ ကျွန်ုပ်အိမ်သည် ရန်ကုန်၊ ပန်းပဲတန်းတွင်ရှိပြီး၊ သူတို့အိမ်သည် ရန်ကုန် ကုန်ဈေးတန်းတွင်ရှိသည်။ သိပ်မဝေးလှပါ။ ဒါလဟိုဇီလမ်းတွင်ဖြစ်သည်။ ယခု မြန်မာ့ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ငယ်စဉ်ကျောင်းသားဘဝဖြစ်သည်။ သူတို့အတန်းမှသူ့သူငယ်ချင်းများ၊ ကျွန်ုပ်၏ သူငယ်ချင်းများ အတူသွားလာလှုပ်ရှား၊ ကျောင်းသားဘဝ၊ သူငယ်ချင်းကောင်းများဖြစ်ခဲ့ကြသည်။

 

လသာ အ.ထ.က(၁) ၊ ၂၀၀၀ ခုနှစ်မြင်ကွင်း

 

ကျွန်ုပ်တို့ကျောင်းမှာ ရန်ကုန် တရုပ်တန်းနှင့်လည်းကပ်နေသည်။ အိန္နိယများနေထိုင်ရာနှင့်လဲ နီးသောကြောင့်၊ တရုပ်၊ အိန္နိယကျောင်းသားများစွာ ရှိသည်။ မြန်မာကျောင်းသားများမှာ လူနည်းစုဖြစ်နေသည်။ ကျွန်ုပ်တို့သည် ဘောလုံးအသေအလဲ ကစားကြသူများဖြစ်သည်။ စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ဦးဝိစာရလမ်းရှိ ကွန်ဗွိုင်းခမ်းမတွင် ဘောလုံးသွားကစားလေ့ရှိသည်။

 

မိုဃ်းသည်းထန်စွာ ရွာချိန်များတွင်လည်း ဘောလုံးကစား မပျက်ပါ။ တုံချမ်းပြီး၊ မောပန်းစွာ ဘောလုံးကစားကြသည်။ သိမ်ကြီးဈေး ဘလောက်ဒီ၊ ဘုရားလမ်းများသည်လည်း အိမ်အပြန်ခရီးဖြစ်သည်။ မိုဃ်းသည်းထန်စွာ ရွာတိုင်း သိမ်ကြီးဈေး၊ အမိုးများပေါ်မှာ ရေလုံးကြီးများကျလာသည်မှာ ရေတခွန်လို ဖြစ်နေပါသည်။

 

ထိုသို့မိုဃ်းသည်းထန်ချိန်တွင် ကျွန်ုပ်ဘောင်းဘီကို ချွတ်ပြီး၊ မိုးရွာထဲ ကိုယ်လုံးတီးကစားသည်။ သူငယ်ချင်းများကို ကျွန်ုပ်နှင့်အတူလာကစားရန် စိမ်ခေါ်သည်။ မင်းအောင်လှိုင်မှာ ထိုကဲ့သို့ ခပ်မိုက်မိုက်၊စွန့်စားကစားမှုကို အမြဲငြင်းဆန်လေ့ရှိသည်။ သူ့ခန္တာကိုယ်သေးငယ်မှုကြောင့် ထိခိုက်ဒဏ်ရာဖြစ်သွားနိုင်ပါသည်။ အောင်ဆန်းခန်းမရှိ ဂျူဒိုကလပ်တွင် ကျွန်ုပ်တို့ ဂျူဒိုသင်တန်း အတူတက်ကြသည်။ လေ့ကျင့်ကစားခဲ့ကြသည်။ ကျွန်ုပ်တို့ ရင်းနှီးစွာနေထိုင်၊ကစားခဲ့ကြသည်။

 

 

ရန်ကုန်မြို့မြေပုံ ၊ ၂၀၀၅ခုနှစ်

 

နောက်ပိုင်းတွင် ကျွန်ုပ်နှင့် မင်းအောင်လှိုင်တို့ ကမ္ဘာခြားသော ဘဝအခြေအနေကို နားလည်သိရှိလာရသည်။ ကျွန်ုပ်ဖခင်သည် လက်နက်ချအလင်းဝင် ကွန်မြူနစ်ဖြစ်ပြီး၊ ကိုးကွယ်မှုဘာသာမရှိသူဖြစ်သည်။ သူ့ဖခင်မှာ ဗုဒ္ဓဘာသာကိုင်းရှိုင်းစွာ ကိုးကွယ်သူဖြစ်သည်။ သူ့ဖခင်၏ အားလပ်ချိန်အများစုမှာ အိမ်မှဘုရားခန်းတွင် တရားထိုင်နေသည်ကို တွေ့သဖြင့်၊ ကျွန်ုပ်အတွက် အထူးအဆန်း၊ အံ့ဖွယ်ဖြစ်နေပါသည်။

 

သူ့၏ သား (၄)ယောက်ကို ချစ်သောဖခင်ဖြစ်သော်လည်း၊ စည်းကမ်းကျပ်တည်းစွာ နေထိုင်စေသည်။ ကျွန်ုပ်၏ သူငယ်ချင်း နှင်းအောင်မှာ သားအကြီးဆုံးဖြစ်ပြီး၊ ညီ(၃)ဦးနှင့် ညီမငယ်တစ်ဦးလည်း ရှိသည်။ သူတို့မောင်နှမများမှာ ညဖက် အပြင်ထွက်ခွင့်မရပါ။ သူတို့ထံလာသော သူငယ်ချင်းများကို သေချာစွာစစ်ဆေးသည်။ သို့မှသာ မှားယွင်းသော အုပ်စုများမှ သူတို့မောင်နှမတတွေ လွတ်ကင်းမည်ဖြစ်သည်။

 

သူတို့ မိခင်သည် ဖခင်ထက် တော်တော်ငယ်ရွယ်သည်။ အချက်ပြုတ်အလွန်ကောင်းလှပြီး ကျွန်ုပ်တို့သူငယ်ချင်များကို တနေ့လုံးအိမ်မှာဖိတ်ခေါ်ပြီး ကျွေးမွေးပါသည်။ နေ့လည်စာ၊ ထမင်းဟင်းကောင်းများ၊ အချို၊ အလှော်များ အရသာရှိလှပေသည်။ ကျွန်ုပ်သဘောပေါက်လာသည်မှာ သူတို့သည် သားသမီးများကို အိမ်မှာပဲနေစေပြီး၊ အပြင်ထွက်မလည်စေချင်ကြောင်း သိလာရသည်။ သားယောင်္ကျားလေးများ အပြင်ထွက်ပြီး လျှောက်လည်သည့်အကျင့်ကို မလုပ်စေချင်ပဲ မျက်စိအေက်၊ မိမိအိမ်မှပဲ ကစားစေလိုသည်။

 

စိတ်ဝိညာဉ်လွတ်လပ်သော ကျွန်ုပ်ကဲ့သို့ ယောင်္ကျားကလေးမှာ အိမ်တွင်းအောင်းပြီး တနေ့လုံးနေရသည်မှာ စိတ်ကျဉ်းကျပ်သည်။ ကျောင်းပိတ်ရက်တချို့တွင် သူတို့အိမ်သို့မသွားချင်သော်လည်း သူတို့အိမ်အကျယ်ကြီးဆီကို သွားလည်ရသည့်အတွက် ပျော်ရွှင်မိသည်။ အစားအသောက်ကောင်းကောင်းလည်း စားရသည်။ သူတို့မှာ စတီရီယိုကက်ဆက်တစ်ခုလည်း ရှိသည်။ ကျွန်ုပ်အိမ်မှာ ရေဒီယိုတစ်ခုပဲနားထောင်ရသည်။ ထိုခေတ် ဆိုရှယ်လစ်အစိုးရတွင် ချမ်းသာသော မိသားစု၊ ရာထူးကြီးသောမိသားစုများသည် စတီရီယိုကက်ဆက် ပိုင်ဆိုင်ကြသည်။ အသံသွင်း၊ ကက်ဆက်ခွေများ နားထောင်နိုင်သည်။ မြန်မာပြည်တွင် တယ်လီဗီးရှင်းကို ၁၉၈၀မှ ရရှိသောကြောင့် ၁၉၇၀ ခေတ်ကာလက၊ တီဗွီမရှိသေးပါ။

 

ကျွန်ုပ် နာမည်ကျော် စတီရီယိုသီချင်များ နားထောင်ချင်လျှင် လဘက်ရည်ဆိုင်မှဖွင့်သော သီချင်းများကို ပိုက်ဆံအကုန်ခံ၊ လဘက်ရည်သောက်ပြီး နားထောင်ရသည်။ သွားလေ့လည်းမရှိပါ။ ထိုခေတ်က စတီရီယိုအဆိုကျော် စိုင်းထီးဆိုင် အလွန်နာမည်ကြီးလှပါသည်။ နှင်းအောင်၏ ဖခင်သည် ထိုအချက်ကို သဘောပေါက်သည်။ တန်ဘိုးကြီးသော ကက်ဆက်ခွေများကို ဝယ်ပြီး၊ သူ့သားများနှင့်သူငယ်ချင်းများ အိမ်မှာပဲနေထိုင်၊ နားထောင်ဖို့ စီစဉ်ထားသည်။ သူတို့သားသမီးများကို သိပ်ချစ်သောကြောင့်၊ အပြင်မသွားစေပဲ သူတို့မျက်စိအောက်မှာပဲ တတ်နိုင်သမျှ အတူနေထိုင်၊ ကစားစေသည်။

 

(စိုင်းထီးဆိုင်)

ကျွန်ုပ်ဖခင်ကတော့ သားဖြစ်သူကို အိမ်မှာနေအောင်လဲမကြိုးစား၊ မတင်းကျပ်၊ ကျွန်ုပ်ကြိုက်သလို သွားလာခွင့်ပေးထားပါသည်။ ကျွန်ုပ်၁၀နှစ်သားအရွယ်ကတည်းက ၅နှစ်တာ စစ်လေ့ကျင့်ရေးကျောင်းတွင် ထားရစ်ခဲ့ပါသည်။

