Facebook ဧကစာရီ

February 4, 2014

ဖိုးထက်
ဇန်န၀ါရီ ၄၊ ၂၀၁၄

 

ကျွန်တော် facebook မသုံးတာ ကြာပြီ။ ကြာပြီဆို အတော်ကြာပြီ။ နှစ်လကျော်လောက် ရှိရော့မည်။ အွန်လိုင်း ပေါ်မှာ အလွန်ကမြင်းကြောထချင်သော ကျွန်တော့်အတွက် နှစ်လဆိုတာက အလွန်ကြာသော အချိန်အတိုင်း အတာတစ်ခု ဖြစ်သည်။ ကျွန်တော် အင်တာနက် စသုံးတော့ ၂၀၀၁ ပါတ်ဝန်းကျင် ဖြစ်မည်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ အင်တာနက် စပေါ်စဟု ထင်သည်။ Mail4u ကို တစ်နှစ်စာ ငါးထောင်ကျပ်ပေးပြီး သုံးခဲ့ရသည်။ ဂျီမေးလ်၊ ရာဟူးမေးလ် အလကားသုံးရ ကောင်းမှန်းပင် မသိ။ 

 

အဲဒီအချိန်က မြန်မာချက်တင်ရွမ်းဆိုတာ ရှိသည်။ အခန်းကြီးထဲမှာ ထိုင်ပြီးလူတွေအများကြီးစကား စုပြောရသလိုမျိုး မြန်မာစာဖြင့် အမြန်စာရိုက်ပြီး စကားပြောရသည်။ လူဆိုး၊ အာဏာရှင်၊ ထွန့်ထွန့်လူးများ တွေ့ဘူးသလို အခု အချိန်ထိ တစ်ယောက်နဲ့ တစ်ယောက် အီးမေးလ်အဆက်အသွယ် မပြတ်ရှိနေကြသော မိတ်ဆွေကောင်းတွေလဲ ရှိသည်။ အဲဒီအချိန်က ကျွန်တော့်မှာ မုန့်ဖိုးလေးများရှိရင် မစားရက်၊ မသောက်ရက် လှည်းတန်းက အင်တာနက်ဆိုင်တစ်ခုမှာ တစ်မေ့တစ်မော အချိန်ဖြုန်းရသည်။ ကမြင်းကြောထသည်။

 

နောင် Facebook ပေါ်လာတော့ ကျွန်တော်လို ကောင်အတွက် အတိုင်းထက် အလွန် တံခွန်နဲ့ ကုက္ကား။ အမိအရ အကောင့်ဖွင့်သည်။ ရပ်နီး ရပ်ဝေးက သူငယ်ချင်းတွေနဲ့ အဆက်အသွယ်တွေ အကုန်ပြန်ရလာသည်။ ဒီမှာတင် လူ့စိတ်သဘော မနောတွေ အများကြီး ပေါ်လာတော့သည်။ ကိုယ့်စိတ်နဲ့ နှိုင်း ရိုင်းတယ်လို့ ဆိုချင်ဆိုတော့။ အကောင်းအဆိုးတွေက ဒွန်တွဲလာသည်။

 

