လရောင်ဆမ်းသော ခရောင်းလမ်း (Maung San)

January 25, 2014

လရောင်ဆမ်းသော ခရောင်းလမ်း
မောင်စံ (တောင်ငူ)
ဇန်န၀ါရီ ၂၅၊ ၂၀၁၄

 

ဘဝက ခါးသီးလွန်းလို့ ပြန်ကိုမတွေးချင်တော့ဘူး၊ တွေးမိတိုင်း မချိအောင်ခံစားရတယ်၊ တကယ်ပါ…။

 

အဖေနဲ့အမေ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကျမတို့ကို ကျောခိုင်းသွားတော့ ကျမအသက်က ဘာရှိဦးမှာလဲ၊ (၈) နှစ်ပေါ့၊ ညီမလေး မယ်ချုံက (၅) နှစ်၊ အငယ်ဆုံးမလေးဆို အဖေ အမေကိုတောင် ပီပီသသ မခေါ်လိုက်ရရှာဘူး။ ကျမအထက်မှာ အစ်မ နဲ့ အစ်ကိုရှိသေးတယ်ဆိုပေမယ့် သူတို့လည်း အားကိုးရာမဲ့သွားပြီဆိုတော့ မလုပ်တတ် မကိုင် တတ် တနေ့တနေ့ မျက်ရည်နဲ့မျက်ခွက်ပဲ။ ဒါပေမယ့် ကလေးတွေ ပိုအားငယ်သွားမှာစိုးလို့ ကျမတို့မသိအောင် တိတ်တိတ်လေးပဲ ကြိတ်ငိုကြရှာတယ်။

 

အစ်ကိုငယ်ကတော့ ငယ်ငယ်လေးကတည်းက ကိုရင်ဝတ်ပြီး ဘုန်းကြီးကျောင်းရောက်နေတာမို့ အဆင်ပြေ နေမှာပေါ့၊ ရှိတဲ့အစ်မနဲ့ အစ်ကိုကပဲ ဖြစ်သလိုရှာကြံပြီး ကျမတို့ကိုလုပ်ကျွေးလာကြတယ်။ သူများဆီမှာ အစ်မက ကောက်စိုက်၊ အစ်ကိုက သူရင်းငှား၊ ကြိုယူထားတဲ့ စပါးလေးတွေကုန်တော့ မျက်နှာငယ်လေးနဲ့ ဟိုကချေး ဒီကငှား၊ ချေးငှားတာတွေ ပြန်မဆပ်နိုင်တော့ နောက်ထပ်ဘယ်သူမှ မပေးတော့ဘူးပေါ့၊ တချို့ဆို ဆဲဆိုတောင် လွှတ်လိုက် ကြသေးတယ်။

 

နောက်တော့ ဘယ်လိုမှမဖြစ်တော့တာမို့ အဝေးမှာနေတဲ့ အဖေ့ညီကိုပဲ တောင်းပန်ပြီး လာခေါ်ခိုင်းရတယ်။ အဖေ့ညီက လူပျိုကြီး၊ အိမ်ထောင်မပြုဘဲ အမေအိုကြီးကို ပြုစုလုပ်ကျွေးနေတာ။ တခြားသူစိမ်းမရှိတာမို့ ကျမတို့ကို ခေါ်ထားဘို့ အဆင်ပြေတယ်လေ။ ဦးလေးနာမည်က  ကိုမွှေး…တဲ့၊ မိန်းမ မယူဘဲ မိခင်ကိုလုပ်ကျွေးနေတဲ့အတွက် သူ့ဂုဏ်သတင်း က တစ်ရပ်လုံး တစ်ရွာလုံးမှာ ကိုမွှေး ကိုမွှေး နဲ့ တမွှေးတည်း မွှေးနေတာ။

 

သားအမိ နှစ်ယောက်တည်းဆိုတော့ မချမ်းသာပေမယ့် မဆင်းရဲဘူးပေါ့၊ ချောင်းရေကျသွားလို့ ကျွန်းလေးပေါ် ပြီဆိုရင် ရသလောက်အကွက်လေးမှာ ဆေးရွက်ကြီးစိုက်တယ်၊ တခြား ဂေါ်ဖီတို့ ခရမ်းချဉ်တို့ မုန်လာတို့လည်း စိုက် တယ်ဆိုတော့ ဖူဖူလုံလုံ လောက်လောက်ငှငှ ရှိတယ်ပေါ့။

 

ကျမတို့က ဦးလေးကို “ဦးမောင်” လို့ပဲခေါ်တာ နှုတ်ကျိုးနေပြီ။ ဦးမောင်က အမေကြီးကို သိပ်ဂရုစိုက်တယ်၊ စားဘို့ သောက်ဘို့ ရေချိုးဘို့တင်မက အင်္ကျီအဝတ်အစား ထမီကအစ လျှော်ဖွတ်ပေးတယ်၊ နှိပ်နယ်ပေးတယ်၊ ည အိပ်ယာဝင်ရင်လည်း ကန်တော့ပြီးမှအိပ်တယ်။ အဲဒီလောက်ထိ လိမ္မာတာဆိုတော့ သူ့သတင်း ဘယ်မကျော်ဘဲ ရှိပါ့ မလဲ။

 

တနေ့တော့ ဦးမောင်က ကျမတို့ကို လာခေါ်တယ်၊ သူနဲ့အတူနေပြီး လုပ်ကိုင်စားကြ…တဲ့၊ လာမယ်ဆိုရင် တော့ သူ့ဆီမှာ ဆေးဂိုဒေါင်လုပ်ဘို့ ကျမတို့အိမ်ကို ဖျက်ယူသွားရလိမ့်မယ်တဲ့။ အစ်ကိုနဲ့ အစ်မကလည်း အဖေတို့ အမေတို့ကို အမှတ်တရကြည့်စရာဆိုလို့ အဖေဆောက်ခဲ့တဲ့ ဒီအိမ်လေးပဲရှိတာမို့ နှမျောကြပေမယ့် တခြားရွေးချယ် စရာလည်း မရှိတော့ဘူးလေ။ ဒီလိုနဲ့ ကျမတို့မောင်နှမတွေ ဦးမောင် ရဲ့ ခေါင်ရမ်းရွာမှာလိုက်နေကြတယ်။ အငယ် ဆုံးမလေးကိုတော့ အမေရဲ့ဒေါ်လေးက မွေးစားမယ်ဆိုပြီး တောင်ငူကိုခေါ်သွားတယ်။

— —

 

ဆိုကြပါတော့ ကျမတို့ရောက်ပြီး တစ်နှစ်အတွင်းမှာပဲ ဦးမောင်ရဲ့စီးပွားရေးဟာ သိသိသာသာကြီး တချိန်ထိုး ထိုးတက်လာခဲ့တယ်။ လုပ်အားပိုရလာလို့ဖြစ်မှာပေါ့၊ အစ်ကိုနဲ့အစ်မက အရွယ်ကောင်းတွေဆိုတော့ အလုပ်ကောင်း ကောင်းလုပ်နိုင်ကြတယ်လေ။ မနက်မိုးမလင်းခင်ကတည်းက ယာထဲဆင်းသွားကြတာ ညနေမှောင်ရီသန်းမှချည့်ပဲ ပြန် လာကြရတယ်။ အစ်ကိုတို့ အစ်မတို့ပြန်လာပြီဆိုရင် ကျမတို့ညီအစ်မနှစ်ယောက် ဝမ်းသာအားရ အော်ဟစ်ပြီး ပြေးကြိုကြတာ ညနေတိုင်းပဲ။ ဟိုအရင်ကတော့ အဖေတို့ အမေတို့ကို အဲဒီလိုကြိုနေကျပေါ့၊ ခုတော့ အစ်ကိုနဲ့ အစ်မ ကိုပဲ အဖေနဲ့အမေလို တွယ်တာနေကြရတာလေ။

 

နေ့လည်နေ့ခင်းပိုင်းဆိုရင် မျက်စိမမြင်တဲ့ အမေကြီးနဲ့ပဲ အိမ်မှာကျန်ခဲ့ကြတာ၊ ကလေးဆိုတော့ ပျင်းတာပေါ့ တခါတခါ အဖေတို့အမေတို့ကို တမ်းတပြီး ညီအစ်မနှစ်ယောက် ဖက်ဖက်ငိုကြတယ်။ တစ်ရက်တုန်းကဆိုရင် အစ်ကို နဲ့အစ်မကို လွမ်းလို့ဆိုပြီး ကျမတို့ညီအမနှစ်ယောက် တောက်တောက် တောက်တောက်နဲ့ ယာထဲကိုလိုက်သွားကြ တာ၊ မျက်စိတွေလည်ပြီး တော်တော်နဲ့မရောက်ဘူး။ ငိုယိုပြီး ဘယ်ကိုဆက်သွားရမှန်းမသိတဲ့အချိန် ကလေးငိုသံကြား လို့ဆိုပြီး ဆေးပင်တွေကြားထဲက အစ်ကိုက ခေါင်းထောင်ကြည့်လိုက်တော့မှ ဘွားကနဲသွားတွေ့တယ်။

 

“အစ်ကို…”

“ဟယ်… ”

 

အစ်ကို အံ့သြနေတယ်၊ ဒီလောက်အဝေးကြီးကို ဒီကလေးတွေ ဘယ်လိုလာကြသလဲပေါ့။ ကျမတို့ နှစ်ယောက်လည်း အစ်ကို့ဆီကို ပြေးပြီးဖက်ကြတယ်။ အဲ့ဒီ အချိန်မှာ ဦးမောင်က ဒုတ်တစ်ချောင်း ယူလာပြီး ကျမ တို့ကိုရိုက်တယ်။

 

“ဒီကလေးတွေ ဘာလာရှုပ်တာလဲ ဒီမှာ”

ဖြန်း… ဖြန်း… ဖြန်း..

 

“ဟာ… ဦးမောင် ခင်ဗျားဘယ်လို လုပ်လိုက်တာလဲ၊ ဒါ ကလေးတွေလေ၊ ကျုပ်ညီမတွေကို ခင်ဗျားလက်ဖျား နဲ့တောင်မထိနဲ့၊ ဆုံးမစရာရှိရင် ကျုပ်ဆုံးမမယ်”

 

အစ်ကိုဒေါသဖြစ်ပြီး ဦးမောင်ကို မပြောစဘူး ပြန်ပြောနေတယ်။ ဆူဆူညံညံ အသံတွေကြားမှ ခပ်လှမ်းလှမ်းမှာ ရှိတဲ့အစ်မလည်း ပြေးလာခဲ့တယ်။ ကျမတို့နှစ်ယောက် ကြောက်လွန်းလို့ တုန်နေတယ်။ အစ်မက ဖက်ထားပြီး ဦးမောင်ကို တတွတ်တွတ် ပြန်ပက်တယ်။

 

“ဘာလဲ မင်းတို့က ခွါရာချင်းတူလို့ ပြန်လှန်ချင်ကြတာလား၊ ငါမွေးတဲ့မျောက်က ငါ့ပြန်ခြောက်လို့ ဟင်း၊ ငမွှေးတဲ့ကွ တစ်မွှေးတည်းရှိတယ်…#… @…”

 

ဦးမောင် အော်ဟစ်ဆဲဆိုပြီး နွားတွေကို ဓါးနဲ့လိုက်ခုတ်တယ်၊ လှည်းကိုလည်း ခုတ်တယ်၊ တဲကိုလည်း မီးရှို့တယ်။ အစ်မက ကျမတို့ကို အိမ်ပြန်ပို့တယ်။

— —

 

စီးပွားရေးတွေ ကောင်းလာပြီးတဲ့နောက်ပိုင်း ဦးမောင် စိတ်တွေတော်တော်ကြမ်းလာတယ်။ အရက်တွေ သောက်လာတယ်၊ အပေါင်းအသင်းတွေ များလာတယ်။ မြို့ကလာတဲ့ ဆေးပွဲစားတွေက ဦးမောင်ဆီက ဆေးတွေရဘို့ နိုင်ငံခြားအရက်တွေယူယူလာပြီး လာဒ်ထိုးတယ်။ အပေါင်းအသင်းတွေက ဦးမောင်ကို မြှောက်ပြောပြီး အရက်ညာ သောက်တယ်။ အမြှောက်ကြိုက်သူဆိုတော့ ကြိုက်သလောက်သောက်ပေါ့၊ ကုန်ရင် မြို့ကိုတက်ဝယ်တယ်။ ကြာတော့ အရက်သမားကြီး လုံးလုံးဖြစ်လာတယ်။ အလုပ်ကို စိတ်မဝင်စားတော့ဘူး၊ အစ်ကိုတို့ အစ်မတို့နဲ့ပဲ ပစ်ထားပြီး မိုးလင်းက မိုးချုပ် အိမ်မှာအရက်ဝိုင်းထောင်တယ်။ အမြည်းအတွက် ကျမကို ဟိုဟာကြော်ခိုင်း ဒါကြော်ခိုင်းပေါ့။ မွေးထားတဲ့ ကြက်တွေလည်း ကုန်ပြီ။

 

တခုခု အလိုမကျရင် ပွဲကြမ်းတယ်၊ တစ်အိမ်လုံး ဘယ်သူမှ မနေရဲကြဘူး။ အရက်ဝိုင်းမှာ သူ့ကိုကျောတဲ့ စကားလုံး ပါလာလို့ကတော့ မလွယ်တော့ဘူး၊ ဟေ့ သတ္တိရှိရင် နွားတွေကို ဓားနဲ့ယှဉ်ခုတ်မယ်၊ ဆေးဂိုဒေါင် မီးနဲ့ယှဉ် ရှို့မယ် ဆိုပြီးစိန်ခေါ်တော့တာ။ အဲလို ယှဉ်မယ့်သူမရှိရင် အနီးနားရှိတဲ့ ကက်ဆက်တို့ ရေဒီယိုတို့ကို ဆွဲပြီး ကိုင်ပေါက်ပစ်တာ။ ကိုယ့်ကျေးဇူးရှင် မိခင်ကြီးကို အရင်ကလိုပြုစုဘို့ နေနေသာသာ တစ်ရက်မှာ အိမ်ရှေ့ဆင့်ပေါ်က တွန်းချလိုက်လို့ ခါးနာသွားတာ မပျောက်တော့ဘူး။ အမေကြီးလည်း သနားပါတယ် နေ့တိုင်းငိုနေရတယ်။ အစ်ကိုတို့ အစ်မတို့ကိုလည်း အမြဲလိုလို ရန်ရှာနေတော့တယ်။

 

သည်းမခံနိုင်တော့တဲ့တနေ့မှာ အစ်မက ယောက်ျားနောက်လိုက်သွားတယ်။ ကျမတို့မှာ အားကိုးစရာ အစ်ကိုတစ်ယောက်ပဲ ကျန်တော့တယ်၊ ပိုပြီးအားငယ်လာရတယ်။ နောက်တော့ကြားတယ် အစ်မနဲ့သူ့ယောက်ျားက ကျမတို့နေခဲ့တဲ့ ခြံထဲမှာပဲ နေကြတယ်တဲ့။ အငယ်ဆုံးမလေးကိုလည်း ခေါ်ထားတယ်တဲ့။ ကျမတို့ကိုလည်း သူ့ဆီ ပို့လိုက်ဘို့ အစ်ကို့ကိုမှာတယ်တဲ့။ အစ်ကိုက မပို့ဘူး၊ ကျမတို့ကို သူ့မျက်စိအောက်မှာပဲ ရှိနေစေချင်တယ်တဲ့။ အစ်မဆီကိုလည်း သွားချင်တယ်၊ အစ်ကို့ကိုလည်း မခွဲနိုင်ဘူး၊ ဒီမှာနေရတာ မပျော်ဘူး။ အကြောင်းမရှိ အကြောင်းရှာ အော်ဟစ် ငေါက်ငမ်း ခံနေရတာပဲ။

— —

 

တစ်နေ့ ထမင်းဝိုင်းမှာ ငပိရည်နဲ့တို့စရာပဲ ရှိတာမို့ ကျမတို့ကလေးတွေ စားမဝင်ဘူး၊ အဲဒါ ဆူးပုတ်ရွက်ကို ပါးစပ်ထဲ ထည့်လိုက်ထုတ်လိုက်လုပ်နေတဲ့ကျမကို ဦးမောင်က နားရင်းထရိုက်တယ်၊ နားကိုအူသွားတာပဲ။ ညီမလေး လည်း လန့်ပြီးငိုသွားတယ်။ အဲဒီမှာ အစ်ကိုနဲ့ ဦးမောင်နဲ့ အကြီးအကျယ် ရန်ဖြစ်တော့တာပဲ။

 

ကျမ မငိုဘူး၊ အံကြိတ်ထားတယ်။ ဦးမောင်ကို ကြောက်တာကနေ နာကျည်း မုန်းတီးတဲ့စိတ်တွေအဖြစ် ပြောင်းလာတယ်။ တစ်ခုခုနဲ့ ပြန်လုပ်ချင်စိတ်တွေ ပေါ်လာတယ်။ တကယ်တော့ မကောင်းတဲ့ စိတ်တွေပေါ့။ ညီမလေးကတော့ ကြောက်လွန်းလို့ ဦးမောင်ကို မကြည့်ရဲဘူး၊ ကျမကိုပဲ အတင်းဖက်ထားတယ်။ ဦးမောင်နဲ့ အတော်ကြာကြာ ရန်ဖြစ်ပြီး အစ်ကိုလာနှစ်သိမ့်တယ်။

 

“သိပ် နာသွားလား ညီမလေး”

အစ်ကို့အသံကြားမှ ပိုပြီးဝမ်းနည်းလာတယ်။

 

“အစ်ကိုတို့ မောင်နှမတတွေ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူးညီမလေး၊ သီးသန့်ခွဲပြီး နေကြရအောင်”

“ဟုတ်ကဲ့အစ်ကို တခြားမှာ သွားနေကြမယ်၊ ဒီလူကြီးကို မုန်းတယ်”

 

“အင်း… သွားနေတာတော့ဟုတ်တယ်၊ အစ်ကိုတစ်ယောက်တည်း ဦးမဆောင်တတ်ဘူး ညီမလေးရဲ့၊ ဒီတော့ အစ်ကိုက ရှေ့ပိုင်းမှာ အလုပ် လုပ်နေတုန်း နောက်ပိုင်းက ညီမလေးတို့ကို ချက်ပြုတ်ကျွေးနိုင်မယ့် မိန်းမတစ်ယောက် ယူလိုက်မယ်လေ…”

 

ပြောပြီး အစ်ကိုက ကျမတို့ကို အကဲခတ်တယ်။ ညီမလေးက မပီကလာ ပီကလာ မျက်နှာငယ်လေးနဲ့ မေးရှာတယ်-

 

“အစ်ကို့မိန်းမက ညာပြီးတော့ ပြန်တိုင်ရင် အစ်ကိုက အနော်တို့ကို ရိုက်မှာလား….”

“အို… ညီမလေးရယ်…..”

 

အစ်ကို ခံစားသွားရတယ်နဲ့တူပါတယ်၊ ညီမလေးကို ဖက်ထားပြီး ငိုနေတယ်။

—– —–

 

တစ်နေ့ညနေမှာ ဦးမောင် အရက်ပုလင်းဆွဲပြီး အပြင်ကပြန်လာတယ်။ အရက်ဖိုမှာ ပုလင်းသွားဆွဲတာ။ အဆင့်က မြို့အရက်ကနေ တောက ချက်အရက်အဆင့်ဖြစ်သွားပြီ။ လုပ်ငန်းကို ပစ်ထားတဲ့အတွက် စီးပွား ရေးအခြေအနေက တနေ့တခြား ကျဆင်းလာတယ်။ ဆေးပွဲစားတွေကလည်း သူ့ဆေးတွေကို ဈေးနှိမ်တယ်။ နောက် ဆုံးရတဲ့ဈေးနဲ့ပဲ ရောင်းရတော့ အများကြီးရှုံးတယ်။ ကျဆင်းလာပြီဆိုတော့ ဘယ်အပေါင်းအသင်းမှ သူ့ဆီမလာတော့ ဘူး၊ သောက်မယ့်သူလည်းမလာ တိုက်မယ့်သူလည်းမလာ၊ ဒါပေမယ့် မသောက်ရ မနေနိုင်တော့ ရွာစပ်ကတောထဲမှာ ရှိတဲ့ အရက်ဖိုမှာ သွားသွားသောက်တယ်။

 

တစ်နေ့မှာပေါ့ ညနေမှောင်ရီပျိုးစအချိန် ဒယီးဒယိုင်နဲ့ ပြန်လာပြီး အော်ဟစ် သောင်းကျန်းတော့တာပဲ။

 

“ဒီကောင်မလေးတွေ နေ့လည်ကတည်းက ပဲတွေချွေခိုင်းထားတာ ခုထိမပြီးသေးဘူးလား၊ ကျန်တဲ့ဟာ တွေက ဘယ်သွားသေနေကြလဲ၊ ငါ… @… # အကုန် မီးနဲ့ရှို့ပစ်မယ်၊ သွား မီးခြစ်သွားယူ”

 

ကျမတို့လည်း မနားတမ်းလုပ်နေတာပါပဲ၊ ဒါပေမယ့် ကလေးဆိုတော့ သိပ်မတွင်ဘူးပေါ့။ အစ်ကိုကတော့ နေ မကောင်းချင်သလိုဖြစ်နေလို့ဆိုပြီး အိမ်ပေါ်မှာလှဲနေတယ်၊ အစ်ကို့မိန်းမကလည်း အစ်ကို့ဘေး ကပ်အိပ်နေတယ်၊ အဲဒါ ပဲတွေလာမချွေကူလို့ဆိုပြီး ဦးမောင်ပေါက်ကွဲတာ။

 

“ဟေ့ မီးခြစ်သွားယူလို့ပြောတာ မကြားဘူးလား၊ ကဲဟာ…”

“ဘုန်း…”

“အင့်! .. အား…”

“ဘုန်း” ဆိုခြေထောက်နဲ့ကန်သံ ကြားတာနဲ့ “ဝုန်း” ဆို အစ်ကို အိမ်ပေါ်ကပြေးဆင်းလာခဲ့တယ်။

 

“ဦးမောင် ခင်ဗျား ဒါတော့ အတော်လွန်လာပြီဗျာ၊ ခင်ဗျားကို ကိုယ့်ဦးလေးမို့လို့ အဖေ့မျက်နှာနဲ့ ညှာနေတာ”

“ဘာကွ မင်းကများ ငါ့ကို ဟင်း၊ ငါကျွေးမွေးလာလို့ လူဖြစ်တဲ့ကောင်က၊ ဟေ့… မနေချင်တဲ့ကောင်တွေ ထွက်သွား၊ ငါ့အိမ်မှာ တစ်ယောက်မှ မနေကြနဲ့”

 

“သွားမယ်… သွားမယ် လုံးဝမနေဘူး၊ လာ ငါ့ညီမတွေ အထုပ်အပိုးတွေ ပြင်ကြ”

 

အစ်ကိုနဲ့ ဦးမောင် စကားများနေတဲ့အချိန်မှာ ကျမတို့ညီအမနှစ်ယောက် ခြံနောက်ဖေးပေါက်ကနေ တိတ် တိတ်လေး ထွက်ပြေးခဲ့ကြတယ်။ ယာခင်းတွေထဲ ရောက်တဲ့အချိန်မှာ လုံးဝ မိုးချုပ်သွားပြီ။ စိတ်ကဆောင်နေလို့လား မသိ မြွေတွေ ကင်းတွေလည်း မကြောက်၊ သရဲတစ္ဆေတွေ လည်း မကြောက်တော့ဘူး။ လက်တစ်ဖက်က ညီမလေးကို ဆွဲ ကျန်တစ်ဖက်က ယူလာတဲ့ဓါးတစ်ချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ကိုင်းဆေးပင်တွေကြားထဲ တိုးဝှေ့လာခဲ့ တယ်။ အောက်က မြေကြီးခဲတွေကို နင်းမိပြီး ညီမလေး ခဏခဏ လဲကျတယ်။

 

အဲဒါနဲ့ ဆေးပင်တွေကြားထဲမှာပဲ ခဏနားလိုက်ကြတယ်။ အတော်ကြာတော့ လရောင်က လင်းလာတယ်။ ညီမလေးက အီအီးပါချင်တယ် ဆိုလို့ ဆေးပင်တွေကိုကျော်ပြီး ခေါင်းထောင်ကြည့်ရသေးတယ်၊ နောက်က လိုက်လာ တဲ့သူတွေရှိ မရှိပေါ့။ အန္တရာယ်ကင်းပြီဆိုမှ ညီမလေးကို ကန်သင်းရိုးဘက်ခေါ်သွားပြီး အီအီးတည်ရတယ်။

“အေးခိုင်ရေ… ညီမလေး… မယ်ချုံ…ရေ…”

“ဟင် အစ်ကိုတို့ လိုက်လာကြပြီ”

 

ညီမလေးကို အီအီးသုတ်ပေးပြီး ဆေးပင်တွေကြားထဲ ပြေးဝင်ကြတယ်။ အစ်ကိုတို့ တကြော်ကြော်ခေါ်ရင်း ဓာတ်မီးတွေနဲ့ ဟိုထိုးဒီထိုး လိုက်ရှာကြတယ်။ မိပြီးပြန်လိုက်သွားရမှာစိုးလို့ ညီအစ်မနှစ်ယောက် ဆေးပင်တွေကြား ထဲမှာ ဝပ်ပြီးပုန်းနေရတယ်။ အစ်ကိုကတော့ ခေါ်လည်းခေါ် ငိုလည်းငိုပေါ့။

 

ဓာတ်မီးရောင်တွေ ပျောက်သွားပြီဆိုမှပဲ ဟင်း ချနိုင်တော့တယ်။ တဖြည်းဖြည်းနဲ့ ညဉ့်အတော်နက်လာပြီ။ ဆေးခင်းတွေဖြတ်လိုက်၊ ပဲခင်းတွေကျော်လိုက်၊ ပြောင်းခင်းထဲဝင်လိုက်နဲ့ အတော်လေးတော့ ခရီးပေါက်လာခဲ့ပြီ။ ကြာ တော့ ညီမလေး သိပ်မလျှောက်နိုင်တော့ဘူး။ အဲဒါနဲ့ ဆေးပင်တွေကြားထဲမှာ ညီမလေးကိုပေါင်ပေါ်တင်ပြီး သိပ်ခဲ့ရ သေးတယ်။ သိပ်ပင်ပမ်းသွားလို့နဲ့တူပါတယ် ညီမလေး ချက်ချင်း အိပ်ပျော်သွားတယ်။

 

“တုံ… တုံ… တုံ…”

 

ဟော ရွာဦးကျောင်းက အုံးမောင်းခေါက်သံကြားတယ်၊ မိုးလင်းခါနီးပြီပေါ့။ အဲဒါနဲ့ ညီမလေးကို နှိုးပြီးဆက် သွားတယ်။ မိုးမလင်းခင် အစ်မဆီရောက်မှဖြစ်မယ်လေ။ ရေကျော်ရွာ လွန်လာတော့ လရောင်မှုန်ပျပျအောက်မှာ လူ သွားလမ်းကိုတွေ့ရတယ်။ လမ်းကလေးက ချောင်းကမ်းပါးဘေးအတိုင်း ကွေ့လိုက်ကောက်လိုက်နဲ့  တစ်နေရာ အရောက်မှာ လမ်းကလေးက ကမ်းပါးပြိုတဲ့အထဲ ပါသွားလို့လမ်းပျောက်သွားပြန်တယ်။ အဲဒါနဲ့ ညီမလေးကို ကုန်းပိုး ပြီး ကိုင်းတောတွေထဲက ဖြတ်ထွက်ရတယ်။ ဖိနပ်မပါလို့ ဆူးတွေတော့စူးတာပေါ့ ဒါပေမယ့် ဆူးစူးတိုင်းဆွဲဖြုတ်ပြီး ဆက်သွားတာပဲ။ ကျမ မငိုဘူး၊ ကျမငိုရင် ညီမလေး လိုက်ငိုလိမ့်မယ်။

 

“ဟေ့ ရပ်လိုက်”

အသံနဲ့အတူ ကင်းတဲထဲကနေ ဓာတ်မီးလှမ်းထိုးတယ်။

 

“ဟာ… ကလေးတွေပါလား၊ နင်တို့ဘယ်သူတွေလဲ၊ ဘယ်သွားမလို့လဲ”

“ကျမတို့ ခေါင်ရမ်းကလာတာ၊ ထန်းတပင်က အစ်မဆီသွားမလို့”

 

“မိုးလင်းမှ သွားကြတာမဟုတ်ဘူး ဒီကလေးတွေ၊ နင်တို့လူကြီး မပါဘူးလား”

“မပါဘူး”

 

“သွား သွား ဒီလမ်းအတိုင်းသွား၊ ကမ်းပါးဘေးက မသွားနဲ့ ချောင်းထဲပြုတ်ကျဦးမယ်”

 

ဟူး… တော်ပါသေးရဲ့၊ ဖမ်းထားမယ်ထင်တာ။ ကင်းသမားကြီးညွှန်တဲ့ လမ်းအတိုင်းလျှောက်လာလိုက်တာ ကြာတော့ ဆိပ်ကြီးရွာဦးလမ်းပေါ်ကို ရောက်လာခဲ့တယ်။ အရေးထဲ အိမ်တွေကြားကလမ်းထဲကိုရောက်တော့ ဟောင် လိုက်တဲ့ ခွေးတွေဆိုတာ ဆူညံနေတာပဲ။ ညီမလေးကတော့ ကြောက်လို့အတင်းဖက်ထားတယ်။ တချို့အိမ်တွေ မီးလေးမှိတ်တုတ်မှိတ်တုတ်နဲ့ ဆွမ်းထချက်နေကြပြီ။ တချို့က တောတက်ဘို့ လှည်းကောက်နေကြပြီ။ ရောက်ခါနီးပြီ မို့ ကျမပိုအားရှိလာတယ်။ အာတွေခြောက်ပြီး ရေတွေငတ်လာတယ်၊ ဗိုက်တွေလည်း ဆာလာတယ်။ အစ်မအိမ် ရောက်မှ တဝကြီး စားကြမယ်ဆိုပြီး ညီမလေးကို နှစ်သိမ့်လာရတယ်။ ဟော ရောက်ပါပြီ-

 

“အစ်မ… အစ်မ ရေ…”

 

ပြန်ထူးသံမကြားရဘူး၊ မနိုးသေးဘူးထင်လို့ (တဲသာသာ) အိမ်လေးထဲ ဝင်လာပြီးကြည့်တော့လည်း တစ်ယောက်မှကို မတွေ့ရ၊ မျှော်လင့်ချက် မဲ့ပါပြီ။ အဲဒီကျမှ ညီအစ်မနှစ်ယောက် ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုကြတော့တာပဲ။ ကလေးတွေ ငိုသံကြားလို့ဆိုပြီး တဖက်အိမ်က ကြီးကြီးဒေါ်ကျင်လှိုင် မီးခွက်ထွန်းပြီး ရောက်လာ တယ်။

 

“အယ်… ကလေးတွေ၊ နင်တို့ခုမှ ရောက်လာကြတာလား။ ညက နင်တို့အစ်ကိုရောက်လာတယ်၊ ကလေး တွေပျောက်လို့ဆိုပြီး နင့်အမရော သူ့ယောက်ျားပါ နင်တို့ကိုလိုက်ရှာဘို့ ခေါင်ရမ်းကို လိုက်သွားကြတယ်၊ ဒုက္ခပါပဲ”

— —

 

အဲဒါကြောင့် ဒီအကြောင်းတွေ ပြန်မတွေးချင်ဘူးလို့ပြောတာ။ ရင်မောရလွန်းလို့။ ဦးမောင်လား၊ အင်း…သူက တော့ ဇာတ်သိမ်းမလှပါဘူး။ နောက်ပိုင်း အရက်ရဲ့ကျေးကျွန်ကြီး လုံးလုံးဖြစ်ပြီး အရူးတယောက်လို ဟိုအိမ်ဝင် ဒီအိမ်ထွက် အရက်လိုက်တောင်းသောက်ရတဲ့ဘဝ၊

ဟိုလမ်းမှာလဲ ဒီလမ်းမှာလဲ၊ နောက်ဆုံးတော့ ရွာထဲကလှည်းလမ်း ကြောင်းပေါ်မှာ တစ်ညလုံးအအေးမိပြီး သူ့ဘဝနိဂုံးချုပ်သွားရရှာတယ်၊ ဒါ တကယ့်အဖြစ်အပျက်ပါ။

 

ခုလိုဖြစ်သွားတော့လဲ သနားမိပါတယ်၊ ကိုယ့်ဦးလေးမှတ်လား။ ကောင်းစဉ်တုန်းက အရမ်းကောင်းခဲ့တာပဲလေ အင်း… ကျမ ဉာဏ်မီသ လောက် စဉ်းစားမိတာက လူတွေဟာ ဆင်းရဲဒဏ် ခံနိုင်ကြပေမယ့်  ချမ်းသာတဲ့ဒဏ်ကို မခံနိုင် ကြဘူး…လို့၊ ဒီအထဲ အရက်ကပါ… …။

မောင်စံ (တောင်ငူ)
ဇန်န၀ါရီ ၂၃၊ ၂၀၁၄
ညီမငယ်များကိုယ်စား ခံစားရေးဖွဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to လရောင်ဆမ်းသော ခရောင်းလမ်း (Maung San)

  1. nanda on January 26, 2014 at 4:31 am

    ဆက်လက်ရေးးသားမျှ ဝေပါအုံးဘုရား ရသပေါင်းစုံကိုခံစားရပါသည် ဘုရား

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်