ကျား ဦးခေါင်းပေါ်ကသူရဲကောင်းနှင့် လူပျင်းဥပဒေ

January 6, 2014
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

နေလင်းညီ
ဇန်န၀ါရီ ၆၊ ၂၀၁၄
စင်ကာပူရောက် လူထွေးသည် ၁၉၈၄-ခုနှစ်က စ၍ အင်းစိန် GTI ၌အတူတက်ခဲ့သော ကျောင်းနေဖက် ၂- ဦးအား Viber call ဖြင့် ဆက်သွယ်၏။သူ့တို့ပြောသော အတွေ့အကြုံများအနက် မှတ်သားဖွယ်ရာများမှာ ဤသို့တည်း။

 

ကျာဦးခေါင်းပေါ်သို့ တည့်တည့်ပြုတ်ကျသဖြင့် သူရဲကောင်းဆု ရသွားသော ထိပ်တင်စိုး အကြောင်းကို စပြောပေအံ့။ ၂၀၁၃- ဇူလိုင်လ ဆန်းပိုင်းတွင် လူထွေးသည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော်ကြီး၌ နေထိုင်လုပ်ကိုင်လျှက်ရှိသော ထိပ်တင်စိုးထံသို့  စကားပြော ဆက်သွယ် နေ၏။ viber call ဖြင့် အင်တာနက်မှတဆင့်ခေါ်ဆိုလျက်ရှိရာ ဖုန်းဖိုးတစ်ပြားမှ မကုန်ပေ။ စင်ကာပူနှင့် အင်္ဂလန်သည် မိုင်ပေါင်းထောင်ချီ (၆၇၄၀ မိုင်) ဝေးကွာလျှက်ရှိသော်လည်း အသံမှာ ကြည်လင်စူးရှပြီး၊ မျက်နှာချင်းဆိုင် ပြောရသကဲ့သို့ပင်၊ ကောင်းမွန်လှချေ၏။ အင်္ဂလန် ထက် များစွာနီးကပ်သော ရန်ကုန်မြို့သို့ viber ပြောဆိုရာ၌ကား၊ ထုံ့ပိုင်း ထုံ့ပိုင်း၊ အထစ်ထစ် အငေါ့ငေါ့ ဖြစ်ရုံမက စကားပြောသံများမှာ တစ်ခါတရံ ဂစ်တာကြိုးတီးခတ်သံများကဲ့သို့လဲ ပြောင်းလဲသွားတတ်ချေသေး၏။

 

ထိပ်တင်စိုးကား လူထွေး GTI ၃ နှစ် တက်ခဲ့ရာဝယ်၊ အတူတက်ဖော် ဖြစ်ခဲ့သည်။ လူထွေးက သခင်ကိုယ်တော်လင်းဟု ဘွဲ့မည် ခံယူသကဲ့သို့ ၊ သူက ထိပ်တင်စိုးဟု ဘွဲ့မည် ခံယူလေ၏။Viber ၏ကျေးဇူးတော်ဖြင့် သူ့တို့ ၂ ဦးမှာ ရှေးဟောင်း နှောင်းဖြစ်တွေရော၊ အတွေ့အကြုံများကိုပါ

ပြောဆိုလိုက်ကြရာ လူချင်းတွေ့ရဘိသကဲ့သို့ ရှိပါဘိတောင်း။

 

ထိပ်တင်စိုး၏ နိုင်ငံရပ်ခြား အတွေ့အကြုံများအရ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိစဉ်သစ္စာရှိ ထူးချွန်လုပ်သားဆု ရခဲ့ပုံမှာကား အောချ လောက်ဖွယ် ဖြစ်ချေ၏။ ခေတ်တစ်ခေတ်၏ ကြေးမုံပြင်ပေတည်း။

 

