fbpx

ပြုပြင်ပြောင်းလဲရန် ကြန့်ကြာလွန်းနေသော ပညာရေးမူဝါဒများ (Ashin Dhamma Pyia)

February 1, 2014

 ပြုပြင်ပြောင်းလဲရန် ကြန့်ကြာလွန်းနေသော ပညာရေးမူဝါဒများ

ဒေါက်တာဓမ္မပိယ (ITBMU)၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၄

          တိုင်းပြည်တစ်ပြည်ရဲ့ အသွင်းကူးပြောင်းဆဲကာလမှာ ဘယ်တိုင်းပြည်မျိုးမဆို ပြုပြင်ပြောင်းလဲစရာ ကိစ္စ တွေက များစွာရှိနေတတ်ပါတယ်။ တိုင်းပြည်ခေါင်းဆောင်များဟာ အမှားနည်းနိုင်သမျှနည်းအောင် အစစ အရာရာ သတိကြီးစွာထား၍ ဆွေးနွေးကြရ၊ တင်ပြကြရ၊ ညှိနှိုင်းတိုင်ပင်ကြရမို့ အချို့သောကိစ္စရပ်များ၌ ပြုပြင်ပြောင်းလဲရန် ကြန့်ကြာနေတတ်သည်များကိုလည်း  လူတိုင်းနီးနီး သိထားပြီးဖြစ်မှာပါ။ သို့သော် ပညာရေး မူဝါဒများကို ပြုပြင်ပြောင်းလဲနိုင်ဖို့အရေးဟာ တိုင်းပြည်အတွက် အရေးကြီးလှတာမို့ အရေးမကြီးသလို ဖြစ်နေတဲ့ ပြုပြင်ပြောင်းလဲရေးကဏ္ဍ၌ နှေးကွေးကြန့်ကြာ လွန်းနေသည်ကို တွေ့ရှိရ၍ တိုင်းပြည်အတွက် အားမလိုအားမရ ဖြစ်မိခြင်းပါ။ သို့အတွက် ဘာတွေကများ ခက်ခဲနေပြီး၊ ဘယ်သူတွေကများ အဟန့် အတားတွေ ပြုလုပ်နေကြတယ်ဆိုတာ စဉ်းစားနေမိခြင်းပါ။  

          ဒီလိုဖြစ်နေချိန်မှာ … “လာမည့်ပညာသင်နှစ်ကစပြီး အလယ်တန်းအဆင့် ပညာရေးကို အခမဲ့ပညာရေး စနစ်အဖြစ် စတင်ဆောင်ရွက်တော့မည်ဟု မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ပြောလိုက်ခြင်း↔ ဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့၍ ၀မ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုမိခြင်းပါ။ တိုင်းပြည်အတွက် ပညာရေးစနစ် ရှေ့သို့ တစ်လှမ်းတိုးနိုင်ခဲ့တာမို့ ဂုဏ်ယူမိခြင်းပါ။ သို့သော် ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာတဲ့အချိန်ကစပြီး ဒီနေ့အချိန်ထိ မပီမပြင် ရှိနေသေးတဲ့ ပညာရေးမူဝါဒများကြောင့် တိုင်းပြည် အတွက် နောက်ကြောင်းမအေးသလို ခံစားနေမိခြင်းပါ။ ဒီအတွက် ဘယ်သူတွေအား သံတော်ဦးတင်၍ ဘယ်သူတွေကို အကြံပေးရမယ်ဆိုတာ မသိနိုင်အောင် ဖြစ်နေခြင်းပါ။

          တိုင်းပြည်အတွက် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးမှာ စိတ်ဝင်စားတဲ့ ပညာရှင်များ များစွာရှိပါတယ်။ ဌာနတွင်းမှာလည်း ပညာရှင်များ များစွာရှိနိုင်သလို၊ ပင်စင်စား ပညာရှင်များ၊ ပင်စင်ကိုမစားရသော်လည်း ပြည်ပမှာ ပညာရပ်များကို သင်ကြားခဲ့ကြပြီး၊ ပြည်တွင်းမှာ ပြန်လည်ရောက်ရှိနေကြသော ပညာရှင်များ များစွာရှိနေခြင်းပါ။ ပညာရေးမူဝါဒများ ပြုပြင်ပြောင်းလဲရေး၌ အများစုက စိတ်ဝင်တစားရှိနေကြခြင်းပါ။ သို့သော် ပြောချင်တယ်၊ ပြောခွင့်မရှိ။ ရေးချင်တယ်၊ ရေးအားမရှိ။ တင်ပြဆွေးနွေးချင်တယ်၊ တင်ပြဆွေးနွေးဖို့ အခွင့် အလမ်းမရှိ။ ဒီတော့လဲ အားမတန်လို့ မာန်လျှော့ထားသူတွေကလည်း ဒုဒေးပါ။

          စာရေးသူအမြင်ကတော့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးအတွက် ရှင်းရှင်းပဲ စဉ်းစားမိတယ်။ အများစဉ်းစားသလို TCA (ဆရာဗဟိုပြုသင်ကြားနည်း) စနစ်ထက် CCA (ကလေးဗဟိုပြုသင်ကြားနည်း) စနစ်ကို ပြုပြင်ပြောင်လဲ ကျင့်သုံးပေးမယ်ဆိုရင် ကလေးတွေရဲ့ ပညာရေးဟာ အတတ်မြန်နိုင်တယ်လို့ ယူဆသူတွေလို မယူဆမိပါ။

အဘယ်ကြောင့်ဆိုသော် ဆရာတစ်ယောက်မှာ ရှိသင့်ရှိထိုက်သော ပညာအရည်အချင်းမရှိပဲနဲ့ ဘယ်လိုပင် ကလေးဗဟိုပြုနည်းနဲ့သင်သင် အရည်အသွေးကို နားလည်တဲ့ ကျောက်သွေးသမားမရှိခဲ့ရင် ကျောက်ရိုင်းတုံးဟာ တန်ဖိုးရှိသော ကျောက်မျက်ရတနာ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။ ထိုကြောင့် ဆရာတစ်ယောက်မှာ ရှိသင့်ရှိထိုက်သော ပညာအရည်အချင်းရှိဖို့က သာလွန်၍ အရေးကြီးကြောင်း ယူဆမိခြင်းပါ။

          အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်တွင် ကျင့်သုံးနေတဲ့ ပညာရေးစနစ်ကို နမူနာအဖြစ် တင်ပြပါရစေ။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၌ ကျောင်းဆရာဖြစ်လိုသူများသည် ဘွဲ့ရပြီးသူလည်းဖြစ်ရမည်။ စတိတ်ကျောင်းများမှ (၂)နှစ်သင်ကြားပို့ချသော ဆရာဖြစ်သင်တန်းကို အောင်မြင်ပြီး ဆရာဖြစ်သင်တန်းအောင်လက်မှတ်ကို ရရှိထားသူလည်းဖြစ်ရမည်။ ဤသူမျိုးကိုသာ ကျောင်းဆရာခန့်ကြ၍ ဤမူနှစ်ချက်ကို ကြည့်ခြင်းအားဖြင့် ဆရာအရည်အသွေးသည် တပည့်တစ်ယောက်ရဲ့ ပညာအရည်အသွေးများ မြှင့်တင်ပေးနိုင်ဖို့ မည်၍မည်မျှ အရေးပါနေကြောင်း  သဘောပေါက်နိုင်ခြင်းပါ။  

          ပညာရေးပတ်သက်၍ အနောက်တိုင်း ဖီလိုဆိုဖီ၌ ကျောင်းဆရာက ကျောင်းသားတစ်ယောက်ကို ပညာရပ်တစ်ခုကို သင်ကြားပေးရာ၌ ပညာရပ်ကိုသာ သင်ခြင်းသက်သက်မဟုတ်ပဲ၊ ကရက်တီကယ် သင့်ကင်း (critical thinking) လို့ခေါ်တဲ့ သင်ကြားနည်းမျိုးနှင့် စဉ်းစားတွေးခေါ်တတ်အောင် ကူညီပေးခြင်းမျိုးဖြစ်တယ်လို့ ဆိုကရေးတီးက ပြောဆိုညွှန်းကြားထားခဲ့တယ်။

ဥပမာ၊ ယောက်သွားတစ်ကောင်ရဲ့ ကိုယ်ထဲမှာ မရှိသေးတဲ့ ပုလဲလုံးကို ထည့်ခိုင်းခြင်းမျိုးမဟုတ်ပဲ၊ ကိုယ်ထဲမှာ ရှိနေပြီးဖြစ်တဲ့ ပုလဲလုံးကို မကွဲ၊ မအက်၊ မကျေမွရအောင် ဘယ်လိုထုတ်ယူနိုင်တယ်ဆိုတာကို ကူညီပေးခြင်းဖြစ်တယ်။ ဒီလိုပါပဲတဲ့ ဆရာတစ်ယောက်က ကျောင်းသား များအား အရည်အချင်းများကို သင်ပေးခြင်းမျိုးမဟုတ်ပဲ၊ ရှိပြီးသား အရည်အချင်းများကို ဘယ်လိုသုံးနိုင်တယ်ဆိုတာ ကူညီပေးခြင်းပါတဲ့။

          ဒီအတွေးခေါ်ကို ထောက်ဆပြီး အနောက်တိုင်းဖီလိုဆိုဖီ၌ ဆရာကို သင်ပေးသူ (teacher) အနေအထားမျိုးထက် ကူညီသူ၊ ညွှန်ပြသူ (Instructor) အနေနှင့် ဝေါ်ဟာရတစ်မျိုး ထွက်ပေါ်လာခြင်းပါ။ 

ဥပမာ၊ သင်္ချာဘာသာရပ်ကို သင်ကြားပြသရာ၌ ဆရာက (၁+၁=၂၊ ၂+၂=၄၊ ၁+၂=၃၊ ၂+၃=၅) စသည်ဖြင့် ဤမျှလောက်ကို သင်ပြပေးလိုက်လျှင် ပင်ကိုယ်အရည်အသွေးရှိသော ကျောင်းသားများသည် ဆရာက သင်ကြားပြသထားခြင်းမရှိသော (၃+၄=၇၊ ၄+၅=၉) စသည်တို့ကို အလိုလို လေ့လာပြီးသား ဖြစ်နေခြင်း ဖြစ်တယ်။ ကိန်းဂဏန်းများနှင့်ပတ်သက်၍ ဘာနှင့်ဘာ ပေါင်းရင် ဘယ်ကိန်း ဂဏန်းဖြစ်လာနိုင်တယ်ဆိုတာ ဉာဏ်ထဲမှာ အလိုလို သိမြင်လာနိုင်ခြင်းဖြစ်တယ်။ ဒါကို အနောက်တိုင်း ဖီလိုဆိုဖီများ၌ အင်တျူရေးတစ်ဗ် မက်သမက်တစ်ခ် (Intuative Mathematic) လို့ ဖေါ်ပြထားခြင်းပါ။

          သို့သော် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်သည် ကျက်မှတ်တဲ့သင်ကြားနည်းစနစ်မျိုးကို အလေးပေးလွန်း၍ အရည်အချင်းအားနည်းသော ကျောင်းသား၊ ကျောင်းသူများအတွက် စဉ်စားတွေးခေါ်တတ်အောင် (Critical Thinking) စနစ်ကို အသုံးပြုတတ်အောင် သင်ကြားပေးထားခြင်းမျိုးမရှိ၍ ကျောင်းသား၊ ကျောင်းသူအများ စုဟာ အချိန်ကုန်သလောက်၊ လူပင်ပမ်းသလောက် စာမတတ်နိုင်အောင် ရှိနေခြင်းဖြစ်တယ်။ ဥပမာ၊ ပညာအရည်အသွေးအားနည်းသော ကျောင်းသားတစ်ယောက်သည် (၂+၃) ကိုပေါင်းရင် အဖြေက (၂+၃=၅) ငါးရတယ်ဆိုတာ သညာဖြင့် ကျက်မှတ်ထားနိုင်သော်လည်း (၃+၂) ကိုပေါင်းရင် အဖြေက ဘာဆိုတာ မသိတဲ့ ကျောင်းသား၊ ကျောင်းသူအချို့လည်း ရှိနေခြင်းပါ။ ထိုကြောင့် ကျက်မှတ်တဲ့စနစ်သည် သင်္ချာလို ဘာသာရပ်များ၌ ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်ကြောင်း တင်ပြလိုခြင်းပါ။

          ကျက်မှတ်ရသော ၀ိဇ္ဇာဘာသာရပ်များ၌လည်း ကရက်တီကယ် သင့်ကင်း (critical thinking) နည်းဖြင့် မသင်ကြားခြင်း၊ ပရိုဂျက်ပြုလုပ်ရသောနည်းဖြင့် မသင်ကြားခြင်း၊ ဆရာနှင့်ကျောင်းသား အမေးအဖြေပြုလုပ်၍ဖြစ်စေ၊ အပြန်အလှန် ဆွေးနွေး၍ဖြစ်စေ ဤနည်းစနစ်ဖြင့် မသင်ကြားခြင်း၊ စာကြည့်တိုက်များသို့ သွားရောက်၍ လိုအပ်သည့် ဒေတာ (Data) များကို ကိုယ်တိုင်ရှာဖွေနိုင်သော နည်းစနစ်များကို မသင်ကြားခြင်း၊ အုပ်စုငယ်များဖွဲ့၍ အတန်းသားများရှေ့၌ အုပ်စုအလိုက် ထွက်ပြောရသော သင်ကြားနည်းမျိုးဖြစ်တဲ့ ပရဲဆင့်တေးရှင်း (Presentation) ပြုလုပ်ရသောနည်းဖြင့် သင်ကြားမပေးခြင်း၊ ဖီးလ်တရစ်ပ် (Field Trip) လို့ခေါ်တဲ့ ကိုယ်တိုင် ကိုယ်ကျ ကွင်းဆင်းလေ့လာရသော စနစ်မျိုးဖြင့် သင်ကြားမပေးခြင်း စသော ခေတ်သစ်ပညာသင်ကြားနည်းစနစ်များကို အသုံးမပြုကြ၍ သုံးလေးလနှင့် ပြီးဆုံးနိုင်သော ဘာသာရပ်များကို ကျောင်းသား၊ ကျောင်းသူများသည် ကျားကုပ်၊ ကျားခဲ နှစ်ပေါက်ဆိုသလို ကျက်မှတ်သောနည်းဖြင့် ပညာသင်ကြားနေကြရ၍ များစွာ စိတ်မကောင်းဖြစ်တယ်။  

          အကျိုးဆက်အနေနှင့် အာရှနိုင်ငံများရှိ ခေတ်မီသောကျောင်းများ၊ အနောက်နိုင်ငံများရှိ စနစ်ရှိသော ကျောင်များ၌ ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများကဲ့သို့ အားလပ်သော စနေ၊ တနင်္ဂနွေ နေ့များ၌ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ဝါသနာပါသော ဥပမာ၊ ဘောလုံးကန်ခြင်း၊ ဘတ်စကက် ပုတ်ခြင်း၊ တင်းနစ်ရိုက်ခြင်းစသော အားကစားများကို ကစားရန် အချိန်များမပေးနိုင်ကြ၍ ကိုယ်လက်အင်္ဂါ ထွားကြိုင်းမှုနှုန်းမှာလည်း (အများနိုင်ငံများနှင့် နှိုင်းစာလျှင်) ကြုံလှီနေခြင်းကို တွေ့နေရခြင်းပါ။ ကျက်စာများ နှင့်ဝန်ပိနေသော ကျောင်းသား၊ ကျောင်းသူများသည် စနေ၊ တနင်္ဂနွေလို အားလပ်ရက်များ၌ ကွန်ပျုတာ သင်တန်းများ၊ ပန်းချီသင်တန်းများ၊ ဂီတသင်တန်းများအပြင်၊ ဘာသာရေးဝါသနာပါသော ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ဝါသနာပါရာ ဆန္ဒများကို မဖြည့်ဆည်းနိုင်ကြ၍ စိတ်ပိုင်းဆိုင်ရာမှာလည်း ယုံကြည် ချက်များ ပျောက်ဆုံးနေသကဲ့သို့ ရှိနေခြင်းမျိုးကို တွေ့ရှိနိုင်ခြင်းပါ။

          တိုင်းပြည်တစ်ပြည်၌ ပညာရေးစနစ်များ အားနည်းချွတ်ယွင်းလာသောအခါ ကျောင်းသား၊ ကျောင်းသူ များ၏ ပညာအရည်အချင်းများ နိမ့်ကျနေခြင်းအတွက် ဟိုလူအား အပြစ်တင်ရတော့မလိုလို၊ ဒီလူအား အပြစ်တင်ရတော့မလိုလို ဖြစ်နေတတ်ခြင်းပါ။ တကယ်တော့ ပညာရေးသမိုင်းကို ပြန်လည်လေ့လာ သုံးသပ် ကြည့်မည်ဆိုလျှင် အားလုံးမှာ တာဝန်မကင်းပါ။ အစိုးရမှာလည်း တာဝန်ရှိသလို၊ ပြည်သူများမှာလည်း တာဝန်တွေရှိနေခြင်းပါ။ ပညာရေးမူဝါဒများနှင့်ပတ်သက်၍ အတိတ်သမိုင်းကို ပြန်လည်မဖေါ်လိုပါ။ ပစ္စုပ္ပန် သမိုင်းကောင်းဖို့နှင့် အနာဂတ်သမိုင်းများ ပိုမိုကောင်းမွန်နိုင်ဖို့ ယခုပစ္စုပ္ပန်လူသားများဖြစ်ကြတဲ့ ရဟန်းရှင်လူ ပြည်သူများ အားလုံးမှာ တာဝန်ရှိနေခြင်းပါ။ ၀ိုင်းဝန်းစဉ်းစားအဖြေရှာ၍ စုပေါင်းလုပ်နိုင်ကြဖို့ပါ။

          ထိုကြောင့် ပညာရေးမူဝါဒများကို အလျှင်အမြန် ပြင်နိုင်ဖို့ အခြေခံနှင့် အထက်တန်းပညာရေး မူဝါဒများကို စဉ်းစားပေးကြရာ၌ တက္ကသိုလ်ပညာရေးကိုမူ အပိုင်းအခြားထားပြီး ပြုပြင်ပေးနိုင်ကြဖို့ပါ။  ဥပမာ၊ ရန်ကုန် အင်ဂျင်နီယာတက္ကသိုလ်၊ မန္တလေး အင်ဂျင်နီယာတက္ကသိုလ်စသော တက္ကသိုလ်ကြီးများ၊ ရန်ကုန် ၀ိဇ္ဖာသိပ္ပံတက္ကသိုလ်များ၌ သင်ကြားပို့ချပေးသော အထူးပြု ဘာသာရပ်များကဲ့သို့သော တက္ကသိုလ်ပညာရပ် များကို အပိုင်းအခြားထားပြီး မျြင့်တင်ပေးရန်ဖြစ်သော်လည်း အခြေခံပညာမူလတန်းများ၊ အခြေခံပညာ အလယ်တန်းများနှင့် အခြေခံပညာအထက်တန်းများ၏ ပညာရေးမူဝါဒများကိုမူ အပိုင်းအခြားမထားပဲ တစ်ပြည်လုံး တပြေးညီ ပညာသင်ကြားနိုင်အောင် မသင်မနေရပညာရေးမျိုးဖြစ်အောင်၊ အခမဲ့ပညာရေးမျိုး ဖြစ်အောင် ကျုရှင်မလိုတဲ့ ပညာရေးမျိုးဖြစ်အောင် နိုင်ငံတော်မှ ပညာရေးမူဝါဒများကို အလျှင်အမြန် ပြုပြင်ပြဋ္ဌာန်းပေးနိုင်ရန် အထူးလိုအပ်လျှက်ရှိနေပါကြောင်း တိုက်တွန်းလိုခြင်းပါ။ ချမ်းသာစွာ အပ်စက်နိုင်ကြပါစေ။

ဒေါက်တာဓမ္မပိယ (ITBMU)

(Photo – ict.com.mm)

         

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အတွေးအမြင်, ဒေါက်တာဓမ္မပီယ

One Response to ပြုပြင်ပြောင်းလဲရန် ကြန့်ကြာလွန်းနေသော ပညာရေးမူဝါဒများ (Ashin Dhamma Pyia)

  1. Zarni Gyi on February 1, 2014 at 11:34 am

    THANK YOU.
    ဆရာဗဟိုပြုသင်ကြားနည်း ကောင်းသည်။
    တပြည်လုံး ၂သိန်းကျော်အရေအတွက်မှ ဆရာရည်ချွန်များလိုသည်။ နောက်ဆုံး အစိုးရကောင်းလာလျှင် – ပညာရေး၊ ကျန်မာရေးတို့လဲ ကောင်းလာမည်မှာ သေချာလှပါသည်…။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)