(လမ်းခုလတ် – ၂၀၁၃) ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ

January 16, 2014

(လမ်းခုလတ် – ၂၀၁၃) ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ

မိုးမခ၊ ဇန်န၀ါရီ ၁၆၊ ၂၀၁၄

နိုဝင်ဘာ ၃၀၊ ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်း၊ Home Media Center မှာ ပန်းချီထိန်လင်းနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ၁၉၈၈ မတိုင်မီက လူရွှင်တော်၊ အရေးတော်ပုံနောက်ပိုင်းမှာ … နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပန်းချီဆရာ၊ ပါဖောင်းမင့် သရုပ်ဖော်အနုပညာရှင်၊ ဒ့ါအပြင် မြန်မာပြည်မြောက်ပိုင်း၊ ABSDF မှာ ထောက်လှမ်းရေးဆိုပြီး ကျောင်းသားအချင်းချင်းကနေ မတရားစွပ်စွဲ ဖမ်းဆီးနှိပ်စက်ခံရတဲ့ဆီက လွတ်မြောက်လာတဲ့ အကျဉ်းသားဟောင်းတဦးလည်း ဖြစ်ပါတယ်။ သူက မြန်မာပြည်မှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေတယ်။ သူနဲ့တွေ့ဆုံခိုက် စကားလက်ဆုံကို ဖော်ပြရသည် ရှိသော် …

 

မေး။ ။ ကျနော်တို့လည်း မိုးမခလစဉ်မဂ္ဂဇင်းလေး လုပ်မလား စဉ်းစားတယ်ဗျာ။ ခင်ဗျားတို့ ကိုဇာဂနာတို့ကလည်း စုံနံ့သာ ဆိုတဲ့ အနုပညာမဂ္ဂဇင်းလေး လုပ်မယ် ကြားတယ်။

စစ်အစိုးရလက်ထက် ဆယ်စုနှစ် ၂ စုမှာ မိုးမခ၊ ဧရာဝတီ၊ ဒီဗီဘီ၊ မဇ္ဈိမ၊ ခေတ်ပြိုင်ဆိုတဲ့ အွန်လိုင်းမီဒီယာတွေ ဖြစ်တည်လာမှုပေါ့လေ၊ စစ်အာဏာရှင်တွေရဲ့ အမှောင်ခေတ်မှာ သူတို့ရဲ့ ဖြစ်တည်လာမှုဟာ အရေးပါတယ်။ မိုးမခဆိုတာကျတော့ အွန်လိုင်းလစ်ထရေးချား (online literature) ပေါ့လေ။ သူတို့တွေဟာ အရေးကြီးခဲ့တယ်။ အခု ဒီဘက်ခေတ်ကို ရောက်လာတဲ့အထိ ဆက်လိုက်ပါလာမယ်ဆိုရင် အထဲကို ပြန်လာမယ်ဆိုရင် ကျနော် သဘောကျတယ်။ အထဲမှာ တကယ့် Society အစစ်ကြီးက ဒီထဲမှာပဲ ရှိတယ်။ အစတုန်းကလည်း အထဲကနေပြီးတော့ မိုးမခမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့သူတွေလည်း ရှိတယ်လေ။ အခုကျတော့ သူတို့တွေနဲ့ အခုကျတော့ ပိုပြီး လက်တွဲပြီး လုပ်နိုင်မယ်ဗျာ။ ဒါ ကောင်းတာပေါ့။ ကျနော်တို့ ၀ိုင်းပြီး လုပ်ကြမှာပေါ့။

 

မေး။ ။ စုံနံ့သာမဂ္ဂဇင်းမှာ ဘာတွေ ရေးမှာလဲ …

ကျနော်ဆိုရင် အခု စုံနံသာမှာ ပန်းချီဆရာမှတ်စုဆိုပြီး ရေးမယ်။ ရေးနေတယ်။ အခုနောက်ပိုင်း Contemporary art တို့ conceptual art တို့နဲ့ ပတ်သက်ပြီး ဒီအထဲမှာ ရေးနေကြတာတွေ ဖတ်ကြည့်ပြီးတော့ ကျနော်ကိုယ်တိုင်တောင် နားမလည်ဘူး ဖြစ်လာတယ်။ လူတွေ နားမလည်အောင် တမင်များ ရေးနေသလား ထင်မိတယ်။ ဒါနဲ့ ကျနော်လည်း လူနားလည်တဲ့ အရပ်သားစကားနဲ့ ဆောင်းပါးတွေ ရေးမယ်ပေါ့ဗျာ။

