ရောက်တတ်ရာရာအတိုအစများ

January 9, 2014

နှစ်ဆယ်ကျော်အလွမ်း (ဘန်ကောက်မှာ ဒုတိယပိုင်း) 

မောင်ရင်ငတေ

ဇန်န၀ါရီ ၉၊ ၂၀၁၄

 

ဆူခိုထိုင်းမြို့ဟောင်း

 

ဘန်ကောက်အကြောင်း ထိုင်းနိုင်ငံရဲ့အကြောင်းတွေကို အရင်တလောက နှစ်ပုဒ် ရေးဖြစ်ခဲ့ပါတယ်၊ တကယ်တမ်း ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုတာ ရွှေပြည်တော်သူ ရွှေပြည်တော်သားတွေ အတွက် သိပ်ပြီးတော့ ထူးဆန်းထွေလာ ပြောနေစရာ မလိုတဲ့ နယ်မြေတခု မြို့တမြို့ပါ၊ ဟိုးရှေးရှေး ဗမာ ဘုရင်တွေ ဘုရင့်နောင်တို့ အလောင်းဘုရားတို့ ဝါးရင်ဒုတ်ကိုင်ပြီး သိမ်းယူခဲ့တဲ့ ခေတ်ကာလတွေ မတိုင်ခင်ကတဲက ရှမ်း ဗမာ မွန် ကရင် ထားဝယ်တွေ ပြောင်းရွှေ့ပြီးအခြေစိုက် နေထိုင်ကြခဲ့ရာ နယ်မြေတွေပါ၊ ဥရောပမြေမှာလို အီတလီတွေ စပိန်တွေက ပြင်သစ်လူမျိုး ဖြစ်နေကြပြီး ပြင်သစ် တွေက အင်္ဂလန်သွား ယနေ့ဂျာမန်တွေဆိုတာ မူရင်းလူမျိုးက ပိုလန်တွေ ချက်တွေ သြစတြီးယား တူရကီတွေ ဖြစ်ခဲ့သလို မွန် ရှမ်း ဗမာ ကရင်တွေက ဒီကနေ့ ထိုင်းမြေကို ရောက်ရှိနေကြတာက ကြာပြီဖြစ်သလို ထိုင်းလူမျိုးတွေ ဖြစ်နေကြပြီ ဖြစ်ပါတယ်၊

ထိုင်းနိုင်ငံ အလယ်ပိုင်း ဘန်ကောက်မြို့ မြောက်ဖက် မိုင်နှစ်ရာငါးဆယ်လောက်မှာရှိတဲ့ Sukhothaï ဆူခိုထိုင်း နယ်မြေတို့ ဘန်ကောက်မြို့နဲ့ တဆက်တည်းမှာ တည်ရှိတဲ့ Pathum Thani ပထုံသာဏီ နယ်မြေတွေ ဆိုတာက မွန်လူမျိုးတွေနဲ့ အများကြီး ပတ်သက်ခဲ့တဲ့ နယ်မြေတွေဖြစ်တယ်လို့ လူပြောများကြတဲ့ နယ်မြေတွေပါ၊ ရှမ်းလူမျိုး ဆိုတာကလည်း Tai Yai ထိုင်းယိုင်လို့ ပြောကြတာဖြစ်ပြီး စကားပြောကလည်း သိပ်ကွာခြားလှတာ မဟုတ်ပါဘူး၊ ၁၄ ရာစု Ayutthaya အယုဒ္ဒယခေတ်မှ အယုဒ္ဒယသားတွေက သူတို့ကိုယ်သူတို့ Tai လို့ ခေါ်ဝေါ်ခဲ့ကြတယ်လို့ ဆိုပါတယ်၊

အဲလို ရှေးနှစ်ပေါင်းများစွာကပင် ထိုင်းမြေကြီးမှာ အခြေစိုက် နေထိုင်နေကြတဲ့ ရွှေပြည်တော်နယ်ဖွား ရွှေလူမျိုးများစွာ ရှိခဲ့ကြလို့ မထူးဆန်းပါဘူး ဆိုလို့ရနိုင်ပေမဲ့ မောင်ရင်ငတေတို့လို ၁၉၈၈ နှစ်လွန်ခေတ်ပျက်ကာလတွေမှာ ဘန်ကောက်မြို့ပေါ် အစုအပြုံလိုက် ရောက်ရှိလာကြတဲ့ ရွှေပြည်တော်သား လူငယ်ခြေကျများရဲ့ နေထိုင်ရပ်တည်ခဲ့ကြရတဲ့ ဘဝတွေက တမျိုးတဘာသာ ထူးခြားတယ်လို့တော့ ဆိုရမှာပါ၊ ဘန်ကောက်မြို့မှာ အခြေချ နေထိုင်ကြဖို့ထက် ဘန်ကောက်ကို တဆင့်ခံပြီး ရေကြည်ရာမြက်နုရာ ဆက်သွားကြသူတွေ ရာခိုင်နှုန်းက ပိုလို့များပြား ခဲ့တာပါ၊

အဲဒီလို ဘန်ကောက်ကို ဖြတ်သွားခဲ့တဲ့ ရွှေလူငယ်တွေ များပြားစွာရှိခဲ့ပေမဲ့ ဖြတ်သန်းခဲ့တဲ့ အကြောင်းအရာများကို မှတ်တမ်းတင်ထားတဲ့ စာတွေကိုတော့ သိပ်မတွေ့ရှိရပါဘူး၊

အဲဒါကြောင့် မောင်ရင်ငတေ ဖြတ်ခဲ့သမျှကို မှတ်မိသလောက် ပြန်လည်တင်ပြခြင်းသာ ဖြစ်ကြောင်းပါ၊ ဒီထက် မက ပိုမို သိရှိထားသူများ ရှိခဲ့ပါကလည်း မှတ်တမ်းတင်နိုင်ခဲ့ရင် မောင်ရင်ငတေ ဝမ်းမြောက်စွာဖြင့် ကြိုဆိုပါတယ်လို့ ပြောကြားလိုကြောင်းပါ၊

 

Klong (Canal) Boat Bus or Water Bus in Khlong Saen Saeb

 

ဘန်ကောက်မြို့ကြီးကို မောင်ရင်ငတေတို့ လွမ်းနေမိရတာ အဲဒီလိုမျိုးလေးတွေကလည်း ပါပါတယ်၊ လူဦးရေ ၁၀ သန်းနီးပါးရှိတဲ့ ဒီမြို့မှာ သွားရေးလာရေးကတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးလှပါတယ်၊ အကောင်းဘက်ကတော့ မဟုတ်ပါဘူး၊ ကားလမ်းပိတ်ဆို့မှုမှာ နာမည်ကြီးတာပါ၊  နှစ်ထပ်လမ်းတွေ သုံးထပ်လမ်းတွေ မြေအောက်ရထားလမ်း မိုးပျံရထားလမ်းတွေကော ဘယ်လိုပင်ဆောက်ဆောက် လမ်းမကြီးများပေါ်မှာ ကားတွေပြည့်ကျပ်သိပ်နေတာက ဘန်ကောက်ရဲ့ ဖက်ရှင် ဖြစ်နေဆဲပါ၊ အဲဒါ တွေကြောင့် ဆိုင်ကယ်တက္ကစီတွေ Tuk Tuk သုံးဘီးတွေရယ် ရေချောင်းထဲမှာ ပြေးဆွဲတဲ့ Water Bus အမြန်လှေလိုင်း တွေရယ်ဟာ အဲဒီခေတ်ကာလ အခြေအနေနဲ့ အချိန်အခါက တောင်းဆိုခဲ့လို မရှိမဖြစ် ဆိုသလို ပေါ်ပေါက်လာခဲ့ရတာပါ၊ ဘယ်လို ခရီးသည်ပို့ဆောင်ရေး ပညာရှင်ကြီးတွေကမှ စဉ်းစားတွက်ချက်ပြီး ပြည်သူလူထု အကျိုးစီးပွားအတွက်ဆိုပြီး လုပ်ပေးခဲ့တာမျိုး မဟုတ်ပါဘူး၊

 

 

ကျောက်ဖုရားမြစ်ထဲက ဝါးတားဘတ်စ် (Photo Google)

 

ကမ္ဘာမြို့ကြီးတော်တော်များများမှာ Water Bus လုပ်ငန်းတွေရှိပါတယ်၊ အများအားဖြင့် မြစ်တွင်းမှာ ပြေးဆွဲနေတဲ့ ပုံစံမျိုးပါ၊ ဘန်ကောက်မြို့ Khlong Saen Saeb ခေါ်တဲ့ ရေတူးမြောင်းထဲမှာ ပြေးဆွဲ နေတဲ့ ဝါးတားဘတ်စ် ပုံစံမျိုးကတော့ ဘယ်မှာနဲ့မှ တူနိုင်မယ် မထင်ပါဘူး၊ ရာမ ၃ ဘုရင် (၁၇၈၇-၁၈၅၁) Rama III (Nangklao) လက်ထက် ကမ္ဘောဒီးယားကို စစ်ချီတက်စစ်လက်နက်ပစ္စည်းတွေ တင်ပိုဖို့ ၁၈၃၇ ခုမှာဖောက်လုပ်ခဲ့တာပါ၊ အခုအခါမှာတော့ ဒီရေလမ်းကြောင်းဟာ ဘန်ကောက်မြို့ခရီးသည်ပို့ဆောင်ရေးအတွက် အမြန်လမ်းကြောင်းတခုအဖြစ် မရှိမဖြစ် အသုံးဝင်နေပြီး နောင်နှစ် တော်တော်ကြာထိလည်း အသုံးဝင်နေအုံးမှာပါလို့ တွက်ဆထားကြပါတယ်၊ ဒါပေမဲ့ ဒီရေချောင်းရဲ့ ရေပုတ်နံ့ကတော့ လူပြောသူပြောများလှတာ ကြာပြီဖြစ်ပေမယ့်လည်း ဒီအနံ့ဆိုးကြီး ပျောက်သွားရ လေအောင် ဘယ်ပညာရှင်ကမှ မတတ်နိုင်သေးပါဘူး

၊ ဒီရေချောင်းထဲမှာ ၁၈ ကီလိုမီတာ အရှည်ရှိ Khlong Saen Saep boat service (Water Bus) အမြန်လှေလိုင်း ပြေးဆွဲနေတာပါ၊ ဘန်ကောက်အရှေ့ပိုင်းက မြို့လယ်ကိုသွားဖို့ အမြန်ဆုံး လမ်းကြောင်းတခုပါ၊ ဒီရေချောင်းတွင်းသွား အမြန်လှေ စီးတတ်ဖို့ကတော့ အလေ့အကျင့်ရှိဖို့ လိုအပ်ပါတယ်၊ သူတို့ ဘန်ကောက်သား ဘန်ကောက်သူများ ကတော့ နေ့စဉ်စီးနေကြဆိုတော့ ကျွမ်းကျင်ရာ လိမ္မာနေကြပါပြီ၊ တချို့သော ဘန်ကောက်သူလေး များဆိုရင် ဒေါက်ဖိနပ်စီးပြီး စကတ်တိုလေးတွေနဲ့ လှေအဆင်းအတက်ကို အလှမပျက်စေရပါဘူး၊ မောင်ရင်ငတေတို့တောင်မှ အခါအခွင့်သင့်တိုင်း စီးခဲ့ရလို့ ရိုးသလိုတောင် ဖြစ်ခဲ့တာပါ၊ ဈေးနှုန်းက ခရီးစဉ် အစအဆုံးမှာမှ ဘတ် ၂၀ နီးပါးသာ ကျသင့်တာ ဆိုတော့လည်း သိပ်ပြီး ဈေးကြီးလှတယ် မဟုတ်ပါဘူး၊ အခုနေများ ဘန်ကောက်ကို ပြန်ရောက်ရင် အလွမ်းပြေ အနေနဲ့တော့ သွားပြီးစီးချင်မိ ပါတယ်၊ လူ့ဘဝဆိုတာ ဖြစ်ချင်တိုင်း မဖြစ်နိုင်ပေမဲ့ လွမ်းချင်တိုင်းတော့ လွမ်းလို့ရနိုင်ပါသေးတယ်၊

 

ရေချောင်းနဘေးက ဘန်ကောက်လူမှုဘဝ

 

အဲဒီလို ရေချောင်းလေးတွေရဲ့ ကပ်လျက်ရပ်ကွက်တွေက လူနေမှုဘဝတွေကလည်း ဘန်ကောက် မြို့တော်ကြီးရဲ့ ခေတ်ရေစီးကြောင်းမှာ အဓိကပါဝင်လှုပ်ရှားနေတာပါ၊ ဘန်ကောက်ကိုခဏတဖြုတ်ဖြတ်သန်းသွားရုံနဲ့တော့ ဒါတွေကိုသိမြင်နားလည်နိုင်ဖို့ မလွယ်ကူပါဘူး၊ အဲဒီလိုရေချောင်းနဘေးက ဘဝတွေထဲမှာ မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်သားတွေလည်း စီးဝင်နစ်မျောနေကြဆဲပါ၊ အရေ အတွက်အားဖြင့် ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပေမယ့် သေချာတာတခုကတော့ ဘန်ကောက်မြို့လယ် သွားလေရာမှာ ဗမာစကားသံကို ကြားရနိုင်နေတာပါ၊ အလုပ်လာလုပ်တဲ့သူ အလည်လာတဲ့သူတွေရဲ့ အသံတွေ ရောနေတာမှာ ဘယ်သူအသံက ပိုကြားရမလဲ ဆိုတာကိုတော့ တတ်ကျွမ်းနားလည်သူ ပညာရှင်ကြီးတွေရဲ့အလုပ်ပါ၊ မောင်ရင်ငတေတို့ကတော့ သူတို့ဘဝတွေကို ဘယ်သို့ ညာသို့ ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်လို့ မကြွေးကြော်နိုင်တဲ့ ဘဝတူတွေပါ၊

အဲဒီလို သာမန် ထိုင်းလူမျိုးတွေရဲ့ အိမ်ကြိုအိမ်ကြားတွေကနေ ခပ်သဲ့သဲ့ ကြားနေတတ်တဲ့ ထူးအိမ်သင်ရဲ့ အမေ့အိမ်လို သီချင်းမျိုးတွေကို ကြားရတတ်သလို အားရပါးရ ဗမာလို ဆဲသံ ဆိုသံ ကြိမ်းမောင်းသံများကိုလည်း မကြားချင်မှ အဆုံးရယ်ပါ၊ ဘန်ကောက်ရဲ့ မိုးမျှော်တိုက်ကြီးများ နောက်ကွယ်က ရွှေ ပြည်တော်သူ ပြည်တော်သားများရဲ့ ဘဝများကိုလည်း အသေအခြာ လေ့လာတင်ပြချင် စိတ်တော့ မောင်ရင်ငတေမှာလည်း ရှိနေပေမဲ့ ကိုယ့်ရဲ့ဘဝ ကိုယ့်ရဲ့ဒုက္ခများနဲ့ ချာလပတ်လည်နေတာကြောင့် ဘန်ကောက်ကို မရောက်ဖြစ်ခဲ့တာ သုံးလေးနှစ် ရှိခဲ့ပါပြီ၊

အရင်တုန်းကတော့ ဘန်ကောက်မြို့ကို ရောက်ရင် တည်းခိုစရာ မောင်ရင်ငတေရဲ့ မိဘများရဲ့ နေအိမ်ရှိလို့ မပူမပင် နေခဲ့ရပေမဲ့ အခုတော့ မောင်ရင်ငတေရဲ့ ဖခင်ဖြစ်သူကလည်း ဒီ ဘန်ကောက် အလွမ်းစာတွေ ရေးနေစဉ်မှာဘဲ ကွယ်လွန် သွားခဲ့တာမို့ ဘန်ကောက်မြို့ကို နောက်တကြိမ် ခြေချဖြစ်ဖို့ ကြာအုံးမှာပါ၊ နောင်များတော့ ကြုံခဲ့ရင် တင်ပြနိုင်ဖို့တော့ ကြိုးစားပါအုံးမယ် ခင်ဗျာ၊

 

ရေချောင်းနဘေးက ဘန်ကောက်လူမှုဘဝ

 

ဘန်ကောက်မြို့လယ် မိုးမျှော်တိုက်များရဲ့ နောက်ကွယ်က ရေချောင်းနဘေးနေ ဘဝများတွေထဲက ရှင်သန်ခဲ့ကြသူ တချို့တလေကတော့ ဘဝပြောင်းပြီး တိုးတက် အောင်မြင်မှု လမ်းကြောင်းပေါ်ကို ရောက်ရှိကောင်း ရောက်ရှိခဲ့သူတွေ ရှိနိုင်ပေမဲ့လည်း လူအများစုကတော့ လမ်းဘေးဈေးရောင်း ဆိုင်ကယ်မောင်း ဘဝတွေထဲမှာသာ တဝဲလယ်လယ် ကျင်လည်နေကြရသာပါ၊

