ကံဆုံသူတို့ အကြောင်း
January 17, 2014
ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဇန်န၀ါရီ ၁၇၊ ၂၀၁၄
Monks in Rural Myanmar by Tun Kyaw
အစိုးရစာသင်ကျောင်းများ ရက်ရှည်ပိတ်ရက်လေးတွေရောက်ရင် နံနက် ၉နာရီခွဲလောက် ဘာသာရေးယဉ်ကျေးမှု သင်ပေးရန် မိမိနေသော နော့သ်ကာရိုလိုင်းနားပြည်နယ်ရဲ့ High Point နဲ့  Greensboro မြို့  က မူလတန်းမှစ-အထက်တန်းကျောင်းသူ ကျောင်းသားလေးများကို ဘုန်းကြီး ကျောင်းသို့ ပို့ ရန် အကြောင်းကြားထား၏။ ပြီးခဲ့တဲ့ ကျောင်းပိတ်ရက်က ကျောင်းသားလေးများ ၂၆-ယောက်။ မိမိက ကျောင်းသား ၇-ယောက် (ကားတစ်စီးစာ)ကို သွားကြိုပေး၏။ သူတို့ လေးများ၏ မိဘတို့ သည် အလုပ်သွားသူကသွား ကားမောင်းလိုင်စင်မရှိသူကမရှိနှင့်မို့  ကလေးများကို ဘုန်းကြီး ကျောင်းသို့  မပို့ နိုင်ကြ။ အချို့ သော မိဘများက သူ့ တို့ ကလေးများကို ကိုယ်တိုင်လာပို့ ပေး၏။ တစ်ချို့ ကလေးများက အမေရိကမှာမွေး။ တစ်ချို့ က မြန်မာနဲ့  ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းများမှာ မွေးခဲ့ကြသည်။ ကရင်တိုင်းရင်းသား တိုင်းရင်းသူလေးများဖြစ်သော်လဲ ဗမာစာလေးတွေ အနည်းငယ်စီ တတ်ကြတော့ ဗမာလိုပြောဖို့  ပြောထား၏။ မိမိကိုယ်တိုင် အင်္ဂလိပ်စာလို အခြားဘာသာတစ်ခု သင်လိုက်တော့မှ ဘာသာစာပေနှင့် စကားတို့ ၏ အသင်ရခက်ခဲမှုနှင့် တန်ဖိုးကို ပို၍နားလည် လိုက်သည်။ အမေရိက ရောက်လာသော ကလေးများသည် ကျောင်းတွေမှာ ပညာသင်ရင်း မိခင်တိုင်းရင်းသား ဘာသာစကားကို တဖြေးဖြေးမေ့သွားကြ သည်က များသည်။ အဲဒီလိုမဖြစ်စေချင်၍ သူတို့ လေးများကို တတ်လာတဲ့ဘာသာစကားကို အချင်းချင်း ကြိုးစားပြောကြဖို့  တိုက်တွန်းထားသည်။
ကားပေါ်တက်လိုက်တာနဲ့ မင်္ဂလာပါဘုန်းဘုန်း၊၊ နေကောင်းလား။ မင်္ဂလာပါဘုန်းဘုန်း၊၊ နေကောင်းလားဟု မိမိသင်ထားသည့်အတိုင်း မိမိကို ပြောကြ၊ မေးကြ၏။ အသံဝဲဝဲလေးများနှင့် ဗမာစကားလေးများ ပြောကြသော ဗုဒ္ဓဘာသာကရင်တိုင်းရင်းသားတို့ ၏ မင်္ဂလာပါ စကားသံသည် ရေခဲလောက်အောင် အေးလှသော နော့သ်ကာရိုလိုင်းနားဆောင်းရဲ့ နံနက်ခင်း အပြင်ဘက် အအေးဒဏ်ကို ခံနိုင်အောင် မိမိရင်ဝယ် အနွေးဓာတ်များ ရသွားစေ၏။