ဥပမာ ကျနော်စပြီး မိတ်ဆက်တာက နယူးယောက်က အနုပညာသည်တဦးကဆိုရင် အမေရိကန်ထောင်တွေထဲက သေဒဏ်ပေးခံရတဲ့လူတွေ နောက်ဆုံးစားသွားတဲ့ တနပ်ပေါ့ဗျာ။ the last meal ဆိုတဲ့ဟာ။ အမေရိကန်ထောင်တွေရဲ့ ၀က်ဆိုက်တွေထဲက ဓာတ်ပုံတွေကို ဆွဲချ။ ဒီလူဆိုရင် အိုက်စကရင် ၂ ပွဲ စားသွားတယ်။ အဲသည်လူမျက်နှာပေါ်မှာ အိုက်စကရက် ၂ ခွက် တင်ပေးလိုက်တယ်။ ကော်ဖီ ၂ ခွက်ဆိုရင်လည်း အဲဒါပဲ တွဲပြလိုက်တယ်။ art making မှာ နောက်ဆုံးကျတော့ သူကိုယ်တိုင် ဘာမှ မလုပ်ဘူး၊ နဂိုရှိပြီးသား ၀က်ဆိုက်တွေ၊ ဓာတ်ပုံတွေ၊ ဒါတွေကို compilation လုပ်ပြလိုက်တာ။

ဒါပေမယ့် concept က ဘာလဲဆိုတော့ တစ်ဘ၀စာ ရုန်းကန်ပြီး လိုအင်ဆန္ဒတွေ မျိုးစုံနဲ့ လိုက်ရင်း လိုက်ရင်းနဲ့ နောက်ဆုံးကျတော့ နောက်ဆုံးအချိန်ရောက်တဲ့အချိန်မှာ ဘာလိုချင်သလဲ။ လူ ၂၀ လောက် နောက်ဆုံး စားသွားတဲ့ဟာကို ဆွဲချပြပြီးတော့ ပရိသတ်ကို ပြလိုက်တော့ ကျနော်တို့တတွေ ဘာဖြစ်သွားသလဲ။ ဒီလူတွေဟာလည်း ငါတို့လိုပဲ တသက်တာလုံးမှာ ဒီလိုတွေဖြစ်တယ်၊ နောက်ဆုံး တမ်းတသွားတာကျတော့ Olive တလုံးဗျာ၊ ချိုချဉ်လက်တဆုပ် … ဒါပဲ စားတော့မယ်။ ဒါမျိုးပေါ့။

ကျနော်တို့က လူ့ဘ၀မှာ ဘယ်လိုရှင်သန်သင့်သလဲဆိုတဲ့ concept ကိုပေးတာပေါ့။ အာဖရိကန်တဦးကျတော့ Justice and Peace ဆိုတဲ့ စာလုံးကို စာရွက်ပေါ်မှာ ရေးပြီးတော့ တောင်းဆိုသွားတယ်။ information ကို အနုပညာလုပ်သွားတာပဲ။ ဒါမျိုး art making နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ရေးချင်တယ်။ အရင်တုန်းက ကျနော် ‘ကိုကျော်မောင်’ ဆိုတဲ့ နာမည်နဲ့ အပြင်ကနေ ပို့ပေးတယ်။ ပိတောက်ပွင့်သစ်တုန်းက။ အခုကျတော့ ကျနော် အဲသည်တုန်းကထက် ကျဉ်းတဲ့ဟာပေါ့၊ တလကို တဦး လုပ်ပြီးတော့ မိတ်ဆက်သွားမယ်။

 

မေး။ ။ ခင်ဗျားက မြန်မာပြည်ကို ပြန်လာတယ်။ ပြီးတော့ အနုပညာအလုပ်တွေ လုပ်နေတယ်။ ဘယ်လိုနေလဲ။ ၂၀၁၃ ခုနှစ်ကို အနုပညာသည်တဦးအနေနဲ့ ဖြတ်သန်းခဲ့တာဆိုတော့ ဘယ်လို ခံစားရသလဲ။

ကျနော်တို့ ၂၀၁၃ က လောလောဆယ်၊ အရေးကြီးဆုံး ပွိုင့်ကို ရောက်နေတယ်။ အခုလက်ရှိ ရောက်နေထက် ပွိုင့်ထက် အရေးကြီးထက်ဟာတောင် မရှိဘူးလို့ ယူဆတယ်။ ဘာလဲဆိုတော့ ကျနော်တို့ အနုပညာသမားတွေအတွက် စာပေလွတ်လပ်ခွင့်၊ အနုပညာလွတ်လပ်ခွင့်ပေါ့။ ကျနော်တို့တတွေဟာ လွတ်လပ်ခွင့်ဆိုတာကို အခုချိန်မှာ တကယ်ပဲ နားလည်နေကြပြီလား၊ ခံစားနိုင်ကြပြီလားပေါ့။ အရင်တုန်းကတော့ စာပေလွတ်လပ်ခွင့်တို့၊ အနုပညာလွတ်လပ်ခွင့်တို့အတွက် တိုက်ပွဲဝင်ကြတယ်လေ။