တိုရင်းသာ ရေးရမည်ဆိုလျှင် ကျွန်ုပ်တို့ ၁၀တန်းစာမေးပွဲ ၁၉၇၂ တွင် အောင်မြင်ခဲ့ပြီး ကွန်ုပ် ဆေးတက္ကသိုလ် နှင့် သွားဘက်ဆိုင်ရာတက္ကသိုလ်များ ဝင်ခွင့်ငြင်းပယ်ခံရပြီး၊ အာအိုင်တီ RIT (Rangoon Institute of Technology) ရန်ကုန်စက်မှုတက္ကသိုလ် ဝင်ခွင့်ရခဲ့သည်။ သူကတော့ ရန်ကုန်တက္ကသိုလ် RUSU (Rangoon Arts and Science University) ဓါတုဗေဒအဓိကဘာသာရပ်ဖြင့် ဝင်ခွင့်ရပြီး၊ မင်းအောင်လှိုင်ကတော့ ဥပဒေအဓိကနဲ့ RASU ဝင်ခွင့်ရခဲ့ပါတယ်။

ကျွန်ုပ်သည် DSA (Defence Service Academy) စစ်တက္ကသိုလ် ရူးသောလူငယ်ဖြစ်သည်။ ၁ဝတန်းအောင်သည်နှင့် ချက်ခြင်း စစ်တက္ကသိုလ်ဝင်ခွင်ကို မင်းအောင်လှိုင်နှင့်အတူတကွ လျှောက်သည်။ ဘာသာတရားကိုင်းရှိုင်းလှသော နှင်းအောင်ကတော့ စစ်ဗိုလ်ဖြစ်ဖို့  မြန်မာလက်နက်ကိုင် တိုင်းရင်းသားတွေနဲ့တိုက်ရတဲ့  ပြည်တွင်းစစ်ကို စိတ်မဝင်စားပါဘူး။

ကျွန်ုပ်ဖခင်မှာ စစ်ဗိုလ်သင်တန်း ဝင်ခွင့်အတွက် ခွင့်မပြုပါဘူး။ ဒါကြောင့် ဆန္ဒကြီးလှတဲ့အတွက် ရိုးရိုးစစ်သားအဖြစ် စစ်ထဲဝင်လိုက်ပါသည်။ စစ်သင်တန်းတက်ပြီး ပြည်နယ်၊ မြစ်ကြီးနားက ခြေလျှင်တပ်ရင်းတခုမှာ တာဝန်ကျပါသည်။ ရူးသွပ်သည့် လူငယ်တစ်ဦဘဝပါ။

မင်းအောင်လှိုင်အဖို့ စစ်တက္ကသိုလ်ဝင်ခွင့်ရရေးအတွက် အဆင့်ဆင့် ကြိုးစားနေရချိန်မှာ စစ်ရူးနေသော ကျွန်ုပ်ကတော့ ကချင်ပြည်နယ်၊ လီဒိုလမ်းမနဲ့ တရုပ်နယ်စပ်တွေမှာ အသက်ဖက်ထုပ်ပြီး သာမန်စစ်သားဘဝနဲ့ တာဝန်ထမ်းဆောင်နေခဲ့ပါသည်။ ၁၉၇၄ခုနှစ်တွင် စစ်တပ်မှထွက်လာပြီး၊ အိမ်ပြန်လာခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်တိုက်ပြီး မသေလိုပါ။ သူများအသက်ကိုလဲ မသတ်ချင်လိုတော့ပါ။

၂နှစ်တာ ရှေ့တန်းစစ်မျက်နှာတွင် အချိန်ကုန်ခဲ့ပြီး၊ ရန်ကုန်ပြန်ရောက်လာသောအခါ ရန်ကုန်မြို့သည် ပြောင်းလဲသွားသည်။ မင်းအောင်လှိုင် စစ်တက္ကသိုလ်ကို တတိယအကြိမ်ဝင်ခွင့် ကြိုးစားရပြီးမှ ရရှိသွားသည်။ နှင်းအောင်၏ ညီအငယ်ဆုံး ယောင်္ကျားကလေး တိုးတိုးအောင်၊ ၁၀တန်းအောင်ပြီး သူနှင့်အတူတကွ ကျွန်ုပ် RIT ရန်ကုန်စက်မှုတက္ကသိုလ်တက်ခွင့်ရသည်။ ကွန်ုပ် ပထမနှစ်မှ ကျောင်းပြန်တက်ရသည်။

နှင်းအောင်၏ ညီငယ်နှစ်ယောက်မှ အောင်ကြီးနှင့် အောင်ကြူ ဟုခေါ်သော အမွှာညီအစ်ကို ဖြစ်သည်။ သူတို့၂ယောက်စလုံး မနှစ်က ၁၀တန်းအောင်ပြီး၊  စစ်တက္ကသိုလ် DSA ဝင်ခွင့်လျှောက်ကြသည်။ အမွှာညီအစ်ကို ဆိုသော်လည်း စရိုက်လက္ခဏာ လုံးဝခြားနားကြပေသည်။

အောင်ကြီးသည် ပျော်ပျော်ပါးပါး၊ နေတတ်ပြီး ပြုံးရွှင်ရယ်မောပြီး နေတတ်သည်။ ဟာသ၊ ရယ်စရာများလည်း ပြောလေ့ရှိသည်။ သို့သော အောင်ကြူမှာ အမြဲသတိရှိရှိ၊ စဉ်းစာနေတတ်ပြီး ငယ်ငယ်ကတည်းက  ပြုံးရယ်ခဲလှသည်။ စစ်တက္ကသိုလ်သည် အမွှာညီအစ်ကို နှစ်ယောက်စလုံးတက်ခွင့် မရဟု သိထားသဖြင့် အောင်ကြူ စစ်တက္ကသိုလ်ရနိုင်သည်ဟု ကျွန်ုပ် တွေးဆခဲ့သည်။ ကျွန်ုပ်ထင်သကဲ့သို့ အောင်ကြူ စစ်တက္ကသိုလ် ဝင်ခွင့်ရရှိပြီး သူ၏ဖခင် ဗိုလ်မှုးသန်းလွင်ကဲ့သို့ စစ်ဗိုလ်ဖြစ်လာသည်။

နှင်းအောင် ဖခင် ဗိုလ်မှုးသန်းလွင်သည် လုပ်သက်များစွာရှိပြီး၊ ဗိုလ်မှုးအဆင့်ဖြင့် ရာထူးမတက်သော်လည်း စီနီယာအရာရှိဖြစ်သည်။  စနစ်ကျသောစစ်ဗိုလ်ဖြစ်သည်။ အမိန့်အထူးနာခံသောသူဖြစ်ပြီး၊ ဘာသာရေးအလွန်ကိုင်းရှိုင်းသူဖြစ်သည်။ ကျွန်ုပ်တို့ကိုလည်း သူ့အိမ်အလည်လာစဉ် စကားပြောခဲလှသည်။ ဂရုမစိုက်ပါ။ အကြိမ်ပေါင်းမြောက်များစွာ သူတို့အိမ်သွားလည်သော်လည်း မှတ်မှတ်ရရ ၂ကြိမ်သာလျှင် ကျွန်ုပ်ကို သူစကားပြောခဲ့သည်။

တကြိမ်မှာ ကျွန်ုပ်တို့ ဧည့်ခန်းတွင် ထိုင်နေကြသည်။  ဗိုလ်မှုးသန်းလွင်သည် သူ့၏ ဘုရားခန်းမှ ရုတ်တရက်ထွက်လာပြီး မှတ်စုစာအုပ် ဟောင်းနွမ်းတစ်ခုကို စိတ်ဝင်စားစွာနှင့် ကျွန်ုပ်တို့ကို ပြသည်။ စကားပြောခဲ့သည်။ သူ ဗမာ့လွတ်လပ်ရေးတပ်မတော် တာဝန်ထမ်းဆောင်စဉ်က စစ်အရာရှိမိတ်ဆွေများရဲ့ လက်မှတ်များထိုးထားတဲ့ စာအုပ်အကြောင်းပြောသည်။ ပျဉ်းမနားတွင် ၁၉၄၆ မှ ၁၉၄၇အတွင်း ဒုတိယကမ္ဘာစစ်ပြီးစ အချိန်ကာလဟု ဆိုသည်။

ထိုစာအုပ်မှ ကျွန်ုပ်ဖခင် ရေးထိုးထားသော လက်မှတ်ကို ပြပါသည်။ ဗိုလ်ချုပ်အောင်ဆန်းမှ ဂျပန်ဗမာ့တပ်မတော်ကို အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီး ဆာ ဝီလျှံစလင်း အမှတ်၁၄ တပ်မဟာထံ လွှဲအပ်လိုက်သည်။ ဗမာ့တပ်မတော်အင်အား စစ်သည် နှစ်သောင်းသည် ပျဉ်းမနားသို့ ချီတက်သွားပြီး အင်္ဂလိပ်တို့ထံတွင် လက်နက်ဖျက်သိမ်း၊ ပူးပေါင်းလိုက်ခြင်းပင်ဖြစ်သည်။

ဗိုလ်မှုးသန်းလွင်နှင့် ကျွန်ုပ်ဖခင်မှာ သွေးသောက်၊ စစ်သား၊ ညီအစ်ကိုများဖြစ်သည်။ ထို့ကြောင့် သူက ကျွန်ုပ်အား အသိအမှတ်ပြု ပထမဆုံး၊ စကားပြောဆိုခြင်းဖြစ်သည်။ နောင်နှစ်ပေါင်းများစွာ ကြာသောအခါ ထို မှတ်တမ်းစာအုပ်အကြောင်းကို အစိုးရပိုင် မြဝတီမဂ္ဂဇင်းတွင် ရေးသားထုတ်ဝေခဲ့သည်။

ထို မှတ်စုစာအုပ်အကြောင်း ပြောပြပြီးသည့်နောက် ထုံးစံအတိုင်း ဘုရားခန်းအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။ နောက်ထပ် စကားထပ်မံမပြောဖြစ်တော့ပါ။ နှစ်အနည်းငယ်ကြာသောအခါ သူ့ကို အရပ်ဖက်ဖက် ရုပ်ရှင်ကော်ပိုရေးရှင်းတွင် ဦးဆောင်ညွန်ကြားရေးမှုးအဖြစ် ပြောင်းရွှေ့ခန့်ထားခံရသည်။

ထို့အပြင်၊ မြန်မာ့ရုပ်ရှင် ဆင်ဆာအဖွဲ့ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်ရသောကြောင့် နိုင်ငံခြားရုပ်ရှင်၊ ပြည်တွင်းရုပ်ရှင် ဘယ်ရုပ်ရှင်ကားမဆို သူကိုယ်တိုင် ကြည့်ပြီး၊ ဆိုင်းထိုး ခွင့်ပြုမှသာလျှင် မြန်မာပြည်တွင် ပြသခွင့်ရပါသည်။ ရုပ်ရှင်ကားတိုင်းကို အစအဆုံးကြည့်ရသည့် ထိုအလုပ်မှာ သူအတွက် ငရဲခန်းအလုပ်ပင်ဖြစ်သည်။ ထိုအလုပ်မလုပ်ခင်က သူ့ဘဝတွင် ရုပ်ရှင်အလွန်ကြည့်ခဲလှသူ ဖြစ်သည်။

