နိုင်ငံရေးဝေဒနာနှင့် သုံးပါးရတနာ

February 2, 2014

ဦးနန္ဒဝံသ (ကာရိုလိုင်းနား)
ဖေဖော်ဝါရီ ၂၊ ၂၀၁၄

 

မိမိဘဝ ငြိမ်းချမ်းစွာနဲ့ ဖြတ်ကျော်လာခဲ့တဲ့ရက်တို့တွင် မနှစ်သက်သော စကားလုံးများကို မကြားရ မဖတ်ရသောရက် တစ်ရက်လည်းပါသည်။ ဒီဆောင်းပါးလေးကတော့ မိမိမနှစ်သက်သော စကားလုံးများ ကြားရတဲ့ ရက်တစ်ရက်ကို ဖြတ်သန်းနေရင်း ညနေခင်းတစ်နေ့မှာ စတင်ရေးခဲ့သည်။ အွန်လိုင်းက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဗီဒီယိုကလစ်တစ်ခုကို နှိပ်ကြည့်လိုက်တဲ့အခါမှာတော့ ဘုန်းကြီး ဘုန်းကြီးနေရာနေ ဆိုတဲ့ စကားတစ်လုံးကို သွားကြားလိုက်ရသည်။ ဘုန်းကြီး ဘုန်းကြီးနေရာနေဆိုတဲ့ စကားကို လွန်ခဲ့သောအချိန်ကာလ အတွင်း မြန်မာနိုင်ငံအုပ်ချုပ်သူတို့၏ နှုတ်မှသာ ပြောသံကြား ရသည်။ အခုတော့ နိုင်ငံရေးလောကသားတို့နှင့် လူ့အခွင့်အရေးသမားတို့ နှုတ်ဖျားမှလည်း ဒီစကားလုံးကို ပြောဆိုသံကြားလာရသည်။ 

 

နိုင်ငံရေးကိစ္စများတွင် ဝင်ရောက်ဘက်လိုက်ပြောဆိုသည်ဟု စွပ်စွဲကာ မိမိအထူးလေးစားသော ဆရာတော်ကြီးများ ဆရာတော်လေးများလဲ ဘုန်းကြီးနေရာမနေလို့ဆိုပြီး နိုင်ငံရေးသမားအချို့ တို့၏ ဝေဖန်ထိုးနှက်ခြင်း ခံနေရသည်ကိုလဲ တွေ့ ရှိလာရသည်။ နိုင်ငံရေးသမားဆိုသည်မှာ အုပ်ချုပ်သူ အစိုးရရော အတိုက်အခံ အုပ်စုရောကို ဆိုလိုပါသည်။ တွေးချင်တာတွေး ရေးချင်တာရေး ပြောချင်တာပြောကြတဲ့ စာတွေ သတင်းတွေ ရုပ်သံတွေကို မှုစရာမလိုဘူးဆိုပေမဲ့လဲ မှုကြသူတို့က အလေးအနက်ထား ပြောလာကြသည်ကို ကြားနေရသည်။ ပြောလာကြသူတို့ကလဲ ကိုယ့်ဘာသာ ကိုယ့်ရဟန်းတွေကို ထိလာပြီဆိုတော့ စိတ်ခံစားမှုတွေဖြစ်လာပေလိမ့်မည်။

 

နိုင်ငံရေးသမား (အစိုးရရော အတိုက်အခံပါ) တော်တော်များများသည် သူတို့အုပ်စု သူတို့ပါတီရဲ့ ဂုဏ်သိက္ခာနှင့် မျှော်လင့်ချက်တွေကို ထိပါးလာပါက ဘယ်သူ့ကိုမဆို တုံ့ပြန်ပြောဆို ဝေဖန်ရမှာ ဝန်မလေးကြပါ။ ဒါကလည်း နိုင်ငံရေးဖြစ်၍ လုပ်ရမည့်အရာဖြစ်ပေသည်။ ဒီကိစ္စသည် မြန်မာ့နိုင်ငံရေး အသိုက်အဝန်းမှာသာမဟုတ်၊ ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင်လည်း တွေ့ရသည်။ တရုတ်အစိုးရက ဒလိုင်းလားမားကို နိုင်ငံခွဲထွက်လိုသူ၊ အကြမ်းဘက်သမား၊ ရဟန်းတု စသည်ဖြင့် စွပ်စွဲခဲ့သည်ကိုလဲ တွေ့ရသည်။ ကိုယ့်ဘာသာ ဂုဏ်ညှိုးမှာစိုးလို့ ကောင်းသောစိတ်နှင့် အပြစ်ထောက်ပြောဆိုဝေဖန်တာ ရှိသလို မကောင်းစိတ်ဒေါသနဲ့ အပြစ်ပြောဝေဖန်တာတွေလဲ တွေ့ရပေသည်။ ကိုယ့်မြန်မာသံဃာ့အဖွဲ့ အစည်းမှ ရဟန်းတော်များ(သံဃာ့ရတနာ)တို့ ဂုဏ်သိက္ခာထိခိုက်အောင် တိုက်ခိုက်ခံနေရသောအခါ စိတ်ထဲတွင် နာကျင်သော ဒေါမနဿဝေဒနာတို့ ပြည့်လာလေတော့သည်။ နိုင်ငံရေးဝေဒနာက ထလာလေသည်။

 