သူသည် ၁၉၉၅ မှ ၁၉၉၈ ထိ ကမ်ဘောဒီဒယားနိုင်ငံ၌ သစ်အချောထည် စက်ရုံတစ်ရုံတွင် လျှပ်စစ်ပညာရှင်အဖြစ် ရောက်ရှိ လုပ် ကိုင်၏။ ထိုစက်ရုံမှာ ပြင်သစ်လူမျိုး လုပ်ငန်းရှင်တစ်ဦး၏ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး၊ အိန္ဒိယနိုင်ငံသား၊ ထိုင်းနိုင်ငံသားများလည်း ဝင်ရောက်လုပ် ကိုင်နေ လေ၏။ ထိုစဉ်က ကမ္ဘောဒီးယားနိုင်ငံတွင် ဟွန်ဆန်နှင့် သီဟာနု၏ သားတော်တစ်ပါးတို့သည် အာဏာကို ပူးတွဲယူထားကြသော်လည်း သင့်မြတ်ခြင်းမရှိပဲ မကြာခဏ ကတောက်ကဆ ဖြစ်လေ့ရှိကြကုန်၏။

 

တစ်နေ့သ၌တွင်ကား သူ့တို့အုပ်စုနှစ်စု အတင်းမာဆုံးဖြစ်ကာ တိုက်ကြလေသည်။ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားရာမှ ထွက်ပေါ်လာသော သေနတ်သံများသည် ထိပ်တင်စိုးတို့ မြို့စွန်ရှိ သစ်စက်ဆီသို့လည်းရောက်ရှိလာ၏။ စက်ရုံဝန်ထမ်းများကား မနေရဲကြတော့ပြီ။

 

နိုင်ငံအသီးသီး၏ သံရုံးများသည် ကမ္ဘောဒီးယားရှိ သူတို့လူမျိုးများကို အမြန်ဆုံး စုစည်း၍ သူတို့နိုင်ငံများသို့ ပြန်သွားနိုင်အောင် စီစဉ်ပေး လျှက်ရှိကြ၏။ ထိုသံရုံးမျာနှင့်မတူပဲ တုံဏှိဘာဝေ ဆိတ်ဆိတ်နေသောသံရုံးကား မြန်မာနိုင်ငံသံရုံးပေတည်း။ ဘာအစီအစဉ်ကိုမျှ ဆောင် ရွက် မပေးပေ။

 

ထိုစဉ်က မြန်မာနိုင်ငံရှိ အာဏာသိမ်း စစ်အစိုးရသည် ပြည်ပသို့ထွက်ခွာ၍ အလုပ်လုပ်သော မြန်မာနိုင်ငံသားများကို ရှုတ်ချလှောင်ပြောင်လေ့ ရှိ၏။ပြည်ပအားကိုး ပုဆိန်ရိုး စာရင်းတွင်ထည့်၏။ မြန်မာနိုင်ငံထဲမှာ ငတ်သေသောမသာ မရှိပါဟုပြော၏။ ငတ်သေသော မသာနှင့် အာ ဟာရချို့တဲ့လို့သေသော မသာမှာ အတူတူပင်ဖြစ်သည်ဟု အချို့က ချေပ၏။ ထိုချေပချက်ကို အစိုးရက လက်မခံ။ လက်မခံသော်လည်း၊ ပြည်ပသွား မြန်မာနိင်ငံသားများထံမှ အခွန်ငွေများကိုမူ အတင်းအဓမ္မပင် လက်ခံရယူလျှက် ရှိခဲ့လေသည်။

 

စက်ရုံတွင် လုံခြုံရေးဝန်ထမ်း (အစောင့်) များနှင့် ထိပ်တင်စိုးတို့သာ ကျန်ရစ်ခဲ့၏။ ဘာအလုပ်မျှ မလုပ်ရ။ ချက်ပြုတ်စားသောက်လိုက်၊ အိပ် လိုက်၊ တိုက်ပွဲသတင်းကိုနားထောင်လိုက်ဖြင့်သာ အချိန်ကုန်ကြရ၏။ လပိုင်းမျှအကြာတွင် ဟွန်ဆန့်တို့က အနိုင်ရထိန်းချုပ်နိုင်သဖြင့် စက် ရုံ အလုပ်ရုံများပုံမှန် လည်ပတ်နိုင်ဖို့စီစဉ်ကြရသည်။

 

 

