(၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှ စစ်မှန်သောဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ – ၁

February 12, 2014

(၆၅) နှစ်မြောက် ပြည်ထောင်စုနေ့မှ စစ်မှန်သောဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ – ၁

သန်းဝင်းလှိုင် ဇန်န၀ါရီ ၃၁၊ ၂၀၁၂

(မိုးမခဆောင်းပါး ပြန်လည်ဆန်းသစ်ခြင်း၊ ၂၀၁၄ ခုနှစ် ၆၇ နှစ်မြောက် ပြည်ထောင်စုနေ့အတွက်)

တိုင်းရင်းသားလူမျိုးစုအားလုံး၏ တန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးသည် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးပြဿနာများအနက် အဓိကဦးစားပေးဖြေရှင်းရမည့်ကိစ္စများပင်ဖြစ်ပေသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် ယုံကြည်လေးစားမှုဖြင့် ညှိနှိုင်းဆွေးနွေးကာ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ အတူတကွ လွတ်လပ်ရေးအရယူရန် ပင်လုံမြို့ကလေး၌ ၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်သည် ယခု ၂၀၁၂ခု ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် (၆၅) နှစ် တိုင်ခဲ့ပြီဖြစ်သည်။

သို့သော် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံတွင် ယနေ့တိုင် စစ်မှန်သော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်သောကြောင့် ပြည်တွင်းစစ်မီးသည် နှစ်ပေါင်း ၆၀ကျော်တိုင် တောက်လောင်နေဆဲဖြစ်သည်။

● နောက်ခံသမိုင်း
ဗြိတိသျှ နယ်ချဲ့သမားတို့သည် ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ ခုနှစ်များတွင် စစ်ပွဲ (၃) ကြိမ်ဆင်နွှဲကာ မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် ၁၈၈၆ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ဘုရင်ခံချုပ် လော့ဒ်ဒါဖရင်က `သိမ်းပိုက်ခြင်းပြန်တမ်း´ ထုတ်ပြန်ပြီး မြန်မာနိုင်ငံတနိုင်ငံလုံးကို တရားဝင်ကျွန် ပြုအုပ်စိုး ခဲ့လေသည်။

ဗြိတိသျှနယ်ချဲ့တို့သည် စနစ်တကျ ကြိုတင်စီမံထားခြင်းမရှိဘဲ အထက်မြန်မာနိုင်ငံကို အလောတကြီးသိမ်းပိုက်လိုက်မှု ကြောင့် မြန်မာပြည် တ၀ှမ်းတွင် သူ့ကျွန်မခံလိုသော တိုင်းရင်းသားတို့သည် ရရာလက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ရာ ဗြိတိသျှအစိုးရသည် ၁၀ နှစ်ကျော်ကြာ နှိမ်နင်း ခဲ့ရသည်။ ထို့ကြောင့် သီပေါမင်း၏ လွှတ်တော်ဝန်ကြီးများဖြစ်သော ကင်းဝန်မင်းကြီး ဦးကောင်းအပါအ၀င် ၀န်ကြီးအချို့ကို အမှုထမ်းစေပြီး ယာယီအုပ်ချုပ်ခြင်းပြုခဲ့ရသည်။

ထို့နောက် ၁၈၈၉ ခု မတ်လ ၁ ရက်နေ့တွင် စတက်ကျူးဥပဒေပါ စာပိုဒ်များဖြင့် အိန္ဒိယအင်ပါယာ၏ ဇယားဝင် စီရင်စုအဖြစ် အုပ်ချုပ်ခဲ့သည်။ သို့သော် ထိုစတက်ကျူးဥပဒေကို ရှမ်းပြည်တွင် အာဏာမတည်စေရန် ခြွင်းချန်ထားခဲ့သည်။

အိန္ဒိယတွင် ဗြိတိသျှအစိုးရက (Sanad) ခေါ် ခန့်စာများဖြင့် `မဟာရာဂျာ´များကို သစ္စာခံစေပြီး တဆင့်ခံအုပ်ချုပ်စေသည့် နည်းတူ ရှမ်း ပြည်နယ်ရှိ စော်ဘွား၊ မြို့စား၊ ငွေခွန်မှူးတို့ကို ရှေးရိုးအစဉ်အလာအရ အုပ်ချုပ်ခြင်းကို အသိအမှတ်ပြုပြီး ဗြိတိသျှအရေးပိုင်၏ ကွပ် ကဲကြီးကြပ်မှုကို ခံယူစေသည်။

၁၈၉၈ခုနှစ်တွင် မြန်မာနိုင်ငံတရားရေးဆိုင်ရာ ဥပဒေ (Burma Laws Acts) ပြဋ္ဌာန်းပြီး သီပေါမင်းပိုင် မြန်မာပြည်ကို ပြည်မအဖြစ် စိုးမိုးအုပ်ချုပ်တရားစီရင်စေသည်။ ရှမ်း၊ ကချင်၊ ချင်းတို့ ပါဝင်သော တောင်တန်းဒေသသုံးခုတွင် ပြည်မနှင့် သီးခြားခွဲခြမ်းအုပ်ချုပ်သော နယ်မြေဒေ သများ (Frontier Areas) အဖြစ် အုပ်ချုပ်စေသည်။ ယင်းဥပဒေအရ ရှမ်းပြည်နယ်တွင် စော်ဘွား၊ မြို့စား၊ ငွေခွန်မှူး စသော ပဒေသရာဇ် အာဏာပိုင်များနှင့် ချင်းတောင်ဒေသများတွင် တောင်အုပ်၊ တောင်ပိုင် အမည်ခံ ပဒေသရာဇ်အာဏာပိုင်များဖြင့် အုပ်ချုပ်စေသည်။

အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့သိမ်းပိုက်ပြီးနောက် မြန်မာမင်းပိုင်နယ်နှင့် အင်္ဂလိပ် သိမ်းပိုက်ထား သော အောက်မြန်မာပြည်တို့အကြား အငြင်းပွားမှုများ၊ အချင်းဖြစ်ပွားမှုများကို တားဆီးနိုင်ရန်အတွက် ကရင်နီ (ကယားပြည်နယ်) ကို မင်းတုန်းမင်းလက်ထက် ၁၈၇၅ ခု၊ ဇွန်လ ၂၁ ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ်၏ ကိုယ်စားလှယ် တီဒီဖော့ဆက် (T.D Forsyth) နှင့် ကင်းဝန်မင်းကြီးဦးကောင်းတို့ချုပ်ဆိုသောစာချုပ်အရ မြန်မာဘုရင်သြဇာအာဏာမှကင်းလွတ်သည့် လွတ်လပ်သောဒေသတစ်ခုအဖြစ် မြန်မာ မင်းတို့က အသိအမှတ်ပြုရလေသည်။ ထို့ကြောင့် သီပေါမင်းပါတော်မူသည့်အခါ ကရင်နီ (ကယားပြည်နယ်) သည် သီးခြားလွတ်လပ်သော နယ်တစ်ခုအဖြစ် ကျန်နေခဲ့သည်။ အဆိုပါစာချုပ်ကိုအကြောင်းပြု၍ လွတ်လပ်သောဒေသတစ်ခုဟု အမည်တွင်သော်လည်း လက်တွေ့ အားဖြင့် ဗြိတိသျှလက်အောက်ခံမျှသာဖြစ်ပြီး စော်ဘွားများ၊ ပဒေသရာဇ်အာဏာပိုင်များဖြင့် တဆင့်ခံအုပ်ချုပ်သော နယ်မြေဖြစ်လာလေ သည်။

ယင်းနောက် မြန်မာတို့၏ နိုင်ငံရေးနိုးကြားတောင်းဆိုမှုများကြောင့် ၁၉၂၃ ဇန်န၀ါရီလ ၂ မှ ၁၉၃၇ မတ်လ ၃၁ရက်နေ့အထိ ဒိုင်အာခီခေါ် တွဲဖက်အုပ်ချုပ်ရေးကိုလည်းကောင်း၊ ၁၉၃၇ခု ဧပြီ ၁ မှ ၁၉၄၂ ဒီဇင်ဘာ ၁၀ရက်နေ့အထိ ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးကိုလည်းကောင်း ပေးလာခဲ့ရသည်။

သို့သော် ၁၉၃၅ ခုနှစ်တွင် မြန်မာပြည်ကို အိန္ဒိယမှ ခွဲထုတ်ပြီး (The Government of Burma Act) ခေါ် မြန်မာနိုင်ငံအစိုးရဥပဒေအရ သီးခြားအုပ်ချုပ်ခွင့်ပေးလိုက်သော်လည်း တောင်တန်းဒေသများဖြစ်သော ရှမ်းပြည်နယ်များ၊ ရခိုင်တောင်တန်းဒေသများ၊ ချင်းတောင်တန်းများ၊ ကချင်တောင်တန်းများ၊ ဆွန်ပရာတောင်တန်း၊ ဟူးကောင်းတောင်ကြား၊ တြိဂံနယ်မြေနှင့် သံလွင်ဒေသတို့ကို ချန်လှပ်ပြီး ထိုဥပဒေ၏ ဒုတိယဇယားအပိုင်း(၁)နှင့် အပိုင်း(၂) (Schedule II, Part 122) အရ ဘုရင်ခံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် ထားရှိခဲ့သည်။

ယင်းနောက် ဒုတိယကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဂျပန်တပ်မတော်တို့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် နယ်ချဲ့အစိုးရသည် အိန္ဒိယနိုင်ငံ ဆင်းမလားမြို့သို့ ထွက်ပြေးခဲ့ရသည်။ စစ်အပြီး အောက်တိုဘာ ၁၆ ရက်တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် မြန်မာတို့အခေါ် စက္ကူဖြူစာတမ်းခေါ် (Burma Statement of Policy by H.M.G, 1945) ကို သယ်ဆောင်လျက် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ ယင်းနောက် နောက်တစ်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသည့် ၄င်းအား ဂုဏ်ပြု သည့်ဧည့်ခံပွဲ၌ “မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသည် ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ မကြာမီမှာပင် အခြေအနေပေးသည်နှင့် တပြိုင်နက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရေးဆွဲရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပပေးတော့မည်ဖြစ်ကြောင်း” ပြောကြား သွားသည်။

ဒေါ်မန်စမစ်က ဆက်လက်၍ ရွေးကောက်ပွဲကျင်းပရေးမပြုမီအတောအတွင်း ၁၉၃၅ ခု မြန်မာနိုင်ငံအစိုးရအက်ဥပဒေ The Governmentof Burma Act, 1935) ကို ခေတ္တရပ်ဆိုင်းထားပြီး စက္ကူဖြူစာတမ်းအရ ဘုရင်ခံတစ်ဦးတည်း အုပ်ချုပ်သွားသည့်စနစ်ဖြင့် (၃) နှစ် အုပ်ချုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

စင်စစ် စက္ကူဖြူစီမံကိန်းမှာ အသစ်အဆန်းမဟုတ်ဘဲ မြန်မာနိုင်ငံအတွက် ၉၁ ဌာနအုပ်ချုပ်ရေးအသစ်ကို မွေးပေးခဲ့သော ၁၉၃၅ခု မြန်မာ နိုင်ငံဥပဒေပုဒ်မ ၁၃၉ အရ အုပ်ချုပ်မည့် စီမံကိန်းပင်ဖြစ်သည်။ ပုဒ်မ ၁၃၉ အရ ဘုရင်ခံသည် တိုင်းပြည်၏အချုပ်အခြာအာဏာကိုဆက်လက်ချုပ်ကိုင်ထားပြီး ဗြိတိသျှအစိုးရက တိုက်ရိုက်တာဝန်ခံ၍ အုပ်ချုပ်ရန်ပင်ဖြစ်သည်။

အဆိုပါ စက္ကူဖြူစီမံကိန်းကို အင်္ဂလိပ်အလိုတော်ရိနိုင်ငံရေးသမားကြီးများသာ ထောက်ခံကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်နေသော ဖဆပလအဖွဲ့ချုပ်နှင့် ပြည်သူတရပ်လုံးက ယင်းစီမံကိန်းမှာ ဒိုင်အာခီမတိုင်မီ အုပ်ချုပ်ရေးအဆင့်မျှသာရှိသော ခေတ်နောက်ပြန် ဆွဲသည့် အုပ်ချုပ်ရေးဖြစ်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးမည့် အချိန်ကာလအတိအကျမပါခြင်း၊ တောင်တန်းနှင့်မြေပြန့်ကို ခွဲခြားအုပ် ချုပ်ခြင်း၊ လွတ်လပ်ရေးပေးသည့်တိုင် စီးပွားရေးအရ မလွတ်လပ်စေရန် ဖန်တီးထားခြင်း စသည့်အချက်များကြောင့် ဆန္ဒပြကန့်ကွက် ခဲ့ကြသည်။

ထိုအချိန်တွင် ရှမ်းပြည်နယ်လူထုနှင့် စော်ဘွားများကလည်း နိုးကြားတက်ကြွလာပြီး လွတ်လပ်မည့် မြန်မာ့အရေးကို စဉ်းစားလာကြသည်။

သို့ဖြင့် ရှမ်းပြည်နယ်ရှင်များအားလုံးပါဝင်သော အစည်းအဝေးတရပ်ကို ၁၉၄၆ ဇန်န၀ါရီလ ၃၁ရက်နေ့တွင် မိုင်းကိုင်မြို့၌ ကျင်းပပြီး၊ စော်ဘွားများ၊ မြို့စားများ၊ ငွေခွန်မှူးများအားလုံး စ၀်ဖလုံများဟုခေါ်ရေး၊ အင်္ဂလိပ်နယ်ချဲ့ကို မြန်မာများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ရေးတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက် စ၀်ဖလုံကောင်စီ (Council of Shan State Sophos) ကိုလည်း ဖွဲ့စည်းလိုက်သည်။ ထိုစဉ် အတွင်း ၁၉၄၆ ဇန်န၀ါရီလ ၁၇ မှ ၂၃ ရက်နေ့အထိ ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပပြုလုပ်သော ဖဆပလအဖွဲ့ချုပ်၏ ပထမညီလာခံတွင် တိုင်းရင်းသားလူနည်းစုများနှင့် ဗမာအမျိုးသားတို့ ညီညွတ်ရေးအဆိုနှင့် နယ်ခြားဒေသများအား မြန်မာပြည်မနှင့်ပေါင်းစည်းရေးအဆိုကို တင်သွင်းလိုက်ကြသည်။

မိုင်းကိုင်အစည်းအဝေးအပြီး စ၀်ဖလုံများဦးစီး၍ ပထမပင်လုံညီလာခံကို လဲချားနယ် ပင်လုံမြို့ကလေးတွင် ၁၉၄၆ မတ် ၁ မှ ၁၂ရက်နေ့အထိ ကျင်းပခဲ့ကြသည်။ အဆိုပါပင်လုံညီလာခံကို `ရှမ်းပြည်နယ်လက်မှုပြပွဲ´ဟု အမည်တပ်ထားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်များ၊ ဗမာပြည်မမှ အခြားနိုင်ငံရေးခေါင်းဆောင်များ၊ တောင်တန်းဒေသမှ ကချင်၊ ချင်း၊ ကရင်နီခေါင်းဆောင်များကိုလည်း ဖိတ်ကြားခဲ့သဖြင့် နိုင်ငံရေးအသွင်လက္ခဏာ အပြည့်အ၀ဆောင်သည့် နိုင်ငံရေးညီလာခံပင် ဖြစ်သည်။ ပထမပင်လုံညီလာခံသို့ ဗိုလ်ချုပ် အောင်ဆန်းသည် ရခိုင်ပြည်ဘက်သို့ ခရီးလွန်နေသဖြင့် ဗိုလ်ချုပ်ကိုယ်စား သခင်နု၊ ဦးဘဂျမ်း (ပုဂံ)၊ မန်းဘခိုင်၊ ဦးဘအေး၊ သထုံဦးလှဖေ အပြင် ဂဠုန်ဦးစောတို့လည်း တက်ရောက်ခဲ့ကြသည်။

ညီလာခံတွင် ရှမ်းပြည်မှ ဦးထွန်းမြင့် (လင်းခေး) နှင့် ဦးတင်အေးတို့ ဟောပြောကြသည်။ သခင်နုက ရှမ်း၊ ဗမာချစ်ကြည်ရေး သမိုင်းကို လည်းကောင်း၊ ဂဠုန်ဦးစောက ဒိုမီနီယံအကြောင်းကိုလည်းကောင်း၊ ဟောပြောကြသည်။

သခင်နုက ဗိုလ်ချုပ်အောင်ဆန်းမှာ ကြိုင်တင်စီစဉ်ထားသော အခြားကိစ္စတစ်ခုရှိ၍ သမိုင်းဝင် ဤညီလာခံကို မတက်ရောက်နိုင်ကြောင်း၊ ဤသို့ မတက်ရောက်နိုင်သည့်အတွက် တောင်းပန်ကြောင်း၊ မတက်နိုင်သော်လည်း အောင်မြင်မှုရပါစေဟု ဆန္ဒပြုသည်ကို ဤအစည်း အဝေးသို့ တင်ပြရန် မှာကြားလိုက်ကြောင်း ပြောကြားပြီး ရှမ်းဗမာ ချစ်ကြည်ရေးသမိုင်းကို အဓိကဆွေးနွေးသွားသည်။ ထို့အပြင် ဖဆ ပလအဖွဲ့ချုပ် ပထမအကြိမ်ညီလာခံတွင် ရှမ်းလူငယ် (၁၀) ဦးနှင့်တွေ့ဆုံစဉ်က မပြေမလည်ရှိခဲ့သည်ကို ထပ်မံတွေ့ဆုံဆွေးနွေးကြပြီး အတော်အတန် နားလည်မှုရရှိသွားကြသည်။

ဂဠုန်ဦးစောက တောင်တန်းဒေသများသည် ဗမာပြည်ပနှင့် တပြိုင်တည်း လွတ်လပ်ရေးရယူကြပြီး၊ လွတ်လပ်ရေးရပြီးပါက ခွဲထွက်လိုပါက ခွဲထွက်ခွင့်ရှိစေရမည်ဟု ဆွေးနွေးသည့်အပြင် ဒိုမီနီယံအုပ်ချုပ်ရေးအကြောင်းကိုပါဆွေးနွေးလာသဖြင့် ရှမ်းပြည်ခေါင်းဆောင်များက ဗမာ ပြည်မှာ ရောင်းမစွံတဲ့ဒိုမီနီယံကို ရှမ်းပြည်လာမရောင်းပါနဲ့ဟု ပြောလိုက်ရာ ဦးစော `လုံးဝ´ အရေးနိမ့်သွားသည်။

ရှမ်းနှင့်ကချင်ခေါင်းဆောင်များသည် ဗမာပြည်နှင့် တပြိုင်တည်း လွတ်လပ်ရေးရယူသွားမည့်နည်းလမ်းများကို သီးသန့်တွေ့ဆုံ ဆွေးနွေးကြ သည်။ ကရင်နီပြည်နယ်ကိုယ်စားလှယ်ကမူ မိမိတို့ကရင်နီပြည်မှာ သီးခြားလွတ်လပ်ရေးရရှိပြီးဖြစ်၍ လေ့လာသူအဖြစ်သာ တက်ရောက် ကြောင်း၊ အနာဂတ်ပြည်ထောင်စု ဖွဲ့စည်းပုံအပေါ်မူတည်ပြီး ကရင်နီပြည်သူများ၏ ဆန္ဒသဘောထားရယူသွားမည်ဟု အလွတ်သဘောဖြင့် သာ ဆွေးနွေးသွားသည်။ ပထမပင်လုံညီလာခံသည် ရှမ်း၊ ဗမာ၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားခေါင်းဆောင်များ ချစ်ကြည်ရင်းနှီးမှု၊ အပြည်အလှန်နားလည်မှု ရရှိစေသည်။ ၁၉၄၇ခုနှစ်တွင် ပင်လုံတွင် ထပ်မံ၍ ဒုတိယပင်လုံညီလာခံ ကျင်းပရန်ဆုံးဖြတ်ခဲ့ကြသည်။

ရှမ်းလူထုခေါင်းဆောင်များဖြစ်ကြသော ဦးတင်ဧ၊ ဦးထွန်းမြင့်၊ ဦးစံဖေ၊ ဦးဘရီ၊ ဦးအုန်းဖေ စသူတို့ ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ (ရပလ) ကို ဖွဲ့စည်းကြသည်။ ရှမ်းပြည်ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ရပလ) က ၁၉၄၆ သြဂုတ်လတွင် ပြည်မနှင့်ပေါင်း၍ လွတ်လပ်ရေးအရ ယူပြီးလျှင်-

(၁) ပြည်ထောင်စုမူအရ ပေါင်းမည်။
(၂) အခွင့်အရေးနှင့်အဆင့်အတန်း တန်းတူဖြစ်ရမည်။
(၃) ရှမ်းပြည်အား လုံးဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရမည်။
(၄) ခွဲထွက်လိုက အချိန်မရွေးခွဲထွက်ခွင့်ပေးရမည်ဟု ကြွေးကြော်ဖွဲ့စည်းခဲ့ကြသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်ဆွေးနွေးပွဲမသွားမီ ၁၉၄၆ ဒီဇင်ဘာလ ၂၃တွင် လွိုင်ကော်မြို့ ကရင်နှစ်သစ်ကူးပွဲတော်မှအပြန် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ ၀င်ခဲ့သည်။ ဗိုလ်ချုပ်သည် ညောင်ရွှေဟော်၌ ရှမ်းစော်ဘွားများ၊ ၄င်းတို့၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးသည်။ ဗိုလ်ချုပ်အောင်ဆန်းက မိမိသည် မကြာမီအတွင်း အင်္ဂလန်သို့သွားရောက်ပြီး လွတ်လပ်ရေးအတွက် အရေးဆိုမည်။ ရှမ်းပြည်သည် မြန်မာပြည်နှင့်အတူ လွတ်လပ်လိုပါက လက်မှတ်ရေးထိုးပေးရန် ရှမ်းစော်ဘွားများအား တင်ပြသည်။ စော်ဘွားများက ယခုကိစ္စသည် အလွန်အရေးကြီး၍ အလျင်စလို ဆုံးဖြတ်ရန်မလွယ်ကူကြောင်း ရှမ်းပြည်မြောက်ပိုင်းစော်ဘွားများနှင့် ညှိနှိုင်းပြီး ကြေးနန်း ဖြင့် အကြောင်းကြား မည် ဟူသော ကတိကိုသာ ပေးလိုက်ကြသည်။

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေစော်ဘွားစ၀်ရွှေသိုက်သည် မြောက်ပိုင်းစော်ဘွားများနှင့် ညှိနှိုင်းခဲ့သည်။ အင်္ဂလိပ်တောင်စခန်းဝန် စတီဗင် ဆင် (Henry N.C. Stevenson) ၏ ကြိုတင်သွေးထိုးထားမှုများကြောင့် ဗိုလ်ချုပ်လိုချင်သော အဖြေမရဘဲ ရှမ်းစော်ဘွားများကောင်စီက ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဗမာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ဗမာပြည်ကိုသာကိုယ်စားပြုပြီး ရှမ်းပြည်နှင့်တောင်တန်းဒေ သများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း ရှမ်းစော်ဘွားများ၏ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို လန်ဒန်သို့ ဖိတ်ကြားပါဟူ၍ ဗြိတိသျှအစိုးရထံသို့ ကြေးနန်းပို့လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်ပြည် လန်ဒန်မြို့သို့ မရောက်မီကပင် ထိုကြေးနန်းကို အင်္ဂလိပ်အာဏာပိုင်တို့ ရရှိထားပြီးဖြစ်သည်။

ရှမ်းပြည်စော်ဘွားများက ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်အတွက် ကိုယ်စားမပြု ကြောင်းဟူ၍ ဗြိတိသျှအစိုးရထံသို့ ကြေးနန်းစာပေးပို့ကြောင်း ကြားသိရသည့်အခါ ရပလအဖွဲ့သည် တောင်ကြီးမြို့ဈေးနေ့တွင် ပြည်သူလူ ထု ၂၀၀၀ကို စုစည်း၍ လူထုအစည်းအဝေးတရပ်ကျင်းပပြီး၊ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်နှင့်တောင်တန်းဒေသ နယ်မြေများအတွက် တပြိုင်တည်းလွတ်လပ်ရေးပေးရန် လန်ဒန်တွင် အရေးဆိုနေကြောင်း၊ ထို့ကြောင့် ဗမာပြည်နှင့်အတူ ရှမ်းပြည်ကိုပါ လွတ်လပ်ရေးတပြိုင်တည်း ချက်ချင်းပေးရန် ဗိုလ်ချုပ်အောင်ဆန်းအားတညီတညွတ်တည်း ထောက်ခံကြောင်း အဆိုတင်သွင်းပြီး ထောက်ခံအတည်ပြုကြသည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဗမာများသည် တောင်တန်းဒေသအတွက်ပြောဆိုခြင်းမှာ ဗမာပြည်နှင့် တန်းတူအဆင့်အတန်း အခွင့်အရေး ရစေလိုသောကြောင့်ဖြစ်ကြောင်း၊ ဗမာလူမျိုးသည် ဗြိတိသျှကျွန်မဖြစ်လိုကြောင်း၊ ထို့နည်းတူစွာ တောင်တန်းလူမျိုးများသည်လည်း ဗြိတိ သျှကျွန်ဖြစ်သည်ကို ဗမာက မကြိုက်ကြောင်းပြောဆိုပြီး စေတနာသန့်သန့်ဖြင့် ဗမာပြည်အပါအ၀င် တောင်တန်းဒေသအတွက် တပြိုင် တည်း လွတ်လပ်ရေးကို တောင်းဆိုခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုစဉ်က ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မြန်မာ့လွတ်လပ်ရေးအတွက် သဘောတူစာချုပ်ကို ၁၉၄၇ ဇန်န၀ါရီလ ၂၇တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသော်လည်း တောင်တန်းဒေသများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ် ဖွဲ့ရန်ဖြစ်သည်။

မူအားဖြင့် ဒုတိယပင်လုံညီလာခံမှာ ရှမ်းပြည်နယ်ရှင်များ၏ အစည်းအဝေးမျိုးသာ ဖြစ်ခဲ့သော်လည်း အောင်ဆန်းအက်တလီစာချုပ်ကြောင့် ပုံစံပြောင်းသွားရလေသည်။

၁၉၄၇ ဖေဖော်ဝါရီ ၁တွင် ကချင်ကိုယ်စားလှယ်များ ပင်လုံညီလာခံသို့ တက်ရောက်ရန်လာကြစဉ် ကွတ်ခိုင်နယ် နမ့်ဖတ်ကာရွာတွင် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အောက်ပါလိုလားချက်များကို ချမှတ်ခဲ့ကြသည်။

(၁) ကချင်အမျိုးသားများသည် ဗမာအမျိုးသားများနှင့် တပြိုင်တည်း လွတ်လပ်ရေးရရန်၊
(၂) ကချင်အမျိုးသားများ၏ ဆန္ဒနှင့်အညီ ကချင်သီးခြားနိုင်ငံထဲ၌ ဗန်းမော်နှင့် မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်း ဒေသများနှင့် က သာမြို့၏မြောက်ဘက် မြေပြန့်ဒေသများ ပါဝင်စေရန်၊
(၃) လွတ်လပ်သည့် ကချင်သီးခြားနိုင်ငံထဲ၌ ဗန်းမော်နှင့်မြစ်ကြီးနားခရိုင်များ၊ ကချင်တောင်တန်းဒေသများနှင့် ကသာမြို့၏ မြောက်ဘက် မြေပြန့်ဒေသများ ပါဝင်စေရန်။
(၄) ဗမာအမျိုးသားများနှင့်ကချင်အမျိုးသားများ နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့် နယ်နိမိတ် ချက်ချင်းသတ်မှတ်သည်။
(၅) နယ်နိမိတ်သတ်မှတ်ပြီးပြီးချင်း မြန်မာပြည်ဘုရင်ခံလက်တွင်ရှိသည့် အခွင့်အာဏာများ၊ ကချင်အမျိုးသားလက်သို့ ပေးအပ်ရန်နှင့် မြန်မာပြည်ကြားဖြတ်အစိုးရအဖွဲ့တွင် ကချင်အမျိုးသား ၀န်ကြီးတစ်ဦး ခန့်အပ်ရန်။
(က) ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးတာဝန်ထမ်းရွက်ရန်။
(ခ) ကချင်ဝန်ကြီးမှာ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စများ ပါဝင်နိုင်ရန်။
(ဂ) ကာကွယ်ရေးဝန်ကြီးကို အကြံပေးရန်အတွက် ကချင်အမျိုးသားတစ်ဦး ခန့်ထားပေးရန်။

(၆) ကချင်သီးခြားပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နှင့်အတူ မြန်မာနိုင်ငံလုံး စောလျင်စွာ လွတ်လပ်ရေးရရှိရန်အတွက် တိုင်းပြုပြည်ပြု လွှတ်တော်၌ ချက်ချင်းပါဝင်ကြရန်။
(ရ) အထက်၌ ဖော်ပြသည့်အတိုင်း မြန်မာအမျိုးသားအားလုံး လွတ်လပ်ရေးရသည့်အခါ သီးခြားလွတ်လပ်သည့် ကချင်ပြည်နယ်အပါအ၀င် လွတ်လပ်သည့် မြန်မာပြည်ထောင်စု အစိုးရ ဖွဲ့စည်းရန်။
(၈) အထက်ပါ တညီတညွတ်တည်း ဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကို ရယူရန်၊ စသည် တို့ဖြစ်သည်။

ယင်းနောက် ၁၉၄၇ ဖေဖော်ဝါရီလ ၇ရက်တွင် ကချင်နှင့်ချင်း ကိုယ်စားလှယ်များ ပင်လုံမြို့သို့ ရောက်ရှိလာပြီး ဆွေးနွေးပွဲကို စတင်ခဲ့ကြ သည်။ ဖေဖော်ဝါရီလ ၉ ရက်တွင် တောင်တန်းဒေသများ ညီညွတ်ရေးအဖွဲ့ (Supreme Council of United People [SOCUNP]) ကို ဖွဲ့စည်းခဲ့ကြသည်။

ပင်လုံညီလာခံသို့ ကရင်နီပြည်နယ်မှ ဦးစောသိန်း (စ၀်သိန်း) နှင့် ဦးစောဝဏ္ဏ (စ၀်ဝဏ္ဏ) တို့သည် လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။

ကရင်အမျိုးသားအဖွဲ့ချုပ် (Karean National Union [KNU]) မှ ဦးလှဖေ (ပအို့ဝ်)၊ စောစံအေး၊ စောဝရီသော်နှင့် စောချစ်တီးတို့ လေ့လာ သူအဖြစ် နောက်ကျမှ ရောက်လာသည်။

၁၉၄၇ ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ နေ့များတွင် အပြီးသတ် ဆွေးနွေးပွဲကို မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ၀န်ကြီးအချို့၊ စော်ဘွားအားလုံးအပြင် ရှမ်းပြည်နယ်လူထုကိုယ်စားလှယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသမှ ကိုယ်စားလှယ် များက ပင်လုံညီလာခံအပြီးသတ် အစည်းအဝေး၌-

“ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းဖြင့် ရှမ်း၊ ကချင်၊ ချင်း တို့ အားလုံး လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးသို့ တက်ရောက်လာသူ အဖွဲ့တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်း သဘောတူကြသည်” ဟူ၍ ဖော်ပြပြီး လွတ်လပ်ရေးအတွက် သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို ပင်လုံမြို့၌ ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ချုပ်ဆိုလိုက်ကြသည်။

ဤသို့ဖြင့် ၁၉၄၈ ဇန်န၀ါရီလ ၄ ရက် နံနက် ၄း၂၀ နာရီတွင် မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ပေါ် ထွန်းလာခဲ့ရာ၊ နှစ်စဉ် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော ဖေဖော်ဝါရီလ ၁၂ရက်နေ့ကိုလည်း `ပြည်ထောင်စုနေ့´အဖြစ်သတ်မှတ်ပြီး ကျင်းပ လာခဲ့သည်မှာ ယခုအခါ ၆၅ နှစ် တိုင်ခဲ့ပြီဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ပြန်လည်ဆန်းသစ်ခြင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်