ဆရာကြီးဇေယျ (Than Win Hlaing)

February 9, 2014

ဆရာကြီးဇေယျ
သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၉၊ ၂၀၁၄
 
ဆရာကြီး ဇေယျ
ဆရာကြီး ဇေယျသည် ၁၉၂ဝ ပြည့်နှစ် ကတည်းကပင် စာပေနယ်သို့ ဝင်ရောက်၍ ဝတ္ထုရှည်၊ ဝတ္ထုတို ၊ ဆောင်းပါးများကို အိုမင်း၍ စာမရေးနိုင်သည့် အချိန်အထိ အဆက်မပြတ် ရေးသားခဲ့သူ ဖြစ်သည်။ ဇေယျ ကလောင်အမည်အပြင် ၊ သီလဝင်၊ ဒိုးကလေး စသည့် ကလောင်ကွဲများဖြင့်လည်း ဒဂုန်၊ ကဝိတံခွန် မဂ္ဂဇင်း၊ ဇဝန ဂျာနယ်၊ တိုးတက်ရေး၊ တက္ကသိုလ်သိပ္ပံ၊ ဓူဝံ၊ နဝဒေး၊ စာပေဗိမာန်မဂ္ဂဇင်း စသည့် ဂျာနယ်၊ မဂ္ဂဇင်းပေါင်း (၆၄) စောင်၌ ရေးသားခဲ့သည်။
၁၉၄၅ ခုနှစ် နောက်ပိုင်းတွင်မူ ဝတ္ထုများ မရေးတော့ဘဲ၊  စာနယ်ဇင်းများတွင် စာပေယဉ်ကျေးမှု ဆောင်းပါးများကိုသာ ဖိ၍ ရေးသားခဲ့ကြောင်း သိရသည်။ ယင်းတို့ကို သင့်လျော်ရာ စုစည်းပြီး လုံးချင်းစာအုပ်များအဖြစ် ထုတ်ထားသည်မှာလည်း ၁ဝ အုပ်ထက် မနည်းရှိပြီး၊ စာအုပ်အဖြစ် မစုစည်းရသေးသော ဆောင်းပါးများလည်း များစွာ ကျန်ရှိနေသေးသည်။ ဆရာကြီး ရေးသားခဲ့သော ဆောင်းပါးပေါင်းမှာ ၅ဝဝ ခန့် ရှိသည်ဟု ခန့်မှန်းရသည်။ ဆရာကြီး၏ ဆောင်းပါးစုထဲတွင်  စာပေဆောင်းပါးများသာမက “မြန်မာမှု” ဟု ဆိုအပ်သော မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများလည်း အမြောက်အမြားပါဝင်သည်။ အဆိုပါ ဆောင်းပါးများသည် မြန်မာ့ဘဝ၊ မြန်မာ့အမူအရာ၊ မြန်မာ့စိတ်ဓါတ်၊ မြန်မာ့အနုပညာ၊ မြန်မာ့ဓလေ့ စသည့် မြန်မာမှုအထွေထွေကို ပေါ်ပေါ်လွင်လွင် လှစ်ဟလျက် ရှိသည်။
ဆရာကြီး၏ မြန်မာမှုဆောင်းပါးများကို (၁) အတိတ်ခေတ် မြန်မာ့ဘဝ၊ မြန်မာ့အမူအရာကို ဖော်ပြသော ဆောင်းပါးများ၊ (၂) မြန်မာ့ကျေး လက်ဓလေ့ကို ဖော်ပြသော ဆောင်းပါးများနှင့် (၃) မြန်မာ့အနုပညာကို ဖော်ပြသော ဆောင်းပါးများ ဟူ၍ သုံးမျိုး ခွဲခြားနိုင်ပေသည်။
ဆရာကြီး ဇေယျသည် မြန်မာမှုအထွေထွေကို နှံ့နှံ့စပ်စပ် လေ့လာသည်။ လေးစားမြတ်နိုးသည်။ တန်ဖိုးထားသည်။ မြန်မာ့အမျိုး သားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခါမလပ် သတိပေးသည်။ တိုက်တွန်းသည်။ လေးစားဖွယ် ကောင်းလှသော ထိုစေတနာများသည် ဆရာ၏ မြန်မာမှု ဆောင်းပါးများတွင် အထင်းသား ထင်ဟပ်ပေါ်လွင်လျက် ရှိနေပေသည်။