မကြာမီတွင် ထိပ်တင်စိုးထံသို့ဂုဏ်ပြုလွှာ ကဒ်ပြားတစ်စောင် ရောက်ရှိလာ၏။ ပြည်တွင်းစစ်ပွဲကာလ၌ပင် စက်ရုံကို စွန့်ခွာခြင်းမရှိပဲ ၊သစ္စာ ရှိရှိ ကြံ့ကြံ့ခံခဲ့သဖြင့် ဂုဏ်ပြုပါကြောင်း သူ့ကုမ္မဏီက ဖော်ပြထား၏။ သစ်ပင်ပေါ်၌ ခါချဉ်ကိုက်ခံရသူသည် အပင်အောက်၌ အိပ်မော ကျနေသော ကျား၏ဦးခေါင်းသို့တည့်တည့်ပြုတ်ကျရာ ကျားသေသွားသဖြင့် သူရဲကောင်းဆုရသွားကြောင်း ကာတွန်းဇာတ်လမ်းတစ်ခု၌ ဖတ်ဖူး၏။ ထိပ်တင်စိုးလည်း ဤသို့ဤနှယ်မျိုးလားဟု လူထွေး စဉ်းစားနေသည်။

xxxx

 

လူပျင်းအားပေးသော ဥပဒေစည်းမျဉ်းပေလောဟုတွေးစရာ အတွေ့အကြုံကို ဆက်၍ဖတ်ကြဦးစို့။ GTI တုန်းက ကျောင်းနေဖက် မစ္စတာ ဇော်သည် စင်ကာပူသို့ရောက်နေသော လူထွေးနှင့် မကြာခဏအဆက်အသွယ် လုပ်သည်။ သူ နေထိုင်ရာ လန်ဒန်ရွှေမြို့တော်ကြီးမှနေပြီး ၂၀၁၃ ဇွန်လအတွင်း ဖုန်းလိုင်းဖြင့် တစ်မျိုး၊ viber ဖြင့် တစ်သွယ် လေပေါလိုက်ကြရာ ရှေးဟောင်းနှောင်းဖြစ်တွေ စုံသွားကြသည်ဟူသတတ်။

 

ဇော်သည် ၁၉၈၈ အရေးအခင်းပြီးနောက်ပိုင်း၌ ပြည်ပနိုင်ငံများသို့ထွက်၍ ငွေကြေးအရင်းအနှီး ရှာဖွေသည်။ ထိုင်ဝမ်တွင် သင်္ဘောလိုက် ဖူးသည်။ ကုန်းပေါ်တွင်လည်း ဟိုအလုပ်၊ သည်အလုပ် လုပ်ဖူးသည်။ ၁၉၉၄ လောက်တွင် မြန်မာပြည်သို့ပြန်လာကာ  ဆောက်လုပ်ရေးလုပ် ငန်းအသေးစားလေးတွေ စမ်ပြီး လုပ်ကြည့်သည်။ လေဘာကိုလည်း မထိန်းနိုင်။ ပစ္စည်း (Meterial) ကိုလည်း မထိန်းနိုင်သဖြင့် လန့်ဖျတ်ကာ ရပ်ပစ်လိုက်သည်။ မရပ်လျှင် ရှိတာပြောင်သွားမည်ဟုဆို၏။

 

ကားဝယ်ရောင်း လုပ်သေး၏။ များမကြာမီ သြစတြေးလျှနိုင်ငံရှိ တက္ကသိုလ်ကောလိပ်များသို့ပို့ပေးသောပညာရေးဝန်ဆောင်မှုကို လုပ် သည်။ ထိုနိုင်ငံ၏ လူဝင်မှု ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကိုဖတ်ရှုသဘောပေါက်ပြီးသကာလ၊ သူ့ဇနီးနှင့် ကလေးငယ်လေးကိုခေါ်ပြီး သြစီသို့ သွားရောက်နေထိုင်သည်။ သူမျှော်မှန်းသလို သူ့ဇနီးက သြစီမှာ ကိုယ်ဝန်မရပါ။ ကလေးမမွေးပါ။ အဲသည်မှာ ကလေးမွေးခဲ့ သော်…ထိုကလေးကို အကြောင်းပြုကာ၊ သြစီမှာအခြေချဖို့ လွယ်ကူပါပေသတဲ့။ ဘယ့်နှယ် ဥပဒေပါလိမ့်။

 

တွက်ကိန်းမဝင်၍ ကိုဇော့်တို့မိသားစု ရန်ကုန်သို့ပြန်ရောက်လာကြသည်။ဟိုလုပ် သည်လုပ် လုပ်နေသေး၏။ မလေးရှား၊ စင်ကာပူ၊ ကာတာ ဖက်သို့ အလုပ်သမားပို့သောဝန်ဆောင်မှုတွေလဲ စလုပ်သည်။ အင်္ဂလန်သံရုံးတွင် ဗီဇာအတွက် အင်တာဗျုးဝင်တော့ ကိုဇော့်တို့မိသားစု ရသွားကြသည်။ လန်ဒန်ရောက်ပြီး မကြာမီ သူ့ဇနီးက ကိုယ်ဝန်ရတော့သည်။ ထိုကလေးကိုအကြောင်းပြု၍ သူတို့ ထောက်ပံ့ကြေး ရသည်။ အခြားသော အခွင့်အရေးတွေလဲ ရသည်။ သူ့ဇနီးမှာ လန်ဒန်နှင့် အဆင်ပြေပုံရ၏။ ကလေးတွေ ဆက်တိုက်မွေးလိုက်ရာ၃-ယောက် ဖြစ်သွား၏။ မြန်မာပြည်က ပါလာသောသမီးနှင့် ပေါင်းလျှင် ၄ ယောက်။ ထို ၄ ယောက် အတွက်ရရှိသောထောက်ပံ့ကြေးများမှာ မနည်း လှပေ။ သူ့တို့ အဆင်ပြေနေခဲ့၏။ (ယခုနောက်ပိုင်း၌မူ ထောက်ပံ့မှုများလျော့နည်းသွားသည်ဟု သိရ၏။)

 

တစ်ရံခါတွင် သူသည် မြန်မာအစားအသောက်များနှင့် မြန်မာအသုံးအဆောင်များ  ရောင်းသောဆိုင်ကို ဖွင့်လေသည်။ ဆိုင်ခန်းငှားခက ဈေးကြီးသည်။ အစားအသောက် အသုံးအဆောင်များအတွက် ရင်းနှီးငွေကလည်း ရှိသေးသည်။ အလုပ်သမားခကို မတတ်နိုင်သဖြင့် သူတို့လင်မယားကိုယ်တိုင် ဝင်ကျဲကြလေသည်။ အမြတ်အစွန်းကိုတွက်ချက်ရာ သိပ်မကိုက်လှ။ အဆိုးဆုံးကတော့ အလုပ်အကိုင် ရှိသည် ဟုဆိုကာ ကလေး ၄ ယောက်အတွက်ရနေသော ထောက်ပံ့ငွေများ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။ ဆိုင်ရဲ့အမြတ်ငွေက ထောက်ပံ့ငွေ စုစု ပေါင်း၏ထက်ဝက်ပင် မရှိ။ သူ့တို့ လင်မယား ထိတ်လန့်ပြီးလျှင် မြန်မာဆိုင်လေးကို ကမန်းကတန်း အမြန်ဆုံး ပိတ်ပစ်လိုက်ကြရလေသတတ်။

 

အံ့သြရယ်တဲ့မှ မကုန်နိုင်ဖွယ်ဆိုသော အင်္ဂလန်နိုင်ငံ၏ ဥပဒေပါတကား။ မိန်းမများများယူ၊ ကလေးများများမွေးသော သူတို့နှင့်ကား တော် တော်အဆင်ပြေမည့်ဥပဒေဖြစ်သည်။ ထိုစည်းမျဉ်းများ အဘယ်သို့သောအကြောင်းကြောင့် ဖြစ်ပေါ်တည်ရှိနေရသည်ကို ရေရေလည်လည် ရှင်းပြနိုင်သူရှိလျှင် ကောင်းလေစွ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရေခြားမြေခြား မြန်မာများ

One Response to ကျား ဦးခေါင်းပေါ်ကသူရဲကောင်းနှင့် လူပျင်းဥပဒေ

  1. kokomaung on January 7, 2014 at 6:16 pm

    အော်စီမှာ လည်း အဲဒီလိုရတယ်ပြောတယ်၊ အဲဒါကြောင်. ကုလားတွေ လှေစီးပြီး ၀င်နေကြတာတဲ.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်