သာဓုမခေါ်နိုင်တော့သော Sunny Pick Up (Po Htet)

January 20, 2014

သာဓုမခေါ်နိုင်တော့သော Sunny Pick Up

ဖိုးထက်

ဇန်န၀ါရီ ၂၀၊ ၂၀၁၄

 

 

 

ဦးဝင်းနိုင် မှာ ၁၉၇၉ ခုနှစ် Nissan ဂျပန်ကား ကုမ္ပဏီထုတ် Sunny Pick Up ကားလေး တစ်စီးရှိသည်။ ဒီကားလေးကို သဘောင်္သားတစ်ယောက်စီကနေ တိုက်ရိုက်ဝယ်လိုက်ခြင်းဖြစ် သည်။ အဲဒီခေတ်ကကိုဘဲ ငွေကျပ် သုံးသိန်းကျော်ကျော် ပေးလိုက်ရသည်။ ကားလေးက သူ့လက်ထဲ ရောက်တော့ ကီလို နှစ်သောင်းကျော်သာ မောင်းထားရသေးသည်။ အထိအခိုက်၊ အပဲ့အရွဲ့၊ အနာအဆာ မရှိ။ ဆေး၊ ဘော်ဒီ၊ အင်ဂျင် ဘာမှ အပြစ်ဆိုစရာ မရှိလောက်အောင် ကောင်းသေးသည်။

 

ဦးဝင်းနိုင်ကလဲ သူ့ကားကို ချစ်သည်။ ဘယ်လောက် ချစ်သလဲဆိုလျှင် သူ့မိန်းမထက် ပိုချစ်သည် လို့ ဆိုလျှင်ရနိုင်သည်။ သူ့မိန်းမက အစိုးရ၀န်ထမ်း ရာထူး ကြီးကြီးထဲက ဖြစ်သည်။ အစိုးရ၀န်ထမ်းပီပီ နယ်တွေ ပြောင်းရသည်။ သားတစ်ယောက်၊ သမီးတစ်ယောက်ကလဲ အရွယ်တွေ ရောက်ပြီး အဝေးမှာ။ သူ့မိန်းမ တာဝန်ကျရာနယ်အစုံသို့ ဦးဝင်းနိုင်တို့ လင်ရယ် မယားရယ် မောင်နှံက ပြောင်းရ ရွှေ့ရသည်။

 

နယ်တစ်ခုမှ တစ်ခုသို့ ပြောင်းရတိုင်း ဦးဝင်းနိုင်က စိတ်ပူရသည်။ သူ့မိန်းမက စိတ်ညစ်ရသည်။ အလုပ် အကိုင်၊ နေရေးထိုင်ရေး အဆင်မပြေမှာ စိုးတာ မဟုတ်။ အဲဒီကားကိစ္စကြောင့်ဘဲ ဖြစ်သည်။ နယ်တစ်ခုသို့ ပြောင်းရမယ်ဆိုတိုင်း အိမ်ရှာရ ငှားရသည်။ ဦးဝင်းနိုင်မိန်းမက ရုံးနဲ့ နီးနီးနားနား ငှားချင်သည်။ ဦးဝင်းနိုင်က သူ့ကား ထားစရာ ကားဂိုထောင်ပါမှ ငှားချင်သည်။ ကားထားစရာ မပါလျှင် ကားထားဖို့ ဂိုထောင်လုပ်ပြီးမှ ပြောင်းသည်။

 