မင်္ဂလာပါကွာ။ အေး။ နေကောင်းတယ်လို့ မိမိကလဲ သူတို့ ကို ပြန်ဖြေပေးရ၏။ သူတို့ ကားပေါ် အတက် နောက်ကားလာမှာစိုးလို့  ကြည့်မှန်ကကြည့်နေတုန်း နေကောင်းတယ်လို့ ပြန်မဖြေလိုက်မိဘူး ဆိုရင် ဗမာစကားတော်တော်တတ်သူတို့ က ဘာကြောင့်ပြန်မဖြေတာ လဲဆိုတဲ့ မေးခွန်းမေးကြ၏။ သူတို့ကို စောင့်ရတာကြာလို့ စိတ်ဆိုးနေလားမေးကြ၏။ အမေရိကမှာမွေးပြီး အင်္ဂလိပ်စကားကိုသာ အဓိက ပြောတတ်သောကလေးတွေကတော့ အာယူအိုကေဘုန်းဘုန်း (Are you ok, Phone Phone?) လို့  မေးကြ၏။  အများစုကလေးများရဲ့ မိခင်ဘာသာစကားက ပိုးကရင်ဘာသာစကား။ ကျောင်းသား ၇-ယောက်က ကရင်၊ ဗမာ၊ အင်္ဂလိပ်ဘာသာစကား သုံးမျိုးပြောတတ်ကြ၏။ မိမိကတော့ ကရင်လို နေကောင်းလား။ ကျေးဇူးတင်ပါတယ်လောက်သာ ပြောတတ်၏။ မင်္ဂလာပါစကား ပြောပြီးတာနဲ့  ကရင်နဲ့ အင်္ဂလိပ် လိုပဲပြောပြီး ရယ်ကြမောကြနှင့် မမေးရင် မိမိကို ဘာမှမပြောကြတော့။ အသက် တွေက အတော်ကွာကြတော့ မိမိကိုလူကြီးလို့  အပြီးသတ် သတ်မှတ်ထားလိုက်ကြသည့်ပုံ။ လူစေ့မစေ့ နောက်လှည့်ကြည့်လိုက်တော့ တစ်ချို့ ကလဲ သနပ်ခါး ပါးကွက်ကြားများနဲ့ ။
မိမိကျောင်းနဲ့  မြန်မာအများစုနေတဲ့ နေရာများက ၅မိုင်လောက်ဝေး၏။ သူတို့ နေတဲ့ ရပ်ကွက်လေးများကို လမ်းနာမည်အလိုက် သူတို့ က အမည်လေးများ ပေးထားကြ၏။ အမေရိကမှာ ရပ်ကွက်နာမည်မရှိ။ သူတို့ က ဘယ်ရပ်ကွက်မှာ နေတာလဲမေးရင် လမ်းနာမည်ကို ပြောပြကြ၏။ သူတို့ နေတဲ့နေရာတွင် မြန်မာအများစုတို့ နေသော တိုက်ခန်းတွဲ(apartment)အဖြူကြီး၂ခုရှိ၏။ အဲဒီနေရာကို အမေရိကန်သမ္မတနေသော အိမ်ဖြူတော်နှင့်တူ၍ အိမ်ဖြူတော်လို့ နာမည်ပေးထား တာလဲရှိ၏။ ကျောင်းလာလျှင် သူတို့ က အိမ်ဖြူတော်မှာ နေတာဖြစ်ကြောင်း ပြောပြ၏။ သူတို့ နေသောအိမ်ဖြူတော်နား ကားရပ်လိုက်ပါ ငပိရေအနံများ သင်းနေ၏။ အရင်က အမေရိကန်တွေ အိမ်ဖြူတော်မှာနေကြကြောင်း အခုတော့သိပ်မရှိတော့ကြောင်း ပြောပြကြသည်။ မြန်မာ့ ငပိနံ့ ကြောင့် ပြေးကြလေလားတော့ မသိ။ အဲဒီနေရာက မြို့ ထဲဆိုတော့ မီးပွိုင့်များ၍   ၁၅မီးနစ်လောက် သွားရ၏။ အသွားအပြန်ဆို မီးနစ် ၃ဝလောက်ခရီး။