လူဆိုတာ လူတွေကြားထဲ နေရချိန်မှာတော့ လူ့ယဉ်ကျေးမှုတွေကို ထိန်းကြ သိမ်းကြပေမယ့် တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အင်တာနက် သုံးကြလေသောအခါ အောက်ကလိအာ အသံတွေ အများကြီး ထွက်ချင်လာသည်။ ၀န်တိုစိတ်တွေက များလာသည်။ ကိုယ်သိ၊ ကိုယ်တတ်လုပ်ချင်လာသည်။ စာလေး တစ်ပိုဒ်လောက်ဖတ် အင်တာနက်ပေါ်မှာ တကယ့် ရင့်ကျက် တည်ငြိမ်သူကြီးလို ဖန်တီးချင်လာသည်။ မိတ်ဆွေ အပေါင်းအသင်းတွေ ဝေးနေချိန်အများကြီးကနေ ချက်ချင်း ပြန်တွေ့ပြီး ချစ်ခင် ကြင်နာနိုင်ကြပေမယ့် ကြာလာတော့ မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ လုပ်ချင်လာသည်။ ငါနဲ့ မတူ ငါ့ရန်သူ ဖြစ်ချင်လာသည်။ စိတ်ခံစားမှုကို လွယ်လွယ်လေး ဖောက်ထုတ်ရေးချပြီး အမုန်းတွေ လက်ကမ်းသည်။ ငါ့ကို သူက like မလုပ်လို့ ငါက သူ့ကို like မလုပ်နိုင်။ ငါ့ကို ပြန်မပြောလို့ ဒင်းကို ငါက သူငယ်ချင်းစာရင်းကထုတ်။ အလကားနေရင် အလကား ကျွန်တော့်စိတ်တွေ နောက်ကျိလာသည်။ ထားတော့…. ဒါက ကျွန်တော် စိတ်မထားတတ်လို့ ဖြစ်တဲ့ အဆိုးတွေ။

 

အကောင်းဘက်က ကျပြန်တော့ သတင်းတွေ အချိန်နဲ့ တစ်ပြေးညီ။ ကြောက်စရာ ကောင်းလောက်အောင် သတင်းတွေက မြန်ဆန်သွက်လက်စွာ သိရသည်။ အနုပညာရှင်တွေ၊ ပညာတတ်တွေဆီကနေ သင်ယူလေ့လာစရာ၊ အတုခိုးစရာတွေကလဲ အများသား။ ကိုယ်သန်ရာ သန်ရာ အားကစားလား၊ ကဗျာလား၊ အနုပညာလား follow လုပ်ထားရုံနဲ့ အချိန်ကုန်သက်သာ။

 

ဒီ အဆိုး အကောင်းနှစ်ခုကြားမှာ ကျွန်တော် စိတ်မရှုပ်ချင်။ ဒါပေမယ့် နိုင်ငံရဲ့ အရေး သတင်း တွေကလဲ ဝေးနေလို့ မဖြစ်တာတော့ အမှန်။ ကျွန်တော် ဘာလုပ်ရမလဲ။ သုံးလက်စ အကောင့်ကို ကျွန်တော် ဖျက်လိုက်သည်။ နောက်ထပ် အကောင့်တစ်ခု။ သို့သော် ကျွန်တော် တစ်ယောက်တည်း။ ဘယ်သူ့ကိုမှ သူငယ်ချင်း စာရင်းထဲ မသွင်း၊ မျက်စိလည် လမ်းမှားပြီး သူငယ်ချင်း စာရင်းသွင်းဖို့ ခွင့်ပန်တာကို မသိချင်ယောင်ဆောင်ရသည်။ သို့သော် သတင်း Pageတွေ၊ ဟိုဘက် ဒီဘက် အပြန်အလှန် အကြီးအကျယ် သတ်နေကြသူတွေ၊ အနုပညာရှင်တွေ၊ တတ်သိ ပညာရှင်တွေနောက်ကိုတော့ ကျွန်တော် follow လုပ်သည်။ News Feed ယူထားသည်။ ခရီးသွား ဟန်လွှဲ thumb age ခေတ်ကြီးထဲမှာ လက်မလေးနဲ့ ပွတ်ရင်း ဒီမိုကရေစီအရေး၊ လူချီးတွေ အရေး၊ သူရဲကောင်းတွေ အရေး ဖတ်လို့ မကုန်နိုင်မခန်း။

 

တကယ်ကျတော့ ကျွန်တော်က ဘုရားအလိုကို လိုက်နေတာဘဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ ဘုရားရှင်က သူ့ရဲ့ တပည့်သာဝကတွေကို တစ်ဦးတည်းနေဖို့ တိုက်တွန်းတာဘဲ မဟုတ်ဘူးလား။ ဘုရားရှင် တိုက်တွန်းတော်မူသော ဧကစာရီကျင့်ကြံခြင်းဆိုတာက ကရိကထ နည်းအောင်နေ။ ဘာမှ မမြဲတဲ့ လောကကြီးကို သတိနဲ့ စောင့်ကြည့်ထိန်းသိမ်းပြီး လောကသံသရာကြီးထဲက အမြန်ဆုံးထွက်ခွာဖို့။

 

ကျွန်တော် ကျင့်ကြံသော Facebook ဧကစာရီက ဘုရားရှင်လိုချင်သော ကျင့်ကြံခြင်းတော့ မဟုတ်။ သူငယ်ချင်းတွေနဲ့ ပါတ်သက်ပြီး ကရိကထ စိတ်တွေ သိသိသာသာလျှော့ချလိုက်နိုင်ပေမယ့် ၊ မနာလို ၀န်တိုစိတ်၊ အောက်ကလိအာစိတ်တွေ အများကြီး လျှော့ချလိုက်နိုင်ပေမယ့် နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ သတင်းတွေကတော့ အရင်လိုဘဲ ဒေါသထွက်ရဆဲ။ သွေးတိုးရဆဲ။

 

ကျွန်တော်တို့ နိုင်ငံရဲ့ သတင်းတွေ၊ အတင်း အဖျဉ်းတွေက ရိုးရသည်မရှိ။ တကယ့်ကို ရှုပ်ရှက်ခပ်နေအောင်ကိုဘဲ သတင်းတွေက များလွန်းမက များလွန်းလှသည်။ အနုပညာရှင်တွေရဲ့ မူးယစ်ဆေးဝါးမှု၊ လူသတ်မှုတွေ၊ အနိုင်ကျင့် စော်ကားမှုတွေ…အို …အများကြီးပါဘဲ။ ပြီးတော့ မဟုတ်တာရော ဟုတ်တာရော ကိုယ်ရေး ကိုယ်တာ အပုပ်ချမှုတွေကလဲ အများသားလား။ စိတ်မရှုပ်သွားစေဖို့ ကျွန်တော် ဘယ်လိုပင် သတိထားနေပါ့စေ တစ်ခါတစ်ရံ သတင်းတွေကြောင့် ဒေါသ ထွက်ရတာက ငယ်ထိပ်တက်စောင့်သည်။

 

အခုလဲ ပြုတ်တူး မနပ်ဝန်ကြီး တစ်ဦးရဲ့ ငါ့စကား နွားရ မိုက်ရိုင်းသော စကားတွေအတွက် ကျွန်တော်က သာမန်ပြည်သား တစ်ယောက်အနေနဲ့ စိတ်ဆိုးဒေါသထွက်ရသည်။ ဒါပေမယ့် သေချာပြန်စဉ်းစားတော့ သူတို့ မလွန်။ သူတို့က ဒီပုပ်ထဲက ဒီပဲလူတွေ။ ရာစုနှစ် တစ်ဝက်လောက် သေနတ်ထမ်း ပြည်သူလူထုအပေါ်ကနေ ခေါင်းတစ်လုံး မြင့်တယ် ထင်ပြီး အုပ်ချုပ်လာသူတွေ ဒီလို တိရိစ္ဆာန်စကားထွက်တာ ထူးမခြားနား။ သူ့ကို အရေးယူဖို့ ၊ ကျွန်တော်တို့ကို တောင်းပန်ဖို့ ဒီလိုလူမိုက်တွေကနေ မျှော်လင့်တယ်ဆိုတာ ကျွန်တော်တို့ ရူးနေမှဘဲ ဖြစ်ပါလိမ့်မည်။

 

သူ့တို့ပြောစကားတွေ၊ လုပ်ရပ်တွေကြောင့်တော့ ကျွန်တော်က စိတ်ရှုပ်၊ ဒေါသ ထွက်မခံနိုင်ပါဘူးလေ။ သို့ပေသိ ကျွန်တော် စိတ်မကောင်းရတာက ဒီလို မိုက်ရိုင်းစော်ကားနေတာကို ဘေးကနေ ခါးကျိုးမတတ် တုံ့ပြန်ကြရရှာသော ရိုးသားသည့် တောသားကြီးတွေလား။ ရိုးသားသူတွေလား။ ဒါမှ မဟုတ် အကျိုးမျှော်ပြီး ကပ်ဖား ယပ်ဖားတွေလား။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော် စိတ်မကောင်းဖြစ်ရတာတော့ လျှော့သွားသည် မရှိ။ ကျွန်တော် ဖတ်ဘူးသော ပြင်သစ် စစ်ဘုရင် နပိုလီယံ၏ စကား တစ်ခွန်းကို သတိရမိလာသည်။ သူပြောတာက “The world suffers a lot. Not because of the violence of bad people, but because of the silence of the good people.” တဲ့။

 

 

လူဆိုး သူခိုး အသက်နဲ့ ရင့်ကျက်တည်ငြိမ်မှု ပြောင်းပြန်အချိုးကျနေသူရဲ့ စကားကို ခေါင်းငုံ့ခံကြရသော လူကောင်းတွေ၊ ရိုးသားသူတွေက ပြန်မပြောရဲရင်တောင် ခပ်မာမာလေးတောင် မတုံ့ပြန်ရဲကြတော့ဘူးလား။ ရိုးတာကောင်းသည်။ သို့သော် အ တာတော့ မကောင်းဘူးဆိုတာ လူတိုင်း သိကြမှာပါလေ။ တောသူ တောင်သား ရိုးသားသူတွေရဲ့ စိတ်အတွင်းထဲမှာ အုပ်ချုပ်သူ လူတန်းစား ငါ့စကား နွားရ ပြောစကားကို ဘာဘဲ ဖြစ်ဖြစ် ခေါင်းငုံ့ခံနေတဲ့ စိတ်ကို ကျွန်တော်တို့ ဘယ်တော့အထိ ပြုပြင်ကြရအုံးမှာလဲ။ ကျွန်တော် မသိ။

 

နောက်ပြီးတော့ ကျွန်တော် ဖတ်ဘူးသော ဆရာကြီး ဒေါက်တာသန်းထွန်းရဲ့ “တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ” ဆိုသည့် စာအုပ်ထဲက ပုဂံခေတ်က အကြောင်းအရာ တစ်ခုကို သတိရလာသည်။ အဖြစ်က…

 

“ ခရစ်နှစ် ၁၂၁၉ ခုမှာ “နဗက်ရွာ”သားတွေနဲ့ “စိန်ပရွာ” သားတွေ ကျေနယ်နိမိတ် စကားများတော့ နဗက်သူကြီးကို သံဖမ(တရားသူကြီး) တွေက စစ်တယ်။ သူကြီးက စိတ်ပရွာသားတွေ လွန်တယ်။ လွန်ကြောင်းသိပေမယ့် အချင်းဖြစ်ပွားတဲ့မြေက သူ့ပိုင်နက်တွင်း မဟုတ်လို့ ဘာမှ ၀င်မပြောပါလို့ ထွက်တယ်။ မတရား မှုကို မြင်ပါရက်နဲ့ “မပိုင် မဆိုင်ဟု မနေရာ” ဆိုပြီး သူကြီးကို ဒဏ်ငွေ ငါးဆယ် ပေးဆောင်စေတယ်။”

 

မြေ ၁ ပယ် (၁.၇၇ ဧက) တန်ဖိုး တစ်ကျပ်ရှိတဲ့ ပုဂံခေတ်မှာ ငွေငါးဆယ်ဆိုတာ မနည်းဘူး နေမှာပါ။ ကျွန်တော်တွေးမိတာက ငွေတန်ဖိုး မဟုတ်။ နပိုလီယံထက်စောပြီး ကျွန်တော်တို့ ရှေးခေတ်ပုဂံသားကြီးတွေက မှန်ကန်တည့်မတ်သော အမြင်ပိုစောပြီး ရှိခဲ့တာကိုဘဲ ဂုဏ်ယူချင်တာ။ အခုတော့ ကျွန်တော်တို့က ပုဂံသားကြီးတွေလောက်တောင်မှ တရားမျှတမှုတွေ မရှိတော့ပါလား။ မဆိုင်သလို နေချင်သူတွေ အလွန်များနေကြပြီထင်ပါရဲ့။

 

တကယ်ကျတော့ ကျွန်တော်က Facebook သာမက၊ ချစ်ခြင်းမေတ္တာသံယောဇဉ်ကြိုးတွေကို ဖြတ်ပြီး ဘုရားရှင် အလိုကျ သံသရာကို ဖြတ်ခဲ့သင့်တာ။ ဒါပေမယ့် အဲဒီလောက် ပါရမီရင့်သန်သူလဲ မဟုတ်။ မနာလို ၀န်တိုခြင်းတွေ၊ စိတ်ဆိုး စိတ်ယုတ်တွေ နည်းပါးသွားအောင် ထိန်းလို့ ရပေမယ့် လောကကြီးနဲ့ ငါနဲ့ မဆိုင်သလို နေရလောက်အောင် သဘောထားကြီးရင့်သူမဟုတ်တော့လဲ ခက်သားလား။

 

ကျွန်တော်က Facebook ကို ချစ်ခြင်းမေတ္တာတွေ တိုးဖို့ အသုံးချချင်သည်။ သူတစ်ဖက်သား စိတ်အနှောင့် အယှက်ဖြစ်ဖို့ မသုံးချင်။ သတင်းတွေ ဖတ်ဖို့ အသုံး ချချင်သည်။ အတင်းတွေအတွက်တော့ မဟုတ်။ ပညာတွေ တိုးချင်သည်။ မတောက်တစ်ခေါက် စာလေးတွေနဲ့ လူတတ်ကြီး မလုပ်ချင်။ အပြင်လောက က ချစ်ရ ခင်ရမယ့် လူတွေကို ချစ်ဖို့ ခင်ဖို့ ကြိုက်ဖို့ ရင်ခုန်ဖို့ က အွန်လိုင်းပေါ်က လူတွေထက် ပိုပြီး တန်ဖိုး ထားချင်သည်။

 

နောက်ပြီးတော့ ကျွန်တော် Facebook ဧကစာရီ ကျင့်ကြံနေပေမယ့် သတင်းတွေနဲ့ ဝေးရင် ကျွန်တော့် ဦးဏှောက်အတွေးအခေါ်တွေ မှောင်ပိတ်ကုန်မှာ စိုးရိမ်မိသည်။ နောက်ပြီး လူဆိုး လူညစ်တွေကို ဘာမှ ပြန်မပြောရဲလောက်အောင် ရိုး၊ အ သော လူတစ်ယောက် ဖြစ်မှာ စိုးရိမ်သည်။ Facebook သုံးတာ ကျွန်တော် မဖြတ်နိုင်ပါ။ Facebook ကနေ အမုန်းတွေ၊ မနာလို ၀န်တိုခြင်းတွေ တိုးပွားမလာစေဖို့ ကြိုးစားရမည်။ ဒေါသတွေ ထိန်းနိုင်ဖို့ ကြိုးစားရဆဲ ဖြစ်သည်။ နောက်ပြီး မတရားတာကို လက်ပိုက်ကြည့်နေနိုင်သော လူမဟုတ်စေဖို့ Facebook က အကူညီပေးနိုင်မှာလို့ ကျွန်တော် မျှော်လင့်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်