ယဉ်ကျေးမှု ခံယူသည့် ကိစ္စနှင့် ပတ်သက်၍ ဆရာ့သဘောထားကို ဖော်ပြလိုပါသေးသည်။ ဆရာသည် တိုင်းခြားယဉ်ကျေးမှုကို လက်ခံသည့်ကိစ္စနှင့် ပတ်သက်၍ သဘောထား ကျယ်ကျယ်ပြန့်ပြန့် ထားသည်။ အိန္ဒိယ၊ တရုတ်၊ ထိုင်း ယဉ်ကျေးမှုများမှ ကောင်းနိုးရာရာများကို “ဝါးမျို” လက်ခံခဲ့သော မြန်မာ့အစဉ်အလာကို  ဖော်ပြပြီး အသစ်အသစ် ဝင်လာသော အနောက်တိုင်း ယဉ်ကျေးမှုများနှင့် ပတ်သက်၍ “ရှေးက ပြည်ထောင်စုသားကြီးများ လက်ခံခဲ့ကြသကဲ့သို့ လာသမျှကို ဝါးမျိုချေမှုန်းပြီးလျှင် ကောင်းနိုးရာရာတို့ကို မိမိတို့ယဉ်ကျေးမှု အားတက်စေကြောင်း အသားအသွေး ဖြစ်စေလျက် ၊ မိမိတို့ မူလအင်အားကို ဖုံးလွှမ်းခန်းခြောက်စေမည့် အမှိုက်သရိုက်များကို အန်ထုတ်ပစ်ရန် လိုပေသည်” ဟု “အရိုးကို အရွက်မဖုံးစေနှင့်” ဆောင်းပါးတွင် မိန့်ဆိုထားသည်။ သင့်သည်ကိုယူ၍ မသင့်သည်ကို ပယ်ရန် မျှမျှတတ လမ်းညွှန်ထားသော ဆရာ့သဘောထားမှာ လေးစားစရာပင် ဖြစ်သည်။
ဆရာကြီး ဇေယျနှင့် ဇနီး
ဆရာဇေယျသည် ဝတ္ထုအဖွဲ့သာမက ကဗျာကိုလည်း မွေ့လျော်သည်။ ဤအကြောင်းကို သူရေးသော “ငယ်ချစ်စာအုပ်နှစ်အုပ်” ဟု ခေါင်းစဉ်တပ်ထားသော “မြန်မာ့မျက်ပွင့်” စာအုပ်ကို ဖတ်ကြည့်လျှင် သိနိုင်ပေသည်။ သို့သော် မြန်မာ့စာပေလောက၌ ကဗျာဟူသည်မှာ ပရိယေသနဝမ်းစာကို အထောက်အကူ ပြုနိုင်သော အဖွဲ့မဟုတ်ချေရကား၊ ဆရာကြီးသည် သူကြီးဂေဇက် နှင့် ရွှေပြည်တော် အမည်ရှိ အစိုးရ ပြန်ကြားရေးဌာနထုတ် စာစောင်တို့တွင် မိမိကိုယ်ကို မိမိမြုပ်နှံယင်း စာတိုပေစ မြောက်မြားစွာတို့ကို ပြုစုခဲ့ရာ ယင်းစာတိုပေစများသည် နှောင်းလူတို့အတွက် အဖိုးမဖြတ်နိုင်သော စာပေဗဟုသုတ အမျိုးမျိုးကို ရရှိစေခဲ့သည်။
မြန်မာစာပေ၊ မြန်မာမှု၊ မြန်မာ့သမိုင်းကို လေးစားတန်ဖိုးထား၍ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ စာပေများ မြောက်မြားစွာ ရေးသားခဲ့သော ဆရာကြီး ဇေယျကို ၁၉ဝဝ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပဲခူးတိုင်း ၊ ဇီးကုန်းမြို့၌ အဖ ကျက်သရေဆောင် ရွှေစလွယ်ရ သစ်တောဝန်ထောက် ဦးခလယ်၊ အမိဒေါ်ရွှေကြိုးတို့မှ ဖွားမြင်၍ ဇာတာအမည်မှာ မောင်အောင်မြင့် ဖြစ်ပြီး ၊ ငယ်မည်မှာ ဖိုးကွန်းဖြစ်သည်။ ၁၉ဝ၄ ခုနှစ်တွင် ဇီးကုန်းမြို့ အေဘီအမ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ကျောင်းနေစဉ်မှစ၍ မောင်ယောရူဟု အမည်ပြောင်းခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် ဇီးကုန်းမြို့ ဘုရားကြီးတိုက် ရွှေတောင်ကျောင်း ဆရာတော်ထံ၌ သာမဏေ ပြုခဲ့သည်။
၁၉၁၈ ခုနှစ်တွင်  သာယာဝတီမြို့ ကရင်အထက်တန်းကျောင်းသို့ ပြောင်းရွှေ့၍ အထက်တန်းပညာကို ဆက်လက်သင်ကြားသည်။ ၁၉၁၉ တွင် ပြည်မြို့အစိုးရ အထက်တန်းကျောင်းသို့ ပြောင်း၍ ကိုးတန်း ပညာကို ဆက်လက်သင်ကြားသည်။ ယင်းနောက် မောင်ယော ဟု အမည်ပြောင်းခဲ့ပြန်သည်။ ကျောင်းမှ ထုတ်ဝေသည့် လက်ရေးမူ မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ အထက်တန်းကျောင်းသား ဘဝကပင် စာပေကို လေ့လာလိုက်စားခဲ့ပြီး သူရိယမဂ္ဂဇင်း ဝတ္ထုတို ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ဝတ္ထုတို တစ်ပုဒ် ရွေးချယ်ဖော်ပြ ခံရသည်။
ဆရာကြီးသည် လူပျိုပေါက်အရွယ်ကပင် စာပေဝါသနာထုံခဲ့ရာ ဥာဏ၊ ရွှေသဇင် စသော အပေါင်းအသင်း ရောင်းရင်းများ၏ သိမ်းသွင်းမှုကြောင့် ဒဂုံမဂ္ဂဇင်းတွင် စတင်၍ ဝတ္ထုများကို ရေးသားခဲ့သည်။ ထိုစဉ်က ပဲခူးမြို့ ဇိုင်းဂနိုင်းရပ် မြန်မာကျောင်းဆရာကြီး ဦးဘိုးသစ်က ဒဂုံမဂ္ဂဇင်း အယ်ဒီတာ ဖြစ်သည်။ ထိုဆရာကြီးနှင့် တွဲဖက်၍ တည်းဖြတ်သူမှာ ကျောင်းဆရာ ၊ ဆေးဆရာ ၊ စာရေးဆရာ ဦးဘခိုင် ဖြစ်သည်။ ဦးဘိုးသစ်က ကလောင်အမည် မောင်သစ္စာ ဟု ခံယူဘိသကဲ့သို့ ဦးဘခိုင်ကလည်း ရွှေလရောင် အမည်ကို ခံယူသည်။ ဦးဘိုးသစ်ကား နောင်အခါတွင် ကဗျာရေးနည်းနိဿရည်းကျမ်းကို စီရင်သောကြောင့် သူ၏ တပည့်တပန်း မြောက်မြားစွာတို့မှာ ကဗျာဂီတတို့၌ ကျွမ်းကျင်လာကြသည်။ ဦးဘခိုင်ကား မြင်းခြံမြို့ ပညာအုပ် ဦးလွင်စီရင်ရေးသားသော ကဗျာသင်္ဂဟမေဒနီိကျမ်း ကို လက်ကိုင်ပြု၍ ကဗျာအရာ၌ ထွန်းပေါက်လာသူတစ်ဦး ဖြစ်လေသည်။
ပြဇာတ်စာပေသည် ခရစ်နှစ် ၁၉ဝဝ ပြည့်နှစ်မတိုင်မီက စ၍ မြို့ကြီးပြကြီးမှသည် လယ်တောယာတော အထိ ပျံ့နှံ့ခဲ့လေရာ ထိုပြဇာတ်တို့သည် မြန်မာ့ရိုးရာ အနုပညာ စာပေများကို အသက်ဆက်ပေးသည် ဟု ဆိုလောက်သည်။ ၁၉၂ဝ ပြည့်နှစ်တ၀ိုက်၌မူကား အနောက်တိုင်း နိုဗယ်အဖွဲ့တို့က လှုံ့ဆော်ပေးခြင်းကြောင့် မြန်မာဝတ္ထုအဖွဲ့သည် ပြဇာတ်၏ နေရာကို ဝင်၍ ယူခဲ့လေသည်။ ဇာတ်စကား ဟူသည်မှာ လင်္ကာ စကားပြေ နှစ်ထွေရောရာ ဖြစ်သည်။ ဝတ္ထုအဖွဲ့ကား စကားပြေကို အဓိက ထားသည်။ ဤလင်္ကာမှ စကားပြေသို့ ရွှေ့လျားလာသောခေတ်တွင်  ကဗျာသည် ဇာတ်ဟန်မပျောက်သကဲ့သို့၊ စကားပြေသည်လည်း ကဗျာဟန်ကို မဖျောက်နိုင်သေးချေ။ သို့သော် အဖွဲ့အနွဲ့များ စည်းကမ်းတကျ တည်တံ့လာသောအခါ ကဗျာသတ်သတ်၊ စကားပြေသတ်သတ် ဖြစ်လာသည်။
သို့သော် မည်သို့ပင် ကတ္တားခြားပေးသော်လည်း ကဗျာဓလေ့သည် ကုန်နိုင်ဖွယ် မရှိချေ။ ဆရာဇေယျနှင့် တကွသော ရေးဖော်ရေးဖက်တို့က ဒဂုံမဂ္ဂဇင်းမှနေ၍ စကားပြေခေတ်ကို ပြုစုပျိုးထောင်နေစဉ်၌ပင်လျှင် များစွာသော စာရေးဆရာတို့သည် ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရှစ်ဆယ်ပေါ် ၊ ဘောလယ်၊ လွမ်းချင်း၊ ရတု စသည်တို့ကို အများအပြား ရေးသားကြသည်။ ပရိတ်သတ်ကလည်း ယင်းတို့ကို ကောင်းကောင်းကြီး လက်ခံကြသည်။  ထိုစဉ်အတွင်း အထာကိုသိတတ်သော ကုန်တိုက်ကြီးများကလည်း ကြော်ငြာရေးရာ၌ပင် ကဗျာအဖွဲ့ကိုအားကိုးကြသည်။ နိုင်ငံခြားတို့၏ စီးပွားရေးဂွင်ထဲတွင် ရင်ဘောင်တန်းတိုးဝင်လာသော မြန်မာအဆွေကုမ္ပဏီမှာ မြန်မာ့ရိုးရာစရိုက်ကို ပို၍သိသူဖြစ်လေရာ ရောင်းကုန်မှန်သမျှကို ဒွေးချိုး ၊ လေးချိုး၊ တေးထပ်တို့ဖြင့် ကြော်ငြာခဲ့လေသည်။
