ကွန်ကရစ်တောထဲက သားကောင်၊ လှောင်ချိုင့်ထဲက ချိုးငှက် – အပိုင်း (၂၀)

February 12, 2014

အရှင်ဇဝန (နိုင်ငံရေးအကျဉ်းသားဟောင်း)
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၄

 

ထောင်အကြောင်းတွေကို ရေးလိုက်တိုင်း နာကျင်မှု့တွေ၊ သောကတွေ၊ ဖိနှိပ်မှု့တွေချည်း ကြားနေရချိန်မှာ ထောင်ထဲက ပျော်စရာ ရွှင်စရာအကြောင်းကို ရေးပြတော့ လူတွေက ယုံတမ်းစကားဟု ထင်ကြမည်။ တကယ်က ဖိနှိပ်မှု့တွေကြားက လွတ်ထွက်မှု့၊ နာကျင်မှု့တွေကကြားက သက်သာမှု့ကတော့ အနည်းနှင့်အများ ရှိကြမည်သာ။ ယခုပြောမည့် ပျော်စရာရွှင်စရာသည် ကာလအကြာ ကြီး ရခဲ့သည်တော့ မဟုတ်။ ကံကောင်းထောက်မစွာ ရလိုက်မိသော တစ်ခဏတာ။ ထိုတစ်ခဏသည် တစ်သက်တာ ပြန်ပြောတိုင်း မပါမဖြစ်သော တစ်ခဏဖြစ်ပေသည်။ တစ်ခြားထောင်များသို့ ပြောင်းရွှေ့ခံရသူ (အထူးသဖြင့် မြင်ခြံထောင်လိုထောင်မျိုး) များသည် ဒီလိုပျော်ရွှင်မှု့ကို သူတို့ရဲ့ ထောင်ဘ၀ သက်တမ်းတွင် ဘယ်တော့ခါမှ မပိုင်ဆိုင်ရသော တစ်ခဏဖြစ်ပေသည်။ ဒီအကြောင်းကြောင့်လည်း ဒီကာလကို လူတိုင်း တမ်းတမ်းတတ ပြန်လည်ပြောဆိုနေကြခြင်းဖြစ်သည်။ 

 

မြန်မာလူမျိုးတို့ကို တိုင်းတစ်ပါးသားတို့က ပျော်ပွဲရွှင်ပွဲ ပြုလုပ်တတ်ကြသော လူမျိုးဟု ကမ္ဗည်းတင်ကြသည်။ စာတစ်ပုဒ်မှာ သေသည့်အသုဘအလောင်းထမ်းပြီး `က´သော မြင်ကွင်းတစ်ခုကို တအံ့တသြ စာဖွဲ့သည်ကိုတွေ့ခဲ့ဘူးသည်။ ကိုယ့်ယဉ်ကျေးမှု့ အစဉ်အလာကို ဘယ်လောက်ပင် အကျပ်အတည်းကြားရောက်နေပါစေ မမေ့မပျောက် မဖြစ်ဖြစ်အောင် ဆင်နွှဲရသည်ကို အမြတ်တနိုးထားကြသည်များဖြစ်သည်။

 

ဖိနှိပ်မှု့မှ တစ်ခဏလေးလွတ်လိုက်ရသော ကာလသည် မြန်မာတို့၏ နှစ်သစ်ကူး အတာသင်္ကြန်နှင့် ကြုံကြိုက်နေသည်။ လူငယ်တို့ တက်ကြွစွာ သင်္ကြန်ပွဲကို သင်္ကြန်ဆိုတဲ့အတွက် ရင်ခုန်နေကြသည်။ သင်္ကြန်ကာလ မုန့်လုံးရေပေါ်သည် မပါမဖြစ်သော မြန်မာတို့၏ မုန့်ဖြစ်သည်။ ထိုမုန့်လုံးရေပေါ်ကို သင်္ကြန်အတွင်းကျွေးနိုင်ရန် စီစဉ်နေကြသည်။ အတက်ကြွဆုံးနှင့် အလုပ်အများဆုံးအခန်းကို ပြောပါဆိုလျှင် အခန်းနံပါတ် (၁၂) ကိုပြောရမည်။ လွတ်လပ်သော ကာလတွင် တစ်ခန်းနှင့် တခန်း လူလဲပြီး အိပ်လို့ရသည်။ ထိုအခန်းတွင်ရှိသော အရှည်လေး၊ သားလေးတို့၏ ဖိတ်ကြားမှု့နှင့် သင်္ကြန်အတွင်းကာလတွင် သူတို့အခန်း (၁၂) သို့ ညအိပ်သွားခဲ့ရသည်ကို ယခုတိုင် အမှတ်ရနေဆဲရှိသည်။ နောက်နေ့ တနေ့လုံးအတွက် မုန့်လုံးရေပေါ်လုံးသည်။ သင်္ကြန်သံချပ်တိုက် ဘို့အတွက် လူငယ်တို့ စုစည်းပြီး ထို (၁၂) ခန်းတွင်ပင် ဇာတ်တိုက်ကြသည်။

 

နောက်တစ်နေ့သည် ထိုညကပြုလုပ်သော မုန့်လုံးရေပေါ်များကို တိုက်ရှိလူကုန် ဝေငှနိုင်သည်။ နံနက်ခင်းပိုင်းတွင် အသက်ကြီးသော လူကြီးအချို့နှင့် ဘာသာရေးကို စွဲစွဲလန်းလန်းရှိသော လူငယ်တစ်ချို့ ဥပုသ်သီလစောင့်တည်ကြသည်။ နေ့လည် တန်းဖွင့်သည်နှင့် သင်္ကြန်သံချပ်အဖွဲ့တွင် ဘောင်းဘီတိုများနှင့် ပါးတွင် မှင်ဖြင့် ဆွဲပြီး ရုပ်ပြောင်ပြုလုပ်ထားသည်။ စားစရာနှင့် ဟင်းများ ထည့်ရန် အသုံးပြုသော ပလစတစ်ဗူးခွံများကို ဒုတ်များဖြင့် စည်းချက်ညီတီးခတ်ပြီး သူတို့၏သံချပ်များကို စတင်သည်။ တစ်တိုက်လုံးရှိ အချင်းချင်းနောက်ပြောင်ကျီစယ်ကြသော သံချပ်သံက အားလုံးကို ပြုံးပျော်စေသည်။ သံချပ်အဖွဲ့သည် ၁ ဆောင်ကော ၂ ဆောင်မှာ သွားရောက် ဖျော်ဖြေသည်။ သင်္ကြန်ကာလာသည် အုတ်တံတိုင်းအပြင်ဘက်မှ ဆူညံသံများ၊ တေးသီချင်းသံများ ဘယ်လိုပင် တံတိုင်းများကိုကျော်၍ ထောင်ထဲသို့ဝင်လာပါစေ ထောင်ထဲနေသူတို့  ကိုယ်တိုင်ဖန်တီးထားသော ပျော်ရွှင်စရာနေ့ရက်တွေသည် သူ့နည်းသူ့ဟန်ဖြင့် ပြင်ပလောကကို အံတုနေသလိုပင်ရှိသည်။ သောကကို အပျော်ဖြင့် ဆေးချ၊ ဒဏ်ရာကို ရယ်မောခြင်းဖြင့် ခွာချပြီး သင်္ကြန်ကာလတစ်ခုသည် ဝေဒနာတို့ကို မေ့ပျောက်အောင် မမေ့ပျောက်သော်လည်း တစ်ခဏတာ စိတ်ထဲသို့မ၀င်ရန် တားနိုင်ခဲ့သည်ဟု ဆိုရပေမည်။ သူတို့တွေအားလုံး ပျော်ပွဲဖွဲ့ပြီးသော သင်္ကြန်ကာလအလွန် နှစ်ဆန်း ၁ ရက်နေ့သည် ထောင်ထဲရှိ ဦးဇင်းတို့ သံဃာ ၃ ပါး၏ အစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။ တာဝန်ကျဝန်ထမ်းများ အိပ်ယာ၊ ကွပ်ပျစ်ထက်တွင် ဆောင်များခင်းထား ကြသည်။ မိမိတို့ကို အာဏာရှင် စံနစ်က ကိုယ်ကိုးကွယ်သည့် ဘာသာကိုပင် နှိပ်ကွတ်နေသော အချိန်တွင် ကိုယ့်ရဲဘော်များသည် သူတို့နှင့် အ၀တ်အစားအတူ ၀တ်ထားသည်ဟု မြင်နေရသော်လည်း သူတို့၏ စိတ်ထဲတွင် ငါတို့ကိုးကွယ်နေသော သံဃာဟု မှတ်ထင်ဟုသည် စွဲမြဲခိုင်မာလျက်ပင်ရှိသည်။ သံဃာတစ်ပါး သံဃာအဖြစ်မှ ရွေ့လျှော်စေနိုင်သော အချက်များတွင် အ၀တ်စားသည် အဓိကမကျဟူသော အချက်ကို သူတို့ ကျကျနန သဘောပေါက်ထားပြီးဖြစ်သည်။ သံဃာတော်တို့ထံ သီလခံယူရန်နှင့် ပရိတ်တရား နာရန် မြေပြင်တွင် အားလုံး လက်အုပ်ချီနေကြသည်။ သြကာသ ကန်တော့ကျိုးကို ညီညီညာညာ ရွတ်ဆိုနေကြသော အသံသည် ကိန်းထွက်၍နေသည်။ သီလခံယူအပြီး သံဃာတော်များ ရွတ်ဖတ်သော ပရိတ်တရားတော်ကို ရိုရိုသေသေ နာယူနေကြသော မြင်ကွင်းသည် ယနေ့တိုင်အောင် စိတ်မှတ်စုလည်း မပျောက်မပျက် ထင်ကျန်နေသော ကိစ္စပင်ဖြစ်သည်။ ထောင်သက်တမ်း၌ ရှားရှားပါးပါးရလိုက်မိသော ဤအခွင့်အရေးမျိုးကို နောက်တစ်ခါထက်ပြီး ရနိုင်တော့မည်မဟုတ်။ တကယ်လည်း တချို့ဆိုလျှင်  အင်းစိန်ထောင်မှ ပြောင်းပြီး အလွန်ကျပ်တည်းသော နယ်ထောင်များသို့ ရောက်သွားကြသူများသည် ယခုအဖြစ်ပျက်ကို ကျောပေါ်ဒုတ်ကျတိုင်း၊ အခန်းကျဉ်းလေးထဲ လှောင်ပိတ်ခံရတိုင်း တသသ သတိရနေမည်မှာ အသေချာ။

