သံသရာလမ်း ကျွန်မ လျှောက်မယ် ခပ်ရဲရဲ

February 10, 2014

ဖိုးထက်
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄

 

စာရေးဆရာကြီး မက္ကေလေး က ”သင်သည် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာတစ်စောင်ကို ဖတ်တော့မည်ဆိုလျှင် သူ၏ကြွားလုံး လေးများကို ကြားနာရန် ပြင်ဆင်ထားရလိမ့်မည်” တဲ့။ ရွှေဥဒေါင်းကြီး၏ “ဘ၀တစ်သက်စာ မှတ်တမ်းများ”၊ စစ်ကိုင်း ဦးဘိုးသင်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တို့ကို ဖတ်ကြည့်လျှင် ဆရာကြီးတို့၏ ကြွားလုံးလေးများကို မြင်ရပါလိမ့်မယ်။

 

အခုလဲ ကျွန်မ အကြောင်းကို ပြန်ပြောပြချင်တာဆိုတော့ တစ်ချို့ နေရာတွေမှာ ကြွားလုံးလေးတွေ ပါရင်လဲ သီးခံလို့ ပြောရမှာပါဘဲ။ ကျွန်မနာမည်လား။ အရေး မကြီးပါဘူး။ ကျွန်မ ဆိုတဲ့ နာမ်စားသုံးလို့ ဟိုး…အချစ်ဝတ္ထုတွေထဲက မောင်နဲ့ ကျွန်မ၊ ရှင်နဲ့ ကျွန်မ စတဲ့ ကျွန်မလိုမျိုး ကျွန်မမျိုး မဟုတ်ဘူး။ ကျွန်မလို့ သုံးတာ စာဖတ်သူကို ယဉ်ကျေးသမှုနဲ့ နာမ်စား သုံးတယ်လို့ဘဲမှတ်ပါ။ ကျွန်မအသက် ၆၄ ရှိပြီ။ တကယ်ဆိုရင် သားတို့၊ သမီးတို့ လို့ ပြောမယ်ဆို ပြောရပါပြီ။

 

နောက်ပြီး ဘ၀တစ်လျှောက်လုံး ဆရာမ အလုပ်ဘဲ လုပ်လာခဲ့တဲ့ သူပီပီ သားတို့၊ သမီးတို့ ခေါ်တာလဲ နှုတ်က ကျိုးနေပြီ။ ဒါပေမယ့် အခုတော့ လေးစားရိုသေတဲ့ အနေနဲ့ ကျွန်မလို့ဘဲ သုံးပါရစေတော့။

 

နေအုံး….ကျွန်မ အကြောင်း၊ အိမ်ထောင်ရေး အကြောင်း မပြောခင် အမေနဲ့ အဖေ့ အကြောင်း ပြောရအုံးမယ်။ ကျွန်မ လူမှန်းသိစအရွယ် ဘဘ လို့ ခေါ်နိုင်တဲ့ အရွယ်မှာ ကျွန်မ အဖေက ရှမ်းပြည်ဘက် ထွက်သွားတာဆိုလား၊ ဘာဆိုလား အမေပြန်ပြောပြလို့ သိရတာဘဲ။ ကျွန်မကတော့ ဘဘ လို့ ခေါ်တာလဲ မမှတ်မိဘူး။ မျက်နှာတောင် ပြန်စဉ်းစားရင် ဝေေ၀၀ါးဝါး။ အမေနဲ့ အဖေနဲ့က အိမ်ထောင်ရေး အဆင်မပြေဘူး ထင်ပါရဲ့။  အဖေကလဲ လားရှိုးဘက်မှာ နောက်အိမ်ထောင် ကျဆိုလား ကြားရရဲ့။ ကျွန်မရဲ့ အဖေတူ အမေကွဲ မောင်နှမတွေတောင် ရှိတယ်လို့ ဆိုကြရဲ့။ ဒါပေမယ်လဲ သူတို့ကလဲ ကိုယ့်ဆီမလာ။ ကိုယ်ကလဲ မသွားနိုင်။

 

ကျွန်မကလဲ အဖေ့အကြောင်းကို အမေ့ကို နှိုက်နှိုက်ချွတ်ချွတ် မေးကြည့်မနေပါဘူး။ ငယ်ဘ၀ကို သိပ်ပြီး မှတ်မှတ်ရရ ရှိနေချင်တာလဲ မရှိပါဘူး။ ကျွန်မ ငယ်ငယ်ဘ၀ကို ကောင်းကောင်းမှတ်မိတာကတော့ ကျွန်မအိပ်ရာက နိုးရင် အမေက အိမ်မှာ မရှိတော့ဘူး။ ဆေးလိပ်ခုံမှာ ဆေးလိပ် လိပ်တဲ့ ဆေးလိပ်သမဆိုတော့ မနက်အစောကြီး အိပ်ရာထ။ ကျွန်မ အတွက် မနက်စာပြင်။ သနပ်ခါးသွေးပေးသွား။ ပြီးရင် ဆေးလိပ်ခုံထွက်သွားတာဘဲ။

 

ကျွန်မက ကျောင်းချိန်နားနီးမှ အိပ်ရာက လူးလဲထ။ အမေပြင်ပေးထားတဲ့ မနက်စာ ထမင်းကြမ်းနဲ့ အကြော်ဖြစ်ဖြစ်၊ ကောက်ညှင်းပေါင်း ဖြစ်ဖြစ် ခပ်သွက်သွက်စား။ ကျောင်းကို အမြန်ပြေး။ နေ့ခင်းစာကို အမေချက်ထားတဲ့ ဟင်းနဲ့ ထမင်းကို အိမ်မှာ ပြန်စား။ ကျောင်းကို ပြန်။ ညနေ ကျောင်းဆင်း အိမ်ပြန်လာတော့ အမေက အိမ်ပြန်ရောက်နေပြီ။ သားအမိနှစ်ယောက် ရေမိုးချိုး။ အမေက ဘုရားရှစ်ခိုး။ ကျွန်မက ကျောင်းကပါလာတဲ့ အိမ်စာတွေနဲ့ စာတွေကျက်။ ပြီးရင် အိပ်ရာဝင်ကြ။

 

အမေက ကျွန်မ ကျောင်းစာတွေ လိုက်နိုင်လား၊ မလိုက်နိုင်ဘူးလား မသိဘူး။ မသိဆို အမေက လေးတန်းတောင် အောင်ရှာတာ ဟုတ်ဘူး။ အောင်မယ်…ဒါပေမယ့် သူ့သွား အထင်မသေးနဲ့။ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးက ပြီးလာတဲ့သူ ပီပီ ဇာတ်ကြီးဆယ်ဖွဲ့၊ ငါးရာ့ ငါးဆယ် ဇာတ်နိပါတ်၊ ဘုရားရှစ်ခိုး၊ မေတ္တာပို့ အကုန်ရတယ်။ နောက်ပြီး သူစိတ်ဝင်စားတဲ့ နတ်တွေအကြောင်းကလဲ ဘာပြောသလဲ မမေးနဲ့။ ခေတ်ပညာတွေ ဖြစ်တဲ့ သချာင်္၊ သိပ္ပံ၊ ပထ၀ီ ဘာမှ မသိဘူး။

 

ဒီတော့ ကျွန်မက စာမလိုက်နိုင်ရင် ဘေးအိမ်က အတန်းကြီးတွေတက်နေတဲ့ မမအုန်း (အခုတော့ သေရှာပြီထင်ပါရဲ့) တို့ ညီအမတွေစီ စာသွားမေး။ အမေက ကျွန်မပညာရေးနဲ့ ပါတ်သက်ပြီး ဆိုးသည်၊ ကောင်းသည် တစ်ခွန်းမှ မပြောဘူး။ သူပြောတာ တစ်ခွန်းဘဲ။ ငါ့သမီး ပညာတတ်ကြီး ဖြစ်အောင် ကြိုးစား။ အမေလို ဆေးလိပ်သမ အဖြစ်မခံနဲ့တဲ့။ ကျွန်မကတော့ အမေ့ ဆေးလိပ်သမ ဘ၀ကို နိမ့်ကျတယ် ဘာရယ်လဲ သိပ်တွေးနေတာ မဟုတ်ပါဘူး။ ကိုယ်ပိုင် ဥာဏ်လေးလဲ နည်းနည်းကောင်း၊ စာကိုလဲ လေးလေးစားစား ကြည့်ခဲ့တော့ တစ်နှစ်တစ်တန်းနဲ့ ဆယ်တန်းလဲ နှစ်ခြင်းပေါက် အောင်ခဲ့တယ်။

 

ဆယ်တန်းအောင်၊ မန္တလေး ဒေသကောလိပ်လာတက်တော့ သူနဲ့ စတွေ့တာဘဲ။ သူဆိုတာ ကျွန်မ အမျိုးသားပေါ့။ သူက မန္တလေးသား။ ကျွန်မထက် ငါးနှစ်လောက် အသက်ကြီးတယ်။ ကျွန်မကတော့ သူ့ကို သူ့အိမ်က ခေါ်သလို ကိုလတ် လို့ လိုက်ခေါ်တယ်။ ကိုလတ်ကို ကျွန်မ ချစ်ပါတယ်။ ဒါပေမယ့် ကိုလတ်က အရာရာမှာ ပေါ့ပေါ့လျော့လျော့ဘဲ။ အလေးအနက်မထားဘူး။ ဒါပေမယ့် ကျွန်မလို တောက တက်လာတဲ့ ဆေးလိပ်သမ သမီး တောသူအတွက်တော့ ကိုလတ်က အားကိုးစရာပါ။ ဒီလိုနဲ့…နားနဲ့ မနာ..ဖ၀ါးနဲ့သာ နာပါတော့။ ကျွန်မနဲ့ ကိုလတ် လွန်လွန်ကျူးကျူး ဖြစ်ခဲ့ကြတယ်။ အမေကလဲ သူ့ဝမ်းက မွေးထားပြီး တစ်သက်လုံး အတူနေလာတဲ့ သမီးဘဲ။ သိတော့တာပေါ့။

 

ကိုင်းပါ တိုတိုဘဲ ပြောကြပါစို့….ကိုလတ်နဲ့ ကျွန်မ အိမ်ထောင်ကျတော့ ကျွန်မအသက် ဘာရှိအုံးမလဲ။ ၁၉ နှစ်ကျော်ကျော်ဘဲ ရှိအုံးမှာပေါ့။ ဆရာဖြစ် TTC က ဆင်းခါနီးနေပါပြီ။ ကျွန်မအိမ်ထောင်ကျတော့ အမေလဲ မန္တလေးမှာ လိုက်လာနေတယ်။ မန္တလေး အနောက်ပိုင်း မီးခြစ်စက်ဝင်း နားလေးက ကိုလတ်တို့ အိမ်ဝိုင်းထဲမှာ အိမ်လေး တစ်လုံး ဖြစ်သလို ဆောက်ပြီး သားအမိနှစ်ယောက် ကိုလတ်မျက်နှာ တစ်ရွာထင်ပြီး နေခဲ့ကြတာပါ။

 

ကျွန်မ အိမ်ထောင်ရေးလား။ အဆင်မပြေပါဘူး။ ငယ်ငယ်ရွယ်ရွယ်၊ အလုပ် အကိုင်ကမရှိသေး။ ကိုလတ်ကလဲ လူပျိုစိတ်မပျောက်။ ကျွန်မကလဲ ငယ်ငယ်ရွယ်ရွယ် မာန်မာန ကြီးကြီး။ ရန်ဖြစ်ရ၊ သတ်ရတာ ဘယ်နည်းလိမ့်မလဲ။ ကိုလတ်အမေ ကျွန်မ ယောက္ခမကြီးကလဲ ခပ်ဆိုးဆိုးပါ။ ယောက္ခမနဲ့ ချွေးမ မတည့်တာ မထူးဆန်းပေမယ့် ကျွန်မကို ဆိုရင် ယောက္ခမကြီးက သိပ်နှိမ်တယ်။ ကျွန်မကို နှိမ်တာ ထား အုံးတော့ ။ အမေ့ကို ဆေးလိပ်သမကြီးက ဘာက..ညာက ဆိုပြီး ပြောတာတော့ လွန်တယ် ထင်တာဘဲလေ။ ကိုလတ်အဖေ၊ ကျွန်မ ယောက်က္ခထီးကြီးကတော့ လူအေးကြီး။ ဘယ်လောက်အေးသလဲဆိုရင် သူ့ရှေ့မှာ သူ့သားသမီးတွေ ရန်ဖြစ်လို့ အချင်းချင်း ဖိနပ်တွေနဲ့ ကောက်ပေါက်ပြီး သူ့မျက်နှာနားက ဖြတ်သွားတာတောင် တစ်ခွန်း ထမပြောဘူး။ မျက်လုံးကြီးမှိတ်ပြီး ၀င်သက်၊ ထွက်သက်ဘဲ မှတ်နေတာလား။ စိတ်ဘဲ ပျက်တာလားတော့ မသိဘူးပေါ့။

 

အင်းပါ…နောက်တော့ ကျွန်မကလဲ SAT (အထက်တန်းပြ ဆရာမ) ဖြစ်။ ကိုလတ်ကလဲ SAT ဖြစ်။ ကိုလတ်ကလဲ သူနဲ့ ကျွန်မ တစ်နယ်ထဲ မကျအောင် posting တင်သလားတော့ မပြောတတ်ဘူး။ လင်မယားကွဲသာ ကွဲရော။ ဘယ်တော့မှ တစ်ကျောင်းထဲ အလုပ် တူတူ မလုပ်ဘူး ဘူး။ ဒီလိုနဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေဆိုရင် ကိုလတ်က လာရင်လာ၊ ကျွန်မက သူ့ဆီသွားချင်သွား။ တစ်နှစ်မှာ နွေ ကျောင်းပိတ်ရက် သုံးလလောက်ဘဲ လင်ရယ်၊ မယားရယ် ဘ၀ ရတာပါ။

 

