ဖေဖော်ဝါရီလ သမိုင်း

February 7, 2014

သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၇၊ ၂၀၁၄

ဖေဖေါ်ဝါရီလသည် ကမ္ဘာ့ပြက္ခဒိန်၌ ဒုတိယမြောက်လ ဖြစ်သည်။ ရက်အနည်းဆုံးလလည်း ဖြစ်သည်။ သန့်ရှင်းစင်ကြယ်ခြင်း (Purification) ဟူ၍ အဓိပ္ပါယ်ရသော လက်တင်ဘာသာစကား (Februum) မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ ရောမတို့က ဖေဖေါ်ဝါရီလကို Februarius ဟု ခေါ်၍ မိမိတို့၏ အပြစ်များကို ဖွင့်ဟဝန်ခံခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်း တို့ကို စိတ်ထားစင်ကြယ်အောင် ပြုလုပ်လေ့ ရှိကြသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းမှာ နောက်လများ၌ ကျင်းပလတ္တံ့သော ဘာသာရေး ပွဲတော်များကို စိတ်စေတနာ သန့်ရှင်းစင်ကြယ်စွာဖြင့် ကျင်းပနိုင်ရန်အတွက် ဖြစ်သည်ဟု ဆိုသည်။

 

ပထမဆုံး ရောမပြက္ခဒိန်ကို ဧကရာဇ်ဘုရင် ရိုးမြူးလပ် (Remulus – 753 BC – 716 BC) လက်ထက်၌ တီထွင်အသုံးပြုခဲ့စဉ်ကမူ ဖေဖော်ဝါရီလ မပါဝင်ခဲ့ချေ။ နောင်အခါ ဘီစီ ၇၁၃ တွင် ရောမဘုရင် နူမာပွမ်ပီလီယပ် (Numa Pompilius) လက်ထက်ရောက်သောအခါမှ ရောမအမည်ဖြင့် Februarius ဟု ခေါ်သော ဖေဖော်ဝါရီလ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဖေဖော်ဝါရီလသည် ပြက္ခဒိန်တွင် ၁၂ ခုမြောက်လ ဖြစ်ခဲ့၏။ နောင် နှစ်ပေါင်း ၁ဝဝ ကျော်ကြာသောအခါမှသာ ဖေဖော်ဝါရီလသည် လက်ရှိနေရာဖြစ်သော ဇန်နဝါရီလ နောက်ပိုင်း ၂ လမြောက်လ အဖြစ်သို့ ရောက်ရှိလာခဲ့သည်။

 

 

သာမန်အားဖြင့် ဖေဖော်ဝါရီလ၌ ၂၈ ရက် သာ ရှိသည်။ သို့ရာတွင် ၄ နှစ်မြောက်တိုင်း ဝါထပ်ရက်နှစ်တိုင်း တစ်ရက်တိုးလာသည်။ ထို့ကြောင့် ရိုးရိုးနှစ်တွင် ဖေဖော်ဝါရီလသည် ၂၈ ရက်သာ ရှိပြီး ရက်ထပ်နှစ်တွင် ၂၉ ရက် ရှိလေသည်။

 

ရှေးမူလက ဖေဖော်ဝါရီလတွင် ရက်ပေါင်း ၃ဝ ရှိခဲ့သော်လည်း ဂျူလီယက်ဆီဇာက သူ့အမည်ဖြင့် မှည့်ခေါ်သော ဇူလိုင်လသို့လည်းကောင်း၊ သြဂတ်စတတ်ဆီဇာကလည်း သူ၏လဖြစ်သော သြဂုတ်လသို့ လည်းကောင်း ၁ ရက်စီ ဖြည့်ယူလိုက်သောကြောင့် ဖေဖော်ဝါရီလ၌ ၂၈ ရက်သာ ကျန်တော့သည်။

 

မြန်မာ့သမိုင်း၌ ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သော အထင်ကရ ဖြစ်ရပ်များမှာ –

 

၁၁ဝ၂ ဖေဖော်ဝါရီ ၂၃

ကျန်စစ်သားမင်းသည် နန်းတော်သစ်တိုင်စိုက်ထူးရမည့် နေရာများတွင် ပန္နက်တိုင် စိုက်သည်။

 

၁၁၀၂ ဖေဖော်ဝါရီ ၂၈

ပုဂံရှိ ဗုဒ္ဓရုပ်တုများကို ဆွမ်း၊ ဆီမီးပန်း ဆက်ကပ်ပူဇော်သည်။ သီဟာသနပလ္လင်ကို ရေဆေးကြောသည်။ ဗြဟ္မဏများက ဆန်နှင့် မြက်ယူလာပြီး မြက်ကို ရေဆွတ်၍ ဝန်းကျင်ကို ပက်ဖျန်းသည်။ ဆန်ကို မန္တန်ရွတ်ဆိုပြီး ကြဲသည်။ မင်းဆရာတော် အရှင်အရဟံသည် မဟာထေရ ခုနှစ်ပါး၊ နောက်လိုက် သံဃာကြီး ၁ဝဝ၊ သံဃာငယ် ၄ဝဝဝ နှင့် နန်းတော်ရာကို လှည့်သည်။ ရဟန်းတစ်ပါးစီ ကရေအိုး ခရုသင်း၊ ဆေးဆိုးပိတ်နှင့် တူရွင်းကိုင်လာသည်။ ဗဟိုအဆောက်အအုံနှင့် အနောက်ဘက်ထိပ်မှာ ရွှေဗုဒ္ဓ ဆင်းတု တစ်ဆူနှင့် ပိဋကတ်တစုံထားသည်။  အရှေ့ဘက်ထိပ်မှာ ရွှေနှင့် သွန်းလုပ်ထားသော ဂ၀ံပတိနတ်မင်း ရုပ်တုရှိသည်။ အခမ်းအနားကို တူရိယာသံစုံ တီးမှုတ်ပြီး ဖွင့်သည်။  ဇေယသဘင် ခေါင်းဆောင်သည့် အရာရှိများသည် သာသနာပိုင် ဆရာတော်ထံ သီလတောင်းပြီး ပရိတ်တရားနာသည်။ ခရုသင်းနှင့် ရေအိုးများ ယူလာပြီး တိုင်ထူမည့် နေရာများကို ရေဖျန်းပေးသည်။ ပြီးမှ ဗိဿစိုး နတ်မင်းမှာ ဆုတောင်းကြသည်။ နဂါးကိုလည်း ပသသည်။ မွန် မြန်မာအရာရှိများ ရှေ့ဆောင်ပြီး ဗိသုကာဆရာနှင့် လက်သမားတို့က သဲဖြူးသည်။ ဗြဟ္မဏများသည် မန္တန်ရွတ်သည်။ သံပျင်ပညာလင်္ကာရသည့် တိုင် စိုက်ထူမည့် နေရာတိုင်းတွင် ရွှေမှတ်တိုင် စိုက်သည်။ မှတ်တိုင်မှာ ငွေကြိုးခုနှစ်သွယ်ဆွဲသည်။ သုခမိန်နှင့် မော်ကွန်းထိန်းများက ပရိတ်ရေဖျန်းသည်။

 

၁၁၉၁ ဖေဖော်ဝါရီ ၉

ကျန်စစ်သားမင်း၏ သမီးတော် ခင်အုန်းအိငြိမ်းသင်သည် ပုထိုးကြီး၌ စည်သည်၊ လယ်၊ ကျွန်တို့ကို လှူသည်။

 

၁၂၁၇ ဖေဖော်ဝါရီ ၂၈

သြီတြိဘဝနာဒိတျာပဝရဓမ္မရာဇာ မည်သော နန်းတောင်းများမင်းကြီးသည် ပိဋကတ်ကျောင်း တည်၍ ဆီမီး၊ ဆွမ်းလှူသည်။

 

၁၂၅၆ ဖေဖော်ဝါရီ ၁၅

ကျစွာမင်းကြီး သမီး၊ ဥစ္စနာမင်းကြီး၏ မိဘုရား သမ္ဘူလသည် ဂူ၊ ဘုရား၊ ပိဋကတ်၊ ကျောင်းဆောက်၍ ကျောင်း၌နေသော သံဃာတို့အား ပစ္စည်းလေးပါး အထောက်အပံ့ဖြစ်စေရန်အတွက် လယ်၊ ကျွန် လှူသည်။

၁၂၉၃ ဖေဖော်ဝါရီ ၁၆

တရုတ်တပ်များကို ခုခံတိုက်ခိုက်ခဲ့သော စစ်သူကြီး သီရိအသင်္ခဟာ ရာဇသီဟသူသည် တံတိုင်းနှင့် ကျောင်းဆောက်၍ မြေလှူသည်။

 

၁၂၉၃ ဖေဖော်ဝါရီ ၁၆

တရုတ်တပ်များ ချီလာပြန်သဖြင့် အသင်္ခဟာ ရာဇသင်္ကြန်နှင့် သီဟသူအမတ်ကြီး (၃) ဦး (ရှမ်းညီနောင်) သည် တရုတ်တပ်များကို အောင်မြင်စွာ တွန်းလှန်နိုင်သည်။

 

၁၃၆၄ ဖေဖော်ဝါရီ ၎

သတိုင်းမင်းဖျား လျှောက်ထား၍ ငနောင်ဦးသင်သည် တောင်ယာ၊ ထန်းတို့ကို သီရိဓမ္မသောက မင်းကြီး တည်ထားသော မုတ္တောဘုရားတွင် လှူဒါန်းသည်။

 

၁၃၆၇ ဖေဖော်ဝါရီ

မင်းကြီးစွာ စောကဲမင်းအဖြစ်သို့ ရောက်သည်။

 

၁၄၃၁ ဖေဖော်ဝါရီ ၂၆

မိုးညှင်းမင်းတရားသည် စစ်ကိုင်းအနောက်ဘက်တွင် ရတနာစေတီဘုရား တည်သည်။

 

၁၄၅၅ ဖေဖော်ဝါရီ ၁၇

ဘုရင်နရပတိသည် ဆင်နှစ်တပ်၊ မြင်း တပ် ၁၃ တပ်၊ တပ်ပေါင်း ၂၁ တပ်နှင့် နေပြည်တော်မှ ရခိုင်သို့ ချီသည်။ ဘုရင်နရပတိကိုယ်တိုင် ရွှေဖောင်တော်စီး၍ ချီသည်။ စကုသို့ ရောက်သောအခါ ရေတပ်ကို ကြည်တပ်ဖွဲ့ပြီး တပ်မပြု၍ ချီသည်။

 

၁၅၄၇ ဖေဖော်ဝါရီ ၁

မင်းတရားရွှေထီး ရခိုင်ကို ရသည်။

 

၁၅၅၂ ဖေဖော်ဝါရီ ၂၉

ဘုရင့်နောင်မင်းတရား ပဲခူးသို့ တပ်ပေါင်း ၂ဝ ဖြင့် ချီတက်သည်။ စစ်ပွဲတွင် သမိန်ထောရှုံး၍ ပဲခူးကို ရသည်။ သမိန်ထောပြေးလျှင် မွန်အမတ်တို့ ခိုဝင်လာကြသည်။

 

၁၅၅၇ ဖေဖော်ဝါရီ ၁ဝ

ဘုရင့်နောင်သည် စော်ဘွားတို့သေဆုံးလျှင် ကျွန်များသတ်၍ ထည့်ရသော ဓလေ့ကို ဖျက်သိမ်းခဲ့သည်။

 

၁၅၆၃ ဖေဖော်ဝါရီ ၁၁

ဘုရင့်နောင်သည် အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိ၏ တူမတော် ရှင်ထွေးလှကို ရာဇဒေ၀ီ ဟူသော အမည်ဖြင့် မိဘုရားကြီး မြှောက်သည်။

 

၁၆ဝဝ ဖေဖော်ဝါရီ ၁၄

ညောင်ရမ်းမင်းသည် မဟာသီဟသူရဘွဲ့ကို ခံယူ၍ နန်းတက်သည်။

 

၁၆ဝ၆ ဖေဖော်ဝါရီ ၂၁

ညောင်ရမ်းမင်း နတ်ပြည်စံသည်။

 

၁၆ဝ၆ ဖေဖော်ဝါရီ ၂၃

ညောင်ရမ်းမင်း၏ ရုပ်ကလာပ်အလောင်းတော်အား သိန္နိမှ အင်းဝသို့ သယ်လာရာ ကျော်ဘုံတံခါးက သွင်း၍ လွှတ်တော်ရှေ့ မဏ္ဍပ်၌ မီးသဂြိုဟ်သည်။ ယင်းနေ့မှာပင် ညောင်ရမ်းမင်း၏ သားတော်ကြီး အနောက်ဘက်လွန်မင်းသည် မဟာဓမ္မရာဇာဘွဲ့ အမည်ခံ၍ နန်းတက်သည်။

 

၁၆ဝ၇ ဖေဖော်ဝါရီ ၂၁

အနောက်ဘက်လွန်မင်းသည် ဗားမဲ့ဆရာတော်အတွက် ကျောင်းဆောက်လုပ်သည်။

 

၁၆၁၉ ဖေဖော်ဝါရီ ၁၉

အနောက်ဘက်လွန်မင်း ဒဂုံဆံတော်ရှင် (ရွှေတိဂုံစေတီတော်)အား မကိုဋ်လှူသည်။

 

၁၆၇၃ ဖေဖော်ဝါရီ ၁၆

နရာဝရမင်း နတ်ပြည်စံ၍ ညီတော် မင်းရဲကျော်ထင် ထီးနန်းဆက်ခံသည်။

 

၁၆၇၄ ဖေဖော်ဝါရီ ၁၂

မင်းရဲကျော်ထင်မင်းသည် နန်းတော်ကို အောင်ထွန်းသာစံ၊ နန်းမြို့ကို အောင်မြေဘုံသာဟု အမည်ပေးသည်။

 

၁၆၈၃ ဖေဖော်ဝါရီ ၁၆

ရွှေဥမင် ဆရာတော် ပျံလွန်တော်မူသည်။

 

၁၆၈၃ ဖေဖော်ဝါရီ ၂၁

ရွှေဥမင် ဆရာတော်၏ ရုပ်ကလာပ်ကို သဂြိုဟ်သည်။

 

၁၇၂၂ ဖေဖော်ဝါရီ ၁၁

တနင်္ဂနွေမင်းက မင်းရဲနော်ရထာကို ဇင်းမယ်မြို့ဝန် ခန့်သည်။

 

၁၇၅၂ ဖေဖော်ဝါရီ ၁၇

မုဆိုးဖို မြို့ပတ်လည် (၄၆) ရွာမှ လူအပေါင်းတို့သည် ဦးအောင်ဇေယျကို မင်းအဖြစ် ခံယူစေပြီး သတ္တဝါအပေါင်းအား ကယ်တင်ရန် လျှောက်ထားကြသည်။

 

၁၇၆၁ ဖေဖော်ဝါရီ ၉

အလောင်းမင်းတရားကြီး၏ သားတော်ကြီး ဒီပဲယင်းမင်း (နောင်တော်ကြီးမင်း) “သီရိပဝရ မဟာဓမ္မရာဇာ” ဘွဲ့ ခံယူကာနန်းတက်သည်။

 

၁၇၆၇ ဖေဖော်ဝါရီ ၃

မုတ္တမမြို့ဝန်မင်းရဲမင်းလှဥဇနာ ယိုးဒယားသို့ ချီသည်။

 

၁၇၈၂ ဖေဖော်ဝါရီ ၂

စဥ့်ကူးမင်းနှင့် မိသားစုသည် အညာသီဟတော ဘုရားဖူးသွားရန် နေပြည်တော်မှ ထွက်ခွာသည်။

 

၁၇၈၂ ဖေဖော်ဝါရီ ၅

စဥ့်ကူးမင်း အညာသီဟတောဘုရားသို့ သွားရောက်ဖူးမျှော်စဉ် ဒီပဲယင်းမင်း၏ သား ဖောင်းကားစား မောင်မောင် ထီးနန်းကို ၀င်ရောက်သိမ်းပိုက်သည်။

 

၁၇၈၂ ဖေဖော်ဝါရီ ၁၁

ဗဒုံမင်း(ဘိုးတော်မင်းတရား) ထီးနန်းသိမ်းပိုက်ကာ နန်းတက်သည်။

 

၁၇၈၆ ဖေဖော်ဝါရီ ၇

ဗဒုံမင်းက မြေးတော် စစ်ကိုင်းမင်းသားအား “သတိုးမင်းလှရွှေတောင်” ဘွဲ့ ပေးသနားသည်။

 

၁၈၀၇ ဖေဖော်ဝါရီ ၁

ဗဒုံမင်းက မြေးတော် စစ်ကိုင်းမင်းသားအား သီရိပဝရ မဟာဓမ္မရာဇာဘွဲ့ပေးသည်။

 

၁၈၂၃ ဖေဖော်ဝါရီ ၂၁

မင်းကြီး မဟာဗန္ဓုလကို အဂ္ဂမဟာ သေနာပတိဝန်ကြီး ခန့်သည်။

 

၁၈၂၆ ဖေဖော်ဝါရီ ၂၄

မြင်းခံ ခရိုင် ရန္တပိုရွာတွင် စစ်ပြေငြိမ်းရေးအတွက် ရန္တပိုစာချုပ် ချုပ်ဆိုသည်။

 

၁၈၄၇ ဖေဖော်ဝါရီ ၂၇

သားတော် ပုဂံမင်းသည် ခမည်းတော် အရိုက်အရာကို ခံပြီးနောက် သီရိသုဓမ္မတိလောကပ၀ရ မဟာဓမ္မရာဇာဓိရာဇာ ဟူသောဘွဲ့အမည်ဖြင့် ထီးဆောင်း မင်္ဂလာမဟာဥကင်သ ဖွင့်သည်။

 

၁၈၅၃ ဖေဖော်ဝါရီ ၁၇

မင်းတုန်းမင်းသည် ပုဂံမင်းထံမှ ထီးနန်းလွှဲယူသည်။

 

၁၈၅၅ ဖေဖော်ဝါရီ ၁၄

အင်္ဂလိပ်မင်းပေးလိုက်သော ရာဇသံစာ ယူဆောင်လာသော မြန်မာသံအဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာသည်။

 

၁၈၇၀ ဖေဖော်ဝါရီ ၁၅

ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ကြေးနန်းပညာရပ်ဆိုင်ရာ “လိပိဒီပကာကျမ်း” ကို ရေးသား ပြုစုပြီးသည်။

 

၁၈၇၁ ဖေဖော်ဝါရီ ၂၈

မင်းတုန်းမင်းလက်ထက်တွင် သဿမေစ အခွန်တော်ကောက်ခံရန် ဥပဒေ ထုတ်ပြန်သည်။

 

၁၈၇၄ ဖေဖော်ဝါရီ ၂၂

အီရန် သံအဖွဲ့ မန္တလေးသို့ ရောက်ရှိသည်။

 

၁၈၇၉ ဖေဖော်ဝါရီ ၁၆

ရနောင်မြို့စား မောင်မောင်တုတ် ဦးဆောင်သော အဖွဲ့သည် မင်းတုန်းမင်း၏ သားတော်၊ မြေးတော်၊ သမီးတော် ၁၉ ယောက်ကို ဖျောက်ဖျက်စီရင်သည်။

 

၁၈၈၆ ဖေဖော်ဝါရီ ၁၅

မင်းဘူးစီရင်စု၊ လယ်ကိုင်းမြို့ကို ဗိုလ်ဥတ္တမ၏ တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်သည်။

 

၁၈၈၆ ဖေဖော်ဝါရီ ၂၆

အထက်မြန်မာပြည်သည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာသည်။

 

၁၈၉၁ ဖေဖော်ဝါရီ ၂၇

ဗြိတိသျှအာဏာပိုင်တို့က ဝန်းသိုစော်ဘွား ဦးအောင်မြတ်အား ကသာစီရင်စုတွင် ဗြိတိသျှ တပ်ဖွဲ့များအား တော်လှန်ပုန်ကန်မှုကြောင့် ၀န်းသိုစော်ဘွားရာထူးမှ ဖြုတ်ချကြောင်း ကြေညာသည်။

 

၁၈၉၇ ဖေဖော်ဝါရီ ၎

အင်္ဂလိပ်နှင့် တရုတ်တို့သည် မြန်မာ – တရုတ် နယ်နိမိတ်နှင့် ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုသည်။

 

 

၁၉၀၄ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ဘန်းစ်က ရန်ကုန်မြို့ကို ရေပေးသည့် လှော်ကားကန်ကို ဖွင့်လှစ်သည်။

 

၁၉၀၇ ဖေဖော်ဝါရီ ၎

ဆရာတော် ဦးဥတ္တမ (၁၈၈၉ – ၁၉၃၉) မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက်သည်။

 

၁၉၁၂ ဖေဖော်ဝါရီ ၂၅

သီပေါမင်း၏ မိဘုရား စုဘုရားကြီး မင်းကွန်းအရပ်၌ ကံကုန်သည်။

 

၁၉၁၅ ဖေဖော်ဝါရီ ၅

မဟတ္တမဂန္ဒီ ရန်ကုန်မြို့သို့ ရောက်ရှိသည်။

၁၉၁၅ ဖေဖေါ်ဝါရီ ၁၅ အမျိုးသားခေါင်းဆောင်ကြီှးဗိုလ်ချုပ်အောင်ဆန်းကို နတ်မောက်မြို့ ၌အဖ ဦးဖာ၊အမိဒေါ်စုတို့ မှဖွားမြင်သည်။မွေးချင်း ၉ ဦးအနက်အငယ်ဆုံးဖြစ်သည်။

 

၁၉၂ဝ ဖေဖော်ဝါရီ ၆

အင်္ဂလန်သို့ သွားရောက်ဆွေးနွေးခဲ့သော ဖေ၊ ပု၊ ရှိန် မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

 

၁၉၂၁ ဖေဖော်ဝါရီ ၁

The Rangoon Development Trust ကို ဖွဲ့စည်းသည်။

 

၁၉၂၁ ဖေဖော်ဝါရီ ၆

ဘေ၊ပု၊မောင် ကိုယ်စားအဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။

 

၁၉၂၃ ဖေဖော်ဝါရီ ၂

ဒိုင်အာခီအုပ်ချုပ်ရေး နည်းစနစ်အရ မြန်မာပြည်ဥပဒေပြုအဖွဲ့ ပထမဆုံး အစည်းအဝေး ကျင်းပသည်။

 

၁၉၂၇ ဖေဖော်ဝါရီ ၁၁

ဗန္ဓကရသေ့နှင့် နောက်လိုက်များ မြေဒူးရွာကို တိုက်ခိုက်၍ မြေဒူးရွာသူကြီးကို သတ်ဖြတ်သည်။

 

၁၉၂၇ ဖေဖော်ဝါရီ ၂၁

ဆရာတော် ဦးဥတ္တမ ထောင်မှ လွတ်မြောက်သည်။

 

၁၉၂၈ ဖေဖော်ဝါရီ ၅

ဆရာစံဦးဆောင်သော စုံစမ်းရေး ကော်မတီသည် သာယာဝတီ၊ ဖျာပုံ၊ ပြည်၊ ကသာ၊ ရွှေဘို၊ မုံရွာ၊ သရက်နှင့် အင်းစိန် စီရင်စုများသို့ သွားရောက်ပြီး စုံစမ်းစစ်ဆေးသည်။ ယင်းနေ့မှာပင် ဆရာတော် ဦးဝိစာရအား အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ သင်္ဘောဖြင့် ခေါ်ယူပြီး ဘင်္ဂလားနယ် မစ်နာပူတောင်သို့ ပို့သည်။

 

၁၉၂၉ ဖေဖော်ဝါရီ ၂၈

ဆရာတော် ဦးဝိစာရ အကျဉ်းကျခံ ရက်စေ့၍ ထောင်မှ လွတ်သည်။

 

၁၉၃၀ ဖေဖော်ဝါရီ ၁၃-၁၅

ဦးစု ဂျီစီဘီအေ၏ နိုင်ငံလုံးဆိုင်ရာ ၁၇ ကြိမ်မြောက် ညီလာခံကို စဥ့်ကိုင်မြို့ သက်လွှတ်စေတီ အနီးတွင် ကျင်းပသည်။

 

၁၉၃၀ ဖေဖော်ဝါရီ ၁၀

ဦးစိုးသိမ်း ဂျီစီဘီအေ အသင်းကြီးနှင့် ယင်းနှင့် ဆက်သွယ်ထားသော အသင်းပေါင်း (၉၈) သင်းကို မတရားအသင်းဟု အစိုးရက ကြေညာသည်။

 

၁၉၃၀ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်း ကောက်ယူရာ မြန်မာနိုင်ငံလူဦးရေ ၁၄ သန်း ၆ သိန်းကျော် ရှိသည်ဟု ဆိုသည်။

 

၁၉၃၂ ဖေဖော်ဝါရီ ၂၄

ရန်ကုန်တက္ကသိုလ် သမဂ္ဂအသင်းတိုက် ခွဲရေး တွဲရေး အချေအတင် စကားပြောပွဲ ကျင်းပရာ ခွဲရေးဘက် ဦးဘဘေနှင့် ဝတ်လုံ ဦးဘစီ၊ တွဲရေးဘက်မှ ဒေါက်တာ ဘဟန်နှင့် ဒေါက်တာဘမော်တို့ ညီအကိုတို့ ဟောပြောကြသည်။

 

၁၉၃၄ ဖေဖော်ဝါရီ ၂ဝ

ဦးဘဘေနှင့် ဒေါက်တာဘမော်တို့က အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ် ဆာဂျေ အေးမောင်ကြီးနှင့် ဦးကျော်ဒင်တို့ကို အယုံအကြည်မရှိဟု အဆိုတင်သွင်းရာ ဒိုင်အာခီအုပ်ချုပ်ရေးခေတ်တွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား ပထမဆုံးအကြိမ် အယုံအကြည်မရှိ အဆိုတင်သွင်းခြင်း ဖြစ်သည်။

 

၁၉၃၆ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဒီဂျေစလော့စ်က ကိုနုအား ကျောင်းထုတ်ကြောင်း အကြောင်းကြားစာ ပေးပို့သည်။

 

၁၉၃၆ ဖေဖော်ဝါရီ ၂၅

ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသား သပိတ်မှောက်သည်။

 

၁၉၃၈ ဖေဖော်ဝါရီ ၈

ဆမားဒူးဝါးဆင်ဝါးနောင် ဦးစီး၍ ပြည်သူ့ယဉ်ကျေးမှုနှင့် တိုးတက်ကြီးပွားရေးအဖွဲ့ (ပယကဖ)ခေါ် ကုန်ဖန်ဖုန် (Kung Hpan-Hpung) ကို ဖွဲ့စည်းသည်။

 

၁၉၃၉ ဖေဖော်ဝါရီ ၁ဝ

မန္တလေးမြို့တွင် ရဟန်းတော်များ ရှေ့ဆောင်၍ လူထု ၂ သိန်းကျော် ပါဝင်သည့် နယ်ချဲ့ဆန့်ကျင်ရေး လူထုဆန္ဒပြချီတက်ပွဲကို အစိုးရက အကြမ်းဖက်နှိမ်နှင်းသဖြင့် သံဃာတော် ၇ ပါး၊ ကျောင်းသား ၃ ဦးနှင့် အရပ်သား ၇ ဦး ကျဆုံးသည်။

 

၁၉၃၉ ဖေဖော်ဝါရီ ၁၂

ရွှေတိဂုံစေတီရင်ပြင်တွင် လူထုအစည်းအဝေးကျင်းပ၍ သုံးရောင်ခြယ်အလံ လွှင့်ထူကာ အသေခံဗိုလ် ၃၂ ဦး ရှေ့ဆောင်ပြီး ရန်ကုန်မြို့တွင်းသို့ ဆန္ဒပြ ချီတက်သည်။

 

၁၉၃၉ ဖေဖော်ဝါရီ ၁၆

မျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောတင်သွင်းသည့် ဒေါက်တာဘမော် ဦးဆောင်သည့် ညွှန့်ပေါင်း အစိုးရအပေါ် အယုံအကြည်မရှိ အဆိုကို မဲခွဲရာ ထောက်ခံမဲ ၇ဝ၊ ကန့်ကွက်မဲ ၃၇ မဲ ဖြင့် အဆိုအနိုင်ရရှိသဖြင့် ဒေါက်တာဘမော်အစိုးရ ပြုတ်ကျသွားသည်။

 

၁၉၃၉ ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂမှ ကျောင်းသားများ သပိတ်လှန်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

 

၁၉၃၉ ဖေဖော်ဝါရီ ၂၇

ရွှေကျင် ဦးပု ဦးဆောင်သည့် အစိုးရ ဖွဲ့စည်းကြောင်း ကြေညာသည်။

 

၁၉၄ဝ ဖေဖော်ဝါရီ ၂၅

ဗမာ့ထွက်ရပ်ဂိုဏ်း ဦးစီးအဖွဲ့ဝင်များ ဖြစ်ကြသော ဒေါက်တာဘမော် ၊ သခင်နု၊ ဗန္ဓုလ ဦးစိန်၊ ဦးထွန်းအောင်၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း စသူတို့နှင့် တို့ဗမာအစည်းအရုံးအဖွဲ့ဝင်များ၊ ဆင်းရဲသား ၀ံသာနုအဖွဲ့ဝင်များ၊ ဗမာ့လက်ရုံးတပ်နှင့် ဓါးမ တပ်ဖွဲ့များ၊ ကျောင်းသားနှင့် အလုပ်သမား အပါအ၀င် အင်အား ၁၅ဝဝဝ ကျော်သည် အလုံပန်းခြံ (ယခု သခင်မြပန်းခြံ) တွင် စုံရုံးကာ ဗိုလ်တထောင်ကွင်းအထိ ဗမာ့ထွက်ရပ်ဂိုဏ်း ချီတက်အင်အားပြပွဲ ပြုလုပ်သည်။

 

၁၉၄၀ ဖေဖော်ဝါရီ ၂၉

မြန်မာပြည်ကာကွယ်ရေး ဥပဒေကို ပြဌာန်းသည်။

 

၁၉၄၁ ဖေဖော်ဝါရီ ၁

ဂျပန်စစ်ရုံးချုပ်မှ တိုက်ရိုက်ကွပ်ကဲ၍ ဗိုလ်မှူးကြီး ဆူဇူကီး (ဗိုလ်မိုးကြိုး) ဦးစီးသော မီနာမီကီကန် (Minami Kikan) (တောင်ပိုင်းဆိုင်ရာအဖွဲ့) ကို ဖွဲ့စည်းသည်။

 

၁၉၄၁ ဖေဖော်ဝါရီ ၁၅

သခင်အောင်ဆန်းနှင့် မစ္စတာ စုအိကို တို့ ရွှန်းတင်းမာရူးကန် သင်္ဘောဖြင့် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်လာသည်။

 

၁၉၄၂ ဖေဖော်ဝါရီ ၂

ပြည်တွင်းသူပုန်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နေ၀င်း ရန်ကုန်မြို့သို့ ရောက်ရှိသည်။

၁၉၄၂ ဖေဖော်ဝါရီ ၁၉

မန္တလေးမြို့ကို ဂျန်ပန်လေတပ်က ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်သည်။

၁၉၄၂ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတံတားကို နံနက် ၅း၃ဝ နာရီတွင် ဗြိတိသျှတပ်တို့ ဒိုင်းနမိုင်းဖြင့် ဖောက်ခွဲချိုးပစ်သည်။

 

၁၉၄၂ ဖေဖော်ဝါရီ ၂၆

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောအောင် ရွှေကျင်တိုက်ပွဲတွင် ကျဆုံးသည်။

 

၁၉၄၂ ဖေဖော်ဝါရီ ၂၈

ဗြိတိသျှမြို့စောင့်တပ်က ရန်ကုန်မြို့သူ မြို့သားများ အားလုံး ရန်ကုန်မှ ချက်ချင်းထွက်ခွာရန် သတိပေးချက် ထုတ်ပြန်သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင် ဦးစီးသော ရေကြောင်းချီ တပ်ဖွဲ့ဝင်များ ရန်ကုန်မြစ်ဝ၌ အင်္ဂလိပ်ရေတပ် တိုက်ရေယာဉ်များ၏ ဖမ်းဆီးခြင်း ခံရသည်။

 

၁၉၄၃ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံကို နောက်အကျဆုံး ၁၉၄၃ ခုနှစ်အတွင်း လွတ်လပ်ရေးပေးရန် ဂျပန်အစိုးရက ပေးသောကတိနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် အမှူးပြုသော ဝန်ကြီးများ၏ အစည်းအဝေးက ကြေညာစာတမ်း ထုတ်ပြန်သည်။

 

၁၉၄၃ ဖေဖော်ဝါရီ ၁၅

အိန္ဒိယစစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဝေဘဲလ်က အိန္ဒိယနိုင်ငံ စစ်ဌာနချုပ် လက်အောက်တွင် မြန်မာနိုင်ငံ မြို့ပြအုပ်ချုပ်ရေးအဖွဲ့ ကက်စ်ဘီ (Civil Affairs Service, Burma) (C.A.S – B) ကို ဖွဲ့စည်း တည်ထောင်သည်။

 

၁၉၄၃ ဖေဖော်ဝါရီ ၁၈

အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ ဗြိတိသျှအထွေထွေဌာနချုပ်သည် ၎င်းတပ်များ မြန်မာနိုင်ငံမှ ဆုတ်ခွာစဉ်က ကရင်တောင်တန်းဒေသ၌ နေရစ်ခဲ့သော ဗြိတိသျှ ဗိုလ်မှူး ဆီးဂရင်းမ် (Major Hugh Seagrim) ၏ အခြေအနေ သတင်းသိရှိရန် ဗိုလ်ဘကျော်နှင့် ကရင်အမျိုးသား ၃ ဦးအား တောင်ငူဒေသ အနီးသို့ လေထီးဖြင့် ဆင်းစေ၍ စုံစမ်းခိုင်းသည်။

 

၁၉၄၄ ဖေဖော်ဝါရီ ၁

ရန်ကုန်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်သည်။

 

၁၉၄၄ ဖေဖော်ဝါရီ ၁၅

နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်အား ဂျပန်ဗိုလ်ကြီး အဆာဟိ၊ တမိုးဒါး၊ ကိုကျော်မြင့် (၂၁ ဦး ငါးပွင့်ဆိုင်) ၊ မြို့တော်ဝန်ဟောင်း ဦးသင်းမောင်၏သား ၊ အရှေ့အာရှလူငယ်အစည်းအရုံး ဒုတိယဥက္ကဌ သဘောတူရန်နှင့် မောင်မောင်တို့ လေးဦးက လုပ်ကြံရန် ကြိုးပမ်းသည်။

 

၁၉၄၅ ဖေဖော်ဝါရီ ၇

ဗမာ့တပ်မတော် စစ်ဦးချုပ်ဌာနမှ စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းက အမျိုးသမီးဌာနကို အမျိုးသမီးတပ်ဟု ခေါ်တွင်မည်ဖြစ်ကြောင်း အုပ်ချုပ်မှု အမိန့် အမှတ် (၈) ကို ထုတ်ပြန်သည်။

 

၁၉၄၆ ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေး အဖွဲ့ချုပ် အစည်းအဝေးကြီးပပြီး၊ ဥက္ကဌအဖြစ် ဒေါ်ခင်ကြည်၊ အတွင်းရေးမှူးအဖြစ် ဒေါ်ခင်ကြည်ကြည်နှင့် မစ္စမေအောင်တို့ကို တင်မြှောက်သည်။ မြန်မာနိုင်ငံ၌ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် သွားရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံရေးအခြေအနေ မျိုးချစ်ပါတီ အကြောင်းများ ပြောကြားသည်။ ထို့နောက် ဘုရင်ခံအား သထုံတွင် ရွာသူကြီးတစ်ဦးကို သခင်အောင်ဆန်းက သတ်သည့် အမှုကိစ္စ မေးမြန်းသည်။

 

၁၉၄၇ ဖေဖော်ဝါရီ ၂

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။ ည ၈ နာရီတွင် ဖဆပလ အဖွဲ့ အစည်းအဝေးကျင်းပ၍ အောင်ဆန်း-အက်တလီ သဘောတူညီချက်ကို တင်ပြသည်။ အမှုဆောင်အဖွဲ့ဝင်များက ဆွေနွေးပြီးနောက် အောင်ဆန်း – အက်တလီစာချုပ်ကို လက်ခံရန် ဆုံးဖြတ်သည်။

 

၁၉၄၇ ဖေဖော်ဝါရီ ၎

ဗိုလ်ချုပ်အောင်ဆန်းက အသံလွှင့်ရုံမှ ဘိလပ်ပြန် မိန့်ခွန်းကို ပြောကြားသည်။ ဗြိတိသျှအစိုးရ၏ ဒိုမီနီယံဆိုင်ရာ ပါလီမန်အတွင်းဝန် အေ၊ဂျီ၊ဘော့တွန်မလေ(Arthur George Bottomley) မြန်မာနိုင်ငံသို့ ရောက်ရှိသည်။

 

၁၉၄၇ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားရာ၌ တောင်သူလယ်သမားများသည် မြန်မာနိုင်ငံတွင် လူအများစုကြီးဖြစ်ကြောင်း တောင်သူ လယ်သမား အခွင့်အရေးမပါသည့် လွတ်လပ်ရေးသည် အဓိပ္ပာယ်မရှိကြောင်း၊ တောင်သူ လယ်သမားများ လိုလားသည့် မြေယာစနစ်ကို ပြုပြင်ပြောင်းလဲရန် လိုကြောင်း ပြောကြားသည်။

၁၉၄၇ ဖေဖော်ဝါရီ ၇

ပင်လုံညီလာခံ ကျင်းပနေစဉ်အတွင်း တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ ဖွဲ့စည်းသည်။ ထိုနေ့မှာပင် ရှမ်းစော်ဘွားများနှင့် ရှမ်းပြည်သူ့ကိုယ်စားလှယ်များ ပူးပေါင်း၍ ရှမ်းပြည်ကောင်စီ အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းသည်။

 

၁၉၄၇ ဖေဖော်ဝါရီ ၁ဝ

မြန်မာနိုင်ငံ ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး သခင်ဗစိန် ဝန်ကြီး အဖြစ်မှ နုတ်ထွက်သည်။

 

၁၉၄၇ ဖေဖော်ဝါရီ ၁၂

ပင်လုံသဘောတူညီချက်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် ၂၂ ဦးတို့ လက်မှတ်ရေးထိုးကြသည်။

 

၁၉၄၇ ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံ ဘုရင်၏ အမှုဆောင်ကောင်စီဝင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဝန်ကြီး ဂဋုန်ဦးစော ၀န်ကြီးအဖြစ်မှ နုတ်ထွက်သည်။ ကွန်မြူနစ်ပါတီ (ဗမာပြည်) အလံနီ ခေါင်းဆောင် သခင်စိုးအား ဖမ်းမိသည်။

 

၁၉၄၇ ဖေဖော်ဝါရီ ၂၄

ဘုရင်ခံ ဆာဟူးဘတ်ရန်စ်က လော့ပက်သစ်လော့ရင့်စ်ထံ ပင်လုံညီလာခံ သဘောတူညီချက်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက သဘောတူ လက်ခံပြီးဖြစ်၍ ဗြိတိသျှ အစိုးရကပါ သဘောတူ လက်ခံရန် ထောက်ခံတင်ပြသည်။ ဗြိတိသျှအစိုးရက ပင်လုံသဘောတူညီချက်ကို သဘောတူ လက်ခံသည်။

 

၁၉၄၇ ဖေဖော်ဝါရီ ၂၅

ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ) က ဦးဆောင်၍ ဖြူးမြို့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ ညီလာခံကို ကျင်းပသည်။

 

 

၁၉၄၇ ဖေဖော်ဝါရီ ၂၇

တောင်တန်းဒေသ စုံစမ်းရေး ကော်မတီကို ဖွဲ့စည်းသည်။ ကော်မတီတွင် ဥက္ကဌအဖြစ် ဗြိတိသျှ လွှတ်တော် လေဘာအမတ် မစ္စတာ ရီးဝီလျံက ဆောင်ရွက်ပြီး၊ မြန်မာကိုယ်စားလှယ်များအဖြစ် သခင်နု၊ ဦးတင်ထွဋ်၊ ဗိုလ်ခင်မောင်ကလေး၊ ဦးကျော်ငြိမ်း၊ နယ်ခြားဒေသကိုယ်စားလှယ် မိုင်းပွန်းစော်ဘွား စပ်စံထွန်း၊ ဆမားဒူးဝါးဆင်ဝါးနောင်၊ ဝမ်ကိုဟော၊ စောစံကေးတို့ ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် လန်ဒန်ရှိ မြန်မာနိုင်ငံဆိုင်ရာရုံးမှ လက်ဝီဂ်ျ၊ တွဲဖက်အတွင်းရေးမှူးအဖြစ် နယ်ခြားဝန်ထမ်းအဖွဲ့ဝင် ဦးထွန်းဖေ၊ လက်ထောက်အတွင်းရေးမှူးအဖြစ် ဗိုလ်မှူး ရှမ်းလုံတို့ ပါဝင်သည်။

 

၁၉၄၉ ဖေဖော်ဝါရီ ၂

ကေအင်ဒီအို အဖွဲ့က အင်းစိန်မြို့ကို တိုက်ခိုက်သိမ်းပိုက်သည်။

 

၁၉၄၉ ဖေဖော်ဝါရီ ၃

ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နှင့် ၎င်းနှင့် ဆက်သွယ်နေသော အဖွဲ့အစည်းများကို ၁၉၀၈ အက်ဥပဒေ အမှတ် ၁၄၊ ပုဒ်မ ၁၆ အရ မတရားအသင်း အဖြစ် ကြေညာသည်။

 

၁၉၄၉ ဖေဖော်ဝါရီ ၎

မွန်အမျိုးသားကာကွယ်ရေး အစည်းအရုံး (M.N.D.O)ကို မတရားအသင်းအဖြစ် ကြေညာသည်။

 

၁၉၄၉ ဖေဖော်ဝါရီ ၁ဝ

အင်းစိန်မြို့နယ်ကို စစ်အုပ်ချုပ်ရေး စတင်ကြေညာသည်။

 

၁၉၄၉ ဖေဖော်ဝါရီ ၁၂

နိုင်ငံတော်အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်၍ ပထမဆုံး အကြိမ် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပသည်။

 

၁၉၅၃ ဖေဖော်ဝါရီ ၁၀

KMT တရုတ်ဖြူတပ်များ ကယားပြည်နယ် လွိုင်ကော်မြို့ကို တိုက်ခိုက်သိမ်းပိုက်သည်။

၁၉၅၇ ဖေဖော်ဝါရီ ၂၈

ဦးနုဦးဆောင်သည့် အစိုးရအဖွဲ့သစ် ဖွဲ့စည်းသည်။

 

၁၉၅၉ ဖေဖော်ဝါရီ ၃

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံတော်သမ္မတထံ ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်စာ တင်သွင်းသည်။

 

၁၉၅၉ ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံပါလီမန် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် ၂ ရပ် တွဲဖက် ညီလာခံကျင်းပ၍ သိမ်ဖြူတောင်ပိုင်း အမတ် ဦးကျော်ငြိမ်းက အခြေခံဥပဒေ ပုဒ်မ ၁၁၆ ကို ပြင်ဆင်ရန် အင်္ဂလိပ် –  မြန်မာ နှစ်ဘာသာဖြင့် ရေးဆွဲထားသည်။ ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းကို တင်သွင်းသည်။ ဥပဒေကြမ်းကို ထောက်ခံမဲ ၃ဝ၄ မဲ၊ ကန့်ကွက်မဲ ၂၉ ဖြင့် အဆိုကို အတည်ပြုသည်။

 

၁၉၅၉ ဖေဖော်ဝါရီ ၂၇

ဗိုလ်ချုပ်ကြီး နေဝင်းအား ပြည်သူ့လွှတ်တော် ပါလီမန်ညီလာခံက ၀န်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်သည်။ ညနေ ၅ နာရီတွင် ဗိုလ်ချုပ်ကြီး နေဝင်းနှင့် အစိုးရအဖွဲ့သစ် ၀န်ကြီးများ ကျမ်းသစ္စာ ကျိန်ဆိုသည်။ အစိုးရအဖွဲ့ဝင်များမှာ –

 

(၁) သတိုးသီရိသုဓမ္မ ဦးလွန်ဘော် – (လူမှုဝန်ထမ်းနှင့်သာသနာရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန)

(၂) စ၀်ဝဏ္ဏ (ကယားပြည်ဌာန)

(၃) မဟာသရေစည်သူ ဦးခင်မောင်ဖြူ (ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဌာန၊ ဒီမိုကရေစီ ဒေသန္တရ အဖွဲ့များ ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ၀န်ကြီးဌာန)

(၄) သတိုးမဟာသရေစည်သူ ဦးချန်ထွန်းအောင် (နိုင်ငံခြားရေးဌာန၊ တရားရေးဝန်ကြီးဌာန)

(၅) ဦးကျော်ငြိမ်း (ဘဏ္ဍာရေးနှင့် အခွန်တော် ဝန်ကြီးဌာန)

(၆) သရေစည်သူ ဦးစံညွှန့် (သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ရေကြောင်းနှင့် မြို့ပြလေကြောင်း ၀န်ကြီးဌာန)

(၇) ဦးကာ ( ပညာရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ၀န်ကြီးဌာန)

(၈) သီရိပျံချီ ဦးချစ်သောင် (စက်မှုလက်မှု ၀န်ကြီးဌာန၊ သတ္ထုတွင်းနှင့် အလုပ်သမား ၀န်ကြီးဌာန၊ ပြည်ထောင်စု ယဉ်ကျေးမှု ၀န်ကြီးဌာန)

(၉) သီရိပျံချီ ဦးထွန်းတင် (ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့လုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ၀န်ကြီးဌာန)

(၁၀) ၀န်ကြီး သီရိပျံချီ ဦးသီဟန် ( ကုန်သွယ်မှု တိုးတက်ရေး ဝန်ကြီးဌာန၊ သမ၀ါယမနှင့် ကုန်စည်ဖြန့်ဖြူးရေး ၀န်ကြီးဌာန၊ ပစ္စည်းထောက် ပံ့ရေး ဝန်ကြီးဌာနတို့ ဖြစ်သည်။

 

၁၉၆၀ ဖေဖော်ဝါရီ ၁

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် အစိုးရတို့သည် တရုတ် – မြန်မာ နယ်နိမိတ် ပြဿနာကို အလုံးစုံ ဖြေရှင်းရန်အတွက်လည်းကောင်း၊ ချစ်ကြည်ရေး ခိုင်မြဲစေရန် အတွက်လည်းကောင်း ၊ နယ်နိမိတ်ခြင်း လဲလှယ်သောအားဖြင့်  တရုတ်ပိုင် မိုင်းမော တြိဂံဒေသကို မြန်မာပြည်သို့ တရုတ်ကပေး၍ မြန်မာပိုင် ပန်ဟုံနှင့် ပန်တောင်ဒေသတို့ကို တရုတ်ပြည်သို့ မြန်မာမှ ပေးရခြင်းအတွက်မှ နှစ်နိုင်ငံ နယ်နိမိတ် စာချုပ်ကို ပီကင်းမြို့၌ တရုတ်ဘာသာဖြင့် လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း ချုပ်ဆိုသည်။

 

၁၉၆၂ ဖေဖော်ဝါရီ ၂၄

ရန်ကုန်မြို့ ပြည်လမ်းအသံလွှင့်ရုံတွင် ဖက်ဒရယ်နှင့် ပတ်သက်သော လူမျိုးပေါင်းစုံ ဆွေးနွေးပွဲ ကျင်းပသည်။

 

၁၉၈၁ ဖေဖော်ဝါရီ ၁၆

နိုင်ငံတော်သမ္မတ ဦးနေ၀င်းက ဗြိတိသျှ ဘုရင်ခံ၏ အတိုင်ပင်ခံ ကော်မတီဝင် ဗြိတိသျှပါလီမန် အမတ် မစ္စတာ အာသာဂျော့ဘော့တွမ်မလေအား အောင်ဆန်းတံခွန်ဘွဲ့ ချီးမြှင့်သည်။

 

ကမ္ဘာ့သမိုင်း၌ ဖေဖော်ဝါရီလအတွင်း အထင်ကရ အဖြစ်အပျက်များမှာ –

ဖေဖော်ဝါရီလ ၂ ရက်နေ့ကို ရိုမန်ကက်သလစ်ဘာသာတို့က “ဆီးမီးပွဲနေ့” အဖြစ် သတ်မှတ်၍ ပွဲတော်ကျင်းပလေ့ ရှိသည်။ ခရစ်ယာန်ဘာသာဝင် နိုင်ငံများ၌မူ ရောမဘာသာရေး အာဇာနည်သူတော်စင် စိန့်ဗာလင်တိုင်းကို ရည်စူး၍  ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို “စိန့်ဗာလင်တိုင်းနေ့” အဖြစ် သတ်မှတ်ကာ ပွဲတော်ကျင်းပလေ့ ရှိသည်။

 

 

ပြင်သစ်နှင့် အင်္ဂလိပ်တို့၏ အပြိုင်အဆိုင် နယ်ချဲ့မှု၊ သြစတြီးယား ဘုရင်မနှင့် ပရပ်ရှားဘုရင်တို့၏ အာဏာလုမှုတို့ကြောင့် ဖြစ်ပွားခဲ့သော “အင်္ဂလိပ် – ပြင်သစ်” စစ်ပွဲသည် ၁၇၆၃ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တွင် ပါရီမြို့၌ ချုပ်ဆိုသော စာချုပ်ဖြင့် ပြီးဆုံးသွားလေသည်။

 

အမေရိကန်၏ နယ်ချဲ့စနစ်ကို ဆန့်ကျင်သော ဖိလစ်ပိုင် အမျိုးသားတို့၏ တော်လှန်ရေးသည် ၁၈၉၉ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်ခဲ့သည်။ မန်ချူးရီးယားနှင့် ကိုရီးယားနိုင်ငံများအား အပြိုင်နယ်ချဲ့ခဲ့သော ရုရှား – ဂျပန် စစ်ပွဲသည် ၁၉၀၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည်။  (၁၉ဝ၅ စက်တင်ဘာ ၅ ရက်နေ့တွင် အမေရိကန် ပို့စမောက်ရေတပ်စခန်း၌ ချုပ်ဆိုသော စာချုပ်ဖြင့် စစ်ပွဲပြီးဆုံးသွားသည်။ စစ်ပွဲတွင် ရုရှားနိုင်ငံသည် အရေးနိမ့်၍ ဂျပန်သည် ကမ္ဘာ့အင်အားကြီး နိုင်ငံ ဖြစ်လာသည်)

 

ဒုတိယကမ္ဘာစစ်ကာလအတွင်း ၁၉၄၂ ဖေဖော်ဝါရီ ၁၅ ရက် ဂျပန်က အင်္ဂလိပ်တို့၏ စင်္ကာပူခံတပ်ကို သိမ်းပိုက်လိုက်သည်။ ၁၉၄၃ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့များတွင် ဂျာမနီ၏ အမှတ် ၆ တပ်မဟာက ရုရှားနီုင်ငံ စတာလင်ဂရက်မြို့၌ လက်နက်ချခဲ့ရာ ဂျာမနီအင်အား ဆုတ်ယုတ်သွားခဲ့ လေသည်။

 

၁၉၄၅ ဖေဖော်ဝါရီ ၃ ရက်မှ ၁၁ ရက်နေ့အထိ ၉ ရက်တိုင်တိုင် ခရိုင်းမီးယားနယ် ယော်လတာမြို့၌ အမေရိကန်သမ္မတ ရုစဘဲ့၊ ဗြိတိန်ဝန်ကြီးချုပ် ၀င်စတန်ချာချီနှင့် ဆိုဗီယက်ဝန်ကြီးချုပ် ဂျိုးဇက်စတာလင် တို့ တွေ့ဆုံဆွေးနွေး၍ ဂျပန်အား အပြုတ်တိုက်ရေးတွင် ဆိုဗီယက်နိုင်ငံ ပါဝင်ရေးကို သဘောတူခဲ့သည်။ (ဤဆွေးနွေးပွဲတွင် နောင်တွင် စစ်ပွဲများ မဖြစ်ပွားရန် ကာကွယ်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အသင်းကြီးတစ်ခုရှိသင့်ကြောင်း သဘောတူညီခဲ့ကြရာမှ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်ပေါက်ရန် အစပျိုးခဲ့လေသည်။)

၁၉၄၆ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၏ ပထမဆုံး အနုမြူဗုံးကို အာဖရိက ဆာဟာရ သဲကန္တာရ၌ စမ်းသပ်ဖောက်ခွဲခဲ့သည်။

 

 

အင်ဂိုလာနိုင်ငံ၌ ဖေဖော်ဝါရီလ ၄ ရက်နေ့ကို လွတ်မြောက်ရေးစတင်သည့် နေ့အဖြစ် ကျင်းပ၍ ကင်မရွန်နိုင်ငံ၌ ဖေဖော်ဝါရီလ ၄ ရက်နေ့ကို လူငယ်များနေ့အဖြစ် ကျင်းပခဲ့ကြသည်။ ဖူချီ၊မော်လ်ဒစ်၊ အိန္ဒိယ၊ ကင်မရွန်၊ တန်ဇန်နီးယား၊ မာလီ ၊နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆီနီဂဲ၊ အီသီယိုးပီးယား၊ ဘရူးနိုင်း နိုင်ငံတို့၌ ဖေဖော်ဝါရီ ၄ ရက်နေ့ကို တမန်တော် မိုဟာမက်မွေးနေ့အဖြစ် ကျင်းပကြသည်။ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှားတို့၌မူ ဖေဖော်ဝါရီလ ၅ ရက်နေ့ကို တမန်တော် မိုဟာမက်မွေးနေ့ အဖြစ် ကျင်းပကြသည်။

 

ဖေဖော်ဝါရီလ ၄ ရက်နေ့သည် သီရိလင်္ကာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုတ၀န်း၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို အမေရိကန် ၁၆ ဆက်မြောက် သမ္မတ အေဗရာဟင် လင်ကွန်း မွေးနေ့အဖြစ် ကျင်းပကြသည်။ ကမ္ဘာတ၀ှမ်း၌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို ချစ်သူများနေ့ဟု အမှတ်တရ ကျင်းပကြသည်။  ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကိုမူ ဆာဗီးယားအမျိုသားနေ့ ကျင်းပကြသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့သည် အက်တိုးနီးယားနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သလို ဖေဖော်ဝါရီလ ၂၅ ရက်နေ့သည် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်သူ့တော်လှန်ရေးနေ့ ဖြစ်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့သည် ကူဝိတ်နိုင်ငံ၏ လွတ်မြောက်နေ့ ဖြစ်သည်။

 

အနောက်တိုင်း ဗေဒင်အလိုအရ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၈ ရက်အတွင်း မွေးဖွားကြသူတို့သည် မည်သည့်အလုပ်မဆို မလုပ်လိုလျှင် အရှင်း၊ လုပ်လိုလျှင် ယတိပြတ် လုပ်ကိုင်တတ်ကြသည်။ တွေးခေါ် မြော်မြင်ရာ၌ ပြတ်သား၍ ရှေးရိုးစဉ်လာကို လက်မခံဘဲ တော်လှန်ပြောင်းလဲလိုသူများ ဖြစ်သည်။ စိတ်ကူးယဉ်သမားများ မဟုတ်ကြဘဲ လက်တွေ့ဆန်သူများ ဖြစ်သည်။

 

ဖေဖော်ဝါရီလ ၁၉ မှ ၂၉ ရက်အတွင်း ဖွားမြင်သူတို့ကား အကောင်းအဆိုး ဒွန်တွဲနေ၍ ဘ၀တစ်လျှောက် ခေါက်ရှာငှက်ပျံသန်းသကဲ့သို့ အနိမ့်အမြင့် များလှပေသည်။ စိန်ခေါ်မှုများ၍ အခက်အခဲကို ဇွဲမလျော့မှသာ အောင်မြင်နိုင်ပေမည်။ သို့သော် စိတ်ဓါတ်ခိုင်မာခြင်း၊ သည်းခံ စိတ်ရှည်ခြင်းတို့နှင့် တဖက်သားအပေါ် နားလည်ခွင့်လွှတ်တတ်သော စိတ်ထားကြောင့် နောက်ဆုံးတွင် အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြလေသည်။

 

ဖေဖော်ဝါရီလ၏ ဝိသေသပန်းမှာ “ဗိုင်အိုလာ” (Viola) ပန်းဖြစ်သည်။ ဖေဖော်ဝါရီလ မွေးနံကျောက်မျက်မှာ ခရမ်းစွဲကျောက် (Amethyst) ဖြစ်သည်။

 

ဖေဖော်ဝါရီလဖွား ကမ္ဘာကျော် ပုဂ္ဂိုလ်များမှာ အီတာလျံနက္ခတ္တဗေဒပညာရှင် ဂါလီလီယို၊ ကမ္ဘာ့ ပထမဆုံး ပုံနှိပ်စက်တီထွင်သူ ဂျိုဟန်ဂူတင်ဘတ်၊ လျှပ်စစ်သိပ္ပံပညာရှင် ဗော်လတာ၊ ပိုလန်နက္ခတ္တ ဗေဒပညာရှင် ကော်ပါးနီးယပ်စ်၊ ပြင်သစ်ဝတ္ထုရေး ဂျူဗန်း၊ စာရေးဆရာကြီး ဗစ်တာ ဟူးရိုး၊ ပန်းချီကျော် အောဂတ်စတီရေးနွား၊ အမေရိကန် စာပေနိုဘယ်ဆုရှင် ဆင်ကလဲယားလူးဝစ်၊ သိပ္ပံပညာရှင် သောမတ်အယ်ဒီဆင်၊ အင်္ဂလန်စာရေးဆရာ ချားလ်ဒစ်ကင်း၊ ဒါဝင်သီဝရီ ဖော်ထုတ်ခဲ့သော ချားလ်ဒါဝင်၊ ရုရှားဓါတုဗေဒပညာရှင် ဒိမိတြိမင်နွယ်လိမ် ၊ ရုပ်ရှင်သရုပ်ဆောင် ဂျိမ်းဒင်း၊ ကလပ်ဂေဘယ်၊ ဂျက်လီမွန် စာရေးဆရာ ဂျိမ်းဂျွိုက်၊ ဂျာမန်ဂီတပညာရှင် ဗီသိုဘင်၊ ဂျာမန်သိပ္ပံပညာရှင် အယ်လဘတ်အိုင်းစတိုင်း၊ ကွန်ပျူတာ ဆော့ဗ်ဝဲပညာရှင် စတိဂျော့တို့ ဖြစ်ကြသည်။

 

ထင်ရှားသော ဖေဖော်ဝါရီလဖွား နိုင်ငံ့ခေါင်းဆောင်များမှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း၊ ပထမဆုံး အမေရိကန်သမ္မတ ဂျော့ဝါရှင်တန်၊ ၁၆ ဆက်မြောက် သမ္မတ လင်ကွန်း၊ ပထမမြောက် ဂျိမ်းဘုရင် ဗြိတိသျှနိုင်ငံရေး သုခမိန် ဆာသောမတ်ဖိုး၊ ခရစ်ယာန်ဘာသာကို ရောမနိုင်ငံတော် ဘာသာအဖြစ် ပြဌာန်းခဲ့သူ ရောမဧကရာဇ် မဟာကွန်စတင်တိုင်၊ သမ္မတရီလင်၊ ဟစ်တလာ၏ဇနီး အီဗာဘရောင်း ၊ တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟီး တို့ ဖြစ်ကြသည်။

 

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလဖွား နိုင်ငံရေးခေါင်းဆောင်များမှာ သခင်ဘသောင်း၊ ဆာမောင်ဘ၊ ဒေါက်တာဘမော်၊ ဆာမောင်ကြီး၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်၊ ၀န်းသိုစော်ဘွားကြီး ဦးအောင်မြတ် တို့ ဖြစ်ကြသည်။ ဖေဖော်ဝါရီလဖွား အကျော်ဇေယျ စာဆိုတော်များမှာ အိုင်ဒီအက်စ် ဦးကြင်၊ ဦးတင်ထွဋ်၊ ဦးချမ်းသာနှင့် အနုပညာရှင်များမှာ ကာတွန်းဆရာကြီး ဦးဘဂျမ်း၊ ခေတ်ဆန်းစာဆိုတော် မင်းသုဝဏ်၊ စာရေးဆရာမ မီမီခိုင်၊ သတင်းစာဆရာ မြို့မမောင်၊ ဒဂုန်ခင်ခင်လေး ပုလိပ်အရာရှိတစ်ဦး၊ မောင်ဥာဏ်ဝင်း၊ ဒါရိုက်တာ ရွှေဒုံးဘီအောင်၊ ညိုဝင်း၊ ရှင်ဗုဒ္ဓဃောသဦးသန်း၊ တက္ကသိုလ်မောင်မောင်ခင်၊ အောင်ခန့်၊ တက္ကသိုလ် ဟန်ဝင်းအောင် ၊ တက်တိုး၊ ထားဝယ်ကျော်မင်း၊ နန္ဒ တို့ ဖြစ်သည်။

 

ယခုနှစ် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် တပို့တွဲလဆန်း ၂ ရက်မှ တပို့တွဲလကွယ်နေ့အထိ ၂၈ ရက် ပါဝင်သောကြောင့်  အင်္ဂလိပ် ဖေဖော်ဝါရီလသည် မြန်မာတပို့တွဲလနှင့် အများဆုံး တိုက်ဆိုင်နေသည်။

 

တပို့တွဲလသည် မြန်မာလတွင် ၁၁ လမြောက် ဖြစ်သည်။ ဆောင်းဥတု နောက်ပိုင်းချိန်လည်း ဖြစ်သည်။ တပို့တွဲလ ဟု ခေါ်ဝေါ်ရခြင်းမှာ ထန်းဖူးထန်းခိုင်တို့ တွဲညွတ်သော ရာသီဖြစ်၍ ခေါ်တွင်ခြင်း ဖြစ်သည်။ ကျောက်စာများ၌ တပို့တွဲကို “တပိုဝ်ထွယ်” ၊ “တပိုဝ်ထွဲ” ၊ “တပိုဝ်တွဲ” ၊ “တပိုဝ်တွယ်” ၊ “တပိုဝ်ထွယ်” ဟူ၍ ရေးသားလေ့ရှိသည်။ ဗေဒင်အခေါ်အားဖြင့် ကုံရာသီဟု ခေါ်၍ ထိုရာသီတွင် မာဃနက္ခတ်စန်းနှင့်ယှဉ်၍ မွန်းတည့်သည်။ ရာသီရုပ်မှာ ရေထမ်းသမား ဆင်းရဲသားပုံဖြစ်၍ ရာသီပန်းမှာ ပေါက်ပွင့်၊ လဲပွင့်၊ လက်ပံပွင့်တို့ ဖြစ်သည်။

 

တပို့တွဲလတွင် ထမနဲ ပွဲ ကျင်းပကြသည်။ ကောက်ညှင်းစပါးသစ်ပေါ်ချိန်တွင် အရပ်ရပ်၌ ထမနဲ ထိုး၍ ကျွေးမွေးလှူဒါန်းလေ့ ရှိကြသည်။ ထိုလတွင် နံနက် စက်နာရီ ၆း၃ဝ နာရီတွင် နေထွက်လေ့ရှိ၍ ညနေ ၅း၎ဝ နာရီတွင် နေ၀င်လေ့ ရှိသဖြင့် ညတာသည် နေ့တာထက် ပိုရှည်သည်။ ဆီးနှင်းများကျသော ရာသီဖြစ်၍ ချမ်းအေးသည်။  ထိုလတွင် ရက်မစုံ လကွယ်သောကြောင့် ၂၉ ရက်သာ ရှိသည်။ တပို့တဲ့ ကျွဲချိုများ ဆတ်ဆတ်ခါသည် ဟူ၍လည်းကောင်း၊ “နှာရည်ယိုရွဲ တပို့တွဲ” ဟူ၍ လည်းကောင်း တပို့တွဲလတွင် အလွန်အေးလှကြောင်းဆိုရိုး ပြုကြသည်။

 

 

ထို့ကြောင့် မှော်ဘီဆရာသိန်းက ၁၂ ရာသီလူးတား၌ ကုံရာသီ တပို့တွဲလကို အောက်ပါအတိုင်း ဖွဲ့ဆိုထားသည် –

နှစ်သိန်းစက်ခန်း၊ ချင့်မှန်းအညီ၊ ရာသီဒိန၊ နှင်းကစိုရွှဲ၊ ပေါက်လဲနီထွေး၊ ငှက်ကျေးပျော်မြူး၊ ရင့်ကျူးလေ။ မြိုင်ခြေရိပ်ခွင်၊ ရွက်ဟောင်းစင်၍၊ ညှာပင် ကြွေလှူ၊ ရတုရွှင်ရွှင်၊ သန့်ရှင်းစင်လျက်၊ ၀ါလွင်နီမြန်း၊ ပေါက်ဆူးပန်းတို့ ထူးဆန်လှတင့်၊ ရိုးတံမြင့်နှင့်၊ ပွင့်ကြစီစီ၊ ကုံရာသီဟု၊ နာရီနှစ်ခါ၊ ပူးလာကျားမင်း၊ နေ့ဘို့ခင်းသော်၊ ရင်တွင်းရီမှောင်၊ ဆင်ပြောင်ညှင်းနေ့၊ ပျော်မွေ့မြူသန်း၊ ဓါတ်ဆန်းဝါသော၊ တောခြေ၀န်းကျင်၊ စုံမြိုင်ခွင်တွင်၊ ပျော်ရွှင်ကျေးသား၊ လူးလားကြက်တော၊ ဥသြဖိုမ၊ ကြွေးကြော်ကြသား၊ မသခေါ်မြဲ တပို့တွဲဟု မိုဃ်းထဲတောက်ပ၊ ကြယ်မာဃနှင့် ငွေလယုန်စန်း၊ လှည့်ကြမြန်းသော်၊ ယှဉ်သန်းထွန်းလာ၊ ချိန်တာရာတုံ၊ လျှံဝါ၀င်းဝင်း၊ ဂြိုလ်မင်းရောင်ရှိန်၊ သူရိန်ရောင်လျှံ၊ သရ၀ဏ်နှင့် လျင်မြန်လှည့်ကြ၊ ဧကဘ၀ါး၊ ၀င်သွားမဇ္ဈ၊ ရှေးရှုနေ၍၊ ရေနတ်မင်းလှ၊ ကသစ်ရသား၊ မာသသည်ခါ၊ သုံးလူ့ချာကို ၊ ရှိန်ဝါရောင်ညီး၊ မီးပုံပူဇော်၊ လှူတော်မူမြဲ၊ ရာသီပွဲဟု၊ ငွေသဲကမ်းသောင်၊ ငှက်မောင်နှံများ၊ ကစားမြူးခုန်၊ သက်တုံဆန်တက်၊ လည်ယှက်မြူးတူး၊ ရင့်ကျူးသီဧး၊ မြစ်ထွေးသောင်တင်း၊ ရွှေပိန်ညင်းတို့၊ မကင်းဖိုမ၊ ဒီနရာသီ၊ ဖူးစီတန်ဆောင်၊ သိင်္ဂီရောင်ဆန်း၊ ပေါက်ဆူးပန်းနှင့်၊ တိုင်တန်းလျောဆို၊ မဘုန်းဖိုလျှင်၊ စိတ်ကိုရည်မှန်း၊ မြတ်ရာလှမ်း၍၊ ဆောင်ခန်းလယ်ဗွေ၊ အောင်သပြေနှင့်၊ မမေဆုယူ၊ ကြာနန်းသူတို့၊ မော့အူပမာ၊ မူရာယဉ်ပျောင်း၊ ဖယောင်းပုံတု၊ ကြာဝတ်စုနှင့် ယုယုယယ၊ ဖွားမြင်စသို့၊ အလှကြန်ညီ၊ ကုမ္မာရီဟု၊ ရာသီမာသ၊ သည်ကာလကို၊ ချမ်းမြကုန်ဧး၊ မြောက်လေသွေး၍၊ စက်ကွေးမလုံ၊ ဘော်မစုသည်၊ ရွှေပုံရုပ်ဟန်ကဲ့သို့လေး။

 

 

ကေသတည့် နောက်တွဲ ၊ ရူမရဲ

လဲလုယိမ်းနွဲ့ကိုယ်။

ပိုပိုလို့ချစ်သန်း၊ ရှုမခန်း၊ ယဉ်ဆန်းလှကလျာ၊ မူရာကကြော့ရှင်း၊ ခြောက်ပြစ်ကင်း။

 

ဗုဒ္ဓဝင်၌ မြတ်စွာဘုရား သခင်အား ချမ်းအေးခြင်းမှ သက်သာစေရန်အတွက် ရှင်အာနန္ဒာမထေရ်က ဒုကုဋ်သင်္ကန်းတော်ကိုတပို့တွဲလပြည့်နေ့ညဥ့်နှစ်ချက်တီးကျော် အချိန်တွင် တင်လွှမ်းပေးတော်မူကြောင်းဖြင့် ဗုဒ္ဓဝင်ကျမ်းဂန်များ၌ လာသည်။

 

ဤသည်ကိုရည်၍ ရှေးအခါက ဗုဒ္ဓဘာသာဝင်တို့သည် နံ့သာထင်းများဖြင့် မီးဖိုပြီးလျှင် ဘုရားရှင်ကို ရည်စူးကာ အနွေးဓါတ် ပူဇော်လေ့ ရှိခဲ့ကြလေသည်။ ယင်းကိုပင် “မီးပုံပွဲတော်” ဟူ၍ ခေါ်ခဲ့ကြခြင်း ဖြစ်သည်။

 

မီးပုံပွဲနှင့် ယှဉ်တွဲ၍ သံဃာတော်တို့အား ယာဂုဆွမ်း ကပ်လှူပွဲကိုလည်း ရှေးအခါက အစဉ်အလာအားဖြင့် ကျင်းပခဲ့ကြသည်။ ယခုခေတ်တွင် မီးပုံပွဲ အစဉ်အလာပျောက်၍ ထမနဲပွဲ ရောက်လာခဲ့သည်။ ထမနဲပွဲမှာလည်း ယာဂုပွဲအား ဝင်ရောက်လာသော အစဉ်အလာပင် ဖြစ်သည်။

တပို့တွဲလ၏ သဘာဝနှင့် ရှေးခေတ်ရိုးရာ အစဉ်အလာကို စာဆိုတော် ဦးအောင်ကြီးက ဤသို့ စာပန်းချီ ခြယ်မှုန်းခဲ့လေသည် –

“သာစွလေ၊ နေလည်းချမ်းမြ၊ လလည်းနှင်းရီ၊ ပြီပြီမထွန်း၊ တောင်ထက်ဝန်းလည်း၊ ဆူးပန်းပဲပေါက်၊ ၀င်းဝင်းတောက်လျက်၊ ကမ်းလျှောက်ရေးရေး၊ သဲဖြူဖွေးနှင့် ငှက်ကျေးပျံကြွ၊ ကောင်းကင်လ၀ယ်၊ မာဃယှဉ်မှီ၊ ကုံရာသီဟု၊ အညီခေါ်မြဲ၊ တပို့တွဲမူ၊ မဖွဲမိုးလေ၊ သုံးလူ့ဆွေလျှင်၊ လေးထွေအင်ခုံ၊ ကြိုက်ကြုံအပုတ်၊ ပါတိမုက်ကို၊ ဖော်ထုတ်စိစစ်၊ ပြမြဲဖြစ်၍ ရပ်ရှစ်မျက်နှာ၊ သံဃာတို့အား၊ ဆယ်ပါးဝတ္ထု၊ ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးပုံသဘင်၊ သူကြီးယင်သည်၊ ရောက်ချင်နိဗ္ဗာန်ကျွန်းလည်းလေး၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းထည့်လေး”

 

 

ဖေဖော်ဝါရီလဖွား မြန်မာအနုပညာရှင်များမှာ –

R ဇာနည် (ဖေဖော်ဝါရီ ၆ ရက်ဖွား)၊ တင်ဇာမော် (ဖေဖော်ဝါရီ ၇)၊ တေးရေးအရိုး (ဖေဖော်ဝါရီ ၁၂)၊ မေဆွိ (ဖေဖော်ဝါရီ ၁၃)၊  ကိုင်ဇာ (ဖေဖော်ဝါရီ ၁၅) ၊ ရေဗက္က၀င်း (ဖေဖော်ဝါရီ ၁၅)၊ ဖိုးချစ် (ဖေဖော်ဝါရီ ၁၅)၊ မင်းမော်ကွန်း (ဖေဖော်ဝါရီ ၂၆)၊ ထူးအယ်လင်း (ဖေဖော်ဝါရီ ၂၈) တို့ ဖြစ်ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

One Response to ဖေဖော်ဝါရီလ သမိုင်း

  1. Khin Maung Saw on February 8, 2014 at 7:27 am

    ၁၅၄၇ ဖေဖော်ဝါရီ ၁

    မင်းတရားရွှေထီး ရခိုင်ကို ရသည်။

    Neither Tabin Shwe Htee nor his successor Bayint Naung could conquer Arakan. Their invasion forces were defeated by the Arakanese forces. Arakan did not belong to the territories of the Second Burmese Empire.

    Some Burmese Chronicles claimed that Tabin Shwe Htee could conquer Thandwe, however, he lost the battle to conquer the Arakan City, ie. Mrauk U and had to retreat. Please read the Burmese History book written by Dr. Htin Aung. It was also stated in the M.A Thesis of M. Charney, “Arakan, Min Yazagyi and the Portuguese”, SOAS, London, SOAS Bulletin of Burma Research, Vol 3, No.2, Autumn, 2005, ISSN 1479 – 8494.

    However all Arakanese chronicles stated that the Burmese could not occupy Thandwe because the invasion armies were crushed by the Arakanese in Toungup Pass and the Burmese Navy was crushed in Cape Nagris.

    In U Ba Than’s ” History of Burma” it was not written that Tabin Shwe Htee conquered Thandwe, instead he wrote both kings stopped the war due to the intervention of Buddhists monks from both sides.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်