ထိုကဲ့သို့သော ကဗျာခေတ်တွင် စာရေးဆရာပေါက်စ ဇေယျသည် ကဗျာအမျိုးမျိုးကို စပ်ဆိုသည်။ ဆရာသည် မြန်မာ့ဂန္ထဝင်၌ ရှိသော နည်းနာနိဿယတို့ကို ကျောင်းသားဘဝကပင်လျှင် ခံယူခဲ့သူ ဖြစ်လေရာ အစပ်အဟပ်သဘော၌ မမှန်မကန် ဟူ၍ မရှိခဲ့ချေ။ သို့သော် သူ့ကဗျာများကို ဦးဘခိုင်နှင့် ဦးဘိုးသစ်တို့ထံ တင်ပြသောအခါ အစပ်အဟပ် မှန်ကန်သော်လည်း ၊ကဗျာမဖြစ်သေးပါကလား ဟု သိရလေသည်။
ဦးဘခိုင်က ဆရာဇေယျအား “ရေးနည်းတော့ တတ်ပါရဲ့၊ မရေးတတ်သေးဘူး။ ရေးတတ်အောင် ကဗျာတွေကို ကြည့်လေဦး” ဟု ဆိုသည်။ ထို့ပြင် “ကဗျာရေးနည်းတတ်ရုံနှင့် ကဗျာရေးရာမှာ စကားအသုံးအနှုန်း ၊ အယူအငင်၊ အချိတ်အဆက် မသွက်လက်ဘူး၊ နည်းယူလောက်တဲ့ ကဗျာတွေကို များများကြည့်၊ များများလေ့လာပြီးမှ ကဗျာ ဝါးဝတယ်။ တေးထပ်ရေးလျှင် ယင်းတေးထပ်အပိုဒ် လေးဆယ်လောက် ရအောင်ကျက်၊ ကျက်ထားရုံနဲ့ ပြီးပြီလို့လဲ မအောက်မေ့နဲ့၊ ရေးလဲရေး” ဟူ၍ အကြံပေးလေသည်။ ထို့နောက် ကဗျာနည်းနိဿယကို အတုယူလေ့ကျင့်နိုင်ဖို့ရာ “ကဗျာသင်္ဂဟ မေဒနိကျမ်း” ကိုလည်း ညွှန်းသည်။
ဆရာဇေယျလည်း ထိုကျမ်းကို အသေအချာလေ့လာသောအခါကျမှ “မြန်မာစာပေကို တချက်တည်းနှင့် ကွက်ကွက် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်” ဟု ဆိုသည်။ စပ်နည်းကို သူသိပြီ။ ကဗျာအဓိပ္ပာယ်ကို သူနားလည်ပြီ။ သို့သော် လူ့ဓလေ့၊ လူ့ထုံးစံ စသည်တို့ကို နားလည်ဖို့ လိုသေးသည်။ တနည်းဆိုရသော် ပုံသဏ္ဌာန်ပိုင်းကို နားလည်သော်လည်း အနှစ်သာရပိုင်း လိုသေးသည့် သဘောဖြစ်သည်။
အနှစ်သာရဆိုသည်မှာ သူ့ခေတ်နှင့်သူ ဖြစ်ပေါ်တတ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတို့ကို ပြန်လည်ထုတ်ဖော်နေသော ခေတ်တွင် မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာတို့သည် အနှစ်သာရပင် ဖြစ်သည်။
ထို့ကြောင့် ဦးဘိုးသစ်က မြန်မာတို့၏ အစဉ်အလာများကို လေ့လာနိုင်စေဖို့ရာ “မြန်မာမဟာမင်္ဂလာ မင်းခမ်းတော်” ဟူသော စာအုပ်ကို ညွှန်းသည်။ ထိုအခါကျမှ သူသည် ရှေးခေတ် မြန်မာတို့၏ နန်းဓလေ့ အသုံးအနှုန်းတို့ကို နားလည်ခဲ့လေသည်။
ဤသို့ဖြင့် “ကဗျာသင်္ဂဟ မေဒနိကျမ်း” နှင့် “မြန်မာမဟာမင်္ဂလာ မင်းခမ်းတော်” စာအုပ်နှစ်အုပ်ကိုပင် ဆရာတင်၍ ကဗျာ၊ စကားပြေများကို ဖွဲ့နွဲ့ခဲ့လေသည်။ သူ၏ ကဗျာများမှာ ရှေးမြန်မာတို့၏ ခေတ်ကို အတိတ်ကာလမှ ပစ္စုပ္ပန်သို့ရောက်အောင် ဆွဲယူပြီးလျှင် လွမ်းဆွတ်ကြည်နူးဖွယ်ရာ ဖန်တီးသော ကဗျာများ ဖြစ်ကြသည်။
