သတ္တိနဲ့ ဒီမိုကရေစီဒဏ္ဍာရီအလွမ်း

January 10, 2014

တူမောင်ညို
ဇန်နဝါရီလ ၁၀၊ ၂၀၁၄

“သတ္တိစကား”တွေပြောသံကြားလာရပါတယ်။

 

နေရာ ၂ ခုကနေ၊ လူပုဂ္ဂိုလ် ၂ ဦးက ကိုယ်စီရည်ရွယ်ချက်နဲ့ပြောနေတဲ့ သတ္တိစကားတွေလည်းဖြစ်ပါတယ်။

 

ချင်းပြည်နယ်၊ ဟားခါးမြို့ကနေပြောတဲ့  “သတ္တိစကား” အကြောင်းအရင်ပြောပ့ါမယ်။ ပြောတဲ့သူက ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဖြစ်ပါ တယ်။ “တပ်မတော်”ကို ဦးတည်ပြီးပြောတဲ့ စကားဖြစ်ပါတယ်။ “တပ်မတော်” ဆိုတော့ ကာချုပ် ဗိုလ်မင်းအောင်လှိုင် ကို ရည်ရွယ်ပြီး ပြောတာပါ။ ကောက်နုတ်ဖော်ပြပါ့မယ်။

 

“တပ်မတော် အနေနဲ့ သတ္တိရှိရှိ (၂၀၀၈ အခြေခံဥပဒေ) ပြင်ဆင်ပေးရမယ်၊  တပ်မတော်လုပ်ပြီး သတ္တိမရှိရင် ဘယ်လို လုပ် မလဲ၊ သတ္တိဆိုတာက တိုက်ရဲခိုက်ရဲမှ သတ္တိခေါ်တာမဟုတ်ဘူး၊ လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန် လုပ်ရဲမှသတ္တိခေါ်တယ် ၊ တိုင်းပြည်ကို ပြန်လည်ထူထောင်နိုင်အောင် တပ်မတော်က သတ္တိရှိရမယ်”

 

ကာချုပ်သတ္တိဆိုတာ ပြချင်တိုင်းပြလို့ရတာမဟုတ်ပါဘူး။ “နောက်ကွယ်” က “သတ္တိပြဟေ့” ဆိုတဲ့ ကြိမ်ဒဗျာ (တံဖျာ) ဝင့် လိုက်မှ ပြရ/ ပြောရတာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ တကယ့်မူလသရုပ်မှန်ဖြစ်ပါတယ်။ ဒါကြောင့် ကာချုပ်ဗိုလ်မင်းအောင်လှိုင်မှာ “လုပ်သင့် လုပ်ထိုက်တာကို မှန်မှန်ကန်ကန်လုပ်ရဲတဲ့သတ္တိ” မရှိဘူးဆိုတာကို ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငဲ့ညှာထောက် ထားပြီး နားလည် ပေးသင့်ပါတယ်။

 

ကာချုပ်ဗိုလ်မင်းအောင်လှိုင်ဟာ စစ်သားဆိုတော့ “တုံးဆိုတိုက် ကျားဆိုကိုက်” မယ့် စစ်သားသတ္တိ အပြည့်ရှိလိမ့်မယ်ဆိုတာ ကျနော်ယုံတယ်။ ဒါပေမယ့် စစ်သားသတ္တိဆိုတာ အထက်က အမိန့်ပေးမှ ပြလို့ရတဲ့သတ္တိဖြစ်ပါတယ်။ အထက်ကအမိန့်မပေးဘဲ၊ သတ္တိ ပြရင် အမိန့်မနာခံမှု၊ စည်းကမ်းမလိုက်နာမှုဖြစ်ပါတယ်။ အနိမ့်ဆုံး ကွာတားအချုပ်ထဲဝင်ရပါလိမ့်မယ်။

 

အမိန့်မပေးဘဲ။ စစ်သားသတ္တိပြတာတော့ ၂ ကြိမ် ၂ ခါသတိပြုမိပါတယ်။ ပထမတစ်ခါက ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ဒီရေမြင့်နေတဲ့ကာလမှာဖြစ်ပါတယ်။ တပ်မတော်သားတွေအရေးတော်ပုံကြီးထဲ ပါဝင်လာတဲ့ကိစ္စဖြစ်ပါတယ်။

 