ဒါနဲ့ဘဲ ကျွန်မ သမီးသုံးယောက်နဲ့ အငယ်ဆုံး အကောင် ယောင်္ကျားလေး တစ်ယောက်ရလာတယ်။ သားယောင်္ကျားလိုချင်လို့ မွေးရင်း မွေးရင်းနဲ့ ဆရာမ ဘ၀နဲ့ သားသမီး လေးယောက် ရလာတာဘဲ။ အခုကျွန်မ သမီးတွေ ကလေးတစ်ယောက်နဲ့တင် တော်ပါပြီ အမေရယ်၊ အမေများ ကျွန်မတို့ လေးယောက် ဘယ်လို သတ္တိနဲ့များ မွေးလာပါလိမ့်လို့ မေးတတ်ကြတယ်။ ကျွန်မ ပြန်စဉ်းစားကြည့်တယ်။ အမေ့ကျေးဇူးတွေလေ။ ကျွန်မက မွေးပြီး သမီး တာဝန်ကျရာ နယ်မှန်သမျှ လိုက်နေတဲ့ အမေ့ကျေးဇူးတွေပေါ့။ ဒီကောင်မ သုံးယောက်နဲ့ ဟိုကောင် သူ့မေကြီးလက်ပေါ် ကြီးတာဘဲ။ ကျွန်မက ကျောင်းနဲ့ အပိုဝင်ငွေလေး ရအောင် ကျူရှင်ပြရနဲ့ ဘယ်မှာ ကလေးတွေ ပြန်ကြည့်နိုင်မလဲ။

 

ကိုလတ်နဲ့ ကျွန်မ အိမ်ထောင်ကွဲတော့ အကြီးကောင်မ ဆယ်တန်းအောင်ပြီးစ။ အငယ်ကောင်ဆို လေးတန်းတက်မှာ။ အကြီးမက ဆယ်တန်းအောင်တော့ နယ်ကျောင်းကနေ ခြောက်ဘာသာ ဂုဏ်ထူး၊ ခိုးမချဘဲနဲ့ အောင်တာလို့ ပြောရင် ကျွန်မကို ကြွားတယ်လို့ ပြောမှာလား၊ သမီးအတွက် ဂုဏ်ယူတဲ့ အမေလို့ ပြောမလား။ ထင်ချင်သလို ထင်ပေါ့လေ။ ပြောပြီး ပါပြီရော။ နည်းနည်းတော့ ကြွားမယ် လို့လေ။ ဟုတ်တယ်။ သမီးက ဆေးကျောင်းတက်ဖို့ လုပ်နေတုံး။ ၈၈ အရေး အခင်းကြီး ပြီးခါစ။

 

ကိုလတ်နဲ့ ကျွန်မ အိမ်ထောင်ရေးက ဘယ်လိုမှ ပြန်ညှိလို့ မရတော့လောက်အောင် ဖြစ်လာတာ။ သားသမီး လေးယောက်ရှိမှ ကွဲရသလားလို့ မေးမယ်ဆိုလဲ မေးစရာပေါ့။ တကယ်ကွဲမယ်ဆိုရင် အကြီးကောင်မ မွေးပြီးကတည်းက အိမ်ထောင်ကွဲတာ ကြာပေါ့။ သီးခံရင်း သီးခံရင်း၊ ငယ်လင်ငယ်မယား ချစ်တာရော ပါတော့ သူချော့ရင် ပါ ပါသွားပြီး အခု သားသမီးတွေ အရွယ်ရောက်မှ ဘယ်လိုမှ မဖြစ်တော့လို့။

 

သတ္တ၀ါတွေမှာ အထီးတွေက အမတွေထက် ပိုပြီး တာဝန်ယူစိတ် နည်းတယ်ဆိုတာ ကျွန်မတို့ လောကကြီးမှာ အနိမ့်ဆုံးလို့ သတ်မှတ်ထားတဲ့ ခွေးတွေမှာဘဲ ကြည့်တော့။ ခွေးထီးတွေက သူ့ကိစ္စ ၀ိစ္စပြီးရင် (ကန်တော့ပါရှင်။ ကလေး လေးယောက် အမေ အသက် ၆၀ ကျော်ကြီးပြောတယ်လို့ မှတ်ပါ) ဘယ်မှာ ပြန်ကြည့်လို့လဲ။ ခွေးမတွေသာ မွေးလာတဲ့ သားသမီးတွေကို ရှာဖွေ ကျွေးရ၊ မွေးရနဲ့။ နောက် ကြက်ဖနဲ့ ကြက်သအုပ်မကြီးတွေကြည့်။ ကျွန်မဆိုလိုချင်တာက ယောက်ကျာင်္းတွေကို တိရိစ္ဆာန်စိတ်ရှိတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိသားစုအပေါ်၊ အိမ်ထောင့်အပေါ်မှာ သံယောဇဉ် ရှိကြစတမ်းဆိုရင် ယောကျာင်္းတွေက မွေးရာပါ အထီးစိတ် ရှိကြတယ်လို့ ဆိုလိုချင်တာ။ ဟို စာရေး ဆရာမလေး ဂျူး လိုလဲ ယောကျာင်္းတွေ ကို သရုပ်ပေါ်အောင် ကွက်ကွက်ကွင်းကွင်း စေ့စေ့စပ်စပ် မခွဲခြားတတ်တော့ ကျွန်မ ပြောချင်တာ သဘောပေါက်မယ် ထင်တာဘဲ။

 

ကိုလတ်ကလဲ ယောင်္ကျားဘဲ။ မိသားစုအပေါ် သံယောဇဉ်နည်းတယ်။ နွေရာသီ ကျောင်းပိတ်ရက် မိန်းမတွေနဲ့ လက်တောက်လောက် သားငယ်ကောင်နေတဲ့ အိမ် ၀န်းထရံ မလုံတာ သံတစ်ချောင်း ရိုက်ပြီး မဖာ ထေး ပေးဘူး ဘူး။ ကျွန်မသာ သံမရိုက်နိုင်လို့ ကြေးနန်းကြိုးတွေနဲ့ တုပ်၊ ကာ၊ ဆို့ လုပ်ချင် လုပ်မယ်။ သူက မနက်လင်းလာရင် လ္ဘက်ရည်ဆိုင် ထွက်သွားတာ နေ့ခင်း ထမင်းစားချိန်အထိ။ နေ့ခင်း ထမင်းစားပြီးရင် အိပ်နေတာ ညနေ သုံးလေးနာရီ။ ပြီးရင် နောက်တစ်ကြောအပြင်ထွက်သွားပြီ။ ပြန်လာပြီဆိုရင် ည ရှစ်နာရီ။ ကိုးနာရီ။ သမီးတွေရှိလို့ လွန်လွန်ကျူးကျူး သောက်မလာပေမယ့် အနံ့လေး ပါလာတတ်တယ်။

 

မေတ္တာဆိုတာ စစ်မှန်ရင် မကုန်ဘူးလို့ ပြောကြတယ်။ အလကားပါ။ ကျွန်မအတွက်တော့ ကုန်တယ်။ ကိုလတ်ကို ကျွန်မ ငယ်ငယ်ကတည်းက ချစ်ခဲ့တာဘဲ။ အရူး အမူးပေါ့။ ကိုလတ်က တကယ်လဲ ချောတယ်။ နောက်တော့လဲ သီးခံရတာတွေများလာ၊ သူ့ထက် ပိုပြီး ချစ်ရမယ့် ၊ ဂရုစိုက်ရမယ့် သား သမီးတွေ ရှိလာတော့လဲ မေတ္တာက ကုန်ခန်းလာတယ်။ မေတ္တာတုံးတာ မဟုတ်ဘူး။ ချစ်တာလဲ မဟုတ်တော့ဘူး။ မုန်းတာလဲ မဟုတ်တော့ဘူး။ နေချင်သလိုနေတော့။ သားသမီးတွေ မျက်နှာနဲ့ အိမ်ထောင်လဲ မကွဲချင်လို့ သီးခံပေမယ့် နောက်ဆုံး ဘယ်လိုမှ မဖြစ်သာလွန်းလို့ ကွဲခဲ့ရတာ။

 

မဖြစ်သာဘူးဆိုတာ သူ့ ငယ်ရည်းစားပေါ့။ ကျွန်မနဲ့ သမီးရည်းစား မဖြစ်ခင် ကိုလတ်ရည်းစားလို့ ပြောတာဘဲ။ ကိုလတ်က အရေးအခင်းကြီးအတွင်း အိမ်မှာ ဘုရင်တစ်ပါးလို လာနေ။ ကျွန်မနဲ့ အမေကလဲ သူ့ကို မသိတတ်ရကောင်းလားဆိုပြီး ဆူ၊ပူ၊ ဆောင့်၊အောင့်။ သူကလဲ စိတ်တွေ ညစ်လာတယ် ထင်ပါတယ်။ အဲဒီ အမျိုးသမီးနဲ့ ပြန်ချိတ်မိပြီး နောက်တော့ နှစ်ယောက် သဘောတူ လမ်းခွဲလိုက်ကြတာပါ။ သားသမီးတွေကို သူကလဲ ခေါ်သွားမယ်လို့လဲ တစ်ခွန်း မပြောဘူး။ ကျွန်မကလဲ သူတောင်းလာရင်တောင် ထည့်မပေးနိုင်ပါဘူး။ ကိုလတ်ကို ကျွန်မက သား၊ သမီး စရိတ်လေး ထောက်ပံ့ဖို့ ကျွန်မ တောင်းဆိုတယ်။

 

ဟုတ်တယ်လေ။ ကျွန်မ ကျောင်းဆရာမ လစာနဲ့ ဆေးကျောင်းတက်မယ့် သမီးနဲ့ ပညာရေး မခေတဲ့ သား သမီးတွေကို ဘယ်လို ထောက်ပံ့မလဲ။ အေး…မင်း လိုချင်တဲ့ ငွေ ငါပေးမယ်လို့ ပြောတာဘဲ။ တကယ်ကျတော့ မပေးဘူး။ ဒါတော့ ကျွန်မ သီးမခံနိုင်ဘူး။ ကျွန်မ ၀မ်းရေးအတွက် တောင်းတာမဟုတ်ဘူး။ သူနဲ့ ရထားတဲ့ သူ့ရင်သွေး ကလေးတွေ ပညာရေးကို လူသတ္တ၀ါဖြစ်တဲ့ နင်က ဘာလို့ မပေးချင်ရတာလဲလို့ ကျွန်မ စိတ်ဆိုးပြီး တရားရုံးကနေ တရားစွဲတယ်။ ရတယ်။ ဒါပေမယ့် သူက အထက်တန်းကျောင်းအုပ် လုပ်ဖို့ ရာထူးတိုး တင်ထားတဲ့ အချိန်ကျမှ ကျွန်မက တရားသွားစွဲမိသလို ဖြစ်သွားတာဆိုတော့ သူ့ရာထူးတိုး နောက်ဆုတ်သွားတယ်။ ဒါတော့ ကျွန်မ မတတ်နိုင်ဘူး။ ကွယ်ရာမှာ ကျွန်မ သက်သက်မဲ့ သူ့တက်လမ်းကို ဖျက်ဆီးတယ်လို့ ပြန်ကြားရတယ်။ သူ့တက်လမ်းနဲ့ သားသမီးတွေ တက်လမ်း ရွေးရမယ်ဆိုရင် ကျွန်မဘယ်ကို ရွေးရမယ်ဆိုတာ တစ်ရေး အိပ် စဉ်းစားစရာ မလိုဘူး။

 

ထားပါတော့။ဒီလိုနဲ့ သမီး အကြီးလဲ ဆရာဝန်ဖြစ်တယ်။ သမီး အလတ်လဲ ဆရာဝန်ဘဲ။ သမီး အငယ်ကတော့ သူ့ ဆယ်တန်း အမှတ်ပေါင်းက အလတ်ကောင်မထက်ကို များပေမယ့် တက္ကသိုလ်ဝင်ခွင့်လျှောက်တော့ အေးအေးဆေးဆေး ဆေးကျောင်းမှီတယ်ဆိုပြီး ပေါ့ပြီး ဆေးကျောင်းပြီးတော့ အီးမေဂျာ ရွေးချလိုက်တယ်လေ။ သူ့နှစ်ကျမှ ဆေးကျောင်းမှတ်တွေ စွတ်တင်လိုက်တာနဲ့ ကလေးခမျာရူးမလိုလို ဖြစ်သွားလို့ မနည်းစိတ်ဓာတ်ပြန်တက်လာအောင် လုပ်လိုက်ရတယ်။ အခုတော့ သူလဲ တိုးရစ်ဂိုက်လုပ်ရင်း တိုးရစ်ဇင် ကုမ္ပဏီထောင်ထားတာ ဟိုကောင်မ နှစ်ယောက် ငွေလိုရင်တောင် သူ့ဆီက ယူရတယ်။ အောင်မြင်တယ်။

 

အငယ်ကောင်လား။ “တစ်ယောက်ဆို တစ်ယောက် ဆို သလောက်လောက်” လို့ သူ့အမေကြီး ပြောသလိုပါဘဲ။ ကျွန်မ ဆရာမလုပ်သက် အနှစ် လေးဆယ်နီးပါး လုပ်လာတာ ဒီကောင်လောက် ဥာဏ်ကောင်းတာ တစ်ယောက်မှ မတွေ့ဘူး ဘူး။ တကယ်။ ကိုယ့်သားမို့ ကိုယ်ပြောတာ မဟုတ်ဘူး။ စာတစ်ပုဒ်များ သူစိတ်ပါရင် ငါးမိနစ်အတွင်း အထစ်အငေါ့မရှိ စာအံ့နိုင်တယ်။ သချာင်္၊ အင်္ဂလိပ်စာ သိပ်ပြီး အခြေခံကောင်းတယ်။ တစ်ပုဒ် နမူနာပြပြီး ဥာဏ်စမ်း ပုစ္ဆာတွေ ပေးရင်ကိုဘဲ အကုန်မှန်အောင် တွက်နိုင်တယ်။ သူ့ရှေ့က သူ့အမသုံးယောက် ဘယ် သူလောက် ဥာဏ်ကောင်းမလဲ။ ဒါပေမယ့် သိတဲအတိုင်းဘဲ။ ဦးဂျိုရှိတဲ့ သတ္တ၀ါ ဦးဂျိုကြောင့်ဘဲ သေရသလို ဒီကောင်လဲ သူဥာဏ်ကောင်းတာကို အားသာချက်ကြီးလို အသုံးချ။ ဇွဲမရှိ။ မကြိုးစားနဲ့။ ဆယ်တန်းကို ဘောလုံးပွဲ ခိုးထွက်ကြည့်ရင်း ဖြေတာ ဂုဏ်ထူးက နှစ်ဘာသာ ပါလာသေးတော့ သူ့အမတွေနဲ့ ကျွန်မမှာ အံ့သြလို့ မဆုံးဘူး။

 

ကျွန်မ ကြွားချင်တာ မဟုတ်ဘူး။ ဥာဏ်ကောင်းတဲ့ လူဟာ ဘယ်တော့မှ ပေါက်ပေါက် မြောက်မြောက် မဖြစ်ဘူးဆိုတာ ကျွန်မတော့ ယုံတယ်။ အလတ်ကောင်မ။ သူတို့ မောင်နှမ လေးယောက်ထဲမှာ အထူဆုံး။ အ အဆုံး။ ဒါပေမယ့် ဇွဲရှိတယ်။ မပေါ့ဘူး။ အခု သူ့ဘ၀သူ ပုံမှန်လေး ကြိုးစားတာ OG ပရော်ဖက်ဆာယူဖို့ လုပ်နေပြီလေ။

 

အခု ကျွန်မမှာလဲ မြေးတွေ ရနေပါပြီ။ အကြီးမကြီးကတော့ ကျွန်မလိုဘဲ အိမ်ထောင်ရေး ကံမကောင်းတာလား၊ ယောင်္ကျားတွေကို အထင်မကြီးတဲ့ စိတ်ကြောင့်လား မသိပါဘူး။ သူလဲ ကျွန်မလိုဘဲ အိမ်ထောင်ကွဲတယ်။ သားအငယ်ကောင်ကတော့ ကျွန်မကို ပြောတယ်။ ဒီကောင်က ကျွန်မကဘဲ သူ့ကျေးဇူး စားသောက်နေရတဲ့ ကောင်လို့ ထင်သလား မသိပါဘူး။ အမေကို ပြောတာ ကြည့်ပါအုံး။ အမေက သူများ အိမ်ထောင်ရေး ၀င်မပါနဲ့ဗျ။ သူ့ဘာသာ ရန်ဖြစ်ဖြစ်၊ လက်သီးနဲ့ ထိုးထိုး၊ ဖက်ကိုက်ကိုက် အမေက ၀င်မပြောနဲ့လို့ ပြောတာ။ ဟုတ်တာပေါ့။ ဒင်းက နိုင်ငံခြားတိုင်းပြည်တွေမှာ သူ့ရဲ့ ချောက်တီး ချောက်ချက် အင်ဂျင်နီယာ ဘာသာရပ်လေးနဲ့ လုပ်စားနေတော့ သူ့အမတွေ အိမ်ထောင်ရေး ဘာသိမလဲ။ ကျွန်မကတော့ သမက်တွေ အချိုးမပြေတာတွေ မြင်ရတော့ မနေနိုင်ဘူး တော်ရေ့ လို့ ဒင်းကို အော်ပေးလိုက်တယ်။ ဟုတ်တယ်လေ။ အကြီးကောင်မက ကျွန်မ ထောက်ပံ့တဲ့ မဖြစ်စလောက် ငွေလေးနဲ့ ကိုယ့်ဒူး ကိုယ်ချွန် အလုပ်တွေ လုပ်ပြီး ဆရာဝန်ဘွဲ့ယူလာတာ။ သူ့ယောက်င်္ကျားက ကိုလတ်ပုံစံအတိုင်း ခပ်ပေါ့ပေါ့။ မျက်စိရှေ့ မြင်နေရတော့ ကိုယ့်သမီးလဲ ဖြစ်ပြန်တော့ ဘယ်နေနိုင်မလဲ။ အို…ရှုပ်တယ်။ ကိုယ့်ဘာသာလဲ လုပ်ကိုင်စားသောက်ရသေး။ ဒင်းတို့လဲ မယားဝတ္တရားကျေအောင် ပြုစုရအုံးမယ်ဆိုရင်တော့ မဟုတ်ဘူးအေ့လို့ ပြောရပါသေးတယ်။ အမေတူ သမီးဘဲလေ အခုတော့ သူလဲ အိမ်ထောင်ကွဲ။ သူ့သမီး နှစ်ယောက် မြေးမ နှစ်ယောက်ကို ကျွန်မ စောင့်ရှောက်ရတာဘဲ အဖတ်တင်လိုက်တယ်။

 

အင်းပါ…ကျွန်မ ပြောခဲ့တယ်လေ။ ကိုယ်ရေး အတ္ထုပ္ပတ္တိဆိုတော့ ကျွန်မ နဲ့ ကျွန်မ သား၊ သမီးတွေ လောကကြီးအပေါ်မှာ ဘယ်သူ့ကိုမှ ဒူး မထောက် ခေါင်းမငုံ့ဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တာကိုဘဲ ကြွားတာပေါ့။ တကယ်ကျတော့ အမေက မဆုံးခင်အထိ ကျွန်မကို စောင့်ရှောက်သွားခဲ့တာလေ။ နောက်တော့ ကျွန်မကိုယ်တိုင်က အားငယ် စိတ်ပျက်နေရင် အဖေကို အားမကိုးရတဲ့ ငါ့ သား၊ သမီးတွေ မျက်နှာငယ်ရှာမယ်ဆိုပြီး ရင်ကော့၊ ခေါင်းမော့ တစ်ခုလပ်ဆိုတဲ့ ဘ၀နဲ့ တိုက်လာရတာ။ တကယ် ပင်ပန်းတယ်။ တစ်ခါတစ်ရံ အလွန်ကို ပင်ပန်းပါတယ်။

 

ငွေရေး ကြေးရေး ချီးဟယ် ငှားဟယ် မလုပ်ချင်။ ဆရာမလစာနဲ့ ကျူရှင်လေး ချောက်တီး ချောက်ချက် ပြတာလေးကလွဲပြီး ကျန်တဲ့ စီးပွားရေးလဲ မလုပ်တတ်ဆိုတော့ ချွေတာရုံဘဲ ရှိတယ်။ ဟင်းတွေ မကုန်နိုင် မခန်းနိုင် ဖြစ်အောင် မချက်ဘူး။ ကလေးတွေကို ကြပ်ကြပ်တည်းတည်း စည်းကမ်းကိုင်ရတာဘဲ။ ဟို အငယ်ကောင် သူပုန် စိတ် အမွေးဆုံး။ မတတ်နိုင်ဘူးလေ။ အကြီးမ အကျီင်္အကျ အလတ်မ ၀တ်၊ အလတ်မ အကျ အငယ်မ။ အငယ်မ အကျ ရှပ်အင်္ကျီတွေဆိုရင် ဟိုကောင့်ကို ဒေါက်ဖြုတ်ဝတ်ခိုင်းရတာဘဲ။ ယောက်ကျာင်္းလေးဆိုတော့ ရှက်ရှာတာပေါ့။ သိသားဘဲ။ မတတ်နိုင်ဘူး။ ကျွန်မဆိုရင် မနက်က ကျန်တဲ့ ဟင်း အကျန်တွေ သိုးချင်ချင် ဖြစ်နေတာတောင် နှမြောလို့ မပြစ်ရက်လို့ ပြန်ပြန်စားစား လာခဲ့တာ အခု အသက်ရလာတော့ အစာအိမ်က ထစ်ခနဲ့ဆို ၀မ်းပျက်ပြီ။ လမ်းလျှောက်၊ မတ်တပ်ရပ် စာသင်ရတာများတော့ ဒူးတွေ အရွတ်တွေက မကောင်းတော့ဘူး။

