သမိုင်းတကွေ့မှ သခင်ဖေဌေး

February 4, 2014

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၄၊ ၂၀၁၄

 

သူကား အခြားသူမဟုတ်။ မြန်မာပြည် နိုင်ငံရေးလောက နယ်ပယ်တွင် ထင်ပေါ်ကျော်ကြားဆုံး၊ ထောင်သက်အရှည်ဆုံး၊ အနစ်နာအခံရဆုံး၊ အမွဲဆုံး သံမဏိ ရဲနီကြီးတစ်ဦး ဖြစ်သည်။  သူကား သခင်ဖေဌေး ပင် ဖြစ်သည်။ 

 

သခင်ဖေဌေးကို ၁၉၁၃ ခုတွင် ဓနုဖြူမြို့၌ ဖွားမြင်သည်။ အဘမှာ မြေတိုင်း အင်စပက်တော် ဖြစ်သည်။ ငယ်စဉ်က ဓနုဖြူမြို့ ဆရာဦးချစ်ဖူးကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ၁၉၂ဝ တွင် ညောင်တုန်းမြို့သို့ ပြောင်း၍ ဆရာဦးဘချစ်ကျောင်း၌ နေရပြန်သည်။ ၎င်းနောက် ညောင်တုန်းမြို့ အင်္ဂလိပ်-မြန်မာ အစိုးရ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့သည်။ ၇ တန်းသို့ ရောက်သောအခါ သခင်ဖေဌေးသည် မြင်းပေါ်မှတစ်ကြိမ်၊ သစ်ပင်ပေါ်မှ တစ်ခါ လိမ့်ကျခဲ့သဖြင့် မသန်မစွမ်း ဒုက္ခိတဘဝသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

 

သခင်ဖေဌေးသည် သစ်ပင်ပေါ်မှ လိမ့်ကျခဲ့စဉ်က အသက် ၁၉ နှစ်မျှသာ ရှိသေးသည်။ လိမ့်ကျစဉ်က ရန်ကုန်ဆေးရုံကြီးတွင် ရက်ပေါင်းများစွာ တက်ရောက်ကုသခဲ့သော်လည်း ကွယ်လွန်သည့်တိုင် ခြေတစ်ဖက်စောင်း၍ ဇက်ပါ စောင်းခဲ့ရသည်။ လမ်းသွားလျှင် တုတ်တစ်ချောင်းထောက်ကူ၍ သွားရသည်။

 

ဤသို့ ဒုက္ခိတဘဝသို့ ရောက်ရှိပြီးနောက် ကျောင်းမနေရတော့ဘဲ ကျောင်းထွက်လိုက်သည်။ ကျောင်းထွက်ခဲ့သော်လည်း အိမ်၌ပင် စာဖတ်ခြင်း၊ စာရေးခြင်း ၊ စာဖတ်အသင်း တည်ထောင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ သူသည် အားလပ်ချိန်၌ ရောင်းရင်းများနှင့်အတူ ဝါသနာအရ မယ်ဒလင် တီးခတ်လေ့ ရှိသည်။

 

၁၉၃၆ ကျောင်းသားသပိတ် အရေးတော်ပုံ ပေါ်ပေါက်လာသောအခါ ဒုက္ခိတဘဝ ရောက်နေသော်လည်း သပိတ်အရေးတော်ပုံတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့သည်။ အဆိုပါ အရေးတော်ပုံမှသည် နိုင်ငံရေးစိတ်ဓါတ် ရင့်သန်နိုးကြွလာပြီးနောက် တို့ဗမာအစည်းအရုံးသို့ ဝင်ခဲ့သည်။ ထိုအချိန်မှစ၍ တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦး အနေဖြင့် ညောင်တုန်းမြို့၌ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။

 

ထို့နောက် ၁၉၄၁ ခု ဖေဖော်ဝါရီ ၁၃ ရက်တွင် ညောင်တုန်းမြို့၌ နယ်ချဲ့ဆန့်ကျင်ရေးတရား ဟောပြောမှုကြောင့် ပထမဆုံးအကြိမ် မအူပင်၌ ထောင်ဒဏ်တစ်နှစ် အပြစ်ပေးခံခဲ့ရသည်။ ထောင်ထဲတွင် ရာဇဝတ်အကျဉ်းသားများကဲ့သို့ စီအတန်း (C.Class) ကိုသာ ရခဲ့သဖြင့် အစာငတ်ခံ ဆန္ဒပြခဲ့သည်။ ဘီအတန်း (B.Class) ရရှိရေးအတွက် (၆) ရက်မျှ အစာငတ်ခံ ဆန္ဒပြခဲ့ပြီးနောက် သက်ဆိုင်ရာ ထောင်အာဏာပိုင်တို့က ဘီကလပ် ပေးခဲ့သည်။ ဘီကလပ်ရရှိပြီး နောက်တစ်နေ့တွင် သခင်ဖေဌေးအား မအူပင်ထောင်မှ သင်္ဘောဖြင့် ရန်ကုန်အင်းစိန် သီးသန့်ထောင်သို့  ပြောင်းရွှေ့ခဲ့သည်။