ဒုတိယ အကြိမ်က ၁၉၉၀ ရွေးကောက်ပွဲမဲပေးစဉ်က ဖြစ်ပါတယ်။ မင်္ဂလာဒုံလိုစစ်တပ်နယ်မြေက တပ်မတော်သားတွေဟာ ဒီချုပ်(တစ်ခါက ဒီချုပ်) အား မဲတွေပုံအောပေးခဲ့ကြပါတယ်။

 

ဒါကြောင့် အဲဒီလက်တွေ့ဖြစ်ရပ် ၂ ခုကနေ ဒီလိုနိဂုံးချုပ်ကြည့်ပါတယ်။

 

တပ်မတော်သားတွေ သတ္တိကောင်းကောင်းပြသနိုင်ဖို့ ပြည်သူဘက်ကရပ်တည်လာဖို့၊ ပြည်သူလူထုလှုပ်ရှားမှုထဲပူးပေါင်းပါဝင် လာဖို့၊ ပြည်သူတွေနဲ့အတူ သူတို့ဆန္ဒမဲတွေကို သူတို့ကြိုက်တဲ့ နိုင်ငံရေးပါတီကိုပေးဖို့ဆိုရင် လူထုတိုက်ပွဲရှိမှဖြစ်မယ်။ လူထုလှုပ်ရှားမှု တွေအားကောင်းနေစေရမယ်။ ဒီလိုမှမဟုတ်ရင်တော့ စစ်သားတွေဟာ အမိန့်ဆိုတဲ့နှောင်ကြိုး (၆၀) အောက်မှာ ပြားပြားဝပ်နေကြရပြီး။ ပြည်သူဆန့်ကျင်ရေး၊ ဒီမိုကရေစီဆန့်ကျင်ရေးအလုပ်တွေကို အထက်ကပေးတဲ့အမိန့်အတိုင်း လုပ်ကြရပါလိမ့်မယ်။

 

ဒါကြောင့်တပ်မတော်သားတွေသတ္တိရှိလာဖို့ဆိုရင် လူထုတိုက်ပွဲရှိရမယ်။ အားကောင်းရမယ်။

 

ဒီချုပ်ဥက္ကဋ္ဌက အခုလို “သတ္တိစကား” တွေပြောလာပြန်တော့ ကျနော့်မှာ တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားလာရပြန်ပါတယ်။ ဒါပေမယ့် ခဲမှန်ဖူးတဲ့ စာသူငယ်ရဲ့ “သတိ” မျိုးတော့ရှိပါတယ်။

 

သာယာဝတီနဲ့ အဖျောက်က “စိန်ခေါ်သံတွေ” ကြားရတုန်းကလည်း ကျနော့်လက်သီးတွေကျစ်ကျစ်ပါ အောင်ဆုပ်မိသွား တယ်လို့ရေးခဲ့ဖူးပါတယ်။  ဒါပေမယ့် ဒီ “စိန်ခေါ်သံတွေ” ဟာ “သဘောတရားအရ” နဲ့ “အိုင်ဒီယာအရ” ပြောတာပါဆိုပြီး။  “၂၀၁၅ ရွေးကောက်ပွဲကြီးကို ဒီချုပ်က ၂၀၀၈ အခြေခံဥပဒေပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ၊ ဝင်ကို ဝင်မယ်” ဆိုတဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကြီး၊ အီးစီအဖွဲ့ဝင်လူကြီး ဦးဉာဏ်ဝင်း ရဲ့ ပြောစကားမှာ တစ်စစီ၊ တစ်စစီ ဝေ့ဝဲလွင့်ပါးသွားခဲ့ရပါတယ်။

 

ဒီဖြစ်ရပ်မှာ “လေးပစ်သူ”  ကဦးဉာဏ်ဝင်း၊ “လွမ်းရသူ” က ဦးဝင်းတင်ဖြစ်ပါတယ်။

 

“ကျုပ်တော့ ဒီအသည်းနာစရာကြီးကို ၂၀၀၉၊ ၂၀၁၀ဗဟိုကော်မတီခေတ်နိုင်ငံရေးဒဏ္ဍာရီလွမ်းစရာနဲ့ဖြေလိုက်သဗျို့” ဆိုပြီး ဦးဝင်တင်က သူ့ရဲ့အသည်းကွဲဒီမိုကရေစီကို ရင်ဖွင့်ထားပါတယ်။ ၂၀၀၉ ဗဟိုကော်မတီဆုံးဖြတ်ချက်၊ ၂၀၁၀ မတ်၊ ဗဟိုကော်မတီ ဆုံးဖြတ်ချက်မှာပါ ပြတ်ပြီးသားတဲ့။ “၂၀၀၈ အခြေခံဥပဒေ”ပြင်မှ ဝင်ဖို့၊ တင်ဖို့ စဉ်းစားမယ်၊ ဒီလိုယတိပြတ်ချမှတ်ခဲ့တာဗျလို့ဆိုပြီး ပြန်ပြောင်းသက်သေထူပါတယ်။