ထို့နောက် ဆရာကြီး ဇေယျသည် ၁၉၂ဝ ပြည့်နှစ်တွင် အင်္ဂလိပ် မြန်မာ ၁ဝ တန်းကို အောင်မြင်ခဲ့ပြီးနောက် ယင်းနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ မြန်မာအဆွေတိုက်တွင် တိုက်ပိုင်ရှင်၏သားသူငယ်ချင်းဖြစ်သူ မောင်မောင်လေးကို အကြောင်းပြု၍ အလုပ်ဝင်လုပ်သည်။ မကြာမီအတွင်း မောင်မောင်လေး၏ မျက်နှာကြောင့်လည်းကောင်း၊ စာပေဝါသနာအခံကလည်း ရှိနေသဖြင့် တိုက်ထိုင် စာရေးဆရာတစ်ဦးဖြစ်လာသည်။ ထိုအချိန်မှစ၍ ‘ဒဂုန်ဇေယျ’ ကလောင်အမည်ခံပြီးလျှင် စာရေးများခဲ့သည်။ ဒဂုန်မဂ္ဂဇင်း၌ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုတိုမှာ “ဗိုလ်ရန်အောင်” ဖြစ်သည်။ ထို့နောက် မြနှင်းနွယ်၊ မြတ်လေးရွှေဓါးဗိုလ်၊ လိုက်တော်မူခဲ့၊ ရွှေဂျိုးဖြူ ဝတ္ထုများကို ဆက်လက်ရေးသားခဲ့သည်။
ဆရာဇေယျသည် ဒဂုန်မဂ္ဂဇင်း၌သာမက လန်ဒန်အတ် မဂ္ဂဇင်း၊ ဗြိတိသ၊ျှဘားမားမဂ္ဂဇင်း၊ ဓူဝံမဂ္ဂဇင်း၊ ကဝိတံခွန်မဂ္ဂဇင်း၊ စာဆိုတော် မဂ္ဂဇင်း စသည်တို့၌လည်း  စာရေးခဲ့၍ တစ်မတ်တန်ဝတ္ထု အများအပြားကိုလည်း ရေးသားထုတ်ဝေခဲ့ဖူးသည်။
၁၉၂၄ခုနှစ်မတ်လတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏သမီးကြီးမမြရီနှင့် ထိမ်းမြားလက်ထပ်ခဲ့ သည်။
၁၉၂၅ ခုနှစ် မတ်လတွင် ဒဂုန်မဂ္ဂဇင်းတိုက်မှ အလုပ်ထွက်လိုက်ပြီးနောက် ဧပြီ ၁ဝ ရက်နေ့တွင် “ဇေယျသတင်းစာ” ကို စတင်ထုတ်ဝေခဲ့သည်။ ဇေယျဂျာနယ် ဟု အသိများသော်လည်း သတင်းစာထုတ်ဝေရန် ရည်ရွယ်ချက်ဖြင့် ဇေယျသတင်းစာ ဟု အမည်တပ်ထားသည်။ သို့သော် ထုတ်ဝေပုံမှာ ဂျာနယ်ပုံစံ ဖြစ်သည်။ အပတ်စဉ် ထုတ်ဖြစ်ပြီး ၉ လခန့်သာ သက်တမ်း ရှည်သည်။ စာစောင် ၂ တွင် မည်သည့်နိုင်ငံရေး ပယောဂ ဝါဒသို့မျှ မသက်ဝင်ဘဲ လောကီလောကုတ္တရာ အထွေထွေဗဟုသုတကို ရေးသားသွားမည် ဟူ၍ စာစောင်၏ အာဘော်ကို ဖော်ပြထားသည်။
ဂျာနယ်တွင် အပတ်စဉ်ကဏ္ဍ၊ ဝတ္ထုတို၊ ဇေယျ၏ သီတာပျံ အခန်းဆက်ဝတ္ထုရှည်၊ သခင်ကိုယ်တော်မှိုင်း၏ မြင်းဋီကာနှင့် ဆွာရတ်ဋီကာ ၊ဆောင်းပါးများ ၊ေ ယာအတွင်းဝန် ဦးဘိုးလှိုင်၏ ‘လီပိဒီပိကာ’ တို့ ပါဝင်သည့်အပြင် ပီမိုးနင်းက စာရေးဆရာများအကြောင်း အပတ်စဉ်ရေးသားပေးသည်။ ဂီတိပဉ္စရီအခန်း ဖွင့်ထားပြီး ရှေးဟောင်းကဗျာများကိုလည်း ဖော်ပြသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ အကြီးတော် ဦးသံမှို၊ မန္တလေး ဆရာမွှန်း၊ ပျဉ်းမနားမောင်ချစ်ခင်တို့၏ ကဗျာများလည်း ပါဝင်လေ့ ရှိသည်။