အဲသည်တုန်းကတည်းကလည်း ပြောဖူးပါတယ်။ လွတ်လပ်ခွင့်တို့ ဘာတို့ ဆိုတာ တိုက်ပွဲဝင်ရမယ့်ဟာတွေ မဟုတ်ဘူး၊ တောင်းဆိုရမယ်ဟာတွေ မဟုတ်ဘူး၊ ကျင့်သုံးရမယ့်ဟာတွေ။ ကိုသူရ (ဇာဂနာ) ကို ခင်ဗျားကြည့် … သူက မတောင်းဆိုဘူး၊ ဒီလူက သူ့လွတ်လပ်ခွင့်ကို ရတဲ့နေရာ၊ ရတဲ့အပေါက်ကနေပြီး သူ့ဟာသူ သုံးစွဲနေတယ်။ ခင်ဗျားဟာ ခင်ဗျားရဲ့ လွတ်လပ်ခွင့် Right တွေကို မှန်မှန်ကန်ကန် သုံးစွဲလိုက်၊ ဒါဆိုရင် ခင်ဗျားဟာ လွတ်လပ်သူတဦး ဖြစ်သွားပြီ။ အဲဒါ ကျနော့်အယူအဆ။ ကျနော်ကတော့ အနုပညာလွတ်မြောက်မှုအတွက် တိုက်ပွဲဝင်ရမှာမဟုတ်ဘူး၊ အနုပညာလွတ်မြောက်မှုထဲမှာ ကျနော်တို့ နေထိုင်ရမှာ။

ထောင်ကျနေလဲ အနုပညာ အလုပ်လုပ်၊ စစ်အစိုးရဆင်ဆာရှိလဲ ကိုယ်လုပ်စရာ ရှိတာလုပ်၊ ဒါဆိုရင် ကျနော်တို့ဟာ လွတ်လပ်ပြီ။ အခုကျနော်တို့ ဘယ်လိုဖြစ်နေသလဲ။ ကျနော်တို့တလျောက်လုံး ထင်ထားတာက ကျနော်တို့ကို ဆင်ဆာက ကန့်သတ်ထားတယ်ပေါ့။ ဆင်ဆာက ကျနော်တို့ကို ပြဌာန်းထားတယ်ပေါ့။ အခု ဆင်ဆာမရှိတော့ဘူးဆိုရင် ခင်ဗျားတို့ တကယ်လွတ်လပ်ပြီးလား ဆိုတော့ မလွတ်လပ်ဘူး။ တကယ်တန်းကျတော့ ဒီလူတွေ အကုန်လုံးကို ဒီ Institution ကြီးတခုလုံးက ထိန်းချုပ်ထားတာတွေ ရှိနေတယ်။

ဥပမာအားဖြင့် ဘာသာရေးပဋိပက္ခတွေ ရှိနေတယ်။ အဲသည်အထဲမှာ အနုပညာသမားတွေမှာ သူတို့ပြောချင် ဆိုချင်တာတွေ ရှိနေတယ်။ ဒါတွေကို သူတို့ ထုတ်မပြောရဲဘူး။ Institution က သူတို့ကို ထိန်းချုပ်ထားတာ။ နိုင်ငံရေးပါတီကြီးတွေလည်း အဲသည်အထဲမှာ ပါနေတယ်။ အရင်တုန်းကတော့ ကျနော်တို့က ကြံ့ဖွံ့ ကြံ့ဖွံ့ …။ ဒါပေမယ့် အခြားပါတီတွေက အခု အင်အားကောင်းလာတဲ့ ပါတီတွေ ဖြစ်လာတော့ … ဥပမာအားဖြင့် … ဒေါ်အောင်ဆန်းစုကြည်ကို Joke မလုပ်ရဘူး။ ဒီလိုမျိုး ဖြစ်လာတယ်။ ဥပဒေတွေ ဘာတွေ လုပ်မထားပေမယ့် အနုပညာသည်တွေက ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်လာတယ်။ နောက်တခုကတော့ Public Censorship တွေ တအားထွက်လာတယ်။

 

မေး။ ။ government censorship ကနေ အခုကျတော့ public censorship တဲ့လား။ ဘယ်လိုတွေ ဖြစ်လာလို့လဲ။

ဥပမာအားဖြင့် ကျနော့်အကြောင်း ခင်ဗျား ခုနင်ကပြောတာလေ။ ဘီလူးခေါင်းနဲ့ အနီရောင်ဝတ်စုံနဲ့ Performance လုပ်တော့ … ဒီလှုပ်ရှားမှုကို ရပ်ဖို့ ကျနော့်ကို အမျိုးမျိုး ဖိအားပေးတယ်။ အဲသည်တုန်းက ၂ မျိုး ရှိတယ်။ တမျိုးက နားလည်မှုလွဲတယ်။ ဒီ concept က ဘာလဲ။ ကျနော်ကတော့ ဒီ concept စသုံးတဲ့ဆီမှာ UK နဲ့ EU နဲ့က ဗီဇာပိတ်ဆို့ထားတာတွေ Sanction လုပ်ထားတာတွေ လျော့ပေးလိုက်တယ်၊ ဆိုတော့ အဲဒါနဲ့ အဲသည် concept နဲ့ Performance လုပ်တာပေါ့ဗျာ။ ဘီလူးခေါင်းဆောင်းပြီးတော့ ကျနော် တယ်လီဖုံးတွေ ဆက်တယ်၊ ဘဏ်ထဲက ပိုက်ဆံတွေ ထုတ်တယ်၊ လူတွေလုပ်တဲ့ဟာ မှန်သမျှ လုပ်ပြတယ်။ ဘီလူးတွေ လူရာဝင်လာတယ်ပေါ့။ နောက်ကျရင် ဘာဖြစ်လာသလဲဆိုတော့ သူတော်စင်အဖြစ် အယောင်ဆောင်လာတာပေါ့။ သူတော်စင်တွေ ဖြစ်လာတယ်။ အယောင်ဆောင်ထားရာကနေ သူတို့တွေက Hero တွေ ဖြစ်လာတယ်။ အဲဒါမျိုးကို ပေးချင်တာပေါ့။ ဒါပေမယ့် ကျနော်ပေးတဲ့အတိုင်း လူတွေက ရကြလိမ့်မယ်လို့လဲ ကျနော်မမျှော်လင့်ပါဘူး။ လူတွေက ကိုယ့်ဖြတ်သန်းမှုတွေ၊ ကိုယ့်အခံတွေနဲ့ကိုယ် ယူကြရမှာပေါ့နော်။ ဒါပေမယ့် လူတချို့က ဒါစော်ကားတာပဲ ဘာညာ ဖြစ်လာတယ်။

အဲသည်မှာ ကျနော့်ကို အနုပညာရှင်တယောက်ဆိုတာကို မေ့ပစ်လိုက်ကြတယ်။ ကျနော်ဟာ အနုပညာရှင်တယောက်အနေနဲ့ ဒါလောက်မှ လုပ်ခွင့်မရှိတော့ဘူး ဆိုတာမျိုး ဖြစ်လာတယ်။ မင်းကြိုက်တာ လွတ်လွတ်လပ်လပ်လုပ်၊ ဒါတော့ မလုပ်နဲ့ဆိုရင် ဘာဖြစ်လို့ ကျနော်တို့က အစောတုန်းက အနုပညာလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ကြတာလဲဆိုတာ၊ တလျောက်လုံး လုပ်ခဲ့ကြတယ်၊ ပြောခဲ့ကြတယ် ဆိုပြီးတော့မှ ပရိသတ်ကနေ၊ လူတွေကနေ ကျနော်တို့ရဲ့ အနုပညာဖန်တီးခွင့်လိုင်စင်ဆိုတာ မပေးချင်တာ ဖြစ်လာတယ်။ ဆိုရင် အနုပညာရှင်ဆိုတာ တကယ်တန်းမှာ ဒါတွေကို ဂရုမစိုက်ပါဘူး။ ကျနော်တို့ဟာ ဒီထက်မကတဲ့ တားဆီးမှု ပိတ်ပင်မှု ကန့်သတ်မှုတွေ ကြုံခဲ့ရတယ်။ ကြုံခဲ့ပြီးတဲ့ဟာတောင်မှ ကိုယ်လုပ်ချင်တာ ဆက်လုပ်နေတာ၊ လျောက်လုပ်နေတာပဲ။ ခုကျတော့ ပရိသတ်တွေ အစုအဖွဲ့တွေရဲ့ ကန့်သန့် ပိတ်ပင်မှုကို အနုပညာရှင်တွေက ရင်ဆိုင်ရတာ ဖြစ်လာတယ်။

 

မေး။ ။ အခု မြန်မာပြည်ထဲမှာကော ဘယ်လိုဖြစ်လာလို့လဲ။

ပြီးခဲ့တဲ့ လူရွှင်တော်ပြိုင်ပွဲတွေ၊ ပွဲတော်တွေမှာဆိုရင် ပြက်လုံးတွေ ပြက်လို့ တောင်းပန်ရမယ်တို့ ပိတ်ပစ်ရမယ်တို့ ပရိသတ်ထဲက တချို့က တုန့်ပြန်တာမျိုးတွေ လုပ်လာတယ်။ ဒါအနုပညာရှင်တွေရဲ့ လွတ်လပ်မှုကို ဟန့်တားခံရတာ။ နောက်တခုက မီဒီယာကြီးတွေပေါ့ဗျာ။ မီဒီယာကြီးတွေရဲ့အလိုကျ အနုပညာသည်တွေက အဲဒီဖရိန်ထဲမှာ ရောက်လာတယ်၊ တဖြေးဖြေးနဲ့။ သူတို့ ဘယ်လိုဟာကို ကြိုက်သလဲ ဘယ်လို taste ကို ကြိုက်သလဲပေါ့။ အဲသည်ဟာကြီးတွေကျတော့ မမြင်ရဘူးဗျ။ ဒါပေမယ့် ဒီကောင်တွေအကုန်လုံးက ကျနော်တို့အတွက် အဟန့်အတားတွေပဲ။ အနုပညာရှင်တွေကို ညှပ်ပြီးတော့ ဒီလမ်းကို သွားဆိုပြီးတော့ လုပ်လာတယ်။ ဥပမာ ရက်ပါတွေဆိုလည်း ဒီလိုပဲ။ soft line တွေ အချစ်လိုင်းတွေပဲ များများ လွှင့်ပေးနေတော့ ကျန်တဲ့ new generation တွေက ဒီလိုင်းပဲ လိုက်လုပ်ရမလို ဖြစ်လာတယ်။ နောက်တခါ ရုပ်ရှင်ထုတ်လုပ်သူ ၊ ဒီ industry ကြီးတခုလုံးက ကိုင်ထားတာ ဖြစ်နေတယ်။ ကိုင်ထားတော့ ရုပ်ရှင်သမားတွေက ကားအသစ်လုပ်မှ မလုပ်ရဲတာ၊ ပိုက်ဆံ ထုတ်မပေးဘူးလေ။ သူတို့ကိုင်ထားတာပဲ။