အဲဒီလို ဆိုင်ကယ် မောင်းစားနေသူ ဦးရေက ဘယ်လောက်များပြားတယ်ဆိုတာ မှတ်တမ်းမှတ်ရာတွေ ရှာဖွေ တွေ့ရှိဖို့ မလွယ်ကူပေမဲ့ ဘန်ကောက်မြို့ အပါအဝင် ထိုင်းနိုင်ငံ တကြောလုံးမှာ လက်ညိုးထိုးမလွဲ အလွယ် တကူ တွေ့ရှိရမှာကတော့ ဆိုင်ကယ်တက္ကစီ မောင်းစားသူတွေပါ၊ ဘန်ကောက်မြို့ပေါ်မှာ မြို့ပြင်မှာ ထိုင်းတနိုင်ငံလုံးမှာ ဆိုင်ကယ်စီးရေ သန်းပေါင်းများစွာ ရှိနေပါတယ်၊ အဲဒီ သန်းပေါင်း များစွာသော ဆိုင်ကယ်တွေမှာ တဝက်လောက်က မောင်းစားသူတွေ ဖြစ်မှာပါ၊ မောင်ရင်ငတေတို့ ထိုင်းရောက်စ ကာလက ကောင်မလေး ခပ်ငယ်ငယ် ချောချောလေးတွေ ရုပ်ကြမ်းကြမ်းနဲ့ ဆိုင်ကယ်မောင်းသမား နောက်မှာ ခပ်ကော့ကော့လေးပါသွားတာကို အံသြစိတ်နဲ့ ကြည်မိခဲ့ရတာကို အမှတ်ရမိကြောင်းပါ၊

 

မရှိမဖြစ်သောဆိုင်ကယ်တက္ကစီ

 

ဘန်ကောက်မြို့ရဲ့ မြို့လယ်မြို့ပြင်လမ်းဒေါင့်တွေတိုင်းမှာ တွေ့ရှိရမှာကတော့ ဆိုက်ကားဂိတ်လိုမျိုး ဆိုင်ကယ်ဂိတ်တွေပါဘဲ၊ အဝေးပြေး လမ်းမကြီးတွေရဲ့ ရွာအဝင် လမ်းထိပ် ဇရပ်လေးတွေမှာလည်း ဒီလိုမျိုး ဆိုင်ကယ်တက္ကစီသမားတွေကို အနည်းဆုံးတော့ တစီးစ နှစ်စီးစတော့ မြင်တွေ့ရမှာပါ၊ အဲဒီ နေရာမှာလည်း ဥရောပနိုင်ငံတွေနဲ့ ကွာသွားပြန်တာပါဘဲ၊

ဥရောပမှာကတော့ ဘတ်စ်ကားဂိတ်တို့ ဘူတာရုံတို့ လမ်းထိပ်တို့ကနေ ကိုယ်နေထိုင်ရာ လမ်းအတွင်းပိုင်းကိုသွားဖို့ရာ ဆိုင်ကယ်ဆိုက်ကား ဘာတခုမှ မရှိတဲ့အပြင် ကုန်ထမ်း အလုပ်သမားမျိုး ရှင်းရှင်းပြောရင်တော့ ဘာကူလီမှ မရှိလို့ ကိုယ့် အထုတ်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်လျှောက်မှသာ ရောက်ရှိနိုင်ပါတယ်၊ စတိုင်လ်မလိုင် အပြည့်နဲ့ တိုင်လ်တွေကုတ်တွေ ဘာတွေဘယ်လို ဝတ်ထားထား ဒီဘက်နိုင်ငံတွေမှာ ကုန်ထမ်းအလုပ်သမား မရှိ လမ်းထိပ်ကနေ အိမ်ရောက်အောင် ငှားစီးစရာ ဘာယာဉ်ဆို ဘာယာဉ်မှ မရှိတာမို့ ကိုယ့်အား ကိုယ်ကိုးမှသာ အိမ်ပြန်ရောက်နိုင်တာပါ၊ ခပ်ဝေးဝေး သွားချင်လို့ တက္ကစီကား ငှားချင်ရင်တောင်မှ ကြိုတင်စီစဉ်ထားမှ ရတာမျိုးပါ၊

ထိုင်းမှာ ဘန်ကောက်မှာကတော့ လမ်းထိပ်တွေ လမ်းဒေါင့်တွေ တိုင်းမှာလိုလို အပေါ်က ချိုင်းပြတ်အင်္ကျီ ဝတ်ဆင်ထားတဲ့ ဆိုင်ကယ်သမားတွေကို တွေ့ရမှာပါ၊ ဆိုင်ကယ်နောက်က တက်ခွထိုင်ပြီး ကိုယ်သွားမှာကို ပြောလိုက်ရုံပါဘဲ၊ စကားများများ ပြောစရာ မလိုအပ်ပါဘူး၊ ဈေးကလည်း မကြီးလှပါဘူး၊ သုံးလေးငါးဘတ်ပါ၊ သိပ်ကောင်းတဲ့ အစီအစဉ်ပါ၊ ခရီး သွားသူရော နှစ်ဦးနှစ်ဘက် အစဉ်ပြေစေတဲ့ အလုပ်ပါ၊ အလုပ်အကိုင် ရှားပါးနေတဲ့ ဒီခေတ်ကြီးမှာ ဒီလိုမျိုး မော်တော်ဆိုင်ကယ် မောင်းသမားတွေ များသထက်များလို့လာတာလည်း မထူးဆန်းပါဘူး၊ ဒီလိုဆိုင်ကယ်အလုပ်မျိုးကို တရားဝင်လိုင်စင်နဲ့ မောင်းခွင့်ပြုထားတဲ့ နိုင်ငံတွေကတော့ ထိုင်းနိုင်ငံ အပြင် တရုတ်ပြည်မကြီးနဲ့ တခြားသော လေးငါးနိုင်ငံမှာသာ ရှိပါတယ်တဲ့၊

မောင်ရင်ငတေ ရောက်ရှိ ခဲ့ဖူးတဲ့ ဥရောပ မြို့ကြီးမြို့ငယ် များမှာတော့ တခါဖူးမျှ မတွေ့ခဲ့ဖူးပါဘူး၊ ဘန်ကောက်မြို့တော်ကြီးနဲ့ ဒီလို လိမ္မော်ရောင်ဝတ် ဆိုင်ကယ်မောင်းသမားတွေကို နောင်နှစ်ပေါင်းများစွာထိတိုင် ယှဉ်တွဲတွေ့ရှိ ရအုံးမှာကတော့ အသေအချာပါဘဲ၊

 

ထိုင်းနိုင်ငံရဲ့ အပြာရောင်သုံးဘီး

 

ဆိုင်ကယ်သမားတွေနဲ့တူ Tuk Tuk ခေါ်ဆိုကြတဲ့ ဘီးသုံးဘီးနဲ့ အပြာရောင်ကားလေးတွေကလည်း ကမ္ဘာပေါ်မှာဘန်ကောက်မြို့ရယ်လို့ လူသိများလာတာနဲ့ ထပ်တူထပ်မျှ ထင်ရှားခဲ့တဲ့ အတွဲအစပ်ပါ၊

မောင်ရင်ငတေတို့ရဲ့ ရွှေပြည်တော်ကြီးမှာလည်း ထိုင်းနိုင်ငံရဲ့ Tuk Tuk ကားကလေးတွေနဲ့ အပြိုင် လိမ္မော်ရောင် သုံးဘီးကားလေးတွေ ခေတ်အတော် စားခဲ့ဖူးပါတယ်၊ ဒါပေမဲ့လို့ ပြောင်းလဲလို့လာတဲ့ ခေတ်ရေစီးကြောင်းတွေနဲ့အတူ မလိုက်နိုင်ခဲ့လို့ ရန်ကုန်မြို့ပေါ်က သုံးဘီးကားလေးတွေဟာ နယ်ပို့ ခံခဲ့ရပြီး ဒီကနေ့ ဆိုရင်တော့ တစတစနဲ့ ကွယ်ပျောက်သွားနေပါပြီ၊ မရှိမဖြစ်အဖြစ် အသုံးပြုခံခဲ့ရပြီး ကျော်ကြားနေခဲ့စဉ်ကာလက သုံးဘီးကားရောင်ဆိုပြီး ခေတ်စားခဲ့တဲ့ဝေါဟာရကို အခုခေတ်လူငယ် နောက်ပေါက်တွေ နားလည်နိုင်ဖို့တောင် မလွယ်တော့ပါဘူး၊

ထိုင်းနိုင်ငံမှာကတော့ အခုခေတ်တိုင် ဆက်လက်တည်ရှိပြီး အသုံးဝင်နေဆဲပါ၊ မူရင်းကတော့ ဂျပန်ရဲ့ Daihatsu ကားလုပ်ငန်းက ၁၉၆၀ ခုနှစ်ဝန်းကျင်မှာ ထုတ်လုပ်ပြေးဆွဲခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံအပြင် တခြားသောနိုင်ငံတွေမှာ အသုံးပြု ခဲ့ကြပေမဲ့ ထိုင်းလောက်တော့ ဘယ်နေရာမှ ထင်ထင်ရှားရှား မရှိဘူးလို့ထင်မိပါတယ်၊ ဘန်ကောက် ပြန်ရောက်ခဲ့ရင်တော့ မစီးမဖြစ်မသုံးမဖြစ် သုံးရအုံးမယ့် စီးတော်ယာဉ်တခု ဖြစ်ရအုံးမှာပါ၊ မီတာမပါ မီတာမသုံးပေမဲ့ ထိုင်းကိုရောက်ရှိလာလေတဲ့ မျက်နှာဖြူ မျက်နှာမည်း တိုးလ်ရစ်တွေပါ အသုံးပြုနေ ရဆဲပါ၊ ဘာမှမဟုတ်တာလို့ ထင်ရပေမဲ့ နှစ်ကာလတွေ ကြာညောင်းလာတာနဲ့အမျှ ဂန္တဝင်မြောက် Tuk Tuk ဖြစ်လာနေတာကတော့ အသေအချာပါ၊

မောင်ရင်ငတေတို့ငယ်စဉ် ရုံးပိတ်ကျောင်းပိတ် ရက်တွေမှာ ဟင်္သာတကနေ ဧရာဝတီရဲ့ သဲသောင်ပြင်ကို ဖြတ်ကျော်ကူးပြီး သာရဝေါဘူတာကနေ ကြည့်မြင်တိုင်ဘူတာသို့ အရောက်မှာ မိသားစုတပြုံကြီး တည်းခိုရာအဖွားအိမ်သို့ လိမ္မော်ရောင် တောက်တောက် သုံးဘီးကား ငှားစီးပြီး သွားခဲ့ရတာကို အခုထိတိုင်အောင် မှတ်မိနေဆဲပါ၊

 

ဘန်ကောက်မြို့လယ်က ရှေးလက်ကျန် နေချင်စရာ သစ်သားအိမ်

 

ဘန်ကောက်မြို့ကြီးရဲ့ ဘယ်နေရာကိုကြည့်ကြည့် လက်ညိုးထိုးမလွဲ တွေ့ရမှာကတော့ အထပ်မြင့် မိုးမျှော် တိုက်မြင့်ကြီးတွေပါ၊ အဲဒီလို တိုက်မြင့်ကြီးတွေ စတင်ပြီး ပေါ်ပေါက်လာချိန်က လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်ကပါ၊ ဘန်ကောက်မြို့ ရာမလေးလမ်းနဲ့ စီလုံလမ်းမ လမ်းဆုံထိပ်နားက Dusit Thani လို ဟော်တယ်မျိုးတွေ စတင်ပေါ်ပေါက်လာချိန်က စတင်ခဲ့တာပါ၊ ဒါပေမဲ့လည်း ဒီလို တိုက်မြင့်ကြီးတွေ ဘယ်လိုပင်ပေါ်လာပေါ်လာ အဲဒီတိုက်အမြင့်ကြီးတွေရဲ့ နောက်ကြားတွေထဲမှာမှ ဘန်ကောက်ရဲ့ လူနေမှုဘဝ အစစ်အမှန်တွေကို တွေ့မြင်ရမှာပါ၊

ဘယ်နေရာကိုကြည့်ကြည့် မြင်နေ တွေ့နေရတဲ့ မိုးမျှော်တိုက်မြင့်ကြီးတွေရဲ့အကြားမှာ ယိုင်နဲ့နဲ့ အိမ်အိုအိမ်ဟောင်းတွေများစွာ တွေ့နေ ရသေးသလို ခေတ်မှီတိုက်ကြီးတွေထက် အိမ်အိုနေပေမဲ့ နေချင်စရာကောင်းတဲ့ သစ်သားအိမ်လေး များလည်း အနည်းငယ် ကျန်ရှိနေတာကို တွေ့ရပါသေးတယ်၊

မောင်ရင်ငတေကတော့ အဲဒီလိုမျိုး ရှေးဟောင်း လက်ကျန် သစ်သားအိမ်အိုလေးရဲ့ အရှေ့ဝရံတာမှာ ဖျာလေးတချပ်ယူ ကျောခင်းပြီး ငယ်ငယ်ကလို အပျင်းထူချင်မိနေပါသေးတယ်၊

 

Mahboonkrong MBK Shopping Mall 2013 (Photo SKKZ DR)

 

ဘန်ကောက်မြို့ကြီးဟာ မောင်ရင်ငတေတို့ ရောက်ရှိခဲ့စဉ် ၁၉၉၀ ကာလက ရွှေလူမျိုးတွေအတွက် မျက်စေ့ပွင့် နားပွင့်မှုတွေ စတင်ခဲ့ရာ ကမ္ဘာသစ်တခုကဲ့သို့ပါ၊ တကယ်တော့ ခေတ်သစ် ကမ္ဘာကြီးနဲ့ အဆက်သွယ် အဖြတ်ခံခဲ့ရတဲ့ မောင်ရင်ငတေတို့အတွက် အံသြစရာတွေကို တွေ့ကြုံခဲ့ရတာကို ဘယ်သူမှ ငြင်းနိုင်လိမ့်မယ် မထင်ပါဘူး၊ စိန်ဂေဟာလောက်ကို စူပါမားကက်ဆိုပြီး အဟုတ်ထင်နေ ခဲ့တာမျိုးတွေ ရန်ကုန်-မန္တလေးကားလမ်း နေ့ချင်းပေါက်ရမည် ဆိုတာမျိုးတွေကို အဟုတ်ထင်ခဲ့တာ မျိုးတွေ ဗိုလ်ချုပ်ဈေးရှေ့ ဆူးလေလမ်းမ ရုပ်ရှင်ရုံများအောက်က တပါတ်ရစ် ရေဘင်မျက်မှန်တို့ ဇစ်ပိုမီးခြစ်တို့လောက် ဝယ်ရတာကို ခေတ်မီလှပြီထင်ခဲ့တာမျိုးတွေ စတာတွေဟာ ဘန်ကောက်ကို ရောက်ရှိပြီး သကာလမှာတော့ ဝါးရင်းဒုတ်ခေတ်မှာ ကျန်ရစ်ခဲ့ပြီ ဆိုတာကို ကောင်းကောင်းကြီးကို သဘောပေါက်ခဲ့ရပါတော့တယ်၊

မောင်ရင်ငတေ ခုလိုမျိုး ရေးတာတွေကို အခုခေတ် နောက်ပေါက် လူငယ်တချို့ကတော့ သဘောတူချင်မှ တူနိုင်မယ်လို့ ထင်မိပေမဲ့ အဲဒီခေတ် မောင်ရင်ငတေတို့နဲ့ ခေတ်ပြိုင်လူငယ် ဖြစ်သူတွေကတော့ ခံစားနားလည်နိုင်လိမ့်မယ် ထင်မိပါတယ်၊ ဝါးရင်းဒုတ်ရာဇဝင် ဖတ်မိရင်း ဝါးရင်းဒုတ်ကို လွမ်းနေသူထဲမှာတော့ မောင်ရင်ငတေလည်းမပါသလို ပါတဲ့သူတွေလည်း သိပ်မရှိလောက်ပါဘူးလို့သာ မျှော်လင့်နေမိကြောင်းပါခင်ဗျာ၊

 

အရှေ့တိုင်းရဲ့ ဗင်းနစ်မြို့တော် La Venise de l’Orient


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်ရင်ငတေ, ရေခြားမြေခြား မြန်မာများ, ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်