မီးနစ်၃ဝခရီးကလဲ သင်တန်းချိန် တစ်ချိန်လို။ မိမိမေးစရာရှိတာမေး ပြောစရာရှိတာလေး တွေပြောရ၏။ မင်းတို့ တွေရဲ့ ဘာသာရပ် ဂရိတ် (grade) တွေကောင်းလား။ ကျောင်းကပြန်လာရင် ဂိမ်းတွေဘဲဆော့မနေနဲ့ ။ ကာတွန်းတွေဘဲ ကြည့်မနေနဲ့ ။ စာတွေများများဖတ်။ စာကြည့် တိုက်သွား ချင်လို့  ကားမရှိရင် ဘုန်းဘုန်းဆီဖုန်းဆက်။ ကိုယ်ရော စိတ်ရော သန့် သန့် ရှင်းရှင်းနေ။ နွားနို့  သောက်ကြရဲ့လား။ ရေချိုးကြရဲ့လား စသည်စသည်။ သူတို့ ပြောကြသော စကားများကို နားစွင့်ပြီး ထောင်ကာ သူတို့ ရဲ့ တွေးခေါ်ပြောဆိုပုံတွေကိုလဲ သတိထား ကြည့်ရ၏။ ကိုယ့်ဘာသာယဉ်ကျေးမှုကို လွယ်ကူစွာ လိုက်နာနိုင်မနိုင် အကဲခတ်ရ၏။ အများဆုံးပြောကြတာကတော့ အရွယ်ငယ်ကလေးများ ဖြစ် ကြ၍ သူ့ ခေတ် သူတို့ အကြောင်း။ ဂိန်းအကြောင်း။ ကာတွန်းအကြောင်း။ ဒစ်စနေအကြောင်း။ သီချင်းသစ်တွေအကြောင်း။ သူတို့ အရွယ် အဆိုတော်လေးတွေအကြောင်း။ ကလေးကြိုက် အမေရိကန်ရုပ်ရှင်ဇာတ်ကားတွေက မင်းသား မင်းသ္မီးလေးတွေအကြောင်း။ မြန်မာစကား တတ်ပြီး အထက်တန်းကျောင်းသား ကျောင်းသူလေးများကတော့ ကိုရီးယားရုပ်ရှင်အကြောင်းလေးများ။
တစ်ရက်။ မိမိကားမောင်းသူဘေးထိုင်ခုံတွင် ဝင်ထိုင်လိုက်သော ခေါင်းစွပ်ထားသည့် ကျောင်းသားလေးကို ကားထဲမှာ ပူတယ်ကွာ မင်းခေါင်းစွပ်ကြီး ဖြုတ်ထားပေါ့လို့ ပြောလိုက်တော့ နောက်က  ကျောင်းသူတစ်ယောက်က ဟေ့ ဘုန်းဘုန်းက ခေါင်းမှာ ရွှေရောင်ဆေးတွေ ဆိုးတာတို့  ယောက်ကျားလေးတွေနားမှာ နားကပ်တွေဝတ်ထားတာတို့  မကြိုက်ဘူးဆိုတာ မသိဘူးလားလို့  အင်္ဂလိပ်လို လှမ်းပြောလိုက် သည်။ နောက်တစ်ယောက်က ဘုန်းဘုန်းက စတိုင်တို့  ဖက်ရှင်တို့ ကို နားမလည်ဘူးလေ၊၊ ငါ့ကိုလဲ အပေါက်လေး အစုတ်လေးတွေနဲ့ ဂျင်းဘောင်ဘီ ဝတ်ထားတာကို ကျောင်းလာရင် ဘောင်းဘီကောင်းကောင်းလေးဝတ်လာခဲ့။ အဲဒီလို အပေါက်အပြဲတွေနဲ့  ဘောင်းဘီ ဝတ်မလာခဲ့နဲ့ တဲ့။ ငါကလဲ ဘုန်းဘုန်း ဒါက ဖက်ရှင်။ သေသေချာချာဒီဇိုင်းလုပ်ထားတာ စတိုင်ဝတ်လာ တာလို့ ပြောလိုက်တယ်တဲ့။ သူတို့ ရဲ့ခေတ်ထဲ မိမိကို ကြိုးစားသွင်းနေကြသလားမသိ။ နောက်တစ်ယောက်။ ဟေး ယူ(you)တို့ မှတ်မိလား။ ဟို ဗုဒ္ဓဝင်စာအုပ်ထဲမှာ မိဖုရား(ခေမာ)အလှ အကြောင်းရှင်းပြတော့  မိဖုရားရဲ့ ပန်းချီပုံပြပြီး ရှေးဗမာ ဆန်ဆန် ရိုးရိုးရှင်းရှင်း ဝတ်စား ဆင်ယင်မှု (Burmese classic style)ကို  ဒို့ တွေကို ပြောပြရှင်းပြခဲ့တာလေ။ ဘုန်းဘုန်းက ဒို့ တွေကို အဲဒီလိုဖြစ်စေချင်တာ။ အခု တို့ ပုံစံတွေကို ကြည့်ရမှာ မဟုတ် ဘူးတဲ့။ ကိုယ်ပြောတာ ရည်ညွန်းတာ တွေကို တွေးပြီး မှတ်ချက်မချတတ်ဘူးလို့  ထင်ခဲ့တဲ့ ကလေးများ။
ဥပဒေနဲ့ ပတ်သက်လို့ လဲ။ ဟေ့။ မင်းတို့ တွေအားလုံး ကားထဲမှာ ခါးပတ်ပတ်ကြရဲ့လား။ ရှေ့ ကထိုင်ခုံတွေမှာ အသက်ဘယ်လောက်မှ ထိုင်လို့ ရလဲ သိကြရဲ့လား။ မင်းတို့ အဲဒီဥပဒေတွေ မလိုက်နာရင် ဘယ်သူ့ ကို ပုလိပ်က ဖမ်းမှာလဲသိလား။ ဥပဒေလေးစားတတ်အောင် သိအောင် ပြောလိုက် မေးလိုက်ရတာကလဲ နေ့ တိုင်း။ ဘုန်းဘုန်းကို ပုလိပ်ကဖမ်းရင် ကျောင်းသားတွေ အများကြီး စာမသင်ရတော့ မင်းတို့ ထဲက ဘုန်းဘုန်းအစား ဘယ်သူအဖမ်းခံနိုင်လဲမေးတော့ သ္မီး အဖမ်းခံမယ်လို့  မြန်မာပြည်က ရောက်ခါစ ကလေးငယ်က ဗမာစကားနဲ့ ဖြေသည်။ အမေရိကရောက်နေတာကြာတဲ့ ကလေးတွေထဲက အကြီးက တပည့်တော်တို့ က အသက်မပြည့်သေးတာက တစ်ကြောင်း၊ အသက်မပြည့်သေးတဲ့ သူတွေကို ကားပေါ်တင်လာတာက ဘုန်းဘုန်းဆိုတော့ ဘုန်းဘုန်းမှာဘဲ တာဝန်ရှိတယ်။ ဘုန်းဘုန်းကို ဥပဒေအရ ပုလိပ်က ဖမ်းမှာတဲ့။ ကြားလားဟေ့။ အာလုံး ခါးပတ်တွေ ပတ်ထားကြနော်။ ကြားပါတယ်အရှင်ဘုရားတဲ့။  အရင်က မိမိကပြောလိုက်ရင် အေး၊ အင်းလို့ သာ ပြောတတ်သူအချို့  အရှင်ဘုရားတွေတောင် ပြောတတ်လာ ကြပြီ။
မိမိမြို့ မှာ လွန်ခဲ့တဲ့ ၂ဝ၁၁ လောက်ထဲက ဗုဒ္ဓဘာသာမိသားစုတွေ အနည်းငယ်တိုးလာကာ ကလေးတွေလဲ အတော်များလာသည်။ သူတို့ နေကြသော အိမ်ဝိုင်းလေးများမှာ ကျဉ်းလှ၍ ကျောင်းမှာ စာသင်လိုက် ဘုရားရှိခိုးလိုက် အဖော်များနှင့်ဆော့လိုက်မို့  ကြာလာတော့ ဘုန်ကြီးကျောင်းမှာ ပျော်လာကြ၏။ ဘယ်သူမှ ဟင်းပို့ မည့်သူ မရှိသည့်နေ့ တွင် ညထဲက ရေခဲသေတ္တာမှ ဟင်းများကို ပေါင်းပြီး နွေးပေး ထား၏။ ဘုန်ကြီးကျောင်းစိတ်ပေါက်အောင် ဟင်းပေါင်းကျွေး၏၊၊ မြန်မာစိတ်မပျောက်အောင် ငပိရေ အဆင်သင့်လုပ်ပေးထား၏။ သတ္တိရှိ အောင် ငရုပ်သီးခွက်ချပေးထား၏။ သူတို့ က ဟင်းပေါင်းကို ဘုန်းဘုန်းဟင်းဆိုပြီးခေါ်ကြ၏။ ရပ်ကွက်ထဲက ကလေးများကြားတွင် ဘုန်း ဘုန်းဟင်း (ဟင်းပေါင်း) က နာမည်ကြီး။
ကလေးများနဲ့ အတူနေလိုက်မှ မိမိငယ်စဉ်ဖြတ်သန်းလာတဲ့ဘဝကို သွားတွေးလိုက်မိ၏။ မိမိရဟန်းဖြစ်ပြီးစ အသက် ၂ဝနှစ်ကစ၍ ဆရာ၏အမိန့် အရ ကိုရင်ငယ်၊ အရွယ်တူ ရဟန်းငယ်များကို စာသင်ပေးခဲ့ရသည်ကို ပြန်လည်သတိရမိ၏။ အရွယ်ရောက်စမှာ ဆရာပေါက်စ ဖြစ်ခဲ့ရသည်မို့  အပြင်လောကကို ဆရာကြီးစိတ်နဲ့  မကြည့်ပေမဲ့ ဆရာတို့ ရဲ့ စိတ်ထားနဲ့ တော့ အမြဲကြည့်တတ် နေသွားတတ်၏။ ဘုရားအဆုံးအမကို လိုက်နာတာထက် မိမိထံ စာသင်ကြသူ(တပည့်)တို့  မလေးစားနိုင်သော အရာတွေကို အမြဲသတိထားပြီး မလုပ်မိ အောင်နေရ၍ လူငယ်ရဲ့ သဘာဝတို့ က အစောကြီးထဲက မိမိထံမှာ ငုပ်နေ၏၊ စာသင်သားကိုရင်ဘဝသည်သာလျှင် ကလေးတို့ သဘာဝ မိမိမှာ ရှိခဲ့သည်ကို ပြန်သတိရမိ၏။ ရွာကနေ အောက်ပြည်အောက်ရွာ ပဲခူးမြို့ စာသင်ဖို့ တက်လာတော့ အသက်က ၁၃နှစ်။ ပြန်မြင အောင်ကြည့်လိုက်ရင် ကိုယ့်ပုံစံက ဒေါင်းတိမောင်းချာ တောကိုရင်အစစ်။ သင်္ကန်းဝတ်ပုံ သပိတ်လွယ်ပုံကစ အချိုးမကျ၍ ဆရာတော်က အညာသားကို သင်္ကန်းကိုင်ပုံ ဝတ်ပုံလေးတွေကို သင်ပေးလိုက်ကြအုံးဟေ့လို့ ဦးဇင်းအကြီးများကို ခိုင်းတာ အခုထိ သင်္ကန်းရုံတိုင်း သတိရမိ၏။ ဆွမ်းစားကျောင်းဘုန်းကြီးက မင့်အသားအရေကတော့ အောက်သားပုံဘဲ။ ဂိုက်ဆိုက်က အညာသား၊ သင်္ကန်းရုံထားတာက ကိုးရိုကားယား၊ ဆွမ်းခံသွားရင်လဲ သပိတ်က လွတ်ကျပြီး လွင့်ပြေးလို့  မင့်မှာ လိုက်ကောက်ရတာ အမောသား၊ ပြောလိုက်တဲ့ စကားသံကလဲ ကျယ်လိုက်တာ တစ်ရပ်ကွက်လုံးတောင် ကြားနိုင်တော့ ငါမင်းကို ဘာကစ ဘယ်လို ပြင်ပေးရမှန်းတောင် မသိဘူးဟု စိတ်ဓာတ်ကျသလို ပြုံးပြီး ပြောဘူးတာမှတ်မိ၏။
အခု ကလေးတွေရဲ့ သဘာဝတွေက မိမိငယ်ငယ်ကထက် အများကြီးနေပုံထိုင်ပုံ ကောင်းနေတာ တွေတွေ့ ရ၏။ အမေရိကအတန်း ကျောင်းတွေရဲ့ ဥပဒေနဲ့ အညီနေထိုင်တတ်အောင် သင်ပေးတာလဲ ပါလိမ့်မည်။  ကလေးတွေဆိုပေမဲ့ ကိုယ်ငယ်ငယ်က ဘဝထက် ကံကောင်းကြလေတော့ သူတို့ ရဲ့ ကံကောင်းမှုကိုတော့ လေးစားရမည် အမှန်။ သူတို့ တွေက သြကာသကန်တော့ချိုးမှာပါတဲ့ ကပ်ဘေးကြီး ၃ပါးထဲမှ အရွယ်ငယ်ငယ်နဲ့  လွတ်လာကြပြီး အရိုက်အနှက် အထုအထောင်းခံရဖို့ ဝေး ကျန်းမာရေး ပညာရေး စားရေး သောက်ရေး လုံခြုံရေး အလကားနီးပါး ဖရီးလောက်တောင်ရသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုမှာ နေထိုင်ပညာသင်နေရသည်ကိုက နေ့ စဉ် ၂မိုင်ကျော်ခြေကျင် လျှောက် ၃နှစ်လောက်ကြိုးစားမှ မူလတန်းအောင်ခဲ့ရသည့် မိမိဘဝကံနှင့် ကွာပုံက မိုးနဲ့ မြေ။
ရှေးရေစက်တွေကြောင့် ဘယ်အရပ်ဘယ်ဒေသကို ရောက်ကြလို့ ဘယ်သူနဲ့ တွေ့ ပြီး ဘာတွေဖြစ်ကြမည်လဲ မသိခဲ့ကြတဲ့ တစ်နိုင်ငံထဲသား ဗုဒ္ဓဘာသာမိသားစုတွေကနေ ပေါက်ဖွားလာကြတဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာကလေးတွေ။ ကိုယ့်မိခင်မြေမှာ မနေနိုင်ကြဘဲ အဝေးဒေသမှာ  လာဆုံကြလေသော ဘာသာတူ၊ ဘဝတူသမားများရဲ့ ရင်နှစ်သည်းချာတို့ ။ တစ်ဦးရဲ့လိုအပ်ချက် တစ်ဦးက တတ်နိုင်သမျှမှ မဖြည့်ပေးကြ ဘူးဆိုရင်၊ တစ်ဦးကိုတစ်းဦး ကူညီပေးနိုင်တာလေးတွေကို ကူညီကာ မလုပ်ပေးကြဘူဆိုရင် တို့ တည်ဆောက်ချင်တဲ့ ဘဝသစ်ဟာ ဘယ်မှာတောက်ပြောင်နိုင်ပ။ တို့ ချစ်တဲ့ တို့ လူမျိုး ဘယ်မှာ တန်ဖိုးကြီးနိုင်ပ။  တို့ မြတ်နိုးကိုးကွယ်တဲ့ ဘာသာ တို့ ဘယ်မှာ အရှည်တည် အောင်လုပ်နိုင်ပ။  ကံကောင်းကြလို့  ရခဲ့လှတဲ့ သူတော်ကောင်း တရား(သဒ္ဓမ္မ)ကို ကြားနိုင်လောက်အောင် အကြောင်းနီး လာသူတွေ။ ဗုဒ္ဓလို ဘာသာရေးခေါင်းဆောင် သူတော်ကောင်းတစ်ပါးရဲ့  အဆုံးအမသာသနာအောက်မှာ ကံကောင်းထောက်မစွာ ရောက်လာတဲ့ သူတွေ။ ရုပ်ဝတ္ထုတွေရဲ့  စွဲသွားအောင် ဆွဲဆောင်မှု အားကောင်းလှတဲ့နိုင်ငံမှာ ဆွဲဆောင်တတ်တဲ့ အရာသဘာဝတွေရဲ့ ဆိုးကျိုး တွေကို ဗုဒ္ဓရဲ့ အကောင်းဆုံးသော လက်တွေ့ ကျတဲ့စကားတွေနဲ့  သူတို့ တွေကို ရှင်းပြနိုင်ပါမှ သူတို့ တွေဘဝ အနာဂတ်ဟာ ပို့ ပြည့်စုံကြ လိမ့်မယ်။ သူတို့ နှုတ်က ဖွင့်ကြလာတဲ့ အမေးစကားလေးတွေကြည့်လိုက်…
-တပည့်တော်တို့ ကို ဘုရားသခင် (God) ဖန်ဆင်းတာဆို ဟုတ်သလား -ဗုဒ္ဓက အမေအဖေကနေ သာမာန်လူတွေအတိုင်း မွေးလာတာ တန်ခိုးမရှိဘူးဆို -ဗုဒ္ဓက သူ့ မိန်းမနဲ့ ကလေးကို တာဝန်မယူဘဲ ပစ်ထားခဲတာဆို -ရုပ်ထုကြီးကို ဘာကြောင့် အရိုအသေပေးနေရတာလဲ -ဘုရားကလဲ မစားဘဲနဲ့   ဘာဖြစ်လို့  သစ်သီးတွေ ဆွမ်းတွေ တင်နေရတာလဲ -အမေနဲ့ အဖေတို့ ကို ဘာကြောင့် ကျေးဇူးတင်ပြီး လုပ်ကျွေး ရမှာလဲ -ပန်းပန်တာတို့  မိတ်ကပ်လိမ်းတာတို့ က လှအောင်လုပ်တာဘဲလေ ဘာမကောင်း လို့ လဲ။
ဒီအမေးတွေကို ကြည့်ခြင်းအားဖြင့် သူတို့ တွေရဲ့ စိတ်မှာ ဘာတွေရှိနေတယ်၊ ဘာတွေကို သိနေချင်တယ်ကို သဘောပေါက်လိုက်သည်။ သူတို့ တွေ ကျေနပ်လောက်အောင် ကံနဲ့ ကိလေသာအညစ်စိတ်တို့ ကို အခြေခံထားပြီး ကလေး များနဲ့  သင့်မည့် သဒ္ဓါ၊ စေတနာ၊ ပညာ၊ ဂါရဝ၊ နိဝါတ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ အကြောင်း တို့ ကို ရှင်းပြပေးရသည်။ သူတို့ ကိုယ်သူတို့  အစွန်းမရောက် အလယ်အလတ် (မဇ္ဈိမ) လမ်းစဉ် သမားလေးများဖြစ်အောင် တွေးတတ်နေတတ်အောင် ရှင်းပြပေးရသည်။   အားလုံးက နားမဝေးကြ၊၊  နားလည် လွယ်ကြ သည့် ကလေးများသာ။ ကိုယ်ငယ်စဉ်ကလို အိုးပုတ် ချိုးရုပ်တွေနဲ့ ဆော့၊ ကျောက်သင်ပုံးနဲ့  စာရေးပြီး ပညာသင်နေကြတာ မဟုတ်ကြ။ အိုင်ပက် အိုင်ပေါ့ အိုင်ဖုန်းတွေနဲ့  သူတို့ မသိတာရှိရင် ဂူးဂဲနဲ့ ရှာကြည့်လိုက်ကြသည်။ အများစုက အခြေခံဗုဒ္ဓဝင်တော့ သိနေကြပြီ။ ဓမ္မစကြာ၊ ပဋ္ဌာန်းပစ္စယနိဒ္ဒေသ၊ မင်္ဂလသုတ်ပါဠိများကို ရွတ်ဖတ်နိုင်နေကြပြီ။ ကျောင်းရဲ့ ဘာသာရေးပွဲတော်များ ရှိပြီဆိုရင် ကလေးများက လူကြီးတွေထက်ပို၍ မိမိတို့ ရဲ့ တိုင်းရင်းသား ဝတ်စုံလေးတွေကို မြတ်နိုးစွာ ဝတ်လာကြသည်ကို တွေ့ ရသည်။ ကျောင်းမှာ စာသင် တဲ့ရက်ဆိုရင်လဲ ကျောင်းသား ကျောင်းသူကြီး တို့ က ဆွမ်းချက် ဆွမ်းပြင် ဆွမ်းကပ်တို့ ဖြင့် ဝေယျာဝစ္စကုသိုလ်တွေ လုပ်ပေးကြ သည်။ မိမိထံ ဘာသာရေးစာပေ သင်လာကြသည်မှာ ကြာပြီဖြစ်တဲ့ ကောလိပ်ကျောင်းသူ၊ အထက်တန်းကျောင်းသူ လေးတို့ ကလဲ ကျောင်းသား ငယ်တွေကို ထမင်းခူးကျွေး၊ စာကူသင်ပေး ကြသည်။ ၃ဧကကျောင်းဝင်းထဲက ရာဂဏန်းရှိတဲ့ သစ်ပင်တွေက ကြွေကျတဲ့ သစ်ရွက် အမှိုက် တွေဆိုရင်လဲ ဝိုင်းကူပြီးရှင်းပေးကြသည်။ ပွဲတော်များအတွက် ချက်ရေးပြုပ်ရေး၊ ဧည့်ခံရေးတွေမှာလဲ ဝိုင်းဝန်း ကူညီလို့ ။
ကိုယ်နေ့ တဲ့ လူ့ ဘောင် အသိုင်းအဝိုင်းမှာ လူကောင်း၊ ခေါင်းဆောင်ကောင်းဖြစ်ဖို့ ဆိုတာ စိတ်ကို ငယ်ငယ်ထဲက ကောင်းအောင် လေ့ကျင့်သင်ယူသွားကြရမယ်လို့ ဆိုတဲ့ မိမိရဲ့စကားကို ကလေးတွေ နားထောင်နေပြီလို့ တော့ ထင်ရသည်။ ဘယ်လိုဘဲဖြစ်ဖြစ် တို့ အတူယုံကြည်တဲ့ ဘာသာတစ်ခုအောက်မှာ ဆုံကြပြီဆိုတော့ မင်းတို့ အငယ်တွေကို တို့ အကြီးတွေက ဦးဆောင်လို့  ခရီးဆက်သွားမယ်။ ရည်မှန်းထားတဲ့ ပန်းတိုင်ထဲ တို့ တွေ မဝင်မချင်းပေါ့။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ
2 Responses to ကံဆုံသူတို့ အကြောင်း
  1. Aung Koe on January 17, 2014 at 9:07 pm
    ဘုန်းဘုန်းရဲ့ ဆောင်ရွက်ချက်တွေကိုအားပေးနေပါတယ် သာဓုသာဓုသာဓုပါဘုရား
  2. nanda on January 20, 2014 at 10:38 am
    ယခုလို မျှဝေလို့ သာဓု အခါခါ ခေါ်ဆိုရကာ အားရ ဂုဏ်ယူမိပါတယ် ဘုရား
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ
By
  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...
Read more »
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်