သည်တော့ ကျနော်တို့က အနုပညာလွတ်လပ်ခွင့်နဲ့ ပတ်သက်လာပြီဆိုရင် လောလောဆယ် အခြေအနေမှာ ၂၀၁၃ မှာ ဒီလိုတွေ ဖြစ်လာခဲ့ပြီဆိုရင် သည်အတိုင်းပဲ ဆက်သွားတော့မှာ။ အရင်တုန်းက ထင်ထားတာက ဆင်ဆာလည်း ပြီးပြီ၊ ငါတို့ လွတ်လွတ်လပ်လပ် ဖန်တီးခွင့်ရပြီပေါ့။ မဟုတ်ဘူး ဒီအခြေအနေမှာက ကျနော်တို့က အနုပညာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး sensitive ဖြစ်ရတော့မယ်။ ဒါနဲ့ပတ်သက်ပြီး တကယ်ကို ကိုယ့်ဆီမှာ ရှိပြီးသား rights တွေ အယူမခံရအောင် စောင့်ကြည့်နေရတာတွေ၊ ဒါမျိုးတွေ။ ပိုလုပ်ရမယ့်အချိန်ရောက်လာပြီ ထင်တယ်။

 

မေး။ ။ အနုပညာသည်တွေကို အကန့်အသတ်လုပ်ပုံတွေက ဘယ်လိုမျိုးလဲ။

ရှေ့လျောက်ပြီး တအားကြီး တိုးဝင်နိုင်ဖို့က မလွယ်ဘူးဗျ။ မီဒီယာတွေကို ကြည့်လိုက်ဗျာ။ နောက်က finance ကို ဘယ်သူတွေ ကိုင်ထားသလဲ။ ကိုင်ထားတဲ့သူတွေကလည်း ခုနင်က အာဏာပိုင်တွေ ဘာတွေနဲ့ ဆက်စပ်နေတယ်။ သည်တော့ ရေးတာသားတာတွေမှာလည်း အကန့်အသတ်တွေဖြစ်နေတယ်။ ပုံစံထဲကို သွင်းခံနေရတယ်။

အနီးစပ်ဆုံး ဥပမာပြောမယ်။ အခု ကျနော် လက်နဲ့ ပတ်သက်တဲ့ ပရောဂျက် (လက်ပရောဂျက်) ။ (ပန်းချီထိန်လင်းက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားများထံက လက်ကို ကျောက်ပတ်တီးပုံစံယူ စုဆောင်းသည့် လှုပ်ရှားမှု ဆောင်ရွက်လျက်ရှိသည် – စကားချပ်) အဲဒါကို MRTV4 က ထုတ်လွှင့်ဖို့၊ နိုင်ကျဉ်းအဟောင်းတယောက်က အဲသည်မှာလုပ်နေတော့ သူက ပြောတာပေါ့လေ။ သူက အာမတော့ မခံနိုင်ဘူး၊ အဲဒါကို ထုတ်လွှင့်ချင်တယ်ပေါ့ဗျာ။ သူတို့ပေါ်လစီတော့ မသိဘူးပေါ့။ သူက ရိုက်သွားတယ်။ ကျနော်ကလည်း လာရိုက်ပါပေါ့လေ။ ဒါနဲ့ အဲသည် လက်တွေပရောဂျက်ကို သတင်းအဖြစ် ထုတ်လွှင့်တယ်။ ၂ ပတ်လောက်ကြာတော့ ကိုသူရကနေတဆင့် up to date က လာပြီးတော့ သတင်းလာလုပ်တယ်။ MRTV4 မှာလွှင့်မယ်ဆိုတော့ သူတို့အချင်းချင်းတွေကြားထဲမှာ လွှင့်သင့်မလွှင့်သင့် ဖြစ်ကြသေးတယ်။ ပြီးတော့မှ လွှင့်မယ်ဆိုပြီး ဖြစ်လာတယ်။ လွှင့်တဲ့အခါကျတော့ သတင်းထဲမှာ ဘာပြောသလဲဆိုတော့ (ပန်းချီထိန်လင်းက မြန်မာပြည်ထဲက ထင်ရှားတဲ့လူတွေရဲ့ လက်တွေကို pop (ကျောက်ပတ်တီးလက်ပုံစံယူ) ပါတယ် …) ဆိုပြီး လွှင့်သွားတာ ဖြစ်နေတယ်။ နိုင်ငံရေးအကျဉ်းသားလို့ မပြောဘူး။ နောက်က ပရက်ရှာပေါ့။ နောက်စတေရှင်က လွှင့်တဲ့အခါကျတော့ (up to date , skynet) ကြိုက်တာပြောပဲ။ ဒီအတိုင်းလွှင့်တာပဲ။ သည်တော့ မီဒီယာတွေမှာ ညီမျှတဲ့ကွင်းထဲမှာ မဟုတ်သေးဘူးဗျ။ သည်တော့ အနုပညာသည်တွေက ညီမျှတဲ့ကွင်းဖြစ်အောင် ဘယ်လို လုပ်ကြမလဲ။ အခုအခြေအနေ အခု အပြောင်းအလဲမှာ ကျနော့်အမြင်က အရမ်းကျော်ဖို့ ခက်တယ်ဗျ။ ကျော်ဖို့ ခက်တယ်။