 

တစ်ခုတော့ ကောင်းတယ်။ အခု အသက်ရလာတော့ ဒင်းတို့လဲ သူတို့ အလုပ် အကိုင်နဲ့ သူဆိုတော့ ပြေလည်ကြတယ်။ ကျွန်မကလဲ သမက် အငယ်ဆုံးကောင် မြေ၀ိုင်းတွေ ၀ယ်၊ ရောင်း လုပ်ပေးတာနဲ့ အဆင်ပြေတယ်။ သူတို့ကလဲ နိုင်သလောက် ထောက်ပံ့ကြဆိုတော့ အခုတော့ ငွေရေး ကြေးရေး မပူရတော့ဘူးပေါ့။ ဒါပေမယ့် တစ်သက်လုံး စစ်စစ်စီစီနဲ့ သုံးစွဲလာခဲ့တဲ့ စိတ်ကို ဘယ်လို ပြင်မလဲ။ ကျွန်မ သမီးသုံးယောက်နဲ့ အငယ်ကောင် ကသူတို့ အမေကို နားလည်တယ်။ ကောင်းသည် ဆိုးသည် ထိပ်တိုက်တွေ့ပြီး အရင်လို မပြောတော့ပေမယ့် မြေးမတွေက နားမလည်ဘူးလေ။ မေကြီးက အောက်တယ်။ ဒိတ်အောက်တယ်။ ဘာကြီးမှန်းလဲ မသိဘူး။ သေရင် ကိုယ့်နောက်မပါဘူး လုပ်နေလို့။ “အေးဟေ့…သေရင် ကိုယ့်နောက် မပါမှန်း သိလို့ ချွေတာ တာ။ ဒါမှ နင်တို့ သုံးလို့ စွဲလို့ အဆင်ပြေမှာလို့” ပိတ်ပြောရတယ်။

ဟုတ်တယ်လေ။ ကျွန်မ အခု ရောဂါတွေ တစ်ခုပြီး တစ်ခု ဖြစ်နေတာ လာပြန်ပြီ အစာအိမ် အစာမခြေနိုင်ဘူး။ လာပြန်ပြီ သွေးတိုး၊ ဆီးချိုရှိတယ်။ ကျောက်ကပ်မှာ ကျောက်တည်လို့ တစ်ခါခွဲထုတ်ပြီး တစ်ခါက ပိုက်ထည့်ပြီး ချေထားရတယ်။ ဘယ်ခြေထောက်က ကောင်းကောင်း လမ်းမလျှောက်နိုင်လို့ လမ်းလျှောက်စက် ၀ယ်ထားရတယ်။ ဒါတွေ ဘယ်သူဝယ်ပေးလို့လဲ။ ကျွန်မကလဲ ၀ယ်ပေးစေချင်လို့၊ မျှော်ကိုးလို့ ပြောတာ မဟုတ်ပါဘူး။ သူတို့ မိသားစုနဲ့ သူတို့၊ ဟိုအကောင် သူ့ဘာသာ တောင် အနိုင်နိုင် လောက်အောင် သုံးနေရတဲ့ အငယ်ကောင်ကို မသိတတ်ဘူးလို့လဲ ပြောမနေချင်ဘူး။ ကျွန်မ စုထား ဆောင်းထားတဲ့ ငွေတွေရှိလို့ ဒီလို ဆေးကုနိုင်တာပေါ့။ သမီးတွေ ဆရာဝန်ဆိုတော့ ဆေးပညာ ဗဟုသုတ ကောင်းကောင်းနဲ့ ထိရောက်အောင် ကုနိုင်တာကတော့ အမှန်ဘဲ။

 

ဟိုတစ်လောက ကိုလတ်ဆိုရင် နေမကောင်းဖြစ်တာ ခွဲစိပ်ကုသရမှာ ပိုက်ဆံ မရှိလို့ သမီးရယ် ငါ့ကို ငွေလှည့်ပါအုံးဆိုပြီး သမီး အကြီးဆီ ဖုန်းဆက်သတဲ့လေ။ တကယ်ဆို ဒီကောင်မလေးခမြာ သူ့ဘာသာ အလုပ်လုပ်ပြီး ဆရာဝန်ဖြစ်အောင် ကြိုးစားလာရရှာတာ။ သူ တစ်ပြားတစ်ချပ်မှ မထောက်ပံ့ခဲ့ဘူးဘူး။ အခု ပိုက်ဆံ ချီးပါအုံးဆိုတော့ သမီးဖြစ်သူ ဘယ်စိတ်ကောင်းမလဲ။ ကျွန်မကလဲ နိုင်သလောက် သုံးသိန်း လှူလိုက်ပါတယ်။ လှူတယ်လို့ သုံးတယ်နော်။ မရှိဆင်းရဲသား၊ မတတ်နိုင်တဲ့ သူတောင် ကူညီရသေးတာဘဲ။ ဘ၀မှာ ကိုယ့် ယောက်င်္ကျား ဖြစ်ခဲ့တဲ့ လူကို မလှူနိုင်စရာ မရှိပါဘူး။ သမီးကိုတော့ မှာရတာပေါ့။ ငါပေးတယ် မပြောနဲ့လို့။ ဟုတ်တယ်လေ။ ဘယ်သူ့ကို မဆို ဘ၀နေ၀င်ခါနီးမှာ ငါ လုပ်ခဲ့တာတွေ မှားပြီလို့ မထင်စေချင်ဘူး။ မှားမှား မှန်မှန် အေးအေးချမ်းချမ်း သေမယ်ဆို သေပေါ့။ ဒါဘဲ။

 

ဟိုနေ့က ကျွန်မ ဗိုက်က အောင့်တာ ချွေးတွေတောင် ပျံတယ်။ အမြဲတမ်း အာထရာဆောင်းတွေ၊ အီးစီဂျီတွေ၊ မှန်ပြောင်းတွေ ထည့်ကြည့်ပြီး စစ်နေတာဆိုတော့ ထူးခြားပြီး ရောဂါ မရှိဘူးဘဲ ထင်တာပေါ့။ အကြီးမ နှစ်ယောက် ဇွတ်တိုက်တွန်းလို့ တစ်ကိုယ်လုံး ပိုက်စိပ်တိုက်ပြီး နောက်ဆုံး ဆေးစစ်ထားတာတောင် အလွန်ဆုံး ရှိလှ လေးလပေါ့။ ကြားထဲလဲ ထူးထူးခြားခြား ဘာမှ မဖြစ်ဘဲနဲ့ အခုမှ ကောက်ခါ ငင်ခါ ဖြစ်တော့ သမီးတွေကလဲ အမေ ဒညင်းသီးခိုးစားပြန်ပြီလားလို့ မေးလို့ ဟဲ့..ငါမစားပါဘူးဟဲ့လို့ ငေါက်ရသေးတယ်။ ကျောက်ကပ်ရောဂါနဲ့ ဒညင်းသီးက လုံးဝကို မတည့်တာ။ ဒညင်းသီးကြိုက်လွန်းလို့ တစ်ခြမ်းလောက် သူတို့ မသိအောင် ခိုးစားလိုက်ပြီဆိုရင် နောက်ရက် ဘယ်လိုမှ ညာမရအောင် ဗိုက်က နာတော့တာ။

 

အခုတော့ ကျွန်မလဲ ခိုးမစားပါဘဲနဲ့ နာတာဆိုတော့ နည်းနည်းတော့ အံ့သြတယ်။ ဒါနဲ့ အပြင်ဆေးခန်း ကောင်းကောင်းမှာ စစ်ကြည့်လိုက်တော့ အစာအိမ်ထဲမှာ အလုံးတွေ့တယ်တဲ့။ သမီးတွေကတော့ မျက်စိပျက် မျက်နှာပျက်။ သမီးအကြီးဆုံးက သူ့မောင်အငယ်ဆုံးကောင် နိုင်ငံခြားရောက်နေတဲ့ ကောင်ကို ဖုန်းဆက်ပြီး လှမ်းခေါ်နေသံကြားရဲ့။ မန္တလေးက အငယ်မက သူ့သမီး ကျွန်မ မြေးမ အငယ်ဆုံး အသွက်မကို ခေါ်ပြီး ဆင်းလာရဲ့။ အလတ်မကလဲ အရင်က ဖုန်းဆက်ရင်တောင် အမေ..သမီး မွေးခန်းဝင်တော့မှာမို့နော် ဆိုပြီး ဖုန်းတောင် ကောင်းကောင်း မပြောနိုင်လောက်အောင် ရှုပ်တဲ့ ကောင်မ ချက်ချင်း ပေါက်ချလာတယ်လေ။

 

သိပါပြီ။ ကျွန်မဗိုက်ထဲက ခံစားနေရတာနဲ့ ဒီဆရာဝန်မ သမီးနှစ်ယောက် တိုးတိုး တိုးတိုးနဲ့ မျက်စိ မျက်နှာပျက် တိုင်ပင်နေတာကြည့်ပြီး ကျွန်မ သေတော့မယ် ထင်ပါရဲ့။ အို….သေခါမှ သေရော။ အခုတော့ မြေးအငယ်ဆုံးမနဲ့ စကားပြောရတာ မ၀ဘူး။ တတ်လိုက်တဲ့ ကောင်မ။ ပေါလိုက်တဲ့ စကား။ သွက်ကလဲ သွက်။ ခုခေတ်ကလေးတွေများ ချစ်စရာလဲကောင်း။ အမြင်ကတ်စရာလဲကောင်း။ ဆေးတွေ ထပ်စစ်ပြီး ညနေကျတော့ သမီးနှစ်ယောက်က ပွင့်ပွင့်လင်းလင်းပြောလာတယ်။ အမေ့ အစာအိမ်ထဲမှာ ကင်ဆာဆဲလ်တွေ့တယ်တဲ့။ သမီးတို့ ကုမယ်။ အမေ ခံနိုင်အောင် ကြိုးစားပါတဲ့။ ကုပေါ့။ ၀မ်းလဲ မနည်းပါဘူး။ တရားရတယ်လဲ မရှိပါဘူး။ ကုဖို့ ပိုက်ဆံလဲ တတ်နိုင်နေတယ်။ သမီးဆရာဝန်မ နှစ်ယောက်လဲ ရှိတယ်။ ကျွန်မက ဘာပူနေရမှာလဲ။

 

သူတို့ပေးတဲ့ ဆေးနဲ့ ဓာတ်ရောင်ခြည်နဲ့ ကင်ဆာဆဲလ်ကို သတ်တယ်ဆိုလား မျိုးစုံကုကြတာဘဲ။ ကျွန်မကတော့ အသိကတော့ မပျောက်ဘူး။ ဒါပေမယ့် ကိုယ်ခန္ဓာကြီးက မောလာတယ်။ မြေးတွေ လက်ကိုင်ရဖို့ လက်လေးမြှောက်တာတောင် မောလိုက်တာ။ ရင်ထဲမှာ လှိုက်ပြီးတော့ကို မောတယ်။ ကျွန်မ တစ်ရေးနိုးတော့ သားအငယ်ကောင် ရောက်နေပြီ။ ဒီကောင် အိမ်ပြန်မလာတာ တစ်နှစ်ပြည့်တော့မပေါ့။ ဒီကောင် မျက်နှာ မကောင်းဘူး။ ဒီကောင်က လိမ္မာတဲ့ ကောင်မဟုတ်ဘူး။ သူ့အဖေ ကိုလတ်လိုလဲ တစ်ကိုယ်ကောင်းစိတ် များတယ်။ နောက်ပြီး ကိုလတ်ကမှ အစ်ကိုတွေကြားနေခဲ့ရတဲ့ သူမို့ထင်တယ်။ ယောင်္ကျားစိတ် ရှိတယ်။ ဒီကောင်ကတော့ သူ့အဖေနဲ့ ကွဲပြီးကတည်းက မိန်းမတွေကြားနေခဲ့ရလို့လား မသိဘူး။ မနာလို ၀န်တိုစိတ်ကလဲ များသား။

 

အမေနေကောင်းလားဆိုတော့ ဟဲ့…နေမကောင်းလို့ ဆေးရုံပေါ် ရောက်နေတာပေါ့လို့ ငေါက်တော့ ဟ..အကောင်းကြီး ရှိပါသေးတယ်ဟ။ ငါ့ကို ငေါက်နိုင်သေးတယ်လို့ သူ့အမတွေကို ပြန်လှည့်နောက်နေတာ မြင်နေရတယ်။ အဲဒီည သားအငယ် ကျွန်မကို စောင့်အိပ်တယ်။ ည သန်းခေါင်ကျော်တော့ ကျွန်မ လန်းလာလိုက်တာ ထထိုင်နိုင်တယ်။ စကားတွေ ပြောနိုင်တယ်။ သားအမိနှစ်ယောက် စကားတွေ ထိုင်ပြောနေတာ မနက် သုံးနာရီထိုးသွားလို့ သူဇွတ်ပြန်အိပ်ခိုင်းလို့ အိပ်လိုက်ရတယ်။

 

ဒီကောင် ကျွန်မ မအိပ်ခင် ဘေးက မေတ္တာသုတ်တော်ကြီး စာရွက်ကြည့်ပြီး ရွတ်ဖတ်နေတာ စိတ်က အာရုံနှစ်ထားလိုက်တယ်။ ဟုတ်တာပေါ့။ ကျွန်မ သေမယ်ဆို သေသွားနိုင်တာဘဲ။ တကယ်ဆို ဘယ်သေချင်အုံးမလဲ။ မရှက်ပါဘူး။ မြေးတွေနဲ့ ကျွန်မနဲ့ ဆိုးတူ ကောင်းဖက် ရုန်းလာတဲ့ သားနဲ့ သမီးသုံးယောက်ကို ဘယ်ခွဲချင်ပါ့မလဲ။ ဒါပေမယ့် ကျွန်မ လွန်ဆန်နိုင်တဲ့ လမ်းမှ မဟုတ်တာ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် မလွန်ဆန်နိုင်တဲ့လမ်းဘဲ။ ဒီကောင်လေး ရွတ်ဖတ်ပေးတဲ့ မေတ္တာသုတ်သံကို စိတ်နှစ်ပြီး ကျွန်မအိပ်လိုက်တယ်လေ။

 

မနက်လင်း ကျွန်မကို ဆေးသောက်ဖို့ နှိုးကြတော့ သူတို့ မိသားစုအကုန်နီးပါးလောက် ဆေးရုံ အခန်းထဲ ရောက်နေတယ်။ ကျွန်မ ဆေးထသောက်၊ ဆန်ပြုပ်ထသောက်ရင်း ကိုင်း …ငါ့ကို ကန်တော့ကြစမ်းလို့ ခိုင်းမိတယ်။ အကြီးမက မျက်နှာပျက်တယ်။ ဟဲ့..ငါသေမှာ သိလို့ မဟုတ်ဘူး။ နင်တို့ ဒီလို စုံစုံလင်လင်ရှိတုံး ငါ့ကို ကန်တော့တာ ခံချင်လို့လို့ ပြောရသေးတယ်။

 

သား အငယ်ကောင်ကတော့ အဲဒီနေ့ တစ်နေ့လုံး ကျွန်မနားက မခွာရှာပါဘူး။ ကျွန်မအိပ်နေရင် သူ့အလုပ်ကိစ္စဆိုလား ဖုန်းကလိနေလေရဲ့။ ညနေဘက်ရောက်တော့ ရင်ဘတ်ထဲကရော၊ ဗိုက်ထဲကရော နေလို့ မကောင်းလိုက်တာ။ အင်း…ငါတော့ ဒီရောဂါက သေရာပါမယ် ထင်တယ် သားရေ ဆိုတော့ ဟုတ်…အမေ တရားလေးမှတ်ပါ။ ဒါတွေက သဘာဝတွေပါလို့ ကျွန်မကို ပြောလို့ အံ့သြသွားတယ်။ ဟုတ်တယ်။ ဒီကောင့်ကို ကျွန်မက ဒီလောက် တွေးတတ်လိမ့်မယ်လို့ မထင်ဘူး။ ဒီကောင်က တစ်ခါတစ်ရံ ရင့်ကျက်ချင်ယောင်ဆောင်ပြီး လုပ်ချင်တာ လုပ်တဲ့သူဆိုတော့ သိပ်တော့ အထင်မကြီးတာ အမှန်ဘဲ။ အခုတော့ တရားမှတ်ပါတဲ့လား။

 

နာတယ်ကို နာတယ်လို့ မှတ်ရမှာလား။ အောင့်တယ်ကို အောင့်တယ်လို့ မှတ်ရမှာလား။ ရင်ဘတ်ကြီးထဲ ကြပ်ပြီး အသက်ရှူမ၀တာကို မ၀ဘူးလို့ မှတ်ရမှာလား။ စိတ်ကို အငြိမ်းချမ်းဆုံး ဖြစ်အောင် ကျွန်မထားလိုက်တယ်။ ငါ့သားလေး..မေတ္တာသုတ်ရွတ်စမ်းကွယ်လို့ သူ့ကို ခိုင်းရတယ်။ သူက ကျွန်မလက်ကို ကိုင်ပြီး မေတ္တာသုတ်ရွတ်ပေးရှာတယ်။ ကျွန်မက သတ္တလောကကြီး တစ်ခုလုံးကို မေတ္တာတွေ ပို့ဝေပါတယ်။ ကျွန်မ အချစ်ဆုံး သားလေးရဲ့ လက်ကို ကိုင်ထားပြီး မေတ္တာပို့ရတာ လူဖြစ်ရတာ အဖြစ်တော်လိုက်တာ။

 

ကျွန်မ လူတစ်ကိုယ်လုံးပေါ့ပါးပြီး ရောဂါခံစားနေရာတွေ ဘယ်တွေ ရောက်သွားပါလိမ့်။ ကျွန်မ အိပ်ရာနိုးတော့ အပြင်မှာ မလင်းတတ် သေးပါလား။ သားအငယ်လဲ ကျွန်မဘေး ကုတင်ပေါ်ကို ခေါင်းကြီးတင်ပြီး အိပ်ပျော်နေပါ့လား။ သူငယ်ငယ်က ဒီလို ပုံစံမျိုး ခဏခဏ သူ့အမတွေ စာကြည့်ဝိုင်းမှာ အိပ်ပျော်နေကြ။ အဲသလိုမျိုးဆိုရင် ကျွန်မက သူ့ကို ငုံ့နမ်းပြီး သူ့ အမအကြီးဆုံးကို အိပ်ရာထဲ ပို့ခိုင်းရတယ်။ အခုလဲ ကြည့်စမ်း…အိပ်နေလိုက်တာ ငယ်ရုပ်မပျောက်ပါလား။ ကျွန်မ သူ့ကို ငယ်ငယ်တုံးကလို နမ်းချင်စိတ် ပေါက်လာတာနဲ့ နမ်းလိုက်တယ်။ ပြီးတော့ အပြင်ဘက်ကို လမ်းလျှောက်ထွက်ခဲ့တယ်လေ။

 

အပြင်မှာ နှင်းတွေ ဖွေးနေအောင် ကျနေတယ်။ လမ်းကြီး တစ်ခုလုံး မီးအလင်းရောင်တွေ ထိန်လင်းလို့။ ကျွန်မလျှောက်လာလိုက်တာ ငယ်ငယ်က ကျွန်မ အမေနဲ့ ကျွန်မ သားအမိနှစ်ယောက်တည်း ပွဲသွားကြည့်တာကို သတိရလာတယ်။ အဲဒီတုံးက သားအမိနှစ်ယောက် ပျော်သလိုမျိုး ကျွန်မ ပျော်လာတယ်။ အဲဒီတုံးက အမေ့လက်ကို စွဲပြီး လိုက်ရတဲ့ စိတ်ကြည်နူး ချမ်းမြေ့ လုံခြုံမှုမျိုး အခု ကျွန်မ ရတယ်လေ။ ကျွန်မ အဲဒီလမ်းကြီးတစ်လျှောက် ဆက်ပြီးတော့ လျှောက်လာခဲ့လိုက်တော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

3 Responses to သံသရာလမ်း ကျွန်မ လျှောက်မယ် ခပ်ရဲရဲ

  1. catwoman on February 10, 2014 at 8:36 pm

    very good story. also remind us to give ourselves time to meditate while we re healthy and not just be forgetful and busy with daily life since death ll come for sure one day

  2. Than Soe on February 11, 2014 at 7:29 pm

    A good mother story of good writer, Ph
    oe Htet.

  3. Mi Tin on February 12, 2014 at 12:32 pm

    အင်မတန်ကောင်းသော၊ရိုးရှင်းသညိ့ကိုယ်ရေးအတ္ထုပတိဖြစ်ပါသည်။ကျွန်တော်လည်းအဲီးလိုရေးချင်ဆန်းပါဘိ

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်