ထို့နောက် ရုပ်ရှင်ကုမ္ပဏီထုတ် လန်ဒန်အတ် မဂ္ဂဇင်းတွင် တွဲဖက်အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် ဗြိတိသျှဘားမားမဂ္ဂဇင်းနှင့် ဓူဝံမဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် ဆက်လက် အမှုထမ်းသည်။ ၁၉၂၈ ခုနှစ်တွင် လန်ဒန်အတ် ရုပ်ရှင်ကုမ္ပဏီတွင် လခစား ဇာတ်ညွှန်းရေး ဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ ဆရာဇေယျသည် မြန်မာမှု ဗဟုသုတများကို ဝါသနာထုံသောကြောင့် အချိန်ရတိုင်း ဘားနတ်အခမဲ့ ပိဋကတိုက်သို့ သွား၍ေ ပ ပုရပိုက် စာအုပ်စာတန်းများကို ရှာဖွေလေ့လာ မှတ်သားသည်။
ထို့ပြင် အင်္ဂလိပ် စာဘက်၌လည်း ဆရာ၏ ဝီရိယမှာ မနည်းပါ။ အင်္ဂလိပ်စာကျွမ်းသော ဦးခင်မောင်၊ ပီမိုးနင်းတို့ထံ ချဉ်းကပ်နည်းယူ၍ အင်္ဂလိပ် စာကောင်းပေကောင်းတွေကို သူဖတ်ရကောင်းမှန်း သိလာသည်။ ဦးခင်မောင် အယ်ဒီတာလုပ်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဘားမားအော့ဖ်ဇားဘား(Burma Observer) သတင်းစာ၌ အင်္ဂလိပ်လို ဆောင်းပါးများ ဝင်ရောက်ရေးနိုင်သည့်အခြေသို့ပင် ရောက်ရှိခဲ့သည်။
ဦးခင်မောင်နှင့် သိကျွမ်းခင်မင်ခဲ့ခြင်းသည်ပင် ဆရာဇေယျ၏ ဘဝကို တမျိုးတဖုံ ပြောင်းလဲစေခဲ့လေသည်။ အကြောင်းမှာ ၁၉၃၁ ခုနှစ်တွင် ဦးခင်မောင်သည် ဘားမားအော့ဖ်ဇားဘားမှ အလုပ်ထွက်၍ အစိုးရထုတ် သူကြီးဂေဇက်သတင်းစာ၌ အလုပ်လက်ခံရာ ဆရာဇေယျလည်း သူ့လက်ထောက်အဖြစ် သူကြီးဂေဇက်သို့ ပါသွားလေသောကြောင့် ဖြစ်သည်။
သူကြီးဂေဇက်သည် ဗုဒ္ဓဟူးနေ့တိုင်း ထွက်လေသည်။ ထိုစာစောင်တွင် ပါနေကျ အခန်းများမှာ အယ်ဒီတာမှတ်စု၊ အတိုအထွာသတင်း၊ ကမ္ဘာ့သတင်း၊ အပတ်စဉ်ကောက်ပဲသီးနှံ အစီရင်ခံစာ၊ အစိုးရကြော်ငြာစာ၊ ၀တ္ထုတို၊ မြန်မာစာပေကောက်နုတ်ချက်၊ နိုင်ငံခြားတိုင်းပြည် တင်ပို့သည့် ဆန်စာရင်း စသည်တို့ ဖြစ်သည်။ ဆရာဇေယျက အယ်ဒီတာမှတ်စု၊ မြန်မာစာပေ ကောက်နုတ်ချက်၊ ဝတ္ထုတိုတစ်ပုဒ်၊ ပေါင်း သုံးခုကို ပုံမှန်ရေးရသည်။ အယ်ဒီတာမှတ်စုမှာ အတွေးလည်းပါ၊အရေးလည်းလှသော နီတိ စာကလေးများပင် ဖြစ်သည်။ သူကြီးဂေဇက်၌ ဇေယျ ကလောင်အမည်အပြင် မင်းလက်ျာ ၊ သီလဝင် ကလောင်ကွဲများဖြင့်လည်း ဝတ္ထုတိုများ ရေးသားခဲ့သည်။
ဆရာဇေယျသည် ထိုခေတ်တွင် သူကြီးဂေဇက်၌သာမဟုတ်၊ အခြားမဂ္ဂဇင်းများ၌လည်း ဆောင်းပါး၊ ၀တ္ထုတိုများ ဝင်ရောက်ရေးသေးသည်။ စာဆိုတော်မဂ္ဂဇင်း၌ သူရေးခဲ့သော ‘သူကြီးအို’ အမည်ရှိ ၀တ္ထုတိုမှာ လက်ရာကောင်း တစ်ပုဒ်ပင်ဖြစ်သည်။ ဇာတ်ကြောင်းမှာ မဆန်းလှချေ။ ဒါဘာပွဲသတင်၌ လေးနိုင်ငံဝန်ရှင်တော် မင်းကြီး၏ ငွေဓားဆုရသော သူကြီးအိုတစ်ဦး၏ ကျွန်စိတ်ကို ခွဲစိတ်ပြထားသည်။ ရေးပုံမှာ စိတ်ကူးလည်း မယဉ်၊ တမင် အဘိဓမ္မာထုတ်သည့် သဘောလည်း မပါ၊ အမှန်ဒိဌမြင်ရကြုံရသည့် သဘောအတိုင်းပင် ဖြစ်သည်။