 

ထိုစဉ်က အင်းစိန်သီးသန့်ထောင်အတွင်း၌ သူ့အရင် အကျဉ်းကျနေသူများမှာ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်နု၊ သခင်လေးမောင်၊ သခင်တင်မြ၊ သခင်အုံးဖေ၊ သခင်ရွှေအုပ်ကြီး၊ သခင်လှထွန်း၊ သခင်ခကြီး၊ သခင်ဗစိန်၊ သခင်သိန်းဟန်၊ သခင်ချမ်းသိမ်း၊ သခင်သိန်းမောင်တို့နှင့်တကွ ဒေးဒရဲမှ သခင်တင်၊ ရန်ကုန်မှ သခင်ဝိုင်း၊ ဝါးခယ်မမှ သခင်သိန်းဖေ၊ သခင်မောင်မောင်၊ သခင်ချစ်တင်၊ သခင်သန်းလေး၊ မော်လမြိုင်မှ သခင်ချစ်တင်တို့နှင့်တကွ ၊ ဝံသာနု ဆင်းရဲသားပါတီမှ ဗန္ဓုလဦးစိန်၊ ဗိုလ်စိုးလွင်၊ ဗိုလ်ငွေ၊ ဦးဘုံစွမ်း စသူများ သခင်သုဒဿန၊ သခင်သုမန၊ သခင်ဝါသဝ စသော သခင်ဘုန်းတော်ကြီးများနှင့် ထောင်ကြီးဘက်တွင် သခင်မြသွင်၊ သခင်ဝတင်၊ ဒေးဒရဲ သခင်မောင်မောင်၊ သခင်တင်ရွှေ စသည်တို့ ဖြစ်ကြသည်။ 

 

သို့ကလို နိုင်ငံရေးသမားကြီးများနှင့် လက်ပွန်းတတီး နေထိုင်ခဲ့ရကာ နိုင်ငံရေး အသိအမြင်များ ကြွယ်ဝလာခဲ့သည်။ သခင်ဖေဌေးသည် ထောင်မကျမီကပင် ဒေါ်တင်တင်ဌေးနှင့် အိမ်ထောင်ကျပြီး သားဦးကလေး မောင်ရဲထွဋ်ဌေးပင် ရရှိနေပြီ ဖြစ်သည်။ ၁၉၄၁ တွင် ထောင်ကျနေစဉ်က သခင်ဖေဌေး၏ ဇနီးသည်မှာ သားသမီးနှစ်ဦးနှင့်အတူ အပြင်လောကတွင် ဖြစ်သလို နေထိုင်စားသောက်ခဲ့ရသည်။

ထိုချိန်မှစ၍ အချုပ်နှင့်ထောင်၊ ထောင်နှင့်ကျွန်း သံသရာလည်နေခဲ့သည်။ ထောင်ထဲတွင် အနေကြာလာသည်နှင့်အမျှ ပြင်းထန်ရင့်ကျက်သော နိုင်ငံရေးသမားတစ်ဦး ဖြစ်လာခဲ့သည်။

 

သခင်ဖေဌေးသည် ထောင်မှလွတ်ပြီးနောက် ၁၉၄၇ တွင် အလံနီကွန်မြူနစ်ပါတီ ရန်ကုန်ဗဟိုဌာနချုပ်၌ ယာယီတာဝန်ယူခဲ့သည်။ ထိုစဉ်က ရန်ကုန်မြို့ ရပ်ကွက်တိုင်း၌  ညတရားပွဲများတွင် သူသည် ပါဝင်တရား ဟောခဲ့သည်။

 

