လမ်းကားဤသို့၊ လူကား အဘယ်သို့

January 5, 2014

မိုးဟိန်း (သားဂျာနယ်ကျော်)
ဇန်န၀ါရီ ၅၊ ၂၀၁၄
လွန်ခဲ့သည့် အနှစ်သုံးဆယ်ကျော်က ဖြစ်၏။
ကျွန်တော်သည် တာမွေအ၀ိုင်းမှ ဂွတ္တလစ်ဈေးဘက်သို့ ဦးချစ်မောင်လမ်းအတိုင်း ဆိုက္ကားတစ်စီးဖြင့် စီးလာသည်။ ရှေ့တွင် မြင်နေရသောလမ်းမှာ လမ်းနှင့်မတူ၊ ဤလမ်းတွင် ဒယ်အိုး၊ ဒယ်ခွက်ကြီးများခင်းထားသကဲ့သို့ ချိုင့်လျက်ခွက်လျက်၊ ထန်းသီးလုံးများ အမြောက်ဆံလုံးများ ပြန့်ကျဲထားဘိသို့ ခုံးခုံးလုံးလုံး၊ မိကျောင်းကျောရေခင်းထားသည့်အလား၊ အက်ကွဲကြောင်းများဖြင့် အတော်ပင် အကျည်းတန်အရုပ်ဆိုးသော လမ်းဖြစ်၏။ ထို့ပြင် ယာဉ်အမျိုးမျိုး၊ လူအထွေထွေတို့မှာလည်း ခွေကာခွင်ကာ၊ ယို့ကာ ယိမ်းကာ၊ မြင့်ကာ နိမ့်ကာဖြင့် မရှုမလှ သွားလာနေကြရသည်။
“တောက်… ဆိုးလိုက်တဲ့လမ်း၊ ဦးချစ်မောင်လမ်းတဲ့နော်…. လူတော့ ဘယ်လိုနေမယ်မသိဘူး၊ ဦးချစ်မောင်ကို သိလား”
ချွေးပေါက်ပေါက်ကျနေသော ဆိုက္ကားဆရာ၏ တောက်ခေါက်သံနှင့် သူ၏ စကားကို ရုတ်တရက် ကြားလိုက်သောအခါ ကျွန်တော့်မှာ မင်သက်မိသွား၏။ ထို့နောက် ရယ်ရနိုးနိုး။ မဲ့ရနိုးနိုးဖြင့် နှစ်မျိုးသော ဝေဒနာတို့၏ စိုးမိုးခြင်းကို ခံလိုက်ရသည်။ အကယ်၍ တစ်ခြားအကြောင်းအရာ တစ်ခုခုကို ဆိုက္ကားဆရာက ပြောခဲ့ပါမူ ကျွန်တော်လည်း တစ်စုံတစ်ရာ ပြန်ပြောမိပါမည်။ ယခုကား သူညွှန်းလိုက်သော လမ်း၏ အမည်ရှင်မှာ ကျွန်တော်၏ ဖခင်ဦးချစ်မောင် (ဂျာနယ်ကျော်ဦးချစ်မောင်) အမည်နှင့် တူနေပါ၍ ကျွန်တော် အဘယ်သို့ ပြန်ပြောရပါမည်နည်း။ ဂွတ္တလစ်ဦးချစ်မောင်ကိုတော့ မသိ။ ကျွန်တော်သိသော ဦးချစ်မောင်ကား…. ရှေ့တွင် တွေ့နေရသော လမ်း၏ အနိဌာရုံမြင်ကွင်းများ ပျောက်ကွယ်သွားပြီး ကျွန်တော်၏ စိတ်မှန်ပြင်ဝယ် ၀ိုးတိုးဝါးတား အရိပ်များနှင့် အသံဗလံများ ပေါ်ထွက်လာကြသည်။
တရေးရေးမှ တဖြည်းဖြည်းပေါ်လာ
“မင်းဖေဖေအကြောင်း… မင်းပြောရလိမ့်မယ်”
၁၉၆၁ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့တွင် အမှတ် (၈) ပြည်သာယာလမ်း၊ ဘောက်ထော်နေအိမ်၌ ဂျာနယ်ကျော်ဦးချစ်မောင် (၁၅ နှစ်မြောက်) အထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည်။ ညနေ (၆) နာရီမှစ၍ အိမ်ရှေ့ခြံကွက်လပ်တွင် ခင်းထားသော စားပွဲများဆီသို့ ဖခင်၏ မိတ်ဆွေသင်္ဂဟများ တဖြည်းဖြည်း ရောက်လာကြသည်။ လူစုံသောအခါ မိခင်က နိဒါန်းစကား၊ ကျေးဇူးစကားများပြောပြီး၊ ကျွန်တော်ဘက်သို့ လှည့်ကြည့်လိုက်၏။ လေးလံသော ခြေလှမ်းများဖြင့် အသက် (၁၉) နှစ်ရှိ လူငယ်တစ်ယောက် ပရိသတ်ရှေ့မှောက်သို့ ရောက်သွားသည်။ မိခင်က ကျွန်တော့်ဖင်အကြောင်ငး ပြောခိုင်းထားပါသည်။ ဘယ်သို့ဘယ်ဝါဟု အမှာမရှိ။ ကိုယ့်အသိကိုယ့်ခံစားချက်နဲ့သာ ပြောပေတော့ဟု ဧည့်ခံပွဲမလုပ်မီ တစ်ညအလို၌ ကျွန်တော်သည် အိပ်ယာထဲလှဲရင်း ဖခင်အကြောင်းတွေးကြည့်နေမိသည်။ မှတ်မိသည့်အရွယ်မှစ၍ ယခု (၁၉) နှစ်သားအရွယ်ထိ ကိုယ်သိသမျှ၊ ခံစားသမျှတွေကို ကိုယ်ပြောတတ်သလိုပဲ ပြောချလိုက်မည်ဟု ဆုံးဖြတ်ခဲ့သည်။
စာရေးဆရာ၊ သတင်းစာဆရာ၊ အနုပညာသမားတို့၏ မျက်လုံးအစုံတို့သည် ရှေ့တွင် ရပ်နေသော လူငယ်လေးပေါ်သို့ စူးစိုက်လျက်….
“ဖေဖေ့ကို ကျွန်တော် စသိတာကတော့ ပန်းချီကားချပ်ကြီးတစ်ခုကပါပဲ။ ဒီပုံထဲက လူဟာ ငါ့အဖေဆိုပါလား။ မျက်မှန်ကြီးနဲ့ ခေါင်းပေါင်းကြီးနဲ့ ရှုတည်တည်ကြီး၊ အဘိုးကြီးတစ်ယောက်နဲ့ တူလိုက်တာ။ (ပန်းချီဆရာကြီး ဦးငွေကိုင်ရေးဆွဲခဲ့သော ဆေးပန်းချီပုံ) အဖေကွယ်လွန်တုန်းက ကျွန်တော်ဟာ သုံးနှစ်၊ လေးနှစ်သားလောက်ပဲ ရှိပါတယ်။ ဘာမှမသိ၊ စ သိတာကတော့ အိမ်မှာချိတ်ဆွဲထားတဲ့ အဲ့သည် ပန်းချီကားတွေက တစ်ဆင့် ကျွန်တော်တို့ ကလေးပီပီ လျှောက်ဆော့၊ လျှောက်ဖွ၊ လျှောက်မွှေရင်းနဲ့ ဘီဒိုတွေထဲက စာအုပ်တွေ ထုတ်ကြည့်လိုက်တော့ လက်ရေးလှလှနဲ့ အင်္ဂလိပ်လိုရော၊ မြန်မာလိုရော အပေါ်ညာဒေါင့်စွန်းမှာ အမည်ထိုးထားတာတွေ၊ နောက်ပြီး စာပိုဒ်တော်တော်များများမှာ နီပြာတန်နဲ့ အနီတစ်မျိုး၊ အပြာတစ်မျိုး မျဉ်းတားတာတွေ၊ ဘေးဘီကွက်လပ်မှာ လက်ရေးသေးသေးနဲ့ မှတ်ချက်ရေးထားတာတွေ့ရတယ်။ ဒါပေမယ့် ကလေးဆိုတော့ ဘာမှနားမလည်ခဲ့ပါ။ လူကြီးတွေက အဲဒါ မင်းတို့အဖေရဲ့ လက်ရေးနဲ့စာတွေပဲ။ ကျွန်တော့်စိတ်ထဲမှာ အော်… အဖေဟာ စာတွေအများကြီးဖတ်ပြီး၊ အများကြီး မှတ်ပါလားလို့ ကလေး သိသိခဲ့ရပါတယ်။ ဒီတော့ ဖခင်ကို ရုပ်ပုံကားချပ်မှတစ်ဆင့် လက်ရေါ်လက်သားအဖြစ် သိရပါပြီ။ နောက်တော့ ကျွန်တော်တို့ ညီအစ်ကို အိန္ဒိယရှိ StJoseph College (Darjeeling) က အပြန် တစ်နေ့မှာ မိခင်က ကျွန်တော်တို့ မောင်နှမသုံးယောက်ကို ခေါ်ပြီး၊ အင်္ဂလိပ်လို ရေးထားတဲ့ စာတစ်စောင်ကို ကိုယ်စီဖတ်ဖို့ ထုတ်ပြပါတယ်။ “မင်းတို့ အဖေ မသေခင်တုန်းက ဆေးရုံမှာ ရေးသွားတဲ့စာ၊ ကလေးတွေ အင်္ဂလိပ်စာ ဖတ်တတ်တဲ့နေ့မှာ ပေးဖတ်ပါတဲ့”။ သြော် အဖေ့ရဲ့ သေတမ်းစာပါလား။ ရင်သွေးတွေအတွက် ရေးခဲ့တဲ့စာ၊ အင်္ဂလိပ်လို ရိုးရိုးရှင်းရှင်းလေးနဲ့ ဖတ်လို့ရအောင် ရေးထားတာပါ။ စာပါ အကြောင်းအရာတွေကတော့ လောကမှာ လူတော်လူကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားရန်၊ အရေးကြီးဆုံးက ရိုးသားဖြောင့်မတ်တဲ့ စိတ်ရှိဖို့၊ နောက်ပြီး ကိုယ့်နိုင်ငံကို ချစ်ပြီး နိုင်ငံအတွက် အကျိုးဆောင်ရွက်နိုင်ဖို့ဆိုတဲ့ အချက်တွေပါပဲ။ Honesty, ability, character, duty… ဆိုတဲ့ စကားလုံးတွေကို ဗလာစာရွက် တစ်မျက်နှာထဲမှာပဲ ထပ်ခါထပ်ခါ သုံးစွဲရေးသားခဲ့ပါတယ်။ သည်တစ်ခါတော့ ဖခင်ကို စာအသွင်နဲ့ မြင်ရပါပြီ။ ကျွန်တော်ပြောလိုတာကတော့ ကလေးဘ၀အရွယ်မှာ ဖခင်ကို ကျွန်တော့်စိတ်ထဲမှာ “ပန်းချီဖေဖေ” “လက်ရေးဖေဖေ” “စာဖေဖေ” ရယ်လို့ တစ်ဆင့်တစ်ဆင့် သိမှတ်ခဲ့ခြင်းပါ။
ကျွန်တော်အရွယ်ရလာလို့ ဖခင်နဲ့ပတ်သက်ပြီး များများစားစား သိရတာက “သူလိုလူ” ဆိုတဲ့ မိခင်ရေးတဲ့ စာအုပ်ဆီကပါပဲ။ မေးစရာပေါ်လာပြီ။ “မင်းတို့အဖေအကြောင်း မပြောပြခဲ့ဘူးလားလို့”။ ကျွန်တော့်မိခင်ဟာ တစ်နေ့တစ်နေ့ အလုပ်တွေနဲ့ လုံးပမ်းရုန်းကန်နေရတာမို့ သားသမီးတွေကို ဖခင်အကြောင်း များများမပြောနိုင်ဘဲ ကြုံသလိုသာ ပြောနိုင်သူပါ။ သည်တော့ အခုတစ်ခါ ဖခင်ကို သိရတာဟာ “အထုပ္ပတ္တိဖေဖေ” အဖြစ်လို့ဆိုရမှာပေါ့။
မိခင်ပြောပြတဲ့ “သူလိုလူ” ဟာ သူ့ရဲ့ ခင်ပွန်း သူလိုလူပါပဲ။ ဖခင်ရဲ့ ဘ၀နဲ့လုပ်ရပ်ပေါင်းစုံကို ဖော်ပြထားတဲ့ကြေးမုံအသွင်ပါ။ နောက်တစ်ခါ စာအုပ်ထဲက “သူလိုလူ”ကနေပြီး အများပြောတဲ့ “သူလိုလူ”အဖြစ်သို့ ထပ်ဆင့်ထပ်ဆင့် သိရပါတယ်။ ကျွန်တော့်စကားနဲ့ ပြောရရင် “အများပြောတဲ့ဖေဖေ” ပေါ့။ သတင်းစာလောက၊ စာပေလောက၊ နိုင်ငံရေးလောက၊ အနုပညာလောက၊ စစ်ရေးလောကမှာရှိတဲ့ ဖခင်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေ၊ သုံးသပ်သူတွေကတစ်ဆင့် သိရတာတွေပါ။ “သူလိုလူ”မှာပါတဲ့ အကြောင်းအရာတွေရော မပါတဲ့အကြောင်းအရာတွေရော စုံလို့ပါပဲ။ အချုပ်ကတော့ ကျွန်တော့်ဖခင်လူရိုးလူဖြောင့်တစ်ယောက်၊ အင်မတန်အနစ်နာခံသူတစ်ယောက် မျိုးချစ်စိတ်ဓာတ်ကြီးမားပြီး၊ နိုင်ငံအတွက် စွမ်းစွမ်းတမံလုပ်ဆောင်သွားသူတစ်ယောက်၊ ထင်ပေါ်ကျော်ကြားမှုကို မလိုလားဘဲ၊ ကန့်လန့်ကာနောက်ကွယ်မှ အလုပ်လုပ်တာကို မြတ်နိုးသူတစ်ယောက် စသဖြင့် စသဖြင့် သုံးသပ်ချက်တွေပါ။ ဖခင်ဟာ ဘယ်လိုသတင်းစာဆရာ၊ စာရေးဆရာ၊ နိုင်ငံရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်အနေနဲ့ ရပ်တည်ခဲ့တာကိုလည်း ပြောပြပါတယ်။ ကျွန်တော်အဖို့မှာတော့ “အများပြောတဲ့ ဖေဖေ”ထဲက အစွဲမက်ဆုံးအကြောင်းအရာဟာ “ဦးချစ်မောင်သည် ရိုးသားဖြောင့်မတ်သူတစ်ယောက်၊ နိုင်ငံအတွက် အနစ်နာခံပြီး များစွာစွမ်းဆောင်နိုင်သူတစ်ယောက်”ဆိုတဲ့ ဂုဏ်ပုဒ်ပါပဲ။ ပညာ၊ ရာထူး၊ အဆင့်အတန်း၊ ဥစ္စာဓနတွေကို “စံ” မထားဘဲ “ရိုးသားဂုဏ်” နဲ့ “ကြိုးစားဂုဏ်”တွေကို စံထးတဲ့ အချက်ပါပဲ။ နိဂုံးချုပ်ပြောရရင် လူအားဖြင့် ဖခင်သေသွားပါပြီ။ ဒါပေမယ့် လုပ်ရပ်အားဖြင့်တော့ ဖခင်မသေပါဘူး။ ဖခင်လိုလူတွေ များများ ပေါ်လာပါစေ”။
ထိုလူငယ်သည် သူ့ဖခင်အကြောင်း အထက်ပါအတိုင်း ပြောသွားခဲ့၏။ တိတ်ဆိတ်စွာ နားထောင်နေရာမှ ခေါင်းတညိတ်ညိတ်လုပ်နေသောသူများ၊ လေးလေးနက်နက် တွေးတောနေသူများသည် ရှေ့တွင်ရပ်နေသော ဦးချစ်မောင်၏ သားငယ်အားကြည့်လျက် အကယ်ပင် ဦးချစ်မောင်တစ်ယောက် သူ့နောက်ကွယ်မှ ရပ်လာဘိသကဲ့သို့ မြင်မိခံစားမိကြပေမည်။ နောက်လတွင်ထွက်သော မြ၀တီမဂ္ဂဇင်း၌ စာရေးဆရာသင်္ခါက “ဦးချစ်မောင် (၁၅) နှစ်မြောက်ပွဲ” နှင့် သူ့သားငယ်ပြောသွားသော စကားများ ရင်ထဲတွင် လွမ်းဆွတ်တမ်းတစွာ ကျန်ရစ်ခဲ့ကြောင်း ဆောင်းပါးဖြင့် ဖော်ပြထားပါသည်။
ကြံတောသုသာန်မှ တစ်ခုသောစာတမ်း
တစ်ချိန်က ကြံတောသုသာန်ရှိ စာရေးဆရာဗန်းမော်တင်အောင်၏ ဂူသို့ ရောက်ဖူးသူများသည် ထိုဂူခြေရင်းဖက်တွင် ထိုးထားသော စာတမ်းတစ်ခုကို ဖတ်ရှုမိကြပါမည်။ စာတမ်း၏ဆိုလိုချက်မှာ “လူတစ်ယောက်၏ သမိုင်းကို ထိုလူ၏ လုပ်ရပ်များက သက်သေထူလိမ့်မည်” ဟူသော “အဘိဓမ္မာစကားတစ်ရပ်” မှန်လိုက်လေခြင်း၊ ကျွန်တော်သည် ဖခင်ဂူအား သွားကန်တော့တိုင်း ဆရာဗန်းမော်တင်အောင်၏ ဂူရှေ့မှဖြတ်သွားရပါသဖြင့် ထိုစာတမ်းကို အကြိမ်ကြိမ်မြင်မိပါသည်။ ရင်ထဲတွင် ပဲ့တင်ရိုက်နေသော ထိုစာတမ်း၏ စာလုံးများ အာရုံထဲမှ မပျောက်မီ မလှမ်းမကမ်းတွင်ရှိသော ဖခင်၏ ဂူဆီသို့ ကျွန်တော်ရောက်သွားတတ်သည်။ “ဆရာဗန်းမော်တင်အောင်၏ စာတမ်းပါစကားနဲ့ပဲ ဖေဖေ့ကို ဆန်းစစ်ကြည့်ရင်” ဟူသော အတွေးသည် ကန်ထဲသို့ ပစ်ချလိုက်သော ခဲတစ်လုံးကြောင့် ဝေ့၀ိုက်ကျယ်ပြန့်သွားသော ဂယက်လှိုင်းများပမာ….။ ဖခင်နှင့် ပတ်သက်၍ သိခဲ့ကြားခဲ့ရသော အကြောင်းအရာများထဲမှ “ဘယ်လုပ်ရပ်တွေဟာဖြင့် သူ့သမိုင်းကို စိုက်ထူမည်နည်း” ဟူသော အမေးပုစ္ဆာဖြင့် ဆန်းစစ်ခြင်းတစ်ရပ်ကို ကျယ်ကျယ်လောင်လောင် တောင်းဆိုနေသည့်အလား၊ ကြံတောသုသာန်ရှိဂူများသည် ကျွန်တော့်အမြင်မှာ ပျောက်ကွယ်သွားပြီး တစ်ခြားသော အသွင်များပေါ်လာလေလျက်။
ချိုင်းထောက်နှင့်လူတစ်ယောက်
မျက်နှာဖုံးတွင် ဇာတ်ကောင်ကို ချိုင်းထောက်နှင့် ဖော်ပြထားသော ရွှေလင်းယုန်၏ “သူ” ၀တ္ထုကို နှောင်းခေတ်က စာဖတ်ပရိသတ်များ ကောင်းစွာဖတ်မိကြပါသည်။ စာရေးဆရာသည် အဓိကဇာတ်ကောင် ဆရာဝန်မြင့်မောင် သို့မဟုတ် ချိုင်းထေထာင့်မြင့်မောင်အား စံထားအပ်သော စိတ်ဓာတ်တို့ဖြင့် သွန်းလောင်းခဲ့သည်။ ထိုဝတ္ထုကို ဖတ်သော များစွာသော လူငယ်၊ လူရွယ်တို့သည် ကိုမြင့်မောင်၏ စိတ်ဓာတ်နှင့်သိက္ခာ (Morale and Moral) ကို လေးမြတ်ကြည်ညိုကြကာ အနစ်နာခံခြင်း (Sacrafice)၊ အများအကျိုးဆောင်ခြင်း (Altruism) ဟူသော လောကပါလတရားများကို ပွားနိုင်အောင် အားထုတ်ကြသည်။ ဇာတ်ကောင်ကိုစံထား၍ “မြင့်မောင်” ဟူသော အမည်မှည့်ခြင်း၊ “မြင့်မောင်” အမည်သို့ ပြောင်းလဲခြင်းများ ပေါ်ထါက်လာသည်။ စာရေးဆရာဒါရိုက်တာကြီး ဦးသုခသည် ကိုမြင့်မောင်ကို စာအုပ်ထဲတွင် ပုန်းမနေစေဘဲ၊ တစ်တိုင်းပြည်လုံးရှုမြင်ရန် ငွေရောင်ပိတ်ကားပေါ်သို့ ဆွဲတင်ပို့လိုက်သည်။ ဤမျှပင် စာရေးဆရာ၏ ကလောင်သွားက လူငယ်တွေစိတ်ထားဝတိံထားရှိတတ်ဖို့ “သူ” ၀တ္ထုဖြင့် တိုက်တွန်းနှိုးဆော်ခဲ့ရာ စာရိတ္တမဏ္ဍိုင်အတွက် ထမ်းရွက်ခဲ့သော စာဆိုတစ်ဦးပင်။
မီးလျှံထဲမှကမ္ဘာ
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခါနီး မိုးလုံးတိမ်တိုက် မှောင်မိုက်နေချိန်တွင် “ကမ္ဘာကြီးပျက်စီးလုနီးပြီလော” ဟူသော ဂျာနယ်ကျော်ဦးချစ်မောင်၏ သတင်းဆောင်းပါးများသည် စိုးတထိတ်ထိတ်ဖြစ်နေသည့် မြန်မာပြည်သူများအား ကမ္ဘာ့စစ်ရေးအခြေအနေအင်အားစုတို့၏ အားပြိုင်မှု၊ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေစသဖြင့် စသဖြင့် ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြခဲ့သည်။ အခြားနိုင်ငံမှ နိုင်ငံရေးပညာရှင်များ၊ ၀ါရင့်သတင်းဆရာများ၊ စစ်ရေးပါရဂူများနှင့် အမြင်ကျယ်သုတေသီတို့သည် ဖြစ်ပေါ်လာမည့်စစ်ကြီးနှင့်ပတ်သက်၍ သုံးသပ်ချက်အမျိုးမျိုး တင်ပြခဲ့ကြပါသည်။ မြန်မာပြည်မှ သတင်းစာဆရာဦးချစ်မောင်က “ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၃၉ ခု၊ စက်တင်ဘာလထက်စော၍လည်း မဖြစ်နိုင်၊ နောက်ကျ၍လည်း မဖြစ်နိုင်” ဟု ရဲရဲတောက် ဟောကိန်းထုတ်ခဲ့သည်။ ၎င်းစုဆောင်းတင်ပြခဲ့သည့် အချက်အလက်များနှင့် ဟောကိန်းအတိုင်း ကမ္ဘာစစ်ကြီးဖြစ်ခဲ့သည်။ မြန်မာသတင်းစာဆရာတစ်ဦး၏ နက်ရှိုင်းသော အမြင်သည် အဘယ်မျှ လေ့လာမှုနှင့်စိစစ်နိုင်မှုရှိခြင်း (Observation and Analysis Power) ကို ထင်ဟပ်ပြခဲ့ရာ တာဝန်ထက်ပို၍ ကျေပွန်သွားသော ပြည်သူ့သတင်းစာသမားတစ်ယောက်ဟု သတ်မှတ်နိုင်ပါသည်။
ကလောင်စွဲ၍ တိုက်ပွဲဝင်အံ့
နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး ခရီးတစ်လျှောက်တွင် မြန်မာ့အလင်း၊ ဂျာနယ်ကျော်၊ နဂါးနီ စသည့် သတင်းစာနှင့် မဂ္ဂဇင်းများတွင် ဆောင်းပါးများ၊ ဝေဖန်စာများ၊ အိတ်ဖွင့်စာများဖြင့် ဂျာနယ်ကျော်ဦးချစ်မောင်သည် စိုးမိုးသူနယ်ချဲ့အစိုးရအား ကလောင်ဖြင့် အကြိမ်ကြိမ်ထိုးနှက်ခဲ့သည်။ ပျက်ရယ်ပြုခဲ့သည်။ နယ်ချဲ့တို့၏ ဥာဏ်နက်များကို ဖော်ထုတ်ပြီး ရဲဝံ့စွာ ဝေဖန်ခဲ့သည်။ ကလောင်သွားက လှံသွားထက် ထက်ဆိုသလို တစ်ဘက်မှ ပြည်သူတို့၏ မျက်စေ့ကို ဖွင့်ရင်း တစ်ဘက်တွင် နယ်ချဲ့အစိုးရ၏ အရှိုက်ကို ထိုးနှက်ရင်းဖြင့် ဦးချစ်မောင်တစ်ယောက် နယ်ချဲ့အာဏာပိုင်တို့၏ သတိပေးမှု၊ အရေးယူမှု၊ ဖမ်းဆီးခြင်းခံရခြင်းမှာ ဆန်းပြားဖွယ်ရာ အကြောင်းမရှိ။ “လှိုင်းပုတ်တိုင်းသာ ပြိုရပါလျှင် ကျောက်ဆောင်ဘယ်မှာ ရှိမည်နည်း” ဟူသော ကဗျာဆရာတစ်ယောက်၏ ကဗျာတစ်ပုဒ်ကဲ့သို့ ပြိုလဲခြင်းမရှိဘဲ ကလောင်စွဲ၍ မားမားမတ်မတ် ရပ်တည်ခဲ့သည်။ ဂျပန်ခေတ်တစ်လျှောက်တွင်လည်း ဦးချစ်မောင်သည် လျှို့ဝှက်စွာ တော်လှန်ရေး ဆင်နွှဲခဲ့သည်။ မိမိ မိသားစုနှင့်အတူ ဂျပန်တစ်ဦးနှင့်ဖက်စပ်၍ အိမ်တစ်အိမ်တည်းတွင် အတူနေရင်း ဂျပန်ဆန့်ကျင်မှုလုပ်ငန်းကြီးကို ပိပိရိရိ လုပ်ဆောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ သခင်သန်းထွန်း၊ သခင်စိုးစသည့် နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များ လေ့လာသုံးသပ်ရန် လျှို့ဝှက်မှတ်တမ်းများ ပေးပို့ခဲ့သည်။ တစ်နေ့တစ်နေ့ တခြစ်ခြစ်တကုတ်ကုတ် ကလောင်နှင့် အလုပ်ရှုပ်နေသော ဦးချစ်မောင်အား အတူနေ ဂျပန်က ဘာလုပ်မှန်းမသိရှာ။ ခင်မင်လေးစားစရာ သတင်းစာဆရာတစ်ယောက်အဖြစ်သာ မြင်ခဲ့သည်။ တစ်မိုးအောက်မှာပဲ အသံတိတ် တော်လှန်ရေး ဆင်နွှဲနေသူတစ်ယောက်မှန်း မသိလိုက်။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးမှသည် ဖက်ဆစ်ဆန့်ကျင်ရေးသို့ ကလောင်ဦးလှည့်ခဲ့ရပြန်သည်။ အသံတိတ် တော်လှန်ရေးသမားတစ်ယောက်ပါလား။
အမယ်ဘုတ်ရဲ့သူ့ချည်ခင် ဘယ်သူငင်ပါ့မလေး
ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲပြီးသော နောက်တစ်နေ့ တော်လှန်ရေးနှစ်ပတ်လည် အထူးထုတ်အဖြစ် ဂျာနယ်ကျော်တစ်စောင်လုံးတွင် ဦးချစ်မောင်၏ ဆောင်းပါးများ ပြည့်နှက်လျက်….။ (ထိုစာစောင်အဆုံးတွင် ဘယ်တုန်းကမှ မဖော်ပြခဲ့သော သူ၏ ထိုးမြဲလက်မှတ်ကိုပင် ထိုးပြထားသည်။) ဂျပန်ကို ဗိုလ်ချုပ်အောင်ဆန်း ခေါ်လာသည်ဟူသော စွပ်စွဲချက်၊ အင်္ဂလိပ်အပေါ်ထားရှိသည့် မြန်မာများ၏ သဘောထား၊ တော်လှန်ရေးလူငယ်များ၏ ဆန္ဒ စသည့် နိုင်ငံရေး၊ စစ်ရေး၊ အမျိုးသားရေးများမှအစ ကမ္ဘာ့ရေးရာများတွင် အမြင်အမျိုးမျိုး၊ သဘောထားအမျိုးမျိုး ကွဲလွဲနေပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အဖုံဖုံ တွေးတောကြံဆနေပုံတို့ကို ဖော်ပြထားကာ၊ ပြည်သူလူထုကြား အမြင်ထွေးရှုပ်ခြင်း၊ တိမ်းစောင်းခြင်းများ မဖြစ်စေဘဲ လွတ်လပ်ရေး ဦးတည်ချက်အတွက် မှန်သောအမြင်၊ ရဲဝံ့သောသတ္တိတို့ဖြင့် မမှိတ်မသုံ ချီတက်ရန် ရေးသားဖော်ပြခဲ့ပေသည်။ ဤဆောင်းပါးများမှာ ဦးချစ်မောင် နောက်ဆုံး ရေးသားသွားသော ဆောင်းပါးများဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက “ဒီလူဟာ လူရိုးလူတော်တစ်ယောက်ဗျ။ ကျုပ်တို့ ရှင်းလင်းစရာတွေ ဦးချစ်မောင်ရဲ့ ဆောင်းပါးနဲ့ပဲ အတော်ကြီး ရှင်းသွားပြီ” ဟု ပြောခဲ့ပေသည်။ ဖ.ဆ.ပ.လ ဗဟိုဦးစိးအလုပ်အမှုဆောင်တွင် ပါဝင်သော ဦးချစ်မောင်ကို နိုင်ငံရေးသမားတစ်ယောက်အဖြစ် မြင်ပါလျှင် ဘယ်လိုနိုင်ငံရေးသမားတစ်ယောက်အဖြစ် ရပ်တည်နေသည်ကို ကောင်းစါာ သုံးသပ်နိုင်ပါသည်။ မိမိအရေး၊ မိမိအဖွဲ့အစည်းအတွက်မဟုတ်ဘဲ နိုင်ငံတော်အရေးအတွက်သာ တကယ်ရှေ့ရှုလုပ်ဆောင်သွားသော “ကိုယ်ကျိုးစွန့် နိုင်ငံရေးသမား” တစ်ယောက် ဖြစ်သည်။
တိုင်းသစ်ပြည်သစ် တည်ဆောက်လိုလျှင်
“ယခုအခါ ကျွန်ုပ်တို့သည် နိုင်ငံတော်သစ်ကြီးတစ်ခုကို မီးဟုန်းဟုန်းတောက်လောင်နေသည့် အပျက်အစီးများအကြား၌ ပြုစုပျိုးထောင်လျက်ရှိကြလေသည်….” အစချီသော “နိုင်ငံတော်သစ်သို့” အမည်တပ်၍ စာတမ်းတစ်စောင် ရေးသားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်တွန်းမှုဖြင့် ယင်းစာတမ်းကို ရေးသားခဲ့ခြင်းဖြစ်သည်။ ဤစာတမ်းကား နိုင်ငံတော်သစ်ကို တည်ထောင်လိုသူများ အထထူးသတိချပ် လေ့လာမှတ်သားအပ်သော စာတမ်းဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်ကြီးအား အနော်ရထာမင်းစော တည်ဆောက်ခဲ့ရပုံ၊ ဒုတိယမြန်မာနိုင်ငံတော်အား ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ တတိယမြန်မာနိုင်ငံတော်အား အလောင်းမင်းတရားကြီးတို့ တစ်ဆင့်ထက်တစ်ဆင့် ထူးကဲခြားနားစွာ တည်ဆောက်ခဲ့ရပုံတို့နှင့် လက်ရှိစစ်ပြီး မျက်မှောက်အခြေအနေတို့ကို ဖော်ပြထားပါသည်။ ဤစာတမ်းဖြင့် လာမည့် နိုင်ငံတော်သစ်ကြီးအား အဘယ်သို့ နှလုံးမူလျက်ပြည်သစ်ထူဖို့ကို စာရေးဆရာသည် နိုင်ငံထူထောင်ရေးသမားတစ်ယောက်အမြင် (Stateman’s View) တင်ပြသွားခဲ့သည်။
နိုင်ငံတော်ဈာပနတစ်ခု
ရွှေတိဂုံဘုရား တောင်ဘက်ရှိ ဦးဘရီဇရပ်တွင် နိုင်ငံတော်လုပ်သား ဦးချစ်မောင်သည် တိတ်ဆိတ်စွာလဲလျောင်းနေ၏။ များထွေသော ပရိသတ်ကြီးက သူ့အား နှမြောတသသဖြင့် ကြည့်နေကြသည်။ သေဆုံးချိန်တွင် ဦးချစ်မောင်အသက် (၃၅) နှစ်သာ ရှိသေး၏။ ဦးချစ်မောင်၏ ဈာပနအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းက “ကျုပ်တို့တော့ လက်ရုံးတစ်ဖက် ပြုတ်သွားပြီ… ” အစချီ၍ ဦးချစ်မောင် အကြောင်းများနှင့်အဆုံးသတ်တွင် “ဦးချစ်မောင်လို လူမျိုးကိုတော့ ခြေလျင်ပို့သင့်ပါတယ်” ဟု ပြောခဲ့သည်။
ဗိုလ်ချုပ်မှစ၍ ဖ.ဆ.ပ.လ အဖွဲ့ဝင်များ၊ သတင်းစာဆရာများ၊ စာရေးဆရာများ၊ နိုင်ငံရေးသမားများ၊ အနုပညာရှင်များ၊ ရုံးသူရုံးသားများ၊ ဆွေမျိုးမိတ်သင်္ဂဟများနှင့် ဈာပနပို့ဆောင်သူ လူထုကြီးသည် ဦးဘရီဇရပ်မှ ထွက်ခဲ့ကာ အသင့်စောင့်နေသော ကားများပေါ်သို့ မတက်တော့ဘဲ ဦးချစ်မောင်အား “နိုင်ငံတော်ဈာပန” အဖြစ် နောက်ဆုံးခရီး ကြံတောသုဿာန်အထိ ခြေလျင်ပို့ခဲ့ကြသည်။ ဦးချစ်မောင်သည် သီးခြားဇရပ်ဆောင်တစ်ခုတွင် အတန်းလိုက်ရှိနှင့်ပြီးသော ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်၊ ဒုတိယဘုရင်ခံ ဆာဂျေအေမောင်ကြီး၊ ၀ံသာနုဦးထွန်းရှိန်တို့၏ ဂူများဘေးအစွန်ဆုံးနေရာသို့ ရောက်သွားလျက် “သြော်… အခုမှသာ အေးဆေးစွာ မှေးစက်ရလေပြီကော” ဟု ခန္ဓာကို အနားပေးလိုက်သည်။ (ဂျာနယ်ကျော် ဦးချစ်မောင်လို အုတ်ဖိုသးတွေ ထပ်ပေါ်လာပါစေ…)
မိုးဟိန်း (သားဂျာနယ်ကျော် )
၁၉၉၉ ခုနှစ်၊ ဇန်န၀ါရီလထုတ် ရတနာမြေမဂ္ဂဇင်း
 
(ဆရာမိုးဟိန်း၏ အထက်ပါဆောင်းပါးကို သီဟရတနာစာပေမှ ထွက်ဝေသည့် “ဂျာနယ်ကျော်စီးဆင်းမှု” စာအုပ်မှ ကူးယူဖော်ပြပါသည်။ မျက်ရှုအဖွဲ့အနေဖြင့် အွန်လိုင်းတွင် ကူးယူဖော်ပြခွင့်ကို ကာယကံရှင်မိသားစုထံ ခွင့်ပြုချက်တောင်းခံထားခြင်းမရှိပါ။ ဇန်န၀ါရီ ၁ ရက်၊ ၂၀၁၄ ခုနှစ်တွင် ကျရောက်သော ဂျာနယ်ကျော်ဦးချစ်မောင်၏ (၁၀၂) မြောက်မွေးနေ့တွင် ဦးချစ်မောင်၏ ဂုဏ်ရည်အား အောက်မေ့တသလွမ်းဆွတ်ခြင်းကြောင့်သာ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။)
 
http://www.myatshu.com/2014/01/01/%E1%80%95%E1%80%AF%E1%80%AD%E1%81%8D-%E1%80%95%E1%80%AF%E1%80%AD%E1%81%8D-%E1%80%9E%E1%80%AD%E1%80%9C%E1%80%AC%E1%80%9B%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%AF%E1%80%90%E1%80%B9%E1%80%96/

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်