ဘုန်းကြီး ဘုန်းကြီးနေရာနေဆိုတဲ့ စကားတစ်လုံးကြောင့် သာသနာတော်ကြီးနှင့် သာသနာ တော်ကို ပံ့ပိုးကြသူ ဒကာဒကာမများကို အကာအကွယ်ပေးချင်စိတ် ပျောက်သွားကြသော မိတ်ဆွေရဟန်း တော်များနှင့် သံဃာထု၏ အကာအကွယ်မဲ့ကာ ဘဝစစ်ပွဲတွေမှာ အတုံးအရုံး ကျရှုံးသွားကြရသော ဗုဒ္ဓဘာသာဒကာဒကာမတို့ကို စိတ်တွင်မြင်ယောင်လာမိသည်။ ဘယ်ဘာသာ ဘဲဖြစ်ဖြစ် ရှင်ဘုရင်များ၊ အုပ်ချုပ်သူများတို့၏ အကာကွယ်မဲ့ပါက ထိုနိုင်ငံများတွင် ထိုဘာသာတို့သည် ပျောက်ကွယ်သွား လေသည်။ ဗုဒ္ဓဘာသာသည်လည်း နိုင်ငံခေါင်းဆောင်တို့၏ အကာအကွယ်မပေး မှုကြောင့် ပြောရလျှင် တည်ငြိမ်ခိုင်မာသော ဥပဒေနှင့် အကာအကွယ်မပေးမှုကြောင့်  နိုင်ငံတော် တော်များများတွင် ပျောက်ဆုံးသွားခဲ့သည်မှာ သမိုင်းတွင် အထင်အရှားရှိနေသည်။

 

ဘုန်းကြီး ဘုန်းကြီးနေရာနေဆိုတဲ့ စကားကို ဘယ်နိုင်ငံရေးသမားဖြစ်ဖြစ် သူတို့မကြိုက်ပါက မထိန်းဘဲပြောလိုက်ကြသည်ကိုတွေ့ရသည်။ ဒီမိုကရေစီစိတ်ဓာတ်နှင့် လူ့အခွင့်အရေးကို တကယ် လေးစားမှုမရှိသော နိုင်ငံရေးသမားတို့က ဒီလိုစကားကို ပြောတတ်ကြသည်။ ဘုန်းကြီးတို့သည်လည်း နိုင်ငံသားဖြစ်သည်မို့ နိုင်ငံရေးစကားကို ပြောပေလိမ့်မည်။ နိုင်ငံသားတိုင်း နိုင်ငံရေးစကား ပြောခြင်းသည်  သူတို့ ကိုယ်ပိုင် အခွင့်အရေးသာ။ ဘာသာရေးစကားနှင့် အာပတ်သင့်မည်၊ အပါယ်ငရဲကျလိမ့်မည်ဆိုပြီး ပြောဦးတော့ အဲဒါသည်သူတို့အပိုင်း။ ငရဲသွားသွား နတ်ပြည်ရောက် ရောက် ကိုယ့်ကိစ္စမဟုတ်။  ဒီမိုကရေစီနှင့် လူ့အခွင့်အရေး သဘောတရားအရ ပုဂ္ဂလိကအခွင့်အရေးကို ပိတ်ပြီး ဘယ်သူ့ကိုမှ ထိခိုက်မပြောသင့်။   ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့ ရှေ့ တန်းကဦးဆောင် တိုက်နေသူတို့ကပင် ရဟန်းတွေကို နိုင်ငံသားအခွင့် အရေးမပေးချင်ကြပေလို့ စိတ်တွင်မှတ်ချက် တင်လိုက်မိသည်။ နိုင်ငံရေးသမားတို့ စံထားကြသည့် ဒီမိုကရေစီစနစ်သွားနေတဲ့ အမေရိကန် နိုင်ငံကြီးကတော့ ဘယ်ဘာသာက ဘယ်ဘုန်းကြီးဘဲဖြစ်ဖြစ် သူ့နိုင်ငံသားဖြစ်ရင် အခြေခံအခွင့် အရေးကတန်းတူ။

 

မြတ်ဗုဒ္ဓ ဤလောကကို မျက်ကွယ်ပြုမသွားမှီ အသေးအဖွဲသိက္ခာပုဒ်တို့ကို နှုတ်လိုက နှုတ်ကြလို့ မိန့်ခဲ့သည်ကို အဓိပ္ပါယ်အမျိုးမျိုးဖော်သော ဆရာ့ဆရာတော်တို့၏ အယူအဆတို့ကို ကိုးကား၍ နိုင်ငံရေးလုပ်သင့်၏ မလုပ်သင့်၏တော့ မရှင်းလို။ နိုင်ငံရေးကိစ္စများတွင် ရဟန်းတော်များ မလုပ်သင့်ဘူး ဆုံးဖြတ်အုံးတော့ မလုပ်သင့်မှန်းသိ၍ နိုင်ငံရေးကိစ္စများတွင် ရဟန်းတို့ ဝင်ပါနေသည်ပင် ဘုရားအလောင်းစိတ်လို့ မိမိကတော့သတ်မှတ်ပြီး   မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေသော ဆရာတော် တို့ကို အထူးကြည်ညို လေးစားမိသည်။ ကြည်ညိုသည့် အကြောင်းရင်းများမှာ မိမိမှာမရှိသော ဂုဏ်အရည်အချင်းများ ဆရာတော်ကြီးများ ဆရာတော်လေးများထံတွင်ရှိနေခြင်း၊ သာသနာအတွက်  မိမိမလုပ်နိုင်သော မိမိလုပ်ခွင့်ကံမပါသော အလုပ်တို့ ကို ဆရာတော်ကြီးများ ဆရာတော်လေးများ လုပ်နေခြင်း၊ မိမိမပြောနိုင်သော စကားတို့ကို ဆရာတော်ကြီးများ ဆရာတော်လေးများ ရဲရင့်စွာ ပြောဆို နေကြခြင်းတို့ သည် အဓိကအကြောင်းများပင်ဖြစ်ပါသည်။

 

ထိုဆရာတော်များကို နိုင်ငံရေးသမားတို့ ဝေဘန်ထိုးနှက်ခြင်း၏ အဓိကအကြောင်းရင်းများမှာ…

-မိမိတို့အလိုရှိသော ဒီမိုကရေစီစနစ်ကို  ရရှိအောင်ကြိုးပမ်းရာမှာ ထိုဆရာတော်များ၏ ဟောပြော ချက်များသည် ကြိုးပမ်းနေမှုအင်းအားကို ချည့်နဲ့အားနည်းရာ ရောက်စေသည်ဟုယူဆ၍၄င်း    -မိမိတို့  ဆန့်ကျင်နေသော အာဏာရှင်စနစ်ကို အားပေးရာရောက်ပြီး ပို၍သက်တမ်းရှည်စေသောကြောင့်၎င်း   -မိမိတို့လေးစားသောနိုင်ငံခေါင်းဆောင်များနှင့် ပါတီတို့ ၏ အောင်မြင်မှုကို ထိခိုက်သည်ဟု ယူဆ၍၄င်း -ထိုဆရာတော်ကြီးများ ဆရာတော်လေးများ ဦးဆောင်၍ ရေးဆွဲတင်ပြနေသည့် မျိုးစောင့်ဥပဒေ ခေါ်ကြသည့် ဥပဒေသည် လူ့ အခွင့်အရေး အထူးသဖြင့် အမျိုးသ္မီးအခွင့်အရေးကို တိုက်ရိုက်ထိပါးမှုဟု ယူဆ၍၄င်း   ဖြစ်ပေသည်။

 

ထိုသို့ သော အကြောင်းများကို အခြေခံ၍ ဆရာတော်များကို အကျင့်ဝိနည်းတွေနဲ့ မနေဘူး။ နိုင်ငံရေး ဘာမှနားမလည်ဘူး။ မြန်မာ့သမိုင်းကိုကြည့်ရင် ဘုန်းကြီးတွေဝင်ပြီး နိုင်ငံရေးမှာပါခဲ့လို့ တိုင်းပြည်မတိုးတက်တာ စသည်ဖြင့် ပြောတာများကိုတွေ့ ရပါသည်။ တကယ်တော့ ဒါတွေအားလုံးဟာ သည်းခံတတ်သော သံဃာကို လွှဲချပြီး စော်ကားလိုက်ခြင်းသာ။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရှိ နေသော်လည်း တိုးတက်နေသောနိုင်ငံတွေ အာရှတိုက်မှာ အများကြီးရှိသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ မရှိသော်လည်း မွဲတေနေသောနိုင်ငံတွေ ကမ္ဘာမှာ ဒုနဲ့ဒေး။ တိုင်းပြည်တစ်ပြည် ဆင်းရဲခြင်း၊ မငြိမ်းချမ်းခြင်းတို့သည် နိုင်ငံအုပ်ချုပ်သူများနှင့် ကျင့်သုံးသောနိုင်ငံရေးအကျင့် စနစ် မကောင်းလို့သာလျှင်ဖြစ်ကြောင်းကို ကူဋဒဏ္ဍသုတ်တော်တွင် ဖော်ပြထားပြီးဖြစ်၍ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် မည်သို့မျှ မပတ်သက်။

 

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဆီသို့ စတင်၍ ဦးတည်ကာ သွားနေသောနိုင်ငံဖြစ်နေပြီမို့  နိုင်ငံသား(citizen)ရဟန်းတော်တွေလဲ တိုင်းပြည်နှင့်နိုင်ငံသားတို့ အနာဂတ်ကောင်းကျိုးကို လွတ်လပ်စွာပြောဆို ဟောပြောခွင့်များရှိသည်။ လွတ်လပ်စွာ ဝေဘန်ခွင့်ရှိပါသည်။ ထိုဟောပြော ချက်များသည် နိုင်ငံနှင့် တိုင်းသူပြည်သားတို့၏ ရေရှည်အကျိုးစီပွားနှင့် ငြိမ်းချမ်းရေးကို ဖြစ်စေပါက လက်မခံနိုင်စရာ မရှိပါ။ တိုင်းပြည်အတွက် အလုပ်လုပ်ရာတွင် ထိုအလုပ်လုပ်သောပုဂ္ဂိုလ် မည်သူမဆို အမှားများနှင့် ဟာကွက်များရှိလာလျှင် ဘာသာရေးသမားတို့အပါအဝင် ပြည်သူအများစု အနည်းစု တို့က ဝေဖန်မည်။ ဝေဖန်လာသည်ကို ရဲရင့်စွာလက်ခံမှသာ သတ္တိရှိသော နိုင်ငံရေးသမားတို့  ဖြစ်လာ ပေလိမ့်မည်။ နိုင်ငံသားရဟန်းတော်တို့လည်း နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ကောင်းကျိုး မကောင်းကျိုး ဖြစ်လာမည့်အရေးကို လွတ်လပ်စွာ ပြောဆိုဝေဖန်နိုင်ခွင့် ရှိနေပါသည်။

 

နိုင်ငံသားစီတီဇင်များဖြစ်သော မြန်မာရဟန်းတော်များသည်လည်း မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသည်ကို အပြစ်ပြောစရာမရှိပါ။ နိုင်ငံရေးမကောင်းသော အခြေအနေများကြောင့် သူတို့ ဗုဒ္ဓသာသနာနယ်ပယ်များနှင့် ဘာသာဝင်တို့ ပျောက်ကွယ်သွားကြသည်ကို ရဟန်းတော်တို့ အမြဲ သတိရှိနေကြ၍သာ နိုင်ငံရေးကို စိတ်ဝင်စားနေပါသည်။ ယနေ့မျက်မှောက်တွင် နိုင်ငံရေးနယ်ပယ်မှာ တွေ့မြင်နေရသည့် ဦးဆောင်ထေရဝါဒမြန်မာဆရာတော် တော်တော်များများသည် နိုင်ငံရေးကို အမှန်ပင်နားလည်ကြပါသည်။ အများစုမြန်မာရဟန်းတို့  လောကီအတန်းကျောင်းများမှာ ပညာသင်၍ နိုင်ငံရေး စီးပွားရေး လူမှုရေး ဘာသာရေးအကြောင်းများဆိုင်ရာ ဘာသာရပ်များကို မသင်ယူ ခဲ့ရသော်လည်း ဗုဒ္ဓဟောကြားထားသည့် နိုင်ငံရေး စီးပွားရေး လူမှုရေး ဘာသာရေး အကြောင်းများကို သင်ယူခဲ့ပြီးဖြစ်၍၄င်း၊ ကမ္ဘာနှင့် မြန်မာတို့၏ နိုင်ငံရေး စီးပွားရေး လူမှုရေးစာပေတို့ကို ဖတ်ရှုလေ့လာကြ၍၄င်း နိုင်ငံရေးနှင့်တကွ မျက်မှောက်ခေတ် အခြေအနေတို့ကို တတ်သိကျွမ်းကျင် ကြပါသည်။

 

ယနေ့ခေတ် ရဟန်းတော်များသည် ခေတ်မှီစက်မှုနည်းပညာများကို အသုံးပြုကာ ပညာများ ဆည်းပူးကြသည်ဖြစ်၍ ရှေးခေတ်ကာလက ဆရာတော်များထက်ပင် လောကီအမြင်ဘက်တွင် ပို၍ အမြင်ကျယ်ြကပါသည်။  နောက် သူတို့၏ အလေးဂရုပြု ဦးညွတ်ရာခေါင်းဆောင်သည် ဗုဒ္ဓဖြစ် ပေသည်။ ဗုဒ္ဓသည် မျိုးချစ်သာကီဝင်နိုင်ငံများမှ အထင်ရှားဆုံးသော အိမ်ရှေ့ စံမင်းသားဘဝမှလာခဲ့၍ နိုင်ငံရေးကို အလွန်ပင်ကျွမ်းကျင်တော်မူပါသည်။ မျိုးချစ်ဝါဒပြင်းထန်သော နိုင်ငံရေးနောက်ခံ ဘက်ကရောင်းမှလာသော ဘာသာရေးခေါင်းဆောင်လို့ ပြောနိုင်ပါသည်။ ဗုဒ္ဓသည် မျိုးချစ်ဝါဒပြင်းထန် သော နိုင်ငံရေးနောက်ခံရှိခဲ့သော်လည်း ဘုရားအဖြစ် ရောက်သောအခါ ထိုအစွန်းရောက်အမျိုးစိတ်များ လုံးဝပြတ်ခဲ့ပြီး အလယ်အလတ်လမ်းကို ရွေးခဲ့ပါသည်။ သူ၏ နိုင်ငံရေးကျွမ်းကျင်တော်မူသည့် အချက်များကို ၄၅နှစ်ကြာ သူဟောကြားထားသော တရားတော်များတွင် တွေ့ နိုင်ပါသည်။

 

အချို့ သော မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များသည်လည်း ယနေ့  အုပ်ချုပ်သူအစိုးရ နိုင်ငံရေး သမားများနှင့် ထင်ရှားသောအတိုက်အခံနိုင်ငံရေးသမားများထက် နိုင်ငံရေးအတွေးအမြင် မသာတောင် တန်းတူအဆင့်ထိရှိသည်ကို တွေ့ရပါသည်။ ထိုအရှင်များသည် စွဲစရာပါတီများကင်းရှင်းကြ၍၄င်း၊ ပုဂ္ဂလိက အကျိုးစီးပွားကို ရည်ရွယ်ချက် မထားကြ၍၄င်း၊ ငါတို့ ဗုဒ္ဓဘာသာသာဝင်တွေ နိုင်ငံမှာ လွှမ်မိုးဖို့ ဆိုတဲ့ရည်ရွယ်ချက်များ မရှိကြ၍၄င်း၊ သူတို့ အတွက် နိုင်ငံခေါင်းဆောင်ဖြစ်ရေး၊ ဝန်ကြီး ဖြစ်ရေး၊ အမတ်ဖြစ်ရေး၊ အုပ်ချုပ်ရေးမှူးဖြစ်ရေးစသည့် အာဏာနှင့်ပတ်သက်၍ ပိုင်ဆိုင်လိုချင်သည့် အရိပ်လက္ခဏာတို့ မတွေ့ ရှိရ၍၄င်း၊ သန့် ရှင်းစင်ကြယ်သော နိုင်ငံရေး၊ သတ္တိပါသောနိုင်ငံရေးကို လုပ်နေကြခြင်း ဖြစ်ပါသည်။ ထိုအရှင်တို့၏ ရည်ရွယ်ချက်မှာ အားလုံးသော  ပြည်သူတို့ ဆင်းရဲခြင်းမှ လွတ်မြောက်ရေးကိုသာဖြစ်သည်။ သူတို့အားထားမှီခိုရာ ဗုဒ္ဓဘာသာဝင်တို့နှင့် ပြည်သူအားလုံးတို့ ဆင်းရဲဒုက္ခရောက်မည့်ကိစ္စတွေဆိုလျှင် ရှေ့တန်းကပါဝင် ပြောဆိုလုပ်ကိုင်ကြပါသည်။

 

မြန်မာရဟန်းတော်တို့သည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေပြီး အာဏာကို ရယူဖို့ဆန္ဒ မရှိသော်လည်း ဘယ်လိုခေါင်းဆောင်မျိုးသည် ငါတို့အများစု ကိုးကွယ်ကြသည့် ဗုဒ္ဓဘာသာနှင့် သင့်လျှော်သည်။ ဘယ်လိုနိုင်ငံရေးစနစ်သည် ငါတို့ဘာသာကို အရှည်တည်တန့်အောင် တိုးတက် အောင်လုပ်ပေးနိုင်သည်ကို ယျေဘုယျအားဖြင့် သိနေကြပါသည်။ သမိုင်းမှတ်တမ်းများအရ ဗုဒ္ဓဘာသာ ဆုတ်ယုတ်ခဲ့သည့်အကြောင်း တိုးတက်ခဲ့သည့်အကြောင်းတို့ကိုလည်း မြန်မာရဟန်းတော်တို့က သိရှိနေပြီးဖြစ်သည်။ နိုင်ငံရေးအမြင်ဖြင့် နိုင်ငံရေးသမားတို့ အာဏာကိုလိုချင်သောဆန္ဒသည် အပြစ်မဟုတ်ပါ။ နိုင်ငံရေးသမားတို့ အာဏာကိုလိုချင်တာ အပြစ်ဟုဆိုလိုသည်လည်း မဟုတ်ပါ။ အာဏာကိုရရှိမှသာ နိုင်ငံအတွက် ပြည်သူတို့အတွက် ကောင်းမွန်သော အကျိုးစီးပွားများကို လုပ်ဆောင်နိုင်မှာဖြစ်၍ နိုင်ရေးသမားတို့သည် အာဏာကိုတော့ ရအောင်ယူသင့်ပါသည်။ ရဟန်းတော် မြတ်တို့ကလည်း ဗုဒ္ဓလက်ထက်တော်ကစ၍ ယနေ့ထိတိုင် အာဏာရှိမင်းကောင်းမင်းမြတ်တို့နှင့် ခေါင်းဆောင်ကောင်းတို့ ကို မဆန့်ကျင်ဘဲ ထောက်ခံချီးမွမ်းခဲ့ကြပါသည်။

 

ဗုဒ္ဓသည် သူ့ အတွက် အကျိုးစီးပွားဆိုသည့် ရည်ရွယ်ချက်ကို ဘုရားဖြစ်သောနေ့ ကပင်လျှင် ပြတ်ခဲ့ပြီဖြစ်၍ ယနေ့ လူတို့ပြောနေကြသည့် အာဏာယူနိုင်ငံရေး၊ အာဏာသိမ်းနိုင်ငံရေးမျိုးတို့နှင့် ပါဝင်ပတ်သက်မှု မရှိတော့သော်လဲ အနာဂတ်ကမ္ဘာ ထို့ထက်ကျယ်ပြန့်စွာပြောရလျှင် စကြာဝဠာ ကြီးအတွက် အမှန်တရားတွေဟောရင်း နိုင်ငံရေးနှင့် ပတ်သက်ပြီး နေတော်မူခဲ့ပါသည်။ ဗုဒ္ဓသည် နိုင်ငံခေါင်းဆောင်များကို တရားဟောခြင်း၊ နိုင်ငံခေါင်းဆောင်များ၏ မေးမြန်းသည့် မေးခွန်းများကို ဖြေကြားခြင်းတို့ဖြင့် နိုင်ငံ့အရေးတွေတွင် ပါဝင်ခဲ့ပါသည်။ ဘက်လိုက်မှုများကို ဖြစ်စေသော ချစ်ခြင်း၊ မုန်းခြင်း၊ တွေဝေခြင်း၊ ကြောက်ရွံခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော အဂတိတရားတို့ ကင်းတော်မူ သောကြောင့် ဘယ်နိုင်ရေးစနစ်ကိုမှ ဗုဒ္ဓက အကောင်းဆုံးဟု မမိန့်ခဲ့ပါ။ သို့ရာတွင် အနာဂတ် ကောင်းကျိုးအတွက် မကောင်းသောမင်းတို့ကို ဆုံးမခဲ့ပြီး ကောင်းသောမင်းတို့ကို ချီးမွမ်းခဲ့ပါသည်။ ယနေ့မြန်မာ ထေရဝါဒ ရဟန်းတော်တို့၏ ဘာသာရေးလုပ်ရင်း အာဏာကို အာသာဆန္ဒမထားရှိဘဲ နိုင်ငံရေးနှင့် ပတ်သက်နေခြင်းသည် ဗုဒ္ဓ၏နည်းလမ်းနှင့် မဆန့်ကျင်ပါ။

 

ဘုန်းတော်ကြီးတို့ သိနေလုပ်နေသည့် နိုင်ငံရေးသည် ပါတီများတည်ထောင်ပြီး နိုင်ငံရေးလုပ်နေ ကြသူနိုင်ငံရေးသမားများ၊ နိုင်ငံ့ခေါင်းဆောင်များ၊ အကြွင်းမဲ့ အာဏာကို ဆုပ်ကိုင်ထားသော အာဏာ ရှင်ကြီးများ၊ ရှင်ဘုရင်ကြီးများနှင့်တော့ သဘာဝတူမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် တပ်မက်မှု ကင်းခြင်းကို အခြေခံ၍ လုပ်နေခြင်းကြောင့်သာလျှင်ဖြစ်ပေသည်။ ဘယ်သူဘဲ နိုင်ငံရေးလုပ်လုပ် မိမိအကျိုးစီးပွားအတွက် အာဏာကိုတပ်မက်လိုမှုမရှိဘဲ  အများကောင်းကျိုးအတွက်လုပ်သော နိုင်ငံရေးသည်သာ ငြိမ်းချမ်းရေးဆီသို့ ဦးတည်သော နိုင်ငံရေးဖြစ်ပေသည်။

 

ဗုဒ္ဓ၏ နိုင်ငံခေါင်းဆောင်တို့ကို ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းသည် နိုင်ငံရေးထဲ ဝင်ပါခြင်းမဟုတ်။ ဆင်းရဲဒုက္ခကနေ သူကယ်တင်လိုသော သတ္တဝါတို့သည် နိုင်ငံရေး စီးပွားရေး လူမှုရေး ပညာရေး ဘာသာရေးတို့နှင့် ဆက်စပ် ပတ်သက်နေလို့သာလျှင် ဖြစ်ပေသည်။ ဗုဒ္ဓ၏ ဓမ္မလမ်းကြောင်းအတိုင်း ရည်ရွယ်ချက်အတိုင်း သွားနေကြသူ ရဟန်းတော်တို့သည်လည်း ဗုဒ္ဓအတိုင်းသာလျှင် နိုင်ငံရေးနှင့် ပတ်သက်နေမည်သာဖြစ်သည်။ နိုင်ငံရေးနှင့် ပတ်သက်သော်လည်း ထိုအရှင်အားလုံးတို့သည် အာဏာယူနိုင်ငံရေးသမားများ မဟုတ်ကြ။ အမှန်ကို ဟောပြောကြသည့် ဘာသာရေးသမားများသာ ဖြစ်ကြပါသည်။

 

လွတ်လပ်ရေးတိုက်ပွဲကာလက ဘုန်းတော်ကြီးများသည် နိုင်ငံရေးမှာ ဝင်ပါခဲ့ကြသော်လည်း ပါတီထောင်နိုင်ငံရေး အာဏာယူနိုင်ငံရေးမှာတော့ မပါကြပါ။ အာဏာယူနိုင်ငံရေးသည် အများအားဖြင့် ပရိယာယ်မာယာတွေသုံးကာ  အာဏာကိုရရှိဖို့ လုပ်ရသည်ဖြစ်၍ ဘုန်းတော်ကြီးများနှင့်တော့ မသင့်တော်ပါ။ ရှေးခေတ်ကာလ မြန်မာဘုန်းတော်ကြီးများမှသည် ယနေ့အချိန်ထိ ဘယ်ဆရာတော်မှ အာဏာကိုရရှိအောင် မကြိုးစားခဲ့ကြပါ။ မြန်မာနိုင်ငံသားရဟန်းတော်တို့သည် သီရိလင်္ကာနိုင်ငံက ထေရဝါဒ ရဟန်းတော်တို့နှင့် ယှဉ်ကြည့်ပါက နိုင်ငံသားအခွင့်အခွင့်အရေးများ အတော်ပင်ဆုံးရှုံးရ ပါသည်။ သီရိလင်္ကာ(သီဟိုဠ်)ရဟန်းတော်တို့သည် အခြေခံနိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ရှိသည်။ မဲပေးတာ မပေးတာက သူတို့ရဲ့အပိုင်း။ အစိုးရဌာနဆိုင်ရာ အကြီးအကဲရာထူး အတွက်အလုပ်လုပ်ခွင့်ရှိသည်။ လုပ်သင့်မလုပ်သင့် သူတို့ဘာသာ သူတို့ဆုံးဖြတ်သည်။  အရင်က သီရိလင်္ကာရဟန်းတော်များသည် လွတ်တော်အမတ်များ အရွေးခံခွင့်ရှိသော်လည်း အရွေးမခံကြ။ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာနိုင်ငံရေးသမားတို့  ကိုယ့်ဘာသာကို အကာအကွယ် မပေးနိုင်ကြ၍ သူတို့ကိုယ်တိုင် လွှတ်တော်အမတ်ဝင်အရွေးခံကာ ဗုဒ္ဓဘာသာတွေဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပေးလိုက်ကြသည်။ နိုင်ငံရေးလုပ်လို့ အပြစ်ရှိသည်။ အပြစ်ရှိလို့ ငရဲကျမည်ထား။ အပြစ်ရှိမှန်း ငရဲကျမည်မှန်းသိ၍  ဗုဒ္ဓဘာသာအတွက် အကာအကွယ်ပေးနေတာကိုပင် လေးစားကြည်ညိုစရာ ကောင်းနေသည်။

 

ထေရဝါဒရဟန်းတော်တို့၏ ဇွဲလုံ့လနှင့် သတ္တိဗျတ္တိတို့ကြောင့်၎င်း၊ နိုင်ငံရေးနှင့် ဗုဒ္ဓဘာသာ သဟဇာတဖြစ်နိုင်ရန်လုပ်ဆောင်နိုင်ခဲ့၍၄င်း ထေရဝါဒသည် သူထွန်းကားရာ နိုင်ငံများတွင် ရှေ့ တန်းတင်ဘာသာအဖြစ် ရရှိနိုင်နေပါသည်။  သမိုင်းတစ်လျှောက် မြန်မာရဟန်းတော်တို့သည် နိုင်ငံရေးမှာ တတ်နိုင်သည့်ဘက်မှ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြသော်လည်း နိုင်ငံခေါင်းဆောင်များ နိုင်ငံရေးသမားများတို့၏ အသုံးချမှုကိုသာ ခံခဲ့ရသည့်က များပါသည်။ သူတို့လိုတဲ့အခါ လက်အုပ်ချီ၍ မလိုသောအခါ လက်သီးနှင့် ထိုးခံကြရသည်က များပါသည်။

 

မြန်မာနိုင်ငံခေါင်းဆောင်များ အမတ်မင်းများ ဥပဒေပြုသူများကလည်း ဥပဒေရေးဆွဲရာတွင် အမျှော်အမြင် နည်းပါးကြသည်ကို ရဟန်းတော်တို့က သိနေကြပါသည်။ ရဟန်းတော်တို့၏ မဲပေးပိုင်ခွင့်ကို အခြေခံဥပဒေတွင် ပိတ်ပင်ခြင်းက ဥပဒေပြုရာတွင်ပါဝင်သော ဗုဒ္ဓဘာသာဝင်နိုင်ငံ ခေါင်းဆောင်များ အမတ်မင်းများ ဥပဒေပြုသူများတို့၏ ညံ့ဖျင်းမှု ထင်ရှားနေပါသည်။ သံဃာတော်တို့ ဝိနည်းနှင့် ညီသည်ဖြစ်စေ မညီသည်ဖြစ်စေ ခေတ်သစ်ဒီမိုကရေစီ သဘောတရားအရ စံအရဆိုလျှင် နိုင်ငံသားအားလုံး တန်းတူ မဲပေးခွင့်ရှိရပါမည်။ သံဃာတော်တို့ နိုင်ငံရေးလုပ်လို့ ဘက်လိုက်ပြီး မဲပေးကြလို့ မကြည်ညိုလျှင် ထိုကိစ္စသည် ဒကာ ဒကာမတို့၏ အခွင့်အရေး(rights)သာလျှင်ဖြစ်သည်။ ဒကာ ဒကာမတို့၏ကြည်ညိုမှု ကင်းမဲ့နေသော သံဃာတော်တို့သည်လည်း သာသနာတော်တွင် ကြာရှည်စွာ နေကြမည်မဟုတ်ပါ။ နိုင်ငံသားဖြစ်သူ ရဟန်းတော်တို့ကို မဲပေးခွင့်မရှိဟု တစ်ဦး တစ်ယောက်မှ သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ ဥပဒေပြုကာ ကန့်သတ်တားမြစ်ပိုင်ခွင့်မရှိပါ။ ထိုသို့ကန့် ထားသတ်သော ဥပဒေသည် ဒီမိုကရေစီမဆန်သော လူ့အခွင့်အရေးတစ်ခုကို ချိုးဖောက်သော ဥပဒေသာဖြစ်ပေသည်။

 

ဗုဒ္ဓ၏တရားတော်များကို နိုင်ငံရေးအရ အသုံးပြုနိုင်ပါသည်။ ဗုဒ္ဓ၏ ပထမဦးဆုံးတရားတော် အဖြစ် နာမည်ကျော်သော ဓမ္မစကြာတရားတော်ကို ကြည့်လိုက်ပါက အလယ်အလတ်မဇ္ဈိမ လမ်းစဉ်သည်   ငြိမ်းချမ်းသောနိုင်ငံတစ်ခုတည်ထောင်လိုသော နိုင်ငံရေးသမားတို့ ရှောင်ရမည့် အရာများ၊ ဆောင်ရမည့်အရာများကို တွေ့ရပေမည်။ မိမိနိုင်ငံသားတို့ကို ဆင်းရဲမှ ကယ်တင်လိုမှုတွင် အစွန်းရောက်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊  အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးခြင်း၊ အမှန်တရား ၄ပါးနှင့် ထိုအမှန်တရား၎ပါးကို လက်တွေ့  ကျကျ  အသုံးပြုနိုင်မှုတို့မှာ နိုင်ငံရေးအရ အရေးပါသည်ကို တွေ့ ရသည်။

 

ကာမဂုဏ်တို့ကို အလွန်အကျူးလိုက်စားခြင်းဆိုသည့် ပထမအစွန်းကိုကြည့်လိုက်လျှင်                ရုပ်ပိုင်းဆိုင်ရာ ကာမဂုဏ်များကို အလွန်အစွန်းရောက်တပ်မက်နေကြလို့သာ အာဏာရှင်တို့ ပေါ်ပေါက်လာခြင်း၊ အာဏာသိမ်းခြင်း၊ အာဏာလုကြခြင်း၊ ရရှိထားသောအာဏာကို လက်မလွှတ်လို ခြင်းတို့ဖြစ်ကြသည်။ မိမိကိုယ်ကို ပင်ပန်းဆင်းရဲစေသောအကျင့်ဝါဒကို ယုံကြည်ကိုးကွယ်ကျင့်သုံးခြင်း ဆိုသော ဒုတိယအစွန်းကိုကြည့်လိုက်ပါက ဘာသာရေး အစွန်းရောက်ခြင်းသည် အကျိုးစီးပွားမဲ့ (အနတ္ထသံဟိတ)ကို ဖြစ်စေပါသည်။ အကျိုးစီးပွားကို မဲ့စေသော ဘာသာရေးအစွန်းရောက်ကျင့်သူများ နိုင်ငံရေးအာဏာရရှိသွားလျှင်၎င်း၊ နိုင်ငံတော်ဥပဒေတွင်း ဘာသာရေး အစွန်းရောက်ကျင့်စဉ်များ  ဝင်ရောက်ပြဋ္ဌာန်းလာလျှင်၎င်း နိုင်ငံအတွက် ရေရှည်တွင် အကျိုးမဲ့ အနတ္ထသံဟိတကိုဖြစ်စေလိမ့်မည်။

 

နိုင်ငံရေးသမားများကို ဤအစွန်းများ မရောက်ဖို့ရန် စစ်မှန်သောဒီမိုကရေစီစနစ်ကို သွားနေသော နိုင်ငံသားတို့က ဘယ်ပါတီဘဲဖြစ်ဖြစ် သူတို့ကို အုပ်ချုပ်မည့်ပါတီများနှင့် အစိုးရတို့ကို အခြေခံ ဥပဒေများရေးဆွဲ၍၄င်း၊ ဥပဒေသစ်များ တိုးချဲပြဋ္ဌာန်း၍၄င်း တရားမျှတသော စည်းကမ်းဘောင် (မဇ္ဈိမလမ်း)ပေါ်မှာပင် အုပ်ချုပ်ခိုင်းခဲ့ကြသည်။ မှန်သောအကျင့်(သမ္မာသီလ)၊ မှန်သောစူးစိုက်မှု (သမ္မာသမာဓိ)၊ မှန်သောသိမြင်မှု(သမ္မပညာ)ဆိုသော မဇ္ဈိမလမ်းစဉ်တို့ကို မြတ်ဗုဒ္ဓထံမှ ယနေ့တိုင် မပျောက်မပျက်အောင် သယ်ဆောင်လာကြသည့် ရဟန်းတော်တို့သည် ထိုမဇ္ဈိမလမ်းမပျက်ရေး၊ မပျောက်ကွယ်ရေး၊ နိုင်ငံရေး ဘာသာရေး စီပွားရေး အစွန်းရောက်သမားတို့ မိမိတို့နေရာနိုင်ငံ ဒေသတွင် မကြီးစိုးလာစေရေးတို့အတွက် နိုင်ငံရေးနှင့် ဆက်လက်ပတ်သက်နေပေလိမ့်အုံးမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to နိုင်ငံရေးဝေဒနာနှင့် သုံးပါးရတနာ

  1. Ba Ba Gyi on February 2, 2014 at 8:52 pm

    အရှင်ဘုရား၊

    မြန်မာ့နိုင်ငံရေးနှင့်သံဃာ မည်သည့်ခေတ်ကမှခွဲ၍မရခဲ့ပါ။ ပုဂံခေတ်ကပင် မင်းဆိုးမင်းညစ် နရသူကို ပံ့သူမဟာထေရ်က ဆုံးမခဲ့ကြောင်း သမိုင်းတွင်ပါပါသည်။

    နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာပြည်ကိုသိမ်းပိုက်ချိန်တွင် ရရာဓားလှံဆွဲ၍ ခုခံခဲ့သောသံဃာများနှင့်လွတ်လပ်ရေးတိုက်ပွဲတလျှောက်လုံး နည်းမျိုးစုံဖြင့်ပါဝင်ခဲ့သော သံဃာတော်များ၏ကျေးဇူးကိုလည်းမမေ့အပ်ပါ။

    “ဘုန်းကြီးတွေ ဘုန်းကြီးနေရာမှာနေ၊ လူ့ကိစ္စတွေမှာဝင်မပါနဲ့ နိုင်ငံရေးထဲ ဝင်မပါနဲ့” စသောစကားများမှာ အာဏာရှင်ခေတ်က သူတို့အာဏာတည်မြဲရေးအတွက်ထွင်ခဲ့သောစကားများပါ။

    ၈လေးလုံးအရးတော်ပုံနှင့်ရွှေဝါရောင်တော်လှန်ရေးတို့၌ သွေးမြေအကျခံ၊ ထောင်သွင်းအကျဉ်းချအနှိပ်စက်ခံခဲ့သော သံဃာတော်အများအပြားရှိခဲ့ပါသည်။

    မြတ်ဗုဒ္ဓ၏ ဓမ္မနှင့်သာသနာတော်ကို ဘုရားသားတော်ဖြစ်သော သံဃာတော်များက ကာကွယ်စောင့်ရှောက်နေကြခြင်းကို သာဓုသုံးကြိမ်ခေါ်ပြီးထောက်ခံပါသည်ဘုရား။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments