ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၁၆)

January 29, 2014

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဇန်န၀ါရီ ၂၉၊ ၂၀၁၄

 

လူပြောများသည့်  မစည်ကားအပ်သော အရပ်တွေကို မှတ်မိသလောက် ချရေကြည့်မိသည်။ တရာရုံးပါသည်။နောက် ဆေးရုံ ကိုတော့မှတ်မိသည်။ သချိင်္ုင်းလည်း ပါမည်ထင်သည်။ ထိုအရပ် ဒေသများအားလုံး လူတွေစည်ကားနေသည် ။တရားရုံး စည်ကားတော့ ထောင်သည်လည်း လူတွေ ပြည့်သိပ်လာခဲ့သည်။ ။ အဆိုးတွေအားလုံးကို စာရင်းကောက်ကြည့်လျှင် အခုခေတ် မြန်မာပြည် သည်  သူတကာ နိုင်ငံတို့ထက် ထိပ်ဆုံးကရှိနေသည် ။ ကျန်းမာရေးစောင့်ရှောက်မှု အညံ့ဆုံး နိုင်ငံသည် မြန်မာဖြစ်သည် ။ ပညာရေးအနိမ့်ကျဆုံး တိုင်းပြည်။ ရာဇဝတ်မှု အထူပြောဆုံး ။ လာဘ်စားမှု အများဆုံး ။ မကောင်းသည့်ကိစ္စတွေတန်းစီ ရေး ။ထို မကောင်းသည့် ကိစ္စများတွင် ရှေ့တန်းက အကျွန်ုပ်တို့တိုင်းပြည် ။ ကောင်းတာတွေကတော့ တခုမှမရှိတော့။ ဒီဒုက္ခ တွေက ပြည်သူတွေ ကလွတ်လိုကြသည်။ လွတ်အောင် ထပြီး ရုန်းကြည့်သူတွေဆိုတာ အခုခေတ် နိုင်ငံရေးသမားတွေဖြစ်လာသည်။ အဖေကနေသား ၊သားကနေ မြေးအထိ မပြီးဆုံးသေးသော အာဏာရှင် စနစ်ဆိုး အတွင်းက တိုးထွက်ဖို့ကြိုးစာခဲ့သည်။မိသားစုတစ်ခုလုံး ကြိုးစားခဲ့သူတွေထဲမှာ ကဗျာဆရာ ကိုကြည်တင်ဦးတို့သားအဖလည်း အပါအဝင်ဖြစ်သည် ။ကိုကြည်တင်ဦးကို ထောင်ထဲမှာဆုံတွေ့ခဲ့ရသည်။  ကိုကြည်တင်ဦးတို့က ဦးဇင်းတို့ထက် နောက်ကျပြီး ရောက်လာခြင်းဖြစ်သည်။

 

လူသစ်တွေ ရောက်လာတယ်ဆိုတဲ့ သတင်းစကားက အဲ့ဒီနေ့ မနက် တန်းဖွင့်ပြီးပြီးချင်း ၂ဆောင်တစ်ခုလုံး၏ သတင်းထူးဖြစ်နေသည်။ ရောက်လာသူတွေထဲမှာ ကဗျာဆရာ ကြည်တင်ဦးပါလာတယ်ဆိုတော့ ပိုပြီး လူတွေပိုပြီး စိတ်ဝင်စားနေကြခြင်းဖြစ်သည်။ ထွန်းထွန်းတို့လို လူငယ်တွေက သူတို့သူငယ်ချင်း၏ အဖေမို့ တွေ့ချင်စိတ်ဖြစ်နေသလို ဦးဝင်းကြည်တို့လို လူကြီးတွေက စာအုပ်သမားချင်း တွေ့ရ၍ ဖြစ်သည်။ အပြင်ဘက်ကတည်းက ရင်နှီးလာခဲ့သူများကလည်း မိတ်ဆွေဟောင်းကို ပြန်တွေ့ရမှာမို့ စိတ်လှုပ်ရှားတာဖြစ်မည်။  ကိုကြည်တင်ဦးကို တွေ့လိုသူတွေအထဲတွင် ဦးဇင်းလည်း အပါအဝင်။ ကဗျာ ဆရာတစ်ယောက်ကို ထောင်ထဲမှာ ပြန်ဆုံရခြင်းသည် အနုပညာ စကားတို့ဖြင့် အုတ်နံရံ တွင်း စိတ်ခံတပ် ကိုတည်ဆောက်နှိုင်မည်ဟု ယုံသောကြောင့်ဖြစ်သည်။ မကြာမီမှာပင် ကိုကြည်တင်ဦးကိုတွေ့လိုက်ရသည်။ ထိုအချိန်က သီးသန့်ထောင် အနည်းငယ် အနေချောင်စ အချိန်ဖြစ်သည်။ ထောင်ဆိုတာကတော့ ကျပ်လိုက် ချောင်လိုက် ဖြစ်တတ်သည့်ဘဘောရှိတာကို တွေ့ရသည်။

 

“ဦးဇင်ရေ ဦးဇင်းတို့ဖမ်းပြီး မကြာခင်မှာ ကဗျာဆရာတစ်ယောက်က ပြောတယ် ကံကောင်းလို့ဗျာတဲ့ သူမကြာမကြာရောက်နေတာဆို ဦးဇင်းကျောင်းကို ”

 

ကိုကြည်တင်ဦးက တွေ့တွေ့ခြင်း ပြောသည်။ ဦးဇင်းက ဘယ်သူလဲမေးတော့ သူက မဂ္ဂဇင်း တခုတွင်အယ်ဒီတာလုပ်ခဲ့ဘူးသော နာမည်ကို ပြောပြသည်။ ခေါင်းငြိမ့် ပြလိုက်တော့ သူကရယ်နေသည်။ တကယ်က သူဘာသာ စိုးရိမ်နေတာသာဖြစ်သည်။ လူတိုင်းက အမှုပတ်မှာ စိုးကြသည်ချည်း။ကိုကြည်တင်ဦး တို့ အမှုတွဲများအားလုံး ၁ဆောင်၂ဆောင် ခွဲထားသည်။ ၂ဆောင်မှာက အမှုတွဲ အများစု။ စည်သူမြသန်း၊ အဘဦးရှိန်တင်၊ နောက်ဦးရှိန်တင်သမက်ညီညီ် ။ ကိုကြည်တင်ဦး ဆီက ကဗျာတွေ ရွတ်ပြတာကို နားထောင်ရတော့မည်ဆိုတော့ သူက ဒါကကိုယ့်အလုပ်ပဲဟု ပြန်ပြောသည်။

 

သူနဲ့ ဆုံတွေ့ခြင်းက ကဗျာအဖော် ရသလို ကျန်ရဲဘော်အတွက် စိတ်အာဟာရ တိုက်ကျွေးနှိုင်မည့်သူ ရောက်လာခြင်းလည်းဖြစ်သည်။ သူ့အမျိုးသမီးနှင့် ရသမိုးကောင်းကင် ကဗျာစာအုပ် တွင် အတူတူ ကဗျာ ရေးခဲ့ဘူးသည်။ ကဗျာနှင့် တခရီးတည်း ထွက်ခဲ့ဘူးသော်လည်းလူချင်းက တစ်ခါမျှ မတွေ့ဘူးခဲ့။ အခုတော့ ဆရာမ မရီဝေ၏ အိမ်ဦးနတ်က နရသိန်ဖြတ်သန်းဖော် ဖြစ်လာရပြန်သည်။  ဇနီးမောင်နှံ ကဗျာ စုံတွဲက ရှာပါးသည့်ကိစ္စ။ နဲပါးလှသည့်အထဲ ကိုကြည်တင်ဦး တို့မောင်နှံက လိုက်ဖက်ညီသော လက်တွဲဖော်တွေ။ ထောင်ဝင်စာပြန်ရောက်ပြီး နေ့တစ်နေ့မှာ-

 

“စိုးမိုးသူ (ဒိုက်ဦး) ရောက်နေတယ်လို့ ပြောလိုက်တော့ မရီဝေ တော်တော်အံသြသွားတယ်”

 

ဦးဇင်း၏ ကလောင်အမည်ကို မရီဝေ မှတ်မိပုံရသည်။ ကဗျာဆရာ ငသိုင်းချောင်-ဝံသာ၏ ရသမိုးကောင်းကင်စာအုပ် က သုံးအုပ်လောက် ထွက်ခဲ့ဘူးသည်။ လူချင်းမတွေ့ဘူးသော်လည်း မရီဝေက နာမည်ကိုတော့ ရင်းနှီးနေဟန်ရှိသည်။ ထောင်ထဲရောက်ခါစ မိတ်ဆွေတွေနှင့်တွေ့ရလို့ ကိုကြည်တင်ဦး ကံကောင်းခဲ့သည်။သို့သော် တစ်ခဏသာ။ သူတို့ ပြည်သူ့တိုးတက်ရေးပါတီ ဝင်တွေချည်း အမှုတွဲ အဖြစ်ပါလာသည်။ ထိုအထဲတွင် ကိုကြည်တင်ဦးကို စစ်ဆေးစရာရှိသည်ဆိုပြီး ဗူးဝမှာပြန်စစ်ဆေးခံရပြန်သည်။ရောက်စက ကံကောင်းသလိုထင်မိသော်လည်း နောက်ပိုင်းကံဆိုးရှာသည်။ မပြီးပြတ်သေးသော အမှုအတွက်SBတို့က လာလာခေါ်ထုတ်ပြီးအပြန်ပြန်စစ်ဆေးနေသည်။ သူတို့စစ်ကြောရေးကလူမဆန်တာကို သိထား ကြုံထားခဲ့သော်လည်း ထောင်ဗူးဝတွင် လာရောက်စစ်မေးတာကိုတော့ ဆိုးဆိုးဝါးဝါး ဖြစ်လိမ့်မည်မထင်မိခဲ့။ နေ့လည်ခင်း တန်းဖွင့် သူ့ဆီကို သတင်းမေးရန် သွားတော့ တော်တော်ပင်ပမ်းနွမ်းနယ်စွာ နားနေတာကိုတွေ့ရသည်။ အားလုံးက နားလည်စွာ စကားမပြောကြ။ ငြိမ်ငြိမ်လေး သူ့ဘာသာ အနားယူနေသည်။ ခေါ်ခေါ်စစ်တာကတော်တော်နှင့်မပြီးပြတ် ။သူ့အခန်းဖော်တွေပြောတာက စစ်ကြောရေးက တော်တော်ကြမ်းသည်ဟုလောက်သာအစကသိထားခဲ့သည်။ စစ်ကြောရေးတွေပြီးပြတ်လို့ သူနှင့်အေးအေးဆေးဆေး စကားပြောဖြစ်တော့

 

“ဦးဇင်းရေ တော်တော်ခံလိုက်ရတယ် ရိုက်တာနှက်တာ ဆိုက်ကယ်စီး လေယာဉ်စီးတာ ကတော့ခေါ်ထုတ်တိုင်းလုပ်ခိုင်းတာ ပုဆိုးကိုချွတ်ပြီး ငယ်ပါကို ဒုတ်နဲ့ရိုက်တယ် ဆေးလိပ်မီးနဲ့တို့တယ် ”

 

သူဟန်ကပြောနေရင်း ပြန်နာကျင်လာသည့်ဟန်။ဒီိစကားကိုသူ့ဘဝမှာ ဘယ်အချိန်ပြန်ပြောပြော စကားလုံးတွေဖြစ်ပေါ်တိုင်း ခန္ဓာကိုယ်ပေါ်က အရှိုးရာတွေကို ပြန်လည်နှိုးဆွပေးသလိုရှိမှာ သေချာပါသည်။   နာကျင်အောင် ပြုမူခြင်းက အကြောက်တရားနှင့် ဒေါသ ကိုသာဖြစ်စေသည်ဟု ထောက်လှမ်းရေးတို့နားမလည်။ ဒဏ်ရာကို နေရာတကျမထားမတတ်သူတို့အတွက် အာဃာတကိုပါ စိုက်ပျိုးပေးသလို ရှိတတ်တာကို သိဖို့ သူတို့သင်ကြားခဲ့ရမှုတွင်ပါဝင်ခဲ့ဟန်မတူ။ သူတို့က သူတို့လိုချင်သောအဖြေရဖို့ တခုတည်းသော နည်းလမ်းဟု လက်ခံထားပုံရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒဏ်ရာတွေကို အာဃာတ ဥယျာဉ်ထဲ မစိုက်ပျိုးတတ်သည့် ကဗျာဆရာမို့ ဒေါသ လက်စားကို သူတို့မရမှာသေချာပါသည်။ ကဗျာဆရာကတော့ ကိုယ်ပေါ်ကအနာ စိတ်ထဲကအနာများကို အနုပညာမြေမှာ ဖူးပွင့်စေမည် မဟုတ်လား ။ မျက်ရည်သည်ပင် ကဗျာဖြစ်၍ ကြိမ်ချက်တို့သည်ပင် တေးသီချင်းဖြစ်ခဲ့လာလေသည်။  သူကသီချင်းဆိုလည်း ကောင်းသည်။ မှတ်မှတ်ရရ သူသီဆိုပြခဲ့သော သီချင်းတပုဒ်က အသိဥာဏ် ဘဏ်ထဲ မပျောက်မပျက် ရှိနေသေးသည်။ ရုပ်ရှင် မင်းသားမြတ်လေး၏ ပင်လုံထိပ်ထားဦးသီချင်း။ တေးသီချင်းနှုင့် ဝေးကွာသော နေရာမှာရှိသောသူ တစ်ဦးအတွက် အထူးအဆန်း အမှတ်ပြုစရာ တစ်ခု ။ကာရံတွေ၊နဘေတွေက ထိုခေတ်၏ နှလုံးသားကိုသာ ပုတ်နှိုးစေသည်မဟုတ်။ အခုချိန်ထိ လတ်လတ်ဆတ်ဆတ်ရှိနေဆဲ။

 

“ ဗုံတိုဗုံရှည်တီးလို့ လင်းကွင်းသံ စာစာဝေ . .မော မောမြေ .မနက်ခင်းလင်လို့ အိပ်ယာထမလေ လဘက်ခင်းဆင်းလို့—”

သူက တေးသီချင်းသံထဲကို စိတ်ကိုနှစ်၍ သီဆိုတတ်သေည်။

 

“လယ်လုပ်သူတိုင်း လယ်ပိုင်စေ၊ တို့များလုပ်သား မောဘဝအခြေ -”

 

သီချင်းက ခေတ်၏ တောင်းဆိုသံတို့ကို လူတွေစိတ်ထဲ မကွယ်ပျောက်စေရန် တာဝန်ကျေစွာထမ်းဆောင်သည်။ အနုပညာ သမားဆိုသည့်အထဲတွင် ကဗျာဆရာတွေလည်းပါသည်။ ကိုကြည်တင်ဦးက တေးတလှည့် ကဗျာ တလှည့် အံထုတ်ခဲ့သည်။ ရင်ထဲက အမြုတေကို လောကကြီးတစ်ခုလုံးသို့ ဝေငှဖို့ အခွင့်အရေး မရသေးသော်လည်း သူ၏ ပတ်ဝန်ကျင်ကိုတော့ လက်ဆင့်ကမ်းပေးခဲ့သည်။ မိုးကောင်းကင်က တိမ်တွေငှက်တွေကို ကြည့် ဖွဲ့သီခဲ့သောကဗျာ တပုဒ်သည် ဘဝအတွေ့အကြုံက ပေးလိုက်သော လက်ဆောင်ပစ္စည်းဖြစ်သည်။ ဒါတင်မက သူပထမတစ်ခါ နရသိန်ခရီးထဲက အတွေ့အကြုံကို ဝေငှသည်။ ဒီလမ်းဒီခရီး၏ ဆူးငြောင့်တို့ကို အသိပေးဖို့ သူက တာဝန်ရှိသူလို့ ခံယူထားသည်။ သူက ကိုယ့်နောက်မှထောင်ထဲ ရောက်သော်လည်း သူဆီက ရလိုက်သော ထောင် နေနည်းထိုင်နည်း တွေက သင်ခန်းစာအသစ်တွေချည်း။ သူက ကိုယ့်ထက် သဘာရင့်သူ အတွေ့အကြုံကြီးသူ။

 

ပထမတစ်ခါရရှိလိုက်တာက ဆေးလိပ်မီး သွားညှိစဉ်က ဖြစ်သည်။ ဆေးလိပ်တိုကို ကိုင်ပြီး သူ့ဆီ မီးတောင်းတော့သူက လျှောင်းနေရာက ထထိုင်သည်။ အခန်းထောင့် ရှိပစ္စည်းတစ်ခုကို ဆွဲယူပြီး ခနနော်ဦးဇင်းဟု သူကပြောသည်။ သူလက်မှာ သွားတိုက်တံတစ်ခု။ ဘယ်လက်ဖြင့် သွားတိုက်တံကိုကိုင်သည်။ ညာလက်က ပစ္စည်းဖြင့် ထိုသွားတိုက်တံကိုခတ်လိုက်သည်။ အောက်က ပရုပ်ဆီဗူးအလွတ်ထဲကို ခတ်ထည့်နေသည်။ မီးခြစ်ကို ခြစ်တော့ မီးခြစ်ကျောက်က မီးပွင့်သလိုမျိုး မီးပွားတို့ ဖြာထွက်လာသည်။ မီးဖွားတို့ ကျရောက်ရာ ဗူးအတွင်းမှာ ရဲကနဲ မီး တွေကို ဆေးလိပ်ဖြင့် ဖိကပ်ပြီး ရှိုက်ဖွာလိုက်သည်။ မီးခိုးအလုံးလိုက် မှုတ်ထုတ်လိုက်သည်။ တအံ့တသြ သူ့ကို ငေးကြည့်နေမိသည်။ သူကဆေးလိပ်မီးပေးရင်း မီးခြစ်မရှိပဲ ထောင်ထဲ မီးရအောင် လုပ်နည်းကိုရှင်းပြသည်။ သွားတိုက်တံ တွင် မီးခြစ်ကျောက်ကို မြှုပ်ထားပြီး ပုလင်းကွဲ ဖြင့် ခတ်လိုက်သောအခါ မီးပွင့်လာပုံ၊ ပရုပ်ဆီဗူးထဲတွင် စွပ်ကျယ် အဝတ်စကိုပြာချပြီး ထည့်ထားပုံ၊ထို ပြာတွင် မီးပွင့်တစ်စကျရောက်ပြီးရဲကနဲ အဖြစ်မှာ ဆေးလိပ်ဖြင့် ကောက်ဖွာ လိုက်တော့ လိုတာ ရရှိပုံတို့ကိုရှင်းပြသည်။

နောက်တခါကတော့ သူဆီ လူတစ်ယောက်ရေနွေးအဖြူ လာပေးစဉ်က ဖြစ်သည်။ လဘက်ခြောက် မရှိဘာမရှိနဲ့ဗျာ လို့ ဦးဇင်းက ပြောတော့ သူကရယ်သည်။ ရအောင်လုပ်တာလွယ်လွယ်လေးရယ် -စားဖို့လာပေးထားသော ဆီစိမ်ထားသော လဘက်ကို တဇွန်းခပ်လိုက်သည် ပြီး ရေနွေးထဲ ထည့်သည်။ ဟာ ဆီတွေနဲ့ ဟု ကိုယ်က ရေနွေးတွေ အလဟဿ ဖြစ်မှာ စိုးရိမ်စိတ်ဖြင့် ပြောတော့ သူက ဆီဆိုတာ ရေပေါ်တယ်လေ ဦးဇင်ရဲ့ နောက် ဆီ ဝမ်းထဲဝင်တော့လဲ သေသွားတာမှမဟုတ်တာတဲ့။ ထောင်ထဲ နေပုံ နေနည်းကို သူ့ဆီကဆည်းပူးရသည်။

ပို၍ အမှတ်ရစရာ တစ်ခုက ရင်ထဲအထိငြိနေအောင်စွဲစွဲထင်ထင် ထိရှသော ကိစ္စတစ်ခုဖြစ်ခဲ့သည် ။ သူအဲ့ဒီနေ့က ဦးဇင်းတို့အခန်းကိုလာလည်သည်။ ထွန်းထွန်းပါ အတူတူလိုက်တက်လာသည်။ ထောင်ထဲ ရောက်တတ်ရာရာတွေ ပြောဆိုနေကြသည်။ ထွန်းထွန်း ဆီက စကားသံ တစ်ခုထွက်လာသည်။

 

“အန်ကယ် ဒီမှာ ကြည့် ”

 

သူက နံရံတွင်ခဲတံဖြင့် ရေးထားသော စာတန်းလေးတစ်ခုကိုပြသည်။ ကိုကြည်တင်ဦးက အမှတ်မထင် နောက်ကိုလှည့်ပြီး ကြည့်သည်။ ဘာလဲဟူသော သူ့ အမူအယာကိုတွေ့ရသည်။

 

“ဒါ ကျော်ဇော ရေးသွားတာ ”

 

မကြာသေးသော ကာလက ထောင်ကနေ အပြင်လောကသို့ ပြန်သွားသော သူ့သူငယ်ချင်း နာမည်ကို တီးတိုးရွတ်ပြီး ပြောသည်။ထိုသူ့သူငယ်ချင်းက ကိုကြည်တင်ဦး၏သား။ ခုသားနေခဲ့သောနေရာမှာ သူကထိုင်လို့။

 

ချက်ခြင်း အရောင်ပြောင်းသွာသောမိုးတိမ်တို့ကို မြင်ဘူးသည်။ ဖြူရာကနေ ရွာတော့မည်ဆိုလျှင် အုံကာ မှိုင်းခဲ့ပုံ။ခု ထိုမိုးကောင်းကင်မျိုးကို ချက်ခြင်းတွေ့လိုက်ရသည်။ ကဗျာဆရာ၏ နှလုံးသားသည်  ခံယူချက်တို့၌ ကျောက်ဖြင့် ထုဆစ်ထားသော်လည်း ခံစားချက်တို့်၌ အနုနယ်ဆုံးသော ပိုးသားတို့ဖြင့် တည်ဆောက်ထား သည်။ -သားရေ အဖေတို့ ပြီးပြတ်အောင် မလုပ်ခဲ့ရလို့ သားတို့ ဒီနေရာကို ရောက်ခဲ့ရတာပါကွာဟု ပြောနေသလိုပင် ရှိသည်။  မျက်လုံးထက် ဝေ့လာနေသော အရောင်းလဲ့လဲ့ အရည် ရွှမ်းဆီက မပြီးပြတ်သေးသော ဇာတ်လမ်းကို စာတန်းထိုးနေသလိုလည်း ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)