 

တနေ့တွင် ကျွန်ုပ်တို့ သူ့ထံပြေးသွားပြီး ဟောလီဝု ရုပ်ရှင်ကားအရှည်ကြီး “Harold Robin’s The Adventurer” ဇတ်ကားကို သူ၏ ရုံးတွင်ကြည့်ကြသည်။ သူက ကျွန်ုပ်ကို စေ့စေ့ကည့်ပြီး ပြောသည်။ သူ့၏ ယခင်ရှေးဘဝတုန်းက တကယ့်ဆိုးခဲ့သောကြောင့်သာ၊ အခုဘဝမှာ ရုပ်ရှင်ကားတွေ၊ မကြည့်ချင်ပဲ အတင်းကြပ်ကြည့်နေရ၊ စိတ်ဒုက္ခဆင်းရဲတွေ၊ ခံစားနေရသည်..ဟု ပြောသောအခါ အားလုံး ဝါးကနဲရယ်မောကြရသည်။ ဖခင်ရှေ့ သာမန်အချိန်ဆိုလျင် လုံးဝမရယ်ဝံ့သော သူ့သား နှင်းအောင်ပင်လျှင် ကျွန်ုပ်တို့နှင့်အတူ ဝါးကနဲရယ်မောကြရသည်။

ထို့နောက်တွင် ကျွန်ုပ်တို့ ယောင်္ကျားလေးများ ထိုရုပ်ရှင်ကားအကြောင်း တွေ့ရှိသွားသည်မှာ အလွန်ကြမ်းတမ်းလှပြီး၊ ရှုပ်ထွေးသော လိင်ကိစ္စများဖြင့် ပြည့်နေသော ရုပ်ရှင်တစ်ကားဖြစ်ပါသည်။

သူ၏ အမည်နှင့် လက်မှတ်ထိုးခွင့်ပြုချက်ကို ရုပ်ရှင်ရုံတွင်၊ ဇတ်ကားမပြမီတိုင်း အရင်ထိုးပြရသည်။ နှင်းအောင် ဖခင်အမည်နှင့် လက်မှတ်များ ပေါ်လာတိုင်း ကျွန်ုပ်တို့ ကျယ်လောင်စွာ အော်ဟစ်ကြသည်။ နှင်းအောင်တို့ညီအစ်ကိုများ သိပ်မကြိုက်လှပါ။

ထိုခေတ်ကာလက မြန်မာပြည် နိုင်ငံခြားရုပ်ရှင်များတွင် ကိုယ်လုံးတီးပုံများကို ဆင်ဆာအမြဲဖြတ်တောက်ပါသည်။ တစ်ခါတစ်ရံ နိုင်ငံခြားရုပ်ရှင်များ ရုပ်ရှင်ရုံတင်ပြသချိန်တွင် ဥရောပအဖြူမတစ်ဦး ကိုယ်လုံးတီးပုံတစ်ခု ပါလာလျှင် .. ဟေး.. နှင်အောင်အဖေကြီး သူ့ကုလားထိုင်မှာ အိပ်ပျော်နေလို့ ဒီအခန်းဆင်ဆာလွတ်သွားတယ်ဟေ့.. ဟု ရယ်စရာ၊ အော်ဟစ်၊ပြောဆိုခဲ့ကြသည်။ နှင်းအောင် မကြိုက်မှန်းသိရက် ရယ်စရာလုပ်ခဲ့သည်ကို မှတ်မိပါသည်။

၁၉၇၆ခုနှစ်တွင် နှင်းအောင် ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ရရှိသွားပြီး၊  ရန်ကုန်တက္ကသိုလ်မှာပင် မဟာဘွဲ့ ဆက်တက်သည်။ တက္ကသိုလ်ဆရာဖြစ်ရန်အတွက် စိတ်ကူးအကောင်ထည်ဖေါ်ရန်ဖြစ်သည်။ တနေ့ အောင်ကြူ စစ်တက္ကသိုလ်ပိတ်ရက် ရန်ကုန်အိမ် ပြန်လာသောအခါ သူတို့ညီအစ်ကိုများသည် ကျွန်ုပ်မိသားစု နေထိုင်သည့် ရန်ကုန်မြို့ပြင်ရှိ အောင်ဆန်းမြို့၊ အင်းစိန်သို့ လာရောက်လည်ပတ်ခဲ့သည်။

ကျွန်ုပ်ဖခင်သည် တနိုင် ယာခင်းတစ်ခု စိုက်ပျိုးလုပ်ကိုင်နေချိန်ဖြစ်သည်။ တောင်ကုန်မြေကွက်ကြီးတစ်ခုကို ဝယ်ပြီး၊ ငါးကန်တစ်ခု တူးသည်။ သရက်ပင် ရာနှင့်ချီပြီး စိုက်ပျိုးသည်။ ကြက်ဥနှင့်ကြက်သားအတွက် မွေးမြူရေးလုပ်သည်။ သို့သော် ကျွန်ုပ်ဖခင်မှာ ဖျားနာသွားသဖြင့် ထိုနေရာတွင် နေထိုင်ရင်း အပင်များ၊ ငါးကန်၊ အလုပ်ရှုပ်လှသော ကြက်မွေးမြူရေးလုပ်ငန်းကို ကျွန်ုပ်ကျောင်းပိတ်ရက်များတွင် ကူညီလုပ်ကိုင်နေရချိန်ဖြစ်သည်။ ကြက်များကို သတ်ပြီး၊ ရန်ကုန်မြို့ရှိ မိသားစုအတွက် ကြက်သားပို့လုပ်ငန်း လုပ်နေရသည်။