၁၉၃၈ တွင် ဟင်ဒရစ်ဖန်လွန်း (Hendrik van Loon  ) ၏ (The Story of Mankind) စာအုပ်ကို  “လူ” အမည်ဖြင့် ဘာသာပြန်ဆိုခဲ့သည်။
၁၉၄၂ တွင် ဂျပန်ခေတ်၌ ပညာရေးဌာန လက်အောက်ရှိစာပေနှင့် စာကြည့်တိုက်ဌာနတွင် ဦးသိန်းဟန် (ဇော်ဂျီ) ၊ ဦးမောင်မောင်ကြီး  တို့နှင့် အတူ အလုပ်ဝင်လုပ်သည်။ စာရေးဆရာ မဂ္ဂဇင်းတွင် အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ဂျပန်စာရေးဆရာ ဘင်ဟာရာ၏ ‘နိပွန်စိတ်ဓါတ်’ စာအုပ်ကို ဘာသာပြန်ဆိုခဲ့သည်။
၁၉၄၇ တွင် ပြန်ကြားရေးဌာနခွဲ ဒုတိယညွှန်ကြားရေးဝန်အဖြစ် ဆောင်ရွက်ပြီး ၊ ၁၉၄၈ တွင် ညွှန်ကြားရေးဝန်အဖြစ် ဆက်လက်ဆောင်ရွက်သည်။ အမှုထမ်းဘဝတွင် စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ ဆောင်းပါး အများအပြားရေးသားခဲ့သည်။ ဆရာဇေယျ၏ ဆောင်းပါးများကို အမျိုးအစားခွဲလျှင် ကျယ်ပြန့်လှပေသည်။ ပမာဆိုသော် ‘တကောင်း ပြဿနာ’ ၊ ‘မိန်းမပြည်စိုး’ ဆောင်းပါးများသည် ရာဇဝင်ရေးရာကို တင်ပြသည်။ ‘ဇာတ်ရုံနှင့် ဇာတ်စကား’ ‘သဘင်နှင့် ပညာ’ ဆောင်းပါးများသည် သဘင်မှုကို ဆွေးနွေးစေသည်။ ‘ဒေါင်းပဝါလည်မှာဆည်းပါလို့’ ဆောင်းပါးသည် အမျိုးသားစိတ်ဓါတ်ကို ဖွင့်ဟသည်။ ‘ကယင်ထုံး’ ဆောင်းပါးသည် စကားအသုံးအနှုန်းကို စိစစ်သည်။ ‘မဂ္ဂဇိန်မှ မဂ္ဂဇင်းသို့’ ဆောင်းပါးသည် မဂ္ဂဇင်းသမိုင်းကြောင်းကိုလိုက်သည်။ ‘ပုဂံဖက်သို့ မျှော်လိုက်တော့’ ၊ ‘ပုဂံရောက် ညောင်ဦးတဝိုက်’ ဆောင်းပါးများသည် ရှေးဟောင်းဒေသသို့ ခရီးလှည့်သွားလာမှုကို ဖွဲ့နွဲ့သည်။ ‘စာတိုပေစ’၊ ‘မိဖမဲ့ ကဗျာကလေးများ’ ဆောင်းပါးများသည် တောကြိုအုံကြားမှ ကဗျာများကို လူအများ၏ မြင်ကွင်းသို့ ပို့သည်။ ‘ကျောင်းစာနှင့်ကဗျာ’ ဆောင်းပါးသည် ကဗျာသဘောကို ရှင်းလင်းသည်။ ‘စာရေးဆရာ’ ဆောင်းပါးသည် စာရေးဆရာတို့၏ အတွင်းသဏ္ဌာန်ကို နှိုက်ကြည့်သည်။ ‘ဖန်ပြာခွက်နှင့် ကျောက်စက်ရေ’ ၊ ‘ရုပ်လှစိတ်လှ’ ဆောင်းပါးများသည် အလှတရားကို နှလုံးသွင်းကြည့်သည်။ ‘ကောက်ရိုးနွယ်’ ၊ ‘မြခက်ကလေး၏ မျက်နှာ’ ဆောင်းပါးများသည် တောသူတောသားတို့၏ ရိုးသားဖြူစင်မှုနှင့် ကြံ့ခိုင်မှုကို ချီးပင့်ထားသည်။ ‘ဘားနဒ်လူမွဲ တက္ကသိုလ်’၊ ‘လမ်းဘေးတက္ကသိုလ်’ ဆောင်းပါးသည် ဆရာဇေယျ ပညာရှာခဲ့သောဘဝတက္ကသိုလ်ကို ဖော်ပြနေသည်။