ကားထားဖို့ရော လူနေဖို့ပါ အိမ်ငှားလို့ ရပြန်တော့ သူ့ကားကို ပြောင်းရမည့် နယ်သို့ ခရီးဝေးမောင်းသွားဖို့ ဒရိုက်ဘာ ရှာရတာလဲ အမော။ သူကအသက်ကြီးပြီ။ ခရီးဝေး မမောင်းချင်တော့။ မောင်လဲ မမောင်းနိုင်တော့။ ကားမောင်းဖို့ ဒရိုက်ဘာ ရပြန်တော့ မောင်းမယ့်သူကို ဦးဝင်းနိုင် မှာနေတာတွေ မပြီးတော့။ တကယ်ကျတော့ မှာတာက နည်းနည်း။ ကြွားတာက ပိုသာချင်ချင်လို့ ဆိုရမည်လား မသိ။ ၁၉၇၉ ခုနှစ်ထုတ်ဆိုပေမယ့် သူ့ကားက အဲယားကွန်း ကောင်းသေးကြောင်း။ ကား အင်ဂျင် heat cover တွေ ရှိနေသေးကြောင်း။ အင်ဂျင်နတ်တွေ၊ မူလီတွေဆိုတာ စက်ရုံထုတ် ဆေးတို့ရာလေးတွေပင် ရှိနေသေးကြောင်း။ ဘော်ဒီသံပြားကို ခေါက်ကြည့်ရင် သံပြားသံဘဲ ကြားရမှာ ဖြစ်ကြောင်း။  ကြွားလဲ ကြွား။ ဂရုစိုက် မောင်းဖို့လဲ ပြောရသေးသည်။ ဒီလိုမှာရဲ့သားနဲ့ လမ်းမှာ ကားကို ချိုင့်ထဲ မဆင်မချင်ချပြစ်တာ၊ လက်လွတ်စပယ်မောင်းတာ တွေးရရင်တော့ ဦးဝင်းနိုင်က နည်းနည်းမှ အားမနာဘဲ ငေါက်တတ်သည်။

 

ဒီကားကို သူဒီလောက် တန်ဖိုးထား၊ တရိုတသေ ထိမ်းသိမ်းစောင့်ရှောက်လာတာ နောက်တစ်စီး မ၀ယ်နိုင်လို့ မဟုတ်။ ဦးဝင်းနိုင်က သူဌေးသား။ သူ့မိဘတွေက နယ်ဘက်မှာ ကျိကျိတက် ချမ်းသာသူတွေ။ မိဘတွေ ဆုံးတော့ အမွေရလိုက်တာတွေ နည်းတာ မဟုတ်။ ပြီးတော့ သူ့မိန်းမကလဲ အပြင်ဝင်ငွေ ကောင်းသော ဌာန တစ်ခုရဲ့ ရာထူး ကြီးကြီးထဲက။ ကား တစ်စီးကို သိန်း ရှစ်ရာ ၊ တစ်ထောင်လောက် ရှိနေတဲ့ ခေတ်ကတည်းက ၀ယ်မယ်ဆို ၀ယ်စီးနိုင်သည်။

 

သို့သော် ဦးဝင်းနိုင်က သူ့ကားမှ သူ့ကား။ သူ့ကားကလွဲရင် ကျန်တဲ့ ကား ဖွဲ၊ ဆန်ကွဲ ထင်သည်။ နောက်ပိုင်းထုတ်ကားတွေ ဘယ်လောက် ဇိမ်ကျကျ၊ ငြိမ့်ငြိမ့် ညောင်းညောင်း ရှိရှိ သူ့ ဆန်နီပစ်ကပ်လေးကိုဘဲ ချစ်သည်။ သူ့ကားကို ဘယ်လောက် တန်ဖိုးထားသလဲ ဆိုလျှင် သူ့မိန်းမထက်တောင် တန်ဖိုးထားတတ်သည်။ တစ်ခါက သူ့မိန်းက မိုးများသော နယ်ဘက်မှာ တာဝန်ကျသည်။ ရုံးနဲ့ အိမ်နဲ့က မဆိုသလောက်လေး လှမ်းသည်။ မိုးတွေ ရွာတိုင်း ဦးဝင်းနိုင်နဲ့ သူ့မိန်းမ ကတောက်ကဆ စကားများရသည်။ မိုးရွာနေလျှင် သူ့ကားနဲ့ သူ့မိန်းမကို ရုံးကို လိုက်မပို့။ သူ့ကား ရွှံ့စင်မှာ ရေစိုမှာ စိုးရိမ်သည်။ ဒီတော့ သူ့မိန်းမကို ပိုက်ဆံ ကုန်ချင်သလောက် ကုန်။ ဒီပြင်ကား ငှားချင်ငှား။ ဆိုက်က္ကားနဲ့ သွားချင်သွား။ သူကတော့ သူ့ကားကို မိုးလုံ လေလုံ ဂိုထောင်ထဲက ထုတ်လိမ့်မည် မဟုတ်။

 

တကယ့် တကယ် မိုးရေထဲ ချမောင်းရ၊ သုံးရပြီဆိုလျှင် နောက် နှစ်ပါတ်လောက် သူ့ကားကို သ လို့ မပြီးတော့။ သံဂျီးလိုက်မှာစိုးလို့ ဆိုပြီး အ၀တ်တွေ နဲ့ အထပ်ထပ် ပွတ်တိုက် သန့်စင်သည်။ ဦးဝင်းနိုင် မိန်းမကတော့ သူ့ရုံးကိစ္စက တစ်ဖက်၊ ငယ်လင် ငယ်မယား ဓာတ်သိလဲ ဖြစ်ပြန်ဆိုတော့ ထူးထွေပြီး သူ့ယောင်္ကျားကို အထွန့်တက်မနေ။ ရုံးချုပ်၊ ပွဲလမ်းသဘင် သွားစရာ ရှိရင် သူ့ဘာသာ ရုံးက လူတွေကို ကားစီစဉ်ခိုင်းလိုက်တာပါဘဲ။ သူ့ယောင်္ကျားက စိတ်လို လက်ရ လိုက်ပို့မယ်ဆိုရင်တော့ အဲဒီကားကို စီးသည်။ ဒါတောင်မှ ကား သုံးပြီး ပြန်လာလျှင် ဦးဝင်းနိုင်ကို ၀ိုင်း ကူပြီး ကား သုတ်ပေးရတာ မောလို့ နောင်တော့ သွားစရာ ရှိရင် အို..ကျမ အားလုံး စီစဉ်ပြီးပြီ ဆိုပြီး ပြောပြစ်တာ များသည်။

 

သူ့ကားကို မျက်စပြစ်နိုင်သော သားနဲ့ သမီးကလဲ မိဘကို ဒုက္ခမပေးသူတွေ။ သမီးကတော့ ဦးဝင်းနိုင် ညီမတွေ ရှိရာ ရန်ကုန်မှာ အနေများသည်။ မိဘတွေဆီ ပြန်လာလဲ သမီးဖြစ်သူက ဒုက္ခပေးတာ မဟုတ်။ အေးသည်။ ရိုးသည်။ မိဘတွေ ချမ်းသာမှန်း သိပါရဲ့နဲ့ ဟိုဟာလိုချင်တယ်၊ ဒီဟာလိုချင်တယ် ပူဆာတယ်လို့ မရှိ။ သူ့အမေဆင်ရာ လက်ဝက်လက်စားတောင် လေးတယ်အမေရယ်။ အတော်အသင့်ဆို တော်ပြီပေါ့လို့ လုပ်တတ်သေးသည်။ သူတို့ လင်မယား နှစ်ယောက် အတွင်း ပစ္စည်း ဘယ်လောက်ရှိတယ်။ ဘယ်မှာ ဘာရှိတယ်ဆိုတာကို စိတ်မ၀င်စား။ ဦးဝင်းနိုင် နားမလည်သော ဂျပန်စာသင်တာဆိုလား၊ ကွန်ပြူတာ ပရိုဂရမ်မာဆိုလား ပြည်တွင်းမှာ အခြေကျနေသည့် ဂျပန် နည်းပညာ ကုမ္ပဏီတစ်ခုမှာ သူ့ဝင်ငွေလေးနဲ့သူ ရပ်တည်နေသူ။

 

အဲ…ဦးဝင်းနိုင် မနိုင်ချင်သလို ဖြစ်တာက သူ့သားတော်မောင်။ သားတော်မောင်က နိုင်ငံခြားမှာ အလုပ် အကိုင် ဟန်ကျ ပန်ကျ ဖြစ်နေပါပြီလေ။ အသက်ကမငယ်တော့ပေမယ့် ဘာကြောင့် လူပျိုကြီး ဖြစ်မှန်းမသိ ဖြစ်နေသူ။ နိုင်ငံရပ်ခြားမှာ အလုပ် လုပ်နေသူပီပီ တစ်နှစ်မှ တစ်ခေါက်လောက်ဘဲ မိဘဆီကို ပြန်လာနိုင်သည်။ သူ့ညီမနဲ့ ၀င်တွေ့သွားသည်။ ခက်တာက အဲဒီ တစ်နှစ်တစ်ခေါက် ပြန်လာရင် သူတို့ သားအဖ နှစ်ယောက် စကားများရသည်။ ကတောက်ကဆ ဖြစ်ရသည်။ သားဖြစ်သူက ခေတ်အမြင် ရှိသူ။ နိုင်ငံခြားမှာ ကျောင်းပြီးကတည်းက အလုပ် လုပ်နေသူဆိုတော့ ခေတ်မှီသည်။

 

ပြန်လာတိုင်း “အို..အဖေ့ကားကြီး ဘယ်လောက် ကောင်းကောင်း၊ ဘယ်သူ ဘယ်လောက် ပေးဝယ်ဝယ် ဒီခေတ်ကြီးမှာ ကားပေါ်မှာ ကော်ဖီခွက်ကို မမှောက်အောင် သောက်လို့ ရတဲ့ ကားတွေ ပေါ်နေပြီဗျ” တို့ ပြောလိုပြော…”အို…အဖေ့ကားက ဘယ်လောက် မောင်းကောင်းတယ် ပြောပြော လဘော်ဂနီတို့၊ ပေါ်ရှေးတို့ ဘယ်မှီမလဲဗျာ” လို့ ဆိုလို ဆို…အဖေဖြစ်သူကလဲ မခံ။ ဟ မင်းကားတွေ ဘယ်လောက် ကောင်းကောင်း ငါ့ကား မမှီပါဘူးကွာလို့ ခံငြင်း။ ကြားထဲက အမေဖြစ်သူက ကိုင်း..ကိုင်း..မင်းအလည်လာတုံး သွားစရာ လာစရာ ရှိရင် လပေး ကား ငါငှားပေးပါမယ်ကွယ်။ ကျသလောက်သာ ပြောပါ။ မင်းမပေးပါနဲ့ ငါပေးပါ့မယ်ဆိုမှ ပွဲပြတ်တော့သည်။

 

ဟုတ်တော့လဲ ဟုတ်သည်။ ဦးဝင်းနိုင် သူ့ကားကို ဂုဏ်ယူမယ် ဆိုရင်လဲ ယူစရာ။ ကားက စက်ရုံထုတ်ပစ္စည်းတွေ အစုံအလင်ရှိသေးသည်။ ပြီးတော့ သူက ကား အကြောင်း နည်းနည်းပါးပါး နားလည်သူဆိုတော့ ဘယ်လို ထိမ်းသိမ်း စောင့်ရှောက်ရမယ်ဆိုတာ သိသည်။ သူ့ကား ဆေးကွက်လို့ ဆေးလေး နည်းနည်း ပြန်သုတ်ချင်တာတောင် မိုးခြောက်၊ လေခြောက် အပူဆုံး လတွေကို စောင့်သည်။ ဒါမှ ရေငွေ့တွေ ကင်းမှာ၊ ဆေးပိုခိုင်တာလို့ ဆိုသည်။ ကြမ်းခင်းက နည်းနည်းလေး ဆွေးပြီး ဆန်စေ့ လောက် ပေါက်တာမှာ ကြေးဂဟေ ကောင်းကောင်း လုပ်ပေးမယ့် ကား ၀ပ်ရှော့ မတွေ့တာနဲ့ တစ်နှစ်လောက် စိတ်ရှည်လက်ရှည် စောင့်ဘူးသည်။

 

မန္တလေးဘက်မှာ သူ့မိန်းမက တာဝန်ကျတုံး သူ့ကားကို ပွဲစားတွေကို ခေါ်ပြသည်။ မန္တလေးဘက်က ဆန်နီပစ်ကပ်တွေ အသဲစွဲ။ ခရီးဝေး သွားလို့ရသည်။ လူတင်၊ ကုန်တင်လို့ရသည်။ အကြမ်း ပတမ်းခံသည်။ တစ်ခါက မန္တလေးက ပိုက်ဆံရှိ ပွဲစား တစ်ယောက် သူ့ကားကို လာကြည့်သည်။ ဟိုက အသေအလဲ ကြိုက်သည်။ ကားက ပြောစရာ တစ်ကွက်မှ မရှိ။ ပိုက်ဆံ တတ်နိုင်သူ ပွဲစားပီပီ ဒီလို ရှားရှားပါးပါး ကားလေးကို ပိုက်ဆံ ဘယ်လောက် ပေးရ ပေးရ ဂုဏ်ယူပြီး စီးချင်လို့ ဦးဝင်းနိုင်ကို ဆွယ်သည်။ သူက တိုယိုတာ ဖင်ကောက် ရှာပေးမယ်။ အလိုက်ပေးစရာ မလို။ ၂၀၀၃ ခုနှစ် အထက် မောလ်ဒယ်ဖြစ်ရမည်။ ငွေကြေးအရသာဆိုရင် ဦးဝင်းနိုင်က အသာစီးကြီး။ ဖင်ကောက်က အဲဒီအချိန်မှာ သိန်း ၇၀၀၊ ၈၀၀။ သူ့ကားက အလွန်ဆုံး တန်လှမှ သိန်း သုံးရာပေါ့။ ယုံချင်ယုံ မယုံချင်နေ ဦးဝင်းနိုင်က ရီဘဲ ရီနေလိုက်သည်။ ပွဲစားအလိုကို မလိုက်။ ပွဲစားဆီကိုဘဲ သူ့ကားလေး မောင်းပြီး လ္ဘက်ရည်သောက် သွား သွားခေါ်သည်။

 

အခုတော့ အစိုးရက လူမပြောင်းဘဲ ပုံစံပြောင်းလာသည်မှာ ကားဈေးကွက်က ကမောက်ကမ ဖြစ်သွားသည်။ သိန်း သုံးထောင် လေးထောင် ထောင်ချီတန်နေတဲ့ ကားတွေ သိန်းငါးရာ၊ ခြောက်ရာဆိုလျှင် စိတ်ကြိုက် ၀ယ်နိုင်ပြီ။ ဂျပန်က တိုက်ရိုက်မှာချင်ရင်တောင် ဖြစ်သေး။ ကားအို ကား ဟောင်းတွေ အပ်ရသည် ဆိုပေမယ့် သူ့ကားက အချိန်စောင့်ပြီး နံပါတ်အကောင်း အလှ ရအောင် လုပ်ထားတာမို့လို့ သုံးကကြီး။ ကားကြောက ကညနမှာ သက်တမ်းတိုး သွားပြတိုင်း သက်ဆိုင်ရာ အရာရှိ ယာဉ်စစ်သူတွေ တအံ့တသြ ဖြစ်ရတုံး။

 

သူ အပ်ချင်မှ အပ်နိုင်သည်။ မအပ်ချင်ရင်လဲ သူ့ ကား အခြေအနေအရ မအပ်ဘဲ နေလို့ ရသည်။ ဖြတ်၊ ဆက်၊ အပိုဆောင်းထားတာ တစ်ခုမှ မရှိ။

 

ကားဈေးကွက် ကမောက်ကမဖြစ်လဲ ဦးဝင်းနိုင်ကတော့ စိတ်မကောင်းမဖြစ်။ သိန်း ငါးရာ ၊ ခြောက်ရာလောက်နဲ့ ၀ယ်စီးမယ်ဆို ဖြစ်နေပြီဖြစ်လို့ သူ့သားကိုတောင် “မင်း ၀ယ်ချင်ဝယ်ပါ့လား ။ မင်း အမေ ပိုက်ဆံ လိုတာ စိုက်လိမ့်မပေါ့” လို့ ပြောပြီးသား။ သူ့သားကလဲ သူ့ကိုဘဲ လာလာနောက်နေသည်။ “အို…အဖေ့ကားကြီး လိုချင်လို့ အဖေသေသည်အထိ စောင့်နေတာ” ဆိုပြီး ဖုန်းထဲက နောက်လို့ “ခွေးမသားက” လို့ ဆဲပြီး ဖုန်းချလိုက်ရသည်။

 

အခုတော့ သူ့သား ပါးစပ်စီးတယ်လို့ ဆိုရမည်လား မသိ။ ရင်ဘတ်တွေ အောင့်အောင့်နေလို့ ဆေးတွေ စစ်ကြည့်တော့ သူ့မှာ အသဲကင်ဆာရှိသတဲ့လေ။ ဖြစ်နိုင်သည်။ သူငယ်ငယ်က အရက်ကို မိုးမလင်း သောက်ဘူးသည်။ အရက်နဲ့ မျက်နှာသစ်ခဲ့ဘူးသည်။ ဆယ်စုနှစ် တစ်ခုလောက် သောက်ပြီးမှ တိခနဲ့ နေအောင် သူဖြတ်ပြစ်ခဲ့ခြင်းဖြစ်သည်။ မဖြတ်ပြန်ရင်လဲ သူ့မိန်းမ ရာထူးကို ထိခိုက်နိုင်သည်။ သမီးနဲ့ သားမျက်နှာလဲ ကြည့်ရအုံးမှာမို့ ဘယ်ဆေးရုံ၊ ဘယ်ဆေး အကူအညီမှ မယူဘဲ အစိမ်းဖြတ်ပြစ်ခဲ့ခြင်းဖြစ်သည်။ အခုတော့ အသဲကင်ဆာ။ သူကော သူ့မိန်းမပါ မတုန်လှုပ်။ အားလုံးက ဒီလမ်းကို သွားကြရမယ့်လူတွေ။ အချိန်ကြာတာနဲ့ မြန်တာ ဒါဘဲ ကွာမည်။

ဆရာဝန်ပေးတဲ့ ဆေးတွေ သူသောက်သည်။ ကြိုးစားပြီး ကုသည်။ သူ့သားက စင်္ကာပူကို လာကုဖို့ တိုက်တွန်းသည်။ သမီးဖြစ်သူက အလုပ် ထွက်လာပြီး အဖေကို ပြုစုသည်။ သူက စင်္ကာပူလဲ သွားမကုချင်။ ငွေရေး ကြေးရေးကြောင့် မဟုတ်။ သူ့ကြောင့် သူ့မိန်းမနဲ့ ကလေးတွေ ဒုက္ခဖြစ်မှာ စိုးသည်။ ဒီတော့ ဆေးတွေ သောက်ရင်း သောက်ရင်း သူ့ကျန်းမာရေးက ဆိုးသည်ထက် ဆိုးလာသည်။ တစ်ခါ တစ်ခါ ရင်ဘတ်ကို တုတ်ကြီးနဲ့ ထိုးထားသလို အောင့်သည်။ နာသည်။ ချွေးစေးတွေ ပျံအောင် သူ့ ရင်ဘတ်တွင်းက နာသည်။

သူ့မိန်းမကို မှာသည်။ သူသေရင် သိပ်ပြီး ရက်အကြာကြီး ဆွဲမနေနဲ့။ စင်္ကာပူက သားဖြစ်သူကို အလုပ်အားမှ လာပစေ။ ငါ ခွင့်လွှတ်တယ်လို့ ပြောပေးဟု မှာသည်။ သမီးဖြစ်သူ အိမ်ထောင်ပြုရင်လဲ သေသေချာချာ စီးပွားရေး အထိုင်ချပေးဖို့။ မပြုရင်လဲ နင် အလုပ်ထွက်ပြီး သမီးနဲ့ နေတော့လို့ မှာသည်။ သားဖြစ်သူဟိုအကောင် အိမ်ထောင်ပြုရင် ချွေးမက မြန်မာပြည်ကဆိုလျှင် ဒီကောင့် မိသားစုကို မြန်မာပြည်မှာ အခြေကျအောင် ငွေရေး၊ ကြေးရေး ကူညီဖို့ မှာသည်။ နောက်ဆုံးသူ့စကား ဆုံးတော့ သူ့မိန်းမက သူ့ကို မေးသည်။ “တော့်ကားကြီး ကျုပ်က ဘာလုပ်ရမှာလဲ” ဟု မေးသည်။

 

သူ ချက်ချင်း သူ့သားကို ဖုန်းခေါ်စေသည်။ သားဖြစ်သူကို “မင်းငါ့ကား ယူမလား” လို့ မေးတော့ သားတော်မောင်က “အဖေ့ကား ရွှေ တစ်ပိဿာ ထည့်ပေးရင်တောင် မယူဘူး။ သားက တိုယိုတာ ဆိုက်ခနပ်စ်စီးမှာဗျ” ဟု ဆိုတာကြောင့် “အေး..အေး..မင်း အမေနဲ့ ညှိပြီး ၀ယ်ပေါ့ကွာ” လို့ ပြောပြီး ဖုန်းချလိုက်ရသည်။ ဖုန်းချအပြီးမှာ ဦးဝင်းနိုင် ခြင်ထောင် အမိုးကြီးကို ကြည့်ပြီး စဉ်းစားနေတာ သူ့မိန်းမ က သတိပေးယူရသည်။

 