ထို့နောက် ရန်ကုန် အလံနီကွန်မြူနစ်ပါတီဌာနချုပ်တွင် ယာယီတာဝန်ယူပြီးနောက် ညောင်တုန်းမြို့သို့ ပြန်ကာ မအူပင်ခရိုင် စည်းရုံးရေးကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ်၌ပင် မအူပင်ခရိုင် လယ်သမားတိုက်ပွဲများကို ဦးဆောင်ကာ ညောင်တုန်းမြို့အုပ်နှင့် နယ်ပိုင်ဝန်ထောက်ရုံးသို့ ချီတက်ဆန္ဒပြမှုကြောင့် အခြားသူများနှင့်အတူ ထပ်မံဖမ်းဆီးခံခဲ့ရသည်။ ထောင်ထဲတွင် ရက်ပေါင်း ၂၄ ရက် အစာငတ်ခံ ဆန္ဒပြမှုကြောင့် သက်ဆိုင်ရာမှ ပြန်လည်လွှတ်ပေးခဲ့သည်။

 

၁၉၄၇ ဇန်န၀ါရီ ၂၃ တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ (၀န်ကြီးအဖွဲ့) က ကွန်မြူနစ်ပါတီ (ဗမာပြည်) ခေါ် အလံနီကွန်မြူနစ်ပါတီကို ဒုတိယအကြိမ် မတရားသင်းအဖြစ် ကြေညာလိုက်လေသည်။ ကြေညာပြီး မကြာမီမှာပင် ထောင်မှလွတ်မြောက်ပြီး လေးငါးရက်သာ ရှိသေးသော သခင်ဖေဌေးသည် ထပ်မံဖမ်းဆီး ခံရပြန်သည်။ သခင်ဖေဌေးသည် အမှုစစ်ဆေးရန်အတွက် ရုံးသို့ထုတ်ရန် လာရောက်ခေါ်ယူသောအခါတွင်  အစစ်မခံလို ဟူ၍  ငြင်းဆိုကာ ရုံးမထွက်ဘဲ နေခဲ့သည်။ သို့ဖြင့် နယ်ချဲ့တရားရုံးကို အသိအမှတ်မပြုဟု ဆိုကာ အစစ်အဆေးမခံဘဲ ငြင်းဆန်နေသော သခင်ဖေဌေးကို မတရားအသင်း ဥပဒေပုဒ်မ (၁၇) ဖြင့် မျက်ကွယ်ပြစ်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး မြောင်းမြထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

 

သခင်ဖေဌေးသည် ထောင်ဒဏ်တစ်နှစ် စီရင်ချက် ချလိုက်သည့် အချိန်မှစ၍ အစာငတ်ခံတိုက်ပွဲ ဝင်ခဲ့ပြန်သည်။ ၄၅ ရက်လုံးလုံး အစာငတ်ခံတိုက်ပွဲဝင်ခဲ့ပြီးနောက် သခင်ဖေဌေးကို သက်ဆိုင်ရာမှ ပြန်လည် လွှတ်ပေးခဲ့သည်။ ထောင်မှလွတ်ခဲ့ပြီးနောက် မြောင်းမြမြို့ရှိ အလံနီကွန်မြူနစ်ပါတီ ဌာနတွင် ခေတ္တတည်းခို နေထိုင်ခဲ့သည်။ ထို့နောက် ဘိုကလေးမြို့သို့ ရှောင်တိမ်းထွက်ခွာသွားခဲ့လေသည်။ ဘိုကလေးမြို့၌ အတော်ကြာနေထိုင်ပြီးနောက် ရန်ကုန်မြို့သို့ လျှို့ဝှက်ပြန်လည် ရောက်ရှိကာ ပါတီတာဝန်များကို ဆက်လက်ထမ်းရွက်ခဲ့ပြန်သည်။ 

 

ယင်းနောက် အလံနီကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် သခင်စိုး အဖမ်းခံသွားသော အချိန်တွင် မြေအောက်တွင် လှုပ်ရှားနေသော အလံနီကွန်မြူနစ်ပါတီတွင် သခင်ဖေဌေးသည် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်လာပြီးလျှင်သခင်စိုး၏ကိုယ်စားအလံနီကွန်မြူနစ်ပါတီအား ခေါင်းဆောင်လာခဲ့လေသည်။ သခင်ဖေဌေးသည် ၁၉၄၇ ခုနှစ်မှစ၍ ၁၉၄၉ ခုနှစ်ထိအောင် လျှို့ဝှက်နေထိုင်ကာ သူ၏ နိုင်ငံရေး တာဝန်များကို ထမ်းဆောင်လာခဲ့သည်။ ရဲနှင့်စုံထောက်များက သူ့အား ဖမ်းဆီးရန် ရှာဖွေလျက် ရှိသော်လည်း သူသည် ကျွမ်းကျင်လိမ္မာစွာဖြင့် ရှောင်ရှားနေထိုင်ခဲ့သည်။ သို့ကလို ရဲနှင့်စုံထောက်တို့၏ ဘေးမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သော်လည်း အကြိမ်ပေါင်းမှာ မရေမတွက်နိုင်အောင် များပြားခဲ့လေသည်။