ဒါပေမယ့် ၂၀၁၁ နိုဝင်ဘာရောက်တော့ ပါတီဗဟိုကော်မတီက ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်ဆုံးဖြတ်တော့ မူလဆုံးဖြတ် “ပြင်- ဝင်” ကနေ “ ဝင် – ပြင်” ပြောင်းသွားပုံကိုလည်း ခြေရာကောက်ပြပါတယ်။ အဲဒီ “ဝင် – ပြင်” ( ရွေးကောက်ပွဲ၊ လွှတ်တော်ထဲ ဝင်ပြီးမှ အခြေခံဥပဒေပြင်မယ်) ဆိုတဲ့ဆုံးဖြတ်ချက်ကို “နိုင်ငံရေးခံတွင်းမတွေ့ဘူး” လို့ ပွင့်ပွင့်လင်းလင်းဟောဟော ဒိုင်းဒိုင်းရေး ထားပါ တယ်။

ဒါကြောင့် “သတ္တိစကားတွေ” ကြားလာရပြန်တော့ သွေးပူလှုပ်ရှားလာပြန်တဲ့ စိတ်ကလေးကို သတိနဲ့ အသိနဲ့ ထိန်းထားရပါ တယ်။ “ဒီမိုကရေစီနိုင်ငံရေးဒဏ္ဍာရီအလွမ်း”ကို ကိုးရီးယားကားတွေလို အခန်းဆက် ဆက်ပြီး လွမ်းမနေချင်တော့ဘူးဗျာ။

 

ဒါကြောင့် ကိုတိုးကြီးသီချင်းနဲ့   “အရှုံးမပေးနဲ့မိငယ်ရေ — ရဲရင့်မှကျော်ဖြတ်သွား” ဆိုပြီး အားတင်းရပါတယ်။

 

“သတ္တိစကား” ပြောလာသူ နောက်တစ်ယောက်အကြောင်းဆက်ရအောင်။

 

ပြောတဲ့သူက ကြံ့ဖွံ့ပါတီဥက္ကဋ္ဌ၊  ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း ဖြစ်ပါတယ်။

“၂၀၀၈ အခြေခံဥပဒေ”ထဲက  ဘယ်အခန်း၊ ဘယ်ပုဒ်မ၊ ဘယ်စာပိုဒ်တွေကို ဘယ်လိုပြင်မယ်၊ ဘယ်လိုဖြုတ်ပယ်မယ်၊ ဘယ်လိုအစားထိုးမယ်၊ (A) အဆင့်၊ (B) အဆင့်ခွဲခြားတာ  စတဲ့ လုပ်ငန်းစဉ်အားလုံးကို ကြံ့ဖွံ့ပါတီ၊  “၁၀၉ဦး ပူးပေါင်းကော်မတီ”၊ ပြည်ထောင်စုလွှတ်တော်တို့မှာပါ အဓိက ကြိုးကိုင်၊ စီမံ၊ ကွပ်ကဲနေသူဟာ ဗိုလ်ရွှေမန်းဖြစ်ပါတယ်။

 

သူပြောတဲ့ “သတ္တိစကား” ကဒီလိုပါ။ “ဧရာဝတီတိုင်း ဖျာပုံ၊ ပုသိမ်ခရီးစဉ် ” က နေပြောတာဖြစ်ပါ။

 

“အခြေခံဥပဒေပြင်ဆင်ရေးသုံးသပ်ရာတွင် ဉာဏ်အမြော်အမြင်ရှိစွာဖြင့်လေ့လာသုံးသပ်ပြီး ပြင်ဆင်သင့်သည်ကို ရဲရဲဝံ့ဝံ့ ဆုံး ဖြတ်ရမှာဖြစ်သကဲ့သို့ မပြင်သင့်သည်များကိုလည်း ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ဆုံးဖြတ်ရမှာဖြစ်မှာပါကြောင်း” ဟူ၍ ဖြစ်ပါတယ်။

 

ဒီနေရာမှာ ပြင်သင့်တာနဲ့ မပြင်သင့်တာ ဆိုတဲ့ ကိစ္စ ၂ ရပ်မှာ ဗိုလ်ရွှေမန်းတို့ အတွက် အဓိကထားတဲ့ ဘက်က မပြင်သင့် တဲ့ဘက်၊ မပြင်သင့်တဲ့အချက်တွေဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီက ပြင်မယ်ဆိုတဲ့အချက် (၇၃ ချက်လို့ဆိုတယ်) တွေအတွက် ဘာမှထူးပြီး သတ္တိရှိနေဖို့၊ ရဲဝံ့နေဖို့မလိုဘူး။

 

ဒါကြောင့်  ကြံ့ဖွံ့ပါတီက မပြင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အချက်တွေအပေါ်မှာ ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ရပ်တည်ရမယ် ဆုံးဖြတ်ရမယ်လို့ ဗိုလ်ရွှေမန်းက ညွန်ကြားနေတာပါ။ ကြံ့ဖွံ့ပါတီက တင်တဲ့ “ ပြင်ဆင်ရေး ၇၃ ချက်”  ထဲမှာ “ စစ်သားအမတ် ၂၅ ရာခိုင်နှုန်းပြင်ဆင် ရေး ကိစ္စမပါဘူး” လို့ ခိုင်ခိုင်မာမာကြားထားရပါတယ်။ ပုဒ်မ ၅၉ (စ) ထဲမှာ အချက်စကားလုံး အချို့ပြင်ဆင် တာသည်ပင်  (A) အဆင့်မှာ မပါဘူး  (B) ထဲမှာပဲပါတယ်လို့ ကြံ့ဖွံ့ ဗဟိုကော်မတီဝင် တစ်ဦးကပြောပါတယ်။

 

ဗိုလ်ရွှေမန်းက “ပြင်ရေးနဲ့မပြင်ရေး” ကိုပြောရာမှာ သတိထားပြီးဖတ်ကြည့်၊ နားထောင်ကြည့်ကြပါ။  “ပြင်ရေး” ကို ရှေ့က ထားပြီးအမြဲပြောပါတယ်။ ပြီးတော့မှ “မပြင်ရေး” ကိုပြောပါတယ်။ နောက်က သူထပ်ပြောတဲ့ “မပြင်ရေး” ရှေ့ကသူပြောခဲ့တဲ့ “ပြင်ရေး” ကို လွှမ်းမိုးနေတာချည်း၊ ချေဖျက်နေတာချည်း ဖြစ်ပါတယ်။

 

ဒါပေမယ့် ဒီအချက်ကို တချို့မီဒီယာများ ဖော်ပြရာမှာ ဗိုလ်ရွှေမန်းကြံရွယ်ချက်ရှိရှိ ရှေ့ကထားပြောတဲ့ “ ပြင်ရေး” ဆိုတဲ့ ဘက်တစ်ဖက်တည်းကိုပဲ ကွက်ပြီးအခုလို ဖော်ပြကြပါတယ်။

 

“၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင်နိုင်ငံနှင့် ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းစေသော ဥပဒေများကို မည်သူကြိုက် ကြိုက်၊ မကြိုက်ကြိုက် ရဲရဲဝံ့ဝံ့ ပြင်ဆင်သွားရမည် ” တဲ့။

 

တကယ်တော့ ဒီလိုဗိုလ်ရွှေမန်းပြောတာကို အပြည့်အစုံမဖော်ပြတာဟာ တုံးတာမဟုတ်ရင် ဗိုလ်ရွှေမန်းနဲ့ လက်ဝါးချင်းရိုက် ထားကြတာပဲဖြစ်ပါလိမ့်မယ်။

 

ဒါကြောင့် ဗိုလ်ရွှေမန်းတို့ အတွက် သတ္တိဆိုတာ  မပြင်ရေးအတွက်ထားရမယ့် မိုက်မဲပြီး ခေါင်းမာတဲ့သတ္တိဖြစ်ပါတယ်။ ပြည်သူ့ ဆန္ဒကိုဆန့်ကျင်တဲ့သတ္တိဖြစ်ပါတယ်။ ဒီလိုမိုက်မဲခေါင်းမာတဲ့သတ္တိဆိုတာ ဗိုလ်ရွှေမန်းတို့ကြံ့ဖွံ့အဖို့ထူးပြီးထားနေဖို့မလိုပါဘူး။ ဒီသတ္တိ နဲ့ (နဝတ-နအဖ) စစ်အစိုးရ အုပ်စိုးလာခဲ့တာပါ။ ဒီသတ္တိနဲ့ “ဒီပဲယင်းအကြမ်းဖက်သတ်ဖြတ်မှု” ကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

သတ္တိရှိတာမကောင်းဘူးလား။ ကောင်းတာပေါ့။ လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသားလုပ်ရဲရင်ပိုပြီးတော့ ကောင်း တာ ပေါ့။

 

ဗိုလ်ရွှေမန်းတို့ကြံ့ဖွံ့ပါတီကပြောနေတဲ့မိုက်ရူးရဲအကြမ်းဖက်သတ္တိမျိုးကိုတော့ လုံးဝ လက်မခံနိုင်ပါဘူး။ ဒါဟာ ပြည်သူဆန့်ကျင် ဖို့၊ ဒီမိုကရေစီဆန့်ကျင်ဖို့ သွေးထိုးပေးနေတဲ့ လူမိုက်စကားတွေသာဖြစ်ပါတယ်။

 

ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့ “လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန် လုပ်ရဲတဲ့သတ္တိ ” ကတော့ ကြိုဆို နှစ်လိုဖွယ်သတ္တိမျိုးဖြစ်ပါတယ်။ ဒီသတ္တိမျိုးပြည်သူတွေကို သွင်းပေးရမှာပါ။ လှုံ့ဆော်ပေးရမှာပါ။ အုပ်စိုးသူတွေရဲ့ မိုက်ရူးရဲ လုပ်ရပ် တွေကို ရင်ဆိုင်ဖို့ဆိုရင် ပြည်သူတွေမှာ “လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန် လုပ်ရဲတဲ့သတ္တိ ”ရှိဖို့ မုချလိုအပ်ပါတယ်။

 

ပြည်သူတွေ ထဲမှာ နိုင်ငံရေးပါတီတွေလည်းပါ ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေလည်းပါ ပါတယ်။

 

ပြည်သူတွေသတ္တိရှိလာမှ၊ အုံကြွလာမှ တပ်မတော်ထဲကရိုးသားနိုးကြားတဲ့တပ်မတော်သားအများစုကြီးကလည်း ပြည်သူတွေ နဲ့အတူ “သတ္တိပြနိုင်မယ်” မဟုတ်ပါလား။

 

ဘယ်လိုပဲဖြစ်ဖြစ် “သတ္တိစကားတွေ” ကြားရတော့ သတ္တိရှိစရာကောင်းသလို၊  သတိကြီးကြီးရှိဖို့လည်းကောင်းပါတယ်။

– မြန်မာ့အလင်သတင်းစာ၊ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ (၉) ရက် (၁၀) ရက်။ 
– ဒီလှိုင်းစာစောင်၊ အတွဲ ၃၊ အမှတ် ၁၊ တနင်္လာနေ့ ( ၆ – ၁ – ၂၀၁၄)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

2 Responses to သတ္တိနဲ့ ဒီမိုကရေစီဒဏ္ဍာရီအလွမ်း

  1. p n wa ra on January 14, 2014 at 6:55 am

    ကျုပ်တော့ မယုံပါဘူးဗျာ- အပြောသာရှိတာပါ- တကယ်တန်း သူလုပ်ခဲ့တာ ဘာမှ မယ်မယ်ရရ မရှိဘူး-အထင်ကြီးခဲ့သမျှ မှားတာဘဲ- သူလုပ်နိုင်ခဲ့တာက စစ်တပ် ကို သွယ်ဝိုက် အားပေးတဲ့ သဘောဘဲ- တကယ်ပြည်သူတွေ နစ်နာနေတာတွေ ဘာမှ မပြောဘူး-သူ သမတ ဖြစ်ရေး ပိတ်ဆို့ ထားတဲ့ အခြေခံဥပဒေပြင်ရေးဘဲ အားကြိုးမာန်တက် ချီတက်နေတာ တွေ့ ရတယ်။ လုပ်ချင်တာ လုပ်ကြပေတော့ ဘယ်နိုင်ငံရေးသမားမှ မယုံတော့ဘူး- ချွင်းချက် အနေနဲ့  ဦးဝင်းတင် နဲ့  ဦးသိန်းညွန့် တို့ ကိုတော့ လေးစားပါတယ်။

    • HlaingBowrMaung on January 20, 2014 at 2:45 am

      Hi….. pn wa ra,
      Yes, I also agree with you

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments