ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၃)

January 20, 2014

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၂၀၊ ၃၀၁၄

 

လူတွေ၏ အသံက ခမ်းမတစ်ခုလုံးကို ဖုံးထားသည်။ အပြင်မှ လာသောမိသားစုတို့ရုပ်သွင်မှာ စိတ်ကိုထိမ်းချုပ်ပြီး အားတင်း ထားဟန်တို့ ပေါ်လွင်နေသည်။ သို့သော်လည်း လက်ထိပ်တန်းလန်းနှင့်သူများက ကိုယ့်ဒုက္ခကို သတိ မထား မိဟန် ကိုလည်း တွေ့ကြရမည်။ ထိုကိုယ့် ဝေဒနာ ကို သတိမထားမိခြင်းသည် အဖမ်းခံသူတို့ စိတ်ဓာတ်က ခိုင်ခိုင်မာမာကြောင့်လား။ ယုံကြည်မှုတစ်ခုကို တည်ဆောက် ထားခြင်းကြောင့်လား။ အကြောင်း တစ်ခုခုကတော့ ရှိမည်။ ထို့ထက် ပိုနေတာက စိတ်ထဲ ဆာလောင်နေသော မိသားစု တွေ့ချင်စိတ်။ ထိုခံစားမှုများလူတိုင်းကိုယ်စီရှိကြသည်။ခုတော့ စိတ်ထဲ ငတ်မွတ်နေသော အစာကို အားရပါးရ ထွေးပွေ့ခွင့် ရ၍လည်း ဖြစ် နှိုင်သည်။ 

 

အဖေသည် ခါးကြားပုဆိုးကို လက်မတစ်ဖက်ဖြင့် ထိုးချိတ်ရင်း ကျေကွဲမှု မကျေမချမ်း ဖြစ်မှု အစုံပါသော ခံစားမှုကို သူ့ မျက်နှာမှာ ပေါ်နေသည်။ ၁၀ နှစ်သားထဲက မိသားစုနှင့် ခွဲခွါ ခဲ့သော သားဖြစ်သူကို ကျေကျေကွဲကွဲ ကြည့်နေသည်။၁၀နှစ်သား ခွဲခွါစဉ်က သူကျေ ကျေနပ် ကျပ်ကြီး သဘောကျခဲ့ဘူးသည်။  ခုတစ်ခါခွဲခွါ ရမှု သည် အုတ်တံတိုင်းတို့ စည်းခြားထားသော ဝေးကွာမှု ဆိုသည်ကို သူအဖြေထုတ်ပြီးဟန်လည်းရှိနေသည်။ ညီမသည် ဖြစ်မှဖြစ်ရလေ ဆိုသော အကြည့်ဖြင့် လိမ္မော်သီ အခွံကိုနွှာရင်း အနားမှာ ထိုင်နေသည်။ မကြာခင်ရက်ပိုင်း က သူတွေ့မြင်ခဲ့ရသော ယပ်တောင်ကိုကိုင်ကာ တရားဟော ပလ္လင်ထက်က အကိုသည် ယခုအခါ သူ အကျွမ်းတဝင်ရှိ နေသာ အပြင်အဆင်တို့ ဝေးကွာ စွာ ဖြစ်တည်နေမှုကို သောကတို့ဖြင့် လွမ်းဆွတ်နေဟန်လည်းရှိသည်။

 

နှစ်ယောက်တတွဲ တွဲပြီး လက်ထိပ်ခတ်ထား၍ လက်တဖက်သည်မအား။ ကိုယ်နှင့်သက်ဆိုင်ရာ မိသားစုက ကိုယ်စီစားစရာများ ယူလာပြီး ကိုယ့်လူ နှင့်ကိုယ် များစရာရှိာတာမှာ၊ အားပေးစရာရှိတာအားပေး နှင့်စုပေါင်းပေါ်ထွက်လာသော အသံများ ဆူဆူညံနေသည်။ မလှမ်းမကမ်းတွင် စောင့်ကြပ် နေသော အက်စ်ဘီ တို့ က မိသားစု စကားပြောနေသည်ကိုပင် အလွတ်မထား နားထောင်နေဟန် ရှိသည်။ တခါတခါသူတို့ကပါ ဝင်ဝင်ပြီး စကားလာပြောနေသေးသည်။

 

“ဟိုအကောင်တွေ အနားလာလာကပ်နေရင် မိသားစု စကားပြောတာကိုလဲသတိရှိပစေနော်”

 

ထောင်ထဲက မိတ်ဆွေများက စိုးရိမ်စရာကိစ္စကို မမေ့ စေရန် အသိပေး လိုက်သေးသည်။ သူတို့အသိပေး စကားတွေ ပြောထားသော်လည်း မိသားစုကိုတွေ့တော့ အားရဝမ်းသာပင် ဘာကိုမှဂရုမထားမိတော့။ သူတို့ ကြားကဝင်လာပြီ ဘာတော်လဲ ဆိုတာ လာတတ်သည်။ ခနအကြာမှာ

 

“ကဲ အားထွက်ကြမယ်  မကြာခင် ပြန်စမယ် ”

 

လာရောက် သူမိသားစုကို အပြင်သို့ပြန်ရန် တစ်ယောက်က လာပြောသည်။ မကြာခင် အမှုစစ်ဆေးတာ ပြန်စတော့မည်။ မိသားစုတွေ အားလုံး ချိုင့်များကို သိမ်းပြီး ခမ်းမ အပြင်သို့ ထွက်သွားကြသည်။ တရားရင်ဆိုင်ရတော့မည့် ခုံများဆီသို့ အားလုံးသွားကြတော့မည်။

 

အားလုံးနေရာယူလိုက်ကြသည်။ အမှုဖတ်စာရေး၏ အသံက ခမ်းမတခုလုံးဟိန်းနေအောင် ဖုံးသွားသည်။ တရားရုံးကိုတင်ပြနေသော ဇာတ်လမ်းများက တစ်ယောက်ယောက်က ကြားသိလိုက်ရလျှင် တကယ့် စနစ်တကျ စီစဉ်ပြီးဆောင်ရွက်ခဲ့ကြသော အုပ်စု ကြီးတစ်ခုဟု အထင်ရောက်မည်ဖြစ်သည်။ တကယ်က ကိုယ့်သဘောနှင့် ကိုယ်တပိုင်တနိုင် လုပ်ခဲ့ ကြသူတွေကော နောက်ဘာမှ မသိသူတွေကော  တယောက်နဲ့တယောက် မသိသူတွေကော စုံနေတာကို သူတို့က အမှုဆင်ထားပုံက တကယ့် ဇာတ်လမ်းကြီး ။ အော်အမှုဆင် ဖမ်းတယ်  အမှုဆင်ဖမ်းတယ် နဲ့ ပြောသံသာကြားဖူးသည် အခုကတော့  ကိုယ်တိုင်ကြုံနေရသည်။ အမှန်တချို့ထဲ ရောစွက်ထားသော ဇာတ်လမ်း ။ သတင်းစာထဲပါလာတုန်းက ဘာတွေလဲဟု သတင်းစားဖတ်ရသူတွေကိုမေး ဘူးသည် ။သူတို့ပြောတာက

 

“ဦးဇင်းက ကျောင်းထိုင်ဆရာတော်ပေါ့ ကိစ္စတွေကိုသိလျှက်နဲ့အားပေးကူညီခဲ့သည်လို့ ပါတယ် ဦးဇင်းအတွက်စာသာများများ မပါဘူးဟို ကုလသမဂ္ဂ ကိုယ်စာလှယ်ကိုတွေ့တာ သတင်းထဲမပါဘူး”

 

သတင်းစာဖတ်ပြီး လာပြောပြသည့်စကားက ကိုယ်က ဘာမှအရေးမကြီး။ အားပေးသူအဆင့်လောက်သာ။ ဒီတော့လည်း အမှုအတွက် ပစ်ဒဏ် ကြီးကြီး ကျလိမ့်မည်မဟုတ်ဟု စိတ်သက်သာရာရခဲ့သေးသည်။ နောက် ကျောင်းက ဦးဇင်းလေးတွေပြောစကားတစ်ခုကတော့ စိတ်မသက်မသာဖြစ်ရသည်။

 

“ဘုန်းကြီး ဘုရား ဘုန်းကြီးတို့ကိုဖမ်းသွားပြီးနောက်နေ့မှာ စစ်တပ်ကော  ရဲကော အရပ်ဝတ်တွေကော ရဝတ တွေပါပါတယ် ကျောင်းကိုလာရှာ ကြတယ်တချို့စာရွက်တွေဟာ တပည့်တော်တို့ကြည့်နေတဲ့ကြားက ဘယ်ကဘယ်လို ထွက်လာတာလဲမသိဘူး ဒီမှာစာရွက်ဆိုပြီး ယူလာတော့မှ သိရတယ် အတွေးအမြင်စာအုပ်တွေ အားလုံးကိုသိမ်းသွားတယ် ”

 

အဖမ်းမခံရမှီ ရက်ပိုင်းလောက်က စာအုပ်တွေ လာလှူထားတာ။ ကွယ်လွန်သူ ကဗျာဆရာကိုဝံသာ -( ငသိုင်းချောင်းဝံသာ)ရဲ့ စာအုပ်တွေအားလုံး ကို သူ့ အိမ်က ဦးဇင်းဆီကိုလာ လှူ ထားသည်။ ထိုစာအုပ်များသည် လည်း ပစ်မှု ကျူးလွန်သော ထောင်ချ၍ ရသော ကိစ္စ ဖြစ်နေသည်။ တရားသူကြီးရှေ့က စားပွဲပေါ်တွင် စာအုပ်တွေတင်ထားသည် ထို စာအုပ်များသည် ကွယ်လွန်သူကဗျာဆရာ၏ ကုသိုယ်လ်များ။ သွားလေသူ မိတ်ဆွေ ကြီးကတော့ တမလွန်ကနေ စုတ်တသပ်သပ် နေပေရော့မည်။

 

တရားရုံးတွင်လာရောက်ထွက်ဆိုကြသူများထဲရင်နှီးသူများပင်ပါနေသည်။ ရဝတ လူကြီးတိုင်းသည် ကျောင်းတွင် ဝင်ထွက် စားသောက် နေကြ သူတွေချည်း ။  လဝက နှင့်သာသနာရေး တွဲကိုင် သော မြို့နယ်လဝက ဦးစီး မှူးသည်လည်း အားနာနေဟန်ဖြင့် သူ့ရုပ်သွင်ကို တွေ့ရသည်။ သက်သေခံ ပစ္စည်းများကိုတင်သွင်းပြီးသောအခါ  ဘာတွေမေးစရာရှိသေးလဲ ဆိုသောမေးခွန်းကို တရား သူကြီး ဆီ က ထွက်လာသည်။

 

“တစ်ခုမေးစရာ ရှိပါတယ်”

 

ကိုယ့်ကို ကိုယ်ပင် ဒီလောက်မြန်လိမ့်မယ်မထင်မိ။မေးခွန်း မေးစရာရှိတယ် ဟု ပြောလိုက်သောအသံအဆုံးမှာ အားလုံးက မိမိထံ အာရုံစုပြုံရောက်လာမည် ဆိုတာကိုတွေးပြီးသားဖြစ်သည်။

 

“ကဲ မေးပါ”

 

တရားရုံး၏ ခွင့်ပြုချက်အဆုံးမှာ

 

“စာပွဲပေါ်က စာအုပ်တွေက ဦးဇင်းစာအုပ်တွေမှန်ပါတယ် တချို့စာရွက်တွေ ပစ္စည်းတွေက ဦးဇင်း ပစ္စည်းမဟုတ်ပါဘူး နောက် အဲ့ဒီ ပစ္စည်းတွေ ရှာဖွေစဉ်က ဦးဇင်းရဲ့ မျက်စေ့ရှေ့မှာမဟုတ်ပါဘူး ကာယကံရှင်ရဲ့ ကွယ်ရာ မှာ ရှာခဲ့တာပါ ”

 

တရားသူကြီးက အရပ်ဝတ် ဝတ်ထားသော  လူတစ်ယောက်ဆီ မျက်စပစ်ပြီး ဘယ်လိုလဲ ဟူသော ပုံသဏ္ဍာန် လုပ်တာကို မြင်လိုက်ရသည်။ တဆက်တည်းတရားသူကြီးက လာရောက်ထွက်ဆိုသော ရဝတ လူကြီးဖက်လှည့်ပြီး

 

“သူပြောတာဟုတ်လား သူ့ရှေ့မှာ ရှာတာမဟုတ်ဘူးလား”

 

ရဝတ လူကြီးက မတ်တပ်ရပ်လိုက်သည်။

 

“ဟုတ်ပါတယ် ပစ္စည်းတွေရှာတော့ ဘုန်းကြီးရှေ့မှာရှာတာမဟုတ်ပါဘူး”

 

တရားသူကြီးက မျက်လုံးပြူးကြည့်ပြီး

 

“ဒါဆို သူက ဘယ်ရောက်နေလဲ”

 

မိမိကို လက်ညိုးထိုးပြီး မေးပြန်သည်။

 

“ပစ္စည်းတွေ ရှာဖွေ ရေးမလုပ်ခင် ၂ရက်လောက်ကတည်းက ထောက်လှမ်းရေး စစ်ကြောရေးအခန်းထဲရောက်နေပြီ”

 

“ရှာဖွေရေး လုပ်တုန်းက သူကိုခေါ်မလာဘူးလား ”

 

“ခေါ်မလာဘူး ကျုပ်မပါ ပါဘူး ”

 

တရားသူကြီးက ထိုင်ရန် လက်ပြသည်။ ပြန်ထိုင်လိုက်ပြီး တရားသူကြီးကအရပ်ဝတ်နှင့် လူတစ်ယောက်ကို လက်ယပ် လှမ်းခေါ်လိုက်သည်။ ပြီးတီးတိုး သူတို့ နှစ်ယောက် စကာတွေ ပြောနေကြသည်။ ထောင်ထဲ တုန်းက အထဲကမိတ်ဆွေများက ဒီအချက်ကို ပြောဖြစ်အောင်ပြောဟု အခါအခါမှာလိုက်သည်။ တကယ် ရှာဖွေရေး လာလုပ်ကြသူများက စစ်ထောက်လှမ်းရေးများဖြစ်သည်။ အခု တရားရုံးတွင်လာရောက် အမှုတင်ကြသူများက အက်စ်ဘီခေါ် ရဲမှုခင်း တပ်ဖွဲ့ကလူများ။ ဒီတော့ ရှာဖွေရေးလုပ်စဉ်က ဘယ်လိုတွေ လုပ်ခဲ့ကြသည် ဆိုတာကို သေချာ သူတို့မသိရှိကြ။ ဒီတော့ သူတို့ အိုးနင်းခွက်နင်း ဖြစ်သွားကြသည်။  အမှု ကိစ္စက မည်သို့ပင် ဆိုစေကာမူ ဟူသော စကားအတိုင်းထောင်ကျကို ကျမည်ဆိုတာ သိရှိပြီးဖြစ်သည်။ ဘယ်သို့ပင် ကျကျ  သူတို့ စွဲဆိုသော အမှုတွင် ကမောက်ကမ ကိစ္စတွေလည်းပါနေ သည်ဆိုတာကို ထိုတရာရုံးလာတင်သူတို့ အသိစိတ်ထဲသို့ ဝင်ရောက်စေလိုသေးသည်။ အခု ကိုယ် ပြောကြားလိုက်ရမှုသည် သူတို့ ဘက်က ချို့ယွင်းချက် ရှိကိုရှိနေသည် ဆိုတာကို သူတို့ကိုယ်တိုင်သိသွားကြပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်