နောက်ရက် မနက်အစောကြီး သူ့မိန်းမကို ဦးဝင်းနိုင်နှိုးသည်။ ငါ့ကားကို မန္တလေးက ဘုန်းတော်ကြီးကျောင်း စာသင်တိုက် တစ်ခုခုမှာ သွားလှုလိုက်ကွာ။ နာမည်ပေါက် ပြောင်းဖို့ လွယ်ဖို့ မင်းစီစဉ်ပါ ဆိုတာနဲ့ သူ့မိန်းမက အားလုံး စီစဉ်ပေးသည်။ အလှုခံသည့် ဘုန်းကြီးကျောင်းက ရေစက်ချ လုပ်အုံးမလားလို့ မေးတော့ နေပါစေတော့ ဘုရားဆိုပြီး ကားကို ဘုန်းကြီးကျောင်းကို နေမကောင်းရက်သားကြီးနဲ့ သူတို့ မောင်နှံ မောင်းယူသွားခဲ့သည်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ ဘုန်းတော်ကြီးဆီမှာ ရိုးရိုးတန်းတန်း ကတော့ပြီး အပ်ခဲ့သည်။

 

နောက် တစ်ပါတ်ခန့်နေတော့ ဦးဝင်းနိုင် မနက်ခင်းစာ ထမင်းစား ၊ ဆေးသောက်နေတုံး ငုတ်တုတ်ကြီး သတိမေ့သလို ဖြစ်နေလို့ သူ့မိန်းမက ဆေးရုံ တင်ယူလိုက်ရသည်။ ဆေးရုံမှာ သတိပြန်လည်လာသည်။ သမီးဖြစ်သူက တငိုငို တရီရီ။ မိန်းမဖြစ်သူကတော့ ကြိုတင် ပြင်ဆင်ထားဟန်ရှိသည်။ တည်တည်ငြိမ်ငြိမ်။ သားဖြစ်သူကိုတော့ ဖုန်းပြောလိုက်သေးသည်။ “ခွေးကောင် မင်း အမေနဲ့ ညီမလေးကို ဂရုစိုက်” လို့ မှာတော့ “အဖေ ကျနော် ဒီနေ့ ညနေ လေယာဉ်နဲ့ ပြန်လာခဲ့မယ်နော်” လို့ ဗလုံး ဗထွေး ပြန်အော်နေသံ ကြားရသည်။

အဲဒီည ဆယ်နာရီလောက်ရောက်တော့ ဦးဝင်းနိုင် မှိန်းနေရာကနေ သတိတစ်ချက် ပြန်လည်လာသည်။ သူ့ဘေးမှာ အိပ်စောင့်နေသော မိန်းမဖြစ်သူကို လှုပ်ပြီး နှိုးသည်။ အိမ်သာ ထသွားသည်။ ကိုယ်လက် သန့်ရှင်းရေး လုပ်သည်။ အိပ်ရာခင်းကို ပြင်စေသည်။ ပုဆိုး အသစ်၊ အကျီင်္အသစ်လဲသည်။ “ကိုင်း..ငါ အိပ်လိုက်အုံးမယ် အစောရယ်..ငါ့ဘေးမှာ မေတ္တာသုတ်လေး ရွတ်ပေးစမ်းပါ” ဟု သူ့မိန်းမနဲ့ သူနဲ့ ငယ်ရည်းစားဘ၀တုံးက ခေါ်နေကြ ခေါ်ဝေါ်နည်းကို ပြန်ခေါ်သည်။ သူ့မိန်းမကလဲ သူ့ကို ဘာမှ မေးမနေတော့။ သူလုပ်ချင်တာ၊ လိုချင်တာ မှန်သမျှ အကုန်ဖြည့် ဆည်းပေးလိုက်သည်။

 

မေတ္တာသုတ် အခေါက်ခေါက် ရွတ်ရင်း သူ့မိန်းမဖြစ်သူ ဘယ်အချိန်က အိပ်ပျော်သွားသည် မသိ။ တစ်ရေးနိုးလို့ ဦးဝင်းနိုင်လက်ကို စမ်းကြည့်လိုက်တော့ အေးစက်နေပေပြီ။ အသက်မရှိတော့။ တကယ့် ပကတိ အိပ်ပျော်သွားခဲ့လေပြီဘဲ။

 

ဦးဝင်းနိုင် ရက်လည်ဆွမ်းကျွေးလုပ်တော့ သူ့ကားလေး လှူထားခဲ့သော ကျောင်းတိုက်မှ ဆရာတော် ဘုရားကြီး ကြွလာသည်။ ကပ္ပိယတစ်ယောက် မောင်းလာခြင်းဖြစ်သည်။ တိုက်ခန်းပေါ်မှာ ကွယ်လွန်သူအတွက် ဆရာတော် ဘုရားကြီးက တရား ဟောနေချိန်မှာ အောက်မှာ ကားစောင့်ရင်း ကျန်ခဲ့သည့် ကပ္ပိယက သူ့ကားလေး ဘယ်လောက် ကောင်းကြောင်း…မောင်းရတာ ဘယ်လောက် ဇိမ်ရှိကြောင်း..ရှားရှားပါးပါး ဒီခေတ်ကြီးမှာ ဘယ်လိုမှ မရနိုင်တော့တဲ့ ကားဖြစ်ကြောင်း..Nissan ကုမ္ပဏီမှာတောင် မရနိုင်တော့ကြောင်းကို  ဒီပြင်ဆရာတော် ဘုရားတွေ၏ ကားကို မောင်းလာသည့် လူတွေကို ကြွားနေလေသည်။ အားလုံးကလဲ ဘောနက်စ်တွေ လှန်ကြည့်ကြ၊ ကားအောက်ပိုင်းတွေ ငုံ့ကြည့်ကြ၊ အင်ဂျင်ကို ပွတ်သပ် ကိုင်တွယ်ကြည့်ကြ လုပ်ကြသည်။

 

“ကွယ်လူသူ ဦးဝင်းနိုင်နှင့် တကွ သုံးဆယ့် တစ်ဘုံရှိ လူ၊ နတ်၊ သတ္တ၀ါ အားလုံးတို့ ဤပြုရသော ကုသိုလ်ကံ အစုစုကို အမျှဝေပါ၏။ အမျှ…အမျှ..အမျှ ယူတော်မူကြပါလေကုန်” ဟု ဆရာတော်ဘုရားကြီး၏ တရားဟောသံက တိုက်ခန်းအောက်ကို ပျံလွင့်လာသည်။

 

“သာဓု..သာဓု..သာဓု” ဟု တရားနာ ပရိတ်သတ်က လိုက်ဆိုကြ၏။ သတ္တ၀ါ အပေါင်းကလဲ သာဓုခေါ်ကြဟန်ရှိသည်။ သို့သော်..ဟို သက်မဲ့ ကားသန့်၊ ကားကောင်းလေးကတော့ ငြိမ်ငြိမ်သက်သက် ရှိနေလေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

2 Responses to သာဓုမခေါ်နိုင်တော့သော Sunny Pick Up (Po Htet)

  1. KLL on January 24, 2014 at 8:32 am

    “သံဒိဋ္ဌက ဂုဏ်ဟူသည်မှာ နောင်တမလွန်ကျမှအကျိုးခံစားရခြင်းမျိုးမဟုတ်၊ ဤဘဝအတွင်း၌ လက်ငင်းချက်ခြင်း အပူငြိမ်းသော တရား၊ စိတ်ဆင်းရဲခြင်းအမျိုးမျိုးတို့မှ လွတ်ကင်းချမ်းသာ သက်သာ၍ စိတ်ငြိမ်းချမ်းသော တရားဟူ၍ ဆိုလိုပေသည်။ နောင်ဘဝမှ လူ့စည်းစိမ် နတ်စည်းစိမ် စသည်တို့ကို မျှော်မှန်းကာ ဒါန အစရှိသည့်ကုသိုလ် ကောင်းမှုမျိုးကိုပြုတတ်ကြသော မြန်မာ လူမျိုးတို့သည်၊ ဒိဋ္ဌလက်ငင်း ပူလောင်ခြင်းမှ သက်သာရာရသော တရားမျီုးဖြစ်သည်ဟု မုချဆတ်ဆတ် ယုံကြည်တတ်ကြပါလျှင် လိုချင်စကောင်းသည်ဟု နားလည်ကြဖို့ မျှော်လင့်ထိုက်ပေသည်။ ” ရွှေဥဒေါင်း

  2. KLL on January 24, 2014 at 8:41 am

    သံဒိဋ္ဌက = ကိုယ်တိုင်တွေ့မြင်အပ်သောတရား

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်