ဤသို့ စာပေဖြင့် နိုင်ငံ့ဝန်ကို ကျေပွန်ခဲ့သော ဆရာဇေယျကို ၁၉၅ဝ ပြည့်နှစ်တွင် ၀ဏ္ဏကျော်ထင်ဘွဲ့၊ ၁၉၅၅ တွင် သီရိပျံချီဘွဲ့တို့ကို ချီးမြှင့်ခဲ့သည်။ ဗြိတိန်၊ တရုတ်ပြည်သို့လည်း ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။ အင်္ဂလန်မှအပြန် တခြားအသုံးအဆောင် ဘာပစ္စည်းကိုမှ ဝယ်မလာဘဲ စာအုပ်တစ်အုပ်ကိုသာ ဈေးကြီးပေးပြီး ဝယ်လာခဲ့လေသည်။ သူဝယ်လာခဲ့သော စာအုပ်မှာ သက္ကတဘာသာ ကထာသရိတ သာဂရ အင်္ဂလိပ်ဘာသာပြန် Ocean of Stories (ဝတ္ထုသမုဒ္ဒရာ) ဖြစ်သည်။ C.H Tawney အင်္ဂလိပ်ဘာသာပြန်ပြီး လန်ဒန်မှ ရိုက်နှိပ်ထုတ်ဝေထားသည့် အတွဲ ၁ဝ တွဲရှိသော ယင်းစာအုပ်သည် ထိုစဉ်က မြန်မာနိုင်ငံတွင် ဆရာဇေယျမှတပါး မည်သည့်နေရာမှာမှ မရှိပေ။
ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် ရာထူးမှ အငြိမ်းစားယူပြီးနောက် မြန်မာနိုင်ငံ သမိုင်းကော်မရှင်၊ ယဉ်ကျေးမှုကောင်စီ၊ မြန်မာစာပေပြုစုရေးနှင့် ဘာသာပြန်ကောက်မရှင်၊ စာပေဗိမာန် ဆု ရွေးချယ်ရေး အဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ် စာပေယဉ်ကျေးမှုလုပ်ငန်းများကို တာဝန်ယူခဲ့သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့သည်။
၁၉၆၆ တွင် ဆရာဇေယျ၏ မြတ်လေးရွှေဓါးဗိုလ် ဝတ္ထုကို ပြန်လည်ထုတ်ဝေသည်။ အဆိုပါ ဝတ္ထုသည် Baroness Orezy ၏ The Scarlet Pimpernel ကိုမှီး၍ ရေးသားထားသော ရာဇဝင်စွန့်စားခန်း ဝတ္ထုရှည်ပင် ဖြစ်သည်။ ရေးသားခဲ့သော ဆောင်းပါးများကို စုစည်း၍ မြန်မာ့မျက်ပွင့် – ၁ (ရွာဓလေ့ လူ့ဓလေ့) ၊ မြန်မာ့မျက်ပွင့် – ၂ (စာဓလေ့) စာသဘင်၊ ဇေယျ၏စာ ၊ ဇေယျ၏စာတန်း ၊ စာတွေ့ ငါတွေ့၊ စာတိုပေစ၊ ဗမာ့အရေးနှင့် အနုပညာအသွေး၊ မြန်မာ့စာ၊ မြန်မာ့စိတ်၊ မြန်မာ့မာန်၊ မှတ်တမ်းဝင်ဗမာ့အရေးအခင်းများ၊ မိန်းမ စာအုပ်များ ထုတ်ဝေခဲ့သည်။ ထို့ပြင် ဤသုံးဦး၊ သိန်းလေးဆယ်၊ အနုမြူ စာအုပ်များကိုလည်း ရေးသားခဲ့သည်။
ဆရာဇေယျ ရေးသားခဲ့သော ရွှေအင်ကြင်းနှင့် ခရီးသည် ဝတ္ထုတိုနှစ်ပုဒ်ကို ဂျာမန်စာပေ သုတေသီ ဒေါက်တာအန်နီမာရီအက်ရှဲလ် (ဒေါ်နှင်းဆီ) ကဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့သည်။ သူကြီးအို ကိုတက္ကသိုလ် ထင်ကြီး ကလည်းကောင်း ၊ ဒီအချိန်ပေါ့ ဝတ္ထုဆောင်းပါးကို ဗမိုး ကလည်းကောင်း အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့သည်။
ဆရာဇေယျရေးသားခဲ့သော မြန်မာ့မျက်ပွင့် – ၁ သည် ၁၉၆၁ တွင် စာပေဗိမာန် စာပေဒသာဆုကို ရရှိခဲ့သည်။
ဆရာကြီးဇေယျသည် ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်မြို့စမ်းချောင်းရပ်၌ ကွယ်လွန်သွားခဲ့ရာ ကွယ်လွန်ချိန် ဇနီးဖြစ်သူ ဒေါ်မြရီနှင့် သားသမီးများ ကျန်ရစ်ခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments