နှောင်းပုံရိပ်လျှင်

February 11, 2014

မောင်စံ (သီတဂူ)
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄

“ဆရာမ ချော်မယ်နော် သတိထား၊ ဘိနပ်ပေးပါ သမီးကိုင်ခဲ့မယ်”

 

အတူပါလာသူ တပည့်မလေး သတိပေးနေစဉ်မှာပဲ

 

“ဟဲ့ ပလုတ်တုတ်၊ သွားပါပြီ တကိုယ်လုံးညစ်ပတ်ကုန်ပြီ၊ ဒီကောင်လေး တော်တော် ဒုက္ခပေး တာပဲ”

 

ဒီကောင်လေးဆိုတာ မောင်နိုင်ကိုပြောတာဖြစ်သည်၊ မောင်နိုင်ကျောင်းမတက်ဖြစ်တာ နှစ်ပတ် ရှိပြီ၊ စာတော် ဥာဏ်ကောင်းပြီး အလားအလာရှိသည့် ဒီလိုကလေး လမ်းမှားရောက် ပျက်စီးသွားမှာ မျိုးကို ဆရာမအဖြစ်မခံနိုင်၊ မောင်နိုင့်အိမ်ကို စုံစမ်းပြီး မရောက် ရောက်အောင်လာခဲ့သည်။

 

တပည့်ဇောနှင့်မိုသာလာရသည် တကယ်တော့ လာချင်စရာမကောင်း၊ အလွန်ဆင်းရဲနွမ်းပါး သည့် ရပ်ကွက်ဖြစ်သည်။ ဆဲသံ ဆိုသံ ငိုယိုအော်ဟစ်သံတွေ ဆူညံနေသည်။ မောင်နိုင့်အိမ်ကို ရောက်ဘို့ ကျဉ်းမြောင်းလှသည့် အိမ်ကြို အိမ်ကြားအတိုင်း ကွေ့ပတ်ဝေ့၀ိုက်ပြီးသွားရသည်။ မိုးက တအိအိစွေနေသဖြင့် အမှိုက်ဆွေးများ စွန့်ပစ်ပစ္စည်းများမှ ထွက်လာသည့် ပုတ်အဲအဲ အနံ့ဆိုးများ ကြောင့် ခေါင်းတွေမူးနောက်ပြီး အံချင်စိတ်တောင်ပေါက်လာသည်။ တတ်နိုင်သလောက် ရှောင်တိမ်း လာသည့်ကြားက တုံးတစ်ခုပေါ်က ခြေချော်ကျပြီး ရွှံ့ဗွက်မည်းညစ်ညစ်ထဲ ခြေမျက်စိမြုပ်အောင် ကျ သွားသဖြင့် ရွှံ့များ ဆရာမကို ခုန်စင်ပေကျံကုန်သည်။

 

“ဆရာမ အဲ့ဒါ မောင်နိုင်တို့အိမ်ပဲ”

“ဟင် မောင်နိုင်…” !

 

“ဟာ ဆရာမ” !

 

တဲသာသာ အိမ်အိုလေးအတွင်း ဖခင်လူမမာကို နှိပ်ပေးရင်းက အသံကြားလို့ မော့ကြည့် လိုက်တော့ ခပ်လှမ်းလှမ်းမှာ ရပ်ပြီးကြည့်နေသည့် ဆရာမကို မောင်နိုင်တွေ့လိုက်သည်။ မောင်နိုင် အရမ်းအံ့သြသွားသည်။ ဒီလိုနေရာမျိုးကို ဆရာမရောက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့် မထား၊ ဆရာမကို မောင်နိုင်သိပ်လေးစားသည်။ အမေတစ်ယောက်ကဲ့သို့လည်းချစ်သည်။ ခုတော့ အားနာနေရပြီ၊ ရှက်လည်းရှက် အားလည်းငယ် ဘယ်လိုလုပ်ရမှန်း မသိအောင်ပင်ဖြစ်နေသည်။

 

ဆရာမနောက်နားတွင် ခက်ခက်လည်းပါလာသည်။ ခက်ခက်ကိုကြည့်ပြီး မောင်နိုင်ဒေါသ ထွက်သွားသည်။ သူခေါ်လာ၍သာ ဆရာမ ဒီကိုရောက်လာရသည်။ ခက်ခက်ကို ကျောင်းမှာကတည်း က သူကြည့်မရ၊ အလှမာန ပစ္စည်းမာနတက်ပြီး လူတကာအပေါ်မှာ ဗိုလုပ်ချင်သည်။ ဒါပေမယ့် မောင်နိုင့်ကိုတော့ ဗိုလ်လုပ်၍မရ၊ မောင်နိုင်က ပညာမာနရှိသည်။ ကျောင်းစားနှင့်ပတ်သက်လာလျင် ခက်ခက်အပါအ၀င် အတန်းထဲက ကျောင်းသူ ကျောင်းသားတိုင်း မောင်နိုင့်ဆီက အကူအညီယူကြရ သည်။ ခက်ခက်သည် မာနကြီးသော်လည်း ပညာရေးနှင့် ပတ်သက်လျှင်တော့ စိတ်ကောင်းထား တတ်သည်။ မောင်နိုင်ကျောင်းစရိတ်သွင်းဖို့နောက်ကျစဉ်က သူပဲထုတ်ပေးခဲ့ဘူးသည်။

 

“ဒါ ဘာသဘောလဲ ခက်ခက်၊ ငါစိတ်မဆိုးခင် နင့်ပိုက်ဆံတွေ နင်ပြန်ယူသွား”

 

“နင့်ကိုစော်ကားတာ မဟုတ်ပါဘူးဟယ်၊ နင် အခက်အခဲဖြစ်နေတဲ့အချိန်မှာ ကူညီတာပါ၊ ငါကျောင်းစာတွေ မလိုက်နိုင်တိုင်း နင်ပဲအကူအညီပေးခဲ့တာ မဟုတ်လား၊ အဲဒီအတွက် ကျေးဇူးဆပ် တယ်လို့ သဘောထားပါ၊ နင်အဆင်ပြေတော့ ပြန်ပေးပေါ့”

 

အဆင်မပြေပါ၊ ခက်ခက်ပိုက်ဆံကို ပြန်ပေးဘို့ မောင်နိုင်အမြဲကြိုးစားခဲ့သည်၊ ပေးမည်လုပ် တိုင်း အခက်အခဲ တစ်ခုမဟုတ် တစ်ခုနှင့်ကြုံသည်။ အခုလည်း အဖေနေမကောင်းလို့ သူ့ကို ပြန်ပေး မည့် ပိုက်ဆံလေး ဆေးဘိုးဖြစ်သွားသည်၊ ဒါကြောင့် မောင်နိုင် ရှက်ခြင်း၊ ၀မ်းနည်းခြင်း၊ အံ့သြခြင်း တွေနဲ့အတူ ဆရာမနဲ့ ခက်ခက်ကို ကြောင်ပြီးကြည့်နေသည်။

 

“လူလေး ဆရာမတို့ကို အိမ်ထဲခေါ်လေ”

“ဗျာ… သြော် ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဆရာမ ကြွပါခင်ဗျာ”

 

အဖေပြောမှ မောင်နိုင်သတိပြန်ဝင်လာသည်၊ မောင်နိုင် ပျာပျာသလဲ ဖျာစုတ်လေးဆွဲခင်းပြီး ဆရာမထံ ပြေးသွားသည်။ ရေတစ်ပုံးဆွဲလာပြီး ရွှံ့များပေးကျံနေသော ဆရာမခြေထောက်ကို ဆေး ပေးလိုက်သည်။

 

“ခက်ခက် ရော့ ရေပုံး၊ နင်ကတော့ ကိုယ့်ဘာသာကိုယ် သွားခပ်ဆေးလိုက်”

“ဟွန်း တွန့်တိုလိုက်တာ”

 

ဆရာမသည် ဖျာစုတ်ကလေးပေါ်တွင်ထိုင်ရင်း မောင်နိုင်နဲ့ အိမ်တွင်းအခြေအနေကို အကဲခတ် လိုက်သည်။ ဓနိမိုး ထရံကာ တဲသာသာအိမ်အိုလေးထဲမှာ မိခင်မရှိ၊ ဖခင်ဆိုက္ကားသမားကြီးက ကျန်းမာရေးမကောင်းသဖြင့် အိပ်ယာထဲမှာ၊ အင်္ကျီဗလာနဲ့ အငယ်သုံးကောင်က ခပ်လှမ်းလှမ်း ထောင့် လေး တစ်နေရာကနေ ဆရာမကို ပြူးကြောင်ကြောင်နှင့် ကြည့်နေကြသည်။

 

“ဆရာမကို သိပ်အားနာတာပဲဗျာ၊ သိတဲ့အတိုင်း ကျွန်တော်တို့က သိပ်ဆင်းရဲလွန်းတော့ ကောင်းကောင်းဧည့်မခံနိုင်တာ ခွင့်လွှတ်ပါ”

 

မောင်နိုင့်အဖေက စတင်စကားဆိုလိုက်သည်။

 

“ရပါတယ်ရှင် ကိစ္စမရှိပါဘူး၊ တကယ်တော့ ကျမလာတာ မောင်နိုင့်ကို ဆူဘို့အတွက် မောင်းတင်ပြီးလာတာပါ၊ ခွင့်မတင်ဘဲ ကျောင်းပျက်ရက်များနေလို့ ကိုယ်တိုင်လိုက်လာခဲ့တာ၊ ဒီလို ကလေးမျိုး မြင်းကောင်းခွါလိပ် ပန်းကောင်းအညွန့်ကျိုးဖြစ်သွားမှာ သိပ်စိုးရိမ်ပါတယ်”

 

“ဆရာမ စိုးရိမ်တဲ့အတိုင်းပဲ ဖြစ်ရတော့မှာပါ ဆရာမရယ်”

“ရှင်…”!!!

 

“ဟုတ်တယ်၊ ကျွန်တော်လည်း ကျွန်တော့်သားကို သိပ်အားထားပါတယ်၊ လောကကြီးထဲမှာ ကျွန်တော်ရှိနေသေးသမျှ သားကျောင်းမထွက်စေရဘူးလို့ ကြုံးဝါးထားခဲ့တာ၊ ကျွန်တော်နင်းတဲ့ ဆိုက္ကားနဲ့ ကျွန်တော့်သားကို ဆေးကျောင်းတက်စေချင်ခဲ့သူပါ၊ ဒါပေမယ့် ကံကြမ္မာက ကိုယ့်ဘက်မှာ မရှိပါဘူး”

 

အဝေးကို ခပ်ဆွေးဆွေး ကြည့်ရင်း သက်ပြင်းတစ်လုံးကို မှုတ်ထုတ်လိုက်သည်။

 

“ညတစ်ည မှောင်ကြီးမဲမဲမှာ ဆိုက္ကားရော ကျွန်တော်ပါ မြောင်းထဲထိုးကျပြီး ကျွန်တော် ခြေထောက်တစ်ဘက် ကျိုးသွားခဲ့တယ်၊ ခုဆို တစ်လရှိပါပြီ ကျန်းမာရေးက ပြန်ကောင်းမလာသေးဘူး၊ သားကို ကျောင်းဆက်သွားဘို့ ကျွန်တော်ပြောပါတယ်၊ ဒါပေမယ့်ဆရာမရယ် ကျောင်းစရိတ်ဆိုတာ အသာထား နေ့စဉ်မီးဖိုချောင်စရိတ်တောင် ဟိုအိမ်က နည်းနည်းမျှ ဒီအိမ်က နည်းနည်းငှနဲ့ ရပ်တည် နေရတာဆိုတော့…”

 

“ကျမသဘောပေါက်ပါပြီ၊ ဒီအတွက်နဲ့တော့ ကလေးရဲ့ပညာရေးကို အနှောက်အယှက် မဖြစ်ပါ စေနဲ့၊ ဒီအရွယ်ဟာ အလုပ်လုပ်ရ မယ့်အရွယ်လည်း မဟုတ်သေးပါဘူး”

 

ဆရာမ ပြောရင်း မောင်နိုင့်ကို ကြင်နာစွာ ခေါင်းလေးသပ်နေသည်။

 

“ကျမတစ်ခုပြောချင်တာက ကျမဟာ နေ့စဉ် စာသင်ကျောင်းကနေ စာသင်ပြီးတာနဲ့ တောင် ဥက္ကလာပ ဝေဇယန္တာလူငယ်များ ဖွံ့ဖြိုးရေးကျောင်းမှာ ကုသိုလ်ဖြစ် စာသင်ပေးနေသူဖြစ်ပါတယ်။ အဲဒီကျောင်းကိုတည်ထောင်ထားသူကတော့ ဆရာတော်ဦးမဟောသဓပဏ္ဍိတပါ၊ ဆရာတော်က အမေရိကားကနေ ကျောင်းအတွက် ပညာရေးစရိတ်တွေ ပေးပို့ထောက်ပံ့ပြီး တပည့်များဖြစ်ကြတဲ့ အရှင်ဥပါလိနဲ့ အရှင်အာနန္ဒာတို့က သင်ကြားစီမံတာဝန်တွေ အသီးသီးယူပြီး ဦးဆောင်လုပ်ကိုင်နေကြ တာပါ၊ ဆရာတော်ဦးမဟောသဓပဏ္ဍိတ အဝေးမှာရှိနေစဉ် ဆရာတော်ရဲ့ နောင်တော်ကြီး ဆရာတော် ဦးက၀ိသာရက သြ၀ါဒါစရိအဖြစ်နဲ့ မကြာမကြာလာရောက်ကြည့်ရှု့ သြ၀ါဒပေး ချီးမြှောက်လေ့ရှိပါ တယ်”

 

“ဟုတ်ကဲ့ ဆရာမ၊ အဲဒါ ကျွန်တော့်သားနဲ့ ဘယ်လိုများ ပတ်သက်ပါသလဲ ခင်ဗျာ”

 

“ပတ်သက်ပါတယ်ရှင်၊ ဝေဇယန္တာလူငယ်များဖွံ့ဖြိုးရေးကျောင်းရဲ့ ရည်ရွယ်ချက်ကိုက အဓိက အားဖြင့် ဆင်းရဲနွမ်းပါးလို့ ကျောင်းဆက်မတက်နိုင်တော့တဲ့ ကျောင်းသူ ကျောင်းသားလေးတွေ ရေတိမ်မနစ်ကြစေဘို့၊ ဆင်းရဲမှုဆိုတဲ့အကြောင်းပြချက်နဲ့ နိုင်ငံ့သားကောင်းလေးတွေ နောက်ကျ မကျန်ရစ်ကြစေဘို့၊ နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်မယ့်လူငယ်လေးများ စိတ်ဓါတ်ရော ပညာပါ ဖွံ့ဖြိုးတိုးတက်ကြစေဘို့ ဆိုတဲ့စေတနာနဲ့ ဒီကျောင်းကိုဖွင့်ပြီး အခမဲ့ ပညာတွေ သင်ကြားပေးနေတာပါ”

 

“ဗျာ အခမဲ့ သင်ပေးတယ်”

 

“ဟုတ်ပါတယ်၊ (၇)တန်းကနေ (၁၀) တန်းအထိ ဘာသာစုံ တစ်ပြားတစ်ချပ်မှ မယူပဲ ကုသိုလ် ဖြစ် သင်ပေးနေတာပါ၊ ကျမလိုပဲ ပညာဒါနလာပြုကြတဲ့ ကျောင်းဆရာ ဆရာမတွေ နာမည်ရ ကျူရှင် ဆရာတွေ အများကြီးရှိပါတယ်၊ ဆရာတော်အရှင်ဆေကိန္ဒတို့ ဒေါက်တာအာဒိစ္စ၀ံသတို့ကလည်း ကလေးများစိတ်ဓါတ်ရေးရာ ယဉ်ကျေးလိမ္မာမှုရှိအောင်၊ ဘာသာရေးကို ယုံကြည်လေးစား ကိုင်းရှိုင်း တတ်လာအောင်၊ အပြုအမူ အပြောအဆို အလုပ်အကိုင်ကအစ သိမ်မွေ့နူးညံ့မှုရှိလာအောင် သွန်သင် ဆုံးမ ဟောပြောပြသတော်မူကြတယ်။

 

“ဟုတ်ကဲ့”

 

“ဒီကျောင်းက ပညာသင်ပေးရုံတင် မဟုတ်သေးဘူး အစားလည်းကျွေးသေးတယ်၊ ကိုယ့်အိမ် က ထမင်းထည့်မပေးနိုင်လို့ စားစရာမရှိတဲ့ကလေးမှန်သမျှကို ကျောင်းက စားစရာစီစဉ်ပေးတယ်၊ မကြာမကြာ အကျွေးအမွေး ကုသိုလ်ရှင်တွေလည်း ပေါ်ပါတယ်”

 

“ဒါ… ဒါဆို ကျွန့်တော့်သားလေး…”

 

“ဟုတ်ကဲ့ အဲဒီအတွက် ကျမလာတာပါ၊ မောင်နိုင့်ကို ဒီကျောင်းမှာ ပညာသင်ကြားခွင့်ရအောင် ဆရာတော့်ဆီမှာ ကျမအပ်နှံပေးပါ့မယ်”

 

“အိုး—၀မ်းသာလိုက်တာ ဆရာမရယ်၊ ကျွန်တော် ကျေးဇူးမမေ့ပါဘူးဗျာ”

 

ဝမ်းသာလွန်းလို့ထင်သည် အဖေမျက်ရည်ကျနေသည်။ မောင်နိုင်လည်း မျက်ရည်ကျသည် အဖေ့ကို သနားလို့ဖြစ်သည်။ ဆရာမက ကရုဏာသက်စွာဖြင့်ကြည့်သည်၊ ခက်ခက်ကတော့ ပြုံးနေ သည်။

— —

 

အဖြစ်က ဆယ်စုနှစ်နစ်ခု ကျော်လွန်ခဲ့ပြီးဖြစ်သော်လည်း ဒေါက်တာမောင်နိုင် ခုထိမမေ့နိုင် သေး၊ မနေ့ကဟုပင် ထင်သည်။ ဝေဇယန္တာလူငယ်များဖွံ့ဖြိုးရေးကျောင်းကပင် ဆယ်တန်းကို မြန်မာ တစ်နိုင်လုံး ဒုတိယအမှတ်များဆုံးဖြင့် အောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်ဆက်တက်ခွင့် ရခဲ့သည်။ ကျောင်းစရိတ်ကို ဆရာတော် ဦးမဟောသဓပဏ္ဍိတ၏ ခွင့်ပြုချက်ဖြင့် မောင်နိုင်မသိအောင် ခက်ခက် တို့အိမ်က တာဝန်ယူခဲ့သည်။

စစ်ကိုင်းဆေးရုံကြီးမှာ ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ရင်း စစ်ကိုင်းတောင် ဝေဇယန္တာ တိုက်မကြီးမှ ဆရာတော်ဦးက၀ိသာရကို သွားရောက်ဖူးမြော်စဉ် ဆရာတော် အမိန့်ရှိ၍ အကြောင်းစုံ သိခဲ့ရသည်။ ခက်ခက်ကို အလှမာန် ပစ္စည်းမာန်တက်ပြီး သိပ်ခက်ထန်သည်ဟု တစ်ဘက်သက် ထင်နေခဲ့မိသမျှ ခုတော့ မောင်နိုင်အားနာနေမိသည်။ ကျေးဇူးလည်းအထူးတင်ပါသည်။

 

ဆယ်တန်းအောင်ကြပြီးကတည်းက ခက်ခက်နှင့်ပြန်မတွေ့ဖြစ်တော့။ GTI တက်နေသည်ဟုတော့ သိခဲ့ရသေးသည်။ ဒီတစ်ခေါက် ရန်ကုန်ပြန်ဖြစ်ရင် ကျောင်းကိုရောက်အောင်သွားပြီး ဆရာတော် တွေနှင့် ဆရာမကို ကန်တော့ရမည်။ ခက်ခက်တို့ အိမ်ကိုသွားပြီး ကျေးဇူးတင်စကားဆိုရမည်။

 

တီ တီ တီ —

 

အတိတ်ကို စိတ်ကူးနဲ့ပြန်မြင်ယောင်နေစဉ် ကားဟွန်းသံနှင့်အတူ လူတွေရဲ့ ဆူညံဆူညံ အသံ တွေကို ကြားလိုက်ရသဖြင့် အတွေးစပြတ်သွားခဲ့သည်။

 

“ကယ်ကြပါဦး မမလေးကို ကယ်ကြပါဦးရှင်”

 

“ဘယ်လိုဖြစ်တာလဲ”

 

“နာမည်ဘယ်သူလဲ”

 

“မိဘအမည်၊ အသက်၊ အလုပ်အကိုင်၊ နေရပ်”

 

အရေးပေါ်လူနာခန်းထဲတွင် တာဝန်ကျသူနာပြုဆရာမနဲ့ လူနာရှင်တွေ တစ်ယောက် တပေါက် ပြောဆိုနေကြသည့် အသံကို နားမစွင့်ပါဘဲ ကြားနေရသည်။ ဒီကနေ့ အလှည့်ကျဆရာဝန်က ဒေါက်တာမောင်နိုင်ဖြစ်သည်။

 

“မမလေးက အကြီးတန်းအင်ဂျင်နီယာပါ၊ စစ်ကိုင်းတံတားဆောက်လုပ်ရေးမှာ ဒီဘက်ခြမ်းက တာဝန်ယူဆောက်လုပ်နေသူပါ၊ လုပ်ငန်း ခွင်အတွင်း မတော်တဆ သံစထိမှန်ပြီး ခေါင်းမှာဒဏ်ရာ ရလာတာပါ”

 

“စိတ်အေးအေးထားကြပါ၊ သူသွေးအထွက်များပြီး သတိလစ်နေတယ်၊ ဒဏ်ရာကို ကုသနေစဉ် အတွင်း သွေးသွင်းရဘို့ရှိတယ်၊ ခုပဲ ဆရာဝန်ရောက်လာပါလိမ့်မယ်”

 

ထုံစံအတိုင်း အရေးပေါ် လူနာခန်းထဲ ဒေါက်တာမောင်နိုင် ရောက်သွားသည့်အခါ

 

“ဟင်… ! ခက်ခက်”

 

ကိုယ်အထက်ပိုင်း သွေးများစိုချွဲကာ လူနာတင်ကုတင်ပေါ်တွင် သတိလစ်နေသော ခက်ခက် ကိုမြင်ပြီး ဒေါက်တာမောင်နိုင် အံသြသွားသည်။ ဆရာဝန်ဆိုသည့်အသိကိုမေ့ပြီး စိတ်လှုပ်ရှားကာ သွေးများဆူပွက်လာသည်။

 

“ခက်ခက်— ခက်ခက်”

 

“ဆရာမ အောက်စီဂျင်ပေးပါ၊ အီးစီဂျီဆွဲမယ် မြန်မြန်လုပ်ပါ၊ သွေးသွင်းရမယ်၊ သူ့သွေးဟာ အေဘီသွေးအုပ်စုပဲ ကျနော်သိထားဘူးတယ်၊ သွေးဘဏ်ထဲက သွားထုတ်ပါ”

 

“ဆရာ သွေးဘဏ်ထဲမှာ အေဘီ ကုန်နေတယ်။ ဒီလူတွေထဲမှာလဲ အေဘီတစ်ယောက်မှ မပါဘူး ဘယ်လိုလုပ်ရမလဲ”

 

“ဒီလိုဆိုရင် ဆေးရုံအုပ်ကြီးကို အကြောင်းကြားပြီး ကျနော့်ကိုယ်စား ဆရာဝန် တစ်ယောက် လွှတ်ပေးဘို့ ပြောပေးပါ၊ ကျနော် ဒီလူနာအတွက် သွေးလှူမယ်၊ ကျနော့်သွေးက အေဘီသွေးပါ။ အချိန်မရှိဘူး ကျနော်ပြောတဲ့အတိုင်း ချက်ချင်းဆောင်ရွက်ပါ”

 

“ဟုတ် ဟုတ်ကဲ့ဆရာ”

 

ပေါက်ပြဲဒဏ်ရာကို ဆေးကြောသန့်စင် ချုပ်လုပ်နေစဉ်အတွင်း သွေးအလှူရှင်နှင့် လူနာကို တိုက်ရိုက်ဆက်သွယ်စနစ်ဖြင့် သွေးသွင်းနေသည်။ သည်သို့ သူ့သွေးဖြင့် ကျေးဇူးဆပ်ခွင့်ရလိုက် သဖြင့် ဒေါက်တာမောင်နိုင် ၀မ်းသာကျေနပ်နေသည်။ ပျောက်ဆုံးနေသည့် ရွှေစင်ရုပ်လေးကို ပြန်တွေ့ လိုက်ရသဖြင့်လည်း ရန်ခုန်ကြည်နူးနေသည်။

 

ဘုန်းကြီးကျောင်းကဖြစ်သည့် ဒေါက်တာနှင့် အင်ဂျင်နီယာတို့ နိုင်ငံ့တာဝန်ကို ကိုယ်စီကိုယ်စီ ထမ်းရွက်ခွင့် ရနေသဖြင့်လည်း ဂုဏ်ယူပီ တိဖြစ်နေမိသည်။

 

“အင်း ခက်ခက်နေကောင်းမှ ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး ပျော်ကြရဦးမယ်လေ…”

 

မောင်စံ (သီတဂူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to နှောင်းပုံရိပ်လျှင်

  1. catwoman on February 13, 2014 at 4:03 am

    very good we are very close with sayadaw u mahaw . it is nice to see his name in an article.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)