 

သင်္ကြန်ကာလလိုမျိုး အမှတ်ရမိသော ပွဲတစ်ခုကိုလည်း တစ်ဆက်တည်း ပြောပြချင်ပါသေးသည်။ သင်္ကြန်အငွေ့အသက်တွေနှင့် စိတ်ကြည်နူးမှု့ကို ပြော၍မ၀သေးခင်ပင် ဤအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ဆယ့်နှစ်လရာသီမှာ ဆယ့်နှစ်လလုံး ပွဲတော်မပြတ်သော မြန်မာတို့အဖို့ ဘယ်ချိန်ဘယ်လမဆို ကိုယ့်ရိုးရာအခမ်းအနားဟု ကျင်းပခွင့်၊ ဆင်နွှဲခွင့် ရနေသည်သာ။ ယခုကျင်းပမည်ဖြစ်သော အခမ်းအနားသည် ဗုဒ္ဓဘာသာတို့အတွက် တန်ဖိုးထားသော နေ့လည်းဖြစ်နေသည်။ ဘာသာတရားအရ တန်ဖိုးထားသော နေ့ဖြစ်သလို မြန်မာတို့၏ ယဉ်ကျေးမှု့အရလည်း လေးနက်နေပေသည်။ ကဆုန်လပြည့်သည် ဗုဒ္ဓဘာသာတို့အတွက် ဘုရားဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်သောနေ့၊ ပရိနိဗ္ဗာန်စံဝင်သောနေ့ဟု ကြုံကြိုက်မှု့သုံးခုသည် ဗုဒ္ဓနေ့ သတ်မှတ်ရခြင်း၏ အဓိကအကြောင်းဖြစ်ပေသည်။ ဗုဒ္ဓ၏ဖြစ်တော်စဉ်များထဲ ထူးခြားမှု့များအများဆုံး ပေါ်ပေါက်ခဲ့ရာနေ့သည် ဗုဒ္ဓကို ပို၍အမှတ်ရစေရန် (ဗုဒ္ဓါနုဿတိ) ဖြစ်ပေါ်ဖို့ အခွင့်အခါလည်းဖြစ်သည်။ ထိုနေ့ထိုရက်တွင် ဗုဒ္ဓ၏ဖွားဖက်တော်များထဲ တစ်ခုအပါအ၀င်ဖြစ်သော ဗောဓိညောင်ပင်အရင်း သဗ္ဗညုတဥာဏ်ပိုင်ရှင်ကို ပိုပြီးဦးထိပ်ကြသည်။ ဗုဒ္ဓ၏ဖွားဘက်တော်လည်းဖြစ်၊ ဘုရားဖြစ်စဉ် အနီးဆုံး နေရာ၌ရှိခဲ့သော ထိုဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင်တို့၏ တန်ဖိုးထားရာ သစ်တစ်ပင်လည်းဖြစ်ပေ သည်။ ကဆုန်လကို အဓိပ္ပာယ်ဖွင့်ဆိုလျှင်  က = ရေ၊ ဆုန် = (ဆိန္ဒ) ပြတ်ခြင်းဟုအဓိပ္ပာယ်ရသည်။ ထိုရေပြတ်သော လ တွင် သစ်ပင်များ ညှိုးလျှော်ပြီး ရော်ရွက်တို့မြေခသော ကာလဖြစ်သည်။ ဗုဒ္ဓဘာသာ၏ ထူးခြားတန်ဖိုးထားသော ဗောဓိညောင်ပင် သည်လည်း လောကဓံသဘောအရ နေအပူကို ကြံ့ကြံ့ခံ ရင်ဆိုင်ရသော ကာလလည်းဖြစ်သည်။ ဘာသာရေး၏ ထူးခြားသော ဖြစ်စဉ်သည် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှု့အတွင်းသို့ ပူးပေါင်းမိသောအခါ အစဉ်အလာကြီးမားသော လူမျိုးတို့၏ နေ့ထူးနေ့မြတ် ဖြစ်လာခဲ့ပေသည်။

 

သင်္ကြန်ပွဲကျင်းပခြင်းကြောင့် အားလုံး၏ နှလုံးသားတွင် အပျော်တို့မကုန်ဆုံးခင် ဤကဆုန်လပြည့်နေ့သည် ချဉ်းကပ်လာနေပြီ။ ဤနေ့ဤရက်တွင် ဗုဒ္ဓနေ့ကျင်းပရန်အတွက် အဓိကကျသူကို ယခုချိန်ထိမှတ်မှတ်သားသားရှိနေသည်။ သူက ၁၃ ခန်းမှ ကိုကျော်သိုက်ဖြစ်သည်။ ကိုကျော်သိုက်နှင့် အခြားသူတို့ စည်းရုံးနှိုးဆော်မှု့ဖြင့် လူတိုင်းက ဗုဒ္ဓနေ့ကျင်းပရန် သဘောတူညီကျသည်။ ထိုအခမ်းအနားကို ကျယ်ကျယ်ဝန်းဝန်းရှိသော ကိုကျော်သိုက်တို့၏ အခန်း ၁၃ ကိုပင် ရွေးကြသည်။

 

ကဆုန်လပြည့်နေ့တွင် လူတိုင်းသည် မိမိထံတွင် အသင့်ရှိပြီးသော မုန့်၊ သစ်သီး တစ်မျိုးမျိုးကို ယူဆောင်လာခဲ့ကြသည်။ ၁၃ ခန်း တွင် သေသေချာချာ အိပ်ယာလိပ်တို့ကို စံနစ်တကျထပ်၍ အခင်းခင်းလိုက်သောအခါ ဆွမ်းတော်တင်ရန် အမြင့်တစ်နေရာကို ရရှိပေသည်။ ထိုအမြင့်နေရတွင် စောင်တစ်ထည်ကိုအုပ်၍ခင်းလိုက်သည်။ ခင်းထားသော  စောင်အထက်တွင် ပလစတစ် ပန်းကန် ပြားတို့ကို စီရီချထားသည်။ အခန်းတိုင်းမှ ကိုယ်စီယူဆောင်ခဲ့ကြသော မုန့်နှင့်သစ်သီးတို့ကို ဆွမ်းတော်ကြီးတင်ရန် ပြင်ဆင်ကြသည်။ ၀န်ထမ်းနှင့် အပြင်မှ မှာယူထားသော ဖယောင်းတိုင်၊ အမွှေးတိုင်တို့ကိုလည်း ထွန်းငြိကြသည်။ သံဃာတော် သုံးပါး၏ အနေကဇာတင် ပါဠိရွတ်ဖတ်ခြင်းကို ကြွရောက်လာကြသူများက တကယ်ကို ဘုရားထံစိတ်ကိုနစ်ထားပြီး အာရုံယူထားကြသည်။ အားလုံးရွတ်ဖတ်သရဇ္ဈာယ်ပြီးနောက် ဗုဒ္ဓနေ့အကြောင်းကို ဟောပြောမှု့စတင်သည်။

 

ငြိမ်းချမ်းရာအစနိမိတ်ပေပေါ့

စိမ်းလန်းဖြာမြရွက်စိပ်ရယ်နှင့်

အေးရိပ်သာသည့် ပညောင်ညှိုး

 

လူတိုင်းသည် ဟောပြောမှု့ကို ငြိမ်သက်စွာနာယူနေကြသည်။ သူတို့၏ အာရုံထဲတွင် ငြိမ်းချမ်းမှု့ကို ရယူခဲ့သော ဗုဒ္ဓနှင့် ဖွားဘက် တော် ညောင်ပင်တို့သည် အာရုံထဲပေါ်လာမည်လား သို့မဟုတ် နှစ်စဉ်နှစ်တိုင်း မြန်မာတွေ ဆင်နွှဲနေကြ ရွာဦးကျောင်း၏ ညောင်ညိုပင်ရိပ်ကို လွမ်းမောနေကြမည်လားမသိ။

 

လေအခတ်

ဖျပ်ဖျပ်မြည်သံသာနှင့်

မြချပ်လွှာ ရွက်တသင်းရယ်က

ပင်ရင်းမြေမှာစံလို့

အလင်းဖွေရှာကြံတဲ့

စိန္တေမွန်လောင်းတော်မြတ်ရဲ့

ထုပ္ပတ်ဝင် ရှေးသရောကို

ပြော တီးတိုးဆို။

 

မည်သို့ပင်ဖြစ်စေ ဤညောင်ပင်၏ အတိတ်သမိုင်းကို ရင်ထဲထည့်ထားပြီးသော ဗုဒ္ဓဘာသာတို့၏ စိတ်ထဲ ဗုဒ္ဓ၏ဖြစ်တော်စဉ်များ သည်လည်း ဗုဒ္ဓနေ့တွင် တွေးပြီးသာဖြစ်နေပေလိမ့်မည်။

 

ကောင်းဓလေ့

လောင်းဖြည့်နေရာမှန်တဲ့

မြေနက်သန် သည်ရိပ်ငြိမ်မှ

ခန္ဓာအိမ်တဏှာဆောက်သည်ဟု

ဥာဏ်တောက်ခါ လက်သည်မြင်၍

အလင်းယာဉ် အရှင်ရလေမှ

လောကဖြာဝေစည်မို့

ပါရမီဖြည့်ကူစွက်ရှာတဲ့

ဖွားဖက်ကဲ့ ပညောင်ညှိုး

အစဉ်ပျိုဘို့ရွယ်စူး။

 

ဘာသာတရားတည်ထောင်သူ၏ ရှင်တွဲဖော်ပြရာ နိမိတ်ပုံဖြစ်သော ဤသစ်ပင်သည် မြန်မာတို့၏ နှလုံးသား၊ ဗုဒ္ဓဘာသာတို့၏ ရင်ထဲ ထာဝရရှင်သန်နေသော တန်းဖိုးထား သစ်တစ်ပင်ဖြစ်နေတော့သည်။

 

ဓလေ့မသွေ

ပိုက်ပွေ့တတ်အနွယ်ပေမို့

ဆုပန်သွေ ဝေဆာလှစ်ခါပ

ချစ်သော ဤကမ္ဘာ၌

ဘယာတွေ ခွာသွေ ရှဲရအောာင်

အခါနွေ မြန်မာတွေ နွှဲကြတယ်

သွန်းရေပွဲထူး၊ ။

 

ကဗျာဆရာ ကံထွန်းသစ်၏ ကဗျာများကို အခမ်းအနားရှိတိုင်း တစ်ခုမဟုတ် တစ်ခုတော့ ရွတ်ဆိုဖြစ်သည်။ ယခုလည်း ဗုဒ္ဓနေ့အခမ်းအနားမှာ ဤကဗျာကို ရွတ်ဆိုရင်း ဗုဒ္ဓနေ့အကြောင်းကို အကျယ်တ၀ံ့ရှင်းပြလိုက်သည်။ ဤလို အခွင့်ထူးခါမျိုးကို ထောင်သက်တမ်းတွင် နှစ်စဉ်ကြုံရသည်တော့မဟုတ်။ ရှားရှားပါးပါးရခဲ့ရသည်မို့ မမေ့မပျောက် အင်းစိန်ထောင်နေ့ရက်များကို ပြန်လည်မှတ်တမ်းတင်သည့်အခါ မကျန်ရစ်အောင် မှတ်တမ်းတင်လိုက်မိတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized, ရသဆောင်းပါးစုံ, အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း)

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်