ထိုစဉ် သူတို့ညီအစ်ကိုများ အလည်အပတ်ရောက်စဉ်၊ ချစ်သူငယ်ချင်းများအတွက် နေ့လည်စာ ကြက်သားဟင်းချက်ဖို့ ကဗျာကယာလုပ်နေချိန်ဖြစ်သည်။ သူတို့ အနီးဆုံးဘတ်စကား မှတ်တိုင်မှာ ဆင်းပြီး၊ ကျွန်ုပ်တို့ယာတောခြံလေးဆီသို့  ခြုံပုတ်များတလျှောက် ၅မိုင်ခန့်ဝေးသည်။  ကျွန်ုပ်ရှိရာသို့ ရောက်သည်နှင့် သူတို့အားလုံး မောဟိုက်နေကြပါသည်။ ကျွန်ုပ်ကလည်း သူတို့အတွက် ကြက်သားဟင်းချက်ဖို့ ပြင်ဆင်နေသည်ဟု ပြောသောအခါ နှင်းအောင်က ကြက်ကဘယ်မှာလဲ ဟုမေးသည်။ နေရာတကာတွင် ကြက်များပြန့်ကြဲ သွားလာနေပါသည်။

သူဆိုလိုသည်မှာ ဈေးမှဝယ်လာသော ကြက်သား၊ ဘယ်မှာလဲဟု ဆိုလိုသည်။ ကျွန်ုပ်က သူ့ကိုရယ်မောပြသည်။ ဓါးထက်ထက် တစ်ချောင်း မီးဖိုမှ ဆွဲယူလိုက်သည်။ အေးအေးဆေးဆေး ကြက်များရှိရာကို လျှောက်သွားပြီး အစာကောက်စားနေသော ကြက်တစ်ကောင်ကို လယ်ပင်းမှဆွဲဖမ်းလိုက်သည်။ ကြက်ကို မြေကြီးပေါ်လှဲချလိုက်ပြီး ခြေတဖက်ဖြင့် ကြက်ကိုဖိကာ ကြက်လည်ပင်းကို တဝက်လှီးလိုက်သည်။ ထို့နောက် ကြက်ကို ခပ်လှမ်းလှမ်းသို့ ပစ်လိုက်သည်။ ကျွန်ုပ်ကို ကြက်သွေးများ မညစ်ပေလိုပါ။

နှင်းအောင် မျက်နှာမှာ သိပ်ကြိုက်လှပုံတော့ မရှိဟု ထင်သည်။ သို့ပေမဲ့၊ ဂရုမစိုက်နိုင်ပါ။ မြက်ခင်းပေါ်တွင် သွေးသံရဲရဲဖြင့် သေသွားသော ကြက်ကို အမွှေးချွတ်ရန် ရေနွေးကြိုရသည်။ ရေနွေးဆူလာသောအခါ ကြက်အသေကောင် တစ်ခုလုံးကို ရေနွေးစိမ်ပြီး၊ ကြက်အမွှေး၊ နှုတချွတ်ပစ်ရသည်။ နာရီဝက်အတွင်း မွှေးကြိုင်သော ကြက်သားဟင်းအနံ့ ထွက်လာပြီဖြစ်သည်။ ကြက်သားဟင်းအိုးသည် မီးသွေးမီးဖိုပေါ်တွင် ချက်သည်။ ကျွန်ုပ်သည် စစ်တပ်တွင် (၂)နှစ်နေခဲ့စဉ်က သတ်ဖြတ်ခြင်းစွမ်းရည်ကို ရရှိခဲ့ခြင်းအတွက် ဂုဏ်ယူမိခဲ့သည်။

ပြဿနာမှာ နှင်းအောင် က ထိုမွှေးကြိုင်၊အရသာရှိလှသော ကြက်သားဟင်းကို စားရန်ငြင်းဆန်ခြင်း ဖြစ်သည်။ သူတို့ညီအစ်ကိုများလည်း အားလုံး ထိုကြက်သားကို မစားကြပါ။် ထမင်းဖြူနှင့် အရံဟင်း၊ ငပိကောင်နှင့်ပင် နေ့လည်စာ စားကြသည်။ ကြက်သားဟင်းနှင့် ဟင်းရည်ကို လုံးဝမတို့၊ မထိကြပါ။ စကားလည်း မပြောပဲ စားကြပါသည်။ ကျွန်ုပ် ထိတ်လန့်စရာ သင်ခန်းစာတစ်ခု ကောင်းကောင်း ရရှိခဲ့ပါသည်။ ထိုနေ့မှစပြီး ကျွန်ုပ်ဘဝတွင် ကြက်တစ်ကောင်မှ မသတ်တော့ပါ။

လအနည်းငယ် ကြာပြီးသည့်နောက် ကျွန်ုပ် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းပြန်ဖွင့်သောအခါ နှင်းအောင် ကျွန်ုပ်၏ ရန်ကုန်အိမ်သို့ ရောက်လာပြီး၊ ဂျိမ်းစဘွန်း ရုပ်ရုပ်အတူ သွားကြည့်ကြသည်။ သူ မှော်ဘီ ဗိုလ်သင်တန်းကျောင်း (OTS , Officer Training School) သွားတော့မည် ဟု ဆိုသည်။ ကျွန်ုပ် ရှော့ခ်ဖြစ်သွားသည်။ ကျွန်ုပ် သူ့ရှေ့မှာပဲ သနားစရာကြက်ကလေးကို သတ်ပြီးချက်ပေးတဲ့ ကြက်သားဟင်းကို မစားရက်တဲ့လူ၊ အခု ရှေ့တန်းမှာ လူသတ်ရမဲ့ စစ်ဗိုလ်လုပ်ပါတော့မည်။

သူက ကျွန်ုပ်ခံစားချက်ကို သဘောပေါက်သည်။ ကျွန်ုပ်ကို နှစ်သိမ့်စကားပြောသည်။ သူသည် လူသတ်ရသော ရှေ့တန်း၊ တပ်ရင်းများသို့ မသွားပါ။ ဗိုလ်သင်တန်း OTS ပြီးလျှင် စစ်တက္ကသိုလ်တွင် စာသင်ရသော နည်းပြဆရာအလုပ်ကို လုပ်မည်ဖြစ်ကြောင်း။ သူ၏ ဖခင်နှင့် စစ်ရုံးတွင် လက်မှတ်ထိုးထားသော စစ်မှုထမ်းစာချုပ်အရ နည်းပြဆရာအလုပ်ဟု ဆိုသည်။

ထိုညသည် သူကိုနောက်ဆုံးမြင်လိုက်ရသော ညဖြစ်သည်။ ဗိုလ်သင်တန်း OTS ၉လ ပြီးသည်နှင့် စစ်ဗိုလ်ဖြစ်သွားသည်။ အလုပ်ဝင်ပြီး တစ်ပတ်အတွင်း လက်နက်ကြီ ပေါက်ကွဲမှုတခု ဖြစ်ပွားပြီး ဒုဗိုလ်နှင်းအောင် ကျဆုံးသွားရှာသည်။

ကျွန်ုပ် ထိုသတင်းကို မကြားလိုက်ပါ။ သူ့မိသားစုသည် အလွန်ဝမ်းနည်းကြေကွဲစွာဖြင့် နှင်းအောင်၏ သူငယ်ချင်းတစ်ဦးနှင့်မျှ မတွေ့နိုင်ပါ။ နှင်းအောင် အသုဘအခန်းအနားကို သူတို့လမ်းမှ မိတ်ဆွေသူငယ်ချင်းများက ပြောပြသဖြင့် သတင်းဆိုးကို သိလိုက်ရပါသည်။

အသုဘ အခမ်းအနားသို့ ကျွန်ုပ်ရောက်သွားပါသည်။ သူအမွှာညီအစ်ကို အောင်ကြီးက ဝမ်းနည်းဖွယ်ဖြစ်ရပ်ကို ပြောပြပါသည်။ ဝမ်းနည်းမျက်ရည်ဖြင့် အောင်ကြီးပြောပြရာတွင် နှင်းအောင် စစ်တက္ကသိုလ် ဆရာလုပ်ရန်အတွက် အစီအစဉ် အနည်းငယ်ပြောင်းသွားသည်။ အရေးပေါ်လိုအပ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်မှစခန်းချသော စစ်တပ်ရင်းတခုတွင် လအနည်းငယ် တာဝန်ထမ်းဆောင်ပေးရန် လိုအပ်သဖြင့် ခေတ္တတာဝန်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း ပြောပြသည်။

နှင်းအောင် ဧရာဝတီမြစ်ဝကျွန်းပေါ်မှ မြို့တစ်ခုသို့ သတင်းပို့သွားခဲ့သည်။ မြို့အမည် မမှတ်မိတော့ပါ။ နောက်တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရမည် ဆိုသော်လည်း ရုတ်တရက်လိုအပ်သဖြင့် ရှမ်းပြည်၊ ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်ခြင်းခံရသည်။ ဒုဗိုလ် နှင်းအောင်အဖို့ ရွေးချယ်ရန် လမ်းမရှိပါ။ သူ့အထက် တပ်မှုးမှတာဝန်ပေးချက်ကို လိုက်နာရုံသာ ရှိပါတော့သည်။

သူ စစ်မြေပြင်ဌာနချုပ်၊ တောင်ကုန်းပေါ် ရောက်သောအခါ တရုပ်နယ်စပ်နှင့်နီးကပ်ပါသည်။ ချက်ခြင်း တပ်မှုး ဗိုလ်မှုးကြီး၏ တဲသို့သွားတွေ့ရသည်။ ထိုစဉ် ရန်သူများ၏ လက်နက်ကြီး တဲပေါ်သို့ကျရောက် ပေါက်ကွဲရာ ဒုဗိုလ်နှင်းအောင်နှင့် တဲတွင်ရှိသူအားလုံး ကျဆုံးသွားရသည်။

ကျွန်ုပ်၏ ချစ်စွာသော သူငယ်ချင်း နှင်းအောင် သူ၏ ၉မီလီမီတာ ဘရောင်နင်ပစ်စတိုပင်လျှင် မရရှိသေးပါ။ စစ်တပ်မှ စစ်ဗိုလ်များကို ထုတ်ပေးသော သေနပ်ပင် ကိုင်ခွင့်မရမီ ကျဆုံးသွားရရှာသည်။ အောင်ကြီး ငိုယိုပြီး ဝမ်းနည်းစွာပြောပြရှာသည်။

သူတို့အမေကြီးသည် ထိုသတင်းကြားပြီး မကြာခဏ သတိမေ့မျောသွားလေ့ရှိသည်။ အထူးသဖြင့် နှင်းအောင် သူငယ်ချင်းတစ်ယောက်နှင့် တွေ့တိုင်း သတိလစ်မေ့မျောသွားလေ့ရှိသည်ဟု ဆိုသည်။

နှင်းအောင် ဖခင်ကြီးလည်း မျက်ရည်များ ပါးပေါ်သို့ စီးကျနေသည်ကို တွေ့မြင်ရသည်။ လူရှေ့သူရှေ့တွင် မငိုမိအောင် သူထိန်းထားရှာမည်ဖြစ်သည်။

အခေါင်းအတွင်းမှာ နှင်းအောင် ကိုယ်ခန္တာမရှိပါ။ စစ်မြေပြင်မှ ဗုံးပေါက်ရမှာ ကျန်ရစ်သည့် သွေးစွန်းနေသော သေတ္တာငယ်တစ်ခုဖြစ်သည်။ ရှေ့တန်းမှာ သူ၏ဘယ်ဘက် လက်မောင်းတစ်ခုသာ … OTS လက်စွပ်ဝတ်ဆင်ထားသည့် လက်ညိုးပါရှိသည့်အတိုင်း ပို့ပေးလိုက်သည်။ အခြားခန္တာအစိတ်အပိုင်းများ မရရှိတော့ပါ။ စစ်မြေပြင်မှာ ခန္တာကိုယ်အပိုင်းအစများမှာ မည်သူ့အပိုင်းအစမှန်း ခွဲခြားမသိနိုင်တော့ပါချေ။ သူ့ခန္တာအပိုင်းအစများ ရှေ့တန်းစစ်မျက်နှာ တောင်ကုန်းပေါ်တွင် မြုတ်နှံသဂြိုလ်လိုက်ပြီး ဖြစ်သည်။

ကျွန်ုပ် ထိုအသုဘအခန်းအနားတွင် မငိုကြွေးခဲ့ပါ။ ထိုညတွင် အိပ်မရပါ။ ညသန်းကောင်အချိန်တွင် အိပ်ယာမှထပြီး အိမ်ပြင်ထွက်ထိုင်နေရပြီး ငြိမ်သက်နေသော ဒါလဟိုဇီလမ်းကို ငေးကြည့်နေမိသည်။ အနီးနား လမ်းတွင်းမှ လူငယ်များက ဂီတာတီး သီချင်းဆိုနေသော သီချင်းမှာ စိုင်းထီးဆိုင်သီချင်းဖြစ်သည်။

နှင်းအောင် အကြိုက်ဆုံး စိုင်းထီးဆိုင်သီချင်း – စဉ်းစားပါဦး။

ထိုလူငယ်များ၏ စိုင်းထီးဆိုင်သီချင်းကို ကျွန်ုပ်တို့ ယောင်္ကျားလေးများ စုပြီး နှင်းအောင် အိမ်တွင်နားထောင်ခဲ့ကြသည်။ နှင်းအောင်၏ အပြုံးမျက်နှာကို ရှာဖွေပြီးအာရုံတွင်မြင်ယောင်ကြည့်သော်လည်း အာရုံစုစည်း၍ မရပါချေ။ ကျွန်ုပ်အာရုံတွင် ဝါးတားတာဖြစ်ခြင်းသည် ထူးခြားနေပါသည်။

ရုတ်တရက် ကျွန်ုပ် ဝမ်းနည်းကျေကွဲခြင်း ခံစားရပြီး မျက်ရည်များ အေးစက်နေသော ပါးပြင်ပေါ် စီကျလာပါသည်။ ကျွနိုပ်သူငယ်ချင်း နှင်းအောင် အတွက် တိတ်ဆိတ်စွာ ငိုကြွေးမိလိုက်သည်။ ကျွန်ုပ် မြန်မာနိုင်ငံ ပြည်တွင်းစစ်ပွဲတွေမှာ ကျဆုံး၊ သေဆုံးသွားတဲ့ ငယ်သူငယ်ချင်းများအတွက် ဘယ်တုံးကမှ မငိုကြွေးခဲ့ဖူးပါလေ။ အခုတော့ ပြည်တွင်းစစ်မှာ ကျဆုံးသွားသူ သူငယ်ချင်းများအားလုံးအတွက် ငိုကြွေးမိပါတော့တယ်။

ပြီးတော့ ..အဲဒီ အေးချမ်းလှတဲ့ညမှာ ကျွန်ုပ် ရှည်လျှားစွာ ဆက်လက်ငိုကြွေးမိခဲ့ ပါတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ဒုဗိုလ်နှင်းအောင်နှင့် မစားလိုက်ရသောကြက်သားဟင်း

  1. Htwe on January 2, 2014 at 8:30 am

    What Min Aung Hlaing is doing now? And How he has been treating us?

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်