 

ထို့နောက် ၁၉၄၉ ခု ဒီဇင်ဘာလ ၈ ရက်နေ့တွင် ၃၇ လမ်းရှိ သုံးထပ်တိုက်ပေါ်တွင် သခင်ဖေဌေးသည် သခင်စိုး၏ဇနီး ဒေါ်နှင်းမေ မိသားစုများနှင့်အတူ အဖမ်းခံရပြန်သည်။ သခင်ဖေဌေးသည် ထိုအချိန်မှစ၍ ထောင်နှင့် ကျွန်း သံသရာတွင် ၁၂ နှစ်လုံးလုံး ကျင်လည်ရတော့သည်။ ပထမတွင် သူ့အား မတရားအသင်း ဥပဒေပုဒ်မ ၁၇ နှင့် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခဲ့သည်။ ထောင်ဒဏ် ၂ နှစ် ကျခံပြီး လွတ်ရက်စေ့မြောက်သည့် အချိန်တွင် သူ့အား သက်ဆိုင်ရာ အစိုးရက လွှတ်မပေးတော့ဘဲ ပုဒ်မ(၅) ဖြင့် ပြန်လည်ဖမ်းဆီးကာ ထောင်ထဲ၌ ဆက်လက်အကျဉ်းချ ထားခဲ့လေသည်။

 

သခင်ဖေဌေးအား ရန်ကုန်ထောင်အတွင်း၌ ၁ဝ နှစ်ကျော် အကျဉ်းကျခံရပြီးနောက် ၁၉၅၈ ခု၊ ဒီဇင်ဘာတွင် အိမ်စောင့်အစိုးရ လက်ထက်၌ ရန်ကုန်ထောင်မှ ညောင်ဦးထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ညောင်ဦးထောင်မှတဖန် ၁၉၅၉ မတ်လတွင် ကိုကိုးကျွန်းသို့ ပို့ခဲ့သည်။

 

သခင်ဖေဌေးသည်  ကိုကိုးကျွန်းတွင် ၁၉၅၉ ဒီဇင်ဘာ ၁ ရက်နေ့၌ ဘီကလပ်ရရှိရေးနှင့် ပြည်ထောင်ကြီးများသို့ ပြန်ပို့ရေးအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ရာ ဒီဇင်ဘာလ ၂၇ ရက်တွင် ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားများ အတော်များများအား ထောင်မှ လွှတ်လိုက်ပြီးသည့်အချိန်တွင်မူ သခင်ဖေဌေးနှင့် ကိုအုန်းမောင် (လေထီး)တို့မူကား လွတ်မြောက်ဖို့ဝေးစွ ဂေါ်တူးခေါ် လိပ်ကျွန်းသို့ ထပ်မံပို့ခြင်းကို ခံရပြန်သည်။ လိပ်ကျွန်းသည် ကိုကိုးကျွန်းလောက် ဝေးလံခြင်း မရှိသော်လည်း အနေအထိုင်မှာ ကိုကိုးကျွန်းထက်ပင် ပိုမိုဆိုးဝါးသော နေရာဖြစ်သည်။

 

ထို့နောက် သခင်ဖေဌေးသည် သူ့အား ၁၉၆ဝ ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ ထောင်မှ လွှတ်မပေးလျှင်အစာငတ်ခံတော့မည် ဟူ၍ အာဏာပိုင်များထံသို့ တစ်လကြိုတင်၍ အကြောင်း ကြားလိုက်သည်။ သို့သော် အာဏာပိုင်များထံမှ မည်သည့်အကြောင်းပြန် မှု မရခဲ့သဖြင့် ၁၉၆၁ ခု၊ ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်ကာ သခင်ဖေဌေးသည် အစာငတ်ခံ ဆန္ဒပြခဲ့လေသည်။ အစာငတ်ခံ ဆန္ဒမပြမီ အတောအတွင်း ထောင်ဝင်စာလာတွေ့သည့် ဇနီးဖြစ်သူ ဒေါ်တင်တင်ဌေး အားပြောကြားခဲ့သော စကားတစ်ခွန်းမှာ “ငါသေလို့ရှိရင် င့ါအလောင်းသာ ရအောင် တောင်းကြ” ဟူသော စကားပင် ဖြစ်သည်။

 

သို့ကလို သခင်ဖေဌေး အစာငတ်ခံလျက်ရှိစဉ် အတွင်းအပြင်တွင် အဖွဲ့ပေါင်းစုံကလည်း သခင်ဖေဌေး လွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီကို ဖွဲ့ကာ တောင်းဆိုခဲ့ကြသည်။

 

ထို့နောက် ၁၉၆၁ ခု၊ ဇန်န၀ါရီ ၂၆ တွင် အင်းစိန်ထောင်တွင် တိုက်ခန်းကျဉ်းကျဉ်းကလေးရှိ ခုတင်ပေါ်တွင် အာဟာရပြတ်၍ ခပ်မြော့မြော့သာရှိသော သခင်ဖေဌေးထံသို့ စာရေးဆရာ သခင်မြသန်းနှင့် ပြင်ပအဖွဲ့အစည်း ခေါင်းဆောင်များသည် ထောင်ပိုင်ကြီးနှင့်အတူ တွေ့ဆုံကာ ဝန်ကြီးချုပ် ဦးနုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပုံကို ပြောပြ၍ သခင်ဖေဌေးအား ဥပဒေအတွင်းမှ နေထိုင်မည်၊ အစာပြန်စားမည်ဟူသော စာနှစ်စောင်ပေါ်တွင် လက်မှတ်ရေးထိုးခိုင်းသည်။ လက်မှတ်ရေးထိုးပြီး ဇန်န၀ါရီ ၂၆ နေ့ညမှာပင် ထောင်မှ သက်ဆိုင်ရာက လွှတ်ပေးလိုက်သဖြင့် သခင်ဖေဌေးအား ရဲဘော်များကထောင်မှ ပွေ့ယူထမ်း ထုတ်ယူခဲ့ရသည်။

 

သခင်ဖေဌေးသည် ဘဝတစ်လျှောက် ထောင်သက် ၁၄ နှစ်မျှ အကျဉ်းကျခံခဲ့ရပြီး ၁၉၄၁ တွင် ဘီကလပ် ရရှိရေးအတွက် မအူပင်ထောင်တွင်တစ်ကြိမ်၊ ၁၉၄၆ တွင် အထွေထွေသပိတ်မှောက်မှုဖြင့် သာယာဝတီထောင်တွင် တစ်ကြိမ်၊ ၁၉၄၇ ညောင်တုန်းမြို့ ရုံးဝိုင်းဂတ်တိုင်မှု (ရုံးတော်စော်ကားမှုဟု ဆိုကာ) မအူပင်ထောင်တွင် ဖမ်းဆီးခံရစဉ်ကတစ်ကြိမ် ၊ အစာငတ်ခံ ဆန္ဒပြခဲ့ရာ စုစုပေါင်း ၁၅၁ ရက်မျှ အစာငတ်ခံ တိုက်ပွဲဝင်ခဲ့သည်။ သခင်ဖေဌေးသည် မြန်မာပြည်နိုင်ငံရေး ရာဇဝင်နှင့် သူ၏ တော်လှန်ရေး မှတ်တမ်းများကို စုစည်း၍ သခင်ဖေဌေး၏သခင်ဖေဌေး စာအုပ်ကို ၁၉၆၃ တွင် ဒီဇိုင်းစာအုပ်တိုက်မှ ရေးသားထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ကို ဒုတိယအကြိမ်အဖြစ် စိတ်ကူးချိုချို စာပေတိုက်မှ၂ဝ၁၂ ဒီဇင်ဘာလတွင် ပြန်လည်ထုတ်ဝေခဲ့သည်။

 

သို့ကလို ထောင်သက်အရှည်ဆုံး၊ အနစ်နာအခံဆုံး၊ သံမဏိရဲနီကြီး သခင်ဖေဌေးသည် ၁၉၆၈ ခု နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်တင်တင်ဌေး၊ သမီးကြီး ခင်မျိုးမြင့်ဌေး၊ သားမောင်ရဲထွဋ်ဌေး၊ မောင်ဇော်ထွဋ်ဌေး၊ သမီးငယ် ခင်ရဲမြင့်ဌေးတို့ ကျန်ရစ်ခဲ့သည်။

 

သခင်ဖေဌေး၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို ကြံတောသုသာန်၌ ဂူသွင်းသဂြိုဟ်ထားသည်။ ယခုအခါ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်သို့ ပြောင်းရွှေ့သဂြိုဟ်ထားသည်။

စာကိုး-
၁။သခင်ဖေဌေး၏သခင်ဖေဌေး ၊ရန်ကုန်၊စိတ်ကူးချိုချိုစာပေတိုက်၊ဒုကြိမ် ၂ဝ၁၂။
၂။မျှားနီ “မနီးတဲ့ဘဝခရီးမှသခင်ဖေဌေး”  အိုးဝေဂျာနယ်(၁-၁-၇၂)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်