 

မေး။ ။ ပရိသတ်ရယ်၊ အာဏာပိုင်တွေရယ်၊ ထုတ်လုပ်သူတွေရယ် အပြင် တခြားကော ဘာတွေ ရှိလာသေးသလဲ။

နောက်တခုကတော့ ကျနော်တို့ ဒီအချိန်မှာပေါ့နော်။ ကျနော်တို့က သင်ယူရမယ်။ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့်တွေ ဆိုတာ အစုအဖွဲ့တွေ သူများတွေကို မထိခိုက်အောင် ဘယ်လို ထုတ်ဖော်ကြမလဲဆိုတာကို သင်ယူရမယ်၊ လေ့လာရမယ်။ တချို့ကတော့ လွတ်လပ်ခွင့်ပဲပေါ့။ ငါ့လွတ်လပ်ခွင့်ကို ငါသုံးတယ်ဆိုပြီးတော့ ဟိုတဖက်ကို တအားစော်ကားပြီး သုံးစွဲနေတာတွေ ရှိတယ်။ Free Speech ရဲ့ အဓိပ္ပါယ်ကို ကျနော်တို့ ပြောရတော့မယ်။ ခင်ဗျားတို့ အမေရိကားမှာလည်း ဒီပြသနာတွေက ရှိနေတာပဲ မဟုတ်လား။ အစကတော့ ကျနော်တို့ ထင်တာက ပွင့်လာလို့ရှိရင် ပြီးပြီလို့ ထင်တယ်။ မဟုတ်ဘူး၊ အခုချိန်အခါက အရင်ကထက် ပိုပြီး အရေးကြီးလာတယ်လို့ ထင်တယ်။ အမေရိကန်ကွန်စတီကျုးရှင်းမှာ free speech ကို amendment ထဲမှာ ထည့်ရတယ်။ နောက်ပြီးတော့ hate speech ဆိုတာကိုပါ နောက်ကျတော့ define ပြန်လုပ်လာရတယ်။ ကျနော်တို့ဆီမှာ ဒီလိုပဲ ဖြစ်ရတော့မယ်။

ခင်ဗျားတို့ဆီမှာ ယူကျုပေါ်တင်လိုက်တဲ့ ဘာသာရေးသရော်တဲ့ ရုပ်ရှင်တခုကြောင့် အမေရိကန်သံရုံးတွေ စီးတာတွေ ဖြစ်ကုန်တယ်လေ။ အမေရိကန်ဥပဒေအရ အဲသည် ရုပ်ရှင်ထုတ်လုပ်သူက အရေးယူမခံရပေမယ့် UK က law နဲ့ဆို အဲသည်လူ အရေးယူခံရနိုင်တယ်။ အဲဒါမျိုးတွေ ရှိတယ်။ ဒါတွေကို ကျနော်တို့ သင်ယူရမယ်။ ခုလောလောဆယ် ကျနော်တို့ဆီမှာ ကိုယ်ယုံကြည်တာ ကိုယ်ပြောတာ ဘာဖြစ်လဲဆိုပြီးတော့ မိန့်ခွန်းတွေ ပေးနေတာတွေ ရှိတယ်။ သီချင်းတွေ အနုပညာတွေ ဖန်တီးနေတာတွေ ရှိတယ်။ ဒါတွေဟာ အနုပညာတွေ မဟုတ်ပါဘူး။ ဒါတွေဟာ ၀ါဒဖြန့်တာတွေပါ။ ဒါတွေကို ပရိသတ်က လွဲမှားစွာ နားလည်နေတယ်။ ဒါ အနုပညာလွတ်လပ်ခွင့်ကို သုံးစွဲနေတာလို့ ပြောကြပြန်တယ်။

ဒါတွေကို ကျနော်တို့ တော်တော်လေးကို ဆွေးနွေးရမယ်။ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကြရမယ်။ ဒီလိုမှ မလုပ်ရင် အလားအလာ မကောင်းနိုင်ဘူး။ ကျနော်တို့ဆီမှာ ဒီဟာကို အကြောင်းပြုပြီးတော့ ဆွေးနွေးတဲ့နေရာမှာ အနုပညာသည်တွေရဲ့ လွတ်လပ်ခွင့်တွေ ဆွဲယူသွားလို့လဲ မဖြစ်ဘူး၊ ပြီးတော့ ဒီဟာကို အကြောင်းပြုပြီး အသုံးချချင်တဲ့ အစုအဖွဲ့တွေ လူတဦးချင်းစီရဲ့ လုပ်ချင်တာလုပ်ခွင့်တွေ ၀ါဒဖြန့်ခွင့်တွေ ရှေ့တန်းတက်လာလို့လည်း မဖြစ်ဘူး။ ကျနော်တို့ အနုပညာသည်တွေရဲ့ rights တွေကို အထိခံလို့လည်း မဖြစ်ဘူး။

 

မေး။ ။ ဒါဆိုရင် အနုပညာဆိုတာနဲ့ လူ့အဖွဲ့အစည်းနဲ့ ဘယ်လိုမျိုး လုပ်ကြမှာလဲ။

လူ့အဖွဲ့အစည်းကို balance ဖြစ်အောင်လုပ်ဖို့ လိုတယ်။ အဓိက ‘ရသ’ ပေါ့။ တိုင်းပြည်ပွင့်လင်းလာတဲ့အခါ အများကြီးဖြစ်လာတဲ့အခါမှာ လူတွေအကုန်လုံးက ပြုံတိုးလာကြတယ်။ အခွင့်အလမ်းတွေ အလွတ်မခံချင်ဘူး။ ပြုံတိုးကြတော့ ဘာဖြစ်လာသလဲဆိုတော့ ကိုယ့်အချင်းချင်း တက်နင်းကြတယ်။ အဲသည်အခါမှာ လူ့အဖွဲ့အစည်းမှာ တန်ဖိုးအရှိဆုံး အရာတွေဖြစ်တဲ့ ကိုယ်ချင်းစာတရားတို့၊ စေတနာတို့ကို မေ့လျော့သွားတယ်။ ရသခံစားမှုကို မသိတော့ဘူး ဖြစ်လာတာဟာ လောလောဆယ် ရင်ဆိုင်နေရတဲ့ အဆိုးဝါးဆုံး အန္တရယ်ပဲ။ ဒါကြောင့် ကျနော်တို့ဆီမှာ ရသခံစားမှုတွေ၊ အဓိပ္ပါယ်လေးနက်တဲ့ တန်ဖိုးရှိတဲ့ အနုပညာတွေ လက်ရာတွေ ထွန်းကားဖို့ လိုအပ်လာတယ်။

ဒီမှာက information technology line ပဲ၊ ဗဟုသုတအချက်အလက်တွေ အများကြီး ရလာ ရှိလာတဲ့ဟာက ကျနော်တို့ ဘ၀မဟုတ်ဘူး။ ဒီဟာတွေက လူသားအဖြစ် မဟုတ်ဘူး။ ဒီဟာတွေက လူသားအဖြစ်ကို ပြဌာန်းမှာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ စိတ်ဓာတ်မြင့်မားမှုဟာ ကျနော်တို့ရဲ့ ဘ၀ပဲ ဖြစ်ရမယ်။ လစာ ဘယ်လောက်ရသလဲ။ ဘယ် NGO မှာ လုပ်သလဲ။ ဘယ်ကုမ္မဏီမှာ လုပ်သလဲဆိုတာနဲ့ ခင်ဗျား တိုင်းရမှာ မဟုတ်ဘူး။ ခင်ဗျားဟာ လူသားတယောက်အဖြစ် မြင့်မားတဲ့စိတ်ထား၊ စိတ်ဓာတ် ရှိတာ မရှိတာကပဲ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကို တိုင်းရမယ်။ ဒီဥစ္စာတွေကို ထုံးစံအတိုင်း သည်မှာ မေ့လျော့လာတယ်။ အဲဒီဟာတွေကို ကျနော်တို့က အနုပညာရှင်တွေရဲ့ တာဝန်ဖြစ်လာတယ်။ အနုပညာလက်ရာကောင်းတွေ၊ အနုပညာဆန်းသစ်မှုတွေ လိုလာတယ်။ အခုဟာက လူတွေက အနုပညာကို မခံစားချင်တော့တာဗျာ။ ဘာမှ မဟုတ်တော့ဘူး။ ၀တ္ထုတွေလည်း မဖတ်တော့ဘူး။ ရုပ်ဝတ္ထု အသစ်အဆန်းတွေနောက်ပဲ လိုက်နေတယ်။ သည်တော့ ပရိသတ်ကို ကျနော်တို့က သူတို့ shock ဖြစ်သွားအောင်၊ challenge ဖြစ်တဲ့ဟာမျိုး လုပ်ပေးရမယ်။ အသစ် လုပ်ကို လုပ်ရမယ်။ performance ကအစ အသစ်တွေ လုပ်ပေးရတော့မယ်။

 

မေး။ ။ အဲသည်တော့ အခု ခင်ဗျား ဘာလုပ်နေသလဲ။

ကျနော် အခုဆိုရင် ပန်းချီမဆွဲတော့ဘူး။ လူတွေထဲမှာ ကျနော်ဆင်းပြီး ၀င်လုပ်နေတယ်။ community engagement ပေါ့။ သည်အပိုင်းကို ပိုလုပ်လာတယ်။ နောက်ထပ် ပရောဂျက်တွေလုပ်နေတယ်။ အခုလုပ်နေတဲ့ (လက်ပရောဂျက်)ကလည်း တခုပေါ့။ လူတွေနဲ့ လက်တွဲပြီးတော့ အနုပညာတရပ် ဖန်တီးတာပေါ့။ နောက်တခု ကျနော်လုပ်နေတာက လမ်းပေါ်က အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့ ဘ၀တွေ အမျိုးမျိုးဆီကို ချဉ်းကပ်တာပေါ့။ ဥပမာ တံမျက်စီးတွေ ထမ်းပြီး လျောက်သွားပြီး ရောင်းနေတဲ့သူတွေရှိတယ်။ ကြိုးခွေကြီးတွေ ထမ်းပြီး ရောင်းတဲ့သူတွေ၊ သစ်ပင် ညောင်ပင်တွေ နှုတ်တဲ့သူတွေ၊ စာကလေးတွေ ကျွေးဖို့ စပါးတွဲလေးတွေ ထမ်းပြီး ရွက်ပြီး လျောက်သွားနေတဲ့သူတွေ ရှိတယ်။ ခေါင်းပေါ်မှာ ပျဉ်ပြားကြီးနဲ့ အပင်ပေါက်ကလေးတွေ ရွက်ပြီး လျောက်သွားနေတာတွေ ရှိတယ်။ ခေါင်းပေါ်မှာ သစ်ပင်တွေ ပေါက်နေသလိုပဲ။ ကျနော် အဲသည်လူတွေရဲ့ ဘ၀တွေပေါ့။ ရန်ကုန်မြို့ပြကြီးမှာ အဲသည်လူတွေရဲ့ နေ့စဉ် ဘ၀အတွက် ရုန်းကန်မှုပေါ့။ အဲဒါကို ကျနော်က အနုပညာသည်တဦးအနေနဲ့ engage လုပ်တာ၊ ချဉ်းကပ်တာမျိုး လုပ်တာ။

ကျနော် မျိုးပင်တွေထမ်းရောင်းနေတဲ့သူကို ကျနော်က မိတ်ဆက်တယ်။ ကျနော် သစ်ပင်လည်း ၀ယ်မယ်၊ ဓာတ်ပုံရိုက်ခွင့်ပေးပါပေါ့။ ပြီးတော့ အကို့ရဲ့ သစ်ပင်တွေကို ရွက်ချင်တယ်။ ရွက်လို့ရမလား၊ အကို့လို ကျနော် ရွက်ကြည့်ချင်တယ်။ ပြီးရင် အကိုက ကျနော့်ကို ဓာတ်ပုံပြန်ရိုက်ပေး။ ဟောသည်မှာ ကင်မရာ။ ဒီဟာကို ဒီလိုရိုက်လို့ရတယ်။ အဲဒါမျိုးပေါ့။ ဓာတ်ပုံ ၂ ပုံရမယ်။ မူလ သစ်ပင်ရွက်ရောင်းနေတဲ့သူ၊ ပြီးတော့ သစ်ပင်တွေ ရွက်ထားတဲ့ အနုပညာသည်၊ ကျနော်ပေါ့။ စပါးရောင်းတဲ့လူနဲ့ဆိုလည်း အဲသည်လိုမျိုးပေါ့။ သူနဲ့ တပုံ၊ ကျနော်နဲ့ တပုံ။ ဘယ်မှာတွေ့သလဲ၊ ဘယ်တုန်းကတွေ့သလဲ။ မြေပုံပေါ်မှာ မှတ်ထားမယ်။ ကျနော်အခု တတ်နိုင်သလောက် observationလုပ် ကြည့်တယ်။ ပြီးရင် ပရိသတ်ကို အဲသည် art project ကို ပြကြည့်မယ်။ ဘာကြောင့်လဲဆိုတော့ မြို့ပြမှာ နောက်ပိုင်းကျရင် ဒီလိုထူးဆန်းတဲ့ အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့ သူတွေက ပျောက်သွားတော့မှာ။ နောက်ပိုင်းမှာ မြို့ပြက ဒီထက်ကြီးကျယ်သွားရင် ပျောက်သွားမှာ။ သည်ကာလလေးမှာ ကျနော် မှတ်တမ်းတင်ပြီး အနုပညာအဖြစ် သိမ်းဆည်းထားလိုက်တဲ့ သဘောပဲ။

အခု ကျနော်လုပ်နေတဲ့ လက်ပရောဂျက်လည်း သည်အတိုင်းပဲ။ နောက် ၅ နှစ်လောက်ဆိုရင် အကုန်လုံးက ကိုယ့်ကိုကိုယ် နိုင်ငံရေးအကျဉ်းသားဆိုတဲ့ သဘောထား လေးလေးနက်နက် မရှိနိုင်တော့ဘူး။ နောက်ထပ် ပုံစံအသစ်တွေက ပိုအရေးကြီးလာတော့မယ်လေ။ အခုသည်ကာလလေးမှာ သူတို့တွေက သူတို့ကိုယ်သူတို့ တန်ဖိုးထားတုန်း၊ ရှိနေတုန်းမှာ ကျနော်က အဲသလို နိုင်ကျဉ်းတွေရဲ့ လက်ပုံစံတွေကို လိုက်ယူတာပေါ့။ ဒီလောက်ပါပဲဗျာ …။

 

ကျေးဇူးတင်ပါတယ်။ ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အင်တာဗျူး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်